Sunday, October 29, 2017

“ဒလ တံတား နောက်ဆက်တွဲ သတင်းများ”

“ဒလ တံတား နောက်ဆက်တွဲ သတင်းများ”

၁။ "မြန်မာ-ကိုရီးယားချစ်ကြည်ရေး တံတား (ဒလ)
တည်ဆောက်ရေး မြေသားခံနိုင်ဝန်စမ်းသပ်မှု ရာနှုန်းပြည့်
ပြီးစီး"

ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့
ဖွံ့ဖြိုး တိုးတက်စေမည့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး
တံတား(ဒလ) တည်ဆောက်ရေးစီမံကိန်းကိုစတင်တော့မည်
ဖြစ်၍ မြေသားစမ်းသပ်ခြင်း (Soil Test) လုပ်ငန်းများကို
ဆောင်ရွက်လျက်ရှိရာ ယခုအခါမြေသား စမ်းသပ်ခြင်း
(Soil Test) လုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးပြီ
ဖြစ်ကြောင်း သိရသည်။

မြေသားခံနိုင်ဝန် စမ်းသပ်ခြင်း လုပ်ငန်းဖြစ်သည့်
ရန်ကုန်ဘက် ခြမ်းဖြစ်သော ဘုန်းကြီးလမ်း တစ်လျှောက်အား
လည်းကောင်း၊
ကမ်းနားလမ်း ဝဲဘက်ခြမ်းနှင့် ယာဘက်ခြမ်းအား
လည်းကောင်း၊
ဒလဘက်ခြမ်းဖြစ်သော ကမာ ကဆစ် ရပ်ကွက်ရှိ
လှေဆိပ်ထိပ်မှ နာရီစင်အဝိုင်းအထိအားလည်းကောင်း၊
မြစ်အတွင်းနှင့် ကမ်းစပ် တစ်ဖက်စီ အတွက်လည်းကောင်း
ပွိုင့် စုစုပေါင်း ၆၄ (Bore hole) တွင်း အတွက် မြေသား
စမ်းသပ်ခြင်း (Soil Test)လုပ်ငန်းများဆောင်ရွက်ပြီးစီး
သွားခြင်းဖြစ်ပြီး
ပွိုင့် ၁ (Bore hole) တွင်း၏ အနက်မှာ မီတာ ၇ဝ ဝန်းကျင်စီ
ရှိကာ ပွိုင့် အကျယ်မှာ မီလီမီတာ ၁ဝဝ စီ ရှိကြောင်း
သိရသည်။

မြေသားစမ်းသပ်ခြင်း (Soil Test) လုပ်ငန်း လုပ်ဆောင်
နေသည့်SUNTAC TECHNOLOGIES ကုမ္ပဏီလီမိတက်
မှ Operation မန်နေဂျာ ဦးမင်းသက်ဇော်က
'' ဒီ တံတားကြီး တည်ဆောက်ပြီးစီးသွားပြီ ဆိုရင်တော့
ရန်ကုန်ဘက်ခြမ်းရော၊ ဒလဘက်ခြမ်းပါ ဖွံ့ဖြိုး တိုးတက်
လာနိုင်မှာဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးပါ
အစစအရာရာ အဆင်ပြေလာမှာပါ။
ပြီးတော့မြစ်ကိုလှေနဲ့ဖြတ်သန်းပြီး အလုပ်လုပ်ကိုင်နေကြ
ရတဲ့ ပြည်သူများရဲ့ အသက်အန္တရာယ်ပါ လုံခြုံစိတ်ချ
ရမှာဖြစ်ပါတယ်''ဟုပြောသည်။

အဆိုပါ မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတား (ဒလ)
တည်ဆောက်ရေး စီမံကိန်းဆောင်ရွက် ပြီးစီးပါက
ရန်ကုန်ဘက်ခြမ်းနှင့် ဒလဘက်ခြမ်း၌
လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပြီး
နိစ္စဓူဝ မြစ်ကို လှေဖြင့် ဖြတ်သန်းအလုပ်လုပ်ကိုင်နေကြသော
ပြည်သူများ၏ အသက်အန္တရာယ်ပါ လုံခြုံစိတ်ချရစေမည်
ဖြစ်ကြောင်း၊ လမ်းအသုံးပြုသူများအတွက်အဆင်ပြေစေရန်
ဆောင်ရွက်နေသော မြန်မာ-ကိုရီးယား ချစ်ကြည်ရေး တံတား
(ဒလ) တည်ဆောက်ရန် အတွက် ပြီးခဲ့သည့် ဧပြီ
နောက်ဆုံးပတ်ကမြေသားစမ်းသပ်ခြင်း(Soil Test) လုပ်ငန်း
များကို စတင်ဆောင် ရွက်ခဲ့ခြင်း ဖြစ်ကြောင်း
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး တံတား (ဒလ)
တည်ဆောက်ရေးစီမံကိန်းမှ သိရသည်။

