"သမိုင်းနှင့် ယှဉ်ပြောလာကြသော မြို့သစ်စီမံကိန်း"
၁။ "သမိုင်းထဲမှာ သင်ခန်းစာရှာ"
‘ပြည်သူ့အစိုးရလက်ထက်တွင် ပြည်သူများ၏
စားဝတ်နေရေး တိုးတက်လာအောင် မပြုနိုင်သေး’ ဟု
မကြာမီက ပြောကြားခဲ့တဲ့ အင်န်အယ်လ်ဒီပါတီ ပါတီ
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင်
ဦးဝင်းထိန်ရဲ့စကားကို အမှတ်ရကြလိမ့်မယ်
ထင်ပါတယ်။
မိသားစုတစ်စုမှာ ဘာ အရေးကြီးဆုံးလဲလို့ မေးရင်
စားဝတ်နေရေးဖြစ်ပါတယ်။ ကွဲကွာ နေကြတဲ့ မိတ်ဆွေ
သူငယ်ချင်းတွေ ပြန်တွေ့လို့ တစ်ဦးနဲ့တစ်ဦး
အဆင်ပြေရဲ့လားလို့ မေးတဲ့ စကားက စားဝတ်နေရေး
ကို ရည် ညွှန်းတာပါ။ အိမ်သာရင် ဧည့်လာတယ် ဆိုတဲ့
စကားကလည်း စားဝတ်နေရေး ပြည့်စုံကြွယ်ဝမှုကို
ညွှန်းပါတယ်။ စီးပွားရေး ကောင်းတဲ့ အိမ်ကို
ဘယ်ဆွေမျိုး၊ သူငယ်ချင်းတွေက မလာချင်ဘဲ
ရှိပါ့မလဲ။
အဲဒီလိုမဟုတ်ဘဲ စီးပွားရေး က ဆုတ်ယုတ်ပြီး တစ်နေ့
လုပ်မှ တစ်နေ့စားရမယ့် အခြေအနေမျိုး မိသားစုတစ်ခုမှာ
ဖြစ်လာပြီဆိုရင်တော့ ဘယ်သူ့မှာ တာဝန်ရှိလဲဆိုတာ
မေးစရာ မလိုတော့ပါဘူး။
အိမ်ထောင်ဦးစီးမှာ တာဝန်ရှိသည်ပေါ့။
အခု အာဏာရပါတီရဲ့ ခေါင်းဆောင်တစ်ဦးက ပြည်သူများ
ရဲ့ စားဝတ်နေရေးကို တိုးတက်လာအောင် မပြုနိုင်
သေးဘူးလို့ ဝန်ခံလိုက်တာဟာ အင်မတန် မင်္ဂလာရှိတဲ့
စကားပါ။
စစ်အစိုးရ လက်ထက် ဗိုလ်ချုပ်ကြီးတွေ က ပြည်သူတွေ
စားဝတ်နေရေး ကျပ်တည်းနေတာကို လျစ်လျူရှုပြီး
မြန်မာနိုင်ငံမှာ ထမင်းငတ်လို့ သေတဲ့မသာ မရှိပါဘူး။
အိမ်မှာ စားစရာမရှိရင် ဘုန်းကြီးကျောင်းမှာ သွားစားလို့
ရပါတယ်ဆိုတဲ့ စကားထက်စာရင် အများကြီး
ကျက်သရေ ရှိလှပါတယ်။
ဦးဝင်းထိန်ရဲ့ ဝန်ခံစကား ကြားရပြီး မကြာခင်မှာပဲ
အမျိုးသားစီမံကိန်း ကော်မရှင်အစည်းအဝေးကို
သမ္မတအိမ်တော်မှာ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံ
ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က နိုင်ငံ့စီးပွားရေး
တိုးတက်မှုကို ခန့်မှန်းထားသည်ထက် ပိုမိုတိုးတက်ရန်
ဆောင်ရွက်ရမည်ဟု ပြောကြားလိုက်တဲ့ အတွက်
အစိုးရသစ် ပထမနှစ်မှာ ငြိမ်းချမ်းရေးကို ဇောင်းပေး
လုပ်ဆောင်နေရာက စီးပွားရေးဘက် မျက်နှာမူလာတာ
