“သတိထားစရာ အွန်လိုင်း ရှယ်ယာ”
၁။ "အွန်လိုင်းရှယ်ယာ အာမခံချက် ပေးနိုင်သလား"
အခုနောက်ပိုင်း အွန်လိုင်းမှာ ရှယ်ယာခေါ်ယူတာတွေ
အများအပြားရှိလာပြီး အများဆုံးက အွန်လိုင်းရှော့ပင်း
လုပ်နေသူတွေက ခေါ်ယူကြတာပါ။
ရှယ်ယာခေါ်ယူရာမှာ လစဉ်လတိုင်းမြတ်တဲ့ ငွေပမာဏ
အပေါ်မှာ ရာခိုင်နှုန်းအလိုက်ပေးတာမျိုး မဟုတ်ဘဲ
လစဉ်ဘယ်လောက်ရမယ် ဆိုပြီး သတ်မှတ်ထားတဲ့
ရာခိုင်နှုန်းအတိုင်းသာ ပေးနေတာပါ။
ဖေ့စ်ဘုတ်ခ်သင်တန်းတွေ ဖွင့်လှစ်သင်ကြားပေးနေသူ
မမိုးစမ်းက
“အခုနောက်ပိုင်း အွန်လိုင်းက ရှယ်ယာခေါ်တာတွေက
ဘာနဲ့တူလဲဆိုရင် ငွေတိုးကို တစ်ဖက်လှည့်ပုံစံနဲ့
ချေးတာနဲ့ တူလာတယ်၊
တစ်လကို ရှယ်ယာထည့်သူတွေအတွက်ကို ၁၀ ရာခိုင်နှုန်း
ဖယ်ဖယ်ထားရတယ်၊
အဲဒီလိုလုပ်တော့ တကယ်ရောင်းရလို့ မြတ်တဲ့ဟာတွေ
ဆိုရင်လဲ ကိုယ်စားပေါ့၊ မမြတ်ရင်လဲ စိုက်ရမှာပေါ့၊
တကယ်တမ်း ရှယ်ယာဆိုရင်တော့ မြတ်ရင်လဲ များများ
မြတ်နိုင်တယ်၊ ရှုံး ရင်တော့လဲ ရှုံးနိုင်တယ်၊
အခုအွန်လိုင်းက လုပ်နေတာတွေကျတော့ သာမန်ငွေချေး
တာကို ရှယ်ယာဆိုပြီး ထည့်လိုက်တာ၊ အမှန်တကယ်
ငွေချေးတာပါ၊ တစ်လကို ဘယ်လောက် အတိုးပေးမယ်
ဆိုရင် ငွေကိုပေးမှာ မဟုတ်ဘူး ဆိုတော့ တစ်ဖက်လှည့်နဲ့
ရှယ်ယာဆိုပြီး လုပ်လိုက်တာပါပဲ” လို့
သူ့အမြင် ပြောပါတယ်။
အွန်လိုင်းရှော့ပင်းသမားတွေက သူတို့ ဖွင့်ထားတဲ့
ဆိုင်တွေမှာ ရှယ်ယာထည့်သူတွေအတွက် ရလာတဲ့
အမြတ်ရာခိုင်နှုန်းတွေကို ဘဏ်အကောင့်ကနေ တစ်ဆင့်
လွှဲပေးပါတယ်။ သည်လိုအွန်လိုင်းရှော့ပင်းတွေမှာ
ယုံယုံကြည်ကြည် နဲ့ ရှယ်ယာတွေ ထည့်နေကြတာလည်း
တွေ့နေရပါတယ်။ တချို့တွေကတော့ အွန်လိုင်းမှာ
ရှယ်ယာခေါ်တာကို မယုံကြည်သူတွေလည်း
ရှိနေပါတယ်။
အွန်လိုင်းမှာ အရင်တုန်းကလည်း ရှယ်ယာစုတာတွေ နဲ့
ပတ်သက်ပြီး လိမ်လည်တဲ့ ပြဿနာတွေလည်း ရှိခဲ့
ဖူးပါတယ်။ အစပိုင်းမှာတော့ အမြတ်ငွေတွေကို ပုံမှန်ပေး
နေပေမဲ့ အချိန်ကြာလာပြီး ယုံကြည်မှုတွေ ရလာတဲ့အချိန်
