“ထွက်ပေါ်လာသည့်
စီးပွားရေးနှင့်ဆိုင်ရာ အချက်အလက်များ”
၁။ "စီးပွားရေးလုပ်ရလွယ်မှု အဆင့်ကျလာမည့် မြန်မာ"
မြန်မာသည် လာမည့်နှစ်တွင် စီးပွားရေး လုပ်ကိုင်ရ
လွယ်ကူမှု အဆင့်သတ်မှတ်ချက်တွင် ကမ္ဘာ့နိုင်ငံ ၁၉ဝ
အနက် အဆင့် ၁၇၁ သာရှိမည်ဖြစ်ပြီး ယခု ၂ဝ၁၇ ခုနှစ်
တွင် ရရှိသည့်အဆင့်ထက်ပင် တစ်ဆင့်ကျသွားမည် ဟု
ကမ္ဘာ့ဘဏ်အုပ်စုက အောက်တိုဘာ ၃၁ ရက်က
ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြလိုက်သည်။
''Doing Business Report 2018'' ဟုခေါ်တွင်သည့်
အဆိုပါအစီရင်ခံစာသည် ကမ္ဘာနိုင်ငံများအားလုံးနီးပါးကို
စံသတ်မှတ်ချက် ၁ဝ ခုပေါ်တွင် အခြေတည်အဆင့်
သတ်မှတ်အကဲဖြတ်ခြင်း ဖြစ်သည်။
အဆိုပါအစီရင်ခံစာသည် ပြည်တွင်း၌လုပ်ငန်းလုပ်ကိုင်ရန်
လွယ်ကူမှုအခြေအနေကို ဖော်ပြခြင်းဖြစ်ရာ နိုင်ငံတကာ
ရင်းနှီးမြှုပ်နှံသူများက စိတ်ဝင်စားသည့်အစီရင်ခံစာလည်း
ဖြစ်သည်။
''အကြမ်းအားဖြင့်ကြည့်ရင်တော့ အဆင့်တစ်ဆင့်ကျ
သွားတယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ အဲဒီအစီရင်ခံစာက
စံသတ်မှတ်ချက် ဆယ်ချက်ကို ကြည့်ပြီးမှ ဖော်ပြတာဖြစ်တဲ့
အတွက် ဘယ်အချက်တွေမှာ ကျပြီးဘယ်အချက်တွေမှာ
တက်လာလဲဆိုတာကလည်း အရေးကြီးတယ်'' ဟု
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန
ဒုတိ ယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် က
မြန်မာတိုင်း(မ်)ကို ပြောသည်။
''အကြမ်းဖျင်းကြည့်ရုံနဲ့တော့ ပြောလို့မရဘူး။
အချက်တစ်ချက်ချင်းအလိုက် အဆင့်အတက်အကျကသာ
အဓိကဖြစ်တာပါ'' ဟုလည်း ၎င်းက ဆိုသည်။
ထိုအစီအရင်ခံစာသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်း
တစ်ခု စတင်ရာတွင် ရင်ဆိုင်ရမည့် အခြေအနေများကို
သုံးသပ်ကာ တစ်နှစ်ကြိုတင်၍ ထုတ်ပြန်ဖော်ပြခြင်းလည်း
ဖြစ်သည်။
ယခုနှစ်တွင် စံသတ်မှတ်ချက်များအနက် တစ်ခုတည်းသာ
အဆင့်တက်လာခဲ့ပြီး အခြားသောအချက် ခုနစ်ချက်တွင်
အဆင့်ကျဆင်းသွားသည်ဟု သတ်မှတ်ခံရသည်။ ထို့အတူ
အချက်နှစ်ချက်သည် မူလအဆင့်တွင်သာ ဆက်လက်
ရပ်တည်နေခဲ့သည်။
သတ်မှတ်ချက်များအနက် မြေယာနှင့် အခြားပိုင်ဆိုင်မှုများ
အပေါ် မှတ်ပုံတင်နိုင်မှုတွင် ယခင်အဆင့် ၁၄၃မှ ကိုးဆင့်
တက်သွားပြီး အဆင့် ၁၃၄ သို့ တိုးမြင့်သတ်မှတ်ခြင်း
ခံခဲ့ရသည်။
ထို့အတူ စာချုပ်စာတမ်းများဆိုင်ရာ ခိုင်မာမှုနှင့် ကြွေးမြီ
ဆိုင်ရာဖြေရှင်းဆောင်ရွက်နိုင်သည့် အခြေအနေများမှာမူ
