Sunday, November 26, 2017

“အိမ်ခြံမြေကဏ္ဍ အတွင်း တိုးတက်မှု ဖြစ်စဉ်များ”

“အိမ်ခြံမြေကဏ္ဍ အတွင်း တိုးတက်မှု ဖြစ်စဉ်များ”

၁။ "ကွန်ဒိုမီနီယံ နည်းဥပဒေထွက်ရှိပြီး နိုင်ငံခြားသားများ
ပါဝင်လာပါက ပြည်တွင်းအိမ်ရာစီမံကိန်း လုပ်ငန်းများ
ပိုမိုဖွံ့ဖြိုး တိုးတက်လာမည်ဟု ပြည်ထောင်စုဝန်ကြီး
ပြောကြား"

မြန်မာနိုင်ငံ ကွန်ဒိုမီနီယံနည်းဥပဒေ ထွက်ရှိလာပြီး
နိုင်ငံခြားသားများ အဓိက ပါဝင်လာခြင်းနှင့် ၀ယ်ယူလာနိုင်
ပါက ပြည်တွင်းအိမ်ရာ စီမံကိန်းလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး
တိုးတက်လာမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က နိုဝင်ဘာ ၁၉ ရက်က
ရန်ကုန်မြို့ရှိ  ရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာ/ အိမ်ခန်း
သော့အပ်နှံပွဲတွင် မီဒီယာများ၏ မေးမြန်းမှုကို
ပြန်လည်ဖြေကြားသည်။

“ဥပဒေကထွက်ပြီးပြီ။
အခုက နည်းဥပဒေလေး ကျန်နေတာ။ လွှတ်တော်ကိုတင်
လိုက်ပြီး လွှတ်တော်မှာ အဆုံးအဖြတ်လုပ်မယ်။
ရက်ပေါင်း ၉၀ လွှတ်တော်က ကန့်ကွက်ရင်တော့ ဒါတွေ
ကတော့ ပြီးသွားပါပြီ။
နည်းဥပဒေ နည်းနည်း ကျန်သေးတယ်။
အဓိက နိုင်ငံခြားသားတွေဝင်လာမှ အိမ်ရာစီမံကိန်းက
တိုးတက်မှာပါ။
ပြည်တွင်းမှာရှိတဲ့ အားလောက်နဲ့ မရဘူး။
International Finance တွေဝင်လာမှ ဖြစ်မယ်။
ကိုယ့်တိုင်းပြည်က ငွေနဲ့က ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာ
လေး တစ်ခုပဲ ရှိတယ်” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်က ပြောကြားသည်။

ပြည်တွင်းရှိ အလွှာပေါင်းစုံ၊ ကဏ္ဍအသီးသီးမှ နိုင်ငံသားများ
အတွက် အိမ်ရာများ၊ စီမံကိန်းများ ဆောင်ရွက်နေရသကဲ့သို့
မြန်မာနိုင်ငံတွင် စီးပွားရေးလာရောက် လုပ်ကိုင်မည့်
နိုင်ငံခြားသားမျာ၊ စက်ရုံအလုပ်ရုံ လာရောက် တည်ထောင်
မည့် နိုင်ငံခြားသားများအတွက် နေထိုင်မှု အဆင်ပြေစေနိုင်
မည့် အိမ်ရာစီမံကိန်းများလည်း လိုအပ်ကြောင်း
ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။

လက်ရှိအချိန် နိုင်ငံတကာကုမ္ပဏီများအတွက် အဆင့်မြင့်
နေအိမ်နှင့် ရုံးခန်းများ အမှန်တကယ် လိုအပ်နေကြောင်း၊
မြန်မာနိုင်ငံ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တစ်ခုဖြစ်သော
ရန်ကင်းမြို့နယ်ရှိ Golden City ရုံးခန်း တာဝါအသစ်
ဖွင့်လှစ်ပြီး မကြာမီ နိုင်ငံတကာ ကုမ္ပဏီကြီးများ၏
ရုံးခန်းများ ပြောင်းရွှေ့လာကြကြောင်း iMyanmar မှ
မန်နေဂျင်း ဒါရိုက်တာက ပြောကြားထားသည်။

လတ်တလောတွင် ပြည်တွင်းအိမ်ခြံမြေ လုပ်ငန်းဈေးကွက်
အတွင်း အခက်အခဲများ တွေ့နေရသော်လည်း လာမည့်
နှစ်များအတွင်း မြန်မာနိုင်ငံသည် အာရှ အိမ်ခြံမြေ လုပ်ငန်း
အတွက် ထိပ်တန်းရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရမည့် နေရာ
တစ်ခု ပြန်ဖြစ်လာမည် ဖြစ်ကြောင်း အောက်တိုဘာ
၁၉ ရက်က ပြုလုပ်သည့် စတုတ္ထအကြိမ်မြောက်
Property Guru Asia Property Awards ၂၀၁၈ ခုနှစ်
ပြိုင်ပွဲ စတင်ခြင်း မိတ်ဆက်ခြင်း အခမ်းအနားမှ
သိရသည်။

“အခုလတ်တလော လေးလပတ်ကာလမှာ ပြည်တွင်း
အိမ်ခြံမြေလုပ်ငန်း ဈေးကွက် အခက်အခဲတွေ့နေရတာ
သေချာပေမဲ့ လာမယ့်နှစ်တွေအတွင်း စည်းမျဉ်းဥပဒေပိုင်း
ဆိုင်ရာ စိန်ခေါ်မှုတွေ ရင်ဆိုင်ပြီးတာနဲ့တစ်ပြိုင်နက်
မြန်မာနိုင်ငံဟာ အာရှမှာအိမ်ခြံမြေလုပ်ငန်းအတွက်
ထိပ်တန်းရင်းနှီးမြှုပ်နှံမှုတွေ လုပ်ရမယ့်နေရာတစ်ခု
ပြန်လည်ဖြစ်လာမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု
Property Guru အာရှအိမ်ခြံမြေ ဆုပေးပွဲ၏
တည်ထောင်သူနှင့် အုပ်ချုပ်မှု ဒါရိုက်တာ
မစ္စတာ တယ်ရီဘလက်ဘန်း က ပြောကြားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် သြဂုတ်လကုန်အထိ မြန်မာနိုင်ငံ
၏ အိမ်ရာအဆောက်အအုံကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
လုပ်ငန်းရှစ်ခုမှ ဒေါ်လာသန်း ၈၉၀ နီးပါး ၀င်ရောက်မြှုပ်နှံ
ထားပြီး စင်ကာပူနိုင်ငံက အများဆုံးဖြစ်ကြောင်း
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ
သိရသည်။

၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ် သြဂုတ်လအထိ အိမ်ရာ
အဆောက်အအုံကဏ္ဍတွင် မြန်မာနိုင်ငံသားများက
လုပ်ငန်းငါးခုတွင် ကျပ် ၁၅၆၈၈၃ ဒသမ ၃၇ သန်း ၀င်ရောက်
မြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု
ဦးစီးဌာနမှ သိရသည်။

(ဇေယျာငြိမ်း)

*****

၂။ "ဂျပန်ကုမ္ပဏီ ကန်ဒေါ်လာသန်း ၄၀ဝ ကျော် ရင်းနှီးမြှုပ်နှံ၍
ရန်ကုန်အိမ်ရာ ကဏ္ဍသို့ ဝင်ရောက်"

ဂျပန်ဆောက်လုပ်ရေး ကုမ္ပဏီ Kajima က အမေရိကန်
ဒေါ်လာသန်း ၄၀ဝ ကျော် ရင်းနှီးမြှုပ်နှံ၍ ရန်ကုန်မြို့တော်၏
အိမ်ရာ တည်ဆောက်ရေး ကဏ္ဍသို့ ဝင်ရောက်လာပြီ
ဖြစ်သည်။

Kajima ကုမ္ပဏီက ရန်ကုန်မြို့တော်ရှိ ဆောက်လုပ်ရေး
ဝန်ကြီးဌာနပိုင် မြေနေရာပေါ်တွင် ဟိုတယ်တစ်လုံးနှင့်
အထပ်မြင့် အဆောက်အအုံသုံးလုံး တည်ဆောက်ခွင့်ကို
ရရှိထားကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနထံမှ
သိရသည်။

အဆိုပါ စီမံကိန်းကို ရန်ကင်း ဆရာစံလမ်းထောင့်ရှိ မြေကွက်
ကိုးကွက် ပေါ်တွင် တည်ဆောက်မည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု
ပမာဏပေါင်းမှာ အမေရိကန် ဒေါ်လာသန်း ၄၀ဝ ကျော်
ရှိကြောင်း၊ ယင်းစီမံကန်းအတွက် ကုမ္ပဏီနှင့် ဆောက်လုပ်ရေး
ဝန်ကြီးဌာနတို့အကြား နားလည်မှု စာချွန်လွှာတစ်ရပ်ကို
နိုဝင်ဘာလအတွင်း ရေးထိုးခဲ့ကြောင်း ယင်းဝန်ကြီးဌာနထံမှ
သိရသည်။

ဂျပန်ကုမ္ပဏီသည် မြေနေရာအတွက် အစိုးရထံမှ နှစ် ၇၀
ငှားရမ်းထားကာ အထပ်နှစ်ဆယ်ရှိသည့် ဟိုတယ်တစ်လုံးနှင့်
အထပ်မြင့်အိမ်ရာ အဆောက်အအုံသုံးလုံး
ဆောက်လုပ်မည်ဖြစ်သည်။

ထို့ပြင် ယခုနှစ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကိန်းဂဏန်းများအရ
အိမ်ရာတည်ဆောက်ရေး လုပ်ငန်းကဏ္ဍမှာ ဒုတိယ
အများဆုံး ရင်းနှီးမြှုပ်နှံမှုဖြစ်သည်။

“ဂျပန်ကုမ္ပဏီက MIC က ခွင့်ပြု မိန့်ရတာကြာလှပြီ။
အခုမှ MoU ထိုးတာ။
ဒီနှစ်ရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စာရင်းတွေကို ပြန်ကြည့်မယ်
ဆိုရင် အိမ်ရာ တည်ဆောက်ရေး လုပ်ငန်းက ဒုတိယ
ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်တယ်”ဟု ရင်းနှီးမြှုပ်နှံမှုနှင့်
ကုမ္ပဏီများ ညွှန်ကြားမှုဦးစီး ဌာနမှ
ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်က ပြောကြားသည်။

ယခု ဘဏ္ဍာနှစ် ရှစ်လတာကာလအတွင်း အိမ်ရာ
တည်ဆောက်ရေးကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း
ပေါင်း ကိုးခုဝင်ရောက်ခဲ့ပြီး ပမာဏမှာ အမေရိကန်ဒေါ်လာ
တစ်ဘီလီယံကျော် ရှိကြောင်း၊
ဟိုတယ်ကဏ္ဍတွင်မူ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း
သုံးခု ဝင်ရောက်ခဲ့ပြီး ပမာဏမှာ အမေရိကန် ဒေါ်လာ
၁၅၄ သန်းကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ
ညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

လက်ရှိ အစိုးရတက်ခါစတွင် ဆောက်လုပ်ရေး လုပ်ငန်းများကို
ပြန်လည်စစ်ဆေးရန် ရပ်တန့်မှုများ ရှိခဲ့သည့်အတွက်
ယခင်နှစ်က ယင်းကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု
ဝင်ရောက်သည့်နှုန်းမှာ နည်းပါးခဲ့ကြောင်း၊ ယခုနှစ်တွင်မူ
စက်မှု ကုန်ထုတ်လုပ်ငန်း ကဏ္ဍပြီးပါက နိုင်ငံခြားသားများ
စိတ်ဝင်စားမှုများလာသည့် ဒုတိယ စီးပွားရေးလုပ်ငန်း
ဖြစ်လာသည်။

“အခုဆို အိမ်၊ ခြံ၊ မြေဈေးကွက်က အကျဘက်ကို
ဆက်တိုက် ရောက်နေတာဆိုတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု
တွေ ဝင်ရောက်ဖို့ လိုတယ်။
ဒါမှ ပြည်တွင်းဈေးကွက်လည်း ပြန်ပြီးတော့ အဆင်ပြေ
လာမယ်”ဟု အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှု လုပ်ငန်းရှင်များ
အသင်းမှ ပြန်ကြားရေး တာဝန်ခံ ဦးခင်မောင်အေးက
ပြောကြားသည်။

*****

၃။ "ဘဏ်လုပ်ငန်းဆိုင်ရာ စည်းမျဉ်းသစ်များနှင့် ပတ်သက်၍
ပြည်တွင်းဘဏ်များက ဆောင်ရွက်မည့် အစီအစဉ်များ
ပြန်လည်တင်ပြထားပြီး မြန်မာ့စီးပွားရေး၊ ဘဏ်များနှင့်
အိမ်ခြံမြေဈေးကွက် မထိခိုက်စေရန် ဗဟိုဘဏ်၏
ညွှန်ကြားချက်ဖြင့် လုပ်ဆောင်မည်"

ဘဏ်လုပ်ငန်းဆိုင်ရာ စည်းမျဉ်းသစ်များနှင့် ပတ်သက်၍
ပြည်တွင်းဘဏ်များက ဆောင်ရွက်မည့် အစီအစဉ်များ
ပြန်လည်တင်ပြထားပြီး မြန်မာ့စီးပွားရေး၊ ဘဏ်များနှင့်
အိမ်ခြံမြေဈေးကွက် မထိခိုက်စေရန် ဗဟိုဘဏ်၏
ညွှန်ကြားချက်ဖြင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း
ပုဂ္ဂလိကဘဏ် အသိုင်းအ၀ိုင်းမှ တာဝန်ရှိသူများက
ပြောကြားသည်။

ဘဏ်များအနေဖြင့် ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် စီးပွားရေး
လုပ်ငန်း အုပ်စု တစ်ခုခု သို့မဟုတ် ဆက်နွှယ်နေသည့်
မိတ်ဖက်အဖွဲ့အစည်းအုပ်စု တစ်ခုခုသို့ ချေးငွေ ထုတ်ချေး
ရာတွင် မိမိ၏ အဓိက မတည်ငွေရင်း၏ ရာခိုင်နှုန်း ၂၀
ထက်ပို၍ ထုတ်ချေးခြင်း မပြုရန် မြန်မာနိုင်ငံတော်
ဗဟိုဘဏ်က အမိန့်ကြော်ငြာစာ အမှတ် ၁၈/၂၀၁၇ ဖြင့်
ထုတ်ပြန်ထားပြီး ယင်းစည်းမျဉ်းနှင့် ပတ်သက်၍ ပြည်တွင်း
ဘဏ်များက လက်ခံနိုင်သည့် ပမာဏသို့ ထားရှိမည့်
အစီအစဉ်ကို ပြန်လည် တင်ပြထားကြောင်း သိရသည်။

ထို့ပြင် ဘဏ်များလိုက်နာရမည့် မ,တည်ငွေရင်း
လုံလောက်မှုဆိုင်ရာ စည်းမျဉ်း၊ ငွေကြေးလွယ်ကူမှု အချိုး
သတ်မှတ်ချက်ဆိုင်ရာ စည်းမျဉ်း၊ ရရန်ပိုင်ခွင့်များ အမျိုးအစား
သတ်မှတ်ခြင်းနှင့် လျာထားခြင်းဆိုင်ရာ စည်းမျဉ်းများကို
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အမိန့်ကြော်ငြာစာ
အမှတ် ၁၆/၂၀၁၇၊ ၁၇/၂၀၁၇၊ ၁၉/၂၀၁၇ တို့ဖြင့်
ထုတ်ပြန်သတ်မှတ်ထားသည်။

လတ်တလောတွင်
"ပြည်တွင်းဘဏ်များက လက်ဝယ်ရှိ
အပေါင်ရရှိထားသော အိမ်ခြံမြေများကို ရာဖြတ်ဈေးဖြင့်
အတိုး၊ အရင်း ပေါင်းထားသည့်ဈေးဖြင့် ထုတ်ရောင်းမည်"
"ဗဟိုဘဏ်က အတိုးမပေးနိုင်သော ငွေချေးသူကို ခြောက်လ
အထိသာ လက်ခံမည် ဖြစ်သောကြောင့် ကျော်လွန်သော
အတိုးနှင့်အရင်းများ ပြန်တောင်းမည်" ဟူသော ပြောစကားများ
ပျံ့နှံလျက်ရှိပြီး ယင်းအချက်များကြောင့် ကျဆင်းနေသော
အိမ်ခြံမြေဈေးကွက် ထပ်မံထိုးဆင်းမည်ဟု ထင်မြင်ချက်များ
ထွက်ပေါ်နေသည်။

“အခုသတင်းပြန့်နေသလို အပေါင်ရထားတဲ့ အိမ်ခြံမြေတွေ
ကို အစုလိုက်အပြုံလိုက် ထုတ်ရောင်းတာတို့၊ အတိုးမပေးနိုင်
တဲ့ အတိုးကို ခြောက်လအထိပဲ လက်ခံမယ့် ဗဟိုဘဏ်
စည်းမျဉ်း တိုးတယ် ဆိုတာတို့ အခုအချိန်အထိ မရှိပါဘူး။
လုပ်မယ်ဆိုလည်း ဒါမျိုးက တရားဝင်ကြေညာပြီး အချိန်ယူပြီး
လုပ်ရမယ့် ကိစ္စပါ။
လောလောဆယ်တော့ ဘဏ်တွေက ပမာဏကြီးမားတဲ့
ကြွေးမြီကိစ္စနဲ့ ပတ်သက်ပြီး ဗဟိုဘဏ်ကို တင်ပြစရာရှိတာ
တွေ၊ လုပ်မယ့် အစီအစဉ်တွေ တင်ပြထားပါတယ်။
ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်တွေ ပြန်လာရင် အဆင့်ဆင့်
ညှိနှိုင်းပြီး ဆက်လုပ်သွားရမှာ ဖြစ်ပါတယ်” ဟု ပုဂ္ဂလိကဘဏ်
တစ်ခု၏ မန်နေဂျင်းဒါရိုက်တာက ပြောကြားသည်။

ပုဂ္ဂလိကဘဏ် တစ်ခု၏ အဆင့်မြင့် တာဝန်ရှိသူ
တစ်ဦးကလည်း
“ဗဟိုဘဏ်ကလည်း မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်း တိုးတက်ဖို့
အခုလို စည်းမျဉ်းစည်းကမ်းတွေ ချမှတ်တာပါ။
နိုင်ငံတကာ အဆင့်အတန်းသွားဖို့ အတွက် ဒါက လိုအပ်ချက်
တစ်ခု၊ ဒါကိုသွားနိုင်အောင် တစ်ဆင့်ချင်း လုပ်ရမှာပေါ့။
တချို့ဟာတွေ ပြောင်းလဲဖို့ သုံးလ၊ တချို့က ခြောက်လ၊
တချို့က တစ်နှစ်။ ဒါမျိုးနှစ်တွေနဲ့ချီပြီး ပြုပြင်ပြောင်းလဲရမှာမျိုး
တွေ ရှိပါတယ်။
ဒါတွေကို တစ်ဆင့်ချင်း လုပ်သွားရမှာပေါ့။
ဒီပမာဏကြီးမားတဲ့ ကြွေးမြီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း
လက်ရှိမှာ စီးပွားရေးကလည်း နည်းနည်း အားပျော့နေတော့
မြန်မာ့စီးပွားရေး၊ ဘဏ်တွေအပေါ် ထားရှိတဲ့ ယုံကြည်မှု၊
အိမ်ခြံမြေဈေးကွက် မထိခိုက်စေဖို့ ဗဟိုဘဏ်ရဲ့
ညွှန်ကြားချက်နဲ့အညီ ဆောင်ရွက်သွားမှာပါ။
ဒီစည်းမျဉ်း စည်းကမ်းအသစ်တွေ အတွက်လည်း ဗဟိုဘဏ်
က IMF တို့၊ World Bank တို့ရဲ့ အကူအညီ
ယူထားပါတယ်” ဟု ဆိုသည်။

ပမာဏကြီးမားသောကြွေးမြီ ဆိုသည်မှာ ဘဏ်၏အဓိက
မတည်ငွေရင်း၏ ၁၀ ရာခိုင်နှုန်းနှင့် အထက် ကျော်လွန်၍
ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် မိတ်ဖက်အဖွဲ့အစည်း သို့မဟုတ်
ဆက်နွှယ်နေသည့် မိတ်ဖက်အဖွဲ့အစည်းသို့ ထုတ်ချေးသည့်
ချေးငွေကို ဆိုလိုခြင်းဖြစ်သည်။

ဘဏ်အားလုံးသည် ပမာဏ ကြီးမားသော ကြွေးမြီဆိုင်ရာ
သတင်းအချက်အလက်ကို သုံးလတစ်ကြိမ် ဗဟိုဘဏ်က
သတ်မှတ်သောပုံစံဖြင့် ဘဏ်လုပ်ငန်း ကြီးကြပ်စစ်ဆေးရေး
ဌာနသို့ တင်ပြရမည်ဖြစ်ပြီး ဘဏ်၏ ပမာဏကြီးမားသော
ကြွေးမြီအားလုံး၏ စုစုပေါင်းသည် ယင်း၏အဓိက မတည်
ငွေရင်း၏ ရှစ်ဆထက် ကျော်လွန်ခြင်း မရှိစေရန်
သတ်မှတ်ထားသည်။

(စည်သူအောင်)

credit - Eleven Media Group & The Voice

**********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

“အကွက်ရိုက် လယ်မြေများ၏ နောက်ကွယ်”

“အကွက်ရိုက် လယ်မြေများ၏ နောက်ကွယ်”

၁။ "မန်းမှာ ရွာမြေ၊ ယာမြေ ပိုက်ဘောမိနေသူ များ"

ကျပ် ၉၅ သိန်းခန့် တန်ဖိုးမှ သည် နောင်လေးငါးဆယ်နှစ်
အတွင်း ကျပ်သိန်းရာပိုင်း ထောင်ပိုင်းအထိ တန်ဖိုး
တက်လာနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်ဟာ နှစ်နှစ်နီးပါး
ကြာပြီးနောက် သဲထဲရေသွန်ဖြစ်ခဲ့ ရပါပြီ။

မန္တလေးမြို့နဲ့ အနီးပတ်ဝန်းကျင်ရှိ တန်ဖိုးနည်းရွာမြေ၊
လယ်ယာမြေတွေမှာ ဝယ်ယူရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းဟာ
စီးပွားရေးအရ တွက်ခြေ အကိုက်ဆုံးလုပ်ငန်း အဖြစ်
တစ်ပိုင်တစ်နိုင် ရင်းနှီးမြှုပ်နှံသူတွေ မျက်စိကျစရာ
ဖြစ်ခဲ့ပါတယ်။

အထူးသဖြင့် မြို့နဲ့မနီးမဝေးမှာရှိတဲ့ ပုသိမ်ကြီးမြို့နယ်
အတွင်းက ကျေးရွာဘက်တွေရှိ တန်ဖိုးနည်းရွာမြေ
လယ်မြေတွေဈေးကောင်း ရနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်
နဲ့ ဝယ်ယူရင်းနှီး မြှုပ်နှံခဲ့ကြပါတယ်။

သည်လို ရွာမြေတွေနဲ့ အကွက်ရိုက်မြေဝယ်လက်တွေထဲမှာ
အများစုက အခြေခံလူလတ်တန်းစားတွေနဲ့ ဝန်ထမ်းတွေ
ဖြစ်တယ်လို့ ဒေသခံအချို့ကို မေးမြန်းမှုတွေအရ
သိရပါတယ်။

လတ်တလော မန္တလေး အိမ်ခြံမြေဈေးကွက်မှာ
အရောင်းအဝယ်ရပ်တန့်လုနီးပါး ကျဆင်းနေပြီး အချို့နေရာ
တွေမှာ မြေတန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်း အထိ
အရှုံးခံ  ရောင်းနေ ရပါတယ်။

သည်လို ဈေးကွက်ကျဆင်းနေချိန်မှာ
- ပိုင်ဆိုင်မှုမခိုင်မာတဲ့ မြေဖြစ်တာ၊
- မြေကွက် အကျယ်အဝန်း ကျဉ်းမြောင်းတာ၊
- နေရာ အကွက်အကွင်း လမ်းမသင့်တာ၊
- လူနေ အဆောက်အအုံ ဆောက်လုပ်ဖို့ ခွင့်မပြုတဲ့
မြေအမျိုးအစားဖြစ်တာ၊
- လွှဲပြောင်းရောင်းဝယ်ခွင့် မရှိတာ စတဲ့ မြေတွေ ဝယ်ယူထား
မိတဲ့ သူတွေကတော့ အရှုံးကြီး  ရှုံးနေရပါပြီ။

မြေသူဌေးအိပ်မက်ကြောင့် တတ်နိုင်တဲ့ ငွေအရင်းအနှီးနဲ့
ဝယ်လှောင်ထားတဲ့ မြေကိုလက်ရှိ အရှုံးခံပြန်ရောင်းနေတာ
တောင်  ဝယ်သူမရှိ ဖြစ်နေရပါပြီလို့ မြေဝယ်ထားသူအချို့
က ပြောပါတယ်။

“မြေမြိုခံရတယ်ဆိုတာ ဒါမျိုးပါ၊သူဌေး ဖြစ်မလားဆိုပြီးတော့
ခုကျတော့ ပြန်ရအောင် ရောင်းလို့ရရင်တောင် ကံကောင်း
တယ်မှတ်တာပါပဲ” လို့ ပုသိမ်ကြီးမြို့နယ်ထဲရှိ
အကွက်ရိုက် ကွက်စိတ်မြေ ဝယ်ထားသူ ကိုမျိုးမင်းက
ပြောပါတယ်။