မှာ ငွေတွေကို ယူပြီး ထွက်ပြေးတဲ့ ပြဿနာတွေ ဖြစ်ခဲ့
ဖူးပါတယ်။ နောက်ပိုင်းမှ ပြန်လည်ဖြေရှင်းပေးတာတွေ
ရှိတယ်ဆိုပေမဲ့ လိမ်တာကို ခံလိုက်ရတာကြောင့်
မယုံကြည်တော့တဲ့ သူတွေလည်း ရှိပါတယ်။
Primex IB အင်တာနေရှင်နယ် ကုမဏီလီမိတက်က
တာဝန်ရှိသူ ကိုကျော်ဟိန်းစိုး က
“အဓိကကတော့ အွန်လိုင်းမှာလုပ်နေတဲ့ ရှယ်ယာကိစ္စတွေ
က ကျွန်တော့်အမြင်မှာတော့ မှန်ကန်မှုရှိလိမ့်မယ်လို့တော့
မထင်ဘူးဗျ၊ ဘာလို့လဲဆို တော့ စီးပွားရေးလုပ်ငန်းတွေမှာ
အရှုံးအမြတ်တွေကတော့ ရှိနေတယ်လေ၊
ပုံသေသတ်မှတ်ပြီး ပြန်ပေးလို့တော့ မရဘူး၊ စတော့ခ်
ရှယ်ယာလုပ်ငန်းတွေမှာ ဆိုရင်တော့ ပိုဆိုးတာပေါ့၊
အရှုံးအမြတ်က ပိုရှိနိုင်တယ်၊ ဒီလို အရှုံးအမြတ်တွေရှိနေတဲ့
စီးပွားရေးလုပ်ငန်းတွေကို အာမခံချက်ပေးပြီး ခေါ်တဲ့
ရှယ်ယာစနစ်တွေ ဆိုတာတော့ မဖြစ်နိုင်ဘူးလို့
ထင် ပါတယ်၊ ကျွန်တော်ကတော့ အယုံအကြည်မရှိပါဘူး”
လို့ ပြောပါတယ်။
ရှယ်ယာဆိုတာ
။။။။။။။။။။။။။။။။။။
ရှယ်ယာဆိုတာ အစုကို ခေါ်ဆိုတာ ဖြစ်တယ်။
လုပ်ငန်းတစ်ခုမှာ ကိုယ့်ရဲ့ငွေကိုထည့်လိုက်ပြီ ဆိုတာနဲ့
ငွေထည့်လိုက်တဲ့ လုပ်ငန်းရဲ့ တစ်စိတ်တစ်ပိုင်းကို
ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ ငွေထည့်လိုက်တဲ့သဘော
က လုပ်ငန်းရဲ့ တစ်စိတ်တစ်ဒေသ ကို ဝယ်ယူလိုက်တဲ့
သဘောဖြစ် တယ်။ ကိုယ်ငွေထည့်ထားတဲ့ လုပ်ငန်း
အောင်မြင်တယ်ဆိုရင် ကိုယ့်ဘက်မှာ အကျိုးအမြတ်တွေ
အများကြီး ရလာနိုင်တယ်။ လုပ်ငန်းရှုံးနေတယ်ဆိုတော့
အကျိုးအမြတ်တွေ မရနိုင်ပါဘူး။
“ဥပမာ ကျွန်တော်က အက်ဖ်အမ်အိုင်ရဲ့ ရှယ်ယာကို
ဝယ်ထားတယ်ဆိုရင် သူတို့တွေ အောင်မြင်ရင်
ကိုယ့်အတွက် အကျိုးအမြတ်တွေ များလာနိုင်သလို
မအောင်မြင်ရင် ကိုယ်လဲအမြတ်မရနိုင်ဘူး၊ ဒီ သဘောပါပဲ၊
အာမခံချက်ပေးပြီး လုပ်လို့ရတဲ့ အလုပ်တော့ မဟုတ်ပါဘူး”
လို့ Primex IB အင်တာနေရှင်နယ် ကုမဏီလီမိတက်က
တာဝန်ရှိသူ ကိုကောင်းထက်က ပြောပါတယ်။
