Sunday, October 29, 2017

"ဘဏ်တွေကို စိတ်ချရပါ့မလား"

"ဘဏ်တွေကို စိတ်ချရပါ့မလား"

ဒီကနေ့ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး မျက်နှာစာမှာ
မေးခွန်းထုတ်နေကြတာ တစ်ခုရှိတယ်။ ဘဏ်တွေကို
ဘယ်လောက်ထိ စိတ်ချရမှာလဲတဲ့။

ဘယ်သူကမှ ဘဏ်တွေကို စိတ်မချရဘူးလို့ မပြောကြ
ပါဘူး။ ဒါပေမယ့် ဘောဂဗေဒပညာရှင်များရဲ့ အပြော
ကတော့ ပြဿနာမတက်ခင်အထိ ဘဏ်တွေကို
စိတ်ချနိုင်ပါသတဲ့။

ကမ္ဘာပေါ်မှာ ဘဏ်များ စတင်ပေါ်ထွက်လာကတည်းက
ဘဏ်ပြဿနာဟာ တစ်မျိုးမဟုတ်တစ်မျိုး မကြာမကြာ
ဖြစ်နေခဲ့တာ၊ ရှိနေခဲ့ တာပါ။

နိုင်ငံများမှာ ဘဏ်တွေ ပြဿနာတက်ပြီဆိုရင် စီးပွားရေး
တွေ ကသောင်းကနင်းဖြစ်ပြီး ပြည်သူတွေကလည်း
အကြီးအကျယ် ဒုက္ခရောက်ကြရတယ်။

လွန်ခဲ့တဲ့ ဆယ်နှစ်က ၂ဝဝ၇-၂ဝဝ၈ နှစ်များအတွင်း
အမေရိကန်ဘဏ်တွေရဲ့ အရမ်းကာရောလုပ်ရပ်များကြောင့်
အမေရိကန်ဘဏ္ဍာရေး တစ်ခုလုံး ဘိုင်းဘိုင်းလဲတော့မလို
ဖြစ်သွားခဲ့တယ်။

ဒီအမေရိကန်ဘဏ်များရဲ့ ပြဿနာဟာ ၁၉၃ဝ နှစ်များက
ဖြစ်ပေါ်ခဲ့တဲ့ 'ကမ္ဘာ့စီးပွားပျက်ကပ်' Great Deperssion
ပြီးရင် ကမ္ဘာပေါ်မှာ အကြီးမားဆုံးနဲ့ အဆိုးရွားဆုံး
ပြဿနာ ဖြစ်လာခဲ့တယ်။ ကမ္ဘာတစ်လွှား ကူးစက်ပျံ့နှံ့
သွားတယ်။ အချို့ နိုင်ငံတွေဆိုရင် အခု ၁ဝ နှစ်လောက်
ကြာမြင့်ခဲ့ပြီး နောက်မှာတောင် ပြဿနာမတက်မီ က
အခြေအနေကိုပြန်မရောက်ကြသေးဘူး။ ပြဿနာကြီးလေ
ပုံမှန်အနေအထား ပြန်ရောက်ဖို့ကြာလေဖြစ်တယ်။

ဟားဗက်တက္ကသိုလ်က ဘောဂဗေဒ ပညာရှင်များဖြစ်ကြတဲ့
Carmen Reinhart နဲ့ Kenneth Rogoff တို့က ၁၈၉ဝ နှစ်
များမှစပြီး ဖြစ်ပေါ်ခဲ့တဲ့ ဘဏ္ဍာရေးပြဿနာ ၁ဝဝ ကို
လေ့လာဆန်းစစ်ခဲ့ကြတယ်။ သူတို့ရဲ့ တွေ့ရှိချက်ကတော့
လူတစ်ယောက်ရဲ့ အမှန်တကယ်ဝင်ငွေဟာ ပြဿနာ
မတိုင်မီကအဆင့်ကို ပြန်ရောက်ဖို့အတွက် ပျမ်းမျှ ရှစ်နှစ်
ကြာတတ်ပါတယ်တဲ့။ ဆိုလိုတာက ဘဏ်ပြဿနာတက်ပြီး
စီးပွားပျက်သွားခဲ့တဲ့ လူတစ်ယောက်ဟာ ယခင်က ပုံမှန်
အခြေအနေပြန်ရောက်ဖို့ ရှစ်နှစ်ကြီးများတောင်
ဆင်းရဲဒုက္ခခံကြရတယ်လို့ ဆိုချင်တာပါ။

