“ရန်ကုန်စတော့အိတ်ချိန်းသို့ တစေ့တစောင်း”
၁။ "စံချိန်တင်ဈေးနှုန်း ကျဆင်းနေသည့် သီလ၀ါ ကုမ္ပဏီမှ
MD နှင့် ဘဏ္ဍာရေးအရာရှိချုပ်တို့ နုတ်ထွက်ခဲ့ပြီး ကုမ္ပဏီ
၏ လုပ်ငန်းများ အခက်အခဲမရှိစေရန် အထူးအလေးထား
လုပ်ဆောင်မည်ဟု ထုတ်ပြန်"
ရန်ကုန် စတော့အိတ်ချိန်းတွင် ရှယ်ယာတန်ဖိုး စံချိန်တင်
ကျဆင်းမှုဖြစ်ပေါ်နေသည့် သီလ၀ါကုမ္ပဏီ MTSH
(Myanmar Thilawar SEZ Holdings) မှ အုပ်ချုပ်မှု
ဒါရိုက်တာ (Managing Director) အနားယူသွားပြီး
ဘဏ္ဍာရေးအရာရှိချုပ် (Chief Financial Officer) ရာထူးမှ
နုတ်ထွက်ခဲ့ကာ အဆိုပါပုဂ္ဂိုလ်များနုတ်ထွက်မည့် နိုဝင်ဘာ
၂၀ ရက်မတိုင်မီ၊ လူစားထိုးခန့်အပ်ခြင်းမပြုနိုင်မီ ကုမ္ပဏီ၏
နေ့စဉ်လုပ်ငန်းများ အခက်အခဲမရှိစေရန် အထူး
အလေးထားကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း
MTSH က သတင်း ထုတ်ပြန်ထားသည်။
MTSH တွင် အုပ်ချုပ်မှုဒါရိုက်တာအဖြစ် တာဝန်ယူခဲ့သည့်
ဦးသိန်းဟန်သည် ရာထူးမှအနားယူခဲ့ခြင်း ဖြစ်ပြီး
ဘဏ္ဍာရေးအရာရှိချုပ် Mr. Wui Hua Tan သည် ရာထူးမှ
နုတ်ထွက်ခြင်းဖြစ်ကာ ဦးသိန်းဟန် တာဝန်ယူစဉ် ကာလ
အတွင်း စွမ်းဆောင်မှုများနှင့် Mr. Tan နုတ်ထွက်ရခြင်းမှာ
ကိုယ်ရေးကိုယ်တာ အကြောင်းအရာများကြောင့် ဖြစ်သည်
ဟု ဆိုသည်။
နိုဝင်ဘာ ၂၀ ရက်မှ စတင်ကာ အနားယူကြမည့်
ဦးသိန်းဟန်နှင့် Mr. Tan နေရာအတွက် လက်ရှိတွင်
Mr. Tan နေရာတွင် အစားထိုးနိုင်မည့်သူ ရှာဖွေနေပြီး
လစ်လပ်သွားသည့် MD နေရာတွင် ပိုမိုထိရောက်စွာ
ဆောင်ရွက်နိုင်ရေးအတွက် အမှုဆောင်အရာရှိချုပ်(CEO)
တစ်ဦး အမြန်ဆုံးခန့်နိုင်ရန် ဆောင်ရွက်မည် ဖြစ်ကာ
အဆိုပါပုဂ္ဂိုလ်များ၏ နေရာတွင် အစားထိုးခန့်အပ်နိုင်မှု
မပြုမီ Interim Management ကော်မတီဖွဲ့စည်းကာ
ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးအောင်စိုးသာ က
တာဝန်ယူမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