ဟာ ပြည်သူတွေအတွက် မျှော်လင့်ချက် တစ်ခု
ဖြစ်လာပါတယ်။
ဆွေးနွေးပွဲမှာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်း
က အမျိုးသား စီမံကိန်းများ ရေးဆွဲခြင်း၊ အကောင်အထည်
ဖော်ခြင်းတို့ကို တင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးများနှင့်
တိုင်းဒေသကြီး ဝန်ကြီးချုပ်များက ပါဝင်ဆွေးနွေးခဲ့တယ်
လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် အုပ်ချုပ်တဲ့ အစိုးရများ
က တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စီမံကိန်းတွေ
ရေးဆွဲခဲ့ ကြပါတယ်။ ဒီလိုစီမံကိန်းတွေ ရေးဆွဲရာမှာ
ပြည်တွင်းက တတ်သိပညာရှင်များ ပါဝင်သလို ပြညပ က
ပညာရှင်များရဲ့ အကူအညီလည်း ပါဝင်ခဲ့ပါတယ်။
* ဒါပေမဲ့ စီမံကိန်း တော်တော်များများ မအောင်မြင်ရတဲ့
အကြောင်းရင်းဟာ အောက်ခြေက လက်တွေ့ ဘဝကို
ဖြတ်သန်းနေရတဲ့ ပြည်သူ တွေရဲ့အသံ မပါဝင်ခဲ့လို့ပါ။ *
အထူးသဖြင့် အာဏာရှင်ခေတ်မှာတော့ စီမံကိန်းဆိုတာ
တစ်သွေး တစ်သံ တစ်မိန့်နဲ့ သွားတဲ့အတွက် ပညာရှင်
တွေအမြင်ကိုတောင် လျစ်လျူရှုခဲ့တာတွေ ရှိပါတယ်။
စီမံကိန်းဖော်ဆောင်မှုတွေ ကို စာရွက်ပေါ်မှာသာ
တိုးတက်မှုတွေပြပြီး ဝိုင်းဝန်းလိမ်ညာကြတဲ့
အတွက်လည်း လက်တွေ့ပြည်သူ့ ဘဝကို
တိုးတက်ဖွံ့ဖြိုးမှု မရှိစေခဲ့ပါဘူး။
အဲဒီလို မအောင်မြင်ခဲ့တဲ့စီမံကိန်းပေါင်း မြောက်မြားစွာ
အနက်မှ ပါလီမန်ဒီမိုကရေစီခေတ်က ဝန်ကြီးချုပ် ဦးနု
ဖော်ဆောင်ခဲ့တဲ့ ပြည်တော်သာ စီမံကိန်း အကြောင်းကို
အနည်းငယ် ဆွဲထုတ်ပြချင်ပါတယ်။ ထိုအချိန် က ဦးနုရဲ့
ဖဆပလပါတီဟာ အစိုးရဖွဲ့နိုင်သလို လွှတ်တော်ထဲ
မှာလည်း ပြိုင်ဘက်ကင်း အုပ်စုကြီးသဖွယ်
ရပ်တည်ခဲ့ပါတယ်။
၁၉၅၂ ခုနှစ် အာဇာနည်နေ့မှာ ဝန်ကြီးချုပ်ဦးနုက
‘ဗမာနိုင်ငံ ဟာ လယ်တွေ အများကြီး ရှိတယ်။
ဒီလယ်တွေကြောင့် ဗမာနိုင်ငံဟာ ကမ္ဘာပေါ်မှာ
ဆန် အများဆုံး တင်ပို့ရောင်းချတဲ့နိုင်ငံဖြစ်တယ်။
ဒီ လယ်တွေအပြင် အဖိုးတန် ကျွန်းသစ်တွေ ထွက်တဲ့
သစ်တောကြီးတွေလည်း ရှိတယ်။
သတ္တုတွင်း မျိုးစုံရှိတယ်။ ပတ္တမြားတွင်းတွေ ရှိတယ်။
ရေနံတွင်းတွေ ရှိတယ်’ ဆိုတာ ထုတ်ဖော်ပြောကြားရင်း
‘လူတစ်ကိုယ် တိုက်တစ်လုံး၊ ကားတစ်စီး၊ လစာဝင်ငွေ