(မောင်စိန်ဝင်း)

*****

၂။ "ဒလတံတားလုပ်ငန်းခွင်နှင့်မလွတ်သည့် ကမ်းနားရှိ
အဆောက်အအုံ ၁ဝဝ ခန့်ကို ဒီဇင်ဘာ အပြီး ဖျက်သိမ်းမည်၊
အားလုံးကျူးကျော်များဖြစ်၍ လျော်ကြေးပေးမည် မဟုတ်ဘဲ
ပြောင်းရွှေ့ စရိတ်သာပေးမည်ဟု ဆို"

တံတားတည်ဆောက်ရေးလုပ်ငန်းခွင်နှင့်မလွတ်ကင်းသည့်
ဒလကမ်းနားတစ်လျှောက်ရှိ အဆောက်အအုံ ၁ဝဝ ခန့်ကို
ဒီဇင်ဘာလအပြီး ဖျက်သိမ်းမည်ဖြစ်ပြီး အားလုံးကျူးကျော်များ
ဖြစ်ခြင်းကြောင့်လျော်ကြေးပေးမည်မဟုတ်ဘဲ ရွှေ့ပြောင်း
စရိတ်သာ ပေးမည်ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၁၉ ရက်တွင် သက်ဆိုင်ရာတာဝန်ရှိသူများ
က စီမံကိန်းနှင့်မလွတ်သည့် ဒလမြို့၊ ဗိုလ်မင်းရောင်လမ်း
တစ်ဝိုက်နှင့် ကမ်းနားဘက်အခြမ်းမှ သမ္ဗန်ဆိပ် နှင့်ဆိုင်ခန်း
တို့ကို စာရင်း ကောက်ယူခဲ့သည်။

ဖျက်သိမ်းပေးရမည့် အဆောက်အအုံများထဲတွင် အိမ်၊
ဆိုင်ခန်း၊ လက်ဖက်ရည်ဆိုင်စသဖြင့် ပါဝင်ပြီး စည်ပင်ပိုင်
မြေပေါ်တွင် အဆောက်အအုံ ၂၀ နှင့် ဆိပ်ကမ်းအာဏာပိုင်
မြေပေါ်တွင် ၇၆လုံး ရှိကြောင်း သိရသည်။

"အခုဖျက်ပေးရမယ့် အဆောက်အအုံတွေက အများပိုင်
မြေတွေဖြစ်တဲ့ စည်ပင်မြေ၊ ဆိပ်ကမ်းအာဏာပိုင်မြေတွေမှာ
ဆောက်ထားတဲ့အတွက်ကြောင့် လျော်ကြေးပေးစရာ
မလိုဘူး။
ဒါပေမဲ့ သူတို့ဆောက်ထားတဲ့ အဆောက်အအုံ အတွက်
ရွှေ့ပြောင်းစရိတ်ကိုတော့ တံတားဦးစီးက တွက်ချက်ပြီး
ပေးသွားမှာပေါ့။
အဲဒီအတွက် စာရင်းလိုက်ကောက်ကြတာပါ"
ဟု ဒလမြို့နယ်လွှတ်တော်ကိုယ်စားလှယ်ရုံး မှ
တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်ဘက်တွင်တံတား တည်ဆောက်ရေး ပစ္စည်းများ
ထားရန်နေရာမရှိသည့်အတွက် ဒလဘက်ရှိယင်းမြေနေရာ၌
တံတား တည်ဆောက်ရေး ပစ္စည်းများ ထားမည်ဖြစ်ကြောင်း၊
တံတားတည် နေရာမှ ဘေးကမ်းနား တစ်လျှောက်
တစ်ဖက်တစ်ချက်ကို ပေ ၁၅ဝဝ ခန့် အသုံးပြုမည်ဖြစ်သော
ကြောင့် စုစုပေါင်းပေ ၃ဝဝဝ ခန့်ကို တည်ဆောက်ရေး
လုပ်ငန်းခွင်အဖြစ် အသုံးပြုမည်ဖြစ်ကြောင်း
၎င်းက ပြော သည်။