ဆုတ်ယုတ်မှုရော တိုးတက်မှုပါ မရှိဟု သတ်မှတ်
ခံရသည်။
သို့သော်
- စီပွားရေးလုပ်ငန်း စတင်နိုင်မှု၊
- ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းများ ခွင့်ပြုချက်ရရှိမှု
အခြေအနေ၊
- လျှပ်စစ်မီးရရှိမှု၊
- လုပ်ငန်းများချေးငွေရရှိ လွယ်ကူမှု၊
- ရင်းနှီးမြှုပ်နှံမှုနှင့် လုပ်ငန်းများကို အကာအကွယ်ပေးမှုနှင့်
စောင့်ကြည့်နိုင်မှု၊
- အခွန်ပေးချေရ လွယ်ကူမှု၊
- နယ်နိမိတ်ဖြတ်ကျော် ကုန်သွယ်မှုတို့ အတွက်
အဆင့်သတ်မှတ်ချက်များမှာ ကျဆင်းသွားသည်။
(ပုံပါ ဇယားတွင် လေ့လာနိုင်သည်။)
အာဆီယံဒေသတွင်း နိုင်ငံများတွင်လည်း
Doing Business Report 2018 တွင်
- ဖိလစ်ပိုင်နိုင်ငံသည် အဆင့် ၉၉ မှ ၁၁၃၊
- ကမ္ဘောဒီးယားနိုင်ငံသည် အဆင့် ၁၃၁ မှ၁၃၅ နှင့်
- လာအိုနိုင်ငံသည် ၁၃၉ မှ ၁၄၁ သို့အသီးသီး
အဆင့်သတ်မှတ်ချက် ကျဆင်းသွားခဲ့သည်။
သို့သော် စင်ကာပူနိုင်ငံသည် ယခင်အတိုင်း
ကမ္ဘာ့အဆင့် ၂ တွင် ဆက်လက် ရပ်တည်နေသည်။
ထို့အတူ
- မလေးရှားနိုင်ငံသည် အဆင့် ၂၆ မှ ၂၄၊
- ထိုင်းနိုင်ငံသည် အဆင့် ၄၆ မှ ၂၆ ၊
- ဘရူနိုင်းနိုင်ငံသည် အဆင့် ၇၂ မှ ၅၆၊
- ဗီယက်နမ်နိုင်ငံသည် အဆင့် ၈၂ မှ ၆၈၊
- အင်ဒိုနီးရှားနိုင်ငံသည် အဆင့် ၉၉ မှ ၇၂ သို့ အသီးသီး
အဆင့်တက်လာသည်ဟု ဖော်ပြထားသည်။
(ထင်လင်းအောင်)
*****
၂။ "အန်အယ်လ်ဒီ အစိုးရ၏ စီးပွားရေးစီမံခန့်ခွဲမှု
ယခင်အစိုးရလောက် မကောင်းဟု စစ်တမ်းထုတ်"
လက်ရှိ အန်အယ်လ်ဒီအစိုးရရဲ့ စီးပွားရေး စီမံခန့်ခွဲတာဟာ
ပြီးခဲ့တဲ့ အစိုးရနဲ့ နှိုင်းယှဉ်ရင် မကောင်းဘူးလို့ စီးပွားရေး
လုပ်ငန်းရှင်အများစုက ဖြေဆိုခဲ့တယ်လို့
ပြည်တွင်း စစ်တမ်းတခု က ဆိုပါတယ်။
Myanmar Insider စီးပွားရေးဂျာနယ်က သုံးလတကြိမ်
ပြုလုပ်တဲ့ စီပွားရေးဆိုင်ရာ ယုံကြည်မှု ညွှန်းကိန်းမှာ
ဖော်ပြထားတာပါ။
လက်ရှိအစိုးရရဲ့ စီးပွားရေးစီမံခန့်ခွဲတာကို ကောင်းတယ်လို့
ဖြေသူ ၁၂ ရာခိုင်နှုန်းရှိပြီး ၅၈ ရာခိုင်နှုန်းက မကောင်းဘူးလို့
ဖြေပါတယ်။
ပြီးခဲ့တဲ့ အစိုးရလက်ထက် က စီးပွားရေးစီမံခန့်ခွဲမှု
ကောင်းတယ်လို့ ဖြေဆိုသူ ၄၆ ရာခိုင်နှုန်းရှိပြီး ၁၉ ရာခိုင်နှုန်း
က မကောင်းဘူးလို့ ဖြေပါတယ်။
အစိုးရ နှစ်ရပ်လုံးလက်ထက်မှာ ပုံမှန်ပဲလို့ ဖြေဆိုသူ
၂၇ ရာခိုင်နှုန်းစီနဲ့ တူညီတာ စစ်တမ်းမှာ တွေ့ရှိရပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိ စီးပွားရေးအခြေအနေ