ရှယ်ယာဆိုတာ ရတဲ့အမြတ်ပုံမှန်မရှိတာကြောင့် ရှယ်ယာ
ဝယ်ယူ ထားတဲ့သူတွေကို အာမခံပြီး ဘယ်လောက်အမြတ်
ရနိုင်တယ်ဆိုတာကို ပြောလို့မရပါဘူး။ ပုံမှန်ရှယ်ယာတွေ
မှာတော့ လုပ်ငန်းပေါ်မူတည်ပြီး အမြတ်ရတဲ့နှုန်း ကွာခြား
ပါတယ်။ ရှယ်ယာလုပ်ငန်းကို တကယ်လုပ်ကိုင်တော့မယ်
ဆိုရင်တော့ ရှယ်ယာနဲ့ပတ်သက်တဲ့ သိထားသင့်တာတွေ
ကို သေချာ လေ့လာသင့်ပါတယ်။
အွန်လိုင်းရှယ်ယာ
။။။။။။။။။။။။။။။။။။။။။
အွန်လိုင်းမှာ ရှယ်ယာစုတဲ့ မချမ်းချမ်းပိုင်က
‘အစ်မတို့က အွန်လိုင်းရှော့ပင်းလုပ်တယ်၊ ပစ္စည်းတွေ
အစုံရောင်းတယ်၊ လုပ်ငန်းက တဖြည်းဖြည်းကြီးလာတော့
ငွေအရင်းအနှီး ထပ်မထည့်နိုင်တာတွေ ရှိတယ်၊
ဘယ်လိုလုပ်ရင် အဆင်ပြေနိုင်လဲ ပေါ့နော်၊
စဉ်းစားလိုက်တယ်၊ အဲဒီမှာ ရှယ်ယာစုဖို့ စိတ်ကူးရသွား
တာပါ၊
အစ်မ အွန်လိုင်းကနေ လူတွေခေါ်တယ်၊ တစ်လကို
ခုနစ်ရာခိုင်နှုန်း ပြန်ပေးတယ်၊ သူတို့ထည့်တဲ့ ငွေတွေထဲက
ပုံမှန် ခုနစ်ရာခိုင်နှုန်းရတယ်ဆိုတော့ စုတဲ့သူတွေရော
အစ်မအတွက်ပါ အဆင်ပြေသွားတယ်ပေါ့၊
အနည်းဆုံး ခြောက်လထည့်ရမယ်၊ ခြောက်လမပြည့်ဘဲ
ပြန်ထုတ်မယ် ဆိုရင် ၃၀ရာခိုင်နှုန်း ဖြတ်ထားမယ်ပေါ့၊
အဲဒီလိုမျိုး စုတာပါ” လို့ ပြောပါ တယ်။
အွန်လိုင်းမှာ ရှယ်ယာခေါ်တဲ့ အခါမှာ ဂရု(ပ်)တွေ၊ ပေ့ခ်ျနဲ့
ဖေ့စ်ဘုတ်ခ်အကောင့်တွေကနေ တစ်ဆင့်ခေါ်ယူ
ပါတယ်။ လစဉ်ရနိုင်တဲ့ အမြတ်ငွေတွေနဲ့ ဘယ်နှစ်လ
လောက်သွင်းရမလဲဆိုတာကိုပါ တစ်ခါတည်း ရေးသားပြီး
ရှယ်ယာခေါ်ဆိုနေတာ ဖြစ်ပါတယ်။
ထည့်ရမယ့်အချိန်က အနည်းဆုံးလေးလကနေ အများဆုံး
တစ်နှစ်လောက်အထိ ဖြစ်ပါတယ်။ သတ်မှတ်ချိန်
မပြည့်ဘဲ ငွေပြန်ထုတ်တယ်ဆိုရင် ငွေအပြည့်အဝ
မရနိုင်ဘဲ ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာ ခိုင်နှုန်းအထိ
လျှော့ထားတယ်လို့ သိရပါတယ်။
အွန်လိုင်းမှာ ရှယ်ယာစုတဲ့အခါမှာ တကယ်အလုပ်
ကြိုးစား တဲ့သူတွေဆီမှာစုတယ်ဆိုရင်တော့ အကျိုးအမြတ်
တွေ ရှိနိုင်ပါတယ်။ ခိုင်လုံတဲ့ အထောက်အထားတွေ
