၁။ "ရန်ကုန်မြို့သို့ အလုပ်အကိုင် အခွင့်အလမ်း အတွက်
ဝင်ရောက်လာသည့် လုပ်သားတိုင်း နေစရာရရှိရေး
ဒဂုံ၊ လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်တို့တွင်
တန်ဖိုးနည်း တိုက်ခန်း နှစ်သိန်းခန့်
စတင် တည်ဆောက်မည်"
ရန်ကုန်တိုင်းဒေသကြီးသို့ အလုပ်အကိုင်အခွင့်အလမ်း
အတွက် ၀င်ရောက်လာသည့် လုပ်သားတိုင်း နေစရာနေရာ
ရရှိရေးအတွက် ဒဂုံ၊ လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်
များတွင် တန်ဖိုးနည်း တိုက်ခန်း နှစ်သိန်းခန့်ကို လာမည့်
ဒီဇင်ဘာလတွင် စတင်တည်ဆောက်မည် ဖြစ်ကြောင်း
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက
ပြောကြားသည်။
“ရန်ကုန်တိုင်းအတွင်းကို နိုင်ငံတစ်ဝန်းမှာရှိတဲ့
အလုပ်အကိုင်အခွင့်အလမ်းအတွက် ၀င်လာတဲ့ပြည်သူ
လူထုက များစွာရှိတယ်။ ဒီအတွက် နေထိုင်ရေး ကိစ္စကို
ဖန်တီးဖို့ ဆောင်ရွက်နေပါတယ်။ လာမယ့် ပွင့်လင်းရာသီ
ဒီဇင်ဘာလောက်ကနေစပြီး စီမံကိန်းတွေ ဆောင်ရွက်ဖို့
ရှိပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်
ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
“နေထိုင်ဖို့ တိုက်ခန်းပေါင်း လှိုင်သာယာ၊ ရွှေပြည်သာဘက်
မှာ တိုက်ခန်းပေါင်း တစ်သိန်းလောက်၊
ဒဂုံဘက်မှာ တစ်သိန်းလောက် တည်ဆောက်ဖို့ လိုအပ်မှာ
ဖြစ်ပါတယ်။
ဒါမှသာလျှင် ရန်ကုန်ကိုဝင်ရောက်လာတဲ့ လုပ်သားတိုင်း
အတွက် နေစရာနေရာ ရှိလာမှာ ဖြစ်ပါတယ်။
ဒီအခြေအနေအတွက် အကြမ်းဖျင်း ပြင်ဆင်ထားပြီး
ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ယင်းကဲ့သို့ တိုက်ခန်းများ တည်ဆောက်နိုင်ရန် အတွက်
မြေယာကိစ္စများ ပြီးပြတ်အောင် ဆောင်ရွက်ပြီးပါက
တည်ဆောက်ရေးလုပ်ငန်းအတွက် ဆောင်ရွက်မည့်
ကုမ္ပဏီများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ
ဘက်မှ ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကို
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ဒီနေရာမှာ လုပ်ကိုင်ရေးအခွင့်အလမ်း တည်ဆောက်ရေး
လုပ်ငန်းတွေ မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ဖို့ စည်ပင်
သာယာဥပဒေကို ဒီဇင်ဘာလလောက်မှာ အပြီးလုပ်ဖို့
ဆောင်ရွက်နေပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောကြား
သည်။
လက်ရှိအချိန်တွင် ရန်ကုန်မြို့ဧရိယာသည်
၂၉၂ ဒသမ ၄၂၆ စတုရန်းမိုင်ရှိနေပြီး နှစ်ပေါင်း ၃၀ အတွင်း
စတုရန်းမိုင် ၁၆၀ ခန့်ကျယ်ပြန့်လာကြောင်း ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး
နှင့် သန့်ရှင်းရေးဌာနမှ ဒုတိယဌာနမှူး ဦးစောဝင်းမောင်က
ပြောကြားသည်။
“ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက စီမံ
ခန့်ခွဲနေတဲ့ ဧရိယာလေးကို ကျွန်တော်ပြောချင်ပါတယ်။
၁၉၈၅ ခုနှစ် ပတ်ဝန်းကျင်လောက်က ကျွန်တော်တို့ ရန်ကုန်
ဧရိယာက ၁၃၃ ဒသမ ၆၄၃ စတုရန်းမိုင်ပဲရှိပါတယ်။
ယခု ၂၀၁၇၊ လက်ရှိမှာ ၂၉၂ ဒသမ ၄၂၆ စတုရန်းမိုင်၊
နှစ်ပေါင်း ၃၀ အတွင်းမှာ စတုရန်းမိုင် ၁၆၀ ခန့် ကျယ်ပြန့်
လာပါတယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး
ဌာနမှ ဒုတိယဌာနမှူး ဦးစောဝင်းမောင်က ပြောကြားသည်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း လူဦးရေစစ်တမ်းအရ
လက်ရှိအချိန်တွင် ရန်ကုန်မြို့၌ လူဦးရေ ၅ ဒသမ ၂ သန်း
နေထိုင်လျက်ရှိကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်
သာယာရေးကော်မတီမှ စီမံခန့်ခွဲနေသည့်မြို့နယ်မှာ
၃၃ မြို့နယ် ရှိကြောင်း သိရသည်။
၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်
စာရင်းကိုအခြေခံ၍ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁ ရက်
တွင်ရှိသော မြန်မာနိုင်ငံ၏ ခန့်မှန်း လူဦးရေစာရင်းအရ
ရန်ကုန်တိုင်းဒေသကြီးတွင် ကျား ၃၇၆၉၇၇၈ ဦး၊
မ ၄၁၆၆၅၈၉ ဦးဖြင့် စုစုပေါင်းလူဦးရေ ၇၉၃၆၆၃၇ ဦး
ရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့
အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အား ဦးစီးဌာနမှ
ထုတ်ပြန်ချက်အရ သိရသည်။
(နီလာ)
*****
၂။ "ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာ အပိုင်း(၁)ကို ၁ဝနှစ်
အရစ်ကျစနစ်နဲ့ ရောင်းချမည်"
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်မှာ တည်ဆောက်
နေသော ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာအပိုင်း (၁)မှာရှိသည့်
တန်ဖိုးနည်းတိုက်ခန်းတွေ တည်ဆောက်မှုမှာ ပြီးစီးနေပြီ
ဖြစ်သောကြောင့် အခန်းလိုအပ်ချက်သည့်  ပြည်သူတွေကို
နိုဝင်ဘာလမှာ အခန်း တစ်ထောင်ကျော် ရောင်းချပေးမည် ဟု
ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေး ဌာနခွဲ
က ဒုတိယညွှန်ကြားရေးမှူးမှ သိရသည်။
ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာ အပိုင်း(၁)ကို ၁ဝနှစ်
အရစ်ကျစနစ်နှင့် ရောင်းချပေးမှာ ဖြစ်ပြီးယင်းအိမ်ရာအပိုင်း(၁)
တိုက်ခန်းတွေကို မဲနှိုက်စနစ်နဲ့ အခန်းအကျယ်အဝန်းပေါ်
မူတည်ကာ တိုက်ခန်းတန်ဖိုး ငွေကျပ်သိန်း ၉ဝ ဝန်းကျင်ကနေ
ငွေကျပ်သိန်း ၁၃ဝ ဝန်းကျင်အထိ ရှိမည်ဟု သိရသည်။
အခန်းများရောင်းချသည့်အခါ မသမာမှုများ မဖြစ်ပေါ်စေရန်
စနစ်တကျနှင့် ထင်သာမြင်သာရှိသော မဲနှိုက်စနစ်ဖြင့်ရောင်းချ
ပေးသွားမည်ဖြစ်ပြီး တိုက်ခန်းဈေးနှုန်းများကိုလည်း အများ
ပြည်သူဝယ်ယူနေထိုင်နိုင်သည့် ဈေးနှုန်းဖြင့်ရောင်းချပေးထား
ကြောင်း၊ထို့ကြောင့် တိုက်ခန်းဝယ်ယူသူများအတွက်
အခက်အခဲမရှိဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
ယင်းအိမ်ရာသည် ရှစ်ခန်းတွဲလေးထပ်၊ ခြောက်ခန်းတွဲငါးထပ်နဲ့
လေးခန်းတွဲ ခြောက်ထပ် ပါဝင်သော တိုက်သုံးလုံးကို
တည်ဆောက်ထားပြီးကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာ
အပိုင်း(၁)မှ တိုက်ခန်းများအား ဝန်ထမ်းများနှင့် အခြေခံ
လူလတ်တန်းစား ပြည်သူတွေ ဝယ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်
ထားခြင်းဖြစ်ကြောင်းသိရသည်။
*****
၃။ "ရွှေလင်ပန်းရှိ တန်ဖိုးနည်း အိမ်ခန်း ၃ဝဝ ခန့် ရောင်းချရန်
ကျန်နေသေး"
လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်နယ်မြေအတွင်းတွင်