မကောင်းဘူးလို့ ၆၃ ရာခိုင်နှုန်းက ဖြေထားပြီး နောက် ၃ လ
မှာ ပိုဆိုးမယ်လို့ အများစုက ဖြေထားပါတယ်။
ပြီးခဲ့တဲ့ တနှစ်နဲ့ယှဉ်ရင် ကုမ္ပဏီတွေရဲ့ အခွင့်အလမ်းနဲ့
ခြိမ်းခြောက်မှုတွေဟာ အတူတူပဲ ဖြစ်ပြီး လာမယ့် သုံးလ
မှာတော့ အလားအလာ ပိုကောင်းမယ်လို့ ယုံကြည်သူ
ကတော့ အများစု ရှိနေပါတယ်။ ဒါပေမယ့် လက်ရှိထက်
ပိုပြီး ရင်းနှီးမြှုပ်နှံဖို့ မသေချာဘူးလို့ အများစုက
ဆိုပါတယ်။
စစ်တမ်းအရ စီးပွားရေး အလားအလာ အနုတ်ပြနေတယ်
လို့လည်း လုပ်ငန်းရှင် အများစုက ဆိုပါတယ်။
သင့်ဘဝ အယ်ဒီတာဟောင်း ဒေါက်တာ တင်မောင်သန်းက
“ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာက တော်တော်များများကို
ဖွင့်ပေးခဲ့တော့ တိုးတက်တယ်လို့ မြင်ရတာပေါ့။
ဒီအစိုးရလက်ထက်မှာက အဲလို ပြစရာ သိပ်မရှိဘူး။
ဒါ့အပြင် မဟာဗျူဟာ ချတာမှာ အားနည်းနေတယ်လို့
ထင်တယ်။
ဘယ်ကဏ္ဍမှာ ပိုတိုးတက်အောင် ကူညီမယ်ဆိုတဲ့
ဆုံးဖြတ်တာမှာ အားနည်းပြီး ဘတ်ဂျတ်ကို ဖြန့်သုံးသလို
ဖြစ်နေတယ် လို့ထင်တယ်” လို့ ပြောပါတယ်။
စစ်တမ်းမှာဖော်ပြတဲ့ လုပ်ငန်းတခုချင်းစီရဲ့ အခြေအနေမှာ
တော့ အခွန်အပါအဝင် ကုန်ကျစရိတ်တွေက လုပ်ငန်း
အတွက် စိုးရိမ်စရာလို့ ဆိုကြပြီး လာမယ့် သုံးလအတွင်း
ပြည်ပနဲ့ ပြိုင်ဆိုင်ရတာက လုပ်ငန်းတွေအပေါ်
သက်ရောက်မှု ပိုများတယ်လို့ ဆိုပါတယ်။
နိုင်ငံတခုရဲ့ စီးပွားရေးကို ပြုပြင်ပြောင်းလဲရာမှာ
မိုက်ခရို စီးပွားရေးကို တည်ငြိမ်အောင် လုပ်တာနဲ့ အခြေခံ
အဆောက်အဦတွေ ပြုပြင်ပြောင်းလဲရေးလို့ နှစ်ဆင့်ရှိပြီး
ဒုတိယအဆင့်က ပိုခက်တယ်လို့ စီးပွားရေး သုတေသီ
ဒေါက်တာဇော်ဦးက ပြောပါတယ်။
“ပြီးခဲ့တဲ့ အစိုးရက မိုက်ခရိုစီးပွားရေးကို တည်ငြိမ်အောင်
လုပ်နိုင်ခဲ့တယ်။
ဒီအစိုးရ လက်ထက်မှာတော့ ပိုခက်တဲ့အဆင့်ကို
ကြုံနေရတယ်။
တခြားနိုင်ငံတွေလည်း ဒီအဆင့်မှာ ခက်တာပါပဲ။
ကျနော်တို့ တိုင်းပြည်ကတော့ ဒီဒဏ်ကို ပိုပြီးခံရပါတယ်” လို့
ပြောပါတယ်။
ဒီစစ်တမ်းကို အလုပ်သမား ဆယ်ဂဏန်းကနေ
ထောင်ဂဏန်းအထိရှိတဲ့ လုပ်ငန်းရှင် အယောက် ၅၀ ကျော်
ကို မေးမြန်းထားတာဖြစ်ပြီး ဖြေဆိုသူတွေကိုလည်း
မှတ်တမ်းတင်ထားတယ်လို့
Myanmar Insider ဂျာနယ်က ဆိုပါတယ်။
(ပိုင်စိုး)
credit - The Myanmar Times & DVB
**********
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0
No comments:
Post a Comment