သေချာတောင်းပြီးမှ ရှယ်ယာငွေတွေ ထည့်တာ ပိုပြီး
အဆင်ပြေနိုင်မှာ ပါ။အခုနောက်ပိုင်း အွန်လိုင်း ရှော့ပင်း
အချို့အလားလာကောင်းလာတာ တွေ့ရပါတယ်။
ဒါပေမဲ့ အွန်လိုင်းရှော့ပင်းဆိုတဲ့အတိုင်း ရောင်းချတဲ့
ပစ္စည်းတွေကို တစ်ဆင့် ပြန်မှာရတာတွေ၊ ကြန့်ကြာတာ
တွေ၊ ရောင်းမကောင်းတာတွေ ရှိနိုင်တာကြောင့်
သတိတော့ ထားရမှာပါ။
အွန်လိုင်းမှာ ရှယ်ယာစုသူ မခင်ရတနာက
‘ရှယ်ယာထည့်တယ်ဆို တာ ခက်ခဲတဲ့အလုပ်မဟုတ်ဘူး
ဆိုတော့ လူတိုင်းလဲ လုပ်နိုင်ပါတယ်၊ ပြီးတော့ ကျွန်မက
ရှယ်ယာတွေ ခေါ်လိုက်တယ်ဆိုရင် ကျွန်မဆီမှာ ရှယ်ယာ
စုချင်တဲ့ သူတွေက သူတို့မှာ ငွေတွေဘာတွေ မရှိရင်
နောက်ထပ် တစ်ယောက်ကို အာမခံပြီး ခေါ်လိုက်တယ်၊
ငွေထည့်တယ် ပြီးရင် ရလာတဲ့ အမြတ်တွေကို ခွဲယူတာ
တွေလဲရှိတယ်၊ အရမ်းလွယ်ကူတယ်ပေါ့၊ အခုနောက်ပိုင်း
မှာ စုတဲ့ သူတွေလဲ အများကြီးရှိလာတယ်ဆိုတော့
အဆင်ပြေပါတယ်˘လို့ ပြောပါတယ်။
အွန်လိုင်းပေးမန့်
။။။။။။။။။။။။။။။။။။။
“အွန်လိုင်းရှော့ပင်းတွေတောင် မှ ဝက်ဘ်ဆိုက်နဲ့ ရောင်းတာ၊
ဖေ့စ် ဘုတ်ခ်မှာ ရောင်းတာတွေမှာတောင် အာမခံချက်တွေ
မတူညီနိုင်ဘူး၊ ဝက်ဘ်ဆိုက်မှာဆိုရင် မိုဘိုင်းလ်ပေးမန့်တွေ
နဲ့ ပေးချေရတာကြောင့် လိမ်လည်တာတွေလဲ မရှိသလောက်
နည်းတယ်၊
ဖေ့စ်ဘုတ်ခ်မှာတော့ သိတဲ့အတိုင်း လိမ်လည်တာတွေ က
တော်တော်များတယ်၊ သူတို့မှာ အာမခံချက်တွေ မရှိဘူးလေ၊
အဲဒါတွေကြောင့် လွယ်လွယ်လိမ်လိုက်တယ်၊ တိုင်တဲ့သူ
တွေကလဲ နည်းတာကို အဲဒါတောင်ငွေက နည်းနည်းလေးနဲ့
လိမ်တာ၊ အခုရှယ်ယာဆိုတော့ ပိုပြီးဆိုးတာပေါ့၊
ငွေအမောင့်ကလဲ များတယ်ဆိုတော့ အွန်လိုင်းပေးမန့်ကနေ
အမြတ်တွေပေးထားပြီးတော့ ရှယ်ယာထည့်တာ ဆိုရင်
အဆင်ပြေနိုင်တယ်၊ ရိုရိုးငွေပေးငွေယူ စနစ်ဆိုရင်တော့
မယုံကြည်ရဘူး”လို့ ဖေ့စ်ဘုတ်ခ်အက်ဗာတိုက်ဆာ
ကိုအောင်မွန်က ပြောပါတယ်။
အွန်လိုင်းပေးမန့်ဆိုတာက အွန်လိုင်း အင်တာနက်စနစ်နဲ့
လုပ်ကိုင်တာဖြစ်ပြီး မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှုတွေနဲ့