တန်ဖိုးနည်း အိမ်ခန်းပေါင်း ၃ဝဝ နီးပါး ရောင်းချရန် ကျန်ရှိ
နေသေးသည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်
အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး
ဦးနေမျိုးလှိုင်က ပြီးခဲ့သည့်ရက်သတ္တပတ်က ပြောသည်။
ရွှေလင်ပန်းစက်မှုဇုန်နယ်မြေအတွင်းတွင် တန်ဖိုးနည်းအိမ်ရာ
များကို အပိုင်းသုံးပိုင်းဖြင့် ဆောက်လုပ်ခဲ့ပြီး၊ အပိုင်း ၁ ရှိ
တန်ဖိုးနည်းအိမ်ရာများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ
အဖွဲ့၏ စီမံမှုဖြင့် ရောင်းချပေးပြီးဖြစ်သည်ဟု သိရသည်။
ထို့နောက် တန်ဖိုးနည်းအိမ်ရာ အပိုင်း ၂ နှင့် ၃ ရှိ အိမ်ခန်းများ
ကို အိုးအိမ်ဌာနကရောင်းချခဲ့ရာတွင် အခန်းပေါင်း ၂၇၈ ထိ
ရောင်းချရန် ကျန်ရှိနေသေးခြင်း ဖြစ်သည်။
တည်နေရာအကျယ်အဝန်းနှင့် အထပ်မြင့်များ အလိုက်
အနည်းဆုံး သိန်း ၁၂ဝ မှ အများဆုံး ၁၃၅ သိန်းဖြင့်
ရောင်းချသည့် အပိုင်း ၂ တွင် အိမ်ခန်း ၂ဝဝ နှင့်
အနည်းဆုံး ၉၈ သိန်းကျပ်မှ အများဆုံး ကျပ်သိန်း ၁၂ဝ ဖြင့်
ရောင်းချသည့် အပိုင်း ၃ တွင် ၇၈ ခန်း ရောင်းချရန်
ကျန်ရှိနေသေးခြင်းဖြစ်ကာ
ဌာနရန်ပုံငွေဖြင့် တန်ဖိုးသင့်အိမ်ရာများ ဆောက်လုပ်ပြီး
ငါးရာခိုင်နှုန်းမှ ၁ဝ ရာခိုင်နှုန်းအထိ အမြတ်တင်ပြီး ရောင်းချ
ပေးခဲ့ကြောင်း၊ အဆိုပါ တန်ဖိုးသင့်အိမ်ရာများ ရောင်းချသည့်
အမြတ်ငွေဖြင့် တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ကြောင်း
ဦးနေမျိုးလှိုင်က ပြောသည်။
''တန်ဖိုးနည်းအိမ်ရာမှာတော့ ကျွန်တော်တို့ မြေတန်ဖိုးတွေ
ထည့်မတွက်ထားဘူး။
နောက်အခြေခံကုန်ကျစရိတ်တွေဖြစ်တဲ့ ရေ၊ မီးအသုံးပြု
ဆောက်လုပ်ခတွေ၊ လမ်း၊ တံတားဆောက်လုပ်ခ ကုန်ကျ
စရိတ်တွေကိုလည်း တန်ဖိုးနည်းအိမ်ခန်းဝယ်ယူသူတွေကို
အကုန်အကျမခံစေဘူး'' ဟု ၄င်းက ပြောသည်။
တန်ဖိုးနည်းအိမ်ခန်းများ ရောင်းချရာတွင်၊ အိမ်ခန်းဝယ်ယူလို
သူများသည် တိုက်ခန်းတန်ဖိုး၏ ၃ဝ ရာခိုင်နှုန်းရှိသည့်
ငွေပမာဏကို ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်
တွင် စုဆောင်းထားရှိရန် လိုအပ်ပြီး၊ တန်ဖိုး ကျပ် သိန်း
၁၂ဝ တန် အိမ်ခန်းဝယ်ယူသည့်သူများသည် လစဉ် မိသားစု
ဝင်ငွေ ကျပ်သုံးသိန်းခွဲမှ ငါးသိန်းကျပ်အထိ ရှိရန်လည်း
လိုအပ်သည်။
ဘဏ်၏ သတ်မှတ်စည်းမျဉ်းအချက်အလက်များနှင့် ပြည့်စုံသူ
များသည် ဘဏ်၏ ထောက်ခံချက်ဖြင့် အဆိုပါ တန်ဖိုးနည်း
အိမ်ခန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာနလက်အောက်၊
မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနတွင် လျှောက်ထား
ဝယ်နိုင်ခွင့် ရှိမည်ဖြစ်သည်။
ရွှေလင်ပန်းစက်မှုဇုန်အတွင်း၌ပင် အိုးအိမ်ဌာနက
ဆောက်ထားသည့် ထီးလှိုင်ရှင် တန်ဖိုးသင့်အိမ်ရာတွင်လည်း
အိမ်ခန်းပေါင်း ရာချီကျန်ရှိနေပြီး တန်ဖိုးအားဖြင့် အများဆုံး
ကျပ်သိန်း ၅၆ဝ မှ အနည်းဆုံး သိန်း ၃၁ဝ ရှိကြောင်း
သိရသည်။
(ဇော်ဇော်ထွေး)
credit - Eleven Media Group / Myawaddy
& The Myanmar Times
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0
No comments:
Post a Comment