“ပစ္စည်းခွန်ကောက်ခံခြင်းနှင့် သူ့အမြင်”
၁။ "အိမ်ခြံမြေ လက်ဝါးကြီးအုပ်မှု တားဆီးမည့်ဥပဒေ
မူကြမ်းထွက်ပြီ"
နိုင်ငံအတွက် အခွန်ဝင်ငွေ ပိုမိုရရှိလာနိုင်မည့် အပြင်
အိမ်ခြံမြေလက်ဝါးကြီးအုပ်မှုများကိုပါ တားဆီးကာကွယ်
နိုင်မည့်
''ပစ္စည်းခွန်ကောက်ခံခြင်းကို ကြီးကြပ်ခြင်း ဆိုင်ရာဥပဒေ''
ဟု အမည်ရသည့် ဥပဒေတစ်ရပ်ပြဌာန်းရန် အစိုးရက
ကြိုးစားနေရာ မူကြမ်းအဆင့် ရေးဆွဲပြီးဖြစ်ပြီး
ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ပေးပို့ထားကြောင်း
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။
ထိုကိစ္စကို ၎င်းက အောက်တိုဘာ ၃ဝ ရက်တွင်
ပြည်သူ့လွှတ်တော်သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယင်းဥပဒေသည် လွှတ်တော်၏ ဥပဒေရေးရာနှင့်
အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်
နှင့် ဝန်ကြီးဌာနများ ကိုးကြိမ်အထိ ညှိနှိုင်းခဲ့ပြီး
ထွက်လာသည့် ရလဒ်တစ်ခုဖြစ်ကြောင်းလည်း ၎င်းက
ဆက်ပြောခဲ့သည်။
လက်ရှိတွင် ပစ္စည်းခွန်ကောက်ခံခြင်းနှင့် ပတ်သက်ပြီး
တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအောက်ရှိ
စည်ပင်သာယာအဖွဲ့များက စည်ပင်သာယာ ဥပဒေအရ
သတ်မှတ်ရာခိုင်နှုန်းဖြင့် ကောက်ခံနေကြပြီး တစ်နိုင်ငံလုံး
အတိုင်းအတာဖြင့် ခြုံငုံမိအောင် ပြဋ္ဌာန်းထားသည့်
ပစ္စည်းခွန် ဥပဒေ မရှိပေ။
လက်ရှိတွင် မြေယာလက်ဝါးကြီးအုပ်မှုများရှိနေပြီး
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ခြင်းကို ဟန့်တား
သလို ဖြစ်နေရုံသာမက နိုင်ငံသားတစ်ဦးချင်းစီ၏
နေထိုင်ခွင့်များကိုပါ လက်ဝါးကြီးအုပ်သလိုဖြစ်နေကြောင်း၊
ထိုကိစ္စကို အစိုးရက ကာကွယ်ပေးရန် မွန်ပြည်နယ်၊
ဘီးလင်း မဲဆန္ဒနယ်၏ လွှတ်တော်အမတ် ဦးတင်ကိုကိုဦး
က လွှတ်တော်တွင် ပြောကြားခဲ့သည်။
ထို့ကြောင့် ဒုဝန်ကြီးက လွှတ်တော်တွင်လာရောက်
ဖြေရှင်းစဉ် ဥပဒေမူကြမ်း အကြောင်းကို ရှင်းပြခဲ့ခြင်း
ဖြစ်သည်။
အခွန်ဘဏ္ဍာပိုမိုရရှိရေး၊ အဆောက်အအုံနှင့် ခြံပရဝဏ်
အပေါ် ပစ္စည်းခွန်ကောက်ခံမှုကို အခွန်အရာရှိများက
နေထိုင်သူထံမှ စနစ်တကျကောက်ခံနိုင်စေရန်၊
စည်ပင်သာယာအဖွဲ့များ၏ ပစ္စည်းခွန်ရငွေ တိုးတက်
စေရေးနှင့် မျှတသော နှုန်းထားဖြစ်စေရန် အဆိုပါ
ဥပဒေကြမ်းကို ရေးဆွဲနေကြောင်း ၎င်းက ရှင်းပြခဲ့သည်။
ဥပဒေပြဌာန်းပြီးပါက ပစ္စည်းခွန်ကောက်ခံမှု ကြီးကြပ်ရေး