ကိုမျိုးမင်းဟာ သည်မြေကိုဝယ်ယူခဲ့တာ ၂၀၁၆ နှစ်ဆန်းမှာ
ဝယ်ယူခဲ့တာဖြစ်လို့ ယခုဆိုရင် အချိန်နှစ်နှစ်နီးပါး ကြာပြီ
ဖြစ်ပါတယ်။

စုဆောင်းထားတဲ့ငွေကြေးနဲ့ ရှိတဲ့ရွှေတိုရွှေစတွေ ရောင်းချလို့
ရတဲ့ ငွေကျပ် ၉၅ သိန်းနဲ့ ဝယ်ယူထား တဲ့သည်မြေဟာ
သူ့မိသားစုဘဝအတွက် သူဌေးအိပ်မက်ဖြစ်တယ်လို့
ဆိုပါတယ်။

ပတ်ဝန်းကျင်က မိတ်ဆွေတွေအပြင် အများသူငါရောင်းဝယ်မှု
ပြုနေတာကို မြင်တွေ့ ကြားသိရာကစလို့ သည်အကွက်ရိုက်
မြေဝယ်ယူဖို့ ဖြစ်လာရတာလို့ သိရပါတယ်။

‘ကျွန်တော်တင် မဟုတ်ပါဘူး၊ဆွေမျိုးတချို့လဲပါတယ်၊
ဝယ်ကြတဲ့အထဲမှာ၊  နားလည်လို့တော့ မဟုတ်ပါဘူး၊
ဒီလိုပဲ ဘယ်သူကတော့ ဝယ်ပြီး တစ်လလောက်ရှိသေးတယ်၊
ဘယ်လောက်မြတ်တာတို့ ဘယ်သူဆိုဘယ်လောက် နဲ့
ပြန်ရောင်းတာတို့ မြင်နေရတော့ ကိုယ့်လောဘနဲ့ကိုယ်
ဝယ်ဖို့ ဖြစ်လာတာ”လို့ ကိုမျိုးမင်းက ပြောပါတယ်။

အိမ်ခြံမြေ ဝယ်ယူရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းဟာ အမြတ်အစွန်း
သေချာတဲ့  ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအဖြစ် ၁၉၈၈ နောက်ပိုင်း
မှာ စတင် ရပ်တည်လာခဲ့ပါတယ်။

ပေါက်ဖော်ကြီးတွေ
။။။။။။။။။။။။။။။။။။။။။။

ပြည်တွင်းအခြေစိုက် တရုတ်စီးပွားရေးသမား အချို့
အိမ်ခြံမြေဈေးကွက်ထဲစုပြုံဝင်ရောက် ရင်းနှီးလာရာကစလို့
အိမ်ခြံမြေဈေးကွက်မှာ အရောင်းအဝယ်သွက်ကာ
ဈေးအဆမတန် ပြောင်းလဲမြင့်တက်မှုတွေ ဖြစ်ပေါ်
လာပါတယ်။

မြို့တွင်း အိမ်ခြံမြေဈေး အဆမတန် မြင့်တက်လာခဲ့ပြီး
၂၀ဝ၆ ခုနှစ်ဝန်းကျင်လောက်မှာ အိမ်ခြံမြေဈေးကွက်အတွင်း
လုပ်ငန်းကြီးသမားတွေရဲ့ ရင်းနှီးမြှုပ်နှံမှုပုံစံ ပြောင်းလဲခဲ့
ပါတယ်။

မြို့တွင်းအချက်အချာကျတဲ့ နေရာတွေကို  အရင်တုန်းက
ဈေးကြီးပေး ဝယ်ယူခဲ့ကြရာကနေ မြို့တွင်းအိမ်ခြံမြေ
ဈေးထက်ဈေးနှုန်းပိုမို သက်သာပြီး မြေနေရာလည်း
ကျယ်ဝန်းတဲ့ မြို့နဲ့လည်း မနီးမဝေးမြို့ပြင်ကနေရာတွေမှာ
ပိုမိုဝယ်ယူလာကြပါတယ်။

တစ်ပိုင်တစ်နိုင် လုပ်ငန်းသမားတွေကလည်း အဆိုပါမြို့
ပတ်ဝန်းကျင်ရှိ ရွာတွေက မြေယာတွေ တန်ဖိုးတက်လာ
နိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေနဲ့ မြေပေါ်မှာဝင်ရောက်
ရင်းနှီးမြှုပ်နှံခဲ့ကြပါတယ်။

စီးပွားရေးလုပ်ငန်း သမားကြီးတွေက ဧကအလိုက်ပိုင်ဆိုင်မှု
ခိုင်မာတဲ့ မြေတွေမှာ ရင်းနှီးမြှုပ်နှံခဲ့ကြပြီး အရင်းအနှီး
နည်းပါးတဲ့ တစ်ပိုင်တစ်နိုင် ဝယ်လက်တွေကတော့
တစ်ဆင့်ခံ အကွက်ရိုက်မြေတွေ ဝယ်ယူ ရင်းနှီးမြှုပ်နှံခဲ့
ကြပါတယ်။

၂၀၁၆ ခုနှစ်မှာတော့ လယ်ယာမြေအကွက်ရိုက် ရောင်းချ
မှုတွေ၊သစ်တောမြေ အကွက်ရိုက် ရောင်းချမှုတွေ စတဲ့
လွှဲပြောင်းရောင်းဝယ်ခွင့်မရှိတဲ့ မြေရောင်းဝယ်မှုတွေကို
ပြင်းပြင်း ထန်ထန်တားဆီးပိတ်ပင်ဖို့ အာဏာပိုင်တွေ
ဘက်က ကြိုးစားလာတာကြောင့် လယ်ယာမြေယာ
အကွက်ရိုက်ကွက်တွေမှာ မြေပိုင်ဆိုင်မှု အရှုပ်အရှင်း၊
ငွေကြေး အရှုပ်အရှင်း ပြဿနာတွေ ပေါ်ပေါက်လာတယ်။

“မြေဈေးကျတယ် ကျတော့ ဘာဖြစ်လဲ၊
တကယ်ထိခိုက်ကုန်တာက မရှိမဲ့ ရှိမဲ့ ဝယ်ထားတဲ့သူတွေ၊
သူတို့မှာ တစ်နေ့တက်နိုးတက်နိုးနဲ့ ခု ကျတော့
လက်ကြီးသမားကတော့ ရှောင်ထွက် သွားပြီ၊
ဘာဖြစ်လာလဲ၊
ဒီမရှိမဲ့ရှိမဲ့ ဝယ်ထားတဲ့ သူက သူဝယ်ထားတဲ့ ဈေးတောင်
ရောင်းရဖို့ မလွယ်တော့ဘူး၊ ဝယ်သူမရှိဘူး၊
တချို့ဆို မန္တ လေးမှာ နေစရာတစ်နေရာရနည်းလား ဆိုပြီး
ဝယ်ကြတာ၊ ခုကျတော့ ဘာဖြစ်လာလဲဆိုတော့ ကိုယ့်မြေပါ
ဆိုတာ ဘာမှ အထောက်အထား မပြနိုင်ဘူး၊ လက်ညှိုးထိုးပဲ
ပြနိုင်တယ်၊ ဘယ်လိုလုပ်ကြမလဲ”လို့ ပုသိမ်ကြီးမြို့နယ်
မဲခင်းကုန်း ကျေးရွာက ဒေသခံ အကျိုးဆောင်တစ်ဦး က
ပြောပါတယ်။

တွန့်ဆုတ်စေတယ်
။။။။။။။။။။။။။။။။။။။။။။

လက်ရှိအချိန်အထိလည်း ပိုင်ဆိုင်မှုအရှုပ်အရှင်း ပြဿနာတွေ
ဖြစ်ပေါ်နေတာ ရှိနေပြီး ဒါဟာ တစ်ချိန်က အရောင်းအဝယ်
သွက်ခဲ့တဲ့ အရောင်းအဝယ်ဈေးကွက်အပေါ် ဝယ်သူတွေကို
တွန့်ဆုတ်စေတယ်လို့ နယ်ခံမြေပွဲစားအချို့က ပြောပါတယ်။

ဝယ်လက်မရှိလို့ အရောင်းအဝယ် ကျဆင်းလာတာနဲ့အမျှ
ဈေးနှုန်းပါ ကျဆင်းလာခဲ့ပြီး အခုနှစ်ဆန်းပိုင်းက ကျပ်သိန်း
၁၂၀ ခန့်ပေးဈေးရှိခဲ့တဲ့ ပေ ၄၀ ပတ်လည်မြေကွက်တစ်ခု
ဟာ အခု ကျပ် သိန်း ၇၀ ခန့် ဈေးခေါ်ရောင်းတာတောင်
ဝယ်သူမရှိဘူးလို့ သိရပါတယ်။

“မြေကတော့ ဝယ်ရင်မရှုံးနိုင်ဘူးလို့ သိထားတယ်၊
အရင်အရင်ဈေးက ကျတယ်ဆိုတာမှ မရှိဘဲ ကိုယ်ဝယ်တော့
မှ ကျတော့တာပါ ပဲ၊
 ဒီနှစ်ဆန်းပိုင်းလောက်ကတော့ လာဝယ်သေးတယ် ၊
အမြတ်နည်းသေးလို့ဆိုပြီး မရောင်းလိုက်တာ၊
ခုကျတော့ အဲဒီတုန်းက ထွက်ဈေး တစ်ဝက်လောက်ပဲ
ရတော့တယ်”လို့ အကွက်ရိုက် မြေနှစ်ကွက် ဝယ်ယူထားသူ
ကိုကီးကီးက ဆိုပါတယ်။

မန္တလေးမြို့ကနေ ပြင်ဦးလွင်သွားတဲ့ ကားလမ်းဘေး
ပတ်ဝန်းကျင်က မြေယာတွေ၊
ပုသိမ်ကြီးမြို့နယ်သွား ကားလမ်းနံဘေးပတ်ဝန်းကျင်က
မြေယာတွေ၊
မတ္တရာဘက်သွားတဲ့ ကားလမ်းနံဘေး ပတ်ဝန်းကျင်က
မြေယာတွေနဲ့
စစ်ကိုင်း၊တံတားဦး၊ပတ်ဝန်းကျင်က မြေယာတွေက
အကွက်ရိုက်မြေတွေမှာ အခုအခါ အရောင်း အဝယ်
ရပ်နေတယ်လို့ နယ်ခံအကျိုးဆောင်
အချို့က ပြောပါတယ်။

စီးပွားရေးသမားအချို့က အိမ်ခြံမြေလုပ်ငန်းမှာ ထပ်မံ
ရင်းနှီးမြှုပ်နှံဖို့ မလိုလားဘဲ လက်ရှိ ရှိနေတဲ့မြေကို ငွေသား
အဖြစ် ပြောင်းလဲဖို့ကိုပဲ အားသန်နေတယ်။

အစိုးရအနေနဲ့လည်း အာရှစံချိန်တင်မြင့်တက်တဲ့ အိမ်ခြံမြေ
ဈေးကျဆင်း စေဖို့ အစီအမံတွေ ချမှတ်လုပ်ဆောင်ဖို့
ရှိနေပါတယ်။ သည်အတွက် အိမ်ခြံမြေဈေးဟာ ကျဆင်းမြဲ
ကျဆင်းနေဦးမှာပါ။

မြေတွေ အရောင်းအဝယ်ရပ် ဈေးကျနေချိန် ကွက်စိတ်
မြေကွက်ပိုင်ရှင် ကိုမျိုးမင်းတစ် ယောက်ကတော့ 
မြေအရောင်းအဝယ် ပြန်လည် လှုပ်ခတ်ကာ မြေအမျိုးအစား
မရွေး အရောင်းအဝယ်သွက် ဈေးတက်လာဖို့
ဆုတောင်းနေပါတယ်။

(မိုးမြင့်ထွန်း)

*****

၂။ "မန်းမှာ အကွက်ရိုက်မြေ ပိုင်ဆိုင်မှု အရှုပ်အရှင်း
အဖြစ်များနေ"

မန္တလေးအိမ်ခြံမြေဈေးကွက်မှာ မြေအရောင်းအဝယ်ရပ်တန့်
လုနီးပါး ကျဆင်းနေပြီးနောက် အကွက်ရိုက်မြေတွေမှာ
ပိုင်ဆိုင်မှု အရှုပ်အရှင်းပြဿနာတွေ အဖြစ်များလာတယ်လို့
ဒေသခံ အကျိုးဆောင်အချို့က ပြောပါတယ်။

အထူးသဖြင့် မန္တလေး ပုသိမ်ကြီးမြို့နယ်က လယ်ယာမြေကို
အကွက်ရိုက်ရောင်းချထားတဲ့ မြေတွေမှာ ၄င်းပြဿနာတွေ
အဖြစ်များနေတာလို့ ဒေသခံ အကျိုးဆောင် အချို့က
ပြောပါတယ်။

မြေဝယ်ရောင်းအချို့ဟာ လယ်ယာမြေတွေကို အကွက်ရိုက်
ကွက်စိတ် ရောင်းချဖို့ အတွက် မူလလယ်ပိုင်ရှင်ဆီ က
လယ်ယာမြေတွေကို ဝယ်ယူကြပါတယ်။

ဝယ်ရောင်းဟာ မူလလယ်ပိုင်ရှင်ထံ စရန်သဘောငွေပေးချေပြီး
အကွက်ရိုက်မြေရောင်းချလို့ရမှ ရရှိတဲ့ ငွေပေးချေမယ်ဆိုတဲ့
ပုံစံမျိုးနဲ့ ဝယ်တာဖြစ်ကာ သည်လို ရောင်းဝယ်တဲ့ မြေတွေမှာ
ပိုင်ဆိုင်မှု အရှုပ်အရှင်းပြဿနာတွေ အဖြစ်များတာလို့
သိရပါတယ်။

ဥပမာ တစ်ဧကရှိတဲ့ လယ်တစ်ကွက်ကို မျက်နှာစာ ၄၀ ပေ
အနံ ၆၀ ပေ ကျယ်တဲ့ အကွက်တွေခွဲရိုက်ရင်၁၆ကွက်လောက်
ရပြီး ရလာတဲ့ကွက်စိတ် ၁၆ ကွက်မှာ လေးငါးကွက်သာ
ရောင်းချပြီး ကျန်တဲ့ဟာတွေက မရောင်းရတော့ လယ်ရှင်ကို
ပိုက်ဆံ အကျေ မပေးနိုင်ဘူး။

လယ်ပိုင်ရှင်ကလည်း ပိုက်ဆံအကျေမရသေးတော့ မြေက
မြေပဲ ။သည်ဘက်ကကွက်စိတ်ဝယ်သမားကျတော့
သူကလည်း ပိုက်ဆံပေးဝယ်ထားတော့ သူ့မြေ ၊ အဲဒီလို
ဖြစ်နေတာလို့ အကျိုးဆောင်က ရှင်းပြပါတယ်။

လယ်ယာမြေကွက်စိတ်တွေ အရောင်းအဝယ်ကောင်းခဲ့စဉ်က
ပြဿနာတစ်စုံတစ်ရာဖြစ်ပွားခြင်း မရှိပေမဲ့ သည်နှစ်
လယ်မြေကွက်စိတ်အရောင်းအဝယ် သိသိသာသာ ကျဆင်း
သွားချိန်မှာတော့ မူလမြေပိုင်ရှင်နဲ့ ကွက်စိတ်ရိုက်ရောင်းသူ ၊
ကွက်စိတ်တစ်ဆင့်ခံ ဝယ်သူတွေကြားထဲမှာ မြေယာနဲ့
ပတ်သက်ပြီး သုံးပွင့်ဆိုင်အရှုပ်အရှင်းတွေ ယခင်ကထက်
ပိုမိုပေါများ ပေါ်ပေါက်လာတာလို့ ဒေသခံအကျိုးဆောင်
အချို့က ဆိုပါတယ်။

ပုသိမ်ကြီးမြို့နယ်အတွင်းရှိ လယ်ယာမြေကွက်စိတ်တစ်ခုရဲ့
တန်ဖိုးဟာ မြေအကျယ်အဝန်း ၊ လမ်းအနေအထား ၊
မန္တလေးမြို့နဲ့ အနီးအဝေးကို လိုက်ပြီး မျက်နှာစာ တစ်ပေ
ကျပ်သိန်း ၅သိန်း မှ ကျပ် ၂၈သိန်းဝန်းကျင်အထိပေါက်ဈေး
ရှိနေပါတယ်။

ခန့်မှန်းပြောဆိုမှုတွေအရ ပိုင်ဆိုင်မှုအရှုပ်အရှင်း ပြဿနာ
ဖြစ်ပွားနေတဲ့ လယ်ဧက အမြောက်အမြားရှိပြီး တန်ဖိုးနဲ့
တွက်ချက်ကြည့်ရင် ငွေပမာဏ ကျပ်သိန်း သောင်းချီ အထိ
ရှိနိုင်တယ်လို့ ဒေသခံအကျိုးဆောင်အချို့က ဆိုပါတယ်။

၂၀၁၆ ဇူလိုင်လထဲမှာလည်း သည်လို ပြဿတွေ ဖြစ်ပွားခဲ့
ဖူးပါတယ်။ ပြဿနာတွေဖြစ်ပွားနေတဲ့ ကြားထဲမှာ မူလ
ပိုင်ရှင်ဆီက တိုက်ရိုက်မဟုတ်ဘဲ တစ်ဆင့်ခံဝယ်ရောင်းဆီ
က အကွက်ရိုက် ကွက်စိတ်မြေဝယ်ထားသူ အများစုသာ
ထိခိုက်နစ်နာရနေတယ်လို့ သိရပါတယ်။

လယ်ယာမြေ အကွက်ရိုက်ရောင်းချမှုတွေ ၊ သစ်တောမြေ
အကွက်ရိုက်ရောင်းချမှုတွေ စတဲ့ လွှဲပြောင်း ရောင်းဝယ်ခွင့်
မရှိတဲ့ မြေရောင်းဝယ်မှုတွေကို ပြင်းပြင်းထန်ထန်
တားဆီးပိတ်ပင်ဖို့ အာဏပိုင်တွေဘက်က ကြိုးစားလာတာ
ကြောင့် မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်ရှိ လယ်ယာမြေ
အကွက်ရိုက်ကွက်တွေမှာ မြေပိုင်ဆိုင်မှု အရှုပ်အရှင်း
ပြဿနာကြောင့် တစ်ချိန်က အရောင်းအဝယ်သွက်ခဲ့တဲ့
ပြင်ဦးလွင်မြို့နယ်ရှိ လယ်ယာမြေ အရောင်းအဝယ်
ဈေးကွက်တစ်ခုလုံး အခုအခါ ဝယ်သူမရှိသလောက်နီးပါး
ဖြစ်နေတယ်လို့ နယ်ခံမြေပွဲစားအချို့က ပြောပါတယ်။

(မိုးမြင့်ထွန်း)

credit - Kumudra Journal

**********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

"ရပ်ဆိုင်းနေသည့် ဆောက်လုပ်ရေး လုပ်ငန်းနှင့် မြေရှင်တို့၏ အခက်အခဲ"

"ရပ်ဆိုင်းနေသည့် ဆောက်လုပ်ရေး လုပ်ငန်းနှင့်
မြေရှင်တို့၏ အခက်အခဲ"


''ထိုင်နေအကောင်း၊ ထမှအကျိုးမှန်း သိ
ဆိုတာမျိုးဖြစ်နေပြီ''

သူငယ်ချင်းတစ်ဦးသည် စာရေးသူထံ ရောက်လာပြီး
ညည်းညူလိုက်ခြင်းဖြစ်သည်။

''ဘာတွေဖြစ်လာလို့ ဒီလောက် စိတ်ပျက်နေရတာလဲ''

စာရေးသူက သူငယ်ချင်းဖြစ်သူအား ပြောလိုက်မိသည်။

''ကန်ထရိုက်တစ်ယောက်နဲ့ တိုက်ခန်းပေး၊တိုက်ခန်းယူ
ခုနစ်ထပ်ဆောက်မယ်လို့ စာချုပ်ချုပ်ထားတာ နှစ်နှစ်ခန့်
ရှိနေပြီ။
ဘာမှအစ မပျိုးရ သေးဘူး။
အဲဒါ ဘယ်လိုလုပ်ရင် ကောင်းမလဲလို့ သူငယ်ချင်းဆီ
လာ ဆွေးနွေးတာ''

''ဒါများ သူငယ်ချင်းရယ်။
ကိုယ်တစ်ယောက်တည်းမှမဟုတ်ဘဲ။
ခေတ်ရေစီးကြောင်းနဲ့အတူ လိုက်ပါ ဖြစ်တတ်ကြတာပဲ''

''ဆောက်လိမ့်နိုး၊ ဆောက်လိမ့်နိုးနဲ့ လက်ရှိအိမ်ကိုလည်း
မပြင်နိုင်။ မိုးယိုခံပြီး နေရတယ် သူငယ်ချင်း''

''သူငယ်ချင်းက နေစရာအိမ်ရှိသေးတယ်။
အချို့မြေပိုင်ရှင်တွေဆိုရင် အိမ်ဖျက်ပေးထား လိုက်ရလို့
အိမ်ငှားနေရတာ နှစ်ပေါက်နေပြီ''

''ကန်ထရိုက်က ငှားပေးတယ် မဟုတ်လား''

''စာချုပ်အရ တစ်နှစ်ပဲဆိုပြီး တစ်နှစ်ပြည့်တာနဲ့
အိတ်စိုက်ဘဝ ရောက်ရတော့တာပဲ၊
ဒီအထဲ ကန်ထရိုက်က ထွက်ပြေးလို့ မြေကွက်လပ် ကို
ကြည့်ပြီးနေရတဲ့ မြေရှင်တွေလည်း ရှိသေးတယ်''

''ကန်ထရိုက်အသစ်ကိုလည်း ချက်ချင်း မရနိုင်ဘူးပေါ့နော်''

''မှန်ပါတယ်။
အခုကာလက အိမ်မြေတိုက်ခန်း အရောင်းအဝယ်
အေးနေတော့ မြေကွက်အမည်ပေါက် ရှင်းတဲ့မြေကိုတောင်
ကန်ထရိုက်တွေက ဆောက်လုပ်ရင်းနှီးမြှုပ်နှံတာ
မလုပ်နိုင်ကြဘူး။
ဖြေရှင်းရမယ့် အရှုပ်အထွေးရှိတဲ့ မြေကွက်ဆိုရင်တော့
ဝေးဝေးက ရှောင်နေကြတယ်''

''သူငယ်ချင်းပြောစကားအရ ဆိုရင်တော့ အိမ်မဖျက်
ရသေးတာပဲ ကံကောင်းသေးတယ် ဆိုရမယ်ပေါ့''

''ဟုတ်တယ် သူငယ်ချင်း။
အိမ်ဟောင်း ဖျက်ခွင့်ရမှဖျက်တာ အကောင်းဆုံးပဲ။
အချို့က ကန်ထရိုက်တာပြောတဲ့ ရှစ်လအတွင်း
အပြီးဆောက်သွားမှာပါဆိုတာကိုယုံလို့ အိမ်ဖျက်လိုက်တာ
တွေရှိတယ်။
သူငယ်ချင်းတို့ရဲ့ နှစ်ဦးသဘောတူ စာချုပ်မှာ
ပြောင်းရွှေ့စရိတ်ဆိုမလား၊ အလိုက်ပေးငွေဆိုမလား၊
ဘယ်လောက် ရယူထားတာရှိသလဲ''

''ကျပ်သိန်း ခုနစ်ဆယ်တော့ ယူထားလိုက်တယ်။
သွားပြီးမေးတော့လည်း ဆောက်လုပ်ခွင့်တင်ထား
ပါတယ်လို့ ပြောတာပဲ။
ဘာဆက်လုပ်ရမှန်း မသိလို့''

''သူငယ်ချင်းမြေကွက်က ပေ ၂ဝ x ပေ ၆ဝ မြေကွက်
ထင်တယ်။
အခန်းပေး အခန်းယူကတစ်ခြမ်းပေး တစ်ခြမ်းယူပဲလား''

''အစမူလ စာချုပ်ချုပ်စဉ်က အလိုက်ငွေ ကျပ်သိန်း ၁၅ဝ နဲ့
အခန်းတစ်ခြမ်းပေး တစ်ခြမ်းယူချုပ်ခဲ့တယ်။
နောက်ပိုင်းအရောင်းအဝယ်အေးသွားတာရယ်။
ကုန်ပစ္စည်းတန်ဖိုး၊ ဘိလပ်မြေ၊ အုတ်၊ သဲ တန်ဖိုးမြင့်လာလို့
သူ့ကိုထပ်ပြီး တစ်ခန်းပေးပါဆိုတာနဲ့ သဘောတူ
ထားတယ်''

''ဒါဆို ကိုယ်က တိုက်ခန်း ငါးခန်းနဲ့ ငွေကျပ်သိန်း ၁၅ဝ
ဖြစ်သွား ပြီပေါ့''

''နှုတ်နဲ့တော့ သဘောတူထားတာပေါ့လေ။
ဒါပေမယ့် ဘာမှစတင်တာ မရှိသေးတော့ စာချုပ်ထဲမှာက
ခြောက်ခန်းပဲ ဖော်ပြထားပါတယ်။ ပြင်မရေးရသေးဘူး''

