Sunday, January 28, 2018

“စိတ်ဝင်စားဖွယ် အိမ်ရာစီမံကိန်းကြီးများ”

“စိတ်ဝင်စားဖွယ် အိမ်ရာစီမံကိန်းကြီးများ”

၁။ "ကိုရီးယားနှင့် ပူးပေါင်းဆောင်ရွက်မည့်
ညောင်နှစ်ပင်မြို့ပြ စီမံကိန်းအတွက် မြန်မာက ရှယ်ယာ
၄၀ ရာခိုင်နှုန်းရမည်"

ကန်ဒေါ်လာ တစ်ဘီလီယံ တန်ဖိုးရှိ ညောင်နှစ်ပင်မြို့ပြ
စီမံကိန်းတွင် မြန်မာနိုင်ငံအား ရှယ်ယာ ၄၀ ရာခိုင်နှုန်း
ပေးမည်ဖြစ်ပြီး ကျန် ၆၀ ရာခိုင်နှုန်းကို ကိုရီးယားအစိုးရက
ပိုင်ဆိုင်မည်ဖြစ်ကြောင်း ကိုရီးယားအစိုးရပိုင် LH
ကော်ပိုရေးရှင်း ရန်ကုန်ရုံးခွဲ အထွေထွေမန်နေဂျာ
မစ္စတာ ကင်ဂမ်ဝူးက ပြောကြားသည်။

အဆိုပါစီမံကိန်းသည် ကိုရီးယားလုပ်ငန်းရှင်များအား
ဦးစားပေးဖိတ်ခေါ်ရန်ဖြစ်ပြီး နှစ်နိုင်ငံအကျိုးရှိသည့် လုပ်ငန်း
ဖြစ်လာနိုင်ကြောင်း ၎င်းက ပြောသည်။

အဆိုပါစီမံကိန်းကို ၂၀၀၈ ဖွဲ့စည်းပုံရေးဆွဲရန် အမျိုးသား
ညီလာခံကျင်းပခဲ့သည့် လှည်းကူးမြို့နယ် ညောင်နှစ်ပင်
စခန်းရှိ မြေဧက ၆၀၀ ပေါ်တွင် အကောင်အထည် ဖော်ရန်
ကိုရီးယားဘက်က စီစဉ်ခြင်း ဖြစ်သည်။

သို့သော်  အမျိုးသားညီလာခံကျင်းပခဲ့သည့် သမိုင်းဝင်
အဆောက်အအုံ အပါအ၀င် မြေဧက ၃၀ ကျော်ကို အစိုးရ
ထံ ပြန်လည်ပေးအပ်ရ၍ မြေဧက ၅၅၀ ကျော်သာ
ပြုလုပ်ခွင့် ရခဲ့သည်ဟု မစ္စတာ ကင်ဂမ်ဝူးက
ဆက်လက်ပြောကြားသည်။

အဆိုပါ စီမံကိန်းအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန နှင့် ကိုရီးယားအစိုးရပိုင်
LH (Korea Land and Housing Corporation)
ကော်ပိုရေးရှင်းတို့ ၂၀၁၇ ဇွန်လ၁၆ ရက်က ကိုရီးယား နိုင်ငံ
ဂျယ်ဂျူးကျွန်းတွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၈ နှစ်ဆန်း၌
စတင် အကောင်အထည်ဖော်ရန် ခန့်မှန်းသည်။

အကောင်အထည်ဖော်မည့် စီမံကိန်းများ၌
စက်မှုလုပ်ငန်း ဧရိယာ၊ သုတေသနနှင့် ဖွံ့ဖြိုးရေး စင်တာ၊
သင်တန်းကျောင်း၊ အိမ်ရာနှင့် စီးပွားရေး ဆိုင်ရာ
အဆောက်အအုံများ စသည်တို့ ပါဝင်မည်ဖြစ်ကြောင်း
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒု ၀န်ကြီး ဦးကျော်လင်း က
ယမန်နှစ် ဇွန်လက လွှတ်တော်တွင် ပြောကြားထားသည်။

‘‘ကော်ပိုရေးရှင်းဘက်က ငွေကြေးစိုက်ထုတ်သုံးစွဲ ပါတယ်။
မြန်မာအစိုးရက မြေနေရာ စိုက်ရပါတယ်။
ဒီစီမံကိန်းကို ကိုရီးယား အစိုးရက စိတ်ဝင်စားမှုပြင်းထန်
နေပါတယ်’’ဟု မစ္စတာ ကင်ဂမ်ဝူးက ပြောသည်။

အဆိုပါ စီမံကိန်းအတွက် အစိုးရဘက်က တန်ဖိုးနည်းသည့်
မြေနေရာစိုက်ရခြင်း ဖြစ်၍ ရှယ်ယာ ၄၀ ရာခိုင်နှုန်းသာ
ရခြင်းဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
ဒုညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်က ပြောကြားသည်။

စီမံကိန်းအကောင်အထည် ဖော်ရန် ရင်းနှီးမြှုပ်နှံမှုကော်မရှင်
သို့ တင်ပြရန်စီစဉ်နေပြီး ခွင့်ပြုချက်ရရှိပါက ၂၀၁၈ နှစ်ကုန်
တွင် မြေပြင်ဆောက်လုပ်ရေး လုပ်ငန်းများ စတင်နိုင်မည်
ဖြစ်ကြောင်း ၎င်းက ပြောသည်။

(ထွန်းထွန်းမင်း)

*****

၂။ "အမြန်လမ်းမကြီးဘေးတွင် တန်ဖိုးနည်းအိမ်ရာများ
စဆောက်မည်"

လှည်းကူးမြို့နယ် အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်
၃ မိုင်၊ ၅ ဖာလုံ၊ လမ်းဘေးဝဲယာရှိ မြေဧက ၁၄၀၀ ကျော်
ပေါ်တွင် တည်ဆောက်မည့် Eco Green City Project 
စီမံကိန်းအဖြစ် တန်ဖိုးနည်းအိမ်ရာများကို စတင်
တည်ဆောက်သွားမည် ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး
ဦးစီးဌာနထံမှ သိရသည်။

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် Eco Green City
ကို ဆောက်လုပ်မည့် Alliance Stars ကုမ္ပဏီတို့
၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် လုပ်ငန်းလုပ်ကိုင်ရန် သဘော
တူညီခဲ့ပြီး ကနဦး အဆိုပြုချက်အရ တန်ဖိုးနည်းအိမ်ရာအခန်း
၄၀၀၀ ကို ကုမ္ပဏီဘက်က ဆောက်လုပ်ပေးမည်ဖြစ်သည်။

အဆိုပါ စီမံကိန်း စတင်သည်နှင့်တစ်ပြိုင်နက် လက်ရှိ
ဝ မိုင် ၂ ဖာလုံတွင်ရှိသည့် အမြန်လမ်း တိုးဂိတ်ကို မိုင်တိုင်
အမှတ် ၅ မိုင် ၆ ဖာလုံ နေရာသို့ ပြောင်းရွှေ့ဖွင့်လှစ်မည်
ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ ဖြိုးရေး ဦးစီးဌာနမှ
ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောကြားသည်။

“လက်ရှိ လုပ်ကိုင်ခွင့်ရရှိထားတဲ့ ကုမ္ပဏီနဲ့ ဆောက်လုပ်ရေး
ဝန်ကြီးဌာနက အကျိုးအမြတ်ခွဲဝေဖို့ ညှိနှိုင်းနေပါတယ်။
အကျိုးအမြတ် ရာခိုင်နှုန်းက ညှိနှိုင်းနေဆဲပါ။
ကနဦးတည်ဆောက်တဲ့ တန်ဖိုးနည်း အိမ်ရာတွေ
ဆောက်ပြီးရင် တိုင်းအစိုးရကို ညှိနှိုင်းပြီး သူတို့တာဝန်ပေးတဲ့
အပေါ်မူတည်ပြီး ဆောင်ရွက်ရမယ်” ဟု ၎င်းက ဆိုသည်။

Eco Green City စီမံကိန်း ပန္နက်တော် တင်ခြင်းကို
ဒီဇင်ဘာလ ၂၃ ရက်က ကျင်းပပြုလုပ်ခဲ့ပြီး မကြာခင်
တည်ဆောက်ရေးလုပ်ငန်းများကို လုပ်ဆောင်သွားမည်
ဖြစ်ကာ စီမံကိန်းကို သုံးနှစ်ခန့်အချိန်ယူ ဆောက်လုပ်မည်
ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာဌာနများက စီမံခန့်ခွဲပြီး
ရောင်းချပေးမည် ဖြစ်သည်။

အဆိုပါစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့်
Alliance Stars Group ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်း
ဆောင်ရွက်ခြင်းဖြစ်ပြီး ယင်းဆောက်လုပ်မည့် အိမ်ရာ
စီမံကိန်းသည် အစိုးရသစ်၏ ပထမဆုံးဆောက်လုပ်မည့်
အကြီးမားဆုံး မြို့သစ်အိမ်ရာစီမံကိန်းဖြစ်ကြောင်း
မြို့ပြနှင့်အိမ်ရာဖွံ့ ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။

စီမံကိန်းကို အပိုင်း ၂ ပိုင်းခွဲကာ တည်ဆောက်သွားမည်
ဖြစ်ပြီး
ပထမအဆင့် မြို့သစ်စီမံကိန်းအနေနှင့် တန်ဖိုးနည်း၊
တန်ဖိုးသင့် အိမ်ရာများ၊ အထပ်မြင့်အိမ်ရာများ၊
ဈေးနှင့် စားသောက်ဆိုင်များ၊ အုပ်ချုပ်ရေးဆိုင်ရာ
ရုံးလုပ်ငန်းများ၊ အမြန်လမ်း ယာဉ်ရပ်နားစခန်းများ၊
ဈေးဝယ်စင်တာ၊ ပန်းခြံ၊ ကစားကွင်းများနှင့် နိုင်ငံတကာ
ကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဆေးရုံများ၊ ဟိုတယ်များ
ကိုလည်း ထည့်သွင်း ဆောက်လုပ်သွားမည်ဖြစ်သည်။

ဒုတိယအဆင့်အနေနှင့် သီးသန့်လုံးချင်း အိမ်ရာများ၊
အဆင့်မြင့် အိမ်ရာ စီမံကိန်းများ၊ နိုင်ငံတကာအဆင့်မီ
ဆေးရုံ၊ ကျောင်းများ အပါအဝင် ဟိုတယ်ဇုန်နှင့် အများပြည်သူ
အနားယူအပန်းဖြေရန် Amusement Park နေရာများ
ထည့်သွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းမှာ ယခင်အစိုးရ လက်ထက်ကတည်း က
ပြုလုပ်ခဲ့သည့် စီမံကိန်းဖြစ်ပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန
အနေနှင့် သက်ဆိုင်ရာ အစိုးရအုပ်ချုပ်အဖွဲ့ထံ တင်ပြကာ
ယင်းပေါ်မူတည်ပြီး ပြည်ထောင်စုအဆင့်က ဆောင်ရွက်ခြင်း
ဖြစ်ကြောင်းနှင့် ဝန်ကြီးဌာနအနေနှင့် လွှတ်တော်ကို
တိုက်ရိုက်တင်ပြခြင်းမရှိဘဲ ပြည်ထောင်စုက ဆောင်ရွက်
သည့် စီမံကိန်းဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ ဖြိုးရေး
ဦးစီးဌာနထံမှ သိရသည်။

စီမံကိန်းမြေဖော်ဆောင်မည့် မြေနေရာမှာ ယခင်
လယ်/ဆည်ဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ
စပါးလင်ဆီမွှေး စိုက်ခင်းအတွက် လုပ်ဆောင်ရန် ချထား
ပေးခဲ့ခြင်းဖြစ်ပြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနသို့
၂၀၁၆ ခုနှစ်တွင် မြို့ပြဖော်ထုတ်ရန် လွှဲပြောင်းပေးခဲ့ခြင်း
ဖြစ်သည်။

စီမံကိန်း အကောင်အထည်ဖော်မည့် မြေဧရိယာအတွင်း
ကျူးကျော်နေထိုင်သည့် ကျူးကျော်တဲ ၅၀၀၀ ကျော်ကို
၂၀၁၇ ခုနှစ်၊ ဇွန်လက စတင်ကာ ရဲတပ်ဖွဲ့ဝင်အင်အား
၂၀၀ ခန့်၊ အရပ်သား အလုပ်သမားအင်အား
၂၀၀၀ ခန့်နှင့် ဖယ်ရှားခဲ့သည်။

*****

၃။ "သာကေတမြို့နယ်အတွင်း မြေသုံးဧကကျော်တွင်
ဒေါ်လာသန်း ၇၀ ကျော်တန်ဖိုးရှိ မြခွာညိုအိမ်ရာ စီမံကိန်း
ကို တရုတ်-မြန်မာ နိုင်ငံခြား ဖက်စပ်ရင်းနှီးမြှုပ်နှံမှုဖြင့်
တည်ဆောက်မည်"

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် အတွင်း
မြေသုံးဧကကျော်၌ ဒေါ်လာသန်း ၇၀ ကျော်တန်ဖိုးရှိ
မြခွာညိုအိမ်ရာ စီမံကိန်းကို နိုင်ငံခြားဖက်စပ်ရင်းနှီးမြှုပ်နှံမှု
ဖြင့် တရုတ်-မြန်မာ ဖက်စပ်တည်ဆောက်မည်ဖြစ်ကြောင်း
ဇန်န၀ါရီ ၁၉ ရက်ကပြုလုပ်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု
ကော်မရှင်၏ သတင်းစာရှင်းလင်းပွဲမှ သိရသည်။

“တရုတ်-မြန်မာဖက်စပ်ပါ။
Commercial And Residential Buildings ဆောက်ပြီး
တော့ ပြန်လည် ငှားမယ်၊ ရောင်းချတဲ့စီမံကိန်းပါ” ဟု
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန
ညွှန်ကြားရေးမှူး ဦးကျော်ဝင်းထွန်းက ပြောကြားသည်။

သာကေတမြို့နယ်အတွင်း တည်ဆောက်မည့် မြခွာညို
အိမ်ရာစီမံကိန်းကို Construction, Selling, Leasing
and Management of Commercial And Residential
Buildings လုပ်ငန်းလုပ်ကိုင်ရန် တရုတ်-မြန်မာဖက်စပ်
Yangon Golden River Investment Co.,Ltd အား
ဇန်န၀ါရီ ၁၅ ရက်ကပြုလုပ်သည့် (၁/၂၀၁၈) ကော်မရှင်
အစည်းအဝေးပွဲမှ အတည်ပြု ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ မြခွာညိုအိမ်ရာစီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး
သာကေတမြို့နယ် မြေတိုင်းရပ်ကွက်အမှတ် (၈)၊
မြေကွက်အမှတ် ၆၁၊ ၆၂၊ ၆၃၊ ၆၄၊ ၆၅၊ ၆၆၊ ၆၇၊ ၆၈၊ ၆၉၊
၇၀၊ ၇၁၊ ၇၈ တို့ရှိ မြေဧက ၃ ဒသမ ၈ ဧကပေါ်၌
တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်
ဖြစ်ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံအတွင်း
အိမ်ရာအဆောက်အအုံ တည်ဆောက်မှုလုပ်ငန်းများ၌
မြန်မာနိုင်ငံသား လုပ်ငန်းရှင်အများစုက အများဆုံး
ဝင်ရောက်ရင်းနှီးမြှုပ်နှံလျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်
ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

“ဒီနှစ်ထဲမှာ နိုင်ငံသားတွေက အိမ်ရာကဏ္ဍမှာ ၀င်ရောက်မှု
များတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု
ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်
ဦးသန်းအောင်ကျော် က ပြောကြားသည်။

မြန်မာနိုင်ငံ၏ အိမ်ရာအဆောက်အအုံကဏ္ဍတွင် နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ဒေါ်လာ ၁ ဒသမ ၀၆ ဘီလျံအထိ
ဝင်ရောက်မြှုပ်နှံထားကြောင်း သိရသည်။

ကုမ္ပဏီဥပဒေသစ်ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှ
ငွေများစီးဝင်လာခြင်း၊ ကွန်ဒိုမီနီယံနှင့်ပတ်သက်သည့်
နည်းဥပဒေထွက်ရှိလာခြင်းကြောင့် ကာလအတန်ကြာ
အေးစက်နေသည့် အိမ်ခြံမြေဈေးကွက် ပြန်လည်လှုပ်ခတ်
လာနိုင်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်
အတွင်းရေးမှူး ဦးအောင်နိုင်ဦးက
Myanmar Investment Outlook Seminar-2018
အခမ်းအနားတွင် ပြောကြားထားသည်။

(ဇေယျာငြိမ်း)

credit - 7day Daily / The Voice
& Eleven Media Group

**********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

“လွှတ်တော်ထဲရောက် ဘဏ်တိုးနှုန်းနှင့် မြို့ချဲ့မည့်အပါ် မြေငလျင်ကော်မတီ၏ အကြံပြုချက်”

“လွှတ်တော်ထဲရောက် ဘဏ်တိုးနှုန်းနှင့်
မြို့ချဲ့မည့်အပါ် မြေငလျင်ကော်မတီ၏ အကြံပြုချက်”


၁။ "ဘဏ်တိုးနှုန်းလျှော့ဖို့ လွှတ်တော်မှာ ဆွေနွေး"

အပ်ငွေရော ချေးငွေအပေါ်မှာပါ ကောက်ခံနေတဲ့
ဘဏ်တိုးနှုန်းတွေ လျှော့ချဖို့ ကျင်းပနေတဲ့
ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ
ဒဂုံမဲ ဆန္ဒနယ် အမတ်က ဆွေးနွေးခဲ့ပါတယ်။

ဒဂုံမဲဆန္ဒနယ်အမတ် ဒေါ်သက်သက်ခိုင်က
“မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဘဏ်တွင် အပ်နှံသည့်
အတိုးနှုန်းကို ရှစ်ရာခိုင်နှုန်းမှ ခုနစ်ရာခိုင်နှုန်းသို့
လည်းကောင်း
ဘဏ်မှ ချေးယူငွေများ အတွက် အတိုးနှုန်းကို
၁၃ ရာခိုင်နှုန်းမှ ၁၁ ရာခိုင်နှုန်းသို့ ပြောင်းလဲ သတ်မှတ်
ပေးလိုက်ပါက ဘဏ်မှာ ငွေစုသူတွေကို အလွန်တရာ
မထိခိုက်စေဘဲ နိုင်ငံတော်မှ အတိုးကုန်ကျငွေကို များစွာ
လျှော့ချနိုင်မှာ ဖြစ်ပါတယ်” လို့ ကျင်းပနေတဲ့
ပြည်ထောင်စု လွှတ်တော်မှာ ကြွေးမြီဆိုင်ရာ
နှစ်ပတ်လည် အစီရင်ခံစာ ဆွေးနွေးစဉ်မှာ ပြောပါတယ်။

အတိုးနှုန်းကို ရှစ်ရာခိုင်နှုန်းနဲ့ ၁၃ ရာခိုင်နှုန်းအစား
ခုနစ်ရာခိုင်နှုန်းနှင့် ၁၁ ရာခိုင်နှုန်းပြောင်းလဲ သတ်မှတ်
ခြင်းဖြင့် လက်ရှိ ရင်ဆိုင် နေရတဲ့ စီးပွားရေးတုံ့ဆိုင်းနေခြင်း
ကို တစ်ဖက်တစ်လမ်းက ကုစားရာ ရောက်တဲ့အပြင်
စီးပွားရေးလုပ်ငန်းတွေ မတည်ရင်းနှီးမှုအတွက်
ကုန်ကျစရိတ်ကို လျှော့ချစေနိုင်တာ ဖြစ်တဲ့အတွက်
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အားပေးပြီး အလုပ်အကိုင်
အခွင့်အလမ်းတွေ ပိုမို တိုးတက်လာမှာ ဖြစ်တယ်လို့
ဆိုပါတယ်။

