Sunday, October 8, 2017

“ဘဏ်ချေးငွေ”

“ဘဏ်ချေးငွေ”

၁။ "ချေးငွေ ချေးငွေ
လုပ်ငန်းရှင် အချို့အတွက် အိပ်မပျော်စေတဲ့ ဘဏ်ချေးငွေ"

ချေးငွေကျမှလုပ်ငန်းလည်ပတ်ရမှာဖြစ်တဲ့အတွက် ချေးငွေ
ရမယ့်နေ့အကြောင်း စဉ်းစားရင်း ဦးအောင်အောင်
အိပ်မပျော်ဖြစ်နေပါတယ်။

အသေးစား၊ အလတ်စားလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်ဖို့
ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဘဏ်တွေကနေချေးငွေထုတ်ချေး
ပေးတာကြောင့် ဦးအောင်အောင်တို့လို အလတ်စား
လုပ်ငန်းရှင်အချို့ ချေးငွေအားကိုးတာပါ။

ဘဏ်တွေမှာချေးငွေလျှောက်ထားတဲ့အခါ ပိုင်ဆိုင်မှု
အာမခံတင်ပြမှသာ ထုတ်ချေးပါတယ်။

- ပိုင်ဆိုင်မှုအထောက်အထား၊
- လုပ်ငန်းလိုင်စင် စတာတွေ အပြင်
- မီးအာမခံထားရှိမှု၊
- အမြတ်တော်ခွန် ဆောင်ထားမှု အခြေအနေ၊
- ရာပြတ်ထောက်ခံချက်တွေ အပြင်
- ဂရန်အမည်ပေါက် ရှိရမှာပါ။
- အရှုံးအမြတ်စာရင်း နှစ်နှစ်စာရှိပြီး
- နှစ်နှစ်စာအခွန်ဆောင်ထားတဲ့ စာရွက်စာတမ်းတွေ
အားလုံးတင်ပြပေးရပါတယ်။

ရိုးရိုးချေးငွေက အတိုးနှုန်း ၁၁ ရာခိုင်နှုန်းကနေ
၁၃ ရာခိုင်နှုန်းအထိရှိပြီး
အက်စ်အမ်အီးအတွက် ချေးငွေကတော့
၈.၅ ရာခိုင်နှုန်း သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ချေးငွေချေးယူတဲ့အခါမှာ ကန့်သတ်ချက်တွေများလွန်းတာ
ကြောင့် အသေးစား၊ အလတ်စားလုပ်ငန်းရှင်တွေအနေနဲ့
အခက်အခဲတွေတွေ့ ကြုံရတယ်။ ချေးငွေထုတ်ချေးပေမဲ့ 
ထိရောက်မှု မရှိသလောက် နည်းတယ်လို့ လုပ်ငန်းရှင်
တချို့ကဆိုပါတယ်။

SPBG ဆေက်လုပ်ရေးလုပ်ငန်းစုက မန်နေးဂျင်းဒါရိုက်တာ
ဦးရဲထွဋ်ဦး က
"မထိရောက်တာကတော့ ခုနကပြောတဲ့ကန့်သတ်ချက်
တွေပါ၊ ဂရန်အမည်ပေါက်ရဖို့ဆိုတာ နှစ်နှစ်လောက်နဲ့
တောင်မလွယ်ပါဘူး၊ အရှုံးအမြတ်စာရင်းနဲ့ အခွန်အနည်းဆုံး
နှစ်နှစ်တာဆောင်ပြီးသားဖြစ်ရမယ်ဆိုတဲ့အတွက်
လုပ်ငန်းသစ်လေးတွေအတွက်မလွယ်သလို မိသားစု
တစ်နိုင်တစ်ပိုင်လုပ်ငန်းလေးတွေအတွက်လဲ ချေးငွေ
မရနိုင်ပါဘူး၊ အဲဒါတွေဖြေလျှော့ပေးမှသာအဆင်ပြေ
ထိရောက်ပါလိမ့်မယ်" လို့ ပြောပါတယ်။