ပြုလုပ်မှ အဆင်ပြေနိုင်တာဖြစ်ပါတယ်။
အပြင်ကနေခေါ်တဲ့ အွန်လိုင်း ရှယ်ယာတွေက အွန်လိုင်း
ပေးမန့်တွေလား၊ ရိုးရိုးငွေပေးချေတဲ့ စနစ်တွေနဲ့လားဆိုတာ
သေချာသိထားရမှာ ဖြစ်ပါတယ်။ အွန်လိုင်းပေးမန့်တွေနဲ့
ဆိုရင်တော့ သေချာပေါက် တာဝန်ခံမယ့်သူ ရှိနိုင်ပါတယ်။
မဟုတ်ဘူးဆိုရင်တော့ တာဝန်ခံနိုင်တဲ့သူလည်း
ရှိမှာ မဟုတ်ပါဘူး။
သည်နေ့ခေတ်ရဲ့ အခြေအနေအရ မြန်မာနိုင်ငံမှာ အွန်လိုင်း
အသုံးပြုတာများလာတယ်ဆိုပေမဲ့ လိမ်ခံရတာတွေ
ဖြစ်လာပြီဆိုရင် တိုင်ကြားဖို့ လိုအပ်ပါတယ်။
အွန်လိုင်းမှ လိမ်ခံရတဲ့သူအများစုကတော့ အွန်လိုင်းပေါ်မှာပဲ
ရှိနေတဲ့ ဘလက်လစ်အဖွဲ့မှာတင်ပြီး ပြီးသွားတာတွေလည်း
ရှိပါတယ်။ တကယ်တမ်းတိုင်ကြားမယ် ဆိုရင်လည်း
သက်သေမရှိတာ၊ တိုင်ကြား တဲ့အခါမှာ သက်ဆိုင်ရာတွေရဲ့
အကူအညီအများပြားယူရမှာတွေ ရှိတာကြောင့် တိုင်ကြားတဲ့
သူနည်းပါးနေပါသေးတယ်။
စီးပွားရေးပညာရှင် ဦးလှမောင်က
‘ရှယ်ယာထည့်တယ်ဆိုရင်လဲ ကိုယ်တိုင်က ဘာကြောင့်
ထည့်တာလဲဆိုတာကို သိဖို့လိုတယ်၊
ဥပမာ အက်ဖ်အမ်အိုင်မှာ ရှယ်ယာတွေ ထည့်တယ်ဆိုရင်
လဲ အဲဒီရှယ်ယာကနေ ပိုက်ဆံတွေ အများကြီးထည့်မှ
ရတာ၊ သာမန်ဆိုရင် တစ်ရာခိုင်နှုန်း လောက်ပဲရတယ်၊
ရှယ်ယာရဲ့ အဓိက က ရှယ်ယာပြန်ရောင်းရင် အမြတ်
ရရှိရေးပဲ ကြည့်ကြတာ၊ ပြန်ရောင်းရင် အမြတ်မရဘဲ
ရှုံးတယ်ဆိုရင် အကုန်ကုန်သွားနိုင်တယ်၊ အမြတ်များများ
ရဖို့ မမျှော်လင့်ပါနဲ့၊ အွန်လိုင်းမှာ လုပ်တာတွေအတွက်
ကတော့ အမြတ် များများရဖို့ မျှော်လင့်ချက်က မရှိ သေးပါ၊
အွန်လိုင်းရှယ်ယာတွေကို ယုံလို့ ပုံအပ်လိုက်တယ်ဆိုရင်
ဘဝဆုံးသွားနိုင်ပါတယ်” လို့ ပြောပါတယ်။
ကွာခြားတယ်
။။။။။။။။။။။။။။။။
“အမှန်အကန် လုပ်ငန်းတွေမှာ ရှယ်ယာတွေ စုတော့မယ်
ဆိုရင် အနည်းဆုံး လူခုနစ်ယောက်လောက်ပါတဲ့ အဖွဲ့
ဖြစ်တယ်ဆိုမှ ကုမဏီလိုင်စင် ရတာတွေရှိတယ်၊
ဒါတောင် လူတိုင်းကို ချပြနိုင်တဲ့ ကုမဏီဖြစ်ရမှာ၊