ဘောဂဗေဒပညာရှင်နှစ်ဦးဟာ ၂ဝဝ၇-၂ဝဝ၈ ဘဏ္ဍာရေး
ပြဿနာကြောင့် စီးပွားရေးကျဆင်းသွားခဲ့ကြတဲ့
နိုင်ငံ ၁၂ နိုင်ငံကို လေ့လာကြည့်တော့ ခုနစ်နိုင်ငံကတော့
နဂိုအနေအထားပြန်ရောက်သွားခဲ့ကြပြီ။ ဒါပေမယ့်
ကျန်နိုင်ငံတွေ ကတော့ ၂ဝ၁၃ ခုနှစ်အထိ
ယက်ကန်၊ ယက်ကန်ဖြစ်နေဆဲပဲလို့ ထောက်ပြခဲ့ကြတယ်။

အမေရိကန်နိုင်ငံဟာ ၂ဝဝ၉ ခုနစ်က စပြီး စီးပွားရေး
တိုးတက်မှု ပြန်လည် ဦးမော့လာခဲ့တယ်။ ဆက်ပြီးလည်း
တိုးတက်နေဆဲပါပဲ။ ဒါပေမယ့် နှေးကွေး လွန်းတယ်။
၁ဝ နှစ် လောက်ကာလအတွင်း ပျမ်းမျှတိုးတက်မှုနှုန်းက
၂.၁ ရာခိုင်နှုန်းပဲရှိတယ်။ ဒီလိုဆိုပေမယ့် အလုပ်လက်မဲ့နှုန်း
က ၄.၇ ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်။ စီးပွားရေး
ပြန်လည် ဦးမော့လာတော့ ၂ဝ၁၃ ခုနှစ်မှာ တစ်ဦးချင်း
ဝင်ငွေအရ ပြဿနာ မတိုင်မီက အနေအထားပြန်ရောက်
သွားခဲ့တယ်။ ဒါပေမယ့် သာမန်အမေရိကန် ပြည်သူတွေ
ကတော့ စီးပွားရေးကောင်းလာပြီဆိုတာ သူတို့မဟုတ်ပါ
ဘူးတဲ့။ တခြားလူတွေသာ ဖြစ်တယ်လို့ဆိုတယ်။
တခြားသူတွေဆိုတာက ဝေါစထရီ  Wall Street  က
လူပေါ်လူဇော် လူပေါ်ကြော့တွေကို ဆိုလိုတာပါ။

ဘဏ်ပြဿနာတွေဟာ အများအားဖြင့် ပုဂ္ဂလိက ကြွေးမြီများ
Private debts ကို ပြည်သူ့ကြွေးမြီများ Public detrs အဖြစ်
ပြောင်းလဲပစ်တဲ့ အလေ့အထရှိတယ်။

ဘဏ်တွေဟာ သူတို့လက်ထဲ ငွေများများရှိလာရင်
ပရမ်းပတာငွေထုတ်ချေးတတ်ကြတယ်။ ပြဿနာတက်လာရင်
ဘဏ်တွေကို အစိုးရက ကယ်တင်ရတယ်။ ဒါပေမယ့် အစိုးရက
ဘဏ် အသေးအမွှားတွေကို မကယ်တင်ဘူး။ ဖျက်သိမ်း
ပစ်တယ်။ ဧရာမ ဘဏ်ကြီးတွေ ပြဿနာတက်တော့မှ
အစိုးရက ဝင်ရောက်စွက်ဖက် ကူညီ ကယ်တင် တာပါ။