MTSH ကို အဓိကထူထောင်ခဲ့သည့် အများပိုင်ကုမ္ပဏီ
ကိုးခုမှ တစ်ခုဖြစ်သည့် Myanmar Edible Oil
Industrial Public Corporation Ltd ၏ ဥက္ကဋ္ဌနှင့်
ရွှေတောင် Group လက်အောက်ခံကုမ္ပဏီနှစ်ခုနှင့်
အခြားကုမ္ပဏီများတွင် ဒါရိုက်တာရာထူးများ ရယူထား
သည့် ဦးသိန်းဟန်သည် MTSH တွင် ဒါရိုက်တာ အဖွဲ့ဝင်
အဖြစ် ဆက်ရှိနေမည်ဖြစ်ပြီး အမှုဆောင်အရာရှိချုပ်တစ်ဦး
မခန့်အပ်မီ တာဝန်ယူမည့် ဒါရိုက်တာအဖွဲ့ဝင်
ဦးအောင်စိုးသာသည် MTSH တွင် ရှယ်ယာအများဆုံး
ပိုင်ဆိုင်ထားသည့် MTI ကော်ပိုရေးရှင်း၏ အုပ်ချုပ်မှု
ဒါရိုက်တာ၊ MTI ၏ ဒါရိုက်တာနှင့် Myanmar Combiz
၏ ဥက္ကဋ္ဌအဖြစ် လုပ်ကိုင်နေသူဖြစ်သည်။
သီလ၀ါရှယ်ယာသည် ရှယ်ယာခွဲစိတ်မှုမပြုမီ
စတော့အိတ်ချိန်း၌ အဖွင့်ဈေး ကျပ် ၄၀၀၀၀ ဖြင့်စတင်ခဲ့
သော်လည်း ရောင်းချရမှုတွင် ရှယ်ယာတစ်စု ကျပ် ၅၀၀၀၀
ဖြစ်ကာ အမြင့်ဆုံးဈေးမှာ ရှယ်ယာတစ်စုကျပ် ၇၀၀၀၀
ဖြစ်ခဲ့ပြီး အနိမ့်ဆုံးဈေးနှုန်းမှာ ရှယ်ယာတစ်စု
ကျပ် ၄၁၀၀၀ ဖြစ်ခဲ့သည်။
*** ရန်ကုန်စတော့အိတ်ချိန်းတွင်
၂၀၁၆ ခုနှစ် အောက်တိုဘာ ၃၀ ရက်မှစတင်ကာ ရှယ်ယာ
အရောင်းအ၀ယ်ပြုလုပ်မှု ခေတ္တရပ်ဆိုင်းပြီး ရှယ်ယာ
ခွဲစိတ်မှုပြုကာ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၄ ရက်မှစတင်၍
ရှယ်ယာတစ်စုလျှင် ကျပ် ၅၁၀၀ ဖြင့် ရန်ကုန်စတော့
အိတ်ချိန်း၌ ပြန်လည်ရောင်းချခဲ့ရာ ရှယ်ယာတစ်စု
ကျပ် ၅၃၀၀ အထိမြင့်တက်ခဲ့ပြီး တစ်နှစ်အကြာ ၂၀၁၇ ခုနှစ်
နိုဝင်ဘာ ၈ ရက်တွင် ကျပ် ၃၂၀၀ အထိ စံချိန်တင်
ကျဆင်းခဲ့သည်။
သီလ၀ါရှယ်ယာ၏ ဈေးနှုန်းများမှာ စတင်ရောင်းချသည့်
တစ်နှစ်ကျော်ကာလအတွင်း အနိမ့်ဆုံးဈေးနှုန်းအဖြစ်
ရှယ်ယာတစ်စု ကျပ် ၃၂၀၀ သို့ကျဆင်းခဲ့မှုမှာ ကျပ် ၈၂၀၀
သို့ မြင့်တက်မည်ဟု ခန့်မှန်းထားသည့် သီလ၀ါရှယ်ယာများ
အတွက် စံချိန်တင်ဈေးနှုန်းကျဆင်းမှု ဖြစ်ပေါ်စေခဲ့ပြီး
လက်ရှိအချိန်အထိ အနိမ့်ဆုံးဈေးနှုန်း ကျပ် ၃၂၀၀ နှင့်ပင်
