Sunday, October 8, 2017

“ရန်ကုန်တိုင်းလွှတ်တော်နှင့် မြို့တော်စည်ပင်မှ အသံများ”

“ရန်ကုန်တိုင်းလွှတ်တော်နှင့် မြို့တော်စည်ပင်မှ အသံများ”

၁။ "လုပ်ငန်းမလုပ်တဲ့ မြေကွက်တွေကို ပြန်လည်သိမ်းယူဖို့
အစိုးရကို တိုက်တွန်း"

ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ပိုင်ခွင့် ရယူထားပြီး
လုပ်ငန်းအကောင်အထည်မဖော်သေးတဲ့ မြေကွက်တွေ
ကို အစိုးရအနေနဲ့ ပြန်လည်စိစစ်ပြီး သိမ်းဆည်းပေးဖို့
တိုက်တွန်းကြောင်း အဆိုကို မင်္ဂလာတောင်ညွန့်မြို့နယ်
က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး
က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ
တင်သွင်းလိုက်ပါတယ်။

လုပ်ပိုင်ခွင့်ရယူထားစဉ်က ဈေးနှုန်း သက်သက်သာသာနဲ့
ယူထားသလို လုပ်ငန်းအကောင်အထည် မပေါ်တော့
နိုင်ငံတော် အခွန်ဘဏ္ဍာလည်း ဆုံးရှုံးရတဲ့အတွက်
အဆိုတင်တာလို့ မင်္ဂလာတောင်ညွန့်မြို့နယ် က
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်
ဦးလှဌေးက ပြောပါတယ်။

‘’အဲဒီမြေကွက်တွေက ယူခဲ့တုန်းကလည်း
ဈေးနှုန်းတော်တော်လျှော့လျှော့ပေါ့ပေါ့နဲ့ ယူထားခဲ့ကြတယ်၊
လုပ်ငန်း မလုပ်တဲ့အတွက်ကြောင့် နိုင်ငံတော်ရဲ့
အခွန်အရပ်ရပ်က ဆုံးရူံးတယ်၊
လုပ်ငန်းခွင်ထဲမှာ လုပ်ကိုင်ကြရမယ့် နိုင်ငံသူနိုင်ငံသား
တွေကလည်း လုပ်ငန်းတွေ မပေါ်ပေါက်တော့ အလုပ်တွေ
မလုပ်ကိုင်ရတော့ ဆုံးရူံးတယ်၊
အဲဒီလိုလုပ်ထားတဲ့မြေတွေကို ရန်ကုန်တိုင်း ဒေသကြီး
အစိုးရက သူတို့နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်စာတမ်းတွေ
ပြန်ကြည့်မယ်၊ မကိုက်ညီဘူးဆိုရင် ရန်ကုန်တိုင်းဒေသကြီး
အစိုးရ ကနေ ပြန်လည်သိမ်းဆည်းဖို့ဆိုတဲ့ အဆိုကို
ကျနော်တင်တာပါ’’

အဲဒီအဆိုကို လာမယ့်အောက်တိုဘာလ ၁၁ ရက် နေ့မှာ
လွှတ်တော်ကိုယ်စားလှယ်တွေက ဆက်လက်ဆွေးနွေးကြဖို့
လွှတ်တော်က ဆုံးဖြတ်ထားပါတယ်။

လုပ်ငန်းလုပ်ပိုင်ခွင့်အတွက် အစိုးရပိုင် မြေကွက်တွေကို
ရယူထားပြီး အကောင်အထည်မဖော်ဘဲ အဲဒီမြေကွက်တွေ
ကို ဈေးကစားတာမျိုးရှိနေတာကြောင့် အိမ်ခြံမြေဈေးတွေ
လည်း ကမောက်ကမဖြစ်လာရတယ် လို့ ပြောပါတယ်။

မြေဈေးအဆမတန်ကြီးမြင့်လာတာတွေကြောင့် ပြည်ပ
ရင်းနှီးမြှုပ်နှံကြမယ့် နိုင်ငံခြားစီးပွားရေး လုပ်ငန်းရှင်တွေ
လာရောက်ရင်းနှီးမြှုပ်နှံဖို့အတွက် လက်တွန့်လာကြရတယ်
လို့လည်း ဦးလှဌေးက ထောက်ပြပါတယ်။