ဘာကြောင့်လဲဆိုတော့ ဧရာမဘဏ်ကြီးတွေက စီးပွားရေး
ကဏ္ဍအသီးသီးကို ငွေထုတ်ချေးထားတဲ့ အတွက်
အဲဒီဘဏ်ကြီးတွေကို ဖျက်သိမ်းပစ်မယ်ဆိုရင် စီးပွားရေးကို
ထိခိုက်မှာ အစိုးရက စိုးရိမ်တယ်။ ဒါကြောင့် အစိုးရက
ဘဏ်ကြီးကြီးတွေကို ကယ်တင် ပေးတယ်။

၂ဝဝ၇-၂ဝဝ၈ ဘဏ်ပြဿနာစတင်တက်တုန်းက ဧရာမ
ရင်းနှီးမြှုပ်နှံမှုဘဏ်ကြီးဖြစ်တဲ့ Lehman Brothers ကို
အစိုးရက မကယ်တင်ဘဲ ပစ်ထားခဲ့တဲ့အတွက် ပြဿနာ
ပိုပြီး ဆိုးရွားသွားရတယ်လို့ တချို့ကဆိုတယ်။

ဒါကြောင့် နောက်ပိုင်းမှာ အမေရိကန်အစိုးရဟာ ဘဏ်ကြီး
တွေကို ပြည်သူ့ဘဏ္ဍာငွေတွေနဲ့ ကယ်တင် ပေးခဲ့တယ်။
ဒီတော့ နောက်ပိုင်းကာလတွေမှာ ဘဏ်ကြီးရင် အစိုးရက
ကယ်တင်ပေးတယ်လို့ အတွေ့အကြုံအရ ဘဏ်တွေက
ယူစွဲလာကြတယ်။

ဒါကြောင့် ဘဏ်တွေဟာ ဖြစ်နိုင်သမျှ ဘဏ်လုပ်ငန်းများ
တိုးချဲ့၊ ဘဏ်ခွဲအမြောက်အမြားဖွင့်လှစ်ပြီး ဧရာမ ဘဏ်ကြီး
တွေ ဖြစ်လာအောင် ကြိုးပမ်းလာကြတယ်။ ဒါပေမယ့် ဒါက
သေချာတဲ့လမ်းစဉ်တော့ မဟုတ်ပါဘူး။

ဘဏ်တွေ အကြီးအကျယ် ပြဿနာတက်လာမယ်ဆိုရင်
နိုင်ငံရေးက ဝင်ပါလာတတ်တယ်။ အမေရိကန်လွှတ်တော်
တွေမှာဆိုရင် ဧရာမဘဏ်ကြီးတွေကို ခွဲခြမ်းပစ်သင့်တယ်လို့
အမြင်ရှိတဲ့ လွှတ်တော်အမတ်တွေလည်း အများကြီးရှိတယ်။

အမေရိကန်ရဲ့ ကြွေးမြီနဲ့ ဂျီဒီပီအချိုး  debt to GDP Ratio
ဟာ ၂ဝဝ၇ နဲ့ ၂ဝ၁၁ အကြားမှာ ထက်ဝက်လောက်
မြင့်တက်ခဲ့တယ်။ အခုတော့ တည်ငြိမ်သွားပြီ။
ဂရိ၊ အိုင်ယာလန်နဲ့ စပိန်နိုင်ငံတွေရဲ့ အဲဒီအချိုးကတော့
ဒီထက်မကမြင့်တက်ခဲ့တယ်။ အချို့နိုင်ငံတွေမှာက ပြဿနာ
မတိုင်မီ အဆင့်များဆီကို ခုထိမတက်လှမ်းနိုင်ကြသေးပါဘူး။