''ရောင်းထားတဲ့ တိုက်ခန်းတွေ ရှိသေးလား''

''မြေရှင်ဘက်ကတော့ မရောင်းရသေးဘူး။
ကန်ထရိုက်တာရတဲ့ တိုက်ခန်းတွေထဲကတော့
နှစ်ခန်း၊ သုံးခန်း ရောင်းထားတယ် ထင်တယ်။
လာပြီး စုံစမ်းသူတွေရှိတယ်။
သူတို့ ကိစ္စက မြေရှင်နဲ့ သက်ဆိုင်သလား''

''တိုက်ခန်းဈေးကွက်တွေ ကောင်းစဉ်ကတော့
ကန်ထရိုက်တာတွေက မြေရှင်တွေကို အလုအယက်
လိုက်လံ ရှာကြတယ်။
မြေရှင်နဲ့ဆောက်လုပ်ဖို့ သဘောတူညီချက်ရရင်
ငွေချက်ချင်း ချပေးတာတွေ၊
စာချုပ်ကို အမြန်ချုပ်ဆိုတာတွေရှိခဲ့ တယ်''

''ဟုတ်တယ် သူငယ်ချင်း။
မိန်းမဖြစ်သူက မြန်မြန်ဆန်ဆန် လက်ခံလိုက်တာပဲ။
စာချုပ်ကို သေချာမဖတ်ဖြစ်ခဲ့ပါဘူး။
သူတို့ရေးထားတဲ့ စာချုပ်ပေါ်မှာပဲ သူတို့ရဲ့ ရှင်းပြချက်အရ
သဘောတူလက်မှတ်ထိုးခဲ့ကြတာ။
အိမ်ကလည်း ပျဉ်ထောင်အိမ်၊ ကြာပြီဆိုတော့
ဆွေးစပြုပြီပေါ့။
ဒါနဲ့ပဲ တစ်နှစ်လောက် သည်းခံလိုက်ရင် အဆင်ပြေမှာပဲ
ဆိုပြီး သဘောတူခဲ့တာ''

''အချို့သဘောတူစာချုပ်တွေမှာ ကတိစာချုပ်
ချုပ်ဆိုသည့်နေ့မှစပြီး ၁၈ လအတွင်း အပြီးဆောက်မယ်လို့
ချုပ်ဆိုတာတွေရှိတယ်။
နောက်ပိုင်းမှာတော့ ဆောက်လုပ်ခွင့်ကျသည့် နေ့မှစ၍လို့
ချုပ်ဆိုလာတာကို တွေ့ရတယ်။
မြေပိုင်ရှင်တွေကလည်း ဆောက်လုပ်ခွင့်ကျမှ
အိမ်ဟောင်းကို ဖျက်ပေးကြတာတွေ ဖြစ်လာတယ်''

''ဆောက်လုပ်ရေးကို ဖျက်သိမ်းမယ် ဆိုတော့လည်း
ပေးလျော်ရမယ့် ငွေက မရှိတော့ အခက်အခဲရှိနေပြန်တယ်။
ကန်ထရိုက်သစ်တစ်ယောက်ကို ပြောင်းဖို့ကလည်း
အစောကပြောသလို အခက်အခဲတွေဖြစ်နေတယ်''

''ဂရန်စာချုပ်ပေးထားတာရှိသေးလား''

''သေချာတော့ မသိဘူး။
ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ မိန်းမဖြစ်သူက ဂရန်စာချုပ်
ပြန်တောင်းခဲ့တယ်ဆိုလား သမီးဖြစ်သူနဲ့ ပြောသံတော့
ကြားမိတယ်''

''သူငယ်ချင်း၊
ပထမဆုံးလုပ်ရမှာက  ရန်ကုန်မြို့တော်ခန်းမ
ယာ / အုံ ဌာနထံသွားရောက်စုံစမ်းပါ။
အိမ်ဆောက်ရန် မြေပုံကူးထားခြင်း ရှိမရှိ၊
အိမ်ဆောက်လုပ်ခွင့်နဲ့ အိမ်ဟောင်းဖျက်ခွင့်တင်ထားခြင်း ရှိမရှိ
စုံစမ်းကြည့်လို့
အိမ်ဆောက်လုပ်ခွင့် တင်ထားတာတွေ၊
မြေပုံကူး လျှောက်ထားတာတွေ မတွေ့ဘူးဆိုရင်တော့
ဆောက်လုပ်ဖို့ လုပ်ငန်းမစသေးဘူးလို့ မှတ်ယူရပါမယ်''

''ဆောက်လုပ်ခွင့်တော့ တင်ထားတယ် ပြောပါတယ်''

''ဟုတ်ပြီလေ။
ဆောက်လုပ်ခွင့် တင်ထားတယ်။
မြေပုံရပြီဆိုရင်တော့  ကန်ထရိုက်ဆီတောင်းကြည့်ပြီး
အတည်ပြုချက်ရယူပေါ့။
လုပ်ငန်းမစသေးဘူးဆိုရင်တော့ စာချုပ်ဖျက်မလား၊
ဆက်ပြီး စောင့်မလား ဆိုတာက
သူငယ်ချင်းဆုံးဖြတ်ရမယ့် ကိစ္စ ဖြစ်တယ်''

''အကောင်းဆုံးက ဘယ်လိုဆောင်ရွက်သင့်သလဲ''

''လက်ရှိအခြေအနေအရ
ကြိုပွိုင့်တွေ အဝယ်မလိုက်တော့ ရင်းနှီးမြှုပ်နှံတဲ့
ကန်ထရိုက်တွေက အရှုံးခံပြီး ဆောက်ကြမှာမဟုတ်ဘူး။
အရောင်းအဝယ်လိုက်လာရင်တော့ တားထားရင်တောင်
ရမှာမဟုတ်ဘူး။
နေ့ချင်းညချင်း  ဆောက်မှာပဲ။
မိမိအနေနဲ့ ကြိုတင်ငွေလည်း ရထားတယ်။
အဆောက်အအုံလည်း မဖျက်ရသေးဘူး ဆိုတော့
ပိုနေမြဲ၊ ကျားနေမြဲ၊ စောင့်ကြည့်ရင်၊ မနစ်နှာဘူးလို့ပဲ
အကြံပြုချင်တယ် သူငယ်ချင်း''ဟု
ဆွေးနွေးလိုက်ပါသည်။

ထီယု (ဥပဒေအတိုင်ပင်ခံ)

credit - Zaygwet Journal

**********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

Sunday, November 19, 2017

"မြေဝယ်မယ်ဆိုရင် မျက်စိကိုဖွင့် နားကိုစွင့်"

"မြေဝယ်မယ်ဆိုရင် မျက်စိကိုဖွင့် နားကိုစွင့်"

၁။ "မြေဝယ်မယ်ဆိုရင် မျက်စိကိုဖွင့် နားကိုစွင့်"

လူရယ်လို့ ဖြစ်လာရင် "ကျောတစ်ခင်းစာ" နေရာ
တစ်နေရာကလည်း မရှိလို့ မဖြစ်ဘူးလေ။ တစ်နေကုန်
စားဖို့ရှာရတယ်။ ဝတ်ဖို့ ရှာရတယ်။ ပင်ပမ်းသမျှ အတိုးချပြီး
အနားယူဖို့အတွက် နေအိမ်က မရှိလို့ မဖြစ်ပြန်ဘူး။
ဒါကြောင့် အပြင်ပမ်းခံ စုထားသမျှ ငွေများနှင့် မြေကွက်
ရှာပြီး ဝယ်ယူ နေထိုင်ကြရတယ်။

"ပျော်ရာမှာ မနေ၊ တော်ရာမှာ နေရမယ်"

အဲ့ဒီလို နေဖို့အတွက် မြေနေရာ ရှာပြီး ဝယ်ယူတဲ့နေရာမှာ
အခြားသူတွေလို မြို့လယ်ခေါင်မှာ အကွက်အကွင်းကျကျ
ဈေးနားနီးနီး၊ ကျောင်းနားနီးနီး၊ ဘုရားနားနီးနီးမှာ လူတိုင်း
နေချင်ကြတာပေါ့။
ဒါပေမယ့် ကိုယ်အကြောင်း ကိုယ်သိ ကိုယ့်ဝင်ငွေ ထွက်ငွေ
နဲ့ ညှိပြီး သင့်တော်မယ့် မြေနေရာ ရှာကြရတော့တာပေါ့။

ဒီလို ခံစားချက်ရှိနေသူတို့ကိုမှ "ပျော်ရာမှာ မနေရ၊ တော်ရာ
မှာ နေရမယ်"တဲ့ ဆိုရိုးစကားတွေ ရှိခဲ့တာကြောင့် သီချင်း
တစ်ပုဒ်က အားပေးနေ သယောင်ယောင်။

အဲ့ဒါကြောင့်လည်း ကိုယ်စွမ်းနိုင်သမျှ အသပြာငွေကြေး
လေးနဲ့ မြို့အထွက်မှာဖြစ်စေ၊ မြို့အပြင်မှာဖြစ်စေ မြို့နဲ့
မနီးမဝေးမှာဖြစ်စေ၊ အချိုအချောင် မြေနေရာလေးတွေလို
ဝယ်ယူနေထိုင်ကြသူတွေလည်း ရှိကြ ပါတယ်။

"ကတိမတည် သစ္စာမရှိ၊ လိမ်လည်သူတွေကို သတိရှိရှိ
စောင့်၍ကြည့်"

ခြေနိုင် လက်နိုင် ငွေကလေးနဲ့ ဝယ်ထားတဲ့ မြေကွက်
ဝယ်နေပေမယ့် "မြင်း စီးလို့၊ အထီးမှန်း အမမှန်း မသိ"
ဆိုသလိုပဲ မိမိဝယ်ယူနေထိုင်တဲ့ မြေကွက်ကို ရောင်းသူရှိ
လို့သာ ဝယ်လိုက်ရတယ်။

ဝယ်ယူလိုက်တဲ့ မြေက လယ်ယာမြေလား၊ ယာမြေလား၊
ဥယျာဉ်ခြံမြေလား၊ ဘိုးဘွားပိုင်မြေလား၊ ဂရန်မြေလား၊
အစိုးရပိုင်မြေလား၊ တိတိကျကျ မသိသူက များကြတယ်။

အဲ့ဒီလို ရိုးသားတဲ့ သူတွေကို အခွင့်ကောင်းယူပြီး
သူတို့ပိုင်မြေဟုဆိုကာ အတည်ပေါက်နဲ့ လိမ်လည်ပြောဆို
ရောင်းချပြီး ကိုယ်ရောင်ဖျောက်သွားတဲ့ လူတွေကလည်း
လောကမှာ ရှိနေကြတယ်။

"ဘယ်သူသေသေ၊ ငတေမာရင် ပြီးရော" ဆိုတဲ့ လူ့အတ္တ
တွေကြောင့်လည်း ရိုးသားတဲ့ သူတွေဟာ ဘုမသိ ဘမသိနဲ့
သူတစ်ပါးပိုင် မြေထဲ ဝင်ရောက်နေထိုင်တဲ့ ကျူးကျော်သူတွေ
ဖြစ်သွားကြပြီး တရားစွဲခံနေကြရသူတွေလည်း ရှိနေတာ
ကို တွေ့ရတယ်။

"မြေဝယ်ရင် မြေရာဇဝင် သိဖို့လိုအပ်"

သာဓကတစ်ခုကို လေ့လာကြည့်ရင်
ပဲခူးမြို့နယ် သာယာကုန်းကျေးရွာ အုပ်စုမှာ ရှိတဲ့
ကွင်းအမှတ်(၁၁၉၃)၊ ဝင်းဘော်ဒက်ကွင်း၊ ဦးပိုင်အမှတ်(၃၉)
ဟာ ဥယျာဉ်ခြံမြေ အမျိုးအစားဖြစ်ပြီး မြေဧရိယာ (၄.၃၀)ဧက
ကျယ်ဝန်းတယ်လို့ သိရပါတယ်။

အဲ့ဒီမြေအားလုံးကို ဦးအေးလှိုင်က လွန်ခဲ့သော နှစ်ပေါင်း
(၃၀)တည်းက အမည်ပေါက် ပိုင်ဆိုင်ခဲ့တယ်လို့ ဆိုပါတယ်။

"ဥစ္စာရင်းမှန်လို့ ပြန်ရ၊ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြရ"

အဲ့ဒီ ဥယျာဉ်ခြံမြေကွက်ကြီးကို ၁၉၈၄ ခုနှစ်ခန့်မှာတော့
စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း(၉၀၆)က နိုင်ငံတော်
လိုအပ်ချက်အရ သိမ်းယူသွားခဲ့တယ်လို့ သိရပါတယ်။

အနှစ်(၃၀)ခန့်အကြာ ၂၀၁၄ ခုနှစ်မှာတော့ အဲ့ဒီစစ်မြေပြင်
အင်ဂျင်နီယာတပ်ရင်းက ဥယျာဉ်ခြံမြေ ပိုင်ရှင် ဦးအေးနိုင်
ကို ပြန်လည် ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါတင်မက ပုံစံ-၇ လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်နဲ့
မြေစာရင်းပုံစံ(၁၀၅)မြေပုံတို့ကိုပါ ကြေးတိုင်နှင့် မြေစာရင်း
ဦးစီးဌာနက ထုတ်ပေးခဲ့ပြန်ပါတယ်။ ဒါကြောင့် အဲ့ဒီမြေ
(၄.၃၀) ဧက အားလုံးက ဦးအေးနိုင် အမည်ပေါက်ပြန်ဖြစ်
သွားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အဲ့ဒီဥယျာဉ်ခြံမြေ (၄)ဧကခွဲ မြေကွက်လွတ်ကြီး
က ၁၉၉၀ ခုနှစ်မှာ ပဲခူးမြို့နယ် လသာအေး မြို့ကွက်သစ်
ဖော်ထုတ်တဲ့ လသာအေးကျေးရွာ ရထားပိုင်မြေကွက်ကြီး
ဖြစ်တယ်လို့ ယုံကြည်တဲ့သူတွေက ဝယ်ယူနေထိုင်
လာခဲ့ကြတဲ့ သူတွေ ရှိနေခဲ့တယ်။

အချို့သော သူများကလည်း သာသနာတော်ကို ကြည်ညို
လွန်းသဖြင့် ကျောင်းဆောက်ရန်အတွက်ဖြစ်စေ၊ ရိပ်သာ
ဖွင့်ရန်အတွက် ဖြစ်စေ မြေကွက်တွေ ဝယ်ယူပြီး
သာသနာမြေ အဖြစ် လှူဒါန်း ထားကြတယ်လို့
သိရပြန်ပါတယ်။

"အိမ်ခြံမြေ အဝယ်မှား၊ ကျူးကျော်သူလို့ စွပ်စွဲထား"

ဟော .. အခုတော့ ရ.ဝ.တ ပိုင်လို့ ယုံကြည်ပြီး ဝယ်ယူ
နေထိုင်ခဲ့တဲ့သူတွေ ပိုင်ရှင်အစစ်အမှန်ပေါ်လာပြီဆိုတာ
လည်း သိလာကြတော့ မရှူနိုင် မကယ်နိုင်ဖြစ် ဖြစ်ကုန်
ကြတော့တာပေါ့။

မူလ လယ်ပိုင်ရှင်ဆိုသူကလည်း ဒီအတိုင်း လက်ပိုက်ပြီး
ကြည့်နေတာမဟုတ်ပါဘူး။ ဥယျာဉ်ခြံမြေအတွင်း ဝင်ရောက်
ကျူးကျော်နေသူများနှင့် အိမ်အဆောက်အဦးများအား
ဖယ်ရှား ထွက်ခွာပြီး လက်ရောက်ရလိုမှုနဲ့ တရားစွဲခံနေ
ကြရပြီလို့ သိရပါတယ်။

ဘယ်သူပိုင်လို့ ဘယ်သူနိုင်တယ်၊
ဘယ်သူမှန်လို့ ဘယ်သူမှားမယ် ဆိုတာ ကတော့
တရားရုံးရဲ့ အဆုံးအဖြတ်ခံယူရတော့မှာပေါ့။

ဒီနေရာမှာ ပြောချင် တာကတော့ အဲ့ဒီမြေကွက်ပေါ်မှာ
ကျူးကျော်သူတွေလို့ အစွပ်စွဲခံနေရသူတွေဟာ သူတို့ဘက်
က ကြည့်ရင် ကျူးကျော်နေထိုင်ပြီး ဝယ်ယူနေထိုင်ကြသူတွေ
ဖြစ်တယ်လို့ သူတို့ဘက်ကလည်း ဝယ်ယူထားတဲ့
စာချုပ်စာတမ်းအထောက်အထားတွေတော့ ပြကြမှာပဲ။

"မေးပါများ စကားရ၊ စုံစမ်းနိုင်မှ သတင်းတိကျ"

ထို့အတူဘဲ လက်ရှိ ဥယျာဉ်ခြံမြေ အမည်ပေါက်သူကလည်း
သူပိုင်ဆိုင်မှု အထောက်အထား စာရွက်စာတမ်းတွေ
တင်ပြမှာပဲ၊ ဒါပေမယ့် စာရင်းစစ်တော့ အမြစ်မြေက ဆိုသလို
ဒီလို လူနေရပ်ကွက်မဟုတ်တဲ့ မြေကွက်ကျယ်ကြီး ကို
နိုင်ငံတော်အစိုးရ(ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန)က
တရားဝင် အကွက်ရိုက်ပြီး ချထားပေးခြင်းဟုတ် မဟုတ်
သေချာစုံစမ်းစစ်ဆေးပြီးမှ ဝယ်ဖို့ ဆုံးဖြတ်သင့်ပါတယ်။

ယခုတော့ မစူးစမ်းမဆင်ခြင်ဘဲ မိုးကုတ်ဆရာတော်ဘုရားကြီး
မိန့်မှာတဲ့ "သူများစကားနဲ့ လမ်း မဆုံးစေနဲ့" ဆိုတဲ့ ဩဝါဒကို
မျက်ကွက်ပြုကာ တစ်ဆင့် စကားတွေ ယုံမှားပြီး ဝယ်ယူ
နေထိုင်ကြတဲ့ အတွက် အခုလို ပြေးစရာမြေ မရှိ ပေးစရာ
ငွေမရှိ ကိန်းဆိုက်ကုန်ကြတာပေါ့။

ဒါဟာ "ဘယ်သူပြုပြု မိမိမှု" ပဲလေ။
ဒါကြောင့် အိမ်ခြံမြေများ ဝယ်ယူကြတော့မယ်ဆိုရင်
ကိုယ် ဝယ်ယူနေထိုင်မယ့် မြေဟာ
လူနေထိုင်ခွင့်ရှိတဲ့ မြေမျိုးလား၊
ပုဂ္ဂလိကပိုင်မြေလား၊
အစိုးရပိုင်မြေလား စသည်ဖြင့် ခွဲခွဲခြားခြား ရှင်းရှင်းလင်းလင်း
သိနိုင်ဖို့ ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး ဒါမှမဟုတ်
မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန
(ယခင် ကြေးတိုင်နှင့် မြေစာရင်း ဦးစီး ဌာန) တို့မှာ
မေးမြန်း စုံစမ်းပြီးမှ ဝယ်ယူကြပါလို့သာ တိုက်တွန်းနှိုးဆော်
လိုက်ရပါတော့တယ်။

"မိလိန္ဒ" နဲ့ "ရှင်နာဂသိန်း" တို့ထုံး နှလုံးမူနိုင်ကြပါစေ။

(လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ)

*****

၂။ "လယ်မြေ အကွက်ရိုက် ရောင်းချတာတွေ ရှိနေဆဲ"

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်တိုင်း
အတွင်းရှိ လယ်မြေတွေကို အခြားနည်းလမ်းနဲ့ အသုံးပြုခွင့်
မပေးထားဘူးလို့ ဆိုပေမဲ့လည်း အချို့မြို့နယ်တွေမှာ
လယ်မြေတွေကို အကွက်ရိုက်ပြီး ရောင်းချနေတာတွေ
ရှိနေသေးတယ်လို့ သိရပါတယ်။

ကျေးရွာအတွင်းမှာရှိတဲ့ လယ်မြေတွေကို အကွက်ရိုက်ပြီး
ရောင်းချနေတာပါ။ပုံစံ-၁၀၅ ကျပြီးပြီးလို့ဆိုပြီး လမ်းအတွက်
အကျယ်ပေ ဘယ်လောက်ရှိတယ်၊ လျှပ်စစ်မီးတွေရဖို့
လုပ်ဆောင်နေတယ်ဆိုပြီး မြေပုံနဲ့ပြပြီး ပိုင်ရှင်ဆိုသူတွေက
ရောင်းနေကြတယ်လို့ ဝယ်ယူသူတချို့ဆီက သိရပါတယ်။

မြေကွက်ဝယ်ယူသူတစ်ဦးဖြစ်တဲ့ ဦးမောင်မောင်လှက
‘တစ်ကွက် သိန်း ၂၀ ဆိုလို့ ဝယ်မိသွားတာ။
လယ်မြေတွေမှာ အိမ်မဆောက်ရဘူးဆိုလို့ ပြန်ရောင်း
နေတာ ၊
စာချုပ်ကတော့ အရပ်စာချုပ်ပေါ့ ၊ ဝယ်ကြတယ် ၊
တန်တယ်ဆိုပြီး ဝယ်နေကြတယ် ၊
မရှိသူတွေအတွက် သိန်း ၂၀ ဆိုတာ မြေကွက်တစ်ကွက်
ရတယ်ဆိုတော့ မြေပိုင်ရှင်ဖြစ်ဖို့ အိပ်မက်တွေ မက်နေ
ကြတာ ၊ ရှုံးမှာမမြင်ကြဘူး ‘ လို့ ပြောပါတယ်။

မြို့နယ်အလိုက် ကျေးရွာလယ်မြေတွေက အကျယ်
ပေ ၂၀ ၊ အရှည်ပေ ၆၀နဲ့ ပေ ၄၀ ပတ်လည်အကွက်တွေ
ကို တစ်ကွက်ကို ကျပ် ၁၇သိန်းကနေ သိန်း၄၀ အထိ
ပေါက်ဈေးရှိနေတယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာ စိုက်ပျိုးလို့ရတဲ့ လယ်မြေ
ဧက ၁၂၀,၀၀၀ ခန့်ရှိတယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်က
အသေးစာ၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်တွေနဲ့
တွေ့ဆုံပွဲမှာ ပြောကြားထားပါတယ်။

သည်လို လယ်မြေတွေကို ဝယ်ယူထားသူတွေဟာ
အချိန်မရွေး အသိမ်းခံရနိုင်ပြီး ခိုင်မာမှုမရှိပါဘူး၊
ဒါပေမဲ့လည်း စီးပွားရေလုပ်ငန်းရှင်အချို့ကတော့
ဧကအလိုက်ဝယ်ယူထားပြီး အကွက်ရိုက်ရောင်းချတာတွေ
ကို လုပ်နေတယ်လို့ ဆိုပါတယ်။

လယ်ယာဥပဒေမှာလည်း လယ်ယာမြေကို လယ်ယာပဲ
စိုက်ရမယ်လို့ပါရှိပြီး အခြားသီးနှံပြောင်းလဲစိုက်ပျိုးဖို့
ခွင့်မပြုထားပါဘူး။

မြေကွက်ဝယ်ယူသူတစ်ဦးက
‘ရတော့လဲ အမြတ်ဆိုပြီး ဝယ်ထားလိုက်တာ ။
တချို့ လေးငါးကွက် ဝယ်သမားတောင်ရှိတယ်၊
ပိုင်ရှင်ကတော့ မရှုံးဘူးလို့ အာမခံနေတာပဲ ‘ လို့
ပြောပါတယ်။

(အေးအေးအောင်)

credit - iMyanmar House & Kumudra Journal

**********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

“ပြောင်းလဲလာသော တိုက်ခန်းဈေးကွက် ပုံစံများ”

“ပြောင်းလဲလာသော တိုက်ခန်းဈေးကွက် ပုံစံများ”

၁။ "ဝယ်သူ့အကြိုက်သို့ ပြောင်းသွားသော
တိုက်ခန်းဈေးကွက်"

ယခင်က ဈေးကွက်တွင် တိုက်ခန်းများသည်
ဆောက်လုပ်သူနှင့် ရောင်းချသူစိတ်သဘောအတိုင်းသာ
ဈေးကွက်တင်ရောင်းချမှု များပြားခဲ့သော်လည်း ယခုအခါ
ဝယ်သူ့အကြိုက်ကို ဦးစားပေးသည့်ပုံစံသို့ ပြောင်းလဲ
လာကြောင်း ဈေးကွက်အတွင်းရှိ သတင်းရင်းမြစ်များထံမှ
သိရှိရသည်။

အနံပေ ၂ဝ ရှိသော မြေကွက်ကို အရပ်အခေါ် ရင်ခွဲပုံစံ
နှစ်ခန်းတွဲအထပ်မြင့်များ ဆောက်လုပ်မှု ယခင်ကာလက
များပြားခဲ့သော်လည်း ယခုအခါ ထိုတိုက်ခန်းများမှာ
ဈေးကွက် မတွင်ကျယ်တော့ဟုလည်း ဆိုကြသည်။