*****

၂။ "ခွင့်ပြုချက်မဲ့ အထပ်မြင့်ဆောက်လုပ်မှုများကို ထိရောက်စွာ
အရေးယူမည်"

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ
ခွင့်ပြုချက်မဲ့ ဆောက်လုပ်သော အထပ်မြင့်နှင့် ခွင့်ပြုမှု
ပုံစံကွဲလွဲသော အဆောက်အအုံ ဆောက်လုပ်မှုများကို
စည်ပင်သာယာ ဥပဒေအရ ထိရောက်စွာ အရေးယူရန်
စီစဉ်လျက်ရှိကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး
က ရန်ကုန်တိုင်းလွှတ်တော်တွင် ပြောကြားသည်။

“ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ
နယ်နိမိတ်အတွင်း ခွင့်ပြုမဲ့ အဆောက်အအုံ တည်ဆောက်
ကြခြင်း၊ ခွင့်ပြု အထပ်အရေအတွက် ပိုမိုအထပ်မြင့်
ဆောက်လုပ်နေခြင်းအား ထိရောက်စွာ တားမြစ်သွားရန်
ယခုထက် ပိုမိုများပြား ထိရောက်သော ဒဏ်ငွေများ တိုးမြှင့်
ပြဋ္ဌာန်း ကောက်ယူရန် အစီအစဉ်ရှိပါသလား” ဆိုသည့်
မရမ်းကုန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်း၏
မေးမြန်းချက်ကို ဦးမောင်မောင်စိုးက
အထက်ပါအတိုင်း ဖြေကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေနှင့်
ခွင့်ပြုချက်မဲ့ ဆောက်လုပ်သော အထပ်မြင့် အဆောက်အအုံ
များနှင့် ခွင့်ပြု ပုံစံကွဲလွဲ ဆောက်လုပ်သော အဆောက်အအုံ
များကို ရပ်ဆိုင်းရန် သတိပေးပြီး မလိုက်နာဘဲ ဆက်လက်
လုပ်ဆောင်ပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီက တရားလိုပြုလုပ်ကာ ၂၀၁၃ ခုနှစ်
စည်ပင်သာယာ ဥပဒေပုဒ်မ ၆၈ နှင့် ပုဒ်မ ၆၉ တို့ဖြင့်
တရားစွဲဆိုကြောင်း မြို့တော်ဝန်က ဆိုသည်။

အဆိုပါ ဥပဒေအရ ခွင့်ပြုချက်မဲ့ အထပ်မြင့် ဆောက်လုပ်သူ
ကို ထောင်ဒဏ် တစ်နှစ်ဖြစ်စေ၊ အနည်းဆုံး ဒဏ်ငွေ
ကျပ်တစ်သောင်းမှ အများဆုံး ဒဏ်ငွေ ငါးသိန်းအထိဖြစ်စေ၊
ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်လျက်ရှိကြောင်း၊ ယင်းအပြင်
ကျူးလွန်သူ (သို့မဟုတ်) လိုက်နာရန် ပျက်ကွက်သူကို
ကျူးလွန်သည့်နေ့မှစ၍ တစ်ရက်လျှင် ဒဏ်ငွေ
တစ်သောင်းကျပ်မှ ငါးသောင်းကျပ်နှင့် ထောင်ဒဏ်
တစ်နှစ်အထိ ဆက်လက် ချမှတ်ရန် ပြဋ္ဌာန်းထားကြောင်း
မြို့တော်ဝန် ဦးမောင်မောင်စိုးက လွှတ်တော်တွင်
ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက မြေပြင်
အချက်အလက်နှင့် မြေပိုင်ဆိုင်မှု မှန်ကန်စွာ လျှောက်ထား
သည့် မြေကွက်များကို ၄ ထပ်မှ ၉ ထပ် အောက်အထိ
အဆောက်အအုံများကို ဆောက်လုပ်ခွင့်ရက် ၄၅ ရက်ဖြင့်
ခွင့်ပြုလျက်ရှိပြီး မြေပိုင်ဆိုင်မှု အတည်မပြုနိုင်သောကြောင့်
အရပ်စာချုပ်ဖြင့် လျှောက်ထားသည့် အထပ်မြင့်
အဆောက်အအုံများကို ၃ ထပ်အထိသာ
စိစစ်ခွင့်ပြုလျက်ရှိသည်။