မဟုတ်ရင် ရှယ်ယာစုလို့ မရနိုင်ဘူး၊
အွန်လိုင်းမှာကျတော့ လွယ်တယ်၊
ရှယ်ယာစုမယ်ဆိုပြီး ခေါ်လိုက်ရင် လွယ်လွယ်နဲ့ ငွေရမယ်
ဆိုတော့ ချက်ချင်းကို ရောက်လာကြတယ်၊ အဲဒီလိုဆိုတော့
လုပ်ရတဲ့အခက်အခဲတွေကလဲ မတူညီနိုင်ဘူး၊ ရတဲ့
အကျိုးအမြတ်တွေကလဲ မတူညီနိုင်ဘူး”လို့
စီးပွားရေးပညာရှင် ဦးလှမောင်က ဆက်ပြောပါတယ်။
အပြင်မှာ ရှယ်ယာစုတဲ့အခါမှာတော့ မြန်မာနိုင်ငံ ကုမဏီ
အက်ဥပဒေအရ စာရင်းပေးသွင်းရပါတယ်။ ရှယ်ယာအဖွဲ့ဝင်
ခုနစ်ယောက်ထက် ပိုများတဲ့ အများပိုင် ကုမဏီကို အရင်ဆုံး
ထောင်ရပါတယ်။
ပုဂ္ဂလိက ကုမဏီထောင်ထားတယ်ဆိုရင် ရှယ်ယာထည့်ခွင့်
မရှိပါဘူး။ အများပိုင်ကုမဏီထောင်ပြီးမှသာ ရှယ်ယာ
ထည့်ခွင့်ရှိတယ်။ တောင်းခွင့်ရှိတယ်။ ကုမဏီ တကယ်
ရှိလား၊ မရှိဘူးလားဆိုတာကိုလည်း တိုက်ရိုက်သွားရောက်
မေးမြန်းတာတွေ လုပ်လို့ရပါတယ်။ အပြင်မှာ ရှယ်ယာ
စုတာတွေကိုတော့ သည်လို နည်းတွေနဲ့ မှန်ကန်မှုရှိမရှိကို
သေချာ စစ်ဆေးနိုင်ပါတယ်။
အွန်လိုင်းမှာ ရှယ်ယာစုတဲ့အခါမှာတော့ လုပ်ငန်းတွေ
အတွက် ထောက်ခံချက်တွေ၊ လုပ်ငန်းမှန်ကန်မှုရှိမရှိကို
သွားရောက်စစ်ဆေးလို့ မရနိုင်တာကြောင့် ၁၀ဝရာခိုင်နှုန်း
ယုံကြည်လို့ မရနိုင်ပါဘူး။ လုပ်ငန်းတွေအနေနဲ့ အွန်လိုင်း
ပေ့ခ်ျတွေကို ပြမယ်ဆိုရင် လည်း ပေ့ခ်ျဆိုတာ
အလွယ်တကူ ပြန်ဖျက်နိုင်ပါတယ်။
(လိမ္မာ)
*****
၂။ "လုပ်ငန်းအချို့ ရှယ်ယာတွေကို ပုံစံပြောင်းပြီးခေါ်ယူနေ"
အခုနောက်ပိုင်း လုပ်ငန်းအချို့က ရှယ်ယာခေါ်ယူတာတွေ
အများအပြားရှိလာပြီး ရှယ်ယာခေါ်တဲ့ ပုံစံတွေလည်း
ပြောင်းလဲလာတာ တွေ့ရပါတယ်။
ရှယ်ယာတွေခေါ်ကြတဲ့အခါ မှာ စစခေါ်ခေါ်ချင်းတုန်း က
ကျပ်သိန်း ၁၀ဝ ထည့်ရင် ၁၀ ရာခိုင်နှုန်း အမြတ်နဲ့
လေးလ အနည်းဆုံးသွင်းရမယ်ဆိုပြီး ခေါ်ယူပါတယ်။
သည်လိုခေါ်ယူပြီး နောက်ပိုင်းမှာငွေကြေးအရှုပ်အရှင်းတချို့
ဖြစ်လာပြီး ရှယ်ယာလိမ်လည်တာအချို့ဖြစ်ပေါ်ခဲ့ပါတယ်။
သည်လိုဖြစ်ပြီး နောက်ထပ်ရှယ်ယာခေါ်ယူတဲ့ ပုံစံတွေကို
