Sunday, October 8, 2017

“ရှေ့ဆက်မည့် ဒလ တံတား”

“ရှေ့ဆက်မည့် ဒလ တံတား”

၁။ "ရန်ကုန်-ဒလ မြစ်ကူးတံတား မြန်မာ့စက်မှုဆိပ်ကမ်း
ကန့်ကွက်သော်လည်း မူလအစီအစဉ် အတိုင်း
တည်ဆောက်မည်ဟု ဆို"

ကိုရီးယား-မြန်မာချစ်ကြည်ရေး ရန်ကုန်-ဒလ မြစ်ကူး တံတား
စီမံကိန်းကို မြန်မာ့စက်မှုဆိပ်ကမ်း (MIP) က ကန့်ကွက်ထား
သော်လည်း မူလအစီစဉ်အတိုင်း တည်ဆောက်မည်ဖြစ်
ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်က စက်တင်ဘာ ၂၃ ရက်
တွင် ကျင်းပသည့် ပါတီ၊ လွှတ်တော်၊ အစိုးရသုံးပွင့်ဆိုင်
တွေ့ဆုံပွဲတွင် ကတိပေးစကားပြောဆိုခဲ့သည်ဟု ဒလမြို့နယ်
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်က
စက်တင်ဘာ ၂၅ ရက်၌ မြန်မာတိုင်းမ်နေ့စဉ်သို့
ပြောဆိုသည်။

''ဒီတံတားကိစ္စနဲ့ပတ်သက်ပြီးတော့ ပြဿနာတွေက
တစ်ခုပြီးတစ်ခု ရှင်းနေရတယ်။
သက်ဆိုင်ရာဝန်ကြီးတွေကလည်း ဒီအတိုင်းပဲ ဆောက်မယ်
လို့ ပြောထားပြီးပြီ။
ကန့်ကွက်တဲ့သူတွေက အဓိက ဆိုချင်တာက တန် ၂၀ဝ၀ဝ
သင်္ဘောတွေ ဝင်ချင်တယ်။
အဲဒီတော့ ဒီတံတားကို ကြည့်မြင်တိုင် ဗားဂရာဘက်ကို
ရွှေ့ပေးလို့ မရဘူးလား ဆိုတဲ့ ပုံစံမျိုး လာလုပ်တယ်။
ဒီမြစ်ထဲကို ဝင်တဲ့ သင်္ဘောတွေက တန်ချိန် ၁၂ဝ၀ဝ၊
၁၅ဝ၀ဝ ပဲဝင်နေတာ။
ဒါက တစ်လျှောက်လုံး ဝင်နေတာဖြစ်တယ်။
ဒါကို သူတို့က အတွန့်တက်ပြီးတော့ တန်ချိန်၂၀ဝ၀ဝ
ဝင်ချင်တယ်ဆိုရင် သီလဝါ သွားဝင်ပေါ့'' ဟု
၎င်းက ဆက်လက် ပြောဆိုသည်။

လျော်ကြေး
။။။။။။။။။။။။။။

အဆိုပါ တံတားစီမံကိန်းနှင့် ပတ်သက်၍ ပြည်ထောင်စု
ဆောက်လုပ်ရေးဝန်ကြီးဌာနမှလည်း တရားဝင်အတည်ပြု
ထားပြီးနောက် တံတားတည်ဆောက်မည့် ဧရိယာနှင့်
မလွတ်ကင်းသည့် မြေနေရာများအတွက် လျော်ကြေး ငွေ
အဖြစ် ကျပ် သုံးဘီလီယံခန့် ပေးထားပြီး ဖြစ်ကြောင်း၊
မြန်မာ့စက်မှုဆိပ်ကမ်း (MIP) က နိုင်ငံတော်ကို ဝင်ငွေ
ရှာပေးနေရကြောင်း၊
တံတားထိုးလိုက်ပါက မြစ်အတွင်း သောင်ထွန်း သွားသော
ကြောင့် သင်္ဘောများ ဝင်မရပါက အလုပ်သမား တစ်သိန်း
ဝန်းကျင် ဒုက္ခရောက်ကာ အလုပ်လက်မဲ့ ဖြစ်သွားနိုင်သည်
ဟုဆို၍ နေရာရွှေ့ပေးရန် တင်ပြခြင်းဖြစ်ကြောင်း ၎င်းက
ဆက်လက်ပြောဆိုသည်။