*****

၃။ "မြို့တွင်း ၆ မြို့ နယ်တွင် ယာဉ်ရပ်နားခ ပြန်ကောက်မည်"

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်
အတွင်းရှိ မြို့တွင်း ၆ မြို့နယ်တွင် ရပ်နားသည့် ကားများထံမှ
ယာဉ်ရပ်နားခ (ကားပါကင်ကြေး) ကို  ဒီဇင်ဘာလမတိုင်မီ
ပြန်လည် ကောက်ခံသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

အဆိုပါ မြို့တွင်း ၆ မြို့နယ်တွင် မျဉ်းဝါကပ် သတ်မှတ်ထား
သည့် နေရာများတွင်သာ ရပ်နားခွင့်ပြုမည်ဖြစ်ပြီး ရပ်နားခ
ကောက်ခံမည်ဖြစ်ကြောင်း
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ
အကြီးတန်း အရာရှိတစ်ဦး က ပြောကြားသည်။

“ယာဉ်ရပ်နားခကို ဒီနှစ်မကုန်မီမှာ ကောက်ဖို့ စီစဉ်နေတယ်။
အခုလက်ရှိ ဘယ်သူ့ကိုမှ ကားပါကင်ကြေး ကောက်ခံတာ
လုပ်ခွင့်မပေးထားဘူး။ ကောက်တဲ့သူတွေ့ရင်လည်း
အရေးယူ ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိ အထပ်မြင့် အဆောက်အအုံ တည်ဆောက်ထား
သည့်နေရာများနှင့် အဆင့်မြင့် ရုပ်ရှင်ရုံများတွင်
ယာဉ်ရပ်နားခ ကောက်ခံခွင့် တရားဝင် ခွင့်ပြုထားပြီး
အခြားသော နေရာများကို ကောက်ခံမှု ရပ်ဆိုင်းထားသည်
မှာ ၂ နှစ်ကျော်ရှိပြီဖြစ်ကြောင်းနှင့် ယာဉ်ရပ်နားရန်နေရာများ
ပြန်လည် သတ်မှတ်ကာ ရပ်နားခများ စနစ်တကျ
ကောက်ခံမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

လက်ရှိ ရန်ကုန်မြို့ရှိ လူစည်ကားရာ လမ်းဘေး
ကားပါကင် နေရာများတွင် ရပ်နားသော မော်တော်ယာဉ်များ
ကို တစ်စီးလျှင် ကျပ် ၂၀ဝ မှ ကျပ် ၅၀ဝ အထိ
ငွေကြေးကောက်ခံခြင်းများ ရှိနေပြီး 
ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ အနေနှင့်
မည်သည့်ပုဂ္ဂလိက လုပ်ငန်းကိုမျှ
ကားပါကင် ရပ်နားခ ကောက်ခံခွင့် မပြုထားကြောင်း
ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီထံမှ
သိရသည်။

“အခုလက်ရှိ မြို့တွင်းနေရာအချို့မှာ ယာဉ်ရပ်နားရင်
ကားပါကင်ကြေး တစ်စီးကို ကျပ် ၂၀ဝ ပေးနေရတယ်။
သီးသန့်နေရာ တစ်ခုသတ်မှတ်ပြီး ကားပါကင်ကြေး
ကောက်မယ်ဆိုရင် ကားပါကင် နေရာ လုတာတွေ၊
လမ်းကို ကျူးကျော်တာတွေ လျော့နည်းလာမယ်”ဟု
လသာ မြို့နယ်တွင် နေထိုင်သူ ကိုသန်းရွှေက ဆိုသည်။

credit - RFA Burmese & The Voice

**********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

No comments:

Post a Comment