ရှစ်ရာ ရအောင် လုပ်ပေးနိုင်တယ်’ဆိုတဲ့ စကားနဲ့
ပြည်တော်သာစီမံကိန်း ကို စတင်ဖို့ ပြင်ဆင်ခဲ့ပါတယ်။
၁၉၅၂ ခုနှစ် သြဂုတ်လ ၄ ရက်ကနေ ၁၇ ရက်နေ့အထိ
ကျိုက္ကဆံကွင်းမှာ အစည်းအဝေး ကျင်းပပြီး
ပြည်တော်သာစီမံကိန်း ကြီးကို ရေးဆွဲချမှတ်ခဲ့ပါတယ်။
စီမံကိန်းထဲမှာ
(၁) ဘဝသစ် စီမံကိန်းများ၊
(၂) စီးပွားရေး စီမံကိန်းများ၊
(၃)အုပ်ချုပ်ရေး စီမံကိန်းများ၊
(၄) လူထုအတွက် လတ်တလော သက်သာချောင်ချိရေး
ဆိုသည့် အကြမ်းဖျင်း လေးမျိုး ခွဲခြားထားပါတယ်။
ဒီစီမံကိန်းလေးမျိုး စလုံးဟာ အမေရိကန်ကုမ္ပဏီ
ကေတီအေ အစီရင်ခံစာပါ ပြန်လည်ထူထောင်ရမယ့်
စီးပွားရေး လုပ်ငန်း ၁၀ မျိုးနဲ့ညှိနှိုင်းပြီး ကိုက်ညီအောင်
ပုံလောင်း ဖော်ပြထားတာ ဖြစ်ပါတယ်။
ဦးနုအပါအဝင် ဖဆပလအစိုးရအဖွဲ့ဟာ အမေရိကန်ရဲ့
ကေတီအေစီမံကိန်းကို အားကိုးယုံကြည်ပြီး အဲဒီစီမံကိန်း
ကို အခြေခံကာ ပြည်တော်သာ စီမံကိန်းကို
ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။
ပြည်တော်သာစီမံကိန်းဟာ ရှစ်နှစ်စီမံကိန်းဖြစ်ပြီး စီမံကိန်း
ကုန်ကျငွေဟာ ကျပ်ကုဋေ ၇၅၀ ခန့်ဖြစ်မယ်လို့ ခန့်မှန်းပြီး
ကုဋေ ၅၀၀ ကို ပြည်တွင်းမှ ထုတ်နုတ် သုံးစွဲကာ
ကျန်ကုဋေ ၂၅၀ ကို ပြည်ပက ချေးငှားသုံးစွဲဖို့
စီစဉ်ခဲ့ ပါတယ်။
စီမံကိန်းအကောင် အထည်ဖော်ဖို့ မြေကျေးရှင်း (ARDC)၊
စက်မှုဖွံ့ဖြိုးရေး ကော်ပိုရေးရှင်း (IDC) နဲ့ ဓာတ်သတ္တု
ဖွံ့ဖြိုးရေး ကော်ပိုရေးရှင်း (MRDC) တို့ကို တည်ထောင်
ဖွဲ့စည်းခဲ့ပါ တယ်။
စီမံကိန်း ရင်းနှီးမြှုပ်နှံမှုရဲ့ ၈ ရာခိုင်နှုန်းကိုသာ
စက်မှုလုပ်ငန်းမှာ သုံးစွဲမှာဖြစ်ပြီး လျှပ်စစ် ဓာတ်အား
ထုတ်လုပ်ရေးအတွက် ၈ ရာခိုင်နှုန်း လျာထားပါတယ်။
လမ်းပန်းဆက်သွယ်ရေးမှာ ၂၀ ရာခိုင်နှုန်းသုံးပြီး
ကျန်တဲ့ငွေကို လူမှုရေး၊ စိုက်ပျိုးရေး၊ အုပ်ချုပ်ရေးတို့မှာ
သုံးစွဲမှာဖြစ်ပါတယ်။
ပြည်တော်သာ စီမံကိန်းကို အကောင်အထည်ဖော်တဲ့
အခါမှာ ညှိညှိနှိုင်းနှိုင်း မရှိဘဲ ကိုယ်သန်ရာ သန်ရာမှာ
ဦးစားပေး လုပ်ကြပါတယ်။
ဦးကျော်ငြိမ်း၊ ဦးထွန်းဝင်း၊ သခင်ချစ်မောင်အုပ်စုက စက်ရုံ၊
အလုပ်ရုံတည်ဆောက်ရေး၊ ရေ အားလျှပ်စစ် ထုတ်လုပ်ရေး