''နောက်နိုင်ငံတော်အတွက်လည်း ဝင်ငွေ လျော့သွား
နိုင်တယ်လို့ ဆိုတယ်။
တံတားက တိုင်က နှစ်တိုင်ပဲ ရှိတယ်။
ဒီနှစ်တိုင်လောက်နဲ့ ဘယ်လိုသောင်ထွန်းပြီးတော့
ဘာဖြစ်မှာမို့လို့လဲ။ မထိခိုက်ပါဘူးလို့ ပညာရှင်တွေက
သုတေသနလုပ်ပြီးတော့ သေချာရှင်းပြ ထားပြီးပြီ။
ဒါကို အဓိပ္ပာယ်မရှိတဲ့ အကြောင်းပြချက်တွေနဲ့ လာပြီး
လုပ်နေတယ်။
အဲဒါဆို ခင်ဗျားတို့အရင် အစိုးရလက်ထက်တုန်းက
ဘာဖြစ်လို့ သဘော တူခဲ့သလဲ။ အခု အစိုးရလက်ထက်
တံတား ဆောက်တော့မယ်ဆိုမှ ဘာဖြစ်လို့ ကန့်ကွက်
တာလဲ ဆိုတော့ အရင်အစိုးရလက်ထက်တုန်း က
ကြောက်လို့တဲ့။ အခုအစိုးရလက်ထက်ကျတော့ ပြည်သူ့
အစိုးရဆိုတော့ တင်ပြရဲတယ်ပေါ့။
အဲဒီတော့ တင်ပြရဲတယ်ဆိုပေမယ့် ဒါကို နိုင်ငံတော်က
ဆုံးဖြတ်ပြီးပြီ။
အခုက MoU လည်းထိုးပြီးပြီ။ MoA လည်းထိုးပြီးပြီ။
အခုက ကိုရီးယားအစိုးရကို တရားဝင် ကြွေးကတင်
နေပြီ။ တံတားမထိုးဖြစ်လည်း ပေးရတော့မယ်'' ဟု
၎င်းကဆက်လက်ပြောဆိုသည်။

''ဒီတံတားမရှိတဲ့အတွက်ကြောင့် ဒလသူ ဒလသားတွေရဲ့
ဘဝတွေ အသက်တွေ ဘယ်လောက်ပေးဆပ်ခဲ့တယ်။
အချိန်တွေ ဘယ်လောက်ဆုံးရှုံးခဲ့တယ်ဆိုတာကို
ကိုယ်ချင်းစာဖို့ လိုတယ်။
ဒီရန်ကုန်မြစ်က ၁၉၈၀-၈၁ခုနှစ် လောက်ကတည်းက
တောက်လျှောက် နုန်းတွေ တစ်နေ့ကို နှစ်ပေလောက်
တင်နေတယ်။
သောင်တူး သင်္ဘောလေးစင်းနဲ့ မပြတ်တူးနေ တာတောင်
အဆင်မပြေဘူး။ အခု ဟိုသီလဝါ ဟိုဘက်မှာပါ တူးနေ
ရတယ်။ ကဲ အဲဒီဘက်မှာ တံတားမရှိဘဲနဲ့ ဘာဖြစ်လို့
သောင်ထွန်းတာလဲ။ နုန်းက အကျအရမ်းများတဲ့အခါ
ဒီလိုဖြစ်တာပဲ'' ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ရန်ကုန်-ဒလမြစ်ကူးတံတားကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ
စတင်၍ ၂၀၂၁ ခုနှစ်တွင် အပြီးတည်ဆောက်မည်
ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြောဆို
ထားသည်။

(ထက်စိုးလင်း)

*****

၂။ "ရန်ကုန်-ဒလ တံတားစီမံကိန်း တည်ဆောက်ရန်
အသင့်နီးပါးဖြစ်နေချိန်တွင် နေရာရွှေ့ပြောင်းပေးရန် စာပို့
ထားမှုအပေါ် အစိုးရ၏ ဆုံးဖြတ်ချက်အတိုင်း
ဆောင်ရွက်မည်ဟု လွှတ်တော်ကိုယ်စားလှယ် ပြောကြား"

ရန်ကုန်-ဒလတံတားစီမံကိန်း တည်ဆောက်ရန် အဆင်သင့်
နီးပါးဖြစ်နေချိန် တွင် မြန်မာစက်မှုဆိပ်ကမ်း (MIP) က
နေရာရွှေ့ပြောင်းပေးရန် ရန်ကုန် တိုင်းဒေသကြီး ဘဏ္ဍာရေး၊
စီမံကိန်းနှင့် စီးပွားရေး ကော်မတီထံ စက်တင် ဘာ ၃ ရက်
တွင် စာပေးပို့ထားပြီး ဆက်လက် တည်ဆောက်ရန် ကိစ္စ
အား ပြည်ထောင်စုအစိုးရ၏ ဆုံးဖြတ်ချက်အတိုင်း
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒလမြို့နယ် မဲဆန္ဒနယ်
အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်
ဦးတင်ထွေးတင် (ခ) ဦးမြသိန်းက ပြောကြားသည်။