သည်ကာလတွေက ဘတ်ဂျက်လိုငွေနဲ့ တိုင်းပြည်
တည်ဆောက်နေရတဲ့ အချိန်မှာ လိုငွေကို ပြည်တွင်းပြည်ပ
ချေးငွေနဲ့ တည်ဆောက်နေရပါတယ်။

ပြည်တွင်းက ချေးငွေတွေကို ယခင်က ဗဟိုဘဏ်ကိုသာ
အားကိုးခဲ့ရရာမှ အခုအခါ မြန်မာနိုင်ငံတော် ဗဟိုဘဏ်
အပြင် ငွေတိုက်စာချုပ်နဲ့ ငွေတိုက်လက်မှတ်တွေကို
ဈေးပြိုင်လေလံစနစ်နဲ့ ရောင်းချခြင်းအားဖြင့် ဘတ်ဂျက်
လိုငွေတွေ ဖြည့်ဆည်းနေတာ တွေ့ရပါတယ်။

သည်လို ရောင်းချနေတာဟာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်
က ဖော်ဆောင်နေတဲ့ ဈေးကွက်က ပြဋ္ဌာန်းတဲ့ အတိုးနှုန်း
ဖြစ်ပေါ်ဖို့ အထောက်အကူ ဖြစ်စေပါတယ်။

ဒါပေမဲ့ တစ်ဖက်မှာလည်း ဗဟိုဘဏ် က ဘဏ်မှာ
လာရောက်အပ်နှံငွေတွေအတွက် ရှစ်ရာခိုင်နှုန်းထက်
မနည်း
ဘဏ်က ထုတ်ချေးငွေတွေအတွက် ၁၃  ရာခိုင်နှုန်းထက်
မပိုသော အတိုးနှုန်း ထုတ်ချေးငွေတွေ အတွက်
၁၃ ရာခိုင်နှုန်းထက် မပိုသော အတိုးနှုန်း ထုတ်ချေးဖို့
သတ်မှတ်ထားတဲ့အတွက် အစိုးရ ငွေတိုက်စာချုပ်တွေ
ရောင်းချရတဲ့ ကူပွန်နှုန်းဟာ ၉.၂၅ ရာခိုင်နှုန်းနဲ့
၉.၅ရာခိုင်နှုန်းအထိ အတိုးနှုန်း မြင့်မားနေပါတယ်။

အစိုးရငွေတိုက်စာချုပ်နဲ့ ငွေတိုက်လက်မှတ်တွေကို
လေလံစနစ်နဲ့ ရောင်းချတဲ့ ဈေးကွက်ကို နိုင်ငံပိုင် ဘဏ်တွေ၊
ပုဂ္ဂလိကဘဏ်တွေနဲ့ ငွေချေးသက်သေခံလက်မှတ်
ကုမဏီတွေက ရင်းနှီးမြှုပ်နှံကြတာ ဖြစ်ပါတယ်။

သည်ဘဏ်တွေက အများပြည်သူရဲ့ အပ်နှံငွေတွေကို
ရှစ်ရာခိုင်နှုန်း အတိုးပေးနေရတဲ့အတွက် စာချုပ်နဲ့
လက်မှတ်တွေ ရောင်းချရတဲ့ ကူပွန်နှုန်း မြင့်မားနေရတာ
ဖြစ်ပါတယ်။

သည်လို အခြေအနေမျိုးမှာ အစိုးရအနေနဲ့ လုပ်နိုင်တာ
တစ်ခုကတော့ ဘဏ်တိုးနှုန်း ပေးရတဲ့အတွက် စာချုပ်နဲ့
လက်မှတ်တွေ ရောင်းချရတဲ့ ကူပွန်နှုန်း မြင့်မားနေရတာ
ဖြစ်ပါတယ်။သည်လို အကြံပြုရခြင်းက ၂၀၁၈ ခု ဧပြီလမှ
စက်တင်ဘာလ အထိ ခြောက်လစာကာလအတွက်
စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ စားသုံးသူဈေးနှုန်း
လျာထားချက်ဟာ ငါး ရာခိုင်နှုန်း အောက် ဖြစ်လို့ ဘဏ်မှာ
ငွေစုသူ များအတွက်လည်း ကောင်း၊ ဘဏ်များအတွက်
လည်းကောင်း လုပ်သာကိုင်သာ ရှိတဲ့အတိုးနှုန်း
ဖြစ်တယ်လို့ ဒေါ်သက်သက်ခိုင်က  ဆွေးနွေးပါတယ်။

(ချိုဇင်မာဝင့်)

*****

၂။ "ရန်ကုန်မြို့ကိုချဲ့ထွင်မည့် တွံတေး၊ ဒလမြို့နယ်သည်
မြေအလွန်ပျော့သည့်အပြင် မြေငလျင်လှုပ်ပါက
Basin Effect ကြောင့် မရပ်မနားလှုပ်ခတ်မည့် နေရာမျိုး
ဖြစ်သည့်အတွက် သဘာဝဘေး အနေဖြင့်
ပြန်လည်ဆန်းစစ်သင့်ဟုဆို"

ရန်ကုန်မြို့အား ချဲ့ထွင်မှုများပြုလုပ်မည့် တွံတေး၊ ဒလ
တို့သည် မြေအလွန်ပျော့သည့်အပြင် မြေငလျင်လှုပ်ပါက
Basin Effect ကြောင့် မရပ်မနားလှုပ်ခတ်မည့် နေရာမျိုး
ဖြစ်သည့်အတွက် သဘာဝဘေးဘက်က ပြန်လည်
ဆန်းစစ်သင့်ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီ
ဒုဥက္ကဋ္ဌ ဦးစောထွေးဇော်က ပြောကြားသည်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဘေးဒုက္ခစီမံခန့်ခွဲရေးဌာန
က ပြုလုပ်သည့် မီဒီယာများအတွက် ငလျင်ဘေးအန္တရာယ်
ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ဇန်န၀ါရီ ၂၃ ရက်က
ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်တွင်ပြုလုပ်စဉ်
၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

“အင်္ဂလိပ်ခေတ်တုန်းက မြေမာတွေမှာဆောက်ဖို့
နေရာလွတ်မကျန်တော့တဲ့ မြေပျော့နေရာတွေမှာ
အထပ်မြင့်တွေနဲ့ မြို့ကိုချဲ့တာတို့ လုပ်မိလျက်သား ဖြစ်နေ
ပါတယ်။
အခုတောင်မှ Plan လုပ်နေတဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်တို့၊
ဒလတို့၊ တွံတေးတို့ အဲဒီဘက်တွေက အင်မတန်ကို
မြေပျော့ပြီး Basin Effect ဆိုတဲ့ဟာမျိုး
စစ်ကိုင်းပြတ်ရွှေ့ကြောမှ သာလာရင် တော်တော်နဲ့
မရပ်မနားလှုပ်မယ့်နေရာမျိုးတွေ။
ကျွန်တော်တို့လို ဆင်းရဲတဲ့နိုင်ငံမှာ မြို့ကိုချဲ့မယ်ဆိုရင်
အများကြီးစဉ်းစားဖို့ လိုပါတယ်။
ခိုင်အောင်ဆောက်လို့ မရဘူးလားဆိုတော့ ရပါတယ်။
ဆောက်လို့ရှိရင် Pile တွေရိုက်ရမယ်။ ဓာတ်တိုင်တောင်မှ
Pile ရိုက်ပြီး ထောင်ရမယ့်ဓာတ်တိုင်မျိုးပါ။
အဲဒီလောက် ကုန်ကျစရိတ်များနိုင်တဲ့ အဆောက်အအုံမျိုး
တွေနဲ့ဆောက်မှ အဲဒီမြို့တွေက လူနေသင့်တဲ့ဟာမျိုးပါ”
ဟု မြန်မာနိုင်ငံ မြေငလျင်ကော်မတီ ဒုဥက္ကဋ္ဌ
ဦးစောထွေးဇော် က ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ
တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ
တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

“မြို့ကိုချဲ့မယ်ဆိုရင် မြေမာတဲ့ဘက်ကို ကျေးဇူးပြုပြီး
ချဲ့ပေးပါ။
မြေပျော့တဲ့ဘက်ကိုချဲ့ရင် ကျွန်တော်တို့ ပြည်သူလူထုတွေ
ထိခိုက်နိုင်မှုပိုများပါတယ်။
ဆောက်မယ်ဆိုရင်လည်း ကျွန်တော်တို့တိုင်းပြည်နဲ့
မတန်တဆ တန်ဖိုးတွေပေးရမယ်ဆိုတာ ပြောလိုပါတယ်”
ဟု ၎င်းက ပြောကြားသည်။

“ကျွန်တော်တို့ ရန်ကုန်မှာမြို့တွေလည်း ဖွံ့ဖြိုးလာတယ်။
အဲဒီအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် အခြေအနေဆိုးတဲ့
ဘက်က သွားနေပြီးသား ဖြစ်နေတယ်။
ကျွန်တော်တို့ မြေပျော့တဲ့နေရာမှာမှ အထပ်မြင့်ဆောက်မိ
လျက်သားဖြစ်နေတယ်။
မြေမာတဲ့နေရာတွေမှာ အထပ်နိမ့်ဆောက်မိလျက်သား
ဖြစ်နေတယ်။
ငလျင်နဲ့ပတ်သက်လို့ ထိခိုက်နိုင်ခြေမှာ ပိုပြီးများတဲ့
အခြေအနေ ရှိပါတယ်။
မြို့ကိုချဲ့ဖို့ အမျိုးမျိုးပြန်ပြီးလုပ်နေကြပါပြီ။
အခုဆိုလည်း မီတောင်မမီတော့ပါဘူး။
တံတားထိုးတဲ့ ပရော့ဂျက် စတောင် စနေပါပြီ။
ဒလဘက်မှာ မြို့သစ်က တည်မယ့် အခြေအနေရှိပါတယ်။
အဲဒါမျိုးကို Disaster ဘက်က ပြန်ပြီးတော့ ဆန်းစစ်ဖို့
အများကြီးသင့်တယ်” ဟု ဒုဥက္ကဋ္ဌ ဦးစောထွေးဇော် က
ဆိုသည်။

ရွှေတိဂုံစေတီ၏ နောက်ပိုင်း၊ စကော့ဈေးမှ နောက်ပိုင်း
အောက်ပိုင်းသည် Soft Soil များဖြစ်ကြောင်း၊
ယင်းတွင် မြို့တွင်းခြောက်မြို့နယ်ဖြစ်သည့် ကျောက်တံတား၊
ပန်ဘဲတန်း၊ လမ်းမတော်၊ လသာ၊ ပုဇွန်တောင်၊
ဗိုလ်တထောင်တို့ပါဝင်သည်။

(ထက်ရှိုင်း)

credit - Kumudra Journal   
& Eleven Media Group

**********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

“ငလျင်ကြောင့် ပြိုကျနိုင်သည့် အဆောက်အအုံများ စာရင်းနှင့် DVB Debate မှ အသံများ”

“ငလျင်ကြောင့် ပြိုကျနိုင်သည့် အဆောက်အအုံများ
စာရင်းနှင့် DVB Debate မှ အသံများ”


၁။ "ရန်ကုန်မြို့၌ မြေငလျင်လှုပ်ချိန်တွင် မြို့နယ်အလိုက်
ပြိုကျနိုင်သည့် တိုက်တာအဆောက်အအုံများ စာရင်းနှင့်
ထိခိုက်နိုင်သည့် အခြေအနေများကို ပြည်သူများ
သိရှိစေရန် ဖွင့်ချမည်"

ယခင်အစိုးရလက်ထက် လွန်ခဲ့သည့် လေးနှစ်က မြေကြီး
အတွင်း မြှုပ်နှံထားသည့် Seismic စက်များဖြင့်
တိုင်းတာချက်အရ မြေငလျင်လှုပ်ချိန်တွင် ရန်ကုန်မြို့ရှိ
မြို့နယ်အလိုက် ပြိုကျနိုင်သည့်တိုက်များ၊ ထိခိုက်နိုင်သည့်
အခြေအနေများကို ပြည်သူများသိရှိစေရန် ဖွင့်ချပေးမည်
ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အဖွဲ့ဝင်၊
NLD စီးပွားရေးကော်မတီ အဖွဲ့ဝင်နှင့် မြန်မာနိုင်ငံ
ဘူမိသိပ္ပံအသင်း အထွေထွေ အတွင်းရေးမှူး ဦးအေးလွင်
က ဇန်န၀ါရီ ၂၃ ရက်တွင် ပြောကြားသည်။

၂၀၁၈ ခု ဇန်န၀ါရီ ၁၂ ရက် (သောကြာနေ့) နံနက်
အစောပိုင်းမှစ၍ မြန်မာနိုင်ငံတစ်ဝန်း ငလျင်ငယ်များစွာ
လှုပ်ခတ်ခဲ့သည်။

ပထမဆုံးဖြစ်ရပ်ဖြစ်သည့် ဖြူးမြို့ အနောက်တောင်ဘက်
ပဲခူးရိုးမဒေသတွင် ဖြစ်ပွားခဲ့သည့် ပမာဏ (၆) ခန့်ရှိ
ငလျင်နောက်ပိုင်း ယင်းပတ်ဝန်းကျင်တွင် ဆက်လက်
ဖြစ်ပွားခဲ့သော ငလျင်ငယ်များကို နောက်ဆက်တွဲငလျင်
(Aftershock) များဟု မြန်မာနိုင်ငံ မြေငလျင်ကော်မတီရှိ
ဘူမိဗေဒ ပညာရှင်များက ထင်မြင်ကြောင်းနှင့် အခြား
နေရာများတွင် ဆက်လက်ဖြစ်ပွားနေသော ငလျင်ငယ်များ
သည် ပမာဏအားဖြင့် သေးငယ်သော်လည်း နိုင်ငံတွင်
ငလျင်များ ဖြစ်ပွားရသည့် အကြောင်းရင်းဖြစ်သည့်
မြေထုချပ်များ ပိုမိုလှုပ်ရှားလာမှုကြောင့် ဖြစ်နိုင်သည်ဟု
အသိပေးထားသည်။

ထို့ပြင် ရန်ကုန်မြို့ ထန်းတပင်မြို့နယ်နှင့် ၁၃ မိုင်အကွာကို
ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ရစ်ခ်ျတာစကေး ၃ ဒသမ ၉ သာ
ရှိသည့် အင်အားနည်းသော ငလျင်လှုပ်ခတ်မှု ဇန်န၀ါရီ
၁၃ ရက်က ဖြစ်ပွားခဲ့ပြီး အင်အားနည်းပါးသည့် ငလျင်
ဖြစ်သော်လည်း ရန်ကုန်မြို့နေသူများ ငလျင်ဒဏ်ကို
သိသာစွာ ခံစားခဲ့ရသည်။

“လွန်ခဲ့တဲ့ လေးနှစ်ကတည်းက Seismic အလုံးပေါင်း
ဒေါ်လာ ၁၁ သန်းဖိုး မြေကြီးထဲမှာ မြှုပ်ထားပါတယ်။
ဒါကြောင့်မို့ ဖြူးက ဘယ်လို လှုပ်သလဲ။
ဗန်းမော်က ဘယ်လိုလှုပ်သလဲ စက္ကန့်ပိုင်းအတွင်း သိတာ။
အဲဒီငါးနှစ်စာ လုပ်ထားတဲ့ သုတေသနကို မြန်မာနိုင်ငံ
ငလျင်ကျောင်းနဲ့ လာမယ့် ၃၁ ရက်မှာ အကုန်ဖွင့်ချမှာ။
ရန်ကုန်မြို့အကြောင်း ပြောပါတယ်။ မျက်လုံးမှိတ်လိုက်။
ဆာကူရာတာဝါပေါ်တက်ပြီး တွေ့တဲ့နေရာ လက်ညှိုး
ထိုးလိုက်။ ထိုးတဲ့နေရာ အကုန်အန္တရာယ် ရှိပါတယ်။
ဒီသုတေသနကို ကျွန်တော်တို့ ခိုးလုပ်ခဲ့ရတာပါ။
ဘယ်လောက်အထိ လုပ်ထားသလဲဆိုရင် ရန်ကုန်မှာ
ငလျင်လှုပ်ရင် ဘယ်မြို့နယ်သည် ဘယ်နှအိမ်ပြိုမယ်။
ဘယ်လောက်စကေးနဲ့ လှုပ်ရင် ဘယ်နှအိမ်ပြိုမယ်။
ဘယ်အိမ်မှာ အသက် ၆၀ အထက် ဘယ်နှယောက်ရှိလဲ။
၅၀  အထက် ဘယ်နှယောက် ရှိလဲ။
လူမမာ ဘယ်နှယောက်ရှိလဲ ဆိုတာကအစ ကျွန်တော်တို့
လုပ်ထားပြီးပါပြီ။
အရင်အစိုးရတုန်းကတော့ ပြည်သူတွေ ကြောက်မှာစိုးလို့
အထိတ်တလန့် မလုပ်ပါနဲ့ ပြောတယ်။
ဒါတွေ အားလုံးကို ကျွန်တော်တို့ Open ဖွင့်ချမှာ” ဟု
ဦးအေးလွင်က ပြောကြားသည်။

ရန်ကုန်မြို့ တိုက်ဟောင်းပြိုကျသည့်ဖြစ်စဉ် တစ်ခုတွင်
ပိတ်မိနေသည့် ကျောင်းသူတစ်ဦးက ထိုစဉ်က
ဆယ်လူလာဖုန်းဖြင့် ဆက်သွယ်၍ ကယ်ဆယ်ရန်
အကြောင်းကြားသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးသော်လည်း
အပျက်အစီးများကို ဖယ်ရှားနိုင်မည့် ယန္တရား ရှာဖွေ
မရသောကြောင့် မွန်းလွဲ ၂ နာရီခန့်တွင် ဖြစ်ပွားသည့်
တိုက်ဟောင်းပြိုကျမှုမှာ ည ၈ နာရီခွဲခန့်မှ ပိတ်မိနေသည့်
အမျိုးသမီးငယ်ကို တွေ့ရှိချိန်တွင် အချိန်နှောင်းခဲ့၍
ည ၈ နာရီခန့်တွင် အသက်ဆုံးရှုံးနေပြီ ဖြစ်ကြောင်း
ဦးအေးလွင်က ယင်းအတွေ့အကြုံအပေါ် ပြောကြားပြီး
လက်ရှိ ရန်ကုန်မြို့ ငလျင်လှုပ်ချိန်တွင် အစိုးရက
ကယ်ဆယ်ရေးယာဉ်၊ လူနာတင်ယာဉ်၊ ယန္တရား စသည့်
လိုအပ်ချက်များ မည်သို့ ပြင်ဆင်ထားသလဲ ဟု
ဦးအေးလွင်က မေးခွန်းထုတ်ခဲ့သည်။

(ဖြိုးဝေ)

*****

၂။ "ရန်ကုန်တိုင်းဒေသကြီး အစိုးရက ဆောင်ရွက်နေသော
စီမံကိန်းများသည် လွှတ်တော်၏ အတည်ပြုချက် တစ်ခုမျှ
မပါရှိဘဲ ပြုလုပ်နေသည့် စီမံကိန်းများဖြစ်ကြောင်း
DVB Debate တွင် လွှတ်တော်ကိုယ်စားလှယ်
ဦးကျော်ဇေယျ ပြောကြား"

ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် ရန်ကုန်တိုင်း
ဒေသကြီးအတွင်း ဆောင်ရွက်နေသော စီမံကိန်းများသည်
တိုင်းဒေသကြီး လွှတ်တော်၏ အတည်ပြုချက်တစ်ခုမျှ
မပါရှိဘဲ ပြုလုပ်နေသည့် စီမံကိန်းများဖြစ်ကြောင်း
DVB Debate တွင် တိုင်းဒေသကြီး လွှတ်တော်
ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားခဲ့သည်။

“ရန်ကုန်တိုင်းအစိုးရဆီက ဘာတွေသင်ခန်းစာယူမလဲ”
ဆိုသည့် ခေါင်းစဉ်ဖြင့် ဇန်န၀ါရီ၂၁ရက်က ပြုလုပ်သည့်
DVB Debate အစီအစဉ်တွင် ဦးကျော်ဇေယျကထည့်သွင်း
ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အစီအစဉ်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်
ကိုယ်စားလှယ် ဦးကျော်ဇေယျ၊ ဦးခင်လှိုင်(ဇောတိက)၊
မသဉ္ဇာရွှန်းလဲ့ရည် (ဥက္ကဋ္ဌ၊ လူငယ်ကွန်ရက်)၊ ကိုဂျင်မီ
(၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)
တို့က ပါဝင်ဆွေးနွေးခဲ့ကြသည်။

DVB Debate အစီအစဉ်တင်ဆက်သူ က ရန်ကုန်တိုင်း
ဒေသကြီး ၀န်ကြီးချုပ်လုပ်ဆောင်ခဲ့သည့် အကြောင်းအရာ
များနှင့်ပတ်သက်ပြီး လွှတ်တော်က ခွင့်ပြုခဲ့သလားဟု
မေးမြန်းရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်
ဦးကျော်ဇေယျက
“ကြည့်မြင်တိုင်တစ်ဖက်ကမ်းက မြို့သစ်စီမံကိန်း
ကျွန်တော်တို့ကို ဆွေးနွေးဖို့ဆိုပြီးတင်ပြတယ်။
ဝန်ကြီးဦးမြင့်သောင်းက ကိုယ်စားလှယ်များ ဆွေးနွေးချင်ရင်
မနက်ဖြန် ၁၂ နာရီအရောက် ဆွေးနွေးမယ့် အချက်များပို့ပါ
ဆိုတော့ ဒါတော့ ကျွန်တော်က မဖြစ်နိုင်ဘူး။
အခုမှ ချပြတယ်။
မနက်ဖြန် ၁၂ နာရီအရောက်ဆိုတော့ ကျွန်တော်တို့
မဖြစ်နိုင်ဘူး။ ကျွန်တော်တို့ မဆွေးနွေးနိုင်ဘူး။
အဲဒါလိပ်ခဲတည်းလည်းဖြစ်ပြီးတော့ ယနေ့ အထိ
မဆွေးနွေးဖြစ်ဘူး။
အဲ့ဒီတော့ စီမံကိန်းတွေနဲ့ ပတ်သက်လို့ ဒီနေ့ထိ
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကလွှတ်တော်ကို
အတည်ပြုချက်ရယူပြီးလုပ်တဲ့ စီမံကိန်းတစ်ခုမှ မရှိပါဘူး
ဆိုတာကို ကျွန်တော်ပြောချင်ပါတယ်” ဟု
ပြောကြားခဲ့သည်။

ထို့ပြင် ဦးခင်လှိုင် (ဇောတိက) ဆွေးနွေးရာတွင် ဦးသိန်းစိန်
လက်ထက် ၂၀၁၃ ခုနှစ် စည်ပင်သာယာရေးနည်း ဥပဒေကို
(NLD) အစိုးရတက်လာသည့်အချိန်တွင် ဖျက်သိမ်းခဲ့ပြီး
စည်ပင်သာယာရေးကော်မတီကိုးဦးထဲမှ ပြည်သူလူထု
ရွေးချယ်ထားသည့် ခရိုင်လေးခရိုင်မှ ကော်မတီအဖွဲ့
လေးဦးကို ထုတ်ပယ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

“ဦးသိန်းစိန်လက်ထက်မှာတော့၂၀၁၃ ခုနှစ်
စည်ပင်သာယာရေး ဥပဒေဆိုတာရှိတယ်။
အဲဒီကတည်းက ဥပဒေရှိတယ်။ နည်းဥပဒေဆိုတာရှိပါတယ်။
ကျွန်တော်တို့ အစိုးရ (NLD) တက်လာတဲ့အခါ ကျတော့
ဒီနည်း ဥပဒေကို ဖျက်ပစ်လိုက်တယ်။
ကျွန်တော်တို့ စည်ပင်ရွေးကောက်ပွဲ နည်းဥပဒေမပြောခင်မှာ
တိုင်းဒေသကြီး လွှတ်တော် ဥပဒေဆိုတာရှိ တယ်။
တိုင်းဒေသကြီးလွှတ်တော် ဥပဒေရဲ့ ၆၀၊ ၆၁၊ ၆၂၊ ၆၃
လောက်မှာ လွှတ်တော်က ရန်ကုန်တိုင်းဒေသကြီး အစိုးရ
အဖွဲ့အောက်မှာရှိတဲ့ အဖွဲ့အစည်းအကုန်လုံးကနေပြီး
တော့ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းချက်တွေ
ထုတ်ပြန်တယ်ဆိုရင် အဲဒီထုတ်ပြန်တာတွေကို
အပ်နှင်းထားလို့ ရတယ်။
အဲဒီ ထုတ်ပြန်တာတွေကလည်း ဖွဲ့စည်းပုံအခြေခံ
ဥပဒေပါအချက်အလက်တွေနဲ့ ကွဲလွဲမှုမရှိစေရဘူးတဲ့
တည်ဆဲဥပဒေနဲ့ ညီညွတ်ရမယ်။
နောက်ပြီးတော့ အဲ့ဒီဥပဒေကိုပြင်မယ်ဆိုခဲ့ရင် လုပ်ခဲ့မယ်
ဆိုခဲ့ရင် လွှတ်တော်ကို တင်ပြရမယ်။
လွှတ်တော်ကလည်း ဒါကို ပြန်လည်စစ်ဆေးပြီးတော့ ဒါက
နည်းမကျဘူးဆိုရင်ပြန်ပြီးတော့ အမှန်ပြန်ပြင်
စဉ်းစားဆုံးဖြတ်ရမယ်။
အဲဒီတုန်းက လွှတ်တော်ကလည်း မသိချင်ယောင်ဆောင်တယ်။
တိုင်းဒေသကြီး ၀န်ကြီးချုပ်ကိုယ်တိုင်ကလည်း
ဒီကိစ္စကိုလက်မှတ်ရေးထိုးပြီးတော့ ကျွန်တော်တို့ကို
ထုတ်ပယ်ကြောင်း ရေးလိုက်တယ်။
ပြောချင်တာက မူလနည်းဥပဒေမှာကိုက ဒီဟာတွေကို
ပြဋ္ဌာန်းတဲ့ကော်မတီသည် မိမိစည်ပင်သာယာရေးရဲ့
ကော်မတီနည်း ဥပဒေကို မိမိဘာသာပြဋ္ဌာန်း ပိုင်ခွင့်ရှိတယ်
လို့ ရေးထားပြီးသားပါ။
ကျွန်တော်က ပြောတာအဲဒီတုန်း ကပြဿနာတွေ
တက်တာတွေ့ကြပါလိမ့်မယ်။
အဲဒီတက်ရတဲ့ အကြောင်းရင်းက မြို့တော်ဝန်က 
တစ်ယောက်တည်း သူ့ဘာသာ သူ့ဥပဒေကို ထုတ်ပြန်တယ်။
မင်းတို့ကို ထုတ်ဆိုပြီးတော့ သူကိုယ်တိုင်လုပ်ပစ်ခဲ့တာပါ။
နောက်ရက်ကျတော့ ၀န်ကြီးချုပ်ကိုယ်တိုင်လက်မှတ်ရေးထိုး
ပေးလိုက်တာနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တစ်ခွန်းမှ
မပြောခဲ့ပါဘူး။
အဲဒီအချိန်ကနေ ယနေ့အချိန်အထိ ကျွန်တော်တို့အစိုးရကို
မဝေဖန်ခဲ့ဘူး။
ဒီနေ့တောင် debate ကို တက်ချင်လို့ တက်လာမဟုတ်ဘူး။
ကျွန်တော်တို့အနေနဲ့ ဒီအချိန်က ပြောဖို့ကျလာတယ် ထင်တဲ့
အတွက် လာပြောတာပါ” ဟု
ဦးခင်လှိုင် (ဇောတိက) ပြောကြားသည်။

အဆိုပါဆွေးနွေးချက်ကို ဦးကျော်ဇေယျက စည်ပင်သာယာရေး
ကော်မတီဥပဒေကို ပြင်ဆင်ရန် လွှတ်တော်တွင် ဆွေးနွေးရန်
၎င်းက စာရင်းပေးထားသော်လည်း မဆွေးနွေးဖြစ်သေးကြောင်း
ပြန်လည်ပြောကြားသည်။

ဦးကျော်ဇေယျက ဆက်လက်ပြောကြားရာတွင်
“ကျော်ဇေယျရေ မဲဆန္ဒရှင်များကပြောနေပြီ။
ရခိုင်ပြည်နယ်မှာ ပုဒ်မ ၂၅၁ အရ လိုက်မလုပ်လို့
စည်ပင်ဝန်ကြီး ဦးအောင်မင်းကို လွှတ်တော်ကနေ
လုပ်လိုက် ပါတယ်။
မင်းတို့ရန်ကုန်တိုင်းလွှတ်တော်ကရော စီမံကိန်းတွေ
လိုက်မလုပ်နဲ့လို့ မင်းတို့ပြောတာ ပြောနေတာ။
ကျွန်တော်တို့ရန်ကုန်တိုင်းနဲ့ ရခိုင်ပြည်နယ်က
အနှစ်သာရချင်း မတူဘူးဗျ။
ရခိုင်ပြည်နယ်မှာက NLD ပါတီက အမတ်ကနည်းတယ်။
ရန်ကုန်တိုင်းကျတော့ (NLD) က များတယ်။
ကျွန်တော်တို့ကများတော့ ကျွန်တော်တို့က လုပ်လိုက်လို့
အစိုးရအဖွဲ့ တစ်ခုခုဖြစ်သွားရင်ကျွန်တော်တို့က
သားသမီးတွေလေ။
အမေစိတ်မကောင်း ဖြစ်သွားမှာတော့ စိုးရိမ်တယ်။
အဲ့ဒါလေးတစ်ချက်လေး တစ်ချက်ပဲ။
ရခိုင်လိုမျိုးတော့ ကျွန်တော်တို့ဒီမှာ ပွင့်ပွင့်လင်းလင်းပြောရင်
ရန်ကုန်တိုင်းဟာ တွန်းတွန်းတိုက်တိုက် လုပ်လို့မရတဲ့
အနေအထားလေးတွေရှိတယ်။
ခွင့်လွှတ်ပါဆိုတဲ့ဟာကို ကျွန်တော်ပြောချင်တယ်” ဟု
ပြောကြားသည်။

(ပြည့်ဖြိုးအောင်)

credit - Eleven Media Group

**********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

“ရန်ကုန်မြို့သစ် ဂုဏ်ပုဒ်ရ ဒလ အိမ်ခြံမြေ”

“ရန်ကုန်မြို့သစ် ဂုဏ်ပုဒ်ရ ဒလ အိမ်ခြံမြေ”

၁။ "အထူးစီးပွားရေးဇုန်စီမံကိန်းကြောင့် ဒလမြို့နယ်သည်
ရန်ကုန်မြို့သစ်ဖြစ်လာနိုင်ကြောင်း ဦးဖြိုးမင်းသိန်းပြော"

အထူးစီးပွားရေးဇုန်နှင့် မြို့ပြစီမံကိန်းများကြောင့်
ဒလမြို့နယ်သည် နောင်တစ်ချိန်တွင် ရန်ကုန်မြို့သစ်
ဖြစ်လာနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ်
ဦးဖြိုးမင်းသိန်းက ပြောကြား သည်။

ဝန်ကြီးချုပ်သည် ကော့မှူး မြို့နယ် သရက်တော
ရေနက် ဆိပ်ကမ်းတည်ဆောက်ရေးနှင့် ဒလ မြို့နယ်၌
အကောင်အထည်ဖော်မည့် အထူးစီးပွားရေးဇုန်နှင့်
မြို့သစ်စီမံကိန်း တည်ဆောက်ရေး မြေပြင်အခြေအနေ
ကို ဇန်နဝါရီ ၂၀ ရက်တွင် ကွင်းဆင်းလေ့လာခဲ့ကြောင်း
တိုင်းအစိုးရက သတင်း ထုတ်ပြန်သည်။

လက်ရှိ ၎င်းတို့အစိုးရနှင့် ကိုရီးယားအပြည်ပြည်ဆိုင်ရာ
ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီတို့ ပူးပေါင်း၍
စီမံကိန်းကြီးတစ်ခု ရေးဆွဲနေပြီး ပြည်ထောင်စုအဆင့်
အထိ တင်ပြကာ ဆက်လက် အကောင်အထည်ဖော်မည်
ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။

ထို့ပြင် ရပ်ရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေခြင်း
သည် ၎င်း၏ပါတီနှင့် အစိုးရအတွက် မဟုတ်ဘဲ ပြည်သူ
လူထု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြစ်ကြောင်း
ဝန်ကြီးချုပ်က ပြောကြားသည်။

ထို့ကြောင့် ဒေသခံများကို အစိုးရ၊ လွှတ်တော်
ကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်ပေးရေး
တိုက်တွန်းပေးရန် ဓနုတ်ကျောင်းတိုက်ဆရာတော်ထံ
လျှောက်ထား ခဲ့သည်။

‘‘စီးပွားကူးသန်း ဒုဝန်ကြီး လာလို့ အကောင်အထည်
ဖော်မယ့် မြေပြင်အနေအထားကို လိုက်ပြ တာပါ။
ဒေသခံတွေနဲ့ တွေ့ဆုံတာမျိုးလည်း မလုပ်ခဲ့ပါဘူး။
ဒလစီမံကိန်းက အရင်ကတည်းက အကောင်အထည်
ဖော်ဖို့ စီစဉ်ထားတဲ့ စီမံကိန်းပါ’’ ဟု ရန်ကုန်တိုင်းဒေသကြီး
စိုက်ပျိုး ရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး
ဦးဟံထွန်းက ပြောသည်။

အဆိုပါ စီမံကိန်းအတွက် တိုင်းအစိုးရက ပထမဆုံးအကြိမ်
လာရောက် ကြည့်ရှုခြင်းဖြစ်ပြီး ဒေသခံများနှင့် လွှတ်တော်
ကိုယ်စားလှယ်များကို တစ်စုံတစ်ရာ ပြောကြားထားခြင်း
မရှိသေးကြောင်း ဒလမြို့နယ်တိုင်းဒေသကြီး လွှတ်တော်
ကိုယ်စားလှယ် ဦးမြသိန်းက ပြောကြားသည်။

အစိုးရအနေဖြင့် စီမံကိန်းကို လေ့လာပြီးမှသာ လွှတ်တော်
ကိုယ်စားလှယ်များထံ ချပြမည်ဟု မျှော်လင့်ကြောင်း ၎င်းက
ဆက်လက်ပြောကြားသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ဒလမြို့နယ်
တွင် အကောင်အထည်ဖော်မည့် ရန်ကုန်အထူးစီးပွားရေး
ဇုန် စီမံကိန်းနှင့်ပတ်သက်၍ ပြည်ထောင်စုအဆင့်
အထူးစီးပွားရေးဇုန်ဆိုင် ရာ ဗဟိုအဖွဲ့သို့ ၂၀၁၇
ဒီဇင်ဘာ ၅ ရက်တွင် ပထမဆုံးတင်ပြခဲ့သည်။

ထိုတင်ပြချက်တွင် ယင်း အထူးစီးပွားရေးဇုန်တည်ထောင်
ပါက ရရှိမည့် အကျိုးကျေးဇူးများ နှင့် လုပ်ငန်းအစီအမံများ
ပါဝင်သည်။

ဝန်ကြီးချုပ် ဦးဆောင်၍ ဖော်ဆောင်မည့် ရန်ကုန်တိုင်း
ဒေသကြီး၏ ဒုတိယအထူးစီးပွားရေးဇုန် စီမံကိန်းကို
အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့က သဘောတူ
လက်ခံထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး
ဝန်ကြီးဌာန အထူးစီးပွားရေးဇုန်များ တာဝန်ခံ
ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးကပြောသည်။

(ထွန်းထွန်းမင်း)

*****

၂။ "တံတားတည်ဆောက်ရန် ကျိန်းသေပြီဖြစ်သော်ငြား
ဒလအိမ်ခြံမြေ ဈေးကွက်ငြိမ်သက်နေဆဲ"

ကိုရီးယား မြန်မာချစ်ကြည်ရေးအဖြစ် တည်ဆောက်မည့်
ဒလတံတားဆောက်လုပ်ရေး စီမံကန်းသည် တရားဝင်
အတည်ပြုလိုက်ပြီဖြစ်သော်လည်း တံတားအနီး
ပတ်ဝန်းကျင်နှင့် ဒလမြို့နယ်ဘက်တွင် အိမ်ခြံမြေဈေးများ
လှုပ်လှုပ်ရှားရှားမရှိသေးကြောင်း အိမ်ခြံမြေ
အကျိုးဆောင်များထံမှ သိရသည်။

ဒလဘက်ကမ်းဖြစ်သော ကွမ်းခြံကုန်းမြို့နယ်ဘက်တွင်
အိမ်ခြံမြေထက် လယ်ယာမြေဝယ်ယူသူများရှိနေကြောင်း၊
တံတားတည်ဆောက်မည့်နေရာနှင့် အနီးတစ်ဝိုက်ရှိ
လယ်မြေများကို ဝယ်ယူလိုသူများ ရှိနေကြောင်း မြန်မာနိုင်ငံ
အိမ်ခြံမြေဝန်ဆောင်မှုအသင်း အထွေထွေ
အတွင်းရေးမှူးချုပ် ဒေါ်မို့မို့အောင်က ပြောသည်။

''တံတားတည်ဆောက်ဖို့ သေချာသွားပြီဆိုတော့
ရောင်းချင်တဲ့သူတွေကတော့ နဲနဲလှုပ်ချင်တယ်၊
ဒါပေမဲ့အဝယ်ကပါးနေတော့ သိပ်လှုပ်လှုပ်ခတ်ခတ်
မရှိသေးဘူး၊ ဝယ်မယ့်သူလည်းမရှိတော့ ဈေးအများကြီး
ခေါ်လို့မရဘူး'' ဟု ဒေါ်မို့မို့အောင်က ဆိုသည်။

၂ဝ၁၄ ခုနှစ်ခန့်က ဒလဘက်ကမ်း လမ်းမနှင့်နီးသော
နေရာရှိလယ်မြေများမှာ တစ်ဧကလျှင် ငွေကျပ်
သိန်း၁,ဝဝဝ ခန့်အထိ မြင့်တက်ခဲ့ကြောင်း၊
ယခုအချိန်တွင် ယင်းလယ်မြေများမှာ တစ်ဧကလျှင်
ငွေကျပ်သိန်း ၅ဝဝ ခန့်ခေါ်ဈေးရှိကြောင်း
လမ်းအတွင်းဘက် လယ်မြေများမှာ သိန်း ၁၅ဝမှ
၂ဝဝ ကြားရှိကြောင်း ၄င်းက ဆိုသည်။