ဇောင်းပေးလုပ်ပါတယ်။ ဦးဗဆွေက ဓာတ်သတ္တု ရှာဖွေရေး၊
သခင် တင်၊ သခင်ကျော်ဒွန်းတို့က လယ်ယာမြေနိုင်ငံပိုင်
ပြုလုပ်ရေး၊ ဦးနု၊ ဦးဝင်း၊ ဦးရာရှစ်တို့က ကျန်းမာရေး၊
ပညာရေး၊ ဘာသာရေးတို့ကို ဖော်ထုတ် လုပ်ဆောင်
ကြပါတယ်။
ဒါပေမဲ့ ညှိညှိနှိုင်းနှိုင်းလည်း မရှိ၊ စီမံကိန်း တစ်ခုနဲ့ တစ်ခု
ချိန်သားကိုက်အောင် မပေါင်းစပ်၊ ဦးစားပေး အမြင်
အယူအဆချင်း ကလည်း တကွဲတပြားစီဖြစ်တဲ့ အတွက်
စီမံကိန်းတွေဟာ အောင်မြင်သင့်သလောက် မအောင်မြင်
ခဲ့တာဖြစ်ပါတယ်။
အဆိုးဆုံးကတော့ ပြည်တော်သာစီမံကိန်း မစမီမှာ
သင်ခန်းစာယူစရာ နှစ်ခု ရှိခဲ့ ပါတယ်။
မင်္ဂလာဒုံလေယာဉ်ကွင်း ပြုပြင်ရေးနဲ့ သမိုင်းချည်မျှင်စက်
ကိစ္စ ဖြစ်ပါတယ်။
မင်္ဂလာဒုံ လေယာဉ်ကွင်း ပြုပြင်ရေးမှာ ဒိန်းမတ် ကုမ္ပဏီ
တစ်ခုကို ငွေကျပ် ၂၇ သိန်းနဲ့ ကန်ထရိုက်ပေးကာ မြန်မာ
အစိုးရ ကိုယ်စား လုပ်ငန်းတွေ ကြီးကြပ်ပေးဖို့ အမေရိကန်
အင်ဂျင်နီယာတစ်ဦး ငှားရမ်း ဆောင်ရွက်ခဲ့ပါတယ်။
စီမံကိန်းက အောင်အောင်မြင်မြင်မဖြစ်ဘဲ အမေရိကန်
အင်ဂျင်နီယာ လက်မြှောက်ပြန်ပြေးသွားခါမှ စစ်ဆေး
စုံစမ်းတဲ့အခါ ၂၇ သိန်း သုံးစွဲခွင့် ပြုထားတဲ့ စီမံကိန်းဟာ
၅၀၅ သိန်းတောင် ကုန်ကျနေပြီ ဆိုတာ တွေ့ရပြီး
အရှုံးကြီး ရှုံးခဲ့ပါတယ်။
သမိုင်းချည်စက်ကိစ္စမှာလည်း ၁၉၅၁ ခုနှစ် စက်ရုံစလည်တဲ့
အခါ မှာ ဗမာပြည်မှာ တည်တဲ့စက်က ဗမာပြည်ကထွက်တဲ့
ချည်မျှင်တို့၊ ဝါးတို့ သုံးမရတဲ့စက်ဖြစ်နေတာ တွေ့ရပါတယ်။
ပြည်တော်သာစီမံကိန်းဟာ သင်ခန်းစာယူစရာတွေကို
မယူ နိုင်ခဲ့ပါဘူး။ အကြံပေးပုဂ္ဂိုလ် ပညာရှင် ရောဘတ်နသန်
က ကုန်ဈေးနှုန်းမတက်အောင်၊ပြည်တွင်း ငွေကြေးဖောင်းပွမှု
မရှိအောင် ဆိုပြီး နိုင်ငံခြားပစ္စည်းတွေသွင်းဖို့ သာ
အလေးထား တိုက်တွန်းခဲ့တဲ့ အတွက် သွင်းကုန်ထုတ်ကုန်
စီးပွားရေးလုပ်ငန်းရှင်တွေသာ အလုပ်ဖြစ်ခဲ့တယ်လို့
ဆိုပါတယ်။
လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးမှာလည်း မြေရှင်ကြီးများ
ထံမှ လယ်မြေများကို လျော်ကြေးပေး ပြန်ယူရတဲ့ အတွက်
ကျပ်ငွေ ကုဋေနဲ့ချီပြီး ကုန်ကျခဲ့ ပါတယ်။
ကိုရီးယားကျွန်းဆွယ် စစ်ပွဲကြောင့် ဆန်ဈေးကောင်းရနေတဲ့
ဖဆပလအစိုးရဟာ စစ်ပွဲအပြီးမှာ ဆန်ဈေးတွေ ပြန်ကျ