၂ဝ၁၄ နိုဝင်ဘာမှစတင်ကာ ဆောက်လုပ်ရေးဈေးကွက်
အေးစက်လာခဲ့ပြီးနောက် စီးပွားရေးဆိုင်ရာ တုံ့ဆိုင်းစေ
ခဲ့သော်လည်း ကောင်းကွက်အနေဖြင့် ယခုအခါ ဝယ်သူ
များ၏ လိုလားချက်က ဈေးကွက်တွင်
အသာစီးရလာခြင်းဖြစ်သည်။

ဥပဒေစည်းမျဉ်းစည်းကမ်းများထက် ဈေးကွက်လိုလားချက်
နှင့် ပိုမိုလိုက်လျောညီထွေ ဖြစ်စေရန် လုပ်ထုံးများကိုပင်
ဆောက်လုပ်ရေးလုပ်ငန်းရှင်များဘက်မှ ဦးဆောင်ဦးရွက်
ပြုကာ ပြောင်းလဲလာသည်များ ရှိနေသည်။

ယင်းတို့အနက် ဘဏ်များနှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်
များပေါင်းကာ အရစ်ကျစနစ်ဖြင့်ရောင်းသည့်ပုံစံသည်
ဥပမာကောင်းတစ်ခု ဖြစ်ပါသည်။

လက်ရှိအိမ်ခြံမြေအရောင်းဈေးကွက်အတွင်း ကျယ်ဝန်းသော
တိုက်ခန်းများသာ အရောင်းအဝယ် ကောင်းမွန်နေကြောင်း
အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

တိုက်ခန်းအရောင်းဈေးကွက်အတွင်းတွင် ဝယ်လိုအားထက်
ရောင်းလိုအား များပြားနေသည့်အတွက် ဝယ်ယူလိုသူများ
အနေဖြင့် ရွေးချယ်မှုများ ပိုမိုပြုလုပ်လာကြပြီးနောက်
အခန်းကျယ်ဝန်းသော တိုက်ခန်းများကိုသာ ပိုမိုရွေးချယ်
ဝယ်ယူလာကြခြင်းဖြစ်ကြောင်း အာရှဆောက်လုပ်ရေး
လုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးရန်အောင်က
ပြောသည်။

''တိုက်ခန်းဝယ်ယူလိုသူတွေက ရွေးချယ်မှုတွေ ပိုမိုပြုလုပ်
လာနိုင်ကြပါပြီ။
အခန်းအကျယ်အဝန်းသာမက နေရာကောင်းမွန်တာတွေ၊
ရေ၊ မီး အဆင်သင့်ပါတာတွေ၊ အရစ်ကျစနစ်နဲ့ ပေးချေနိုင်
တာတွေ၊ အတိုးနှုန်း သက်သာတာတွေကိုပါ ဝယ်ယူသူ
တွေက ရွေးချယ်ဝယ်ယူလာကြပါတယ်'' ဟုလည်း
၎င်းက ပြောသည်။

တိုက်ခန်းဈေးကွက်တွင် ယခင်က နေထိုင်ရန်ထက်
ရင်းနှီးမြှုပ်နှံသည့်သဘောဖြင့် ဝယ်ယူသူများပြားခဲ့သော်
လည်း ယခုအခါ ပြောင်းပြန်ဖြစ်သွားပြီဟုလည်း သိရသည်။

''အရင်တုန်းက တိုက်ခန်းတွေကို ဈေးကစားဖို့၊ ပြန်ငှားစားဖို့
စတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေအတွက် ဝယ်ယူသူတွေရှိခဲ့
ကြပေမဲ့ အခုနောက်ပိုင်းမှာတော့ မြေဈေး တည်ငြိမ်နေတာ
ကြောင့် နေထိုင်ဖို့အတွက် ဝယ်ယူလိုသူတွေပဲ များလာ
ကြပါပြီ။
နေထိုင်ဖို့ပဲ ဝယ်ယူလိုကြတော့ တိုက်ခန်းဈေးနှုန်း ကွာခြား
တာထက် အကျယ်အဝန်းကို ပိုပြီး ဦးစားပေးကြည့်လာ
ကြပါတယ်''ဟု ဦးရန်အောင်က မှတ်ချက်ပေးသည်။

ဥပမာအားဖြင့်ဆိုလျှင် ဈေးကွက်တစ်ခုလုံးအနေဖြင့်
တိုက်ခန်းအရောင်းအဝယ်ထိုင်းနေသော်လည်း
တောင်ဥက္ကလာပမြို့နယ်တွင်မူ ဈေးကွက်ပြန်ကောင်းလာ
နေပြီး ထိုသို့ဖြစ်ရခြင်းမှာလည်း ပေ ၂ဝ မြေတွင်
ဆောက်ထားသည့် ရင်ခွဲတိုက်များမဟုတ်ခြင်းကြောင့်
သည်လည်း အကြောင်းရင်းတစ်ခု ဖြစ်သည်ဟု
အိမ်ခြံမြေအကျိုးဆောင်တို့က ဆိုသည်။

ဦးရန်အောင်၏အဆိုအရ မြောက်ဒဂုံတွင်လည်း တန်ဖိုးမြင့်
ကွန်ဒိုတိုက်ခန်းမဟုတ်သော်လည်း စတုရန်းပေ ၁,ဝဝဝ ခန့်
ကျယ်ဝန်းသော တိုက်ခန်းကျယ်များ ဆောက်လုပ်မှုများပြား
လာနေပြီး အရောင်းဈေးကွက်လည်း ကောင်းမွန်နေကြောင်း
သိရသည်။

မြောက်ဒဂုံမြို့နယ်တွင် တိုက်ခန်းဝယ်ယူနေထိုင်နေသူ
တစ်ဦးဖြစ်သူ ဦးမြင့်သိန်းက တိုက်ခန်းဝယ်ယူရာတွင်
ဆိတ်ငြိမ်ရပ်ကွက်ဖြစ်ခြင်းနှင့် တိုက်ခန်းအကျယ်အဝန်းကို
ဦးစားပေးရွေးချယ်ခဲ့ကြောင်း ပြောသည်။

''မိသားစုအကုန်လုံး နေ့ဘက်အလုပ်သွားမယ့်သူတွေ
မဟုတ်ဘဲ အိမ်မှာပဲ နေထိုင်မယ့် မိသားစုဝင်တွေလည်းရှိလို့
သူတို့နေ့ရော၊ ညရော နေရမယ့်နေရာဆိုတော့ မွန်းကျပ်စရာ
ကောင်းလွန်းလှတဲ့ တိုက်ခန်း ကျဉ်းကျဉ်းလေးထက်
ဈေးသင့်တဲ့နေရာက ကျယ်ဝန်းတဲ့ တိုက်ခန်းကို ရွေးချယ်
ဝယ်ယူခဲ့တာ ဖြစ်ပါတယ်''ဟု သူကဆိုသည်။

''အလုပ်လုပ်နေသူတစ်ဦးအတွက် မြို့လယ်ကောင်မြို့တွေက
သွားရလာရ ပိုအဆင်ပြေပေမဲ့ မိသားစုဝင်တွေအတွက်တော့
မြို့လယ်ကောင်က အပေါ်ထပ် တိုက်ခန်းကျဉ်လေးထက်
မြို့စွန်က ပထမထပ် တိုက်ခန်းကျယ်က နေထိုင်ဖို့ ပိုအဆင်
ပြေရုံမက ဈေးနှုန်းလည်း ပိုမိုသက်သာ ပါတယ်'' ဟုလည်း
၎င်းက မှတ်ချက်ပြုသည်။

မြတ်မင်းဆောက်လုပ်ရေးလုပ်ငန်းမှ ဒါရိုက်တာ ဦးအောင်မင်း
က ဆောက်လုပ်ရေးကဏ္ဍတွင် ဝယ်ယူလိုသူကို ဦးစားပေး
ရသည့်ဈေးကွက်ဖြစ်လာပြီ ဖြစ်သည့်အတွက်
ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အနေဖြင့် ဝယ်ယူလိုသူများ
လိုချင်သည့်ပုံစံမျိုးကိုသာ ပိုမိုဆောက်လုပ်လာရကြောင်း
ပြောသည်။

''နေထိုင်သူတွေအဆင်ပြေစေဖို့ အဆောက်အအုံဆောက်
ကတည်းက တိုက်ခန်းအကျယ်အဝန်းတွေ၊ အတွင်းပိုင်း
အခန်းဖွဲ့စည်းမှုတွေ၊ အလှဆင်တာတွေကိုပါ ထည့်သွင်း
စဉ်းစားပေးလာကြပါပြီ။
အရင်က ကွန်ဒိုတိုက်ခန်းတွေသာ အဲဒီလို ဆောက်လုပ်ပေး
ပေမဲ့ အခုတော့ သာမန်အခန်းကျယ်တိုက်ခန်းတွေကိုလည်း
ကွန်ဒိုတိုက်ခန်းတွေလိုပဲ အခန်းဖွဲ့စည်းပုံနဲ့ အတွင်းအပြင်
အလှဆင်ဒီဇိုင်းတွေကိုပါ ဆောင်ရွက်ပေးလာကြပါပြီ''ဟု
ဦးအောင်မင်းက ပြောသည်။

တန်ဖိုးနည်းတိုက်ခန်းများကို ဝယ်လိုအား ရှိနေသည်
မှန်သော်လည်း ထိုဝယ်သူများသည် ဈေးကွက်၏ အစိတ်
အပိုင်းတစ်ခုကိုသာ ကိုယ်စားပြုပြီး တန်ဖိုးမြင့်ကွန်ဒိုခန်းများ
မဝယ်နိုင်သော်လည်း ဈေးနှုန်းထက် အခန်းအကျယ်နှင့်
ပတ်ဝန်းကျင်ကိုကြည့်ကာ ဝယ်ယူသူများလည်း ရှိလာပြီဟု
ဈေးကွက်သတင်းရင်းမြစ် အချို့က ဆိုကြသည်။

(တင်ရတနာထွန်း)

*****

၂။ "ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အရစ်ကျပုံစံရောင်းချမှုနဲ့
နေရာ ရွေးချယ်မှုတွေ ပြောင်းလဲလာ"

ဆောက်လုပ်ရေး အရောင်းဈေးကွက်အတွင်း အရစ်ကျ ပုံစံ
ပြောင်းလဲလာမှုနဲ့ အခန်းဈေးနှုန်း၊ ဆောက်လုပ်တဲ့ နေရာ
ရွေးချယ်မှုတွေ ရှိလာပါတယ်။

"အခုဆောက်လုပ်ရေး အများစုက သာကေတဘက်ကို ကူးလာ
ကြတာများ တယ်၊ အရင်က အတွင်းဘက်တွေကို ဆောက်လုပ်
တာများပေမဲ့ အခုက လူသိများတဲ့ လမ်းတွေမှာ ဆောက်လုပ်
လာကြ တာများတယ်" လို့ အံ့ထူးဆောက်လုပ်ရေး က
မန်နေဂျာ ကိုမင်းမင်းက ပြောပါတယ်။

ရောင်းချမှုပုံစံ
။။။။။။။။။။။။။။။

လက်ရှိရောင်းချမှုတွေကတော့ ပထမထပ်က စတင်ကာ
အရောင်းအဝယ်တွေ ရှိနေပြီး မြေညီထပ်ကိုတော့ ဈေးကွက်
ကို လေ့လာပြီး အရောင်းပိတ်ထား တာတွေ ရှိနေပါတယ်။
မြေညီထပ်အခန်း ဈေးနှုန်းတွေကတော့ အနည်းဆုံးလူသိများတဲ့
လမ်းမကျယ်တွေမှာဆို ကျပ်သိန်း ၁၀ဝ၀ကျော်က စတင်
ခေါ်ကြပြီး ကျပ် သိန်း ၃၀ဝ၀လောက်အထိ ဈေးကွက်
အပြောင်းအလဲ ရှိတယ်လို့ သိရပါတယ်။
ဒါ့ အပြင်အခုနောက်ပိုင်း လူစိတ်ဝင်စားမှုများတဲ့ နေရာတွေမှာ
တော့ ၂၄နာရီ စီးတီးမတ် ဆိုင်ခွဲတွေကို ကုမဏီတွေနဲ့ ပူးပေါင်း
ဖွင့်လှစ်ကြတာမျိုးတွေကြောင့် ကန်ထရိုက် စိတ်ဝင်စားတဲ့
မြို့နယ်တွေမှာ ခေတ်စားနေတဲ့ ဈေးကွက်တစ်ခုလည်း
ဖြစ်ပါ တယ်။

ဈေးနှုန်းတွေကတော့ အထပ်တစ်ဆင့်ကို ကျပ်သိန်း ၅၀ လျှော့ခေါ်
ကြပြီး အပေါ်ဆုံးထပ်ဈေးနှုန်းတွေကတော့ ၁၈ပေ x ၅၅ ပေ ကို
ကျပ် သိန်း ၂၅၀ လောက်အထိ ပေါက်ဈေးတွေရှိနေပါတယ်။
အရစ်ကျစနစ်ကိုတော့အတွင်းကွက်တွေမှာသာ ဦးစားပေးရောင်းချ
ကြပြီး အပြင် လမ်းမတန်းတွေမှာတော့ လက်ငင်းဈေးကွက်သာ
များပြားနေတာ ဖြစ်ပါ တယ်။

အရစ်ကျကိုတော့ အရင်က ၁၂လ အထိသာ လက်ခံကြပြီး
အခုနောက်ပိုင်း မှာတော့ ၁၈လမှ ၂၄လအထိ အမျိုးမျိုး
ပြောင်းလဲလက်ခံပြီး ဈေးနှုန်းရဲ့ ပထမအ ရစ်ကိုတော့
အများစုက ၃၀ရာခိုင်နှုန်း လောက် တောင်းတာတွေရှိတယ်လို့
သိရပါတယ်။

နေရာရွေးချယ်မှု
။။။။။။။။။။။။။။။။။။

နေရာရွေးချယ်မှုကတော့  ရပ်ကွက်အတွင်း လူသိများတဲ့လမ်း
တွေကို ရွေးချယ်ကြတာများပြီး အကျိုးတူ ဆောက်လုပ်မှုတွေ
ထက် ကိုယ်ပိုင်မြေဝယ် ဆောက်လုပ်တာတွေ များနေပါတယ်။

ကန်ထရိုက်ဝင်ရောက်မှုတွေကတော့ လက်ရှိ သာကေတ၊
သင်္ဃန်းကျွန်းနဲ့ တောင်ဥက္ကလာပမြို့နယ်တွေမှာ အဝင်များပြီး
ဈေးနှုန်းတွေကိုတော့ နေရာအလိုက်လျှော့ရောင်းတာတွေ
ရှိသလို ဈေးမခေါ်ဘဲ စောင့်ကြည့်နေတာတွေလည်း
ရှိတယ်လို့  သိရပါတယ်။

(ပြည့်ဖြိုးမြင့်မွန်)

credit - The Myanmar Times & Kumudra Journal

**********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

"ဘောင်ထဲရောက်လာသည့် အနောက်ပိုင်းမြို့သစ်နှင့် ဟံသာဝတီလေဆိပ်"

"ဘောင်ထဲရောက်လာသည့် အနောက်ပိုင်းမြို့သစ်နှင့်
ဟံသာဝတီလေဆိပ်"


၁။ "ရန်ကုန်အနောက်ပိုင်းမြို့သစ်စီမံကိန်းတွင် ဒလမြို့နယ်
ကိုပါ ထည့်သွင်း၊ မြို့နယ် သုံးခု၊ မြေဧကလေးသောင်း
ကျော်ဖြင့် စီမံကိန်း ရေးဆွဲထားဟု
ဆောက်လုပ်ရေး ဒုဝန်ကြီးပြော"

ရန်ကုန် အနောက်ပိုင်းမြို့သစ်စီမံကိန်းတွင် ဒလမြို့နယ်ကို
ပါ ထည့်သွင်းထားပြီး မြို့နယ်သုံးခု၊ မြေဧကလေးသောင်း
ကျော်ဖြင့် စီမံကိန်းရေးဆွဲထားကြောင်း ဆောက်လုပ်ရေး
ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်းက ပြောသည်။

ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော်အစည်း အဝေးတွင်
လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိန်မြအေးက
ဒလမြို့သစ်စီမံကိန်းဖော်ဆောင်ရန် သိမ်းယူခဲ့သောမြေများ
အနက် ဆောင်ရွက်မှု မရှိသေးသော(၁၁/၁၄)ရပ်ကွက်၊
အံ့ကြီးအနောက်ရပ်ကွက်၊ (၆)နံပါတ် ရပ်ကွက်များရှိမြေများ
အား အနာဂတ်စီမံကိန်း အကောင်အထည်ဖော်
ဆောင်ရွက်ရန် မည်သည့်အချိန်တွင်စတင်မည်၊ မည်မျှအချိန်
ကြာမြင့်မည်၊ မည်သို့ဆက်လက် ဆောင်ရွက်မည်ကို
သိလိုကြောင်း မေးမြန်းမှုအပေါ် ဒုတိယ၀န်ကြီးက ယင်းသို့
ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒလမြို့နယ်တွင် ရပ်ကွက်ပေါင်း ၂၃ ရပ်ကွက်ရှိသည့်အနက်
၁၉၉၁ ခုနှစ်က မြို့ကွက်သစ်စီမံကိန်းအတွက် ဧက ၁၀၀၀
ကျော် သိမ်းခဲ့ပြီး ရပ်ကွက် ၂၀ မှာ မြို့ကွက်သစ် ဖြစ်လာပြီး
ကျန်သုံးရပ်ကွက်မှာ မြို့ကွက်သစ်ဖော်ဆောင်သေးခြင်း
မရှိသဖြင့် မြေဧကများ ကျန်ရှိနေကြောင်း ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဒေါက်တာစိန်မြအေးက ပြောသည်။

"မြို့ကွက်သစ်မှာ ချပေးဖို့ ပြည်သူတွေ တောင်းဆိုနေတာ
ကျွန်တော်တို့ အစိုးရအပါအ၀င် အစိုးရသုံးဆက် ရှိပါပြီ။
ဘာမှထူးခြားလာခြင်း မရှိပါဘူး။
ပြည်သူ လူထုက ကျွန်တော်တို့အစိုးရလက်ထက်မှာ ဆုံးရှုံး
နေတဲ့အခွင့်အရေးတွေကို ပြန်ရမယ်လို့ မျှော်လင့်နေကြ
ပါတယ်" ဟု ဒေါက်တာစိန်မြအေး က ဆိုသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်း
က စီမံကိန်းအကောင်အထည်ဖော်ရန် ကျန်ရှိသောရပ်ကွက်
သုံးခုကို ရန် ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့်
ရန်ကုန်မြို့တော်ဖွံ့ ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး
ကော်မတီ၏ အနာဂတ်မြို့ပြ ဖွံ့ဖြိုးမှု အပေါ်မူတည်ပြီး
Master Plan ရေးဆွဲကာ ဆောင်ရွက်သွားမည်ဟု
ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့မှဖော်ဆောင်မည့်
ရန်ကုန် မြို့သစ်စီမံကိန်းတွင် ဒလမြို့နယ်လည်းအပါအ၀င်
ဖြစ်ကြောင်း ဒုတိယ၀န်ကြီးက ထပ်လောင်းပြောသည်။

"ဒလမြို့နယ်အပါအ၀င် ဒလ မြို့နယ်၊ ဆိပ်ကြီးခနောင်တို
မြို့နယ် နဲ့ကြည့်မြင်တိုင်တစ်ဖက်ကမ်း အေးရွာတည်ရှိတဲ့
လှိုင်သာယာမြို့နယ်၊ ဒီမြို့နယ်သုံးခုကို ပူးပေါင်းပြီးတော့ မှ
အဲဒီမှာ မြေဧကလေးသောင်းကျော်ကို ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့နဲ့ ဆောက်လုပ်ရေး ၀န်ကြီးဌာနတို့ ပူးပေါင်းပြီး
Master Plan ရေးဆွဲထားပါတယ်။
ရန်ကုန် အနောက်ပိုင်းမြို့သစ်စီမံကိန်းဆိုပြီး ရေးဆွဲထား
ပြီးတော့ အခု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က
အကောင်အထည်ဖော်မယ့် Project အထဲမှာ ဒလမြို့
ကလည်း အပါအ၀င်ဖြစ်ပါတယ် " ဟု ဒုတိယ၀န်ကြီး
ဦးကျော်လင်းက ပြောသည်။

စီမံကိန်း စတင်မည့်ရက်ကိုမူ ရန်ကုန်တိုင်းဒေသကြီးအစိုးရ
အဖွဲ့နှင့်ညှိနှိုင်းပြီး ပြန်ကြားသွားမည် ဖြစ်ကြောင်း
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးက
ပြောကြားသည်။

ရန်ကုန်မြို့သစ်စီမံကိန်းကို ၂၀၁၄ ခုနှစ် ပထမအကြိမ်
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေးတွင်
ယခင်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား
ရန်ကုန်မြို့တော်ဝန်က ဖော်ဆောင်ရေးအဆိုတင်သွင်းခဲ့ခြင်း
ဖြစ်ပြီး စီမံကိန်းများနှင့်ပတ်သက်၍ ဝေဖန်မှုများ ထွက်ပေါ်
လာပြီးနောက် အဆိုကို ပြန်လည် ရုပ်သိမ်း ခဲ့သည်။

ယင်းပထမအအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်
သက်တမ်း ၂၀၁၅ ခုနှစ် ဇွန်လတွင်ပြုလုပ်သော ရန်ကုန်တိုင်း
လွှတ်တော် အစည်းအဝေး၌ ကြည့်မြင်တိုင်မြို့နယ်အမှတ်(၂)
လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်ကရန်ကုန်မြို့သစ်
စီမံကိန်း အမြန်အကောင် အထည်ဖော်ရေးအဆိုကို
တင်သွင်းပြီး လွှတ်တော်ကအတည်ပြုခဲ့ သည်။

ယင်းအတည်ပြုချက်နှင့်ပတ်သက်ပြီး လက်ရှိရန်ကုန်တိုင်း
ဒေသကြီးအစိုးရအဖွဲ့က ဆက်လက် ဆောင်ရွက်မှု
အခြေအနေကို ယခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့ လွှတ် တော်၌
လျှစ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး
ဒေါ်နီလာကျော်က ရှင်းလင်းခဲ့ရာ မူလ ချုပ်ဆိုခဲ့သောကုမ္ပဏီ
သုံးခုကိုခေါ်ယူညှိနှိုင်းမှုအရ ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့သစ်မှ ရာနှုန်းပြည့် ကြီးကြပ်ကွပ်ကဲဆောင်ရွက်ရန်၊
ရန်ကုန်မြို့သစ်တည်ဆောက်ရေးလုပ်ငန်းစဉ်ကော်မတီ ကို
တာဝန်ပေးထားပြီး အနောက်တောင်မြို့သစ်စီမံကိန်းအဖြစ်
ကြည့်မြင်တိုင်တစ်ဖက်ကမ်းတွင် ဖော်ဆောင်မည်ဟုသာ
ရှင်းလင်းထားကြောင်း သိရသည်။

(YM)

*****

၂။ "ဟံသာဝတီလေဆိပ်ဆောက်ရန် အစိုးရက ဦးစားပေး"

လက်ရှိ အကောင်အထည်ဖော်လျက်ရှိသော ပို့ဆောင်ရေး
မဟာစီမံချက်၏ လေကြောင်း ပို့ဆောင်ရေးအပိုင်းတွင်
ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် ဆောက်လုပ်ရေး
စီမံကိန်းသည် ပင်မဦးစားပေးဖြစ်ပြီး ယခုအစိုးရသက်တမ်း
အတွင်း ထိုစီမံကိန်းတစ်ခုတည်းကိုသာ တစိုက်မတ်မတ်
ဆောင်ရွက်သွားမည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး
ဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောကြားလိုက်သည်။

မူဘောင်သဘောတူညီချက်ကို တင်ဒါအောင်မြင်ထားသည့်
ကုမ္ပဏီများနှင့် ရေးထိုးပြီးဖြစ်သလို လုပ်ပိုင်ခွင့် ဆိုင်ရာ
သဘောတူညီမှုများကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး
ဒုတိယဝန်ကြီး ဦးဆောင်ဆွေးနွေးနေပြီး ယခုနှစ်ကုန်တွင်
ပြီးပြတ်နိုင်မည်ဖြစ်ကြောင်း ပို့ဆောင်/ဆက်သွယ်ဝန်ကြီး ဌာန
အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က ပြောသည်။

''စီမံကိန်းဟာ နောက်ငါးနှစ်အတွင်းမှာ ပြီးရမှာ ဖြစ်တယ်။
ရန်ကုန်ကွင်းရဲ့အနေအထားအရဆိုရင် ဟံသာဝတီကွင်းက
နောက်ငါးနှစ်မှာ ပြီးဖို့လိုနေပြီလို့ ဝန်ကြီးဌာန အနေနဲ့ရော
လေကြောင်းဦးစီးအနေနဲ့ရော ဒီလိုပဲတွက်ချက်သုံးသပ်
ဆုံးဖြတ်ထားတယ်။
နောက်ပြီးတော့ ဂျပန်က တရားဝင်ဖွံ့ဖြိုးရေးချေးငွေကိုလည်း
အစိုးရက ချေးတဲ့အလုပ်ကို လုပ်ပေးရမယ်။
ဆပ်တာတော့ တင်ဒါအောင်ထားတဲ့ ကုမ္ပဏီက ဆပ်မယ်။
ဒါကြောင့် ကျန်တဲ့ဆွေးနွေးမှုအပိုင်းတွေ အများကြီးကျန်
သေးတယ်''ဟု ၎င်းက ပြောသည်။