တံတားတည်ဆောက်ပြီးစီးသွားပါက ရန်ကုန်မြို့ကို
အနီးဆုံးလာရောက်နိုင်မည်ဖြစ်သဖြင့် အထိုက်အလျောက်
ဈေးတက်ခြင်းများရှိနိုင်ကြောင်း၊
သို့သော် လူနေမှုစနစ်အတွက်အရေးကြီးသော ရေ၊ မီး
အဆင်ပြေမှ ဝယ်သူများ စိတ်ဝင်စားမည်ဖြစ်ကြောင်းလည်း
၎င်းက ဆိုသည်။

ယခင်က အစိုးရ၏ စီမံကိန်းတစ်ခုခု လုပ်မည်ဟု သတင်း
ထွက်သည်နှင့် မကြာမီမှာပင် အိမ်ခြံမြေဈေးများထိန်း၍
မရနိုင်လောက်အောင် ထိုးတက်ခဲ့သည်များ ရှိသော်လည်း
ယခုနောက်ပိုင်းတွင် ဈေးကွက်အခြေအနေ ငြိမ်သက်လျက်
ရှိကြောင်း ဒလအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ
အုပ်ချုပ်မှု ဒါရိုက်တာ ကိုဇော်က ပြောသည်။

''တံတားတည်ဆောက်ဖို့ သေချာသွားပေမဲ့
ဈေးကတော့ အရမ်းလှုပ်ခတ်နေတာ မရှိပါဘူး၊
နည်းနည်းတော့ ဈေးတက်လာတယ်၊
ဒါပေမဲ့ အရင်တုန်းကလိုတော့ ချက်ချင်းကြီး ထိုးတက်
လာတာမျိုးမရှိပါဘူး'' ဟု ကိုဇော်ကဆိုသည်။

ဈေးလှုပ်ခတ်မှု မရှိခြင်းမှာ အဝယ်အေးနေခြင်း က
တစ်ကြောင်း၊ အိမ်ခြံမြေဈေးကွက်မှာ ယခင်ကတည်းက
အေးစက်နေခြင်းကြောင့်တစ်ကြောင်း ဖြစ်နိုင်ကြောင်းလည်း
၎င်းက မှတ်ချက်ပေးသည်။

ယခင်က ငွေကျပ် သိန်း ၃ဝဝ ခန့်ရှိသော ပေ ၂ဝ ပေ ၆ဝ
ရှိသော မြေကွက်ကို ယခု သိန်း ၄ဝဝ နှင့် ၅ဝဝ ဝန်းကျင်ခန့်
ဈေးခေါ်မှုများရှိကြောင်း၊ လွန်ခဲ့သည့် နှစ်နှစ်ကျော်ခန့်က
အိမ်ခြံမြေဈေးများ သုံးကြိမ်ခန့် ပြင်းပြင်းထန်ထန်လှုပ်ခတ်ခဲ့
ပြီးနောက် အိမ်ခြံမြေဈေးများ ငြိမ်သက်သွားခဲ့ရာ
ယခုအချိန်ထိပင် ဖြစ်ကြောင်း ၄င်း၏ပြောပြချက်အရ
သိရသည်။

တံတားတည်ဆောက်ခြင်းကို ယခုလာမည့် ဧပြီလတွင်
စတင်မည်ဖြစ်သည့်အတွက် တံတားပတ်ဝန်းကျင်ရှိ မြေယာ
လျော်ကြေးပေးခဲ့ပြီးသော အဆောက်အအုံများမှာ ယခုလ
ကုန်တွင် အပြီးသတ်ရွှေ့ပြောင်းပေးရမည် ဖြစ်ကြောင်း
နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

ထို့ပြင် တံတားစီမံကိန်းအူကြောင်း မီတာ ၄ဝ အတွင်း
မလွတ်ကင်းသည့် အဆောက်အအုံနှင့် မြေကွက်များအတွက်
မြေယာလျော်ကြေးများကိုလည်း ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း
သိရသည်။

ဒလမြစ်ကူးတံတား အမျိုးအစားမှာ သံမဏိကြိုးဆိုင်းတံတား
ဖြစ်ပြီး တံတားခံနိုင်ဝန်အနေဖြင့် ယာဉ်တစ်စီးချင်း ၇၅ တန်
ရှိကြောင်း၊
စုစုပေါင်းတံတားအရှည်မှာ ၆,၁၄၄ပေ ရှည်လျားပြီး
ပင်မတံတားအရှည်မှာ ၁,၉၃၆ ပေရှိကြောင်း၊
ရေလမ်းကင်းလွတ်အမြင့်မှာ ၄၉ မီတာရှိပြီး
အကျယ်မှာ ၃၂ဝ နှင့်
တန်ချိန်တစ်သောင်းခွဲ ပင်လယ်ကူးသင်္ဘောကြီးများအောက်မှ
ဖြတ်သန်းသွားလာနိုင်မည် ဖြစ်ကြောင်း လမ်းတံတားဦးစီး
ဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါ တံတားကို ကိုရီးယားနိုင်ငံစီးပွားဖွံ့ဖြိုးမှု ပူးပေါင်း
ဆောင်ရွက်ရေး ရန်ပုံငွေမှ ချေးငွေ အမေရိကန်ဒေါ်လာ
၁၃၇ ဒသမ ၈၃၃ သန်းနှင့် မြန်မာအစိုးရထည့်ဝင်ငွေ
အမေရိကန်ဒေါ်လာ ၃ဝ ဒသမ ၃၄၁ သန်း ကုန်ကျခံ
တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

တံတားကို ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်
ဘုန်းကြီးလမ်းနှင့် ဒလမြို့နယ် ဗိုလ်မင်းရောင်လမ်းတို့ကို
ဆက်သွယ်တည်ဆောက်သွားမည်ဖြစ်ကြောင်းလည်း
သိရသည်။

(ရည်ရွယ်မြင့်)

credit - 7day Daily & The Myanmar Times

**********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

“ဘဏ်တိုးနှုန်း လျှော့ချခဲ့လျှင်နှင့် သူတို့၏ အမြင်များ”

“ဘဏ်တိုးနှုန်း လျှော့ချခဲ့လျှင်နှင့် သူတို့၏ အမြင်များ”

၁။ "ဘဏ်အပ်ငွေ အတိုးနဲ့ စားနေရတာ၊
လျှော့ချလိုက်ရင် ဘာလုပ်ရပါ့မလဲ"

ကမာရွတ်မှာနေတဲ့ မစန္ဒာ တစ်ယောက်
ဂဏန်းပေါင်းစက်တစ်ခုကိုင်ပြီး တစ်စုံတစ်ရာကို
စဉ်းစားဟန်နဲ့တွက်ချက်နေပါတယ်။ ခေါင်းကုတ်လိုက်
သက်ပြင်းချလိုက်နဲ့ တစ်ယောက်တည်းအလုပ်ရှုပ်နေတာပါ။
ဘဏ်တွေမှာ အပ်ငွေအပေါ် အတိုးနှုန်း လျှော့ချမယ်ဆိုတဲ့
သတင်းတွေကြောင့်ရမယ့် အတိုးနှုန်းအပေါ်ကြိုတင်
တွက်ချက်နေတာပါ။ မိခင်နဲ့ ဖခင်နှစ်ဦးလုံးက အငြိမ်းစား
ဝန်ထမ်းဖြစ်သလို ကိုယ်တိုင်ကလည်း အစိုးရဝန်ထမ်း
ဖြစ်လို့ မစန္ဒာ စီးပွားရေးမလုပ်တတ် ပါဘူး။

သူက
"အရင်က စာရင်းသေအပ်ရင် တစ်နှစ်ကို ၁၂ရာခိုင်နှုန်း
ရတယ်၊ ခုတော့ ငါးရာခိုင်နှုန်းပဲ ရမယ်ဆိုတော့ ထက်ဝက်
မကဘူးလေ၊
ဒါကြောင့် တွက်နေရတာပေါ့" လို့ ညည်းပြော ပြောတယ်။

မိဘနှစ်ဦးလုံးရဲ့ ပင်စင်ရထားတဲ့ငွေကို ဘဏ်မှာအပ်နှံ
ထားပြီး ဘဏ်တိုးရငွေနဲ့ ဆေးဖိုးနဲ့ အခြားအသုံးစရိတ်
တွေကို သုံးစွဲနေရတာပါ။သူတို့မိသားစု အပ်ထားတဲ့ငွေက
ကျပ်သိန်း ၅၀ပါ။ တစ်နှစ်ကို ရှစ်ရာခိုင်နှုန်းနဲ့ တစ်နှစ်
အတွက် အတိုးနှုန်းလေးသိန်းရပါတယ်။ ငါးရာခိုင်နှုန်းကို
လျှော့ချလိုက်ရင် တစ်နှစ်ကို နှစ်သိန်းခွဲပဲရတော့မှာကြောင့်
တစ်နှစ်ဝင်ငွေ ၁၅၀,ဝ၀ဝ လျော့သွားပြီလို့ တွက်ပြပါတယ်။

အပ်ငွေတွေပေါ်မှာ အတိုးနှုန်းလျှော့ချဖို့ ကုန်သည်စက်မှု
အသင်းချုပ်က ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးရေးကော်မတီ ဥက္ကဋ္ဌ
ဒုတိယ သမ္မတ(၁) ဦးမြင့်ဆွေနဲ့ ဝန်ကြီးတွေကို အကြံပြု
တင်ပြထားတာ ၁၀ ရက်ရှိနေပါပြီ။ လျှော့ချဖို့ သင့်မသင့်
ဆိုတာကတော့ အတိအကျ မသိရသေးပါဘူး။

တကယ်လို့ အပ်ငွေတွေအပေါ် အတိုးနှုန်းလျှော့ချလိုက်မယ်
ဆိုရင် ဘဏ်အပ်ငွေတွေအပေါ်မှာ မှီခိုနေရသူတွေအတွက်
ထိခိုက်လာနိုင်တာကြောင့် လက်ရှိ ရနေတဲ့ အတိုးနှုန်းနဲ့
ပြန်ရနိုင်မယ့် အသေးစားအလတ်စားလုပ်ငန်းတွေကို
လုပ်နိုင်ဖို့အခွင့်အလမ်းတွေ ဖန်တီးပေးဖို့လိုနေတယ်လို့
စီးပွားရေးပညာရှင်အချို့က သုံးသပ်ပါတယ်။

စီးပွားရေးပညာရှင် ဦးလှမောင်က
"သူတို့ကို စီးပွားရေးလုပ်ချင်တယ်ဆိုရင် ဦးစားပေးတဲ့
အနေနဲ့ လိုင်စင်လျှောက်ပေးတာတို့ အမြန်လုပ်ပေးဖို့
လိုပါတယ်၊ တချို့က ငွေချေးပြီးတော့မှ အက်စ်အမ်အီးတွေ
ကို လုပ်ကြတာလေ၊ လုပ်ငန်းအကောင်အထည်ဖော်ပေးဖို့
လိုတယ်၊ အလုပ်အကိုင်အခွင့်အလမ်းတွေရှာပေးဖို့
လိုတယ်၊ မဟုတ်ရင်တော့ ငွေတွေကိုထုတ်ပြီး
လျှောက်လုပ်လိုက်တော့မှာ" လို့ ပြောပါတယ်။

လက်ရှိအပ်ငွေပေါ်မှာရရှိတဲ့ အတိုးနှုန်းကို ရှစ်ရာခိုင်နှုန်း
ကနေ၊ ငါးရာခိုင်နှုန်းလျှော့တင်ပြတဲ့ အတိုင်းလျှော့ချ
လိုက်ရင် အပ်ငွေအပ်ထားသူတွေအနေနဲ့ စီးပွားရေး
လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လာနိုင်ပါတယ်။

လက်ရှိဘဏ်တွေမှာ ချေးငွေပေါ်မှာယူနေတဲ့
အတိုးနှုန်းဟာ ၁၃ ရာခိုင်နှုန်းဖြစ်နေတာက ပုဂ္ဂလိက
စီးပွားရေးလုပ်ငန်းတွေအတွက် အခက်အခဲဖြစ်နေတယ်
လို့ ဆိုပါတယ်။

အပ်ငွေပေါ်မှာပေးတဲ့ အတိုးနှုန်းကမြင့်နေတာကြောင့်
ချေးငွေပေါ်မှာအတိုးနှုန်းလိုက်မြင့်နေတဲ့ အတွက်
အပ်ငွေရော၊ ချေးငွေပေါ်မှာပါ အတိုးနှုန်းလျှော့ချဖို့
တစ်ပြိုင်တည်း ကိုင်တွယ် ဖြေရှင်းပေးဖို့တောင်းဆိုကြ
တာပါ။

ငွေကြေးစီးဆင်းမှုတွေကလည်း အပ်ငွေအပေါ်မှာ
ရှစ်ရာခိုင်နှုန်းပေးထားတာကြောင့် စီးပွားရေးလုပ်ငန်းတွေ
ဆီကို မရောက်လာဘဲ ဘဏ်တွေမှာ ဦးစားပေးသွားရောက်
အပ်နှံနေကြတယ်လို့ ဆိုပါတယ်။

ဘာတွေဖြစ်လာမလဲ
။။။။။။။။။။။။။။။။။။။။။။။။

အပ်ငွေအပ်နေသူတွေကလည်း အခြားစီးပွားရေး
မလုပ်တတ်လို့ ဘဏ်အပ်ငွေက အတိုးနှုန်းပေါ်မှီခိုနေရ
တာကြောင့် အတိုးနှုန်းလျှော့ချရင် သည်ငွေတွေကို
အိမ်ခြံမြေ၊ ရွှေနဲ့ ကားတွေပေါ်မှာ ရင်းနှီးမြှုပ်နှံနိုင်လာပြီး
ဈေးနှုန်းတွေမြင့်တက်လာနိုင်တယ်လို့ စီးပွားရေးပညာရှင်
အချို့က သုံးသပ်ပါတယ်။

မိတ္ထီလာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်
ဒေါက်တာ တင်ဝင်းကတော့
"ဘဏ်အတိုးနှုန်းပေါ်မှီခိုနေတာမျိုးမဟုတ်ဘဲ၊
စတော့ရှယ်ယာ ဈေးကွက်ကိုဖွံ့ဖြိုးအောင် လုပ်တာ၊
ငွေကြေးစာချုပ်ဈေးကွက်တွေဖွံ့ဖြိုးလာအောင်
အရင်ဦးစားပေးဆောင်ရွက်တာတွေလုပ်ပြီး၊ ရင်းနှီးမြှုပ်နှံဖို့
လုပ်ငန်း အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ ဦးစားပေး
ဆောင်ရွက်ရမယ်" လို့ဆိုပါတယ်။

သူက
"စီးပွားရေးလုပ်ငန်း မလုပ်တတ်သူတွေက ဘဏ်က
ငွေတွေထုတ်ပြီးရင် စိတ်ချရအောင် ရွှေဝယ်မယ်၊
နင်တို့ကို အတိုးနှုန်းများများပေးမယ်ဆိုပြီး လူလိမ်တွေ
ဆီမှာအလိမ်ခံ ရမယ်၊ ရှယ်ယာတွေဝင်ကြပါ၊
အတိုးနှုန်း ၂၀ ပေးမယ်ပြောမယ်၊ ဘဏ်မှာထားရင်
အတိုးနှုန်းနည်းတော့ ပေးလိုက်ကြတာနဲ့ ပလုံသွားမယ်၊
သူတို့မှာ ဘာမှလုပ်စရာ မရှိဘူးလေ" လို့ ပြောပါတယ်။

လက်ရှိအချိန်က စီးပွားရေးကျပ်တည်းနေချိန်ဖြစ်လို့
လုပ်ငန်းရှင်တွေအများစုက လုပ်ငန်းချဲ့ထွင်တာတွေ
မလုပ်ကြဘဲရှိတဲ့ လုပ်ငန်းကိုပဲ ရပ်တည်နိုင်အောင်
ရုန်းကန်နေကြရပါ တယ်။

အပ်ငွေအပ်သူ အများစုကလည်း ဘဏ်မှာအပ်ထားရင်လည်း
ငွေကြေးဖောင်းပွတာနဲ့ မကာမိ၊ ငွေထုတ်ပြီးအပြင်မှာ
စီးပွားရေးလုပ်ဖို့ကလည်း မလုပ်တတ်တာကြောင့် တွေဝေ
နေကြတယ်လို့  အပ်ငွေအပ်ထားသူအချို့က ဆိုပါတယ်။

လက်ရှိရပ်ကွက်တွေထဲမှာ ငွေတိုးပေးရင် ပစ္စည်းအပေါင်
မပါရင်ငွေပမာဏအနည်း အများအလိုက်တစ်လကို
အတိုး ၁၀ ရာခိုင်နှုန်း ကနေ ၃၀ ရာခိုင်နှုန်းအထိ
ယူကြပါတယ်။

အိမ်ဂရန်တို့ ကားပိုင်ဆိုင်မှု စာချုပ်တွေနဲ့ချေးမယ်ဆိုရင်
အတိုးနှုန်း လေးရာခိုင်နှုန်းကနေ၊ ရှစ်ရာခိုင်နှုန်းလောက်ထိ
ပေါက်ဈေးရှိပါတယ်။

ကျပ်သိန်း၂၀ အပ်ထားတဲ့ မစုထားက
"ဘဏ်ထက်စိတ်ချရတာမရှိသေးတော့ ဘဏ်မှာပဲ
ဆက်အပ်ထားရဦးမှာပေါ့၊ အရေးပေါ်ငွေလိုရင်လဲ
ပြန်ထုတ်ရလွယ်တယ်လေ၊ ရွှေကလဲ ခုဝယ်ခုရှုံးဆိုတော့
မစဉ်းစားတတ်သေးပါဘူး" လို့ ပြောပါတယ်။

လက်ရှိအသေးစား၊ အလတ်စား၊ စီးပွားရေးလုပ်ငန်းတွေကို
ချေးငွေထုတ်ပေးနေတာ ထက်စာရင် နည်းပညာနဲ့ ဈေးကွက်
အသစ်တွေ ပံ့ပိုးပေးနိုင်မှသာ စီးပွားရေးအခွင့်အလမ်း တွေ
ပိုကောင်းလာနိုင်ပြီး ဘဏ်အပ်ငွေကို အတိုးနှုန်းနည်းလို့
လုပ်ငန်းအသေးစားနဲ့စတင်လုပ်မယ့် သူတွေအတွက်လည်း
အဆင်ပြေနိုင်မယ်လို့ စီးပွားရေးပညာရှင်အချို့က ခန့်မှန်း
ကြပါတယ်။

လက်ရှိပြည်တွင်းမှာ စိုက်တဲ့သရက်သီး၊ ထောပတ်သီးနဲ့
အခြားသီးနှံပစ္စည်းတွေကို အဆင့်မြင့်တင် နည်းပညာပေးပြီး
နိုင်ငံခြားကို ပို့ရင် လက်ရှိပေါက်ဈေးထက် ၁၀ ဆမက
ရတာကြောင့် သည်လိုလုပ်ငန်းတွေကို အားပေးဖို့လိုတယ်လို့
ထောက်ပြကြပါတယ်။

နေ့တွက် အတိုးဖြစ်တဲ့ ခေါ်ယူအပ်ငွေအတိုးနှုန်းကို
ခြောက်ရာခိုင်နှုန်းကနေ နှစ်ရာခိုင်နှုန်းထိလျှော့ချသတ်မှတ်
ခဲ့ပါတယ်။ ခေါ်ယူအပ်ငွေဟာ ရုံးပိတ်ရက်တွေမှာ ဘဏ်တွေမှာ
အပ်ပြီး ရုံးပြန်ဖွင့်ရက်တွေမှာပြန်ထုတ်ပြီး၊ အတိုးယူကြတာ
ဖြစ်ပါတယ်။