သွားတာကြောင့် နိုင်ငံခြားဝင်ငွေလျော့ကျပြီး ပြည်တော်သာ
စီမံကိန်းလည်း မအောင်မမြင်ဖြစ်ခဲ့ ရပါတော့တယ်။
ယခုနှစ်ပေါင်း ၇၀ အကြာ မှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ
အစိုးရတစ်ရပ်က တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် စီမံကိန်း
တွေ ရေးဆွဲ အကောင်အထည်ဖော်ဖို့ ပြင်ဆင်နေပါတယ်။
ပြည်ထောင်စုအစိုးရ အပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ်
အစိုးရတို့ကလည်း စီမံကိန်းများ ရေးဆွဲနေပါတယ်။
မကြာခင်မှာပဲ ရန်ကုန်မြို့သစ် စီမံကိန်းနဲ့ ပတ်သက်ပြီး
တိုင်းဒေသကြီး လွှတ်တော်မှာ ဆွေးနွေးသွားဖို့ ရှိနေ
ပါတယ်။ စီမံကိန်းတွေ ပွင့်လင်းမြင်သာမှုရှိစွာ လွှတ်တော်
မှာ ချပြ ဆွေးနွေးတာ ပြည်သူ့ဘဝနဲ့ပိုမို နည်းစပ်
စေပါတယ်။
စီမံကိန်းတွေအောင်မြင်ဖို့ သမိုင်းသင်ခန်းစာများကို ယူကာ
ယခုရက်ထဲ ခေတ်စားနေတဲ့ ကဖျက်ယဖျက် လုပ်သော
ဝန်ထမ်းများ၊ မလုပ် မရှုပ် မပြုတ်ဆိုသောဝန်ထမ်းများ
အန္တရာယ်ကိုလည်း သတိထားကြပါစို့လို့ တိုင်းပြည်
စီးပွားရေး တိုးတက်ဖို့ ပြည်သူဘက်က
ရေးသားလိုက်ရကြောင်းပါ။
(ဗညားလှိုင်ဦး)
*****
၂။ "အစိုးရ အဆက်ဆက် မြို့သစ်စီမံကိန်းများ
တည်ဆောက်ရာ၌ လူများကို လယ်ကွက်ထဲ ပစ်ချသည့်
ပုံစံသာဖြစ်နေပြီး လက်ရှိ ရန်ကုန်မြို့သစ် စီမံကိန်းမှာလည်း
ရေ၊ မီး၊ လမ်းတံတား မပြည့်စုံနိုင်သဖြင့် ရန်ကုန်မြို့တွင်းသာ
ပြန်လည်ဝင်ရောက်လာမည့် အခြေအနေ ဖြစ်ပေါ်လာနိုင်"
အစိုးရအဆက်ဆက် မြို့သစ်စီမံကိန်းများ တည်ဆောက်ရာ
တွင် လူများကို လယ်ကွက်ထဲသို့ပစ်ချခဲ့သည့် ပုံစံသာ ဖြစ်ပြီး
လက်ရှိတည်ဆောက်မည့် ရန်ကုန်မြို့သစ်စီမံကိန်းတွင်
ရေ၊ မီး၊ လမ်းတံတား စသည့် အခြေခံအဆောက်အအုံများ
မပြည့်စုံသေးသဖြင့် ရန်ကုန်မြို့ကို တိုးချဲ့ရန် မြို့သစ်
တည်ဆောက်သော်လည်း အခြေခံအဆောက်အအုံ
လိုအပ်ချက်အရ ရန်ကုန်မြို့တွင်းသာ ပြန်လည်ဝင်ရောက်
လာမည့် အခြေအနေနှင့် ရင်ဆိုင် ရနိုင်ကြောင်း
MKT ဆောက်လုပ်ရေးလုပ်ငန်းမှ အမှုဆောင်ဒါရိုက်တာ
ဦးမျိုးမြင့်က iMyanmarHouse com မှ ကျင်းပသည့်
ပြပွဲတွင် ‘ရန်ကုန်မြို့ ဆောက်လုပ်ရေးမြင်ကွင်း’