လက်ရှိရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ခရီးသည်
၂ ဒသမ ၇ သန်းကိုသာ လက်ခံနိုင်ကာ ၂ဝ၁၃ ခုနှစ်အတွင်းက
ခရီးသည်သုံးသန်းကျော်အထိ ဝင်ရောက်ခဲ့သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို တိုးချဲ့ရန် မြေနေရာ
ကန့်သတ်ချက်များရှိပြီး တိုးတက်များပြားလာသော လေကြောင်း
ခရီးစဉ်များနှင့် ခေတ်မီလေယာဉ်ကြီးများ ဆင်း/တက်ရန်
မလုံလောက်တော့သည့်အတွက် ရန်ကုန်အနီး တစ်ဝိုက်တွင်
လေဆိပ်သစ်ဆောက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ဟံသာဝတီလေဆိပ်တည်ဆောက်ရန်အတွက် ပဲခူးတိုင်းဒေသကြီး၊
ပဲခူးမြို့နယ်၊ ကျောက်တိုင်ကန်ကျေးရွာအနီးရှိ ၉,၆၉ဝ ဧက
ကျယ်ဝန်းသော ဂျပန်ခေတ်က လေယာဉ်ကွင်းဟောင်းကို
ရွေးချယ်ထားပြီး တစ်နှစ်လျှင် ခရီးသည် ၁၂ သန်းကို ကိုင်တွယ်
ဆောင်ရွက်ပေးနိုင်ရန် မျှော်မှန်းထားသည်။

အခြားတစ်ဖက်တွင်မူ ရန်ကုန်မြို့နှင့် လေယာဉ်ကွင်းသစ်ကြား
ခရီးလမ်း အကွာအဝေးကများနေသဖြင့် အခက်အခဲကလည်း
ရှိနေသည်။

''ဟံသာဝတီလေဆိပ်ကို ရန်ကုန်လေဆိပ်နဲ့ ကားလမ်းသို့မဟုတ်
ရထားလမ်းနဲ့ချိတ်ဆက်ဖို့ရာ ပုဂ္ဂလိကရင်းနှီး ထည့်ဝင်မှုတွေ
လိုအပ်တယ်။
ရန်ကုန်လေဆိပ်နဲ့ချိတ်ဆက်ဖို့ လမ်းတွေမရှိရင် အဲဒီလေဆိပ်သစ်
ဟာ အသုံးဝင်မှာမဟုတ်ဘူး'' ဟု ဦးဝင်းခန့်က ပြောသည်။

ပြည်တွင်းလေယာဉ်ကွင်းများအနက် အလားအလာရှိသော
လေယာဉ်ကွင်း သုံးကွင်းဖြစ်သည့် မော်လမြိုင်၊ ကော့သောင်းနှင့်
ဟဲဟိုးကွင်းများကို အစိုးရပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု ပုံစံ
(PPP model) ဖြင့် လုပ်ဆောင်ရန်ရည်ရွယ်ထားသော်လည်း
လက်ရှိတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ချမှတ်ထားသော
စည်းမျဉ်း ဥပဒေများက အတည်တကျမရှိသေးသဖြင့် စိန်ခေါ်မှုများ
ရှိနေကြောင်း ဦးဝင်းခန့်က ပြောသည်။

(စုဖြိုးဝင်း)

credit - Democracy Today & The Myanmar Times

**********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

"လူနေထိုင်ခွင့်ပြုထားသည့် လယ်ယာမြေများကို ပြန်လည် သိမ်းယူနိုင်ပါသလား"

"လူနေထိုင်ခွင့်ပြုထားသည့် လယ်ယာမြေများကို
ပြန်လည် သိမ်းယူနိုင်ပါသလား"


''မြေချပါမစ်နဲ့ ချပေးထားတဲ့ လယ်ယာမြေကို
နိုင်ငံတော်အစိုးရက ပြန်လည်သိမ်းနိုင်ပါသလား ဆရာ''

မိတ်ဆွေစီးပွားရေးသမား တစ်ဦးက စာရေးသူထံ
လာရောက် ဆွေးနွေးခြင်း ဖြစ်သည်။

''ပြန်သိမ်းမယ်လို့ သတင်းကြားလို့လား''

''ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ
နိုင်ငံတော် အဆောက်အအုံနဲ့ မြေကွက်တွေကို လုပ်ငန်း
လုပ်ကိုင်ဖို့ နည်းအမျိုးမျိုးနဲ့ ရယူထားပြီး အမှန်တကယ်
လုပ်ကိုင်ခြင်းမရှိတဲ့ မြေကွက်နဲ့ အဆောက်အအုံတွေကို
နိုင်ငံပိုင်အဖြစ် ပြန်လည်သိမ်းယူဖို့ လွှတ်တော်ကိုယ်စားလှယ်
တစ်ဦးက အဆိုတင်သွင်းတယ်လို့ ကြားသိရ လို့ပါ''

''ဒါနဲ့ မိတ်ဆွေကြီးလည်း စိတ်လှုပ်ရှား စိုးရိမ်သွားတယ်ပေါ့''

''ဆိုပါတော့ ဆရာရယ်။
အမှန်တကယ် ပြန်လည်သိမ်းခဲ့ရင် ကျွန်တော်တို့
ဝယ်ထားတဲ့ သူတွေ ဘယ်လို အခွင့်အရေးရနိုင် ပါသလဲ။
ဥပဒေ အရ အခွင့်အရေးရှိ မရှိ သိချင်လို့ပါ''

''အခုထိတော့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က
ဆုံးဖြတ် အတည်ပြုတာတော့ မရှိသေးပါဘူး။ 
ဆွေးနွေးဆဲပဲ ဖြစ်ပါတယ်။
နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့  နိုင်ငံတော်ရှိ
မြေအားလုံး၊ မြေပေါ်မြေအောက် ရေပေါ်ရေအောက်နှင့်
လေထုအတွင်းရှိ သယံဇာတ ပစ္စည်းအားလုံး၏ 
ပင်ရင်း ပိုင်ရှင်သည် နိုင်ငံတော် ဖြစ်သည်လို့
ပြဋ္ဌာန်းထားတယ်။
ဒါကြောင့် မည်သည့်အချိန်မဆို ပင်ရင်းပိုင်ရှင် ဖြစ်တဲ့
နိုင်ငံတော်က ပြန်လည် သိမ်းယူခွင့် ရှိပါတယ်''

''ဒါဆို ပြန်လည်သိမ်းယူနိုင်တယ် ပေါ့နော်''

''ဒါပေမယ့် ဥပဒေနဲ့အညီ ဆောင်ရွက်မှာ ဖြစ်တဲ့အတွက်
စိုးရိမ်ရမယ့် ကိစ္စတော့ မဟုတ်ပါဘူး။
မိတ်ဆွေကြီး ဝယ်ထားတယ်ဆိုတဲ့ လယ်ယာမြေတွေက
ဘယ်မှာလဲ၊
ဘယ်လို အထောက်အထား ရရှိထားပါသလဲ''

''ရှင်းရှင်းပြောရရင်တော့  လှိုင်သာယာမြို့နယ်ထဲမှာ ရှိတဲ့ 
လယ်ယာမြေတွေပါဆရာ။
လယ်ယာမြေတွေကို နိုင်ငံတော်ကသိမ်းပြီး အကွက်ရိုက်
ရောင်းချကာ မြေချပါမစ်ထုတ်ပေးတဲ့ အထိ
ဆောင်ရွက်ပေးတာဖြစ်တယ်''

''သက်ဆိုင်ရာ အဖွဲ့အစည်းက လယ်ယာမြေကို အခြားနည်း
အသုံးပြုခွင့်ပေးနိုင်ကြောင်း လယ်ယာမြေ ဥပဒေမှာ ပြဋ္ဌာန်း
ထားတာ ရှိတယ်။ 
လူအများသိနေတဲ့  ပုံစံ ၃ဝ (က)(ခ) ပေါ့ဗျာ။
အဲဒီကနေ ပုံစံ ၁၅ ခွင့်ပြုချက်ထုတ်ပေးပြီး အဲဒီအဆင့်ကနေ
မြေချပါမစ်၊ ဂရန်စသဖြင့် ဆောင်ရွက်ပေးခွင့် ရှိပါတယ်''

''ဟုတ်ပါတယ် ဆရာ၊
အချို့ မြေကွက်တွေဆိုရင် ဂရန်ကျပြီးဖြစ်နေတာ ရှိတယ်''

''ဂရန်ရပြီမို့ ဒီမြေကွက်ကို အပြီးအပိုင် ပိုင်ဆိုင်ခွင့်ရပြီလို့
သတ်မှတ်မရဘူး။
ဂရန်စာချုပ်ဆိုတာ မြေငှားစာချုပ်ပဲ ဖြစ်တယ်။
အဆောက်အအုံ ဆောက်နေထိုင်ဖို့ အတွက်
နှစ် ၆ဝ၊ နှစ် ၉ဝ စသဖြင့်  မြေငှားစာချုပ် ထုတ်ပေးတာ
ဖြစ်တယ်''

''ဒါဆိုရင် မြေဂရန်အမည်ပေါက်သူက မြေပိုင်ရှင်
မဟုတ်ဘူးပေါ့''

''ဥပဒေအရ ပြောရရင်တော့ နိုင်ငံတော်အစိုးရက
မိမိစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ မြေနယ်နိမိတ်ကို အခြားသူအား
လွှဲပြောင်းပေးခွင့်ရှိပါတယ်။
ဒါကြောင့် မြေငှားဂရန်အရပဲဖြစ်ဖြစ်၊ ပါမစ်မြေအဖြစ်
သတ်မှတ်၍ပဲဖြစ်ဖြစ်
စီမံခန့်ခွဲခွင့်ကို လွှဲပြောင်းပေးတဲ့ သဘောဖြစ်တယ်''

''တရားရုံးတွေမှာ တရားစွဲဆိုရင် မြေဂရန်အမည်ပေါက်သူ
က ပိုင်ရှင်အဖြစ် တရားစွဲဆိုကြတာလို့ သိထားပါတယ်''

''မှန်ပါတယ်။
ဥပဒေအရတော့ ဂရန်အမည်ပေါက်သူကို မြေမပိုင်ဟု
ဆုံးဖြတ်ခွင့်မရှိကြောင်း တရားရုံးချုပ်က ဆုံးဖြတ်တဲ့
ဒေါ်ကြင်ယုံ (ခ) ဒေါ်နှင်းအောင်ပါ (၂) နှင့်
ဒေါ်စိန်တင်ပါ (၂)
၁၉၉၉ ခုနှစ် စီရင်ထုံး စာမျက်နှာ ၉၁ မှာ တွေ့ရှိ ရပါတယ်။
ဒါကြောင့် ဥပဒေအရတော့
ဂရန် အမည်ပေါက်သူဟာ ယင်းမြေကို စီမံ ခန့်ခွဲပိုင်ခွင့် ရှိသူ
(ပိုင်ရှင်) လို့ အသိအမှတ်ပြုထားပါတယ်။
ဒါပေမယ့်  မြေငှားစာချုပ်ပါ ကတိတွေကိုတော့ လိုက်နာရန်
တာဝန် ရှိတယ်''

''အချို့လည်း ဂရန်မရသေးဘဲ ပါမစ်လက်မှတ်သာရှိတာ
တွေလည်း ဖြစ်နေကြတယ်''

''ဘယ်လိုပဲဖြစ်ဖြစ်၊ သတ်မှတ်ထားတဲ့ စည်းကမ်းကို
လိုက်နာရန် တာဝန်ရှိတယ်။
အခုဖြစ်နေတဲ့ ပြဿနာက မြေချပါမစ်ရသူပဲ ဖြစ်ဖြစ်၊
ဂရန်စာချုပ်ရသူပဲ ဖြစ်ဖြစ်၊ အဆိုပါ မြေကွက်ပေါ်မှာ
ဆောက်လုပ်နေထိုင်ခြင်းမရှိဘဲ မြေကွက်သက်သက်ထားတဲ့
ကိစ္စတွေဖြစ်တယ်''

''ဟုတ်ပါတယ်။
ကျွန်တော့်မှာ မြေကွက် ၁ဝ ကွက်ရှိပေမယ့် နှစ်ကွက်ပဲ
အဆောက်အအုံဆောက်ထားပြီး ပစ္စည်းသိုလှောင်ထားတယ်''

''မိတ်ဆွေတို့ရဲ့ ဂရန်မြေငှား စာချုပ်မှာ
စာချုပ်ချုပ်ဆိုသည့်နေ့မှ ခြောက်လအတွင်း အဆောက်အအုံ
စတင်ဆောက်လုပ်ရမယ်၊
နှစ်နှစ် အတွင်း အပြီးဆောက်လုပ်ရမယ်လို့ သတ်မှတ်ချက်
တွေပါတယ်။
အဲဒီလိုပဲ မြေချပါမစ်မှာလည်း အိမ်ရာဆောက်လုပ်
နေထိုင်ခွင့်ပြုတာဖြစ်လို့ မြေလက်ခံရရှိသူသည့်နေ့မှစ၍
(တစ်လ) အတွင်း အိမ်ရာဆောက်လုပ်နေထိုင်ရမယ်လို့
စည်းကမ်းချက်မှာ ဖော်ပြထားတာ တွေ့ပါလိမ့်မယ်''

''သတ်မှတ်တဲ့ ကာလအတွင်း အဆောက်အအုံဆောက်လုပ်
နေထိုင်ခြင်းမရှိရင် မြေကွက်ကို ပြန်လည်
သိမ်းယူနိုင်ပါသလား''

''စည်းကမ်းချက်မှာတော့ သတ်မှတ်ထားတဲ့ စည်းကမ်းချက်
ကို မလိုက်နာရင် ဂရန်မြေငှား စာချုပ်ကို ပယ်ဖျက်နိုင်တဲ့
အပြင် မြေကွက်ကို ပြန်လည်သိမ်းယူခွင့်ရှိတယ်လို့
ဖော်ပြထားတယ်။
ဒီလိုပဲ မြေချပါမစ်မှာ ဖော်ပြထားတာကို  တွေ့ရပါတယ်။
ဒါကြောင့် နိုင်ငံတော်က ဥပဒေ စည်းကမ်းနဲ့ မလိုက်နာ
သူတွေကို ထိရောက်စွာ စိစစ်ဆောင်ရွက်ခွင့်ရှိပါတယ်''

''တကယ်လို့ ပြန်လည်အသိမ်းခံရရင် နစ်နာကြေး
ရနိုင်ပါသလား''

''ဒါကတော့ သက်ဆိုင်ရာ အဖွဲ့အစည်းက ဆုံးဖြတ်ရမယ့်
ကိစ္စဖြစ်ပါတယ်။
လယ်ယာမြေဥပဒေ ပုဒ်မ (၂၆) မှာတော့
တည်ဆဲဥပဒေ တစ်ရပ်ရပ်တွင်မည်သို့ပင်ပါရှိစေကာမူ
နိုင်ငံတော်အကျိုးငှာ၊ အများပြည်သူ အကျိုးငှာ သိမ်းခြင်း
ဖြစ်တယ်ဆိုရင်တော့ နစ်နာသူကို ထိုက်သင့်တဲ့ လျော်ကြေး
ပေးရန် ဆောင်ရွက်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်''

"ကျွန်တော်တို့လည်း မြေကွက်အားလုံးမှာ အဆောက်အအုံ
မဆောက်နိုင်သေးတော့ မြေကွက်အတိုင်းထားတာတွေ
လည်း ရှိတယ်ပေါ့၊
အချို့မြေကွက်တွေကိုတော့ခြံစည်း ရိုးခတ်ထားပါတယ်''

''မှန်ပါတယ်၊
အဆောက်အအုံ မဆောက်ဖြစ်တဲ့ မြေကွက်တွေမှာ ကျူးကျော်
နေထိုင်သူတွေလည်း ရှိနေတတ်လို့ အမှုအခင်းတွေဖြစ်နေ
ကြတာ မနည်းပါဘူး။
ဒါကြောင့် သက်ဆိုင်ရာက ပြန်လည်စဉ်းစားတာဖြစ်မယ်
ထင်တယ်။
ဘာပဲဖြစ်ဖြစ် စည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်တာ
အကောင်းဆုံးပါ'' ဟု အကြံပြု ဆွေးနွေးလိုက်ပါသည်။

ထီယု (ဥပဒေအတိုင်ပင်ခံ)

credit -  Zaygwet Journal

**********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

“ရန်ကုန်စတော့အိတ်ချိန်းသို့ တစေ့တစောင်း”

“ရန်ကုန်စတော့အိတ်ချိန်းသို့ တစေ့တစောင်း”

၁။ "စံချိန်တင်ဈေးနှုန်း ကျဆင်းနေသည့် သီလ၀ါ ကုမ္ပဏီမှ
MD နှင့် ဘဏ္ဍာရေးအရာရှိချုပ်တို့ နုတ်ထွက်ခဲ့ပြီး ကုမ္ပဏီ
၏ လုပ်ငန်းများ အခက်အခဲမရှိစေရန် အထူးအလေးထား
လုပ်ဆောင်မည်ဟု ထုတ်ပြန်"

ရန်ကုန် စတော့အိတ်ချိန်းတွင် ရှယ်ယာတန်ဖိုး စံချိန်တင်
ကျဆင်းမှုဖြစ်ပေါ်နေသည့် သီလ၀ါကုမ္ပဏီ MTSH
(Myanmar Thilawar SEZ Holdings) မှ အုပ်ချုပ်မှု
ဒါရိုက်တာ (Managing Director) အနားယူသွားပြီး
ဘဏ္ဍာရေးအရာရှိချုပ် (Chief Financial Officer) ရာထူးမှ
နုတ်ထွက်ခဲ့ကာ အဆိုပါပုဂ္ဂိုလ်များနုတ်ထွက်မည့် နိုဝင်ဘာ
၂၀ ရက်မတိုင်မီ၊ လူစားထိုးခန့်အပ်ခြင်းမပြုနိုင်မီ ကုမ္ပဏီ၏
နေ့စဉ်လုပ်ငန်းများ အခက်အခဲမရှိစေရန် အထူး
အလေးထားကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း
MTSH က သတင်း ထုတ်ပြန်ထားသည်။

MTSH တွင် အုပ်ချုပ်မှုဒါရိုက်တာအဖြစ် တာဝန်ယူခဲ့သည့်
ဦးသိန်းဟန်သည် ရာထူးမှအနားယူခဲ့ခြင်း ဖြစ်ပြီး
ဘဏ္ဍာရေးအရာရှိချုပ် Mr. Wui Hua Tan သည် ရာထူးမှ
နုတ်ထွက်ခြင်းဖြစ်ကာ ဦးသိန်းဟန် တာဝန်ယူစဉ် ကာလ
အတွင်း စွမ်းဆောင်မှုများနှင့် Mr. Tan နုတ်ထွက်ရခြင်းမှာ
ကိုယ်ရေးကိုယ်တာ အကြောင်းအရာများကြောင့် ဖြစ်သည်
ဟု ဆိုသည်။

နိုဝင်ဘာ ၂၀ ရက်မှ စတင်ကာ အနားယူကြမည့်
ဦးသိန်းဟန်နှင့် Mr. Tan နေရာအတွက် လက်ရှိတွင်
Mr. Tan နေရာတွင် အစားထိုးနိုင်မည့်သူ ရှာဖွေနေပြီး
လစ်လပ်သွားသည့် MD နေရာတွင် ပိုမိုထိရောက်စွာ
ဆောင်ရွက်နိုင်ရေးအတွက် အမှုဆောင်အရာရှိချုပ်(CEO)
တစ်ဦး အမြန်ဆုံးခန့်နိုင်ရန် ဆောင်ရွက်မည် ဖြစ်ကာ
အဆိုပါပုဂ္ဂိုလ်များ၏ နေရာတွင် အစားထိုးခန့်အပ်နိုင်မှု
မပြုမီ Interim Management ကော်မတီဖွဲ့စည်းကာ
ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးအောင်စိုးသာ က
တာဝန်ယူမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

MTSH ကို အဓိကထူထောင်ခဲ့သည့် အများပိုင်ကုမ္ပဏီ
ကိုးခုမှ တစ်ခုဖြစ်သည့် Myanmar Edible Oil
Industrial Public Corporation Ltd ၏ ဥက္ကဋ္ဌနှင့်
ရွှေတောင် Group လက်အောက်ခံကုမ္ပဏီနှစ်ခုနှင့်
အခြားကုမ္ပဏီများတွင် ဒါရိုက်တာရာထူးများ ရယူထား
သည့် ဦးသိန်းဟန်သည် MTSH တွင် ဒါရိုက်တာ အဖွဲ့ဝင်
အဖြစ် ဆက်ရှိနေမည်ဖြစ်ပြီး အမှုဆောင်အရာရှိချုပ်တစ်ဦး
မခန့်အပ်မီ တာဝန်ယူမည့် ဒါရိုက်တာအဖွဲ့ဝင်
ဦးအောင်စိုးသာသည် MTSH တွင် ရှယ်ယာအများဆုံး
ပိုင်ဆိုင်ထားသည့် MTI ကော်ပိုရေးရှင်း၏ အုပ်ချုပ်မှု
ဒါရိုက်တာ၊ MTI ၏ ဒါရိုက်တာနှင့် Myanmar Combiz
၏ ဥက္ကဋ္ဌအဖြစ် လုပ်ကိုင်နေသူဖြစ်သည်။

သီလ၀ါရှယ်ယာသည် ရှယ်ယာခွဲစိတ်မှုမပြုမီ
စတော့အိတ်ချိန်း၌ အဖွင့်ဈေး ကျပ် ၄၀၀၀၀ ဖြင့်စတင်ခဲ့
သော်လည်း ရောင်းချရမှုတွင် ရှယ်ယာတစ်စု ကျပ် ၅၀၀၀၀
ဖြစ်ကာ အမြင့်ဆုံးဈေးမှာ ရှယ်ယာတစ်စုကျပ် ၇၀၀၀၀
ဖြစ်ခဲ့ပြီး အနိမ့်ဆုံးဈေးနှုန်းမှာ ရှယ်ယာတစ်စု
ကျပ် ၄၁၀၀၀ ဖြစ်ခဲ့သည်။

*** ရန်ကုန်စတော့အိတ်ချိန်းတွင်
၂၀၁၆ ခုနှစ် အောက်တိုဘာ ၃၀ ရက်မှစတင်ကာ ရှယ်ယာ
အရောင်းအ၀ယ်ပြုလုပ်မှု ခေတ္တရပ်ဆိုင်းပြီး ရှယ်ယာ
ခွဲစိတ်မှုပြုကာ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၄ ရက်မှစတင်၍
ရှယ်ယာတစ်စုလျှင် ကျပ် ၅၁၀၀ ဖြင့် ရန်ကုန်စတော့
အိတ်ချိန်း၌ ပြန်လည်ရောင်းချခဲ့ရာ ရှယ်ယာတစ်စု
ကျပ် ၅၃၀၀ အထိမြင့်တက်ခဲ့ပြီး တစ်နှစ်အကြာ ၂၀၁၇ ခုနှစ်
နိုဝင်ဘာ ၈ ရက်တွင် ကျပ် ၃၂၀၀ အထိ စံချိန်တင်
ကျဆင်းခဲ့သည်။

သီလ၀ါရှယ်ယာ၏ ဈေးနှုန်းများမှာ စတင်ရောင်းချသည့်
တစ်နှစ်ကျော်ကာလအတွင်း အနိမ့်ဆုံးဈေးနှုန်းအဖြစ်
ရှယ်ယာတစ်စု ကျပ် ၃၂၀၀ သို့ကျဆင်းခဲ့မှုမှာ ကျပ် ၈၂၀၀
သို့ မြင့်တက်မည်ဟု ခန့်မှန်းထားသည့် သီလ၀ါရှယ်ယာများ
အတွက် စံချိန်တင်ဈေးနှုန်းကျဆင်းမှု ဖြစ်ပေါ်စေခဲ့ပြီး
လက်ရှိအချိန်အထိ အနိမ့်ဆုံးဈေးနှုန်း ကျပ် ၃၂၀၀ နှင့်ပင်
အရောင်းအ၀ယ်ဖြစ်ပေါ်နေသည်။ ***

သီလ၀ါရှယ်ယာရှယ်ယာများ တန်ဖိုးကျဆင်းနေချိန်တွင်
အဆိုပါရှယ်ယာများကို ၄၅ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ခဲ့သည့်
အများပိုင်ကုမ္ပဏီကိုးခု၏ သီလ၀ါ ရှယ်ယာပိုင်ဆိုင်မှုများ
လည်း လျော့ကျလာနေသည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် လက်ရှိ သီလ၀ါရှယ်ယာ
၃၈၉၂၉၁၅၀ စုကို စတော့အိတ်ချိန်း စာရင်းဝင်အဖြစ်
သတ်မှတ်ထားပြီး ရှယ်ယာအရေအတွက်၏ ရာခိုင်နှုန်း
၆၀ ခန့်ကို ကုမ္ပဏီနှင့် လူပုဂ္ဂိုလ် ၂၀ က
ထိန်းချုပ်ထားကြောင်း သိရသည်။

(ဖြိုးဝေ)