ချေးငွေချေးတဲ့အခါမှာ သတ်မှတ်ချက်တွေ ကိုက်ညီပေမဲ့
အဆင့်ဆင့်စစ်ဆေးခံပြီးမှသာ ရရှိတယ်လို့ သိရပါတယ်။
အဲသည်လိုစစ်ဆေးခံရတဲ့အခါမှာ လာရောက်စစ်ဆေးသူ
တွေကို ဧည့်ခံကျွေးမွေးရတဲ့စရိတ်တွေအပြင် လုပ်ဆောင်မှု
အဆင့်ဆင့်တိုင်းမှာ မြန်ဆန်အောင် ငွေပေးရတာကြောင့်
ချေးငွေရရှိလာတဲ့အချိန်မှာ ကုန်ကျစရိတ် ပြန်နုတ်လိုက်ရင်
၇၅ ရာနှုန်းခန့်သာ ကျန်ရှိတယ်လို့ ချေးငွေချေးယူခဲ့သူ
တချို့က ပြောပါတယ်။

စောင့်စားရတယ်
။။။။။။။။။။။။။။။။။။။။

သင်းနဲ့ဝင်း ဆပ်ပြာစက်ရုံပိုင်ရှင် ဦးအောင်သင်းက
"ဘဏ်မန်နေဂျာလာမယ်ဆိုရင် ဆိုဖာတွေငှားရတယ်၊
အစားအသောက်ကောင်းတွေ ကျွေးရတယ်၊
အသွားအပြန်အကြိုအပို့ လုပ်ပေးရတယ်၊ လုပ်ရတဲ့
အဆင့်တိုင်းမှာလဲ ကိုယ့်ချေးငွေ မြန်မြန်ကျဖို့ ငွေလိုက်
ရတယ်၊ ချေးငွေကျတာနဲ့ ဟိုဟာဖြတ် ဒါဖြတ်နဲ့
ဘယ်လောက်မှ မကျန်ဘူး" လို့
သူ့အတွေ့အကြုံ ပြောပါတယ်။

အသေးစား အလတ်စားလုပ်ငန်းတွေအတွက် ချေးငွေက
လစဉ်အတိုးအရင်းပေါင်းပြီး ဘဏ်ကိုပြန်သွင်းရတာရှိ
သလို သုံးလတစ်ကြိမ် အတိုးအရင်းပေါင်းပြီး
ပြန်သွင်းရတာ ရှိပါ တယ်။

အသေးစား အလတ်စားလုပ်ငန်းတွေအတွက်ချေးငွေချေးတဲ့
အခါ ဘယ်လောက်ကြာမှချေးငွေကျမယ်ဆိုတာ အတိအကျ
မပြောနိုင်ဘဲ တခြားချေးထားတဲ့သူ တစ်ဦးက ပြန်ဆပ်မှသာ
ချေးယူတဲ့ငွေပမာဏချင်း တူညီရင် ထုတ်ချေးပေးတယ်လို့
သိရပါတယ်။

ရိုးရိုးချေးငွေဆိုရင် တစ်လ၊ တစ်လခွဲအတွင်း စာရွက်စာတမ်း
စုံရင် ချေးငွေကျပေမဲ့ အက်စ်အမ်အီးကတော့ ချေးထားတဲ့သူ
က ပြန်ဆပ်မှပေးလို့ရမှာမို့ အချိန်ကာလပြောလို့မရပါဘူး။

ဥပမာ
ချေးထားတဲ့ငွေက သည်လ ၅၀ဝ ပြန်ဝင်ရင် ချေးမယ့်သူထဲမှာ
၅၀ဝ ပဲချေးမယ့်သူရှိရင် ပြန်ချေးပေးတဲ့အတွက် ကာလ
ဘယ်လောက်ကြာမှ ဆိုတာ မသိရဘူး လို့ ဦးရဲထွဋ်ဦး က
ရှင်းပြပါတယ်။

ချေးငွေချေးယူတဲ့အခါလုပ်ဆောင်ရတဲ့လုပ်ငန်းအဆင့်ဆင့်မှာ
ကြာမြင့်တာ၊ ချေးငွေအပြည့်အ၀မရတာ၊ ကန့်သတ်ကာလ
နည်းပါးတာ စတဲ့အခက်အခဲတွေကြောင့် အက်စ်အမ်အီး
လုပ်ငန်းရှင်တွေအနေနဲ့ ဘဏ်တွေက ချေးငွေချေးယူဖို့
အခက်အခဲဖြစ်ရတယ်လို့ သိရပါတယ်။