ခေါင်းစဉ်ဖြင့် သုံးသပ်ပြောကြားသည်။
“အခုနောက်ပိုင်း ဆိပ်ကြီးခနောင်တိုပေါ့။
ရန်ကုန်အနောက်တောင်ပိုင်း မြို့သစ်စီမံကိန်း ရန်ကုန်တိုင်း
ဒေသကြီးအစိုးရက ဖော်ဆောင်မယ်လို့ သိရပါတယ်။
ဒါပေမဲ့ ကျွန်တော်က အင်ဂျင်နီယာတစ်ယောက်အနေနဲ့
ဆောက်လုပ်ရေးလုပ်ငန်း ဆောင်ရွက်နေသူ တစ်ယောက်
အနေနဲ့ ပြောရရင် ဒီစီမံကိန်းက ငွေကြေး အရင်းအနှီး
အမြောက်အမြား လိုအပ်ပြီးတော့ တော်တော်လေး
လုပ်ဆောင်ရမယ့် စီမံကိန်းလို့ မြင်ပါတယ်။
လှိုင်သာယာမြို့သစ်ကို ကြည့်ရင်ပဲ ကျွန်တော်တို့
သိသာပါတယ်။
လှိုင်သာယာမှာ စစချင်း ကျွန်တော်တို့ မြို့သစ်တည်တယ်။
တံတား မပြီးသေးဘူး။ တံတားမပြီးတော့ ဇက်တွေနဲ့
ကူးရတယ်။
နောက်တစ်ခါ ဘုရင့်နောင်တံတား ပြီးသွားတယ်။
လှိုင်သာယာတစ်မြို့လုံးက ရန်ကုန်မြို့ကို ၀င်ရောက်တဲ့
အခါမှာ တံတားတစ်စင်းတည်းရှိနေလို့ အခက်အခဲ
အများကြီး ဖြစ်ခဲ့တယ်။
အဲဒီကနေ နောက်တော့ ရွှေပြည်သာတံတားတို့၊
အောင်ဇေယျတံတားတို့ ထပ်တိုးချဲ့ပေမယ့် ကားကကျပ်တာ
မလျော့ပါဘူး။
နောက်တော့ လှိုင်သာယာဘက်မှာ တံတားငါးစင်းလောက်
သာ ဖြစ်လာတယ်။ ယနေ့ထက်ထိ လိုအပ်ချက်ကို
မဖြည့်ဆည်းနိုင်သေးပါဘူး။
တစ်ဖက်ကမ်းမှာ တိုးချဲ့မယ့်စီမံကိန်းကို ကြည့်မယ်ဆိုရင်
ရေ၊ မီး၊ လမ်းပန်းဆက်သွယ်ရေးတို့ မရှိသေးတော့
တိုးချဲ့လည်း လိုအပ်ချက်အရ ဒီလူတွေက မြို့ထဲကို
ဝင်လာဦးမှာ ဖြစ်ပါတယ်။
ချစ်ကြည်ရေးတံတားတစ်စင်း တည်ဆောက်ဖို့
အကြိုပြင်ဆင်ဖို့တောင် သုံးလေးနှစ် အချိန်ယူခဲ့ရတာ
ဖြစ်ပါတယ်။
လက်ရှိဖော်ဆောင်မယ့် မြို့သစ်ကောင်းပါတယ်။
ရန်ကုန်မြို့နဲ့ အနီးဆုံးဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီမြို့သစ်နဲ့
မြို့လယ်ကို ဆက်သွယ်မယ့်၊ အဲဒီမြို့သစ်နဲ့ သူတို့
ရည်ရွယ်ချက်ဖြစ်တဲ့ လှိုင်သာယာဘက် ဆက်သွယ်မယ့်
နေရာကတော့ တော်တော်လေးကို ဆောင်ရွက်ရမယ်လို့ပဲ
မြင်ပါတယ်” ဟု ဦးမျိုးမြင့်က ပြောကြားသည်။
ရန်ကုန်မြို့တွင် အစိုးရအဆက်ဆက် မြို့သစ် စီမံကိန်းများ
တည်ဆောက်ရာ၌ ပြည်သူများကို လယ်ကွက်များသို့
ပစ်ချသည့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်မှုမှာ
တည်ဆောက်ပြီး ကာလကြာမြင့်သော်လည်း စနစ်တကျ