လက်ရှိအပ်ထားသူအများစုက ဘဏ်တိုးငွေနဲ့ သုံးစွဲနေသူတွေ
ဖြစ်တာကြောင့် တစ်လတစ်ခါ အတိုး ထုတ်နေသူတွေနဲ့
တစ်နှစ်မှတစ်ခါ အတိုးထုတ်ယူသူတွေဖြစ်ပါတယ်။

သည် တစ်ခါအပ်ငွေလျှော့ချတာဟာ လူတန်းစားတစ်ခုအတွက်
သက်ရောက်မှုရှိနိုင်တာကြောင့် လုပ်ငန်းအခွင့်အလမ်းတွေ
ဖော်ဆောင်ပေးဖို့ လိုနေတယ်လို့ဆိုပါတယ်။

(အေးအေးအောင်)

*****

၂။ "ဘဏ်တိုးနှုန်းလျှော့ချရင် အရောင်းအဝယ် ပိုသွက်လာနိုင်"

ဘဏ်တိုးနှုန်းတွေ လျှော့ချမယ်ဆိုပြီး အပြောများနေတာဟာ
တကယ်လျှော့ချရင် ဘဏ်မှာ မြှုပ်နှံထားတဲ့ ငွေ အချို့
ဈေးကွက်အတွင်း စီးဆင်းလည်ပတ်လာပြီး
အိမ်ခြံမြေ၊ ကား၊ ရွှေစတဲ့ စီးပွားရေးဈေးကွက်တွေ
အရောင်း အဝယ် ပိုဖြစ်လာနိုင်တယ်လို့ လုပ်ငန်းရှင်အချို့က
သုံးသပ်ပါတယ်။

ကေတီအမ် အော်တိုကားအရောင်းစင်တာရဲ့ လုပ်ငန်းရှင်
ဦးကျော်မင်းထွန်း က
“ငွေကြေးချမ်းသာသူ အများစုက စီးပွားရေးမှာ ရင်းနှီးမြှုပ်နှံ
တာမျိုး မရှိဘဲ ဘဏ်မှာ ငွေတွေထားပြီး အတိုးနဲ့ထိုင်စား
တာတွေ များလာတယ်။
စီးပွားရေး လုပ်ငန်းတွေမှာ ငွေကြေးစီးဆင်း လည်ပတ်တာ
နည်းပြီး လုပ်ငန်းတွေ ကျုံ့လာတဲ့ အနေအထား
ဖြစ် နေတယ်။
အဲ့ဒါကြောင့် ဘဏ်က ငွေတွေ ဈေးကွက်ထဲ စီးဆင်း
လာအောင် ဘဏ်အတိုးနှုန်းတွေကို လျှော့ချရမှာ ဖြစ်တယ်
လို့ မြင်တယ်” လို့ ပြောပါတယ်။

သူက အဲ့သည်လို ဘဏ်မှာ မြှုပ်နှံထားတဲ့ ငွေတွေ ပြင်ပကို
ရောက်လာရင် အိမ်ခြံမြေ၊ ကား၊ ရွှေနဲ့ အခြားကုန်ပစ္စည်း
တွေ အရောင်းအဝယ် ဖြစ်လာပြီး စီးပွားရေးဈေးကွက်တွေ
ပိုအသက်ဝင်လာနိုင်ပါတယ်။

လက်ရှိ ကား အရောင်းအဝယ်အနေနဲ့ အရင်နှစ်တွေရဲ့
ထက်ဝက်လောက်သာ ရောင်းအား ရှိပါတယ်။
ဘဏ်တိုးတွေ လျှော့ချလိုက်လို့ ဘဏ်က ငွေတွေ
အပြင်ရောက်လာရင် ကားအရောင်းအဝယ် ပိုဖြစ်လာဖို့
ကတော့ သေချာပါတယ်။ ဒါပေမယ့် အဲသည် အချိန်မှာ
ကားမူဝါဒတွေ တည်ငြိမ်နေဖို့ လိုအပ်သလို
အမေရိကန်ဒေါ်လာဈေး၊ စလစ်ဈေးတွေ တည်ငြိမ်ဖို့
ကလည်း လိုအပ်ပါတယ်လို့ ဆိုတယ်။

အိမ်ခြံမြေ အကျိုးဆောင် ဦးအောင်သူရ ကတော့
"လက်ရှိမှာ အိမ်ခြံမြေမှာ ဈေးနှုန်းက မူလဈေးနှုန်းတွေ
ထက် ၃၀ ရာခိုင်နှုန်းလောက် ကျဆင်းနေလို့
အရောင်းအဝယ် ဖြစ်နေပါတယ်။
ရွှေဈေး၊ ဒေါ်လာဈေးတွေ အတက်ဘက်မှာ ရှိနေလို့
အိမ်ခြံမြေဘက်ကို ရင်းနှီးမြှုပ်နှံတာတွေ များလာပါတယ်။
တကယ်လို့ ဘဏ်အတိုးနှုန်းတွေ လျှော့ချလိုက်လို့
ဘဏ်ကငွေတွေ ပြင်ပရောက်လာရင် အိမ်ခြံမြေဘက်ကို
ရင်းနှီးမြှုပ်နှံမှု ပိုများလာဖို့က သေချာနေပါတယ်။
အဲ့ဒါကြောင့် အိမ်ခြံမြေ အရောင်းအဝယ်တွေ ပိုဖြစ်
လာပါမယ်" လို့ ဆိုပါတယ်။

credit - Kumudra Journal The Modern

**********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

Sunday, January 21, 2018

“ဆောက်လုပ်ရေးလောက၏ သတင်း အထွေထွေ”

“ဆောက်လုပ်ရေးလောက၏ သတင်း အထွေထွေ”

၁။ "ဆောက်လုပ်ရေးလုပ်ငန်းရှင်အများစု ချေးငွေများ
မဆပ်နိုင်၍ အကြွေးတင်သည့်ပြဿနာ ကြုံတွေ့နေရ"

ပြည်တွင်း ဆောက်လုပ်ရေးကုမ္ပဏီအများစု တိုက်ခန်း
အရောင်းအဝယ် အေးနေခြင်းကြောင့် ဘဏ်ချေးငွေ
အတိုးနှုန်းများ ပိကာ အတိုးပေါ် အတိုးဆင့်သည့်
ပြဿနာမျိုးအထိ ကြုံတွေ့နေရကြောင်း ဆောက်လုပ်ရေး
ကုမ္ပဏီ အသိုင်းအဝိုင်းမှ သိရသည်။

"နေရာတိုင်းလိုလိုမှာက ဆောက်လုပ်ရေးတွေရပ်နေ
ကြတယ်။ အခုက အလုံးလိုက်အပ်တဲ့ တိုက်တွေလောက်နဲ့
ရပ်တည်နေကြတာ" ဟု ယူကေဆောက်လုပ်ရေး
မန်နေဂျာ ကိုထက်ဝေ က ပြောဆိုသည်။

ခက်ခဲ
။။။။။။။

ပြည်တွင်း အိမ်ခြံမြေနှင့်တိုက်ခန်း အရောင်းအဝယ်များမှာ
၂၀၁၄ နှစ်ကုန်ပိုင်းမှ စတင်ကာ ၂၀၁၈ နှစ်စအထိ
အရောင်းအဝယ်များ အေးစက်လာခဲ့ခြင်းကြောင့်
အသေးစားနှင့် အလတ်စား ဆောက်လုပ်ရေးကုမ္ပဏီများ
လုပ်ငန်း လည်ပတ်ရန် လွန်စွာခက်ခဲနေကြောင်း
သိရသည်။

ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသည့် ကုမ္ပဏီများတွင်
အခြေခိုင်သည့် ကုမ္ပဏီများ ရှိသကဲ့သို့ လုပ်ငန်းစတင်သည့်
အချိန်ကတည်း က ချေးငွေနှင့် စတင် လုပ်ကိုင်နေသူများ
ရှိသည့်နည်းတူ ၂၀၁၃ ခုနှစ် အတွင်းက ကန်ထရိုက်
လုပ်ငန်းများ ပေါ်ပြူလာဖြစ်ခဲ့ခြင်းကြောင့် ယင်းအချိန်မှစ၍
အိမ်ရှင်များစွာဖြင့် စာချုပ်ချုပ်ဆိုပြီး လုပ်ကိုင်နေသူများလည်း
ရှိခဲ့သည်။

လက်ရှိတွင် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အနေဖြင့်
လုပ်ငန်းများအား ဆက်လက် တည်ရှိနိုင်ရန် ထိန်းသိမ်း
ဆောင်ရွက်နေကြပြီး ယခင်က ကန်ထရိုက်တိုက် ၁၀ လုံး
အား တစ်ပြိုင်တည်း ဆောက်လုပ်နိုင်ခဲ့သော်လည်း
ယခုအခါ ကန်ထရိုက်တိုက်တစ်လုံး ဆောက်လုပ်ပြီးစီးခဲ့
လျှင်ပင် ထပ်မံဆောက်လုပ်နိုင်ရန် ခက်ခဲကြောင်း
သိရသည်။

ခက်ခဲရခြင်းမှာ ဒေါ်လာဈေးများ မြင့် တက်နေ၍
ဆောက်လုပ်မည့်ကုန်ပစ္စည်းများ၏ဈေးနှုန်းများ မြင့်မား
နေခြင်းကြောင့်ဖြစ်ပြီး လက်ရှိ ကန်ထရိုက်တိုက်များနှင့်
ပတ်သက်ပြီး မျက်နှာဖွင့် ၂၅ ပေ ကျော်လွန်သည့် တိုက်များ
ကို ကားပါကင် ထည့်သွင်းတည်ဆောက်ရမည့် အခြေအနေ
များကြောင့် ဖြစ်သည်။

အရှုံးခံ
။။။။။။။

တိုက်ခန်းများ ရောင်းမထွက်ခြင်းကြောင့် ဆောက်လုပ်မှု
ကုန်ကျစရိတ်များ ပြန်လည် ပေါ်ထွက်လာခြင်းမရှိသည့်အပြင်
ဆောက်လုပ်ရေးလုပ်ငန်းရှင် အသေးစားများ အကြီးအကျယ်
အရှုံးပေါ်ကြပြီး လုပ်ငန်းရှင်ကြီးများမှာလည်း ကုမ္ပဏီများ
ဆက်လက်ရပ်တည်နိုင်ရန်နှင့် မိမိတို့အားမှီခိုနေရသည့်
ဝန်ထမ်းများအတွက် လုပ်ငန်းများကို အရှုံးခံကာ
လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အခက်အခဲများမှာ ၂၀၁၅ ခုနှစ် ဧပြီလ နောက်ပိုင်း
ပိုမိုကြီးထွားလာခဲ့ပြီး ဆောက်လုပ်ရေးကုမ္ပဏီအများစုမှာ
တိုက်ခန်းများကို အရစ်ကျရောင်းသည့်စနစ်များ အထိ
အသုံးပြုလာခဲ့ကြကြောင်း၊
ယခုနောက်ပိုင်းတွင်အရောင်း အဝယ်များ ရပ်တန့်လုနီးပါး
ရှိနေခဲ့ပြီး လုပ်ငန်းရှင်အများစုမှာလည်း ၂၀၁၈ ခုနှစ်အတွင်း
ဖြစ်ပေါ်လာမည့် အစိုးရမူဝါဒအပြောင်းအလဲများကို
မျှော်လင့်နေရခြင်းဖြစ်သည်။

(လူလေး)

*****

၂။ "ခွင့်ပြုချက် မကျသေးဘဲ ဆောက်လုပ်ထားသည့်
အဆောက်အအုံများ၊ အထပ်ကျော်လွန်ဆောက်လုပ်ထား
သည့် ကန်ထရိုက်တိုက်များကို မြို့တော်စည်ပင်သာယာရေး
ကော်မတီက ကျသင့်ဒဏ်ကြေးငွေထဲမှ ရာခိုင်နှုန်း ၇၀
လျှော့ချပေးမည်ဟု ဆို"

ခွင့်ပြုချက်မကျသေးဘဲ ဆောက်လုပ်ထားသည့်
အဆောက်အအုံများ၊ သတ်မှတ်ထားသည့် အထပ်ထက်
အထပ်ကျော်လွန် ဆောက်လုပ်ထားသည့် ကန်ထရိုက်တိုက်
များကို မြို့တော်စည်ပင်သာယာရေးကော်မတီက ကျသင့်
ဒဏ်ကြေးငွေ ရာခိုင်နှုန်း ၇၀ လျှော့ချပေးမည်ဖြစ်ကြောင်း
ဇန်န၀ါရီ ၁၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး
မရမ်းကုန်း မြို့နယ် မဲဆန္ဒ အမှတ် (၁) လွှတ်တော်
ကိုယ်စားလှယ် ဦးရန်ရှင်းက The Daily Eleven
သတင်းစာသို့ ပြောကြားသည်။

ပြီးခဲ့သည့် အစိုးရလက်ထက် ၂၀၁၄ ခုနှစ်တွင် ခွင့်ပြုချက်
မကျသေးဘဲ ဆောက်လုပ်ထားသည့် အဆောက်အအုံများ၊
သတ်မှတ်ထားသည့်အထပ်ထက် ကျော်လွန်ဆောက်လုပ်
ထားသည့် ကန်ထရိုက်တိုက်များအား ဒဏ်ကြေးငွေ ချမှတ်
ခြင်းများ၊ အဆောက်အအုံဖြိုချခိုင်းခြင်းများ လုပ်ဆောင်ခဲ့
ကြောင်း သိရသည်။ အစိုးရလက်ထက် ယင်းကဲ့သို့
ဒဏ်ကြေးငွေများကို ရာခိုင်နှုန်း ၇၀ အထိ လျှော့ချပေးခြင်း
ဖြစ်ကြောင်း သိရသည်။

“အထူးလျှော့ပေါ့ပေးလိုက်တာပါ။
ဒီ ဖြစ်စဉ်က ပြီးခဲ့တဲ့အစိုးရလက်ထက် ၂၀၁၄ ခုနှစ်က
ဒဏ်ရိုက်တဲ့ ကိစ္စတွေ စပြီး ဆောင်ရွက်ကြတယ်။
ခွင့်ပြုချက်မကျသေးခင် ဆောက်တဲ့ အဆောက်အအုံတွေ၊
အထပ်ကျော်ဆောက်တဲ့ အဆောက်အအုံတွေ
အဲဒီအဆောက်အအုံတွေနဲ့ပတ်သက်ပြီး ဒဏ်ရိုက်တာတွေ၊
အဆောက်အအုံ ရပ်ခိုင်းတာတို့၊ ပြန်ဖြိုချခိုင်းတာတွေ
၂၀၁၄ ခုနှစ်က လုပ်ခဲ့တယ်။
အဲဒီဟာက ဒီအတိုင်းပဲ တန်းလန်းကြီးဖြစ်နေတဲ့အခါ
ကျတော့ ကျွန်တော်တို့အစိုးရလက်ထက်မှာ ကျွန်တော်
အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်လေးဦး လွှတ်တော်
ထဲမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။
ဆွေးနွေးပြီးတဲ့အခါကျတော့ ပထမတစ်ရစ်အနေနဲ့
ဒဏ်ဆောင်ပြီး အဆောက်အအုံတွေပြန်ဆောက်ခွင့်
ပေးခဲ့တယ်။ ပြီးခဲ့တဲ့နှစ်ကပေါ့။
ဒီနှစ်မှာတော့ အဲဒီဟာတွေက ဆက်ပြီးမလုပ်နိုင်တာတွေ
များနေတဲ့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေနဲ့
အထူး စဉ်းစားပေးတာပေါ့။
ချမှတ်တဲ့ဒဏ်ကြေးက သိန်းတစ်ရာကျတယ် ဆိုရင်
ရာခိုင်နှုန်း ၇၀ လျှော့ပြီးတော့ သိန်း ၃၀ ပဲ ဒဏ်ဆောင်
ရတော့မယ်။ အဲဒီလိုမျိုး သတ်မှတ်ပေးလိုက်ပါတယ်” ဟု
ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ်
မဲဆန္ဒအမှတ် (၁) လွှတ်တော်ကိုယ်စားလှယ်
ဦးရန်ရှင်းက ဆိုသည်။

ယင်းကဲ့သို့ ဒဏ်ကြေးငွေလျှော့ချပေးသည့် အဆောက်အအုံ
များတွင် အုပ်စုသုံးခုရှိကြောင်း၊
ပထမတစ်ခုမှာ အစိုးရနှင့် ဌာနဆိုင်ရာမြေများပေါ်တွင်
ကျူးကျော်ဆောက်လုပ်သည့် အဆောက်အအုံများ၊
ဒုတိယတစ်ခုမှာ မြေပိုင်ဆိုင်မှု မရှင်းလင်းခြင်း၊ တိုင်ကြား
ခံထားရသည့် အဆောက်အအုံများဖြစ်ပြီး
တတိယတစ်ခုမှာ မြေယာပိုင်ဆိုင်မှုရှိသော်လည်း
ခွင့်ပြုချက်မကျမှု သို့မဟုတ် ခွင့်ပြုချက်မယူဘဲ ဆောက်လုပ်
သည့် အဆောက်အအုံများ ဖြစ်ကြောင်း ဦးရန်ရှင်းက
ဆက်လက်ပြောကြားသည်။

မရမ်းကုန်းမြို့နယ်တွင် ခွင့်ပြုချက်မကျသေးဘဲ ဆောက်လုပ်
ထားသည့်အဆောက်အအုံများ၊ သတ်မှတ်ထားသည့်
အထပ်ထက် ကျော်လွန်ဆောက်လုပ်ထားသည့်အတွက်
ဒဏ်ကြေးငွေ ချမှတ်အရေးယူခံထားရသည့် အဆောက်
အအုံပေါင်း ၄၅၀ ရှိကြောင်း သိရပြီး ရန်ကုန်တိုင်းဒေသကြီး
အတွင်း ဒဏ်ကြေးငွေ ချမှတ်ခံရထားသည့် အဆောက်အအုံ
၂၀၀၀ နီးပါးရှိကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီ ၁၀ ထပ်ရုံးနှင့် ဆက်သွယ်ဆောင်ရွက်ရမည်
ဖြစ်ကြောင်း သိရသည်။

(ရှိုင်းလင်းအောင်)

*****

၃။ "မြန်မာနိုင်ငံအတွင်း မည်သည့်နေရာမဆို အဆောက်အအုံ
တည်ဆောက်ပါက အရည်အသွေးတစ်ပြေးညီ တည်ဆောက်
နိုင်ရေး အဆောက်အအုံဆိုင်ရာစည်းမျဉ်း ရေးဆွဲထားပြီး
လွှတ်တော်သို့ တင်ပြထားဟုဆို"

မြန်မာနိုင်ငံအတွင်း မည်သည့်နေရာ၌မဆို အဆောက်အအုံ
တည်ဆောက်ပါက အရည်သွေးအားလုံး တစ်ပြေးညီ
တည်ဆောက်နိုင်ရန်အတွက် Building Code
(အဆောက်အအုံဆိုင်ရာ စည်းမျဉ်း) ကိုရေးဆွဲထားပြီးဖြစ်ကာ
လွှတ်တော်သို့ တင်ပြထားကြောင်း ဇန်န၀ါရီ ၁၆ ရက်က
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၌ ကျင်းပသည့်
(International Conference on Enhancement of
Urban Disaster Resilience under the UNU Grant
for Global Sustainability Project) အခမ်းအနားတွင်
မြန်မာနိုင်ငံ မြေလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစောထွေးဇော်
က ပြောကြားသည်။