အရောင်းအ၀ယ်ဖြစ်ပေါ်နေသည်။ ***
သီလ၀ါရှယ်ယာရှယ်ယာများ တန်ဖိုးကျဆင်းနေချိန်တွင်
အဆိုပါရှယ်ယာများကို ၄၅ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ခဲ့သည့်
အများပိုင်ကုမ္ပဏီကိုးခု၏ သီလ၀ါ ရှယ်ယာပိုင်ဆိုင်မှုများ
လည်း လျော့ကျလာနေသည်။
ရန်ကုန်စတော့အိတ်ချိန်းတွင် လက်ရှိ သီလ၀ါရှယ်ယာ
၃၈၉၂၉၁၅၀ စုကို စတော့အိတ်ချိန်း စာရင်းဝင်အဖြစ်
သတ်မှတ်ထားပြီး ရှယ်ယာအရေအတွက်၏ ရာခိုင်နှုန်း
၆၀ ခန့်ကို ကုမ္ပဏီနှင့် လူပုဂ္ဂိုလ် ၂၀ က
ထိန်းချုပ်ထားကြောင်း သိရသည်။
(ဖြိုးဝေ)
*****
၂။ "ရန်ကုန်စတော့အိတ်ချိန်းတွင် အောက်တိုဘာအတွင်း
ရှယ်ယာအရောင်းအဝယ် အနည်းဆုံးဖြစ်"
* ရန်ကုန်စတော့အိတ်ချိန်းတွင်
၂၀၁၇ အောက်တိုဘာအတွင်း ကျပ်တစ်ဘီလီယံဖိုးဖြင့်
စတော့ရှယ်ယာ သမိုင်းတစ်လျှောက် အနည်းဆုံး
အရောင်းအဝယ်ဖြစ်ခဲ့သည့် ကာလအဖြစ်
စံချိန်တင်ခဲ့သည်။ *
ရန်ကုန်စတော့အိတ်ချိန်း တွင် ယခုနှစ် အောက်တိုဘာ၌
စတော့ရှယ်ယာများ ဈေးကျဆင်းခဲ့ပြီး ရှယ်ယာ
အရောင်းအဝယ်လည်း အနိမ့်ဆုံးသို့ ကျဆင်းခဲ့ကြောင်း
ရန်ကုန်စတော့အိတ်ချိန်း စာရင်းများ၌ ဖော်ပြထားသည်။
ရန်ကုန်စတော့အိတ်ချိန်း တွင်
၂၀၁၇ ဇန်နဝါရီ၌ ကျပ် ၂ ဒသမ ၈ ဘီလီယံ၊
ဖေဖော်ဝါရီ တွင် ကျပ် ၃ ဒသမ ၁ ဘီလီယံ၊
မတ်လတွင် ကျပ် ၃ ဒသမ ၃ ဘီလီယံဖိုး အရောင်းအဝယ်
ဖြစ်ခဲ့ပြီးနောက် ရှယ်ယာအရောင်းအဝယ် ဆက်တိုက်
ကျဆင်းလာခြင်းဖြစ်သည်။ ၂၀၁၇ စက်တင်ဘာတွင်
ကျပ် ၁ ဒသမ ၈ ဘီလီယံဖိုး အရောင်းအဝယ်ဖြစ်ခဲ့သည်။
စတော့အိတ်ချိန်းတွင် ရှယ်ယာအရောင်းအဝယ် စတင်ခဲ့
သည့် ၂၀၁၆ မတ်လ၌ ကျပ် ၂၄ ဘီလီယံ အရောင်းအဝယ်
ဖြစ်ခဲ့ပြီး တဖြည်းဖြည်းလျော့နည်းလာရာ ၂၀၁၆ နိုဝင်ဘာ
က ကျပ် ၂ ဒသမ ၂ ဘီလီယံကျော်နှင့် ဒီဇင်ဘာတွင်
ကျပ် ၁ ဒသမ ၅ ဘီလီယံကျော် အရောင်းအဝယ်
ဖြစ်ခဲ့သည်။ ရန်ကုန်စတော့အိတ်ချိန်းသည်
၂၀၁၆ အတွင်း ကျပ်ဘီလီယံ ၇၀ ကျော်
ရှယ်ယာအရောင်းအဝယ် ဖြစ်ခဲ့သည်။
‘‘ပြီးခဲ့တဲ့ လပိုင်းတွေက စာ ရင်းဝင် ကုမ္ပဏီတစ်ခု နုတ်ထွက်