ဗဟိုအဖွဲ့ကို ဖွဲ့စည်းမည်ဖြစ်ပြီး ထိုအဖွဲ့သည် နှစ်စဉ်
မြေ၊ အဆောက်အအုံ ငှားရမ်းခများ ကို
သတ်မှတ်မည်ဖြစ်သည်။
''နှစ်စဉ် သုံးသပ် တန်ဖိုးသတ်မှတ်ပြီး ကျသင့်ပစ္စည်းခွန်ကို
ကောက်ခံမည်ဖြစ်သည့်အတွက် အိမ်ခြံမြေဈေးကစားသူ
များက အိမ်ခြံမြေကို နေထိုင်ရန်မဟုတ်ဘဲ ဝယ်ယူ၊
ထိန်းသိမ်းလက်ဝါးကြီး အုပ်ခြင်း သို့မဟုတ် ဈေးကစားမှု
ပြုခြင်းကို တားဆီးကာကွယ်နိုင်မှာဖြစ်ပါတယ်''ဟု
၎င်းက ဆိုသည်။
နေပြည်တော်မှ စီးပွားရေးလုပ်ငန်းရှင် ဦးနေစိုးကမူ
''တချို့ကလည်း စုဆောင်းမိလာတဲ့ ငွေလေးကို
တခြားစီးပွားရေးလည်း မလုပ်တတ်၊
ဒီအတိုင်းထားလို့လည်း မဖြစ်ဆိုတော့ လက်လှမ်းမီ
လောက်တဲ့မြေကို ဝယ်ထားတတ်ကြတယ်။
မြေက ကာလအလျောက်လည်း တန်ဖိုးတက်တယ်လေ။
သူတို့လို လူမျိုးတွေကိုရော ဘယ်လိုခွဲခြားမလဲဆိုတာ
စိတ်ဝင်စားစရာပဲ'' ဟု ပြောခဲ့သည်။
ပြည်သူ့လွှတ်တော်အမတ် ဦးခင်ချိုကလည်း
''တချို့အဆောက်အအုံဆောက်ပြီး အိမ်ခန်းငှားစားတာမျိုး
လည်း ရှိတယ်လေ။ အဲဒီတော့ ဒီဟာက ကုမ္ပဏီအက်နဲ့
လည်း သွားချိတ်ဖို့ လိုမယ် ထင်တယ်။ ဒါပေမဲ့ ဥပဒေကြမ်း
က ထွက်မလာသေးဘူးဆိုတော့လည်း ပြောဖို့
စောပါသေးတယ်''ဟု ပြောကြားခဲ့သည်။
(ထူးသန့်)
*****
၂။ "အိမ်ခြံမြေဈေးကွက်နှင့် အစိုးရလက်တံ"
NLD ပါတီဦးဆောင်သော ဒီမိုကရေစီ အစိုးရ အုပ်ချုပ်ရေး
တာဝန်ကို ပြောင်းလဲရယူခဲ့သည့်အချိန်မှစ၍ သက်ဆိုင်ရာ
ပုဂ္ဂိုလ်များက နေအိမ်မရှိသူများ နေအိမ်ရရှိရေး၊
တစ်နည်းအားဖြင့် အိုးမဲ့အိမ်မဲ့ ပပျောက်ရေးကိစ္စ သာမက
အိမ်ခြံမြေနှင့် ဆောက်လုပ်ရေး လောကတွင် ဈေးကွက်
လက်ဝါးကြီး အုပ်မှုများကို လျော့နည်းအောင် ကြိုးပမ်းလျက်
ရှိသည်ကို သတိပြုမိပါသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း အိမ်ခြံမြေ ဈေးကစားသူများ
ကို ပစ္စည်းခွန်ကောက်ခံခြင်းဖြင့် ကာကွယ်ဟန့်တားနိုင်မည့်
ဥပဒေမူကြမ်း တစ်ရပ် ရေးဆွဲလျက်ရှိပြီး ယင်းပစ္စည်းခွန်
ကောက်ခံမှုဆိုင်ရာ ကြီးကြပ်ရေးဗဟိုအဖွဲ့တစ်ရပ်
ဖွဲ့စည်းရန်လည်း အစီအစဉ်ရှိသည်ဟု စီမံကိန်းနှင့်
ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း
က ထုတ်ဖော် အသိပေးခဲ့ကြောင်း သိရပါသည်။
အဆိုပါ ဥပဒေမူကြမ်းနှင့် ကြီးကြပ်ရေးအဖွဲ့၏ အဓိက
ဦးတည်ချက်မှာ အိမ်ခြံမြေဈေးကစားသူများ၊
တစ်နည်းအားဖြင့် နေထိုင်ရန်အတွက် မဟုတ်ဘဲ စီးပွားရေး
အကျိုးအမြတ်ထွက်ရန် အလို့ငှာ ဝယ်ယူ ရင်းနှီးမြှုပ်နှံထား