“နောက်ထပ်ဆောက်တဲ့ အဆောက်အအုံတွေအတွက်
ကတော့ အခုဆိုရင် Building Code ပေါ့။
အဆောက်အအုံဆိုင်ရာ စည်းမျဉ်းကို အကြမ်းဆွဲထားပြီးပါပြီ။
အတည်ပြုဖို့ လုပ်နေပါတယ်။
အဲဒါလည်း ကျွန်တော်တို့ကတော့ မြန်မြန်အတည်ပြုစေချင်
ပါတယ်။
အဆောက်အအုံ Building Code ကို တစ်ပြေးညီရထားရင်
အားလုံးပေါ့။ အထပ်နိမ့်ပဲဖြစ်ဖြစ်၊ အထပ်မြင့်ပဲဖြစ်ဖြစ်၊
မြို့ပေါ်မှာဖြစ်ဖြစ်၊ ကျေးရွာမှာပဲဖြစ်ဖြစ် တစ်နိုင်ငံလုံး
အတိုင်းအတာနဲ့ အရည်အသွေးတစ်ပြေးညီ တည်ဆောက်
လို့ရသွားမှာပေါ့” ဟု ဦးစောထွေးဇော်က ပြောကြားသည်။

လက်ရှိအချိန်အတွင်း အဆိုပါ Building Code
(အဆောက်အအုံဆိုင်ရာစည်းမျဉ်း) ကို ဆောက်လုပ်ရေး
ဝန်ကြီးဌာနက တာဝန်ယူကာ မြန်မာနိုင်ငံအင်ဂျင်နီယာ
အသင်းမှ ရေးဆွဲထားပြီးဖြစ်ကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီး
ဌာနမှတစ်ဆင့် လွှတ်တော်သို့ တင်ပြထားကြောင်း သိရသည်။

“မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းကနေ ဆွဲပါတယ်။
ပြီးတော့ဆွဲဖို့ကို တာဝန်ခံတာက ဆောက်လုပ်ရေးဝန်ကြီး
ဌာနကပါ။ အဲဒါဆွဲပြီးတော့ ဆောက်လုပ်ရေးဝန်ကြီးဌာနကို
ပြန်ပြီးပေးထားပါပြီ။ ဆောက်လုပ်ရေးဝန်ကြီးဌာနကနေ
လွှတ်တော်ကိုတင်ထားရင်း တန်းလန်းပေါ့နော်” ဟု
ဦးစောထွေးဇော်က ပြောကြားသည်။

လွှတ်တော်သို့ တင်ပြဆွေးနွေးရာတွင် ဆောက်လုပ်ရေး
ဆိုင်ရာ ပညာရပ်အသုံးအနှုန်း ဝေါဟာရများကို ဘာသာ
ပြန်ဆိုရာတွင် အခက်အခဲများရှိနေသဖြင့် အချိန်ကြန့်ကြာမှု
များရှိနေကြောင်း သိရသည်။

“ဒီမှာတင်တဲ့အချိန်မှာလည်း ကျွန်တော်တို့က ဘာသာပြန်
ရမှာတွေနဲ့ဆိုတော့ နည်းလေးကြန့်ကြာနေတဲ့သဘော
ရှိပါတယ်။
ဒီပညာရပ်ပိုင်းဆိုင်ရာ ဝေါဟာရတွေအကုန်လုံးကို
ဘာသာပြန်ဖို့ဆိုတာလည်း အခက်အခဲနဲ့ ကြန့်ကြာတာ
တွေရှိနေတော့ ကျွန်တော်တို့က အင်ဂျင်နီယာ ကောင်စီ
လည်းရှိနေတော့ ကောင်စီရဲ့ဥပဒေအောက်ကိုပဲ
ကျွန်တော်တို့ ဒီလိုစည်းမျဉ်းတွေကို ပြဋ္ဌာန်းနိုင်တဲ့
အခွင့်အာဏာလည်း ပေးထားတာဆိုတော့ အဲဒီဘက်
ကနေ ကျွန်တော်တို့ Building Code ကို
အသက်ဝင်အောင်လုပ်ဖို့လည်း ကြိုးစားနေပါတယ်” ဟု
၎င်းက ပြောကြားသည်။

ရန်ကုန်မြို့ရှိ အရေးကြီးအဆောက်အအုံ ၆၀ ၏ မြေငလျင်
ဒဏ်ခံနိုင်ရည်ရှိမှုနှင့် ခိုင်ခံ့မှုတို့အပေါ် လေ့လာဆန်းစစ်မှုများ
ပြုလုပ်လျက်ရှိကြောင်း မြန်မာနိုင်ငံမြေငလျင်ကော်မတီမှ
သိရသည်။

(ဇေယျာငြိမ်း)

credit - The Myanmar Times &
Eleven Media Group

**********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

“ရန်ကုန် ငလျင်လှုပ်ခဲ့သော်နှင့် ငလျင်လှုပ်ရင် လုပ်သင့်တဲ့ အချက်များ”

“ရန်ကုန် ငလျင်လှုပ်ခဲ့သော်နှင့် ငလျင်လှုပ်ရင် လုပ်သင့်တဲ့
အချက်များ”


၁။ "ရန်ကုန် ငလျင်လှုပ်ခဲ့သော်"

၁၉၇၅ ခုနှစ်တွင် ပုဂံငလျင်လှုပ်သည်။
နှစ်ပေါင်း ၄၁ နှစ်အကြာ၌ တစ်ကျော့ပြန်လာသော
၂၀၁၆ ခုနှစ် ငလျင်ကြောင့် ပုဂံဘုရားစေတီ ၄၀၀ ကျော်
ပျက်စီးဆုံးရှုံးမှု ဖြစ်ခဲ့သည်။ ကာလအတန်ကြာ မေ့ထားခဲ့
သည့် သဘာဝဘေးတစ်ခုက အချက်ပြလာခြင်းပင်
ဖြစ်တော့သည်။

နှစ်စဉ်ဖြစ်ပေါ်လာသော မိုးကြီး၊ ရေလျှံမှုများကိုသာ
ယခုနှစ်ပိုင်းအတွင်း မြန်မာနိုင်ငံသားများ အာရုံစိုက်ခဲ့ကြ
သည်။ ယခုအခါ လူအများ၏ အာရုံကို ဖမ်းစားထားနိုင်ခဲ့သည့်
နောက်ထပ် သဘာဝဘေးတစ်ခု ပေါ်ပေါက်လာသည်။

၂၀၁၆ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့တွင် ပုဂံ၌ လှုပ်ခတ်သော
ငလျင်ကြောင့် မေ့လျော့ခံ အဆိုပါ သဘာဝဘေးကို လူတို့
သတိပြုစ ပြုလာသည်။

ငလျင်ဒဏ်ကြောင့် ပုဂံဘုရားများ ပြိုပျက်ခဲ့ရသည့်နည်းတူ
ရန်ကုန်တွင်သာ ငလျင်လှုပ်ပါက မည့်သည့်အရာများ
ပျက်စီး နိုင်မည်နည်း မေးလာအံ့။

လူဦးရေ ခုနစ်သန်းနီးပါး နေထိုင်သည့် ရန်ကုန်တွင်သာ
ငလျင်လှုပ်ပါက ဦးစွာစိတ်ပူရမည်မှာ အထပ်မြင့်များ
ဖြစ်နိုင်သည်။

ဤသို့ဆိုလျှင် မေးခွန်းတစ်ခု ရှိသည်။
“ငလျင်အတွက် ရန်ကုန်ရှိ အထပ်မြင့် အအောက်အအုံများ
အဆင်သင့်ဖြစ်ပြီလား” ဟူ၍။

ဤမေးခွန်းအတွက် အဖြေကို မြန်မာနိုင်ငံ မြေငလျင်
ကော်မတီ နာယက ဒေါ်လှလှအောင်က ယခုလို ဆိုသည်။

“ရန်ကုန်အတွက် ငလျင်က အမြဲရှိနေတာ။
စစ်ကိုင်းပြတ်ရွေ့ကြောကြောင့် မဟုတ်ဘဲ သူ့ဘာသာ
ရှိနေတဲ့ ပြတ်ရွေ့ကြောတွေက လှုပ်နိုင်တဲ့အနေအထားမှာ
ရှိနေတယ်။ စစ်ကိုင်းပြတ်ရွေ့ကြောင့် ဆိုရင်တော့
ပိုခံစားရမယ်” ဟူ၍။

မြန်မာနိုင်ငံသည် ငလျင်ဒဏ်ကို လျစ်လျူရှုသော်လည်း
တကယ်တမ်းက ပြတ်ရွေ့ကြောများ ဆုံသည့်နေရာတွင်
တည်ရှိနေသည်။

ငလျင်ဖြစ်ပေါ်သည့် အဓိက အကြောင်းရင်းမှာ ပြတ်ရွေ့
ကြောများ လှုပ်ရှားခြင်းကြောင့် ဖြစ်သည်။ ဤသို့ဆိုလျှင်
ပြတ်ရွေ့ကြောလေးခု ဆုံသည့် မြန်မာနိုင်ငံ အခြေအနေကို
မှန်းဆကြည့်နိုင်ပြီ ဖြစ်သည်။

မြန်မာနိုင်ငံအတွက် အဆိုးဆုံး ပြတ်ရွေ့ကြောမှာ စစ်ကိုင်း
ပြတ်ရွေ့ကြော ဖြစ်သည်။ စစ်ကိုင်း ပြတ်ရွေ့ကြောကြောင့်
ငလျင်လှုပ်ခတ်ခဲ့သော် ဆိုးရွားစွာ ထိခိုက်ခံစားရနိုင်သည့်
မြို့ကြီးများအနက် ရန်ကုန်လည်း ပါဝင်သည်။

ထို့ကြောင့်ပင် ရန်ကုန်သည် ငလျင်အတွက် ကြိုတင်
ပြင်ဆင်ထားခြင်း ရှိပါသလား ဟူသည့် မေးခွန်းက အရေးကြီး
လာခြင်း ဖြစ်သည်။ သဘာဝဘေး ဖြစ်သောကြောင့်
အပ်ချမတ်ချ ငလျင်လှုပ်မည်ဟု ဆိုလိုရင်း မဟုတ်ပေ။
သို့သော် ကြိုတင်ပြင်ဆင်ရန် လိုအပ်မည် ဖြစ်သည်။
ကာကွယ်ခြင်းသည် ကုသခြင်းထက် ထိရောက်သည်
မဟုတ်ပါလား။

ရန်ကုန်မြို့ရှိ အဆောက်အအုံများမှာကို ငလျင်ဒဏ်ခံနိုင်မှု
ရှိ မရှိ လွန်ခဲ့သည့် နှစ်နှစ်ခန့်က မျက်မြင်ကွင်းဆင်း စစ်ဆေး
မှုများ ပြုလုပ်ခဲ့သေးသည်။ မျက်မြင်ကွင်းဆင်း စစ်ဆေးမှု
ဆိုသည်မှာ အဆောက်အအုံများ ငလျင်ဒဏ်ခံနိုင်မှု ရှိ မရှိကို
မျက်မြင်အတိုင်း ပညာရှင်များက ခန့်မှန်းတွက်ချက်ခြင်း
ဖြစ်သည်။

ယင်းစစ်ဆေးမှုကို မြန်မာနိုင်ငံ မြေငလျင်ကော်မတီနှင့်
မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းတို့မှ ပညာရှင်များက 
လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

စစ်ဆေးမှုများအရ မြေငလျင်ဒဏ်ခံနိုင်ရန် ရန်ကုန်တွင်
အကြီးစား ပြင်ဆင်ရမည့် အဆောက်အအုံ  ၂၈ ရာခိုင်နှုန်း၊
အသေးစား ပြင်ဆင်ရမည့် အဆောက်အအုံ ၄၄ ရာခိုင်နှုန်း
နှင့် အလုံးစုံ ပြင်ရမည့် အဆောက်အအုံ ၂၈ ရာခိုင်နှုန်းခန့်
ရှိကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ
အတွင်းရေးမှူး ဦးစောထွေးဇော်က ပြောကြားသည်။

မျက်မြင် စစ်ဆေးမှုများ လုပ်ခဲ့သည့်တိုင် စိတ်မချရသေး။
အသေးစိတ် စစ်ဆေးမှုများ လုပ်ဆောင်ရန် လိုအပ်ပြီး
အများပြည်သူနှင့်ဆိုင်သည့် မီးသတ်စခန်း၊ ဆေးရုံ၊ ရဲစခန်း၊
စာသင်ကျောင်းကဲ့သို့ အဆောက်အအုံများကို ဦးစွာ
လေ့လာရန် လိုအပ်သည်ဟု ၎င်းက ဆိုသည်။

စစ်ကိုင်းပြတ်ရွေ့ကြောပေါ်တွင် ရှိနေသည့်အတွက်
ရန်ကုန်မြို့တွင် အချိန်မရွေး ငလျင်လှုပ်နိုင်သည်။
ထိုအခြေအနေကို အမြဲအသိရှိရန်လည်း လိုအပ်သည်။
ထိုအတွက် ကြိုတင်ပြင်ဆင်မှု၊ လေ့ကျင့်မှုများလည်း
ပြုလုပ်ထားရမည်ဟု ပညာရှင် အသိုင်းအဝိုင်းက
ထောက်ပြ ကြသည်။

“ငလျင်ဒဏ်ကို ခံနိုင်ရည်မရှိတဲ့ အဆောက်အအုံတွေဆိုရင်
ပြိုကျနိုင်လို့ ပျက်စီးမှု များနိုင်တယ်” ဟု လက်ရှိ မြန်မာနိုင်ငံ
မြေငလျင်ကော်မတီ အတွင်းရေးမှူး ဦးစောထွေးဇော်က
ဆိုသည်။

ဤသို့ဆိုလျှင် ရန်ကုန် အထပ်မြင့် အဆောက်အအုံများ
တည်ဆောက်ရန်အတွက် မည်သည့်စံချိန် စံညွှန်းများ
ရှိသနည်း။ ထိုစံချိန်စံညွှန်းများတွင် ငလျင်အတွက်
ကာကွယ်ရေး အချက်များ ပါဝင်ပါသလား။ လက်ရှိအထပ်မြင့်
များကို အဆိုပါ ငလျင်ကာကွယ်ရေးစနစ်များ ထည့်သွင်း
တည်ဆောက်ထားပါသလား ဟူသည့် မေးခွန်းများ ရှိသည်။

ရန်ကုန်မြို့တွင် အထပ်မြင့် အဆောက်အအုံများ တည်ဆောက်
ရာ၌ လက်ရှိအချိန်အထိ သုံးစွဲနေသည့် စနစ်မှာ လက်သင့်ရာ
စနစ်ဟုပင် အကြမ်းဖျင်း ဆိုရမည် ဖြစ်သည်။ ဗြိတိသျှစံနှုန်း၊
စင်ကာပူစံနှုန်း၊ အိန္ဒိယစံနှုန်း စသည့်ဖြင့် လိုသလို ယူသုံး
နေကြခြင်း ဖြစ်သည်။ ထို့ပြင် လိုသည့်အချက်ကိုသာ ယူ၍
သုံးစွဲကြခြင်းလည်း ဖြစ်သည်။

ကိုလိုနီလက်အောက် ကျရောက်ခဲ့သော မြန်မာနိုင်ငံသည်
လွတ်လပ်ရေးခေတ်ဦးပိုင်း ကတည်းပင် ဗြိတိသျှ စံချိန်စံညွှန်း
ဖြင့် အဆောက်အအုံများ တည်ဆောက်ခဲ့ကြသည်။ ဗြိတိသျှ
စံချိန်စံညွှန်းဖြင့် ဆောက်ခဲ့သည့် အဆောက်အအုံများမှာ
ယနေ့တိုင် ထင်ထင်ရှားရှား ရှိနေဆဲ။ ယင်းအဆောက်အအုံ
များမှာ ငလျင်ဒဏ်အတွက် စိတ်ပူရန် မရှိသေးသည့်
အခြေအနေဟုလည်း ပညာရှင်အချို့က ဆိုပြန်သည်။

ရန်ကုန်တွင် Singapore Building Code ဖြင့်
တည်ဆောက်ထားသည့် အဆောက်အအုံများလည်း ရှိသည်။
စင်ကာပူသည် ငလျင်အန္တရာယ် မစိုးရိမ်ရသောကြောင့်
၎င်း၏ Building Code မှာ ငလျင်အတွက် ထည့်သွင်း
တွက်ချက် မထားချေ။ ထို့ကြောင့် စင်ကာပူစံနှုန်းဖြင့်
မြန်မာနိုင်ငံတွင် ဆောက်သည့် အဆောက်အအုံများမှာ
ငလျင်အန္တရာယ်အတွက် စိုးရိမ်ဖွယ်ရာ ဖြစ်သည်ဟု
အင်ဂျင်နီယာ အသိုင်းအဝိုင်းက ဆိုသည်။

“အဆောက်အအုံကြီးတာ၊ သေးတာ မဆိုင်ဘူး။
အကြီးဆောက်ပြီး အထဲမှာ ဘာမှမပါတဲ့အခါ ငလျင်လှုပ်ရင်
ပြိုကျနိုင်တယ်။
စင်ကာပူမှာက ငလျင်မရှိတော့ သူ Building Code နဲ့
ဆောက်ထားရင် ပြိုကျလိမ့်မယ်” ဟု ရန်ကုန်မြို့တွင်း
အထပ် ၂၅ ထပ်မြင့်သော အအောက်အအုံ တည်ဆောက်
နေသည့် အင်ဂျင်နီယာတစ်ဦးက မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံတွင် အဆောက်အအုံပိုင်းဆိုင်ရာတွင် စံချိန်စံညွှန်း
တိတိကျကျ မရှိသေးသည့်အတွက် လက်ရှိတွင်
Myanmar Building Code ကို ဆောက်လုပ်ရေး ဝန်ကြီး
ဌာနနှင့် ပညာရှင်များက ပူးပေါင်းရေးဆွဲလျက် ရှိသည်။

ယင်းဥပဒေကြမ်းမှာ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တစ်ဆင့်
ရှေ့နေချုပ်ရုံးသို့ တင်ပြဆဲ အဖြစ်သာ ဖြစ်သည်။ ယင်းမှ
တစ်ဆင့် လွှတ်တော်သို့ တင်ပြအတည်ပြုပြီးမှသာ ဥပဒေ
အဖြစ်သို့ ထွက်ရှိလာမည် ဖြစ်သည်။

Myanmar Building Code တွင်မူ အဆောက်အအုံများ
ဆောက်လုပ်ရာတွင် သဘာဝဘေးအန္တရာယ်များ အတွက်
ကြိုတင်ပြင်ဆင်နိုင်ရန် အချက်များကို ထည့်သွင်းရေးဆွဲ
ထားသည်။ ငလျင်အတွက်မူ မြို့ကြီးများအလိုက် ဖြစ်ပေါ်
လာနိုင်သည့် ငလျင်ပြင်အား၊ ငလျင်ဒဏ်ခံနိုင်ရန်
ဆောက်လုပ်ရမည့် အသေးစိတ်အ ချက်အလက်များ
ထည့်သွင်းဖော်ပြထားသည်ဟု ဆိုသည်။

ယင်းမှာ လာမည့် ကာလများအတွက် အခြေခံကောင်းများ
ချမှတ်ခြင်းဟု ဆိုနိုင်သည်။ သို့သော်လည်း လက်ရှိ
အခြေအနေတွင် အဆောက်အအုံများ တည်ဆောက်ရာတွင်
ငလျင်ဒဏ် ကာကွယ်ရေးနှင့် ပတ်သက်၍ မည်သည့်
ဌာနဆိုင်ရာ အဖွဲ့အစည်းက စိစစ်နေသနည်း။