ဘဏ်တွေပြဿနာတက်ရင် အဲဒီပြဿနာတွေရဲ့ ဒဏ်ရာ
ဒဏ်ချက်တွေဟာ တော်တော်နဲ့ ပျောက်ကွယ်မသွားဘူး။
ဥပမာ-ဗဟိုဘဏ်များ Central Bank ရဲ့ လက်ကျန်စာရင်း
ရှင်းတမ်းတွေနဲ့ အတိုးနှုန်းတွေမှာ ပြဿနာရဲ့ခြေရာ
လက်ရာတွေက ခုထိ စွဲထင်ရစ်တုန်းပါပဲ။

အမေရိကန် စီးပွားရေး အတော်အသင့်ကောင်းလာလို့
အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်းတွေ စတင်မြှင့်တင်
နေပြီဆိုပေမယ့် Lehman Brothers ပြိုလဲချိန်ကရှိနေခဲ့တဲ့
အတိုးနှုန်းကို မမီသေးဘူး။ လျော့နည်းနေသေးတယ်။

ဘဏ်ပြဿနာများရဲ့သက်ရောက်မှုကို ငြီးငွေ့ဖွယ်ကောင်း
တဲ့ ကိန်းဂဏန်း အချက်အလက်တွေမှာသာ မြင်တွေ့ရတာ
မဟုတ်ဘူး။ ဒီသက်ရောက်မှုတွေကို လူတွေရဲ့
အူထဲအသည်းထဲမှာလည်း ခံစားကြရတယ်။

ဥပမာအားဖြင့် ဘဏ် ပြဿနာတွေက တစ်ဆင့် တွန်းထိုး
ပေးလိုက်တဲ့ခါးသီးတဲ့ အတွေ့အကြုံတွေကြောင့် လူထု
အကျိုး မျှော်ဝါဒ Populism ကြီးထွားလာခဲ့ပြီး
Donald Trump ကို အိမ်ဖြူတော်အရောက် တွန်းတင်
ပေးခဲ့တယ်။ အခွင့်ထူးခံလူတန်းစားရဲ့ လုပ်ရပ်တွေကို
မကျေနပ်လို့ ဗြိတိသျှ ပြည်သူတွေက ဥရောပသမဂ္ဂ EU မှ
နုတ်ထွက်ဖို့ ဆန္ဒမဲပေးခဲ့ကြတယ်။ လူ့ မလိုင် လူတန်းစား
elites တွေဟာချမ်းသာတယ်။ စာတတ်ပုဂ္ဂိုလ်တွေ
ဖြစ်တယ်။ ဂလိုဘယ်လိုက်ဇေးရှင်းကို သဘောကျကြတယ်။
သာမန်လူတွေက တစ်နေ့လုပ် တစ်နေ့ စားဖို့တောင်
မနည်းကြိုးစား ပမ်းစား ရုန်းကန်လှုပ်ရှားနေကြရရှာတယ်။

ဒါကတော့ အထူးအဆန်းမဟုတ်ပါဘူး။ စီးပွားရေး ပြဿနာ
တွေမှာ အကျိုးဆက်များ အမြဲရှိတတ်တယ်။ စီးပွားရေး
ပြဿနာများပေါ်ထွက်လာရင် နောင်အခါ ဒီလိုဖြစ်မလာ
နိုင်အောင် နိုင်ငံရေးမူဝါဒတွေ တစ်မျိုးပြီး တစ်မျိုး ချမှတ်
ကြတယ်။