“အခုမှ သူတို့က ဒီဟာလေးကို နေရာ ပြောင်းရင်ပြောင်း၊
မပြောင်းရင် Tunnel လုပ်ဆိုပြီး ပြောပါတယ်။
မနေ့ကလည်း နယ်သာလန်က လာရှင်း သွားပါတယ်။
ဘာမှ လေ့လာဆန်းစစ်ချက်တွေ လုပ်တာက အနည်းဆုံး
လေးနှစ်သုံးနှစ်ကြာမယ်။
တံတားနဲ့ဆိုရင် အနည်းဆုံး ခုနစ်နှစ် ရှစ်နှစ်ကြာမယ်
ဆိုပြီးတော့ ပညာရှင်တွေက ပြောသွားတယ်။
ဒီမှာ အားလုံး လုပ်ပြီးသွားပြီ။ EIA/SIA အကြိမ်ကြိမ် လုပ်ပြီး
သွားပြီဖြစ်တဲ့အတွက် ကျွန်တော်တို့ဖြစ်စေချင် တာကတော့
ဆုံးဖြတ်ပြီး တဲ့အတိုင်း လုပ်ပါ။
လျော်ကြေးတွေကလည်း သုံးဘီ လျံလောက်ပေးပြီးပြီဖြစ်တဲ့
အတွက် ဒါကိုတော့ မပြောင်းသင့်တော့ဘူး။
လျော် သင့်တဲ့သူတွေ လျော်ပြီးပြီ။ ဖျက်သင့်တာတွေလည်း
လုပ်ပြီးပြီ။ အသစ်ဆောက်ပေးရမယ့် ဟာတွေကိုလည်း
အကုန်လုပ်ပြီးပြီ။
ဒီဟာတွေ မလုပ်ခင်က ဆိုရင်တော့ ကောင်းတာပေါ့။
အားလုံးလည်း ရွှေ့ပြောင်းဖျက်ပြီး သွားပြီ။
အခု မှ Tunnel လုပ်ဖို့ ချပြတာကတော့ ကျွန်တော်တို့
မြို့နယ်အနေနဲ့ သဘောမကျဘူး။
အပေါ်က ညွှန်ကြားချက်အတိုင်း ဆက်လုပ်နေမှာ၊
ဆက်လုပ်ဖို့ပဲ သဘောကျပါတယ်။
စီမံကိန်းကို ၂၀၁၈ တစ်လပိုင်းမှာ စတင် အကောင်အထည်
ဖော်မှာ ဖြစ်ပါတယ်” ဟု
ဦးတင်ထွေးတင် (ခ) ဦးမြသိန်းက ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး
ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီက မြန်မာ
စက်မှုဆိပ်ကမ်း (MIP) နှင့် တွေ့ဆုံကာ ညှိနှိုင်းမှုများ
ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်
ပြောကြားသည်။

“ရန်ကုန်-ဒလ တံတားစီမံကိန်းကို အားလုံးဆုံးဖြတ်ပြီးပြီ။
လုပ်ငန်းလည်း စတော့မယ်။ ပြည်ထောင်စုအစိုးရရဲ့
ညွှန်ကြားမှုရော ရန်ကုန်တိုင်း အစိုးရရော အကျေအလည်
ဆွေးနွေးပြီးတော့မှ လုပ်ငန်းစဖို့ ရက်ပိုင်းလေးပဲ လိုတော့မှ
စီးပွားရေး ကော်မတီကို စာလာတင်တယ်။
ဒီနေရာလေးကို နည်းနည်းလေး နေရာပြောင်းရွှေ့ဖို့
စာလာတင်တယ်။
ဒါကိုတော့ စီးပွားရေး ကော်မတီက အချက်အလက်တွေ
အားလုံးကို စုစည်းပြီးတော့ သူတို့နဲ့တွေ့ဖို့ ပြန်ချိန်း
ထားတယ်။ သူတို့ကို အကြောင်းပြန်မယ်။
အဲဒီကျမှ အဖြေက သိမှာ။
ဒီဟာကတော့ အရင်အစိုးရလက်ထက်ကတည်းက ခွင့်ပြု
ခဲ့တယ်။ ဒီဘက်အစိုးရလက်ထက်မှာလည်း ဒလက
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ရဲ့ မေးခွန်းကိုလည်း
ပြည်ထောင်စုလွှတ်တော်က လုပ်ပေးပါမယ် ဆိုပြီး
ကတိပြုထားတယ်။ တံတားကို တန်ချိန်တစ်သောင်းခွဲ
သင်္ဘောတွေ ၀င်လို့ ရအောင် ဆောက်မယ်ဆိုပြီး
ကတိပြုပြီးတာကြာပါပြီ” ဟု
ဦးတင်ထွေးတင် (ခ) ဦးမြသိန်းက ပြောကြားသည်။

ရန်ကုန်-ဒလ တံတား တည်ဆောက်မှုအား ၂၀၂၁ ခုနှစ်
ဇွန်လတွင်ပြီးစီးရန် ခန့်မှန်းထားပြီး တံတားတည်ဆောက်ရန်
ကိုရီးယား နိုင်ငံ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်း
ဆောင်ရွက်ရေးရန်ပုံငွေ (EDCF Loan) မှ ချေးငွေ
အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်းနှင့် ပြည်တွင်း
လိုအပ် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၀ ဒသ မ ၃၄၁ သန်း
ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး စုစုပေါင်း ခန့်မှန်းကုန်ကျစရိတ်
အမေရိကန်ဒေါ်လာ ၁၆၈ ဒသမ ၁၇၄ သန်း ကုန်ကျမည်
ဖြစ်ကြောင်း သိရသည်။

(ဆန်းထူးအောင်)

credit - The Myanmar Times
& Eleven Media Group

**********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

No comments:

Post a Comment