*****

၂။ "ရန်ကုန်စတော့အိတ်ချိန်းတွင် အောက်တိုဘာအတွင်း
ရှယ်ယာအရောင်းအဝယ် အနည်းဆုံးဖြစ်"

* ရန်ကုန်စတော့အိတ်ချိန်းတွင်
၂၀၁၇ အောက်တိုဘာအတွင်း ကျပ်တစ်ဘီလီယံဖိုးဖြင့်
စတော့ရှယ်ယာ သမိုင်းတစ်လျှောက် အနည်းဆုံး
အရောင်းအဝယ်ဖြစ်ခဲ့သည့် ကာလအဖြစ်
စံချိန်တင်ခဲ့သည်။ *

ရန်ကုန်စတော့အိတ်ချိန်း တွင် ယခုနှစ် အောက်တိုဘာ၌
စတော့ရှယ်ယာများ ဈေးကျဆင်းခဲ့ပြီး ရှယ်ယာ
အရောင်းအဝယ်လည်း အနိမ့်ဆုံးသို့ ကျဆင်းခဲ့ကြောင်း 
ရန်ကုန်စတော့အိတ်ချိန်း စာရင်းများ၌ ဖော်ပြထားသည်။

ရန်ကုန်စတော့အိတ်ချိန်း တွင်
၂၀၁၇ ဇန်နဝါရီ၌ ကျပ် ၂ ဒသမ ၈ ဘီလီယံ၊
ဖေဖော်ဝါရီ တွင် ကျပ် ၃ ဒသမ ၁ ဘီလီယံ၊
မတ်လတွင် ကျပ် ၃ ဒသမ ၃ ဘီလီယံဖိုး အရောင်းအဝယ်
ဖြစ်ခဲ့ပြီးနောက် ရှယ်ယာအရောင်းအဝယ် ဆက်တိုက်
ကျဆင်းလာခြင်းဖြစ်သည်။ ၂၀၁၇ စက်တင်ဘာတွင်
ကျပ် ၁ ဒသမ ၈ ဘီလီယံဖိုး အရောင်းအဝယ်ဖြစ်ခဲ့သည်။

စတော့အိတ်ချိန်းတွင် ရှယ်ယာအရောင်းအဝယ် စတင်ခဲ့
သည့် ၂၀၁၆ မတ်လ၌ ကျပ် ၂၄ ဘီလီယံ အရောင်းအဝယ်
ဖြစ်ခဲ့ပြီး တဖြည်းဖြည်းလျော့နည်းလာရာ ၂၀၁၆ နိုဝင်ဘာ
က ကျပ် ၂ ဒသမ ၂ ဘီလီယံကျော်နှင့် ဒီဇင်ဘာတွင်
ကျပ် ၁ ဒသမ ၅ ဘီလီယံကျော် အရောင်းအဝယ်
ဖြစ်ခဲ့သည်။ ရန်ကုန်စတော့အိတ်ချိန်းသည်
၂၀၁၆ အတွင်း ကျပ်ဘီလီယံ ၇၀ ကျော်
ရှယ်ယာအရောင်းအဝယ် ဖြစ်ခဲ့သည်။

‘‘ပြီးခဲ့တဲ့ လပိုင်းတွေက စာ ရင်းဝင် ကုမ္ပဏီတစ်ခု နုတ်ထွက်
မယ်ဆိုတာရယ်၊
နောက်ထပ် ကုမ္ပဏီအသစ်တွေ စာရင်းထပ် မဝင်တာကြောင့်
လို့ မြင်တယ်။
ဒါ ကြောင့် စတော့ရှယ်ယာဆိုတာ ကို လူတွေက စိတ်ဝင်စားမှု
နည်း လာတာ’’ ဟု FMI ရှယ်ယာပိုင်ရှင် တစ်ဦးက
ပြောသည်။

‘‘ရှယ်ယာဈေးကလည်း ကျ တယ်။
အမြတ်ပေးတာလည်း နည်းတယ်။
စတော့ရှယ်ယာဝယ်တဲ့သူက အခုချိန်မှာ အရှုံးတွေပဲ’’ ဟု
ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာဝယ်ထားသူ
တစ်ဦးက ပြောသည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် ပထမဦးဆုံးစာရင်းဝင်ခဲ့သည့်
FMI ကုမ္ပဏီသည် ၂၀၁၇ ဇန်နဝါရီ ၂ ရက်၌ ရှယ်ယာတစ်စု
ကျပ် ၁၄,၀၀၀ ပေါက်ဈေး ရှိခဲ့သော်လည်း
အောက်တိုဘာ ၃၁ ရက်တွင် ရှယ်ယာတစ်စု ကျပ် ၁၂,၅၀၀
သာပေါက်ဈေးရှိခဲ့သည်။

သီလဝါ အထူးစီးပွားရေး ဇုန် အများပိုင်ကုမ္ပဏီ (MTSH)
သည်လည်း ယင်းကာလအတွင်း ရှယ်ယာတစ်စု ပေါက်ဈေး
ကျပ် ၄,၅၀၀ မှ ၃,၂၀၀ အထိ ကျဆင်း ခဲ့သည်။

မြန်မာနိုင်ငံသားများ ဘဏ်သည် ရှယ်ယာတစ်စု ပေါက်ဈေး
၉,၆၀၀ မှ ၈,၅၀၀ အထိ ကျဆင်းခဲ့သည်။

(ထွန်းထွန်းမင်း)

*****

၃။ "ပြည်တွင်းစတော့ဈေးကွက် တစ်နှစ်ကျော်လာသော်လည်း
အားရမှု မရှိလို့ဆို"

ပြည်တွင်းစတော့ဈေးကွက် စတင်ခဲ့တာ တစ်နှစ်ကျော်လာ
သော်လည်း အားရမှုမရှိသေးဘူးလို့ ပြည်တွင်း စီးပွားရေး
လုပ်ငန်းရှင်အသိုင်းအဝိုင်းထံကသိရပါတယ်။

ကမ္ဘောဇလုပ်ငန်း Managing Director ဦးမိုးဆန်းအောင်က
“ စတော့ဈေးကွက်သွားဖို့က proper listed ကုမ္ပဏီရှိမှ
Good Governance ရှိတဲ့ အများပိုင်လုပ်ငန်းမျိုးမှ၊
နောက်တစ်ချက်မှာ မြန်မာနိုင်ငံမှာ စာရင်းသေအပ်ရင်
တစ်နှစ်ဘဏ်တိုးနှုန်းက ၉ ရာခိုင်နှုန်းလောက် ရနေတာ၊
ဘဏ်မှာထားရင် အတိုးသေချာတယ်၊ စတော့မှာ
မသေချာဘူး”လို့ ပြောပါတယ်။

ဒါ့အပြင်ရောင်းဝယ်တဲ့အပေါ်မှာအခွန်က ရှိနေသေပြီး
ပြည်တွင်းရင်းနှီးမြုပ်နှံမှုဈေးကွက်ထဲမှာ ရွှေကစတော့ ထက်
လူစိတ်ဝင်စားမှုများတယ်လို့လည်း သိရပါတယ်။

ရွှေဆိုင်လုပ်ငန်းရှင် ဦးဇော်အောင် က
“ စတော့ဈေးကွက်ပေါ်ရင် ရွှေကစားတဲ့သူတွေ အဲဘက်
ရောက်သွားမလား စိုးရိမ်မိခဲ့ပေမယ့် နောက်ပိုင်းစတော့က
အရှုံးတွေများတယ်၊
ဘဏ်မှာလည်းအကောင့်တွေဘာတွေဖွင့်ရတယ်၊
ရှုံးမှန်းမြတ်မှန်းလည်းမသိတော့ အဲဈေးကွက်သိပ်မသွား
ကြတော့ဘူး” လို့ ပြောပါတယ်။

* ဘဏ်စာရင်းတွေနဲ့အရောင်းအဝယ်လုပ်တဲ့အပေါ် မိမိရဲ့
ဝင်ငွေထွက်ငွေနဲ့ အရောင်းအဝယ်ဖြစ်မှုတွေကို အလွယ်တကူ
သိမြင့်နိုင်တဲ့အပေါ်မှာ ဈေးကစားသူတွေက အခွန်စနစ်တွေ
များလာမှာကိုလည်း စိုးရိမ်စိတ်တွေရှိနေကြ တယ်လို့
သိရပါတယ်။ *

Max Myanmar လုပ်ငန်းစု ဒါရိုက်တာဦးအောင်မျိုးစော က
“အဓိက YSX က Mature ဖြစ်ဖို့အများကြီး လိုပါတယ်။
လူတိုင်းက YSX ဖွင့်လိုက်တာပဲရှိတယ်၊
လူတိုင်းက စတော့အိတ်ချိန်းရဲ့သဘောသဘာဝကို
အသေအချာနားမလည်ကြသေးဘူး၊
အကျွမ်းတဝင်မဖြစ်သေးဘူး” လို့ပြောပါတယ်။

ပြည်တွင်းရဲ့စတော့ဝယ်ရောင်းအတွက် စတော့အိတ်ချိန်းရုံး
ကို သွားရောက်နေရပြီး အွန်လိုင်းတွေကနေ အလွယ် တကူ
ဝယ်ယူနိုင်ပါက စတော့ဈေးကွက်အပေါ် လူထုစိတ်ဝင်စားမှု
ပိုလာမယ်လို့လည်း ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်
အသိုင်းအဝိုင်းကပြောဆိုပါတယ်။

ရန်ကုန်စတော့အိတ်စ်ချိန်းကို ၂၀၁၅ ဒီဇင်ဘာမှာ စတင်
ဖွင့်လှစ်ခဲ့သော်လည်း အခုနောက်ပိုင်းစတော့ရှယ်ယာ ဈေး
တွေအေးနေပြီး အရောင်းအဝယ်ပေါ် လူထုစိတ်ဝင်စားမှု
တဖြည်းဖြည်းလျော့နည်းလာနေတယ်လို့လည်း
သိရပါတယ်။

(နိုင်နိုင်ဇော်)

credit - Eleven Media Group / 7day Daily 
& SFJ Strategy First Journal

“မှတ်ချက်”

အိမ်ခြံမြေ အကြောင်းအရာများနှင့် 
တိုက်ရိုက်မသက်ဆိုင်သော်လည်း
သွယ်ဝိုက်ပတ်သက်မှု့ ရှိသည့် စီးပွါးရေးနှင့်ဆိုင်ရာ  
ဆောင်းပါး/သတင်းများ ဖြစ်နေပါသဖြင့်
မိတ်ဆွေများ လေ့လာနိုင်ရန် တင်ခဲ့ခြင်းဖြစ်ပါသည်။

“အိမ်ခြံမြေ လမ်းဆုံ”

**********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

Sunday, November 12, 2017

"အိမ်ခြံမြေ လောကထဲ လည်နေတဲ့ ငွေတွေ ဘယ်ရောက်ကုန်သလဲ"

"အိမ်ခြံမြေ လောကထဲ လည်နေတဲ့ ငွေတွေ
ဘယ်ရောက်ကုန်သလဲ"


အခုတလော လုပ်ငန်းရှင်ငယ် မဆိုထားနဲ့
လုပ်ငန်းရှင်ကြီးတွေ တော်တော်များများ ဆီကပါ
ကြားနေရတဲ့ စကားကတော့ ငွေကျပ်တယ် ဆိုတဲ့စကား
ဖြစ်ပါတယ် ၊ သူဌေးကြီးတွေ လက်ထဲမှာ ပိုင်ဆိုင်မှုတွေ
အသီးသီး ရှိကြပေမယ့် လက်ထဲမှာ လည်ပတ်တဲ့
cash flow တစ်ဖြည်းဖြည်းနည်းပါးလာတာဖြစ်ပါတယ်။

အရင်ကဆိုရင် တစ်နှစ်မှာ အိမ်ခြံမြေ ဆောက်လုပ်ရေး
လောကသာမက စီးပွားရေး လောကတစ်ခုလုံး တစ်နှစ်မှာ
သုံးကြိမ် ဒါမှမဟုတ် လေးကြိမ်လောက် ငွေလည်ပတ်
ပေမယ့် အခုနှစ်တွေမှာ တစ်ကြိမ် အလွန်ဆုံးရှိမှ နှစ်ကြိမ်
လောက်ဘဲ လည်ပတ်တော့တယ်လို့ လုပ်ငန်းရှင်ကြီးတွေ
က ပြောလာကြပါပြီ။

ဘာကြောင့် ဈေးကွက်ထဲမှာ ငွေတွေ ရှားပါးသလဲ ဆိုတော့
အဓိက ပြသနာက ယုံကြည်မှု ပျောက်ဆုံးသွားတာက အစ
ပြုရမှာဖြစ်ပါတယ် ။
*** ဖျာအောက်ဝင်သွားတဲ့ ပိုက်ဆံကို ဆွဲထုတ်ပြီး
ကစားဝိုင်းမှာ ကစားဖို့ဆိုတာ ဒိုင်တွေရဲ့သမာသမတ်ကျမှု ၊
မှန်မှန်ကန်ကန် ကစားမှုတွေ ပေါ်မှာ မူတည်သလို
ငွေရွှင်တဲ့ ကစားသမားကိုလည်း ဆွဲဆောင်နိုင်ဖို့ ဒိုင်တွေရဲ့
အရည်အချင်းကလည်း စကားပြောပါတယ်။ ***

မမှန်မကန်မကစားဘူးဆိုရင်တော့ ငွေကိုင်ထားတဲ့
ထိုးသားက သူ့ငွေဆုံးရှုံးမှာဆိုးတဲ့အတွက် ဘေးထွက်
ထိုင်နေမှာဖြစ်ပါတယ် ။ ဒါဆိုရင် ၀ိုင်းထဲမှာ လှည့်ပတ်ငွေ
နည်းပါးသွားပြီး ပျင်းစရာကောင်းတဲ့ ကစားဝိုင်းဖြစ်သွားမှာ
ဖြစ်ပါတယ် ၊ အဆုံးမှာတော့ ထိုးသားတွေ စိတ်ပျက်ပြီး
ဝိုင်းကထထွတ်သွားရင် ကစားဝို်င်း ပျက်သွားမှာဖြစ်ပါတယ်။
အမြတ်အစွန်းရချင်လို့ စီးပွားရေးအရ ရင်းနှီးမြုပ်နှံမယ့်
လူတွေ အနေနဲ့လည်း သူဆုံးရှုံးနိုင်ခြေရှိတဲ့ ရင်းနှီးမြုပ်နှံမှု
မှာ ၀င်ကစားမှာ မဟုတ်ပါဘူး ။

ဈေးကွက်ထဲမှာ လှည့်နေတဲ့ ငွေတွေ ဘယ်ပျောက်သွား
သတုံးလို့ ပြန်ကြည့်ရင် ငွေသားတော်တော်များများ က
လူလတ်တန်းစားတွေက ကိုင်တွယ်ထားကြတာဖြစ်ပါတယ်၊
အပြင်ကို စီးထွတ်သွားတာလည်း ဖြစ်နိုင်ခြေ မရှိပါဘူး ။
မတည်ငြိမ်တဲ့ စီးပွားရေးပေါ်လစီတွေကြောင့်
ခေတ်အဆက်ဆက်မှာ ဘာမှ ရင်းနှီးမြုပ်နှံမှု မလုပ်ဘဲ
ဘဏ်တိုးထိုင်စားတဲ့ လူတန်းစား တစ်ရပ် မြန်မာပြည်မှာ
ရှိပါတယ် ။
*** ယုံကြည်မှု ပျောက်ဆုံးလာတဲ့ အတွက်
အခုဆိုရင် ဘဏ်တွေမှာ ငွေထည့်ပြီး အတိုးစားနေတဲ့လူ
တွေ တစ်နေ့တစ်ခြားများလို့လာပါတယ်။ ***

ဈေးကွက်ထဲမှာ လည်နေတဲ့ ငွေတွေ ဘဏ်တွေထဲ
ပြန်ရောက်သွားတာဖြစ်ပါတယ်။ မတည်ငြိမ်တဲ့ အခြေအနေ
တစ်ခုမှာ ဘဏ်ထဲကို ငွေထည့်ပြီး အတိုးယူရတာက
သေချာတဲ့ အတွက် လူတွေ ဘဏ်တွေထဲကို ပိုက်ဆံတွေ
စုပြုံထည့်လာကြတယ်လို့ ဆိုကြပါတယ်။

ဘဏ်ဆိုတာကလည်း အများပြည်သူရဲ့ အပ်နှံငွေနဲ့
တစ်ဖက်မှာ ပြန်ပြီး လုပ်ငန်းရှင်ကို ချေးငွေတွေ ထုတ်ချေး
ရတာဖြစ်ပါတယ်။ လုပ်ငန်းရှင်ဘက်မှာ ရင်ဆိုင်နေရတာ
က မြင့်မားတဲ့ ဘဏ်တိုးနှုန်း ၊ လုပ်ထုံးထုပ်နည်းများလှတဲ့
တည်ဆောက်ရေး အတွက် အဆင့်ဆင့်ခွင့်ပြုချက်တင်ရတဲ့
အခက်အခဲရှိပါတယ် ။လူတွေ စိတ်ထဲမှာ အိမ်ခြံမြေနဲ့
ပက်သက်တဲ့ ခိုင်မာမှု ကို ပီပီပြင်ပြင် မယုံကြည်နိုင်သေး
တာကြောင့် မ၀ယ်ရဲသေးတာကြောင့် အရောင်းအ၀ယ်
မဖြစ်ဘဲ ဘဏ်တိုးနဲ့ လုံးပါးပါးနေတဲ့ ဆောက်လုပ်ရေး
လုပ်ငန်းရှင်တွေလည်းအများကြီး ဖြစ်လာပါပြီ ။

အိမ်ခြံမြေ လောကမှာ အထင်ကရ ပုဂ္ဂိုလ်ကြီး အချို့ရဲ့
မမှန်မကန်လုပ်ခဲ့တဲ့ အကျိုးဆက်က အခုထိ အကင်းမသေ
နိုင်ဘဲ အမာရွတ်ကျန်နေသေးပါတယ်၊ စီမံကိန်းကို
အကြောင်းပြ ဈေးကစားခဲ့တဲ့ အကွက်တွေ ကလည်း
နောက်ဆုံးမှာ အပလာ ဖြစ်ပြီး လူတော်တော် များများ
ငွေကြေးတွေ ဆုံးရှုံးခဲ့ဖူးပါတယ် ။

ဒီကြားထဲ အိမ်ခြံမြေ ဆောက်လုပ်ရေး လုပ်ငန်းနဲ့
ပက်သက်ပြီး ထွတ်သင့်တဲ့ ဥပဒေနည်းဥပဒေတွေ မထွတ်
နိုင်တာရယ် ၊ ရှုပ်ထွေးလှတဲ့ ပိုင်ဆိုင်မှု ဆိုင်ရာ စာရွက်
စာတမ်းတွေကြောင့် လူတော်တော်များများက အိမ်ခြံမြေ
ဘက်ကို ခြေဦးမလှည့်တော့တာလည်း ဖြစ်ပါတယ် ။

အခုဆို အိမ်ခြံမြေတင်မကဘဲ စတော့ဈေးကွက်ပါ
အခြေအနေ ယိုင်လာလို့ နှုတ်ထွတ်မယ့် အဖွဲ့အစည်းတွေ
တောင် ရှိလာပြီလို့ သတင်းတွေထွတ်လာပါတယ်။

လုပ်ငန်းရှင်တော်တော်များများမှာ ပိုင်ဆိုင်မှုတွေဘဲ ရှိပြီး
အဲဒိပိုင်ဆိုင်မှုတွေကလည်း အရောင်းအ၀ယ်က မဖြစ်
ကြပါဘူး။ တည်ဆောက်ရေး လုပ်ငန်းတွေ အတွက်
ဘဏ်တွေဘက်က ချေးယူထားတဲ့ ငွေကြေးတွေရဲ့ အတိုး
ကလည်း အရောင်းအ၀ယ်မကောင်းလို့ ဆိုပြီး ရပ်နေတာ
မဟုတ်ပါဘူး ၊ အခုနောက်ပိုင်းမှာ လုပ်ငန်းရှင်ကြီး တစ်ချှို
တစ်နှစ်လုံးရောင်းရတဲ့ အခန်းအရေအတွက်ဟာ မြင့်မား
တဲ့ဘဏ်တိုးပေးရတာ သက်သက်နဲ့ တင် ကုန်သွား
တတ်တာများတယ်လို့ကြားနေရပါပြီ ။

လုပ်ငန်းရှင်လည်း လုံးပါးပါးလာသလို အချို့ဆိုရင် ဘဏ်တိုး
လည်းမပေးနိုင်တော့ပါဘူး ၊ ဘဏ်တိုးမပေးနိုင်တဲ့ အတွက်
လုပ်ငန်းရှင်လုပ်ငန်းချဲ့ဖို့အတွက်လိုတဲ့ ငွေကို ဘဏ်က
ထပ်ပြီး ထုတ်မပေးတော့ပါဘူး။ ဂျာအေးသူ့အမေရိုက်ရင်း
တိုင်ပတ်ကုန်တာဖြစ်ပါတယ် ။

အိမ်ခြံမြေ ဆောက်လုပ်ရေးလုပ်ငန်း တစ်ခုတည်းတင်
ငွေကျပ်တာ မဟုတ်ဘဲ အခြားသော စီးပွားရေးလုပ်ငန်းတွေ
မှာပါ လိုက်ပါ ထိခိုက်ကုန်တာဖြစ်ပါတယ် ။ မြန်မာပြည်က
လုပ်ငန်းရှင်ကြီးတော်တော်များများက အခြားနိုင်ငံက
လုပ်ငန်းရှင်တွေနဲ့မတူညီဘဲ လုပ်ငန်းပေါင်းစုံကို လုပ်ကိုင်
တတ်ကြပါတယ်၊ အနည်းဆုံး လုပ်ငန်းရှင်ကြီး တစ်ယောက်
မှာ လက်ခွဲ ကုမ္မဏီ ၁၀ ခုလောက်အထိ လုပ်ငန်းမျိုးစုံကို
ခွဲပြီးလုပ်ထားကြပါတယ် ။

ဒါ့အပြင် စိုက်ပျိုးရေး သီးနှံတွေဖြစ်တဲ့ မတ်ပဲ ပဲတီစိမ်း ၊
ပဲစင်းငုံဆိုရင် မြန်မာစီးပွားရေးမှာ ပမာဏများပြားတဲ့
ငွေကြေးပမာဏ ဖြစ်ပေမယ့် အခုဆိုရင် အိန္ဒိယက
မ၀ယ်တော့တဲ့ အတွက် ဈေးကွက်မှာ ကျဈေးနဲ့ မိပြီး
အရင်းပြုတ်မယ့်ကိန်းဆိုက်နေပါပြီ ။
*** ပြည်ပပို့ကုန် အင်မတန်အားနည်းပြီး သွင်းကုန်က
အများစု ဖြစ်နေတဲ့ ပြသနာကလည်း တစ်ပူပေါ်နှစ်ပူဆင့်
စေပါတယ်၊ ပို့ကုန်ဝင်ငွေ နည်းပါးတဲ့ အတွက်
ပြည်တွင်းငွေကြေး သုံးစွဲမှုကိုလည်း အတိုင်းအတာ တစ်ခုထိ
သုံးစွဲမှုကို လျော့ကျလို့ သွားစေပါတယ်။ ***

ဆောက်လုပ်ရေး အိမ်ခြံမြေကလည်းအလုပ် မဖြစ် ၊
ပို့ကုန်သွင်းကုန်ကလည်း ပို့ကုန်ကနည်းပြီး သွင်းကုန် က
များတဲ့အပြင် စက်ရုံဆောက်ပြီး အလုပ်လုပ်မယ်ဆိုပြန်
တော့လည်း အလုပ်သမားပြသနာသောင်းခြောက်ထောင်
ကြောင့် လူတော်တော်များများ ရင်းနှီးမြုပ်နှံမှု လုပ်ဖို့
လက်တွန့်ကုန်တာဖြစ်ပါတယ် ၊ ဒီဘက်ခေတ်မှာ ပြသနာ
ပေါင်းသောင်းခြောက်ထောင်နဲ့ ဖြစ်တာကြောင့် မြေ၀ယ်
စက်ရုံဆောက်ပြီး ကုန်ထုတ်လုပ်ငန်း လုပ်မယ့် လူဆိုရင်
စီးပွားရေး လုပ်ငန်းရှင် အချင်းချင်း အကြားမှာ
သတ္တိကောင်းတယ်လို့တောင် ပြောကြဆိုကြပါတယ် ။

ဒီတော့ ပြသနာလည်းကင်း သေချာပြီး အတိုးရတဲ့
ဘဏ်တွေမှာဘဲ ငွေတွေကို စုပြုံသွားအပ်ကြတာဖြစ်လို့
လည်ပတ်ရမယ့် ငွေ မလည်နိုင်တော့ဘဲ စီးပွားရေး ကျဆင်း
လို့လာပါတယ်။ အလုပ်အကိုင် မကောင်းတဲ့ အတွက်
ကုမ္မဏီကြီးတွေ အသုံးစရိတ်လျှော့ချတာ ၀န်ထမ်းလျှော့တာ ၊
လစာမြင့် ၀န်ထမ်းတွေကို လစာကို ရာခိုင်နှုန်းဘယ်လောက်
အထိ လျှော့တာတွေ မဖြစ်မနေ လုပ်လာကြပါတယ် ၊
လူတစ်ဦးချင်းစီရဲ့ ငွေကြေးသုံးစွဲမှု ပမာဏ ကျုံ့သွားတာ
ဖြစ်ပါတယ် ။