မယ်ဆိုတာရယ်၊
နောက်ထပ် ကုမ္ပဏီအသစ်တွေ စာရင်းထပ် မဝင်တာကြောင့်
လို့ မြင်တယ်။
ဒါ ကြောင့် စတော့ရှယ်ယာဆိုတာ ကို လူတွေက စိတ်ဝင်စားမှု
နည်း လာတာ’’ ဟု FMI ရှယ်ယာပိုင်ရှင် တစ်ဦးက
ပြောသည်။
‘‘ရှယ်ယာဈေးကလည်း ကျ တယ်။
အမြတ်ပေးတာလည်း နည်းတယ်။
စတော့ရှယ်ယာဝယ်တဲ့သူက အခုချိန်မှာ အရှုံးတွေပဲ’’ ဟု
ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာဝယ်ထားသူ
တစ်ဦးက ပြောသည်။
ရန်ကုန်စတော့အိတ်ချိန်းတွင် ပထမဦးဆုံးစာရင်းဝင်ခဲ့သည့်
FMI ကုမ္ပဏီသည် ၂၀၁၇ ဇန်နဝါရီ ၂ ရက်၌ ရှယ်ယာတစ်စု
ကျပ် ၁၄,၀၀၀ ပေါက်ဈေး ရှိခဲ့သော်လည်း
အောက်တိုဘာ ၃၁ ရက်တွင် ရှယ်ယာတစ်စု ကျပ် ၁၂,၅၀၀
သာပေါက်ဈေးရှိခဲ့သည်။
သီလဝါ အထူးစီးပွားရေး ဇုန် အများပိုင်ကုမ္ပဏီ (MTSH)
သည်လည်း ယင်းကာလအတွင်း ရှယ်ယာတစ်စု ပေါက်ဈေး
ကျပ် ၄,၅၀၀ မှ ၃,၂၀၀ အထိ ကျဆင်း ခဲ့သည်။
မြန်မာနိုင်ငံသားများ ဘဏ်သည် ရှယ်ယာတစ်စု ပေါက်ဈေး
၉,၆၀၀ မှ ၈,၅၀၀ အထိ ကျဆင်းခဲ့သည်။
(ထွန်းထွန်းမင်း)
*****
၃။ "ပြည်တွင်းစတော့ဈေးကွက် တစ်နှစ်ကျော်လာသော်လည်း
အားရမှု မရှိလို့ဆို"
ပြည်တွင်းစတော့ဈေးကွက် စတင်ခဲ့တာ တစ်နှစ်ကျော်လာ
သော်လည်း အားရမှုမရှိသေးဘူးလို့ ပြည်တွင်း စီးပွားရေး
လုပ်ငန်းရှင်အသိုင်းအဝိုင်းထံကသိရပါတယ်။
ကမ္ဘောဇလုပ်ငန်း Managing Director ဦးမိုးဆန်းအောင်က
“ စတော့ဈေးကွက်သွားဖို့က proper listed ကုမ္ပဏီရှိမှ
Good Governance ရှိတဲ့ အများပိုင်လုပ်ငန်းမျိုးမှ၊
နောက်တစ်ချက်မှာ မြန်မာနိုင်ငံမှာ စာရင်းသေအပ်ရင်
တစ်နှစ်ဘဏ်တိုးနှုန်းက ၉ ရာခိုင်နှုန်းလောက် ရနေတာ၊
ဘဏ်မှာထားရင် အတိုးသေချာတယ်၊ စတော့မှာ
မသေချာဘူး”လို့ ပြောပါတယ်။
ဒါ့အပြင်ရောင်းဝယ်တဲ့အပေါ်မှာအခွန်က ရှိနေသေပြီး
ပြည်တွင်းရင်းနှီးမြုပ်နှံမှုဈေးကွက်ထဲမှာ ရွှေကစတော့ ထက်
လူစိတ်ဝင်စားမှုများတယ်လို့လည်း သိရပါတယ်။
ရွှေဆိုင်လုပ်ငန်းရှင် ဦးဇော်အောင် က