ပြန်လည်ပြောင်းလဲပြီး ၂၅ ရာခိုင်နှုန်း အမြတ်တွေပေးပြီး
ခေါ်လာတာတွေလည်း ရှိလာပါတယ်။
Primax International ကုမ္မဏီက တာဝန်ရှိသူတစ်ဦးက
"ရှယ်ယာတွေခေါ်တယ်၊ ဘာလုပ်ဖို့ညာလုပ်ဖို့ဆို ပြီး
နောက်ပြီး အလကားပဲ၊ အမြတ်ကိုတစ်လနှစ်လလောက်ပဲ
ပေးတယ်လေ၊ ပြီးတော့ ကိုယ်ထည့်ထားတဲ့ ပိုက်ဆံကို
ပြန် ပေးတယ်၊ အဲဒီလိုတွေလုပ်ပြီး ရှယ်ယာတွေ စုတယ်
ဆိုပြီး လုပ်တာတွေများတယ်၊ အခုနောက်ပိုင်းကျတော့လဲ
အမြတ်ငွေတွေအများကြီးပေးတယ်ဆိုပြီးခေါ်တယ်၊
တကယ်တော့ရှယ်ယာ အစစ်အမှန်ထည့်တယ်ဆိုရင်
အမြတ်ငွေကို ပုံသေထားပြီးလုပ်လို့မရနိုင်ဘူး" လို့
ပြောပါတယ်။
အခုနောက်ပိုင်းရှယ်ယာတွေ ခေါ်ယူတဲ့အခါမှာ
ငွေထည့်မယ်ဆိုရင် ၅၀ ရာခိုင်နှုန်း အမြတ်ငွေပေးမယ်။
ငွေမထည့်ဘဲ လူကိုယ်တိုင် လာရောက်လုပ်ကိုင်ပေးမယ်
ဆိုရင် ရရှိတဲ့ ရာခိုင်နှုန်းအတိုင်းအမြတ်ငွေပေးမယ်ဆိုပြီး
ရှယ်ယာခေါ်တာလည်း တွေ့ရပါတယ်။ လုပ်ကိုင်မယ့်
လုပ်ငန်းက ဆန်အရောင်းအဝယ်ဖြစ်တယ်လို့
သိရပါတယ်။
အဲသည်လိုရှယ်ယာတွေက အွန်လိုင်းကတစ်ဆင့်ခေါ်ယူလေ့
ရှိပါတယ်။ သည်လိုအွန်လိုင်းမှာ ရှယ်ယာထည့်တော့မယ်
ဆိုရင်ကိုယ်ထည့်မယ့် လုပ်ငန်းရဲ့ပိုင်ဆိုင်မှုစာရွက်စာတမ်း
တွေကိုသေချာစစ်ဆေးသင့်ပါတယ်။
အွန်လိုင်းငွေပေးချေမှုတွေကလည်း မဖွံ့ဖြိုးသေးတာကြောင့်
ရှယ်ယာထည့်တော့မယ်ဆိုရင် သေချာ သတိထားဖို့တော့
လိုအပ်ပါတယ်။ အမှန်အကန်ရှယ်ယာထည့်တယ် ဆိုရင်
ရတဲ့အမြတ်က ပုံသေမရှိတဲ့ အပြင် အမြတ်ငွေ ကလည်း
တစ်ရာခိုင်နှုန်းလောက်သာရနိုင်မှာ ဖြစ်တယ်လို့
သိရပါတယ်။
(လိမ္မာ)
credit - Kumudra Journal
“မှတ်ချက်”
အိမ်ခြံမြေ အကြောင်းအရာများနှင့်
မသက်ဆိုင်သော်လည်း ငွေရေးကြေးရေးနှင့် ဆိုင်ရာ
ဆောင်းပါး/သတင်းများ ဖြစ်နေပါသဖြင့်
မိတ်ဆွေများ လေ့လာနိုင်ရန် တင်ခဲ့ခြင်းဖြစ်ပါသည်။
“အိမ်ခြံမြေ လမ်းဆုံ”
**********
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0
No comments:
Post a Comment