ချေးငွေကာလတိုတောင်းတာကြောင့် လုပ်ငန်းရှင်တွေ
အနေနဲ့ ချေးငွေပြန်သွင်းရမယ့်အချိန်မှာ အဆင်မပြေလို့
တခြားသူတွေဆီက ငွေတိုးယူပြီး ပြန်လည်ဆပ်ရတာတွေ
လည်းရှိပါတယ်။

ရေသန့်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက
"သူတို့ချေးတဲ့ငွေရတဲ့အချိန်မှာ ကိုယ့်အတွက် စက်တစ်လုံး
တည်မယ်ဆိုရင် အနည်းဆုံးလုပ်ငန်းလည်ပတ်ဖို့ ခြောက်လ
လောက်ကြာတယ်၊ လုပ်ငန်းမှမစရသေးဘူး၊ ချေးငွေက
ပြန်ဆပ်ရမယ့်အချိန်ရောက်ပြီ ဆိုတော့ သူတို့ပိုက်ဆံက
ဘယ်နားသွားသုံးလို့ ရမှာလဲ" လို့ မှတ်ချက်ပြုပါတယ်။

ဘဏ်ချေးငွေပြန်ဆပ်ဖို့အခက်အခဲရှိသူတချို့အနေနဲ့
ဘဏ်ချေးငွေချေးယူစဉ်အခါက ပိုင်ဆိုင်မှုအထောက်အထား
အဖြစ် တင်ပြခဲ့တဲ့ ဂရန်မြေကို ရရာဈေးနဲ့ ရောင်းပြီးပြန်ဆပ်
ရတာတွေလည်းရှိတယ် လို့ ကိုယ်တိုင်ကြုံတွေ့ရသူ
တချို့ကို မေးမြန်းမှုတွေအရ သိရပါတယ်။

ခက်ခဲတယ်
။။။။။။။။။။။။။။

ဘဏ်က ချေးငွေယူပြီးလုပ်ငန်းချဲ့ထွင်ဖို့ ကြိုးစားခဲ့တဲ့
ဆပ်ပြာစက်ရုံပိုင်ရှင် ဦးအောင်သင်းက
"အပေါင်ထားတဲ့မြေကွက်ကိုရောင်းမယ်ဆိုတော့လဲ
အရှုပ်အရှင်းရှိနေတဲ့မြေကွက်ဆိုတော့ ဘယ်သူမှမလို
ချင်ဘူး၊ ဈေးကလဲမရတော့ဘူး၊ အဲဒီတော့ ကိုယ့်ရဲ့
မိတ်ဆွေအရင်းတွေကို အကူအညီတောင်းပြီးတော့
ဗိုက်နာဈေးနဲ့ပြန်ရောင်းပြီး ချေးငွေ ပြန်ဆပ်ရတယ်၊
တော်တော်အခက်အခဲဖြစ်ရတဲ့ကာလတွေပဲ၊ နောက်တော့
လုပ်ငန်း ထပ်ချဲ့ချင်ပေမဲ့ ဘဏ်ချေးငွေဆိုလန့်သွားပြီ၊
ဘဝပျက်မတတ်ဖြစ်ခဲ့ရတာ၊ ရှိတဲ့လုပ်ငန်းကိုပဲသေချာ
အာရုံစိုက်လုပ်တော့ တယ်" လို့
သူ့အတွေ့အကြုံ ပြောပါတယ်။

အသေးစား၊ အလတ်စားလုပ်ငန်းတွေအတွက် ချေးငွေ
သတ်မှတ်ချက် ဥပဒေက နှစ်မျိုးဖြစ်နေပြီး စက်မှုဝန်ကြီးဌာန
က သတ်မှတ်တဲ့ ဥပဒေနဲ့ လယ်ယာမြေ ချေးငွေအတွက်
သတ်မှတ်ချက် ဥပဒေမှာ ဖွင့်ဆိုချက်တွေကွဲပြားနေတယ်
လို့ လုပ်ငန်းရှင် တချို့က ပြောပါတယ်။

- ထုတ်လုပ်မှုအဓိကထားတဲ့ လုပ်ငန်းဖြစ်ရင်
ဝန်ထမ်းဦးရေအမြဲတမ်း ၅၀ ထက်မပိုသော သို့မဟုတ်
မ,တည်ရင်းနှီးငွေကျပ် သန်း ၅၀ဝ ထက်မပိုသောလုပ်ငန်း၊