"စာရင်းအရအဆောက်အအုံပေါင်း ၁ဝဝ ခန့်ရှိတယ်။
အဲဒီအထဲမှာ နေရာပြန်ပေးရမှာက ကမာ ကဆစ်သမ္ဗန်ဆိပ်
တစ်ခုတည်း ရှိတယ်။
အဲဒီ သမ္ဗန်ဆိပ်က ပေ ၁ဝဝ နီးပါးလောက်ရှိတယ်။
နေရာပြန်ပေးဖို့ ညှိနှိုင်းနေတယ်။
ကျန်တဲ့အ ဆောက်အအုံတွေက အကုန်ကျူးတွေ ဖြစ်တဲ့
အတွက်ကြောင့် ဖျက် ပေးရပေမယ့် နေရာတော့ပြန်မပေးဘူး။
သူတို့ကိုအဆောက်အအုံတွေနဲ့ ပတ်သက်ပြီးတော့
ဖျက်စရိတ်၊ နစ်နာကြေးသဘောမျိုး ပေးဖို့ပါ။
စာရင်းကောက်ထားတဲ့ အကုန်လုံးကို ဌာနဆိုင်ရာတွေဖြစ်တဲ့
ဆိပ်ကမ်းက တာဝန်ရှိသူတွေရယ်၊ စည်ပင်ကတာဝန်ရှိသူ
တွေရယ်၊ အုပ်ချုပ်ရေးအပိုင်းတို့ကနေ ဘယ်လိုဆက်ပြီး
ဆောင်ရွက်ပေးမလဲဆိုတာ ဆက်ပြီးဆွေးနွေးကြမှာပါ" ဟု
ဒေသဖွံ့ဖြိုးရေးကော်မတီမှ ဒေါ်တင်တင်ဦးက
အောက်တိုဘာ ၂၀ ရက်တွင်ပြောသည်။

ယင်းဖျက်ပေးရမည့်အဆောက်အအုံများတွင် လျော်ကြေး
ရပြီးသား အဆောက်အအုံများလည်း ပါဝင်ကြောင်း ၄င်းက
ပြောသည်။

တံတားတည်ဆောက်ရေး လုပ်ငန်းကို ၂၀၁၈ ခုနှစ်ဆန်းပိုင်း
တွင်စတင်နိုင်ရန်ခန့်မှန်းကြောင်း
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိ ရသည်။

ပြောင်းရွှေ့ပေးရမည့် ကမာကဆစ်သမ္ဗန်ဆိပ်ကို နေရာအစား
ပြန်ပေးနိုင်ရန်အတွက် သမ္ဗန်သမားတို့တောင်းဆိုသော
နေရာနှင့်အ များပြည်သူ သွားလာရ အဆင်ပြေသောနေရာသို့
ရွှေ့ပြောင်းရန် သမ္ဗန်မောင်းသူများ၊ ဒေသခံအချို့နှင့်
သက်ဆိုင်ရာတာဝန်ရှိသူတို့ ညှိနှိုင်းနေကြောင်း သိရသည်။

ရန်ကုန်-ဒလတံတား စီမံကိန်းတည်ဆောက်စဉ်ကာလအတွင်း
အများပြည်သူသွားလာရလွယ်ကူစေရေးအတွက် လမ်းဖောက်
ရန် လိုအပ်သည့်အကျယ်အဝန်းကို မြေရှင်များထံမှ
လေးနှစ်တာမြေငှားခအဖြစ်အိမ်ထောင်စု ၆၈ စု အား
ကျပ် ၃၂၈ ဒသမ ၃၇ သိန်း နှင့်
ဆိုင်ခန်းများအတွက်လျော်ကြေးငွေကျပ် ၅၈၈ သိန်းပေးအပ်
ခဲ့ပြီးဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန မှ သိရသည်။

ယင်းတံတားကို ကိုရီးယား နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု
ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေ EDCF Loan မှချေးငွေ
အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်းနှင့် ပြည်တွင်း
လိုအပ် ရန်ပုံငွေအမေရိကန်ဒေါ်လာ ၃၀ ဒသမ ၃၄၁ သန်းဖြင့်
ဆောင်ရွက်မည် ဖြစ်ပြီး စုစုပေါင်းခန့်မှန်းကုန်ကျ စရိတ်
(အမေရိကန်ဒေါ်လာ) ၁၆၈ ဒသမ ၁၇၄ သန်းကုန်ကျမည်
ဖြစ်ကြောင်း သိရသည်။

(AL)

credit - The Union Daily & Democracy Today

**********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

No comments:

Post a Comment