“ရန်ကုန်မှာရှိတဲ့ အဆောက်အအုံတွေကို ငလျင်ဒဏ်
ခံနိုင်လား ဆိုတာကို လိုက်စစ်တဲ့ အဖွဲ့အစည်းတော့
မရှိသေးဘူး” ဟု မြန်မာနိုင်ငံ မြေငလျင်ကော်မတီ
အတွင်းရေးမှူး ဦးစောထွေးဇော်က ဆိုသည်။

ထို့ကြောင့်ပင် ပြင်းအားအဆင့် ၆ သို့မဟုတ် ၇ အဆင့်ရှိ
ငလျင်များ လှုပ်ခတ်ခဲ့ပါက ရန်ကုန်ရှိ အထပ်မြင့်တိုက်များ၏
ငလျင်ဒဏ် ခံနိုင်မှုမှာ မေးခွန်းထုတ်စရာ ဖြစ်သည်ဟု
ကျွမ်းကျင်သူများက ဆိုသည်။ လူနေထူထပ်ရာ နေရာတွင်
ဖြစ်ပါက ပို၍ပင် စိုးရိမ်ဖွယ် ကောင်းလှတော့သည်။

“ငလျင်လှုပ်ပြီဆို အပေါ်ကနေ အောက်ကို ဆင်းလို့ရမှာ
မဟုတ်ဘူး။
သူများတွေလည်း ကိုယ့်လိုပဲ လှေကားက ဆင်းပြေး
ကြမှာလေ” ဟု လှိုင်မြို့နယ် အုတ်ကျင်းရပ်ကွက်နေ
ဒေါ်အိသက်က ဆိုသည်။

ဒေါ်အိသက် ဆိုလိုသည်မှာ လူဦးရေများစွာ နေထိုင်သည့်
အထပ်မြင့်တိုက်ခန်းများ၌ လှေကားတစ်ခုသာရှိပြီး အရေးပေါ်
အန္တရာယ် ကြုံလာပါက လူဦးရေနှင့် လှေကား မမျှတမှုကြောင့်
အသက်အန္တရာယ် ကြုံနိုင်ကြောင်း ပြောလိုရင်းဖြစ်သည်။
ထို့ပြင် အရေးပေါ်လှေကားမှာလည်း အဖြစ်သာ လုပ်ထား
ကြခြင်း ဖြစ်ပြီး တကယ်တမ်းမူ သုံးစွဲရန် မဖြစ်နိုင်ခြေ။

ကာလများစွာကို လွန်မြောက်ပြီးနောက် စစ်အုပ်ချုပ်ရေး
အောက် ကျရောက်ခဲ့သည့် ရန်ကုန်တွင် ကန်ထရိုက်လက်မှ
 လက်လွှဲယူပြီး မကြာမီအချိန်တွင်ပင် တိုက်များ၌
အက်ကြောင်းများ ဖြစ်ပေါ်လာမှုကို ဟိုမှာဒီမှာ မကြာခဏ
တွေ့မြင်နေရသည်။

“တိုက်က ခြောက်ထပ် (ခုနှစ်လွှာ) ဆိုတော့ ကိုယ်အိမ်မှာ
ရှိနေတဲ့ အချိန်တော့ ငလျင်မလှုပ်စေချင်ဘူး။
ခြောက်ထပ်ဆိုတော့ ပြေးဆင်းရင်လည်း မလွယ်ဘူး။
ကိုယ်အပြင်မှာ ရှိနေတဲ့အချိန် ငလျင်လှုပ်ရင် ကောင်းမှာပဲ”
ဟု ဒေါ်အိသက်က စိုးရိမ်စွာ ဆိုသည်။

ရန်ကုန်ကို အခြေပြုသည့် ငလျင်လှုပ်ပါက နှစ်ကြာနေသည့်
တိုက်ခန်း၊ အဆောက်အအုံများက ပြိုကျနိုင်သည့်
အဆောက်အအုံ များပြားကြောင်း Nice Capital
ဆောက်လုပ်ရေး လုပ်ငန်းမှ အုပ်ချုပ်မှုဒါရိုက်တာ
ဦးစိုးဝင်းက ပြောကြားသည်။

“ပြင်းအား ရစ်ချက်စတာ ၇ လောက် အထိ လှုပ်နိုင်မယ်ဆိုရင်
ပြိုကျနိုင်မယ့်တိုက်တွေ များတယ်။ ကိုယ်တိုင်တွေ့ဖူးထားလို့။
တချို့ လိုင်စင်မရှိဘဲ ဆောက်တဲ့ တိုက်တွေဆို ပိုဆိုးနိုင်တယ်”
ဟု ၎င်းက ဆိုသည်။

၁၉၁၇ ခုနှစ်က ရန်ကုန်တွင် ပြင်းအား ရစ်ချက်စတာ စကေး
၇ ဒသမ သုည ရှိသော ငလျင်လှုပ်ခတ်သွားရာ လူသေဆုံးမှု
မရှိဘဲ အဆောက်အအုံများ ပြိုကျပျက်စီးမှုသာ ရှိခဲ့သည်။

ယင်းနောက်ပိုင်း ၁၉၃၀ ခုနှစ်က စစ်ကိုင်းပြတ်ရွေ့ကြောင့်
လှုပ်သည့် ပဲခူးငလျင်ကြောင့် ပဲခူးမြို့ရှိ ရွှေမော်ဓောဘုရား
စိန်ဖူးတော် မြေခသည့်အပြင် လူဦးရေ ၅၀၀ ခန့် သေဆုံး
ကြောင်း မှတ်တမ်းများအရ သိရသည်။ ယင်းအရှိန်ကြောင့်
ရန်ကုန်တွင်လည်း ပျက်စီးဆုံးရှုံးခဲ့ပြီး လူ ၅၀ ခန့်
သေဆုံးခဲ့သည်။

စစ်ကိုင်းပြတ်ရွေ့ကြော၏ အနောက်ဘက် ၃၅ ကီလိုမီတာ
အကွာ မြစ်သုံးစင်းပေါ်တွင် မင်းမူနေသည့် ရန်ကုန်။
မြေသားနုပေါ်တွင် တည်ထားကာ ဒေးဒရဲပြတ်ရွေ့နှင့်
နီးကပ်နေသည့်မြို့။
ထိုမြို့အတွက် ငလျင်က အခန့်သား ရှိနေသည်။

ရန်ကုန်သည် အကာအကွယ်မဲ့နေဆဲ။
သဘာဝဘေးများကို ကြောက်လန့်နေရဆဲပင်။
အထူးသဖြင့် ငလျင်နှင့် ပတ်သက်လျှင် ရန်ကုန်၏ လုံခြုံမှုက
စိုးရိမ်ဖွယ် ဖြစ်နေဆဲ။

“တိုက်ခန်းကတော့ ကန်ထရိုက်ဆီက ဝယ်လိုက်တာ။
ဝယ်တုန်းကတော့။ ငလျင်ဒဏ်ခံနိုင်လား ဆိုတာမျိုး မမေးမိဘူး။
နောက်မှမေးကြည့်ရဦးမယ်” ဟု ပုစွန်တောင်မြို့နယ်ရှိ
ငါးလွှာတိုက်ခန်းတွင် နေထိုင်သူ ဧည့်လမ်းညွှန်
ဦးဇော်မင်းလှိုင်က ဆိုလေသည်။

(ဥမ္မာလွင်)

*****

၂။ "ငလျင်လှုပ်ရင် လုပ်သင့်တဲ့အချက်များ"

အိမ်ထဲမှာဆိုရင်
။။။။။။။။။။။။။။။။။။

- ကြမ်းပြင်ပေါ်ဝပ်ချပြီး အကာအကွယ်တစ်ခုခုအောက်ထဲ
အမြန်ဆုံးပြေးဝင်ပါ။
ဥပမာ - စားပွဲခုံလိုနေရာ အောက်ကို ဝင်ပါ။

- တကယ်လို့ ခိုလှုံစရာ စားပွဲခုံမရှိဘူးဆိုရင်တော့ ခေါင်းကို
လက်နဲ့အုပ်ထားပြီး အဆောက်အဦးရဲ့ ထောင့်တစ်နေရာရာမှာ
ဝပ်နေပါ။

- မှန်တွေ၊ နံရံတွေနဲ့ ပြုတ်ကျနိုင်တဲ့အရာတွေနဲ့ အတတ်နိုင်ဆုံး
ဝေးနိုင်သမျှဝေးအောင်နေပါ။

- ငလျင်လှုပ်ခတ်မှုလျော့ပါးသွားတဲ့အထိ
ကိုယ်ရှိရာနေရာမှာပဲ ခိုနေပါ။

- အပြင်ဘက်ကိုထွက်မပြေးပါနဲ့၊
စားပွဲခုံရှိမယ်ထင်တဲ့ တခြားအခန်းကိုလည်း မသွားပါနဲ့။
တံခါးဝမှာ နေရတယ်ဆိုတဲ့ အယူအဆကလည်း မမှန်ပါဘူး။

အိမ်ပြင်မှာဆိုရင်
။။။။။။။။။။။။။။။။။။။။

- အဆောက်အဦးတစ်ခုရဲ့ အပြင်ဘက်ကို ရောက်နေတုန်း
ငလျင်လှုပ်တယ်ဆိုရင်တော့ အခြားတစ်စုံတစ်ယောက် ကိုမျှ
ကယ်ဖို့မကြိုးစားပါနဲ့။
အဆောက်အဦး တစ်ခုခုထဲ ပြေးဝင်ခိုလှုံတာမျိုးမလုပ်ပါနဲ့။

- အဆောက်အဦး၊ ဓာတ်တိုင်နဲ့ လျှပ်စစ်ဝါယာကြိုးတွေရဲ့
အဝေးမှာနေပါ။

ကားထဲမှာဆိုရင်
။။။။။။။။။။။။။။။။။။။

- ငလျင်လှုပ်တာနဲ့ ကားကိုချက်ချင်းရပ်ပြီး ကားထဲမှာပဲနေပါ။

- အဆောက်အဦး၊ သစ်ပင်နဲ့ လျှပ်စစ်ဝါယာကြိုးတွေနား
မသွားပါနဲ့။

ကမ်းခြေနားမှာဆိုရင်
။။။။။။။။။။။။။။။။။။။။။။။။

- ပယ်လယ်ကမ်းခြေနားမှာဆိုရင်တော့ ဆူနာမီလို
လှိုင်းလုံးကြီးတွေ ကမ်းပေါ်ရောက်လာနိုင်တာကြောင့်
ကြိုတင် ပြင်ဆင်သင့်ပါတယ်။

ပိတ်မိနေရင်
။။။။။။။။။။။။။။။

ငလျင်လှုပ်ပြီးလို့ အဆောက်အဦးတစ်ခုထဲညပ်ပြီး
ပိတ်မိနေတယ်ဆိုရင်တော့ အကူအညီကိုမျှော်လင့်ရမှာပဲ
ဖြစ်ပါတယ်။
အကူအညီမလာခင် ဒီအချက်တွေမလုပ်ပါနဲ့။

- မီးခြစ်မခြစ်နဲ့

- ခန္ဓာကိုယ်ကိုမရွှေ့နဲ့၊ ပါးစပ်ကို အဝတ်တစ်ခုခုနဲ့
ပိတ်ထားပါ။

- တစ်ယောက်ယောက်ကြားနိုင်အောင် နံရံတွေ၊
ပိုက်လုံးတွေကို ခေါက်ပါ။

- လေချွန်တာမျိုးလိုမျိုးဖြစ်ဖြစ် အသံပြုပါ။

- အော်တာဟာ အန္တရယ်ရှိတဲ့အမှုန်တွေကို ရှုမိစေပါတယ်။

credit - The Voice & Duwun

**********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

"ရွှေဈေးကွက်အတွင်း တိုးတက်မှုဖြစ်စဉ်များ"

"ရွှေဈေးကွက်အတွင်း တိုးတက်မှုဖြစ်စဉ်များ"

၁။ "ကုမ္ပဏီ မှတ်ပုံတင် ခွင့်ပြုချက်ရရှိပြီ ဖြစ်သည့်အတွက်
ရွှေဈေးကွက်အတွင်း ရောင်းမှားဝယ်မှား ဖြစ်ပေါ်ပါက
ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း အနေဖြင့်
တရားဝင် ဖြေရှင်းပေးနိုင်မည်"

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အနေဖြင့်
ကုမ္ပဏီ မှတ်ပုံတင် ခွင့်ပြုချက် ရရှိထားပြီဖြစ်သဖြင့်
ရွှေဈေးကွက်အတွင်း ရောင်းမှားဝယ်မှားများ ဖြစ်ပေါ်လာပါက
တရားဝင်ဖြေရှင်းပေးနိုင်ပြီ ဖြစ်ကြောင်း ဇန်န၀ါရီ ၁၃ ရက်က
ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ
အသင်း န၀မအကြိမ်မြောက် နှစ်ပတ်လည် အသင်းသား
စုံညီ အစည်းအဝေး အခမ်းအနားမှ သိရသည်။

“ကုမ္ပဏီ မှတ်ပုံတင်ကို နိုင်ငံတော်က ခွင့်ပြုပေးလိုက်တဲ့
အတွက် အရောင်းအ၀ယ် လုပ်တဲ့အခါမှာ တရားဝင်
ဖြစ်သွားပါတယ်။
တစ်ချိန်တုန်းက အရောင်းအ၀ယ် လုပ်တဲ့အခါမှာ ရောင်းမှား
ဝယ်မှား ဖြစ်ခဲ့လို့ရှိရင် မင်းတို့အသင်းက တရားဝင်လား
ဆိုတဲ့ မေးခွန်းကို ကျွန်တော်တို့ ရဲရဲဝံ့ဝံ့ဖြေနိုင်သွားပါပြီ။
ကျွန်တော်တို့ အရောင်းအ၀ယ်မှာ အမှားအယွင်း ရှိခဲ့လို့ရှိရင်
ဖြေရှင်းပေးနိုင်ပါပြီ” ဟု ရန်ကုန်တိုင်းဒေသကြီး
ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့် က
ပြောကြားသည်။

ရန်ကုန်ရွှေဈေးကွက်အတွင်း ပစ္စည်းသိမ်း ငွေပေးချေမှုများကို
ညနေပိုင်းမှသာ ဆောင်ရွက်သဖြင့် ငွေပေးမည့် အချိန်တွင်
ရွှေဈေးနှုန်း အတက်အကျများကြောင့် ရောင်းသူ ၀ယ်သူများ
အကြား အငြင်းပွားမှုများ မကြာခဏဖြစ်ပေါ်လေ့ရှိကြောင်း
သိရသည်။

“စာရင်းမှားတာ ရှိတယ်၊
ငွေအပေးအယူ ကြာတာ ရှိတယ်။
ညနေ ၄ နာရီမှာ ပစ္စည်းသိမ်း ငွေပေးတော့ အဲဒါလုပ်ရတဲ့
အတွက် ငွေလာပို့တာ နည်းနည်းနောက်ကျတာတို့
တစ်နာရီ နှစ်နာရီလောက် ကွာသွားတဲ့အချိန်မှာ ဈေးက
ပြုတ်ကျသွားရော။ ဈေးတက်နေရင်တော့ ပြဿနာမရှိဘူး။
လက်ခံတဲ့သူက ဈေးကကျသွားချိန်မှာ အဲဒီမှာ စကားတွေ
များရရော။
အဲဒီတော့ အသင်းကနေပြန်ပြီးတော့ ဖျန်ဖြေပေးရတာပေါ့။
ပမာဏများတဲ့ အခါကျတော့ ကျွန်တော်တို့ ပြဿနာ
ရှိလာတယ်ပေါ့။ ရှုံးတဲ့လူက မကျေနပ်ဘူး။
အသင်းက တရားဝင် ဟုတ်တာတို့ မဟုတ်တာတို့တွေပေါ့”
ဟု ဦးမျိုးမြင့်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း ရွှေအရောင်းအ၀ယ်
ပြုလုပ်ရာတွင် ပြည်တွင်း ပြည်ပသို့ တင်သွင်းတင်ပို့ခြင်း
လုပ်ကိုင်နိုင်မည်ဖြစ်ပြီး စတော့ရွှေဈေးကွက်အထိ တိုးချဲ့
ရောင်းချနိုင်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး
ရွှေလုပ်ငန်းရှင်များ အသင်းမှ သိရသည်။

(ဇေယျာငြိမ်း)

*****

၂။ "စင်ကာပူနှင့် ဟောင်ကောင်တို့ မြန်မာ့ရွှေဈေးကွက်
ဝင်ရန်ပြင်"

စင်ကာပူနှင့် ဟောင်ကောင်တို့က ပြည်တွင်းရွှေဈေးကွက်
အတွင်းသို့ ဝင်ရောက် ရင်းနှီးမြှုပ်နှံရန် ကမ်းလှမ်းမှုများ
ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ
အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။

စင်ကာပူ၊ ဟောင်ကောင်တို့က ရွှေထုတ်လုပ်ခြင်းမှ အစ
လက်ဝတ်ရတနာ ရောင်းဝယ်ရေးအထိ လုပ်ကိုင်
လိုကြကြောင်း၊
မကြာမီကာလအတွင်း ပြည်ပသို့ ရွှေတင်ပို့၊ တင်သွင်းခြင်း
စသည့်လုပ်ငန်းများ လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်သောကြောင့်
ယခုနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်
လာနိုင်ကြောင်း ၎င်းက ပြောဆိုသည်။

“သူတို့ကတော့ ဆက်တိုက်ပဲ လာပြီးဆွေးနွေးတယ်။
တူးဖော်ရေးအပိုင်းနဲ့ ပတ်သက်ပြီး သတ္တုတွင်းနည်းဥပဒေ
ထွက်ရှိဖို့ ကျန်နေသေးတယ်။
ဒီဟာထွက်လာရင် ပြည်ပနိုင်ငံတွေက ပြည်တွင်းမှာ
ကိုယ့်အိမ်လို သဘောထားပြီး ရင်းနှီးမြှုပ်နှံကြလိမ့်မယ်။
ဘာလို့လဲဆိုတော့ ပြည်တွင်းအနေအထားဟာ ဘယ်နေရာ
ကြည့်ကြည့် ရွှေထွက်နိုင်တယ်” ဟု ၎င်းက ဆိုသည်။

ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများများ ဝင်ရောက်မှသာ
ရွှေဈေးကွက်တွင် လိုအပ်နေသည့် နည်းပညာများကို
ရရှိမည်ဖြစ်ကြောင်း၊
ပြည်တွင်းတွင် အဓိကသုံးစွဲနေသည့် နည်းပညာမှာ
ဂျာမနီနိုင်ငံ၏ နည်းပညာဖြစ်ပြီး တစ်နေ့လျှင်
တန်ထောင်နှင့်ချီ ထွက်သည့် ရွှေကျင်စက်များလည်း
လိုအပ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး
ရွှေလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

ဟောင်ကောင်ကမူ တရုတ်မှ ရွှေများကို တင်သွင်းပြီး
ပြည်တွင်း၌ လက်ဝတ်ရတနာများကို ထုတ်လုပ်၍
ပြည်ပနိုင်ငံများသို့ တင်ပို့လိုကာ ပြည်တွင်းလုပ်ငန်းရှင်များ
နှင့်လည်း ဖက်စပ်လုပ်ကိုင်ရန်လည်း ဆန္ဒရှိကြောင်း
ရွှေလုပ်ငန်းရှင် ဦးအောင်မြင့်က ပြောကြားသည်။