- လုပ်အား အခြေပြု ထုတ်လုပ်တဲ့လုပ်ငန်း သို့မဟုတ်
လက်ခစားလုပ်ငန်းဖြစ်ရင်
ဝန်ထမ်းဦးရေ ၃၀ဝ ထက်မပိုတဲ့ သို့မဟုတ် မ,တည်
ရင်းနှီးငွေ ကျပ်သန်း ၅၀ဝ ထက် မပိုတဲ့လုပ်ငန်း။

- လက်ကားရောင်းဝယ်ရေး အဓိကလုပ်ငန်းဖြစ်ရင်
ဝန်ထမ်းဦးရေ ၃၀ ထက်မပိုသော သို့မဟုတ်
လွန်ခဲ့တဲ့နှစ်ရဲ့ တစ်နှစ်ဝင်ငွေကျပ်သန်း ၁၀ဝ ထက်မပိုတဲ့
လုပ်ငန်း၊
- လက်လီရောင်းဝယ်ရေးလုပ်ငန်းကို အဓိကလုပ်ကိုင်တဲ့
လုပ်ငန်းဖြစ်ရင် ဝန်ထမ်းဦးရေ အမြဲတမ်း ၃၀ ထက်မပိုတဲ့
သို့ မဟုတ်လွန်ခဲ့တဲ့ နှစ်ရဲ့တစ်နှစ်ဝင်ငွေကျပ်
သန်း ၅၀ ထက်မပိုတဲ့လုပ်ငန်း။

- ဝန်ဆောင်မှုအဓိကလုပ်ငန်း ဖြစ်ရင်
ဝန်ထမ်းဦးရေအမြဲတမ်း ၃၀ ထက်မပိုသော သို့မဟုတ်
လွန်ခဲ့တဲ့နှစ်ရဲ့တစ်နှစ်ဝင်ငွေ ကျပ်သန်း ၁၀ဝ ထက်မပိုတဲ့
လုပ်ငန်းစတဲ့ လုပ်ငန်းငါးခုမှအပ
- တခြားလုပ်ငန်းတစ်ခုဖြစ်မယ်ဆိုရင်
ဝန်ထမ်းဦးရေ အမြဲတမ်း ၃၀ ထက်မပိုတဲ့ သို့မဟုတ်
လွန်ခဲ့သော နှစ်ရဲ့တစ်နှစ်ဝင်ငွေ ကျပ်သန်း ၅၀ ထက်မပိုတဲ့
လုပ်ငန်းလို့ ဖွင့်ဆိုထားပါတယ်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက
ပြဋ္ဌာန်းထားတဲ့ အိမ်တွင်းစက်မှုလုပ်ငန်းမြှင့်တင်ရေး
ပြင်ဆင်တဲ့ ဥပဒေမှာ
အသေးစားစက်မှုလုပ်ငန်းဆိုတာက
မိသားစုဝင်ငွေ ဖြင့်သော်လည်းကောင်း၊
စုပေါင်းပြီးသော်လည်းကောင်း
ကုန်ပစ္စည်းထုတ်လုပ်သည့် သို့မဟုတ်
ပြင်ဆင်မွမ်းမံသည့် မြင်းကောင်ရေ ဝ.၂၅ နဲ့အထက်၊
ငါးကောင်အားနဲ့ အောက် အသုံးပြုတဲ့ အလုပ်သမား
ကိုးဦးထက်မပိုတဲ့ အိမ်တွင်းစက်မှုလုပ်ငန်းနဲ့
အလုပ်သမားသုံးဦးနဲ့ အထက်ရှိတဲ့ အိမ်တွင်းလက်မှု
လုပ်ငန်းများကို ဆိုလိုသည်ဟုဖွင့်ဆိုထားပါတယ်။

အသေးစား၊ အလတ်စား လုပ်ငန်းရှင်တွေအတွက်
ဘဏ်တွေက ချေးငွေရှိပေမဲ့ အတိုးနှုန်း များတာ၊
သတ်မှတ်ကာလ အချိန်နည်းတာ၊ လုပ်ဆောင်ရတဲ့
လုပ်ငန်းစဉ်ကြာမြင့်တာ၊ ချေးငွေရရှိရေးအတွက်
ကုန်ကျစရိတ်များတာစတဲ့ အခက်အခဲတွေကြောင့်
ချေးယူသူနည်းပါးတယ်လို့ သိရပါတယ်။