ဂျာမနီနိုင်ငံဆိုရင် ဒီကနေ့အထိ ငွေဖောင်းပွမှု Inflation
ဖြစ်လာမှာ သိပ်ကြောက်တယ်။ ပြီးတော့ ဘဏ္ဍာရေး
နယ်ပယ်မှာ တာဝန်မဲ့လုပ်ဆောင်ကြမှာကိုလည်း
သိပ်ကြောက်တယ်။ ဒီအကြောက်တရားဟာ ၁၉၂ဝ နှစ်
များက ဂျာမနီနိုင်ငံမှာ လွန်လွန်ကဲကဲ ငွေဖောင်းပွမှု
Hyperinflation ဖြစ်ခဲ့ရာက မြစ်ဖျားခဲ့တယ်။ အဲဒီအချိန်က
ဂျာမနီမှာ မီးသွေးဈေးနှုန်း ဘယ်လောက်ကြီးမားသလဲဆိုရင်
လူတွေက မီးသွေးမဝယ်တော့ဘဲ ငွေ စက္ကူတွေနဲ့ မီးမွှေး
ထမင်းချက်ကြပါသတဲ့။ ဒီလိုဖြစ်လာမှာကို ဂျာမနီက
ဒီကနေ့အထိ ကြောက်တုန်းပဲ။ ဒါကြောင့် ခြိုးခြံချွေတာရေး
ကို ဂျာမနီက လက်ကိုင်ထားတယ်။ ဒီမူဝါဒ ကြောင့်
၂ဝဝ၇-၂ဝဝ၈ နောက်ပိုင်း ယူရိုဇုန် Eurozone မှာ
စီးပွားရေး ပြန်လည် နာလန်ထူမှာ ကြန့်ကြာခဲ့ရတယ်။

အမေရိကန်နိုင်ငံမှာဆိုရင် ၁၉ဝ၇ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့
ဘဏ္ဍာရေးပြဿနာကို ကုစားဖို့အတွက် ၁၉၁၃ ခုနှစ်က
အမေရိကန် ဗဟိုဘဏ်  Federal Reserve ကို
တည်ထောင်ခဲ့တယ်။ ဒါပေမယ့် ဗဟိုဘဏ်ရဲ့ မည်မည်ရရ
အခန်းကဏ္ဍဟာ ဘာလဲဆိုတဲ့ အပေါ်မှာ ဒီကနေ့ထိ
အငြင်းပွားနေကြဆဲပါပဲ။

ဗဟိုဘဏ်ဟာ နိုင်ငံအတွက် တကယ်တော့ လိုအပ်ရဲ့လား
လို့ မေးခွန်းထုတ်ကြတာတွေလည်း ရှိနေဆဲဖြစ်တယ်။
ရွေးကောက်တင်မြှောက်ခြင်း မခံရသူတွေက ဗဟိုဘဏ်ကို
အုပ်ချုပ်နေကြတယ်လို့ နိုင်ငံရေးသမားတွေ က မြင်တယ်။
ဒါကြောင့် ၁၇၉၁ ခုနှစ်မှာ ပထမဆုံး တည်ထောင်ခဲ့တဲ့
အမေရိကန်ဗဟိုဘဏ်  First Bank of the United States
ကို နှစ် ၂ဝ လောက် ကြာတော့ ဖျက်သိမ်းပစ်ခဲ့တယ်။

အဲဒီနောက်ပိုင်း Second Bank ကို တည်ထောင်ပြန်တယ်။
ဒါကိုလည်း ဒုတိယအကြိမ်ဖျက်သိမ်းပစ်ခဲ့တယ်။ ဒါကြောင့်
ပြည်သူတွေရဲ့ ကိုယ်စားလှယ်တော်ကြီးများဖြစ်တဲ့
လွှတ်တော်အမတ်တွေက ဗဟိုဘဏ်ဟာ မလိုအပ်ဘူးလို့
မြင်လာတဲ့တစ်နေ့မှာ ဘဏ္ဍာရေးနယ်ပယ်က
ပျောက်ကွယ် သွားနိုင်တယ်။