သူများ စိတ်ကြိုက် ဈေးကစားခြင်းကို ကာကွယ်ရန်ဖြစ်သည်
ဟု ဆိုပါသည်။
ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးသော နိုင်ငံတစ်နိုင်ငံ၏
စီးပွားရေး တိုးတက်မှုတွင် အရေးကြီးသည့် အစိတ်အပိုင်း
တစ်ခုဟု သတ်မှတ်၍ရနိုင်သည့် အိမ်ခြံမြေ အခန်းကဏ္ဍ
တွင် ထိုသို့ ပိုင်ဆိုင်မှု အခွန်ကောက်ခံခြင်းဖြင့်
ဈေးကစားသည်ဟူသောကိစ္စကို အမှန်တကယ်
ဟန့်တားနိုင်မည်လော၊ သို့မဟုတ် အကယ်၍ ထိရောက်စွာ
ဟန့်တားနိုင်သည်ဆိုပါက အိမ်ခြံမြေဈေးကွက်၌
ဝယ်လိုအားနှင့် ရောင်းလိုအား မျှခြေဖြစ်သည့် အနေအထား
သို့ရောက်အောင် တွန်းပို့နိုင်မည်လော ဟူသည်မှာ
အထူးပင်မေးစရာ ဖြစ်လာပါသည်။
ထို့အတူ အိမ်ခြံမြေ ဈေးကွက်နှင့် အိမ်ရာ ဆောက်လုပ်ရေး
လုပ်ငန်းများအကြား ကြီးမားသည့် ချိတ်ဆက်မှုရှိသလို
ယင်းချိတ်ဆက်မှုက ဈေးကွက်တွင်း ပရမ်းပတာ မဖြစ်ဘဲ
ဟန်ချက်ညီမျှမှုရှိအောင် ဖန်တီးနိုင်သည်ဟူသောအချက်မှာ
လည်း ထည့်သွင်းစဉ်းစားစရာ ဖြစ်လာပါသည်။
အိမ်ခြံမြေ ဈေးကွက်ကျွမ်းကျင်သူများသိနှင့်ထားပြီးဖြစ်သည့်
အတိုင်းပင် ဈေးကွက်တွင်း၊ တစ်နည်းအားဖြင့် မြို့နယ်တစ်ခု
တွင် အဝယ်နှင့် အငှား (ဝယ်လိုအား)မြင့်တက်မှုက
အိမ်ရာနှင့် တိုက်ခန်းအသစ်များ ထွက်ပေါ်လာအောင်
ဖန်တီးစမြဲဖြစ်သည်ဟု ယေဘုယျဆိုနိုင်ပါသည်။
အဝယ်လိုက်လျှင် အရောင်းလည်းရှိသည့်သဘောဖြစ်
ပေသည်။ သို့တိုင်အောင် တကယ့်လက်တွေ့ ဖြစ်ပေါ်နေ
သော အိမ်ခြံမြေဈေးကွက်လောကတွင် အဆိုပါ
ဝယ်လိုအားနှင့် ရောင်းလိုအားမှာ အမြဲပင်တစေ အချိုးတကျ
ဖြစ်နေခြင်းမရှိသည်ကိုလည်း သိထားကြပါလိမ့်မည်။
အကြောင်းမှာ အိမ်ခြံမြေဈေးကွက် တစ်ခုချင်းစီအလိုက်
ဝယ်သူနှင့်ရောင်းသူတို့ စိတ်ဝင်စားသည့် တည်နေရာ၊
ပတ်ဝန်းကျင်၊ သက်တမ်း စသော တန်ဖိုးများ မတူညီကြခြင်း
ကြောင့်ဖြစ်ပေသည်။
သို့အတွက်ကြောင့်လည်း အင်းလျားလမ်းပေါ်မှ
အိမ်နှင့်ခြံတစ်ခြံ၏ တန်ဖိုးကို ဒဂုံမြို့သစ်မြောက်ပိုင်း က
အိမ်နှင့် ခြံတန်ဖိုးနှင့် မည်သို့မျှ ညှိယူ၍မဖြစ်နိုင်ခြင်းပင်။
တစ်နည်းဆိုရလျှင် ဈေးကွက်တွင်မတူညီသည့် တန်ဖိုး
အလိုက် အဆင့်ဟူသည်ရှိစမြဲဖြစ်ပြီး ယင်း အဆင့်ကို
ဈေးကွက်စီးပွားရေးတွင် တူညီအောင်မည်သို့မျှ ကြားဝင်
ဖန်တီး ပေး၍ မဖြစ်နိုင်ပေ။
အိမ်နီးချင်း တရုတ်နိုင်ငံအပါအဝင် ဖွံ့ဖြိုးပြီးနိုင်ငံကြီးများကို
ကြည့်မည် ဆိုလျှင် အိမ်ခြံမြေ ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံ
လိုသူများ များပြားလာရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ
အင်အားကောင်းမွန်လာရေးအတွက် အစိုးရနှင့် ဗဟိုဘဏ်
တို့က အိမ်ခြံမြေဈေးကွက်ပူဖောင်းပေါက်မည့်
အနေအထားသို့ မည်သို့မျှအရောက်မခံဘဲ စီမံကိန်းသစ်များ
အမျိုးမျိုးရေးဆွဲပေးခြင်း၊
အတိုးနှုန်း နည်းသည့် ချေးငွေထုတ်ချေးပေးခြင်း စသည်
တို့ဖြင့် ပံ့ပိုးပေးလေ့ရှိသည်ကို တွေ့ရပေမည်။
အိမ်ခြံမြေဈေးကွက်တွင် ရင်းနှီးမြှုပ်နှံလိုသူရှိမှ ဈေးကွက်
တည်ငြိမ်မှု ရှိမည်၊ ဆောက်လုပ်ရေးလုပ်ငန်းများလည်း
ကြီးထွားမည်၊ အဝယ်နှင့် အရောင်း၊ ငှားရမ်းသူနှင့် အငှားချ
သူတို့အကြား မျှခြေရှိသည့် အနေအထား ကို ဖန်တီးနိုင်မည်
စသည်တို့ကို နားလည် သဘောပေါက်ခြင်းကြောင့်
ထိုသို့ ဝင်ရောက် ပံ့ပိုးပေးခြင်း ဖြစ်ပေသည်။
မိသားစုတိုင်း အိမ်ပိုင်ဆိုင်နိုင်ရေး ဟူသည့်ကိစ္စမှာ
၎င်းမိသားစုတို့၏ မတူညီသော လုံ့လဝီရိယကြောင့်ရသည့်
မတူညီသော ဝင်ငွေအတိုင်းအတာပေါ်တွင် အမြဲပင်တစေ
ပုံစံနှင့် အဆင့်ကွဲပြားနေမည်သာဖြစ်ပြီး အုပ်ချုပ်ရေး
ယန္တရားက ၎င်းတို့၏ ဝင်ငွေအလိုက် ဝယ်ယူနိုင်၊
ငှားရမ်းနိုင်သည့် အခြေအနေမျိုးကိုဖြစ်အောင် ဖန်တီး
ပေးရန်သာ လိုအပ်သည်။
ဥပမာ- ဥရောပတွင် စီးပွားရေး ထိပ်သီး ဖြစ်နေသည့်
ဂျာမနီတွင် နိုင်ငံလူဦးရေ၏ ၄၃ ရာခိုင်နှုန်းကျော်မျှသာ
နေအိမ်ပိုင်ဆိုင်သူများ ဖြစ်နေပြီး ကျန်ရာခိုင်နှုန်းမှာ ငှားရမ်း
နေထိုင်သည့်ဘဝတွင် အဆင်ပြေ ချောမွေ့နေခြင်းကြောင့်
အိမ်ပိုင်ရာပိုင်ကိစ္စအပေါ် စိတ်မဝင်စားကြဘဲ ဖြစ်နေခြင်း
ကို ဂျာမန်ပြည်သူများ ဆင်းရဲနွမ်းပါးလွန်းသည်ဟု
ကောက်ချက်ဆွဲမိပါက မှားမည်သာ ဖြစ်သည်။
အဓိက ဆိုလိုသည်မှာ မြန်မာနိုင်ငံသား မိသားစုတိုင်း
အိမ်ပိုင်သည်၊ မပိုင်သည် ဆိုခြင်းထက် အဆင်ပြေ ချောမွေ့စွာ
ဝယ်ယူနိုင်၊ ငှားရမ်းနိုင်သည့် အနေအထားမျိုး ဖြစ်စေမည့်
နည်းလမ်းများ ရှာဖွေပေးရေးမှာ အုပ်ချုပ်ရေးယန္တရား၏
တာဝန်ဖြစ်ပြီး အိမ်ခြံမြေ ဈေးကွက်အတွင်း မျှတမှု ရှိ၊ မရှိနှင့်
ဈေးကစားသူများ ပပျောက်ခြင်း ရှိ၊ မရှိကို ဈေးကွက်ကသာ
အဆုံးအဖြတ် ပေးနိုင်ကြောင်း ဖော်ပြလိုရင်း ဖြစ်ပေသည်။
အယ်ဒီတာ (The Voice)
credit - The Myanmar Times & The Voice Daily
**********
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0
No comments:
Post a Comment