ချေးငွေရရှိနိုင်ပေမဲ့ မပျော်နိုင်ဘဲ သောကနှစ်ဆတိုးရတဲ့
အဖြစ်က အသေးစား၊ အလတ်စားလုပ်ငန်းရှင်
ဦးအာင်အောင်တို့လို လူတွေအတွက်တော့ အိပ်မပျော်တဲ့
ညတွေဖြစ်­နေပါတော့တယ်။

(မေသော်တာမောင်)

*****

၂။ "ဘဏ်ချေးငွေရယူုခြင်းနှင့် စပ်လျင်း၍ သိမှတ်ဖွယ်ရာများ"

လူမှုအခြေခံအဆောက်အအုံတစ်ခုဖြစ်သော အိမ်ရာ၊
ခြံမြေများအားအပေါင်ထား ချေးငွေရယူကာ လုပ်ငန်းစီးပွားများ
တိုးချဲ့လုပ်ကိုင်ခြင်း၊ ရင်းနှီးမတည်ငွေ ရှာဖွေခြင်းများ ပြုလုပ်
လေ့ရှိကြသည်။

မြို့ပြဒေသများရှိ ပြည်သူတို့အနေဖြင့် မိမိတို့ အိမ်ရာတိုက်တာ
များကို အပေါင်ဘဏ်များတွင် အပေါင်ထားရှိပြီး ချေးငွေ ရယူ
ကြသည့် လုပ်နည်းလုပ်ဟန်များကို အနည်းနှင့်အများ
ကျွမ်းတ၀င်နားလည်မှု ရှိတတ်ကြသော်လည်း
ဘဏ်စနစ်များနှင့် အလှမ်းကွာသည့် နယ်ဒေသများရှိ
ပြည်သူတို့အဖို့ အဆောက်အအုံအပေါင်အနှံထား၍
ဘဏ်များနှင့် ချိတ်ဆက်ကာ ချေးငွေရယူမှုအတွက်
လိုအပ်သည့် ဆောင်ရွက်ဖွယ်နည်းနာများအား ပြည့်ပြည့်၀၀
နားလည်သဘောပေါက်မှု မရှိသူများအတွက်
အိမ်ရာအဆောက်အအုံများအား ဘဏ်၌ အပေါင်ထား၍
ချေးငွေရယူနိုင်မှု နည်းလမ်းများကို Property com mm မှ
ရေးသား တင်ပြလိုက်ပါသည်။

ဘဏ်ချေးငွေရယူရာ၌ နိုင်ငံတော်အစိုးရပိုင် ဘဏ်များနှင့်
ပုဂ္ဂလိကပိုင်ဘဏ်များတွင်ပါ ရယူနိုင်ပြီး ချေးငွေရယူမှု
အတွက် မိမိပိုင်ဆိုင်သော ဘိုးဘွားပိုင်မြေ၊ ဂရန်မြေများနှင့်
ထိုမြေပေါ်၌ ဆောက်လုပ်ထားသော တိုက်တာ
အဆောက်အအုံများကို ပိုင်ဆိုင်မှု အထောက်အထားအဖြစ်
စာရွက်စာတမ်းပြည့်စုံစွာ တင်ပြနိုင်ရမည်ဖြစ်ကာ၊
ထိုသို့ ချေးငွေရယူရန်လျှောက်ထားရာတွင် စာရွက်စာတမ်း
များ ပိုင်ဆိုင်မှုအထောက်အထားများကို ဘဏ်မှ
တာဝန်ရှိသူများမှ စစ်ဆေးကြည့်ရှုပြီး သတ်မှတ်တန်ဖိုး
ပိုင်းခြားဆုံးဖြတ်၍ ချေးငွေအား ထုတ်ပေးမည် ဖြစ်သည်။

သို့ရာတွင် ချေးငွေရယူသူ၏ မျှော်မှန်းငွေပမာဏအတိုင်း
မလွဲမသွေရမည်ဟု မဆိုလိုပဲ မျှော်မှန်းငွေ ပမာဏအတိုင်း
ချေးငွေ ပေးနိုင် မပေးနိုင်ဟူသောအချက်မှာ ဘဏ်၌
တာဝန်ရှိသော အကျိုးဆောင် ရှေ့နေနှင့် ဈေးနှုန်းဖြတ်ပေး
မည့် ရာဖြတ် တာဝန်ရှိသူတို့မှ သတ်မှတ်ပိုင်းဖြတ်သော
ချေးငွေ ပမာဏကိုသာ ရရှိနိုင်မည် ဖြစ်သည်။