ဖွံ့ဖြိုး တိုးတက်မှုမရှိဘဲ ရေမြောင်း၊ လမ်း၊ လျှပ်စစ်၊ ရေရရှိမှု
စသည့်ဖြင့် လိုအပ်ချက်များစွာ ရှိနေကြောင်း သိရသည်။
“န၀တ၊ နအဖ လက်ထက် စီမံကိန်းတွေပဲဖြစ်ဖြစ်၊
အိမ်စောင့်အစိုးရလက်ထက် စီမံကိန်းတွေပဲ ဖြစ်ဖြစ်
အားလုံးသိကြတဲ့အတိုင်းပဲ လယ်ကွက်ကြီးထဲမှာ
လမ်းဖောက်ပြီးတော့ လူတွေကို ပစ်ချတဲ့အဆင့်ပဲ
ရှိပါတယ်။
လှိုင်သာယာ တည်စတုန်းကဆို အားလုံးသိကြပါတယ်။
ကလေးတွေပြုတ်ကျလို့ အောက်ထဲမှာ ရေနစ်ပြီးသေတာတို့၊
မြွေပေါက်ပြီးသေတာတို့ အဲဒီလိုအခက်အခဲတွေ
မြောက်မြားစွာ ရှိပါတယ်။
လမ်းတွေဆိုလည်း ကွန်ကရစ်၊ ကတ္တရာ မခင်းနိုင်သေးဘူး။
လူတွေနေဖို့ နေရာချတော့လည်း အများကြီးအခက်အခဲ
ဖြစ်တယ်။
အခုနောက်ပိုင်းတော့ ပညာရှင်တွေ အများကြီးနဲ့ ပူးပေါင်း
ပြီးတော့ လုပ်နေတယ်လို့ မြင်ပါတယ်။ ထင်ပါတယ်။
သို့သော်လည်း ဒါသည် နိုင်ငံတော်ရဲ့ ငွေကြေးတွေ၊ ရင်းနှီး
မြှုပ်နှံမှုတွေ မြောက်မြားစွာနဲ့ ကြိုတင်စီမံမှုတွေ မြောက်မြား
စွာနဲ့ လုပ်ဆောင်မှသာ ရှေ့မှာမြင်တွေ့ခဲ့ရတဲ့ ဆိုးကျိုးတွေ
ပြင်ဆင်ပြီး ဆောင်ရွက်မယ် ဆိုရင်တော့ ပြည့်စုံတဲ့စီမံကိန်း
တစ်ခု ဖြစ်လာမယ်လို့ ယူဆပါတယ်” ဟု
ဦးမျိုးမြင့်က ပြောကြားသည်။
စတင်ရန်ကြိုးပမ်းချိန်မှ လက်ရှိအချိန်အထိ ပွင့်လင်းမြင်သာမှု
မရှိကြောင်း ဝေဖန်ခံနေရသည့် ရန်ကုန်မြို့သစ် စီမံကိန်း
အနေဖြင့် စီမံကိန်းတည်ဆောက်မည့် ငွေများကို ငွေဖြူ
ဖြစ်မဖြစ် စစ်ဆေးပြီးမှ စတင်ရန် လိုအပ်ကြောင်း
ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်
ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ဝေဖန်ထားသည်။
ရန်ကုန်မြို့သစ် စီမံကိန်းအသစ် တည်ဆောက်မည်ဆိုပါက
လယ်ဧက သောင်းနှင့်ချီ ဆုံးရှုံးနိုင်မည် ဖြစ်သည့်အပြင်
အခြေခံအဆောက်အအုံများ မရှိသေးသဖြင့် နဂိုရှိနှင့်ပြီး
ဖြစ်ကာ အခြေခံအဆောက်အအုံများ တည်ဆောက်ထားပြီး
ဖြစ်သည့် လှိုင်သာယာ၊ ရွှေပြည်သာစသည့် မြို့နယ်များ
ကိုသာ တိုးချဲ့သင့်ကြောင်း ဦးမျိုးမြင့်က အကြံပြုသည်။
(ဖြိုးဝေ)
credit - 7day Daily & Eleven Media Group
**********
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0
No comments:
Post a Comment