Sunday, October 29, 2017

“ရာဖြတ်နှုန်း၊ အခွန် နှင့် အိမ် ခြံ မြေ”

“ရာဖြတ်နှုန်း၊ အခွန် နှင့် အိမ် ခြံ မြေ”

၁။ "အိမ်မြေဈေးကွက်အပေါ် အခွန်စနစ်
အကျိုးသက်ရောက်မှု နှစ်သစ်တွင် ကြီးမားနိုင်ဆဲ"

လတ်တလော အိမ်ခြံမြေဈေးကွက် လည်ပတ်မှု နှေးကွေး
နေရတဲ့ အကြောင်းအရင်းများစွာရှိတဲ့အနက်တစ်ခုအပါအဝင်
ဖြစ်တဲ့ အခွန်ကောက်ခံမှုစနစ်ဟာ အိမ်ခြံမြေဈေးကွက်အပေါ်
ကို လာမယ့်နှစ်မှာလည်း အကျိုးသက်ရောက်မှုကြီးမားနိုင်ဆဲ
ဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်တချို့က
ပြောပါတယ်။

ပြီးခဲ့တဲ့ ခြောက်နှစ်တာ ကာလလောက်အတွင်းမှာ
အိမ်ခြံမြေဈေးကွက်အတွင်း ဈေးကစားမှု ဖြစ်ပေါ်ပြီးတဲ့
နောက်ပိုင်းမှာ အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်
သိသာစွာ အေးသွားခဲ့တဲ့နောက် ၂ဝ၁၆ ခုနှစ်အတွင်းမှာ
အသစ် သတ်မှတ်လိုက်တဲ့အခွန်နှုန်းထားကြောင့် အိမ်ခြံမြေ
အရောင်းအဝယ်ဟာ ပြန်ဦးမော့ဖို့ရာ အခွင့်အလမ်းပိုနည်း
သွားခဲ့ပြန်ပါတယ်။

ရှေ့ဆက်ရမယ့် ကာလတွေမှာ ဈေးကွက် ပြန်သွက်ဖို့
အချိန်ဘယ်လောက်လိုဦးမယ်ဆိုတာ မှန်းဆရခက်ခဲနေပေမဲ့
အခွန်စနစ်ရဲ့ အကျိုးသက်ရောက်မှုကတော့ လာမယ့်နှစ်
အတွင်းမှာလည်း ကြီးမားနိုင်ဆဲ ဖြစ်တယ်လို့
အကျိုးဆောင်အများစုက သုံးသပ်နေကြပါတယ်။

''ရှေ့နှစ်မှာ အိမ်မြေ အရောင်းအဝယ် အလားအလာ
ဘယ်လိုရှိနိုင်မယ်ဆိုတာထက် လက်ရှိအခြေအနေကိုပဲ
ကောင်းကောင်းမွန်မွန် လည်ပတ်နိုင်အောင်
လုပ်နေပါတယ်။
ဒါပေမဲ့ လက်ရှိကျင့်သုံးနေတဲ့ အခွန်စနစ်ကတော့
အဆင်မပြေဘူး၊ ပြန်သုံးသပ်သင့်တဲ့ စနစ်ပါ။
ဒါက ကျွန်တော်တို့ အိမ်ခြံမြေအကျိုးဆောင်တွေ
အလုပ်ဖြစ်ချင်တဲ့ အချက်တစ်ခုတည်းကြောင့် ပြောတာ
မဟုတ်ပါဘူး။
အခွန်ထမ်းပြည်သူတွေ ဥပဒေနဲ့အညီ အခွန်ဆောင်
အမည်ပေါက် လုပ်ချင်လာအောင် ဖြစ်ပါတယ်။
ဈေးကွက်က အခွန်စနစ်နဲ့ ရာခိုင်နှုန်းအတော်များများ
သက်ဆိုင်ပါတယ်'' လို့ ဖိုးလမင်း အိမ်ခြံမြေ
အကျိုးဆောင်လုပ်ငန်းက ဦးဝဏ္ဏစိုးက ပြောပါတယ်။