ဘဏ်ချေးငွေ ရယူသူတစ်ဦး ( သို့မဟုတ် ) အသင်းအဖွဲ့များ
မှ ချေးငွေရယူရန်အတွက် အခြားအထောက်အထား
လိုအပ်ချက်များအားဖော်ပြရလျှင် လျှောက်ထားသည့်
ပုဂ္ဂိုလ် / အဖွဲ့အစည်း၏ အမည်/ မှတ်ပုံတင် /နေရပ်လိပ်စာ
များ အဓိက လိုအပ်ပါမည်။

အကယ်၍ လုပ်ငန်းပိုင်ဖြစ်၍ လုပ်ငန်းအတွက် ချေးယူလိုလျှင်
ကုန်သည်လုပ်ငန်း၊စက်မှုလုပ်ငန်း၊ ကုမ္ပဏီလုပ်ငန်း သဖြင့်
တင်ပြနိုင်ပြီး လုပ်ငန်းအတွက်လွန်ခဲ့သည့် ၃ နှစ်အတွင်း
ထမ်းဆောင်ထားသည့် အမြတ်ခွန် ပြေစာများ၊
လုပ်ငန်းအကျိုးအမြတ်စာရင်း ၊ လုပ်ငန်း အထောက်အထား
ဓာတ်ပုံတည်နေရာများနှင့် ချေးငွေရယူခြင်း ရည်ရွယ်ချက်၊
ချေးငွေ ရယူလိုသည့်ပမာဏ၊ ငွေချေးယူထားမည့်
နှစ်တိုနှစ်ရှည် ကာလ တို့ကိုတင်ပြရမည်။

တင်သွင်းမည့် အာမခံအမျိုးအစားများ ဖြစ်သည့်
အိမ်၊ မြေ၊ ကုန်ပစ္စည်းနှင့် အခြား မရွေှ့ပြောင်းနိုင်သည့်
ပစ္စည်းများနှင့် ထိုအာမခံပစ္စည်းများ၏တန်ဖိုးနှင့် ကာလ
ပေါက်ဈေး ကို တင်ပြရမည်ဖြစ်ကာ ချေးငွေ ပြန်လည်
ပေးဆပ်မည့် နည်းလမ်းကို ဖော်ပြနိုင်ရမည်။

မိမိအာမခံထားရှိမည့် ပစ္စည်းများနှင့် သက်ဆိုင်သော
မူရင်းစာချုပ်စာတမ်းအားလုံး အကယ်၍ အာမခံပစ္စည်းသည်
အိမ်ခြံမြေ မရွေှ့ပြောင်းနိုင်သောပစ္စည်းဆိုပါက သက်သေခံ
မြေပုံရာဇ၀င်၊ မြေပုံစာရင်းပုံစံ၊ မြေအခွန်အခပြေစာများ ၊
ငွေချေးယူသူ၏ နိုင်ငံသားစိစစ်ရေး မှတ်ပုံတင်နှင့်
အိမ်ထောင်စုစာရင်း မိတ္တူများ လိုအပ်ပါမည်။

ယခုအခါ မြေပုံရာဇ၀င် ထုတ်ယူခြင်းကိစ္စများကို ယခင်က
ထက် ပိုမိုလွယ်ကူမြန်ဆန်စေရန်အတွက် စာရွက်စာတမ်းများ
အဆင့်ဆင့်လုပ်ဆောင်ရခြင်းများ မဖြစ်စေပဲ ရက်ပိုင်းအတွင်း
ထုတ်ယူနိုင်အောင်စီစဉ်ထားရှိထားကြောင်း သိရပါသည်။

ထပ်မံလိုအပ်ချက်များအနေဖြင့် အကျိုးဆောင်ရှေ့နေ၏
အစီရင်ခံစာနှင့် ရာဖြတ်၏ အစီရင်ခံစာများ၊
အာမခံပစ္စည်းသည် မီးအာမခံထားရှိထားပါက
မီးအာမခံစာချုပ်ကိုလည်း တင်ပြရပါမည် ဖြစ်ပါသည်။

credit - Kumudra Journal & Property Media Team

**********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

No comments:

Post a Comment