ဈေးကွက်အပေါ်မှာ ပြည်သူတွေရဲ့ ယုံကြည်မှု အားနည်းတဲ့
အပြင် မြင့်မားတဲ့ ဘဏ်တိုးနှုန်းကို ပေးထားတဲ့ ကိစ္စကို
ပြန်လည် သုံးသပ်သင့်တယ်လို့ ထင်မြင်ပါတယ်။

နိုင်ငံခြားသား လုပ်ငန်းရှင်က ပြည်ပကနေ အတိုးလေးကျပ်
လောက်နဲ့ လာပြီးရင်းနှီးမြုပ်နှံချိန်မှာ ကိုယ်ပြည်တွင်းက
လုပ်ငန်းရှင်က စာရွက်စာတမ်းပေါင်းစုံ အကြားကျော်ဖြတ်ပြီး
မှ မြင့်မားတဲ့ ၁၃ ရာခိုင်နှုန်း ဘဏ်တိုးနှုန်းနဲ့ ဈေးကွက်မှာ
ယှဉ်ပြိုင်ရတာဖြစ်ပါတယ် ။

မမျှတတဲ့ဘဏ်တိုးနှုန်း နှစ်ခုကြားမှာ ချိန်ညှိရမှာတော့
တာဝန်ရှိသူများရဲ့ အလုပ်ဖြစ်ပါတယ် ။ ဘဏ်တိုးတွေကြောင့်
ပြည်ပရင်းနှီးမြုပ်နှံသူတွေကို ဈေးကွက်မှာ မယှဉ်နိုင်လို့
ပြုတ်သွားတဲ့ သာဓကတွေ လည်း မြင်တွေ့နေရဆဲ
ဖြစ်တာကြောင့် ဘယ်လုပ်ငန်းရှင်မှ လုပ်ငန်းသစ် ထပ်မချဲ့
တော့ဘဲ လုပ်ငန်းဟောင်းကို လည်ပတ်ပြီး ၀န်ထမ်းလစာ
ကာမိရုံသက်သက် ထိန်းကျေင်းပြီး အလုပ်လုပ်လာ
ကြတာဖြစ်ပါတယ် ။

စီးပွားရေး လုပ်ငန်းရှင်တွေ အလုပ်လုပ်ဖို့ ခက်ခဲတဲ့ နိုင်ငံ ၊
ရင်းနှီးမြုပ်နှံမှု လုပ်ငန်းတွေနဲ့ ပက်သက်ပြီး ပြည်သူ့ယုံကြည်မှု
ပျောက်ဆုံးနေတဲ့ နိုင်ငံတစ်ခုမှာ ငွေကြေးလည်ပတ်မှု
အားနည်းပြီး ငွေကျပ်မှာ အသေအချာဘဲဖြစ်ပါတယ် ။

ငွေကျပ်တဲ့ ပြသနာကို နိုင်ငံတကာ အစိုးရတွေကတော့
တည်ဆောက်ရေး စီမံကိန်းသစ်ကြီးတွေ ချပေးတာ ၊
ရင်းနှီးမြုပ်နှံမှုနဲ့ ပက်သက်ပြီး ဖြေလျှော့မှုတွေ လုပ်ပေးတာ ၊
ပိုင်ဆိုင်မှုနဲ့ ပက်သက်ပြီး အာမခံချက်တွေ ပေးတာ လုပ်ပေး
ကြပါတယ် ၊ အကျိုးဆက်ကတော့ ပြည်သူက အစိုးရ
ကိုယ်တိုင် ပိုင်ဆိုင်မှုကို အာမခံထားတဲ့ အတွက် ငွေဆုံးရှုံး
ရမှာ မပူတဲ့အတွက် ပျော်ပျော်ကြီး ပြန်လည်ရင်းနှီးမြုပ်နှံတာ
အမေရိကန် စီးပွားရေး ပျက်ကပ်ကို ကြည့်ရင် သင်ခန်းစာ
ယူမယ်ဆိုရင် ယူလို့ရပါတယ် ။

သင့်တင့်မျှတတဲ့ ဘဏ်တိုးနှုန်း ၊ ပိုင်ဆိုင်မှု အထောက်အထား
နဲ့ ပက်သက်ပြီး ၀ယ်ယူ ရင်းနှီးမြုပ်နှံရင် သေချာပါတယ်ဆိုတဲ့
အစိုးရဆီက စည်းမျဉ်းစည်းကမ်းတွေ ၊ ထွက်သင့်ထွက်ထိုက်
လို့တောင် အချိန်လွန်နေပြီဖြစ်တဲ့ အိမ်ခြံမြေဆိုင်ရာ ဥပဒေ
တွေကို အမြန်ဆုံးထွတ်ပေးဖို့ လိုအပ်ပါပြီ ၊

ဒါ့အပြင် ဆောက်လုပ်ရေးလုပ်ငန်းတွေ နဲ့ ပက်သက်ပြီး
တင်ဒါစနစ်နဲ့ လုပ်ငန်းတွေ ချပေးရာမှာ ပေးချေရမယ့် ငွေကြေး
ကိုလည်း မြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန်ချပေးဖို့ လိုပါပြီ ။

အမေစု အစိုးရလက်ထက်မှာတော့ အရင်က အလုပ်မဖြစ်
တဲ့ မတ် ၃၁ ကုန် ဧပြီ ၁ရက်နေ့ ပြန်စတဲ့ ဘဏ္ဍာနှစ်အစား
ဆောက်လုပ်ရေးသမားတွေ လုပ်သာကိုင်သာရှိတဲ့
စက်တင်ဘာ ၃၀ အောက်တိုဘာ ၁ ဆိုပြီး ဘဏ္ဍာနှစ်
သတ်မှတ်ချက်ကို ပြန်ပြောင်းမယ့် အခြေအနေကလည်း
အားတက်စရာဖြစ်ပါတယ် ။

အဓိက အချက်ကတော့
ယုံကြည်မှုကို ပြန်လည်တည်ဆောက်နိုင်ဖို့ ၊ ဖျာအောက်ထဲ
က ပိုက်ဆံတွေ ဈေးကွက်ထဲကို ထည့်ပြီးလည်နို်င်ဖို့ အတွက်
ပိုင်ဆိုင်မှု ဆိုင်ရာ စာရွက်စာတမ်းခိုင်မာမှု နဲ့ ပက်သက်ပြီး
အစိုးရ အနေနဲ့ ဥပဒေ နည်းဥပဒေ တွေကို အမြန်ဆုံး
ထွတ်ရှိအောင် လုပ်ဆောင်ပေးသင့်ပါကြောင်း တိုက်တွန်း
တင်ပြလိုက်ပါသည်။

(ကိုချစ်ခင်)

credit - iMyanmar House

**********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

“လျှပ်စစ် မီတာခ သတင်းများ”

“လျှပ်စစ် မီတာခ သတင်းများ”

၁။ "လျှပ်စစ်သုံးစွဲမှုကို မှန်ကန်စွာသိရှိနိုင်ရန် မီတာဖတ်
ဝန်ထမ်းစေလွှတ်ခြင်း အစား Control Center မှ ဖတ်ရှု
နိုင်မည့်စနစ်ကို စတင်ဆောင်ရွက်နေပြီ"

ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ်များတွင် လျှပ်စစ်သုံးစွဲမှုကို
မှန်ကန်စွာသိရှိ နိုင်ရန် မီတာဖတ် ဝန်ထမ်းစေလွှတ်ခြင်း
အစား Control Center မှ ဖတ်ရှုနိုင်ရန် ဆောင်ရွက်နေပြီ
ဖြစ်ကြောင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့်
လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော် က
ပြောသည်။

နိုဝင်ဘာ ၇ ရက် ရန်ကုန်တိုင်း လွှတ်တော်အစည်းအဝေး
တွင် အင်းစိန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)
လွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်၏
''ရန်ကုန်တိုင်းဒေသကြီး အတွင်း လျှပ်စစ်မီတာဖတ်ရာတွင်
အချိန်မှန်၊ ယူနစ်မှန် ဖတ်ကြားပေးခြင်းအား စနစ်တကျ
ပြုလုပ်ပေးရန် အစီအစဉ်ရှိ၊မရှိ" မေးခွန်းနှင့်ပတ်သက်ပြီး
ဝန်ကြီးက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

''မီတာဖတ် ဝန်ထမ်းတွေလည်း ဖတ်စရာမလိုအောင်
Control Center ကနေပဲ မီတာဖတ်လို့ရအောင် မီတာ
သုံးစွဲသူ ပုဂ္ဂိုလ်များ ကိုယ်တိုင်လည်း မိမိတို့သုံးစွဲထားတဲ့
မီတာယူနစ်ကို ကိုယ်တိုင်လည်း ဖတ်လို့ရမယ့် စနစ်ကို
အခု ပြောင်းလဲပြီးတော့ ဆောင်ရွက်လျက်ရှိပါကြောင်း
လဲလှယ်တပ်ဆင်ဆောင်ရွက်နေမှုများပြုလုပ်လျက်
ရှိပါကြောင်း ဖြေကြားအပ်ပါတယ်'' ဟု ဝန်ကြီးက
ပြောသည်။

လျှပ်စစ်သုံးစွဲမှုမီတာယူနစ်များအား လစဉ်ပုံမှန်ဖတ်ရှုနိုင်ရန်
လစဉ် ၁ ရက်နေ့မှ ၅ ရက်အတွင်း ရပ်ကွက်အလိုက်
စနစ်တကျမီတာ ဖတ်ရှုရန် ညွှန်ကြားထားပြီး မီတာဖတ်မည့်
ရက်ကိုလည်း သတင်းစာတွင်ဖော်ပြပေးသော်လည်း
မီတာဖတ်ဝန်ထမ်းများသတ်မှတ်ရက်အတွင်း မီတာဖတ်ရာ
၌ အိမ်တံခါး ပိတ်ထားခြင်းနှင့်ခြံတံခါးပိတ်ထားခြင်းများ
ကြောင့် ခန့်မှန်းတွက်ချက်သည့် အတွက် သုံးစွဲယူနစ်အမှန်
မရရှိကြောင်း ယင်းအပြင် မီတာဖတ် ဝန်ထမ်းအချို့၏
မရိုးသားမှုများရှိတတ်သည့် အတွက် ၄င်းဖြစ်စဉ်များ
မပေါ်ပေါက်ရန်နှင့် မီတာဖတ်မှု တိကျ မှန်ကန်စေရေး၊
မီတာဖတ်ဝန်ထမ်းများနှင့် မီတာသုံးစွဲသူများအကြား
ပြဿနာများမဖြစ်ပေါ်စေရန် ရန်ကုန်လျှပ်စစ်ဓာတ်အား
ပေးရေး ကော်ပိုရေးရှင်းမှ ယခင်မီတာများအစား
Digital Remote Control ဖြင့် ပေ ၁ဝဝ အကွာအဝေးမှ
မီတာဖတ် နိုင်သည့် OMR မီတာများ လဲလှယ်တပ်ဆင်
ခြင်းကိုဆောင်ရွက်နေပြီး နောင်တွင်အထက်ဖော်ပြပါအတိုင်း
မီတာဖတ်ဝန်ထမ်း မလိုဘဲ Control Center မှ ဖတ်ရှု
နိုင်မည့်စနစ်ကို စတင်လျက်ရှိ ကြောင်း
ဝန်ကြီးကပြောသည်။

''ရန်ကုန်တိုင်းအတွင်းမှာ မီတာပေါင်း တစ်သန်းကျော်ရှိတဲ့
အထဲမှာ ငါးသိန်းလောက်ကို ကျွန်မတို့ OMR မီတာတွေ
တော့ လဲလှယ် တပ်ဆင်ပြီး ဖြစ်ပါတယ်'' ဟု ဒေါ်နီလာကျော်
ကပြောသည်။

ယင်း Control Center မှ မီတာဖတ်သည့်စနစ်ကို ဒေါပုံ
မြို့နယ်တွင် ပိုင်းလော့ပရောဂျက်ဖြင့် စတင်ဆောင်ရွက်
နေကြောင်း ၄င်း ကပြောသည်။

''ယူနစ်ပုံမှန် ၂ဝဝ ခန့် ပုံမှန် သုံးစွဲနေတဲ့အိမ်ကိုလစဉ်သေချာ
စွာမဖတ်ဘဲ၊ မှန်းပြီး ပထမလမှာ ယူနစ် ၈ဝ ဖတ်ပြီး
ဒုတိယလမှာ ၃၂ဝ ယူနစ်ဖတ်လို့ရှိရင် စုစုပေါင်း ယူနစ်
တူညီပေမယ့်လို့ငွေပေးချေမှုများက ပုံသေမဖြစ်တဲ့အတွက်
ကြောင့် သုံးစွဲသူဘက်က တွက်ချက်ရင် နစ်နာတာကို
တွေ့ရပါတယ်'' ဟု အင်းစိန်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)
လွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်က ပြောသည်။

ယင်းအပြင် လူမနေသည့် အိမ် များ၊ တိုက်ခန်းများနှင့်
ဆောက်လက်စအိမ်များတွင် လျှပ်စစ်သုံးစွဲမှုမရှိဘဲ ယခင်က
သုံးစွဲခဲ့သည့်နှုန်း အတိုင်း နှစ်လသုံးလတိုင်အောင်
ဆက်လက်မီတာတက်နေသည်ကိုလည်းတွေ့ရှိရကြောင်း
၎င်းက ပြောသည်။

(AL)

*****

၂။ "၂၀၁၇ ခုနှစ် ဇူလိုင်လအထိ ရန်ကုန်လျှပ်စစ်ဓာတ်အား
ပေးရေး ကော်ပိုရေးရှင်း၏ လျှပ်စစ်တစ်ယူနစ် ကုန်ကျစရိတ်
ပျမ်းမျှ ၆၆ ကျပ် ကျော်သာရှိပြီး ပြန်လည်ရောင်းချငွေမှာ ပျမ်းမျှ
၇၄ ကျပ် နီးပါး ရှိသော်လည်း မီတာခတိုးမြှင့်ရန် စီစဉ်နေ"

၂၀၁၇ ခုနှစ် ဇူလိုင်လအထိ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး
ကော်ပိုရေးရှင်း၏ လျှပ်စစ်တစ်ယူနစ် ကုန်ကျစရိတ်ပျမ်းမျှ
၆၆ ကျပ် ကျော် ရှိပြီး ပြန်လည် ရောင်းချငွေမှာ ပျမ်းမျှ ၇၄ ကျပ်
နီးပါး ရှိသော်လည်း မီတာခတိုးမြှင့်ရန်
ဆောင်ရွက်နေကြောင်း သိရသည်။

နိုဝင်ဘာ ၇ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်း
ဒေသကြီး လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ၁၅ ရက်
မြောက်နေ့ အစည်းအဝေးတွင် သုံးခွမြို့နယ် မဲဆန္ဒနယ်
အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးနေ၀င်း၏
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ပြည်ထောင်စု
အစိုးရထံမှ လျှပ်စစ်ဓာတ်အားကို မည်သည့်ဈေးနှုန်းဖြင့်
ဝယ်ယူရပြီး ပြည်သူလူထုထံ မည်သည့်နှုန်းထားဖြင့် ဖြန့်ဖြူး
ပေးနေသည်ကို ပြည်သူလူထုကိုယ်စား ရှင်းရှင်းလင်းလင်း
သိရှိလိုပါကြောင်း၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရာတွင်
ယခင်နှုန်းထားများ အတိုင်း သုံးစွဲနေမှုနှင့် ပတ်သက်၍
ဈေးနှုန်းပြန်လည် ပြင်ဆင်ပေးရန် အစီအစဉ် ရှိ မရှိ
လျှပ်စစ်မီတာ (တစ်ယူနစ်) သုံးစွဲမှုတွင် အများပြည်သူနှင့်
စီးပွားရေး လုပ်ငန်းရှင်များ၊ စက်မှုလုပ်ငန်းရှင်များ အစား
(တန်ဖိုးရှိ လျှပ်စစ်မီး) အသုံးပြုနိုင်ရန် ထိန်းချုပ်မှုဖြင့်
ဆောင်ရွက်ရန် အစီအစဉ်ရှိ မရှိနှင့် တစ်ယူနစ်တန်ဖိုး မည်မျှ
ကောက်ခံနေသည်ကို သိရှိလိုကြောင်း စသည်ဖြင့်
မေးမြန်းရာတွင် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း
ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က မီတာခဈေးနှုန်း
ပြန်လည် ပြင်ဆင်သတ်မှတ်နိုင်ရေး ပြည်ထောင်စု ၀န်ကြီး
ဌာနက ဆောင်ရွက်နေသည်ဟု ပြန်လည် ဖြေကြားခဲ့သည်။

“ရန်ကုန်တိုင်းမှာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးနဲ့ ပတ်သက်ပြီး
တာဝန်ယူနေတာက ရန်ကုန် လျှပ်စစ် ဓာတ်အားပေးရေး
ကော်ပိုရေးရှင်း ဖြစ်ပါတယ်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက
ပြည်ထောင်စုအစိုးရရဲ့ အစီအစဉ်နဲ့ ဖြန့်ဖြူးပေးနေတဲ့
EPGE National Grip မှ လျှပ်စစ်ကို တစ်ယူနစ်လျှင်
၅၇ ကျပ်နှုန်းဖြင့် ၀ယ်ယူပြီး အများပြည်သူသို့
အိမ်သုံးမီတာမှာ
တစ်ယူနစ်မှ ယူနစ် ၁၀၀ အထိ ၃၅ ကျပ်နှုန်း၊
၁၀၁ ယူနစ်မှ ယူနစ် ၂၀၀ အထိ ကျပ် ၄၀ နှုန်း၊
၂၀၁ ယူနစ် အထက် ကျပ် ၅၀ နှုန်းဖြင့် လည်းကောင်း၊
စက်မှုလုပ်ငန်းရှင်များ စက်မှုလက်မှုစီးပွားရေးလုပ်ငန်းသုံး
အနေဖြင့်
တစ်ယူနစ်မှ ယူနစ် ၅၀၀ အထိ ၇၅ ကျပ်နှုန်း၊
၅၀၁ ယူနစ်မှ တစ်သောင်းယူနစ်အထိ ကျပ် ၁၀၀ နှုန်း၊
၁၀၀၀၁ ယူနစ်မှ ယူနစ် ၅၀၀၀၀ အထိ ၁၂၅ ကျပ်နှုန်း နှင့်
၅၀၀၀၁ ယူနစ်မှ နှစ်သိန်းယူနစ်အထိ ကျပ် ၁၅၀ နှုန်းဖြင့်
ဓာတ်အား ပြန်လည်ဖြန့်ဖြူး ရောင်းချပေးလျက် ရှိပါတယ်”
ဟု လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး
ဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရေး ကော်ပိုရေးရှင်း
အနေဖြင့် ၅၇ ကျပ်ဖြင့် ၀ယ်ယူသော်လည်း ဌာနအနေဖြင့်
ဖြန့်ဖြူးရောင်းချသည့် နေရာတွင် ကုန်ကျစရိတ်များရှိကြောင်း
၎င်းကဆက်လက် ပြောကြားသည်။

“ကေဗွီ ၂၃၀ ဓာတ်အားလိုင်းအထိ ပြည်ထောင်စုရဲ့ လျှပ်စစ်
ဝန်ကြီးဌာနရဲ့ တာဝန်ဖြစ်ပြီးတော့ ၆၆ ကေဗွီအောက်
ဓာတ်အားခွဲရုံများ အပါအ၀င် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး
ကော်ပိုရေးရှင်းမှ တာဝန်ယူ ဆောင်ရွက်ရတာ ဖြစ်ပါတယ်။
ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း အနေနဲ့
၂၀၁၇ ခုနှစ် ဇူလိုင်လအထိ ပျမ်းမျှတစ်ယူနစ် ကုန်ကျစရိတ်
ဟာ  ၆၆ ဒသမ ၄၄ ကျပ်ဖြစ်ပြီးတော့ တစ်ယူနစ် ရောင်းချ
ရငွေဟာ ပျမ်းမျှ ၇၃ ဒသမ ၆၃ ကျပ် ဖြစ်ပါတယ်။
ရရှိတဲ့ အမြတ်ငွေနဲ့ တိုးတက်လာတဲ့ မီးသုံးသူဦးရေ တိုးမြှင့်
သုံးစွဲလာတဲ့ ၀န်အားများနှင့်အညီ ခွဲရုံများ၊ ဓာတ်အားလိုင်းများ
တိုးချဲ့တည်ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ
ကို ဆောင်ရွက်ရပါတယ်။
လျှပ်စစ်ဓာတ်အားခ၊ သုံးစွဲခဈေးနှုန်း ပြန်လည်ပြင်ဆင်နိုင်ရေး
အတွက် ပြည်ထောင်စုဝန်ကြီးဌာနမှ တာဝန်ယူ ညှိနှိုင်း
ဆောင်ရွက်လျက် ရှိပါတယ်” ဟု ၀န်ကြီး ဒေါ်နီလာကျော် က
ဆက်လက်ပြောကြားသည်။

ပြောင်းလဲသတ်မှတ်မည့် လျှပ်စစ်မီတာခ နှုန်းထားများကို
မကြာမီကြေညာမည်ဖြစ်ပြီး မီတာခတိုးမြှင့်သကဲ့သို့
ဝန်ဆောင်မှု ပိုကောင်းအောင် တိုးမြှင့်ပေးနိုင်ရန်လည်း
စီမံနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ
အမြဲတမ်းအတွင်းဝန် ဦးဌေးအောင်က အောက်တိုဘာ ၁၂
ရက်တွင် ပြုလုပ်သော လျှပ်စစ်နှင့် စွမ်းအင် ၀န်ကြီးဌာန၏
သတင်းစာရှင်းလင်းပွဲ၌ ပြောကြားထားသည်။

မီတာခ ပြောင်းလဲ သတ်မှတ်ရေးနှင့် ပတ်သက်၍လည်း
အလွှာပေါင်းစုံနှင့် အံဝင်ခွင်ကျဖြစ်စေရန် စဉ်းစားဆောင်ရွက်
နေကြောင်း၊ ယူနစ်အလိုက် သတ်မှတ်ပြောင်းလဲမည်
သို့မဟုတ် အလွှာအလိုက် သတ်မှတ်ပြောင်းလဲမည် ကို
စဉ်းစားနေကြောင်း ၎င်းက ပြောကြားထားသည်။

မီတာခ ပြောင်းလဲသတ်မှတ်ရေးနှင့် ပတ်သက်၍ လက်ရှိ
နှုန်းထားထက် သုံးဆအထိ တိုးမြှင့်သတ်မှတ်ရန် မဖြစ်
နိုင်ဘဲ အခြေခံလူတန်းစားများအတွက် သင့်လျော်သည့်
နှုန်းထားသာ ဖြစ်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က
စက်တင်ဘာ ၂၁ ရက်တွင်ပြုလုပ်သော NDC စွမ်းအင်ကဏ္ဍ
အကောင်အထည်ဖော်ရေးဆိုင်ရာ အမျိုးသားအဆင့်
အလုပ်ရုံဆွေးနွေးပွဲ၌ ပြောကြားထားသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် မီတာခနှုန်းထား
ပြောင်းလဲသတ်မှတ်ရေးအတွက် ဆောင်ရွက်နေသည်မှာ
နောက်ဆုံးအဆင့် ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ ၀န်ကြီးဌာန
တာဝန်ရှိသူများ၊ တိုင်းဒေသကြီး ပြည်နယ် ၀န်ကြီးများ၊
နည်းပညာ ကျွမ်းကျင်သူများ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်း
များဖြင့် နောက်ဆုံးအဆင့် အပြီးသတ်ဆွေးနွေးမှု ပြုလုပ်ကာ
မကြာမီကျင်းပမည့် လွှတ်တော်တွင် တင်ပြသွားမည်
ဖြစ်ကြောင်း၊ အများပြည်သူ သိရှိရန်လည်း ထုတ်ပြန်ပေးမည်
ဖြစ်ကြောင်း သိရသည်။

(ထက်ရှိုင်း၊ ဆန်းထူးအောင်)

*****

၃။ "လျှပ်စစ်မီး သုံးစွဲသူ ပြည်သူများ ကျေနပ်အောင် ဝန်ဆောင်မှု
ပေးပြီးမှသာ အခြေခံလူတန်းစားကို မထိခိုက်သော မီတာခနှုန်း
ကို ပြင်ဆင်မည် ဟုဆို"

မီတာခပြင်ဆင်နိုင်ရေးအတွက် ဝန်ဆောင်မှုကောင်းကောင်း
ဖြည့်ဆည်း ပေးပြီးပြီ ဆိုမှသာ မီတာခများပြင်ဆင်ရန်
ဆောင်ရွက်သွားမည်ဖြစ်ပြီး မီတာခပြင်ဆင်သည့်အခါ အခြေခံ
လူတန်းစား မထိခိုက်ဘဲ အသုံးပြုနိုင်သောနှုန်းကို ဆောင်ရွက်
ပေးသွားမည်ဖြစ် ကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန
ဒုတိယအမြဲတမ်း အတွင်းဝန် ဦးစိုးမြင့်က နိုဝင်ဘာ ၉ ရက်က
နေပြည်တော် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၌ ကျင်းပသည့်
သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