၂ဝ၁၅ ခုနှစ် ပြည်ထောင်စု အခွန်အကောက်
ဥပဒေပုဒ်မ ၂၄ အရ ၂ဝ၁၆ ခုနှစ်၊ မတ် ၃၁ ရက်အထိ
အကျိုးသက်ရောက်ခဲ့တဲ့ အိမ်ခြံမြေ အခွန်နှုန်းထားက
အိမ်မြေတန်ဖိုး
- တစ်ကျပ်က ကျပ်သိန်း ၁,ဝဝဝ အထိ သုံးရာခိုင်နှုန်း၊
- ကျပ်သိန်း ၁,ဝဝ၁ ကနေ ကျပ်သိန်း ၅,ဝဝဝအထိ
ငါးရာခိုင်နှုန်း၊
- ကျပ်သိန်း ၅,ဝဝ၁ က ကျပ်သိန်း ၁ဝ,ဝဝဝ အထိ
၁ဝ ရာခိုင်နှုန်း၊
- ကျပ်သိန်း ၁ဝ,ဝဝ၁ က ကျပ်သိန်း ၁၅,ဝဝဝ အထိ
၂ဝ ရာခိုင်နှုန်းနဲ့
- ကျပ်သိန်း ၁၅,ဝဝ၁ နဲ့ အထက် ၃ဝ ရာခိုင်နှုန်း
အခွန်ဆောင်ဖို့ သတ်မှတ်ခဲ့ပါတယ်။

၂ဝ၁၆ ခုနှစ်၊ ဧပြီ ၁ ရက်က စတင်အကျိုးသက်ရောက်ခဲ့တဲ့
၂ဝ၁၆ ခုနှစ် ပြည်ထောင်စု အခွန်အကောက်ဥပဒေ
ပုဒ်မ ၂၄ အရ အိမ်မြေတန်ဖိုး
- တစ်ကျပ်ကနေ ကျပ်သိန်း ၃ဝဝ အထိ ၁၅ ရာခိုင်နှုန်း၊
- ကျပ်သိန်း ၃ဝ၁ က ကျပ်သိန်း ၁,ဝဝဝ အထိ
၂ဝ ရာခိုင်နှုန်း၊
- ကျပ်သိန်း ၁,ဝဝ၁ နဲ့ အထက် ၃ဝ ရာခိုင်နှုန်းပေးဆောင်ဖို့
သတ်မှတ်ပါတယ်။

ဒီနှုန်းထားနှစ်ခုကို နှိုင်းယှဉ်ကြည့်ရင် ၂ဝ၁၆၊ မတ်လကုန်
အထိကျင့်သုံးခဲ့တဲ့ နှုန်းထားဟာ အိမ်မြေဝယ်ယူသူတွေ
အတွက် အများကြီး လုပ်သာကိုင်သာရှိခဲ့တာကို တွေ့ရမှာ
ဖြစ်ပါတယ်။

''အိမ်မြေ အရောင်းအဝယ်ကတော့ အားရစရာ
ကောင်းလောက်အောင် မဖြစ်သေးပါဘူး။
အရောင်းအဝယ်လုပ်ရာမှာ ဝယ်သူအတွက် နာမည်ပေါက်ဖို့
အခွန်နှုန်းထားက အတော် စဉ်းစားစရာ ဖြစ်နေပါတယ်။
ရာဖြတ်တန်ဖိုးတွေက မနှစ်ကထက် ရာခိုင်နှုန်း
နည်းသွားတယ်ဆိုပေမဲ့ လူတွေက အခွန်နှုန်းထားကို
ပိုစိတ်ဝင်စားကြပါတယ်။
တန်ဖိုးသင့်တင့်တဲ့ အကွက်အကွင်းတွေပဲ အများဆုံး
အားထားအလုပ်လုပ်ကြရဦးမယ်'' လို့အိမ်မြေအကျိုးဆောင်
ဦးအောင်ဝင်းက ပြောပါတယ်။

(ဖြိုးဝေကျော်)

*****

၂။ "တစ်ပေပတ်လည် စံနှုန်းသတ်မှတ်ချက်မှာ လက်ရှိ
ပေါက်ဈေးထက် မြင့်နေသောကြောင့် နိုင်ငံအနေဖြင့်
အခွန်ဆုံးရှုံးမှုများတွေ့ကြုံလာရ"