ဘဏ်များပြဿနာတက်လာရင် အဲဒီနောက်ပိုင်း
စည်းမျဉ်းစည်းကမ်းသစ်တွေနဲ့ စည်းကမ်းထိန်းသိမ်းရေး
အင်စတိကျူးရှင်များ ပေါ်ထွက်လာတယ်။ အမေရိကန်နိုင်ငံ
မှာ ၁၉၃၃ ဘဏ်ပြဿနာတက်ပြီး နောက်ပိုင်း၊ ဖက်ဒရယ်
အပ်နှံငွေ အာမခံကော်ပိုရေးရှင်း FDIC နဲ့ ငွေချေး
သက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်
SEC တို့ ပေါ် ထွက်လာခဲ့တယ်။

အမေရိကန်ပြည်တွင်းစစ် ကာလတုန်းကလည်း ငွေကြေး
ကြီးကြပ်အုပ်ချုပ်ရေးရုံး
Office of the Comptroller of the Currency ဆိုတာ
ထွက်ပေါ်ခဲ့တယ်။

အဲသလိုပဲ ၂ဝဝ၇-၂ဝဝ၈ ဘဏ္ဍာရေးပြဿနာတက်ပြီး
နောက် အမေရိကန်ဘဏ်လောကကို ကြီးကြပ်ကွပ်ကဲဖို့
အတွက်  Dodd-Frank Act ဥပဒေကို ပြဋ္ဌာန်းခဲ့ကြတယ်။
ဒါပေမယ့် ဝေါစထရိကဘဏ်ကြီးတွေကတော့ ဒီဥပဒေကို
သိပ်ပြီး ဘဝင်မကျကြဘူး။ ဘဏ်တွေကို ချုပ်ကိုင်လွန်းတယ်
လို့မြင်ကြတယ်။ သမ္မတဒေါ်နယ်ထရန့်က ဒီဥပဒေ ကို
အနည်းဆုံးတစ်စိတ် တစ်ပိုင်းလောက်တော့
ရုပ်သိမ်းပစ်နိုင်တယ်။

ဘဏ်တွေဟာ မကြာမကြာ ပြဿနာတက်လွန်းတဲ့
အတွက် စိတ်ချရပါ့မလား ဖြစ်နေကြတယ်။ နောက်ထပ်
ဘဏ်ပြဿနာဟာ ဘယ်အချိန်ဘယ်နေရာမှာ ထွက်ပေါ်
လာမလဲ ဘယ်သူမှကြိုတင် မပြောနိုင်ကြဘူး။

ဒါပေမယ့် သေချာတာတစ်ခုကတော့ ဘဏ်တွေရဲ့ပြဿနာ
ဟာ တစ်ချိန်ချိန် တစ်နေရာရာမှာတော့ ဖြစ်လာမှာပါပဲ။
ဘဏ်တွေဟာ ဘယ်တော့မှ လုံးလုံး လျားလျား စိတ်ချရတယ်
လို့မရှိဘူး။ ဘာကြောင့်လဲဆိုတော့ အရင်းရှင်စနစ် ကိုယ်နှိုက်
က ကျိန်စာ ဝလို့ လူလှ ဆိုသလို အန္တရာယ်တွေကြားမှာ မှ
ရှင်သန်နိုင်ပါသတဲ့။

(မင်းရွှေမောင်)

Ref: Intrenational Banking Ten Years on :
How Safe are banks? The Economist

credit - ဈေးကွက် ဂျာနယ်

“မှတ်ချက်”

အိမ်ခြံမြေ အကြောင်းအရာများနှင့် 
မသက်ဆိုင်သော်လည်း ဘဏ္ဍာရေးစီးပွါးနှင့်ဆိုင်ရာ
ဗဟုသုတဖြစ်ဖွယ် ဆောင်းပါး ဖြစ်ပါသဖြင့်
မိတ်ဆွေများ လေ့လာနိုင်ရန် တင်ခဲ့ခြင်းဖြစ်ပါသည်။

“အိမ်ခြံမြေ လမ်းဆုံ”

**********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

No comments:

Post a Comment