ဒုတိယအမြဲတမ်း အတွင်းဝန် ဦးစိုးမြင့်က
''မီတာခတွေပြင်ဆင်နိုင်ဖို့အတွက် ဝန်ဆောင်မှုတွေ
အရင်ဆုံးဖြည့်ဆည်းပေးနေပါတယ်။
ဝန်ဆောင်မှုတွေကောင်းအောင်လုပ်ပေးပြီးပြီဆိုမှ မီတာခ
တွေပြင်ဆင်ဖို့အတွက် ဆောင်ရွက်သွား မှာပါ။
မိတာခတွေကို ပြင်ဆင်ဖို့ ရေရှည်ကာလအနေနဲ့ သွားမှာ
တစ်ခါပြင်ပြီးရင် နောက်ထပ်ပြင်ဆင်ဖို့ဆိုတာကလည်း
ပြုလွယ်ပြင်လွယ်လို့ရတဲ့ဟာ မဟုတ်ဘူး။
ကျွန်တော်တို့က ပြည်သူလျှပ်စစ်မီးသုံးစွဲသူ ကျေနပ်သည့်
အထိ ဝန်ဆောင်မှုပေးနိုင်မှ တစ်ဖက်ကကျေနပ်မယ်။
ဒီကျေနပ်မှုတွေရှိမှ ပြင်တဲ့ဟာ လုပ်ပေးမယ်။
မီတာခပြင်ဆင်တဲ့အခါမှာ အခြေခံလူတန်းစား မထိခိုက်ဘဲ
အသုံးပြုနိုင်တဲ့နှုန်းကို ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်''
ဟုပြောသည်။

မီတာခပြင်ဆင်ရန် တစ်ဖက်က လုပ်ဆောင်နေသကဲ့သို့
ဓာတ်အားခကို ပေးရကျိုးနပ်အောင် တစ်ဖက်ကလည်း
လျှပ်စစ်ဓာတ်ဗို့အားပြည့်မီရေးနှင့် ပြည်သူများ၏ လိုအပ်ချက်
ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်း
ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က ပြောသည်။

(MO)

credit - Democracy Today & Eleven Media Group

**********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

"ဆုပေးရော ဒဏ်ပေးပါ အားနည်းနေသည့် အခွန်"

"ဆုပေးရော ဒဏ်ပေးပါ အားနည်းနေသည့် အခွန်"

အခွန်ထမ်းဆောင်ခြင်းဟူသည် နိုင်ငံသားများ
ဆောင်ရွက်ရသည့် တာဝန်ပင် ဖြစ်သည်။ သို့သော်
အခွန်ထမ်းဆောင်ခြင်း၏ အကျိုးကျေးဇူးသည်
ဘာလဲဟူသည်ကား မေးခွန်းထုတ်စရာ ရှိသည်။

ယေဘုယျအားဖြင့်  ပညာရေး၊ ကျန်းမာရေးနှင့် တိုင်းပြည်
ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များအတွက် လိုအပ်သည့် အခြေခံ
အဆောက်အအုံများကို အစိုးရက ဖော်ဆောင်ရာတွင်
အခွန်ငွေဖြင့်သာ အသုံးချရခြင်းဖြစ်သည်။

အခွန်ငွေရရှိမှု နည်းပါးသည့် နိုင်ငံဖြစ်ပါက နိုင်ငံ၏
သယံဇာတများကို ရောင်းချခြင်း၊ ပြည်ပချေးငွေရယူခြင်း
များဖြင့် ဆောင်ရွက်ရသဖြင့် နောက်ဆက်တွဲ အကျိုးဆက်
များစွာကို ခံစားကြရသည်။

စစ်အစိုးရတာဝန်ယူခဲ့စဉ်ကာလတစ်လျှောက်
အခွန်ထမ်းဆောင်သည့်အလေ့အထ မြန်မာပြည်တွင်
နည်းပါးခဲ့သည်။

၂ဝ၁၁ ခုနှစ် ရွေးကောက်ခံအစိုးရစနစ် ပေါ်ပေါက်လာပြီး
နောက် အခွန်ယဉ်ကျေးမှု ပြန်လည်ထွန်းကားစပြုလာ
ခဲ့သည်။ သို့သော် နိုင်ငံ၏လူဦးရေအားဖြင့် ဆိုပါက အခွန်
ထမ်းဦးရေသည် အလွန်နည်းပါးနေဆဲ ဖြစ်သည်။

အခွန်ဥပဒေအရ အခွန်တိမ်းရှောင်သူများကို
ပြစ်မှုပြစ်ဒဏ်များ ပြဌာန်းထားသော်လည်း လက်တွေ့တွင်
အကောင်အထည်ဖော်ဆောင်ရွက်မှု အားနည်းလွန်း
နေသည်။ ၎င်းအချက်သည်ပင် အခွန်ထမ်းများနှင့်
အခွန်တိမ်းရှောင်သူများအကြား မမျှတမှု တစ်ရပ် ဖြစ်နေ
စေသည်ဟု ဆိုနိုင်သည်။

တည်ဆဲဥပဒေအရ လူတစ်ဦး၊ ကုမ္ပဏီတစ်ခု၏ အခွန်
ထမ်းဆောင်ပြီး ရငွေများသည် ဝင်ငွေရ လမ်းကြောင်း
ပြနိုင်သောငွေ 'ငွေဖြူ' များဖြစ်သည်။ ထို့အတွက်
၎င်းငွေများဖြင့် တစ်စုံတစ်ရာပြန်လည်ဝယ်ယူရာတွင်
ဝင်ငွေခွန် ထပ်မံပေးဆောင်ရန် မလိုတော့ဘဲ ကင်းလွတ်
ခွင့်ရှိသည်။ ၎င်းအချက်သည်ပင် အခွန်ထမ်းများအတွက်
နိုင်ငံက ပြန်လည်ပေးထားသည့် အခွင့်အရေး
မက်လုံးတစ်ရပ် ဖြစ်သည်။

သို့ရာတွင် ၎င်းအခွင့်အရေးကိုပင် အခွန်ထမ်းများအနေဖြင့်
ပြည့်ဝစွာ အကျိုးခံစားခွင့် ရှိရေးသည် ရှုပ်ထွေးလွန်းနေ
သဖြင့် အခွန်ထမ်းများက ခံစားခွင့်မရှိဘဲ ဖြစ်နေသည်။

အခြားတစ်ဖက်တွင် အခွန်တိမ်းရှောင်နေသူများ အတွက်
မြင်သာသည့် ပြစ်ဒဏ်ကျခံရမှုများ မရှိခြင်းက အားနည်းချက်
ဖြစ်နေသည်။ ထို့အတွက် အခွန်ထမ်းဆောင်သူ
အရေအတွက် နည်းပါးနေစေသည့် အချက်တစ်ရပ် ဟု
ဆိုနိုင်သည်။

''အခွန်ဆောင်တဲ့သူနဲ့ အခွန်ရှောင်တဲ့သူ ရတဲ့ အခွင့်အရေး
က အတူတူဖြစ်နေတယ်။
အဲဒီတော့ အခွန်မဆောင်လည်း ဘာမှမဖြစ်ဘူးဆိုတဲ့ အသိ
က အခွန်ထမ်းတဲ့သူဦးရေကို နည်းနေစေတယ်'' ဟု
ပို့ကုန်လုပ်ငန်းရှင် ဦးနေလင်းဇင်က ပြောသည်။

လက်ရှိတွင် ပြည်တွင်း၌ အခွန်ထမ်းဆောင်လုပ်ကိုင်နေသည့်
ကုမ္ပဏီများ၏ရောင်းကုန်များသည် အခွန်တိမ်းရှောင်သည့်
ကုမ္ပဏီများ၏ ရောင်းကုန်များနှင့် ဈေးကွက်ယှဉ်ပြိုင်မှု
မပြုလုပ်နိုင်သည့် အခြေအနေများ ရှိနေကြသည်။

ထို့ပြင် နိုင်ငံအနေဖြင့်လည်း အခွန်ထမ်း အရေအတွက်
တိုးတက်လာရန် လုပ်ဆောင်ခြင်းထက် အခွန်ထမ်းဆောင်
သူများထံမှ အခွန်တိုးမြှင့်ရရှိရေးကိုသာ ဦးစားပေးနေခြင်း
ကလည်း မမျှတမှုကို ဖြစ်နေစေသည် ဟု
စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။

''ဆောင်တဲ့ သူက ဆောင်တယ်၊မဆောင်တဲ့သူကလည်း
မဆောင်ဘူးဆိုတဲ့အခါမှာ လုပ်ငန်းတူ၊ ပစ္စည်းတူချင်း
ယှဉ်ရရင် ကုန်ကျစရိတ်ချင်း မတူတော့ဘူး။
အဲဒါကြောင့် ဈေးကွက်ထဲမှာ ယှဉ်ပြိုင်ဖို့က အခွင့်အရေး
တန်းတူ မရှိတော့ဘူး ''ဟုမြန်မာနိုင်ငံ ကုန်သည်များနှင့်
စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းဘုတ်အဖွဲ့ဝင်တစ်ဦး
ဖြစ်ပြီး သွင်းကုန်လုပ်ငန်းရှင်ကြီး တစ်ဦးဖြစ်သူ
ဒေါက်တာအောင်သိန်း က ပြောသည်။

''လုပ်ငန်းတိုင်း၊ လူတိုင်းကို အခွန်ဆောင်သူဖြစ်အောင်
လုပ်ပေးသင့်တယ်။
အခွန်ဆိုတာကိုလည်း ဆောင်နိုင်တဲ့ ပမာဏတစ်ခုကို
ဖြစ်စေပြီး လွတ်နေတဲ့နေရာမရှိအောင် လုပ်နိုင်ရင်တောင်
လက်ရှိထက်အများကြီးပိုရလာမှာပါ။
အခုက အခွန်မဆောင်ဘဲ လွတ်နေတဲ့ နေရာတွေလည်း
အများကြီး'' ဟု ၎င်းက ဆက်ပြောသည်။ 

ပြည်တွင်းအခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်
ကမူ ထိုကဲ့သို့ အခွန်ကင်းလွတ်သူများရှိနေခြင်း အတွက်
၎င်းတို့ဌာနသည် အခြားဌာနဆိုင်ရာများနှင့် ချိတ်ဆက်မှု
ကို တိုးမြှင့်လုပ်ကိုင်နေလျက်ရှိသည် ဟု ပြောသည်။

''အခွန်ကင်းလွတ်တဲ့နေရာ မရှိဖို့အတွက် ဆောင်ရွက်
နေပါတယ်။
ဥပမာအားဖြင့် လုပ်ငန်းတစ်ခုကို လုပ်တော့မယ်ဆိုရင်
မြို့နယ် စည်ပင်သာယာရေးကော်မတီနဲ့ သက်ဆိုင်ရာ
ဌာနမှာ လိုင်စင်ယူရတယ်။
အဲဒီလိုလိုင်စင်ယူတဲ့အခါမှာ အခွန်တာဝန်ကျေပွန်တဲ့သူ
ကိုသာ လိုင်စင်ထုတ်ပေးဖို့အတွက် လုပ်ထားတယ်။
ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုဟာလည်း အဆောက်
အအုံတစ်ခုဆောက်ပြီးရင် လူနေထိုင်ခွင့်တောင်းခံတဲ့
အခါမှာ အခွန်ဆောင်ပြီးမှသာ လူနေထိုင်ခွင့်ကို
ရရှိနိုင်မယ့် နည်းလမ်းတွေကို လုပ်ထားပါတယ်''ဟု
ညွှန်ကြားရေးမှူးချုပ် က ပြောသည်။

လစာဝင်ငွေခွန်နဲ့ ပတ်သက်လို့လည်း အခွန်ထမ်းများလာဖို့
အတွက် ပြည်တွင်းအခွန် ဦးစီးဌာနအနေဖြင့် တစ်နေရာ
တည်းတွင် အပြီးဆောင်ရွက်နိုင်သည့် One Stop Service
စနစ်များကို အသုံးပြု၍ လုပ်ကိုင်နေသည်ဟု
၎င်းက ပြောသည်။

အခြားတစ်ဖက်တွင်မူ ကုမ္ပဏီလုပ်ငန်းတစ်ခုသည် ကုမ္ပဏီ
ရငွေများကို အခွန်ထမ်းဆောင်ပြီးပါက ၎င်းတို့၏ ရပိုင်ခွင့်
ဖြစ်သည့် အခွန်ထမ်းဆောင်မှုမှတ်တမ်းရရှိရန် အခက်အခဲ
ရှိနေသည်ဟု ဦးနေလင်းဇင်က ပြောသည်။

ကုမ္ပဏီ၏ အခွန်ထမ်းဆောင်မှုအား ကုမ္ပဏီအမည်ဖြင့်
အခွန်ပြေစာကိုသာရရှိပြီး ကုမ္ပဏီတည်ထောင်သူ၏
အမည်ဖြင့် အခွန်ထမ်းဆောင်မှုမှတ်တမ်း မရရှိခြင်း
ကလည်း အခက်အခဲ တစ်ရပ်ဖြစ်နေစေလျက်ရှိသည်ဟု
၎င်းက ပြောသည်။

ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေတွင် ဝင်ငွေခွန်
ဥပဒေပုဒ်မ ၆ နှင့် ၆-က တို့တွင် ဝင်ငွေခွန် ထမ်းဆောင်
ထားပြီးသည့်ငွေ (ဝင်ငွေရလမ်းကြောင်းဖော်ပြနိုင်သောငွေ)
ဖြင့် အိမ်ခြံမြေ စသည့် အခြေပြုပစ္စည်း တစ်မျိုးမျိုးကို
ပြန်လည်ဝယ်ယူပါက ဝင်ငွေခွန်ကင်းလွတ်ခွင့်
ပြုထားသည်။

အခွန်ဆောင်ကြောင်း အထောက်အထားအဖြစ်
ဝင်ငွေခွန်ဆောင်သူသည် တစ်သီးပုဂ္ဂလဖြစ်ပါက
အပြာရောင်မှတ်တမ်းစာအုပ်နှင့်
စီးပွားရေးလုပ်ငန်းများဖြစ်ပါက အဝါဖျော့ရောင်မှတ်တမ်း
စာအုပ်ဖြင့် မှတ်တမ်း ရယူခွင့် ရှိသည်။

၎င်းမှတ်တမ်းစာအုပ်များဖြင့် အခွန်ထမ်းဆောင်သူ
လူတစ်ဦးချင်းနှင့် လုပ်ငန်းများသည် နှစ်အလိုက်ဝင်ငွေခွန်
ပေးဆောင်ထားမှုများကို သက်ဆိုင်ရာမြို့နယ် အခွန်ရုံးများ
တွင် တံဆိပ်ထု၍ မှတ်တမ်းရယူ အတည်ပြုနိုင်သည်။

၎င်းမှတ်တမ်းစာအုပ်တွင်မူ လုပ်ငန်း၊သို့မဟုတ် လူတစ်ဦးချင်း
၏ လစဉ် ဝင်ငွေနှင့် ၎င်းဝင်ငွေအတွက် အခွန်ပေးချေမှု
ပမာဏကို ဖော်ပြထားသည်။

အကယ်၍ လူတစ်ဦးသည် အခွန်ထမ်းဆောင်ပြီး ဝင်ငွေ
သိန်း ၅ဝဝ ရှိပါက သိန်း ၅ဝဝ တန်ဖိုးရှိ တိုက်ခန်း၊ သို့မဟုတ်
အခြားအခြေပြုပစ္စည်း တစ်ခုခုဝယ်ယူရာတွင် ဝင်ငွေခွန်
ထပ်မံပေးဆောင်ရန် မလိုတော့ဘဲ ခုနှိမ်ခွင့်ရရှိမည်
ဖြစ်သည်။ သိန်း ၆ဝဝ တန်ဖိုးရှိတိုက်ခန်းကို ဝယ်ယူမည်
ဆိုပါက သိန်း ၅ဝဝ ကို ခုနှိမ်၍ သိန်းတစ်ရာအပေါ်တွင်သာ
ဝင်ငွေခွန် ပေးဆောင်ရမည်ဖြစ်သည်။

ထို့အတွက် အခွန်ခုနှိမ်မည်ဆိုပါက တိုက်ခန်းဝယ်ယူမှု
ပြုလုပ်သည့် သက်ဆိုင်ရာမြို့နယ်အခွန်ရုံးတွင် ဝင်ငွေခွန်
ပေးဆောင်ပြီး မှတ်တမ်းစာအုပ်ကိုပြ၍ ဝင်ငွေခွန်
မကျသင့်စေရန် တောင်းခံနိုင်ခွင့် ရှိသည်။

ဝင်ငွေရလမ်းကြောင်း မဖော်ပြနိုင်သည့်ငွေများဖြင့် အခြေပြု
ပစ္စည်း တစ်ရပ်ရပ်ကို ဝယ်ယူရာတွင်လည်း
- တစ်ကျပ်မှ ကျပ်သိန်း ၃ဝဝ အထိကို ၁၅ ရာခိုင်နှုန်း၊
- ကျပ်သိန်း ၃ဝဝ မှ သိန်း ၁,ဝဝဝ အထိကို ၂ဝ ရာခိုင်နှုန်း၊
- ကျပ်သိန်း ၁,ဝဝဝ နှင့် အထက်ကို ၃ဝ ရာခိုင်နှုန်းဖြင့်
ဝင်ငွေခွန် ထမ်းဆောင်ရမည်ဟု ဖော်ပြထားသည်။

''ကုမ္ပဏီဆိုတာက လူက တည်ထောင်ထားတာဖြစ်တယ်။
ကုမ္ပဏီအမည်နဲ့ အခွန်ပြေစာပေးသလို နှစ်အလိုက်
အခွန်ထမ်းဆောင်ထားတဲ့ ပမာဏကို လူအမည်နဲ့လည်း
ထုတ်ပေးဖို့လိုတယ်။
အဲဒီတော့မှ ဒီကုမ္ပဏီကို တည်ထောင်တဲ့သူက အိမ်ဖြစ်စေ၊
ကားဖြစ်စေ ဝယ်ယူတဲ့အခါမှာ ငွေဖြူအနေနဲ့ ဝင်ငွေခွန်
ထပ်မဆောင်ရဖို့ တောင်းဆိုခွင့် ရှိမှာပါ။
ကုမ္ပဏီရဲ့ အခွန်ဆောင်ထားပြီးသားကို လူနာမည်နဲ့
မှတ်တမ်းအဖြစ် မရတဲ့အတွက် ကားတို့၊ အိမ်တို့ ပြန်ဝယ်တဲ့
အခါမှာ ဝင်ငွေရလမ်း မပြနိုင်ဘူးဆိုပြီး ဝင်ငွေခွန်
ထပ်ဆောင်ရတယ်။
ဒါက သဘာဝ လုံးဝမကျဘူး။
အဲဒီတော့ အခွန်ဆောင်တာက ဘာအကျိုးမှ မရှိသလို
ဖြစ်နေတယ်'' ဟု ဦးနေလင်းဇင်က ပြောသည်။

အချို့သောနိုင်ငံများတွင်မူ အခွန်ထမ်းဦးရေ များလာရန်
အတွက် မက်လုံးပေးသည့် စနစ်များဖြင့် ဆွဲဆောင်သည့်
နည်းလမ်းများကို ဆောင်ရွက်ထားသည်။

ဥပမာအားဖြင့် ထိုင်ဝမ်နိုင်ငံတွင်ဆိုလျှင် ဈေးဝယ်စင်တာ
များ၊ စားသောက်ဆိုင်များတွင် သုံးသည့် ငွေရှင်းပြေစာကို
တစ်နိုင်ငံလုံး တစ်ပုံစံတည်း သတ်မှတ်ထားပြီး ထိုပြေစာ
သည် နံပါတ်စဉ်များပါဝင်ကာ ထီလက်မှတ်လည်း
ဖြစ်သည်။ နှစ်လတစ်ကြိမ် ထိုင်ဝမ်ဒေါ်လာ ၁ဝ သန်း
(အမေရိကန်ဒေါ်လာ ၃၃၅,ဝဝဝ ခန့်)တန်သည့် ထိုထီဆုမဲ
ကို ဖောက်ပေးသည်။ ထို့အတွက် စားသုံးသူများသည်
ငွေချေပြေစာကို မဖြစ်မနေ တောင်းဆိုကြပြီး ဆိုင်မှ
ပေးအပ်ခြင်း မရှိပါက တိုင်ကြားကြသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ငန်းများအားလုံးကို
ရာနှုန်းပြည့် အခွန်စည်းကြပ်နိုင်ရန် ဆောင်ရွက်နိုင်မှုမရှိ
သေးသည့်အပြင် တစ်ဦးချင်းဝင်ငွေများအပေါ်တွင်လည်း
ရာနှုန်းပြည့် ဝင်ငွေခွန်စည်းကြပ်နိုင်ရန် ဆောင်ရွက်နိုင်
သေးခြင်း မရှိသေးပေ။

တစ်ဦးချင်းဝင်ငွေများအနေဖြင့်ဆိုပါက ဘဏ်လုပ်ငန်းများနှင့်
ချိတ်ဆက်၍ လစာပေးသည့် ကုမ္ပဏီများမှ ဝန်ထမ်းများနှင့်
အစိုးရဝန်ထမ်းများအပေါ်တွင်သာ ဝင်ငွေခွန်စည်းကြပ်
နိုင်သေးခြင်းဖြစ်သည်။

ထို့အတူ စီးပွားရေးလုပ်ငန်းများတွင်လည်း တရားမဝင်
ကုန်သွယ်မှု လုပ်ငန်းများ၊ ဒီဂျစ်တယ်စနစ်အပေါ် မှီခို
လုပ်ကိုင်သည့် လုပ်ငန်းများအပေါ်တွင်
အခွန်စည်းကြပ်နိုင်မှု အားနည်းနေဆဲဖြစ်သည်။

ထို့အတွက် ပြည်တွင်းအခွန်ဦးစီးဌာနအနေဖြင့် ၂ဝ၁၈ ခုနှစ်
မှစတင်ကာ ဒစ်ဂျစ်တယ်စနစ်ဖြင့် လုပ်ကိုင်နေသည့်
ရောင်းဝယ်မှုလုပ်ငန်းများ၊ ကြော်ငြာများအပေါ်တွင် ဝင်ငွေခွန်
စည်းကြပ်မှုများကို စတင်တော့မည်ဟုလည်း
ညွှန်ကြားရေးမှူးချုပ်က မြန်မာတိုင်း(မ်)ကို ပြောသည်။

မြန်မာနိုင်ငံသည် လက်ရှိအခြေအနေတွင် အစိုးရ၏
အရအသုံးဆိုင်ရာ စာရင်းများရေးဆွဲရာ၌ လိုငွေများ နှစ်စဉ်
ပြနေလျက်ရှိသည်။

ထို့အတွက် ပြည်ပမှ ကြွေးမြီများရယူရခြင်း၊ ဗဟိုဘဏ်မှ
ငွေချေးခြင်းများကို နှစ်စဉ်ဆောင်ရွက်နေရသည်။ ၎င်းချေးငွေ
များအတွက် အတိုးပေးရန်လိုသဖြင့် နိုင်ငံအတွက် ရေရှည်
တွင် အခက်အခဲဖြစ်စေလာနိုင်သည်။ ထို့အတွက်အခွန်ငွေ
တိုးမြှင့်ရရှိရေးက အရေးကြီးသည်ဟု စီးပွားရေးပညာရှင်
များက ပြောကြသည်။ 

ယခု ၂ဝ၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ
တွင် အခွန်ကဏ္ဍအရပ်ရပ်မှ အခွန်ရငွေများကို ကျပ် ၆,၄၈၁
ဘီလျံရရှိရန် လျာထားသည်။ သို့သော် ပြည်တွင်းအခွန်ဦးစီး
ဌာနမှ ကောက်ခံသည့် တံဆိပ်ခေါင်းခွန်၊ ဝင်ငွေခွန်၊
ကုန်သွယ်ခွန်နှင့် အောင်ဘာလေသိန်းဆု စသည့် အခွန်
ကဏ္ဍများ၏ ရငွေသည် ဘဏ္ဍာနှစ်၏ ထက်ဝက် ခြောက်လ
တာအတွင်း ကျပ် ၂,၁၅ဝ ဘီလျံကိုသာ ရရှိထားသည်။
သုံးပုံတစ်ပုံခန့်သာရသေးသည့်သဘော ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးရေး ဆောင်ရွက်ရာတွင် အခွန်ငွေ
ရရှိရေးသည် အဓိကအရေးပါသည့် အချက်ဖြစ်သည်။
သို့သော် အခွန်ထမ်းများ နစ်နာစေမည့် အခွန်စနစ်နှင့်
အခွန်ကင်းလွတ်မှုမရှိသော မျှတသည့် အခွန်စနစ်ဖြစ်ရေး
သည်လည်း အရေးပါလှသည်။ ထို့အတွက် အခွန်ရှောင်သူ
များကို မည်သို့ ကိုင်တွယ်မည်၊ အခွန်ထမ်းများကို မည်သည့်
ခံစားခွင့်များပေးမည် ဆိုခြင်းကလည်း အရေးပါလှသည့်
အချက်ဖြစ်သည်။

ထို့အတူ အခွန်ထမ်းပြည်သူများ၏ ခံစားခွင့်များက
ဘာဖြစ်မလဲဆိုသည့် အချက်ကလည်း နိုင်ငံအနေဖြင့်
မဖြစ်မနေဖော်ဆောင်ပေးရန် လိုအပ်နေသည်။

(ထင်လင်းအောင်)

credit - The Myanmar Times

**********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0