နိုင်ငံတော်အစိုးရမှ သတ်မှတ်ပေးထားသော
တစ်ပေပတ်လည် စံနှုန်းသတ်မှတ်ချက်များသည် လက်ရှိ
မြေုပင်တွင်ဖြစ်ပေါ်နေသော ပေါက်ဈေးထက်ပိုမိုများပြား
နေခြင်းသည် နိုင်ငံတော်အတွင်းအခွန်ဆုံးရှုံးမှုများဖြစ်ပေါ်
စေနိုင်ကြောင်း မြန်မာနိုင်ငံအိမ်ခြံ မြေ ၀န်ဆောင်မှုအသင်း
ဗဟိုမှ တာဝန်ရှိသူများက သုံးသပ်ပြောပြသည်။

”နိုင်ငံအတွက် အခွန်ဘဏ္ဍာ ဆုံးရှုံးရတာ ဘာတွေရှိလဲ
ဆိုတော့ လက်ရှိက အခွန်နဲ့ပတ်သက်လို့ အိမ် ခြံ မြေ
ဝယ်တဲ့အခါမှာ သတ်မှတ်ထားတဲ့တန်ဖိုးနဲ့ အခွန်ဆောင်
ရမယ်ဆိုတာကို ကျွန်တော်တို့ကိုယ်တိုင် အိမ် ခြံ မြေ
အသင်းဝင်ထားတဲ့သူတွေ အားလုံး သိထားပါတယ်။
သိထားတဲ့အနေအထားနဲ့ အခွန်ဆောင်ဖို့လိုအပ်တာကို
လူတွေကမဆောင်ချင်ကြတာ၊
ဘာဖြစ်လို့လဲဆိုတော့ တစ်ပေပတ်လည်စံနှုန်းကို
သတ်မှတ်ထားတာက လက်ရှိပေါက်ဈေးထက်မြင့်
နေတယ်။
အဲဒီတော့ ဒီဆောင်ရမယ့်ငွေက မြင့်နေတော့
မဆောင်ချင်ကြဘူး။မဆောင်ချင်တဲ့အတွက်ကြောင့်
အရပ်စာချုပ်နဲ့ချုပ်ကြတယ်။အရပ်စာချုပ်နဲ့ချုပ်တဲ့အတွက်
ကြောင့် ဒီဟာက အစိုးရကိုလည်း အခွန်ဘဏ္ဍာအနေနဲ့
ရောက်မသွားဘူး။” ဟု မြန်မာနိုင်ငံအိမ် ခြံ မြေ
ဝန်ဆောင်မှုအသင်းမှ အိမ် ခြံ မြေ အကျိုးဆောင်တစ်ဦး
ဖြစ်သူ ဦးတင်ထွန်းနိုင်မှ ပြောဆိုသည်။

လက်ရှိ အိမ် ခြံ မြေ ဈေးကွက်မှာ ဈေးနှုန်းများကျဆင်း
နေကြောင်း ၊ ဈေးနှုန်းမြင့်သည့်အကွက်များကိုလည်း
အခွန်ဆောင်ရမည့်ပမာဏ များပြားလွန်းနေသဖြင့် ၀ယ်လိုသူ
နည်းပါးသွားကြောင်း ၄င်းမှဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံအိမ် ခြံ မြေ ၀န်ဆောင်မှု အသင်းအနေဖြင့်
အိမ် ခြံ မြေ နှင့် ပတ်သက်သည့် ဥပဒေတစ်ရပ်လွှတ်တော်
သို့ တင်သွင်းထားရှိပြီး အကယ်၍ ယင်းဥပဒေပေါ်ပေါက်
လာပါက အိမ် ခြံ မြေ လောက ပိုမိုသန့်စင်သွားမည်ဖြစ်ကာ၊
ဈေးကွက်မှာလည်း ပိုမိုတည်ငြိမ်လာမည်ဟု မြန်မာနိုင်ငံ
အိမ် ခြံ မြေ ၀န်ဆောင်မှုအသင်း (ဗဟို) မှ ဒုတိယဥက္ကဌ
ဖြစ်သူ ဦးသန်းဦးမှ ပြောကြားထားသည်။

(မင်းချို)

*****

၃။ "မန်း အိမ်ခြံမြေ ရာဖြတ်အခွန်နှုန်းထားများလို့ စာချုပ်ဖို့
အခက်အခဲဖြစ်"