“ စတော့ဈေးကွက်ပေါ်ရင် ရွှေကစားတဲ့သူတွေ အဲဘက်
ရောက်သွားမလား စိုးရိမ်မိခဲ့ပေမယ့် နောက်ပိုင်းစတော့က
အရှုံးတွေများတယ်၊
ဘဏ်မှာလည်းအကောင့်တွေဘာတွေဖွင့်ရတယ်၊
ရှုံးမှန်းမြတ်မှန်းလည်းမသိတော့ အဲဈေးကွက်သိပ်မသွား
ကြတော့ဘူး” လို့ ပြောပါတယ်။
* ဘဏ်စာရင်းတွေနဲ့အရောင်းအဝယ်လုပ်တဲ့အပေါ် မိမိရဲ့
ဝင်ငွေထွက်ငွေနဲ့ အရောင်းအဝယ်ဖြစ်မှုတွေကို အလွယ်တကူ
သိမြင့်နိုင်တဲ့အပေါ်မှာ ဈေးကစားသူတွေက အခွန်စနစ်တွေ
များလာမှာကိုလည်း စိုးရိမ်စိတ်တွေရှိနေကြ တယ်လို့
သိရပါတယ်။ *
Max Myanmar လုပ်ငန်းစု ဒါရိုက်တာဦးအောင်မျိုးစော က
“အဓိက YSX က Mature ဖြစ်ဖို့အများကြီး လိုပါတယ်။
လူတိုင်းက YSX ဖွင့်လိုက်တာပဲရှိတယ်၊
လူတိုင်းက စတော့အိတ်ချိန်းရဲ့သဘောသဘာဝကို
အသေအချာနားမလည်ကြသေးဘူး၊
အကျွမ်းတဝင်မဖြစ်သေးဘူး” လို့ပြောပါတယ်။
ပြည်တွင်းရဲ့စတော့ဝယ်ရောင်းအတွက် စတော့အိတ်ချိန်းရုံး
ကို သွားရောက်နေရပြီး အွန်လိုင်းတွေကနေ အလွယ် တကူ
ဝယ်ယူနိုင်ပါက စတော့ဈေးကွက်အပေါ် လူထုစိတ်ဝင်စားမှု
ပိုလာမယ်လို့လည်း ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်
အသိုင်းအဝိုင်းကပြောဆိုပါတယ်။
ရန်ကုန်စတော့အိတ်စ်ချိန်းကို ၂၀၁၅ ဒီဇင်ဘာမှာ စတင်
ဖွင့်လှစ်ခဲ့သော်လည်း အခုနောက်ပိုင်းစတော့ရှယ်ယာ ဈေး
တွေအေးနေပြီး အရောင်းအဝယ်ပေါ် လူထုစိတ်ဝင်စားမှု
တဖြည်းဖြည်းလျော့နည်းလာနေတယ်လို့လည်း
သိရပါတယ်။
(နိုင်နိုင်ဇော်)
credit - Eleven Media Group / 7day Daily
& SFJ Strategy First Journal
“မှတ်ချက်”
အိမ်ခြံမြေ အကြောင်းအရာများနှင့်
တိုက်ရိုက်မသက်ဆိုင်သော်လည်း
သွယ်ဝိုက်ပတ်သက်မှု့ ရှိသည့် စီးပွါးရေးနှင့်ဆိုင်ရာ
ဆောင်းပါး/သတင်းများ ဖြစ်နေပါသဖြင့်
မိတ်ဆွေများ လေ့လာနိုင်ရန် တင်ခဲ့ခြင်းဖြစ်ပါသည်။
“အိမ်ခြံမြေ လမ်းဆုံ”
**********
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0
No comments:
Post a Comment