မန္တလေးတိုင်းအစိုးရ က ထုတ်ပြန်ထားတဲ့ အိမ်ခြံမြေရာဖြတ်
အခွန်နှုန်းထားတွေက မြေပြင်အခြေအနေ ထက် မြင့်နေတာ
တွေရှိနေလို့ စာချုပ်ချုပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့
ရွိုင်ရယ်ထွန်းသစ္စာ အိမ်ခြံမြေရောင်းဝယ်ရေးအကျိုးဆောင်
လုပ်ငန်းမှဦးတင်မောင်က ပြောပါ တယ်။

ဝယ်ဖို့ ဝယ်လက်ကိုပြတဲ့ မြေကွက် တစ်ခုဆိုရောင်းတဲ့သူက
သိန်း ၅၈၀ဝ နဲ့ပဲ ရောင်းတယ်။ အခွန်ရာဖြတ်က ဖြတ်တာက
သိန်း ၆၃၀ဝ နဲ့ သိန်း ၉၀ဝ၀ ကြားဖြတ်တယ် လို့
ဆိုပါတယ်။

ဦးတင်မောင်က
“နေဖို့ မဖြစ်မနေဝယ် တယ်၊
ခိုင်လုံတဲ့ စာချုပ်ချုပ်ဖို့ အတွက်က အခက်အခဲဖြစ်နေတယ်၊
အဲဒီတော့ ကတိကဝတ်နဲ့ နေကြရမှာပဲ၊
အဲဒါကို မနေပါနဲ့လို့ ပြောလို့မရဘူး၊
နာမည်ဖောက်ချင်ပေမဲ့ သိန်း ၅၀ဝ၀ တန် ဝယ်တာကို
သိန်း ၇၀ဝ၀ ဖြတ်တယ်ဆိုရင် သိန်း၁၀ဝ၀တိုင်းမှာအခွန်က
သိန်း ၃၀ဝ လောက်ကျနေတော့ အကုန် အကျမခံနိုင်ကြ
တော့ဘူး”လို့ပြောပါတယ်။

အခွန်နှုန်းထားပေးဆောင်ဖို့ ရှောင်တဲ့ စနစ်ကိုကျင့်သုံးလာတဲ့
အတွက် နိုင်ငံတော်လည်း အခွန်မရရှိသလို ပြည်သူတွေလည်း
မှန်ကန်တဲ့ လမ်းကြောင်းပေါ်မရောက်နိုင်ဘူးဖြစ်နေတယ်လို့
အိမ်ခြံမြေ အကျိုး ဆောင်အချို့က သုံးသပ်ပါတယ်။

အိမ်ခြံမြေဝယ်ယူရာမှာ တရားဝင်အခွန်ဆောင်ပြီး ဝယ်ယူ
တာတွေရှိလာဖို့အတွက် အိမ်ခြံမြေစံနှုန်းတွေကို
ယခု ဘဏ္ဍာနှစ်မှာ ယခင်နှစ်စံနှုန်းတွေထက် ၂၀ ရာခိုင်နှုန်း
လျှော့ချသတ် မှတ်ခဲ့တယ် လို့ မန္တလေးတိုင်း
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန က သိရပါတယ်။

“အိမ်ခြံမြေနဲ့ပတ်သက်လို့ အခွန် ဘဏ္ဍာကို
လာမယ့် ၂၀၁၈ မှာ အခွန်နှုန်းထားစံနှုန်းတွေရော၊
ရာဖြတ်ကိုရော ပြင်ပေးမယ်ဆိုရင်တော့ မှန်ကန်တဲ့
လမ်းကြောင်းပေါ် ရောက်လာနိုင်ပါတယ်”လို့
ရွိုင်ရယ်ထွန်းသစ္စာ အိမ်ခြံမြေရောင်းဝယ်ရေး
အကျိုးဆောင်လုပ်ငန်းမှ ဦးတင်မောင်က ပြောပါတယ်။

မန္တလေးမြို့အတွက် အခုနှစ်အသုံးပြု ရမယ့်အိမ်ခြံမြေ စံနှုန်း
တွေကို ဩဂုတ်လ အတွင်းက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

(ခေမဏီ)

credit - The Myanmar Times / iMyanmar House
& Kumudra Journal

**********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

No comments:

Post a Comment