“ရွှေစတော့အိတ်ချိန်းတစ်ခု ပေါ်လာရင်
ရွှေအရောင်းအဝယ်ဈေးကွက်တွေ ပိုကောင်းလာမယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမလာခင် စတော့အိတ်ချိန်းတစ်ခု
တည်ဆောက်နိုင်ရင် ပိုကောင်းမယ်”ဟု
၎င်းက ပြောဆိုသည်။

*****

၃။ "ပြည်တွင်းရွှေအရောင်းအ၀ယ်ပြုလုပ်ရာတွင်
ရွှေတစ်ကျပ်သား ၁၆ ဒသမ ၆၀၆ ဂ၇မ် ရှိရမည်ဟု သတ်မှတ်"

ပြည်တွင်းရွှေအရောင်းအ၀ယ်ပြုလုပ်ရာတွင်
ရွှေတစ်ကျပ်သားလျှင် ၁၆ ဒသမ ၆၀၆ ဂရမ်ရှိရမည်
ဖြစ်ကြောင်း ဒီဇင်ဘာ ၉ ရက်ကပြုလုပ်သည့် မြန်မာနိုင်ငံ
ရွှေလုပ်ငန်းရှင်များအသင်း (၁၅) ကြိမ်မြောက် နှစ်ပတ်လည်
အသင်းသား စုံညီအစည်းအဝေးမှ သိရသည်။

“ကျွန်တော်တို့နိုင်ငံမှာ ချိန်တွယ်တဲ့အခါမှာ တစ်နေရာမှာနဲ့
တစ်နေရာ ချိန်တွယ်တဲ့ အလေးချင်းမတူဘူး။
ရန်ကုန်မှာဝယ်တဲ့တစ်ကျပ်သားကို မန္တလေးမှာ၊ တောင်ကြီး
မှာ ချိန်ရင် အလေးချိန်မတူဘူး။
တစ်နေရာနဲ့တစ်နေရာဝယ်တဲ့ အလေးချိန်ချင်း မတူတဲ့အခါ
ကျွန်တော်တို့က စံတစ်ခု တစ်နိုင်ငံလုံးဖြစ်ချင်တယ်။
ဖြစ်ချင်တဲ့အခါ တစ်ကျပ်သားကို ၁၆ ဒသမ ၆၀၆ ဂ၇မ်
ရှိရမယ်လို့ ကျွန်တော်တို့က သတ်မှတ်လိုက်တယ်။
အဲဒီလိုသတ်မှတ်ရတဲ့အကြောင်းရင်းက တစ်နိုင်ငံလုံးကို
ဘယ်နေရာပဲ သွားဝယ်သွားဝယ် ဒီတစ်ကျပ်သားကိုဝယ်ရင်
ဒီစံ ဒီအလေးချိန်အတိုင်း ရှိကိုရှိရမယ်။ အဲဒီလို စံပေါ့။
ပထမသတ်မှတ်လိုက်တာ။ ဒါအလေးချိန်ပဲ” ဟု မြန်မာနိုင်ငံ
ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးကျော်ဝင်းက
မီဒီယာများ၏ မေးမြန်းမှုကိုဖြေကြားသည်။

ထို့ပြင် ပြည်တွင်း၌ ရွှေရောင်းဝယ်ရာတွင် တိကျသည့်
အရည်သွေး သတ်မှတ်ချက်ရှိရန် လိုအပ်သည့်အတွက်
ရောင်းဝယ်မည့်ရွှေများ၏ အရည်အသွေးမှာ
၁၉ ဒသမ ၂၅ သိပ်သည်းစ (Density) ရှိရမည်ဟု
သတ်မှတ်ထားကြောင်း သိရသည်။

“အဲဒီတော့ ကွာလတီပြည့်တဲ့အနေအထားက
နိုင်ငံတကာမှာတော့ ၉ လေးလုံးပေါ့၊ ၉ လေးလုံးက
ကျွန်တော်တို့ Density နဲ့တိုင်းတော့ ၁၉ ဒသမ ၃၁၊ ၃၂
စသဖြင့် ရှိပါတယ်။
သို့သော်လည်း ကျွန်တော်တို့နိုင်ငံက ဒီလောက်ထိ
နည်းပညာအဆင့်မရှိသေးဘူး။
မရှိသေးတော့ ၁၉ ဒသမ ၃၁၊ ၃၂ လောက်သတ်မှတ်လိုက်ရင်
သန့်စင်ရေးမှာ အခက်အခဲရှိတဲ့အတွက် ရွှေနဲ့စံမီရမယ်။
ကွာလတီလည်းမီရမယ်။ နိုင်ငံတကာလည်း တိုးလို့ရအောင်
အနည်းဆုံးအဆင့်က ၁၉ ဒသမ ၂၅ ရှိရမယ်ဆိုပြီးမှ
သတ်မှတ်လိုက်တာ။ ၁၉ ဒသမ ၂၅၊ ၂၆၊ ၂၇၊ ၂၈ စသဖြင့်
အဲဒီလောက်ရှိမှ စံလို့သတ်မှတ်လို့ ရတာ” ဟု ဦးကျော်ဝင်းက
ဆက်လက်ပြောကြားသည်။

သတ်မှတ်ထားသည့် အလေးချိန် စံချိန်စံညွှန်းနှင့်
အရည်အသွေး စံချိန်စံညွှန်းများအတိုင်းရောင်းချရန် ပြည်နယ်
နှင့်တိုင်းဒေသကြီး အားလုံးရှိ ရွှေလုပ်ငန်းရှင်များအသင်းနှင့်
ရွှေလုပ်ငန်းရှင်များအား အကြောင်းကြားထားပြီးဖြစ်ကြောင်း
သိရသည်။

နိုင်ငံတကာနှင့် ရွှေရောင်းဝယ်ရာတွင် ပိုမိုအဆင်ပြေစေရန်
မြန်မာ့ရွှေဈေးကွက်အတွင်း အသုံးပြုနေသည့်
ကျပ်၊ ပဲ၊ ရွေးစနစ်ဖြင့် ရောင်းချမှုမှ နိုင်ငံတကာသုံး
စံချိန်စံညွှန်း ဂရမ်စနစ်သို့ ပြောင်းလဲနိုင်ရန် ပြီးခဲ့သည့်
အောက်တိုဘာလကုန်ပိုင်းက ရန်ကုန်မြို့ရှိ ကုန်သည်စက်မှု
အသင်းချုပ်တွင် ရွှေလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးခဲ့ပြီး
အစိုးရထံတင်ပြခဲ့ကြောင်း သိရသည်။

(ဇေယျာငြိမ်း)

credit - Eleven Media Group & The Voice

“မှတ်ချက်”

အိမ်ခြံမြေ အကြောင်းအရာများနှင့်  မသက်ဆိုင်သော်လည်း
စီးပွါးရေးနှင့်ဆိုင်ရာ ဆောင်းပါး/သတင်းများ ဖြစ်နေပါသဖြင့်
မိတ်ဆွေများ လေ့လာနိုင်ရန် တင်ခဲ့ခြင်းဖြစ်ပါသည်။

“အိမ်ခြံမြေ လမ်းဆုံ”

**********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

“လှုပ်ရှားစပြုလာသော ရန်ကုန်၏ မိုးပျံလမ်း စီမံကိန်းများ”

“လှုပ်ရှားစပြုလာသော ရန်ကုန်၏ မိုးပျံလမ်း စီမံကိန်းများ”

၁။ "ရန်ကုန် မိုးပျံလမ်းစီမံကိန်း ဘဏ္ဍာရေး အကြံပေး
ဝန်ဆောင်မှု သဘောတူစာချုပ် ချုပ်ဆို"

ရန်ကုန်မြို့တွင် ဖောက်လုပ်မည့် အရှည် ၂၀.၅ ကီလိုမီတာ
ရှိ လေးလမ်းသွား တောင်- မြောက်
Elevated Express-way Toll Road မိုးပျံလမ်း စီမံကိန်း
အတွက် ဘဏ္ဍာရေးအကြံပေး ဝန်ဆောင်မှုများ ဆိုင်ရာ
သဘောတူစာချုပ်ကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့်
Inter-national Finance Corporation (IFC) တို့
ဇန်နဝါရီ ၁၁ ရက် က လက်မှတ်ရေးထိုးကြောင်း
အစိုးရသတင်းက ဆိုသည်။

ယင်း စီမံကိန်းသည် ရန်ကုန်မြို့ ယာဉ်ကြောကျပ်တည်းမှုကို
ကူညီဖြေရှင်းနိုင်မည် ဖြစ်ပြီး၊
- ဟံသာဝတီ လေဆိပ်အသစ် စီမံကိန်း၊
- ရန်ကုန်- မန္တလေး အမြန်လမ်း စီမံကိန်း၊
- သီလဝါ စက်မှုဇုန်တို့နှင့် ချိတ်ဆက် ပေးသွားမည်
ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းကို အကောင်အထည်ဖော်ရာတွင်
နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးနှင့်
စီမံခန့်ခွဲမှုများကို ဆောင်ရွက်ရန် ကမ္ဘာ့ဘဏ်၏ အဖွဲ့ဝင်
International Finance Corporation (IFC) ကို
Advisory Transaction ဆိုင်ရာများကို ငှားရမ်းခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။

ယခု စီမံကိန်းသည် ရန်ကုန် Inner Ring Road ၏
- အရှေ့ဘက်ခြမ်း ကမ်းနားလမ်းမှ မင်္ဂလာဒုံစက်မှုဇုန်
အထိအပိုင်း ၂၂ ဒသမ ၅ ကီလိုမီတာ ဖြစ်ပြီး ၊
- မင်္ဂလာဒုံ စက်မှုဇုန်မှ အမှတ်(၃) လမ်းမကြီးမှ တဆင့်
လက်ရှိ ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးနှင့်
သွားရောက် ဆက်သွယ်မည့် အပိုင်း ၁၅ ကီလိုမီတာ
ဖြစ်သည်။

ထို့အပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို
၃ ကီလိုမီတာရှည်သည့် အမြန်လမ်းဖြင့် ချိတ်ဆက်ကာ
ဟံသာဝတီလေဆိပ်အသစ်ဖြင့် ချိတ်ဆက်ရန် ရည်ရွယ်ပြီး၊
ရန်ကုန်မြို့တွင်းမှ မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ
လေဆိပ်သို့ မိနစ် ၂၀ခန့်ဖြင့် လည်းကောင်း၊
ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ၅၅ မိနစ်ခန့်ဖြင့်
လည်းကောင်း သွားရောက်နိုင်မည်ဖြစ်ကြောင်း
သိရသည်။

(ဧရာဝတီ)

*****

၂။ "ရန်ကုန်တွင် မိုးပျံအမြန်လမ်း တည်ဆောက်ရန် အတွက်
မြန်မာအစိုးရနှင့် ကမ္ဘာ့ဘဏ်၏ IFC တို့ သဘောတူ"

ရန်ကုန်မြို့တွင် အဆင့်မြင့်မိုးပျံ အမြန်လမ်းမတစ်ခုကို
အကောင်အထည် ဖော်တည်ဆောက်ရာတွင် အကြံပေး
ဝန်ဆောင်မှုပြုရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့်
ကမ္ဘာ့ဘဏ်အုပ်စု အဖွဲ့အစည်း တစ်ရပ်ဖြစ်သော
IFC (International Finance Corporation) တို့
ဇန်နဝါရီ ၁၁ ရက်က သဘောတူညီချက်လက်မှတ်ရေးထိုး
ခဲ့ကြောင်း သိရသည်။

အဆိုပါ သဘောတူညီချက်အရ ဆောက်လုပ်ရေးဝန်ကြီးဌာန
အနေဖြင့် IFC ကို မြန်မာနိုင်ငံ၏ လူဦးရေအများဆုံးနှင့်
စီးပွားရေး အချက်အချာအကျသည့် ရန်ကုန်မြို့အတွင်း
အဆင့်မြင့် အခွန်ကောက်ခံမှုဖြင့် ပြုပြင်ထိန်းသိမ်းမည့်
၂ဝ ဒသမ ၅ ကီလိုမီတာရှည်လျားသော မြောက်မှတောင်သို့
ဆက်သွယ်သည့် လေးလမ်းသွား မိုးပျံ အမြန်လမ်းမ
တည်ဆောက်မှုတွင် ဦးဆောင်အကြံပေးအဖြစ်
ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း IFC ၏ သတင်းထုတ်ပြန်ချက်
အရ သိရသည်။

အဆိုပါ လုပ်ငန်း၏အစိတ်အပိုင်းတစ်ရပ်အဖြစ် IFC
အနေဖြင့် ပြီးပြည့်စုံသောတည်ဆောက်မှု၊ စီမံခန့်ခွဲမှု၊
လုပ်ငန်းလည်ပတ်မှုနှင့် အခြားဝန်ဆောင်မှုများကို စနစ်တကျ
ပြုပြင်ထိန်းသိမ်းပေးနိုင်သည့် အတွေ့အကြုံကောင်းများစွာ
ပိုင်ဆိုင်သော အရည်အသွေး ပြည့်ဝသည့် ပုဂ္ဂလိက
ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုရွေးချယ်ရန်အတွက်
နိုင်ငံတကာအဆင့်မီ တင်ဒါယှဉ်ပြိုင်မှု တစ်ရပ်ကို
ဆောင်ရွက်သွားမည်ဖြစ်ပြီး တင်ဒါအနိုင် ရရှိသူ အနေဖြင့်
၂ဝ၁၉ ခုနှစ် နှစ်စပိုင်းတွင် စတင် အကောင်အထည်
ဖော်နိုင်မည်ဖြစ်ပြီး စီမံကိန်းကာလမှာ နှစ်နှစ်မှ သုံးနှစ်
ဖြစ်ကြောင်း သိရသည်။

မိုးပျံအမြန်လမ်းစီမံကိန်းသည် တောင်ဘက်ပိုင်းရှိ
ရန်ကုန်ဆိပ်ကမ်းနှင့် သီလဝါအထူးစီးပွားရေးဇုန်နှင့်
မြောက်ပိုင်းရှိ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊
ရန်ကုန်စက်မှုဥယျာဉ်နှင့် ရန်ကုန်- မန္တလေးအမြန်လမ်းတို့ကို
ချိတ်ဆက်မှု တိုးတက်ကောင်းမွန်စေခြင်းဖြင့် စီးပွားရေး
ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည့် စီမံကိန်း
တစ်ရပ်ဖြစ်ကြောင်း သိရသည်။

''အခြေခံအဆောက်အအုံ တွေအပေါ် ကြီးမားစွာ ရင်းနှီး
မြှုပ်နှံမှု၊ အထူးသဖြင့် အဓိကသယ်ယူပို့ဆောင်ရေးဧရိယာ
များမှာ ရင်းနှီးမြှုပ်နှံမှုက မြန်မာနိုင်ငံရဲ့ရေရှည် ခိုင်မြဲတဲ့
စီးပွားရေးတိုးတက်မှုအတွက် အထူးအရေးပါတယ်။
ဘာလို့လဲဆိုတော့ ဒါဟာ နိုင်ငံရဲ့ ဈေးကွက်ချိတ်ဆက်မှုနဲ့
လူမှုရေး ဆိုင်ရာ ဝန်ဆောင်မှုတွေကို တိုးမြှင့်ပေးလို့
ဖြစ်ပါတယ်''ဟု ဆောက် လုပ်ရေးဝန်ကြီးဌာနမှ
ဒုတိယညွှန်ကြားရေးမှုချုပ်(စီမံကိန်း) ဦးကြည်ဇော်မြင့် က
ပြောသည်။

IFC  ၏ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ Vikram kumar က
''နိုင်ငံတကာ စံချိန်စံညွှန်းမီ ပထမဆုံး PPP  စနစ်ဖြင့်
တည်ဆောက်မယ့် မိုးပျံလမ်းမစီမံကိန်း ဖြစ်တဲ့အတွက်
ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများကိုဆွဲဆောင်နိုင်တဲ့
နိုင်ငံအဝန်း PPP လုပ်ငန်းဖော်ဆောင်မှုနှင့်ပတ်သက်တဲ့
အစဉ်အလာ ကောင်းတစ်ရပ်ကိုလည်းဖြစ်ထွန်းစေမှာ
ဖြစ်ပါတယ်။
ဒါ့အပြင် လူထုနှင့် စီးပွားရေး လုပ်ငန်းစုများ အကြား
ချိတ်ဆက်မှုနှင့် ကူးသန်းသွားလာမှုတို့ကို တိုးမြှင့်ပေးနိုင်တဲ့
အပြင် နိုင်ငံရဲ့ယှဉ်ပြိုင်မှုနှင့် ထုတ်လုပ်မှုများကိုလည်း
တိုးတက်ထွန်းကား စေမှာဖြစ်ပါတယ်'' ဟု ပြောသည်။

၂ဝ၃ဝ ပြည့်နှစ်အထိ မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေး
အခြေခံအဆောက်အအုံအပေါ် ရင်းနှီးမြှုပ်နှံမှုသည်
ဒေါ်လာ ၄၈ ဘီလီယံအထိ လိုအပ်မည်ဟု
ခန့် မှန်းထားကြောင်း၊
မိုးပျံလမ်းမကြီး တည်ဆောက်မှုစီမံကိန်းသည် ပုဂ္ဂလိက
အခန်းကဏ္ဍမှ ဒေါ်လာသန်း ၃၅ဝ မှ သန်း ၄ဝဝ အထိ
အသုံးပြုသွားမည်ဖြစ်ပြီး အစိုးရ၏ ရင်းနှီးမြှုပ်နှံမှု
ဝန်ထုပ်ဝန်ပိုးကိုလည်း လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း
သိရသည်။

အိုင်အက်ဖ်စီသည် ကမ္ဘာ့ဘဏ်၏ ညီနောင်သားချင်း
အဖွဲ့အစည်းဖြစ်ပြီး ကမ္ဘာ့ဘဏ်အုပ်စုဝင် အဖွဲ့အစည်း
တစ်ခုဖြစ်ကာ ထွန်းသစ်စ ဈေးကွက်စီးပွားရေးနိုင်ငံများတွင်
ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကို အဓိက ဦးတည်
ဆောင်ရွက်နေသော ကမ္ဘာ့အကြီးဆုံး ဖွံ့ဖြိုးတိုးတက်ရေး
အဖွဲ့ကြီး ဖြစ်ကြောင်းသိရသည်။

(DT)

*****

၃။ "မိုးပျံလျှပ်စစ်ရထား စီမံကိန်း ရန်ကုန်၌ ၂၀၂၀ တွင်
စတင်မည်ဟု ဆို"

ရန်ကုန်မြို့၌ မိုးပျံလျှပ်စစ်ရထားပြေးဆွဲရေး စီမံကိန်းကို
၂၀၂၀ တွင် စတင်မည်ဟု မြန်မာ့ မီးရထားစီမံကိန်း
ဒါရိုက်တာ ဦးဘမြင့်က ပြောသည်။

အဆိုပါစီမံကိန်းကို ဂျပန်နိုင်ငံ၏ အကူအညီ ရယူ၍
မြန်မာ့မီးရထား၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မည်
ဖြစ်ကြောင်း ဒီဇင်ဘာ ၁၅ ရက်က နေပြည်တော်တွင်
ပြုလုပ်သည့်ရထားကြောင့် မတော်တဆမှုများလျော့ပါးရေး
သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားသည်။

ယင်းစီမံကိန်းကို လုပ်ဆောင်ရန် ယခင်ကတည်းက
လျာထားချက် ရှိသော်လည်း လိုအပ်သည့် လျှပ်စစ် မရရှိ
သဖြင့် အကောင်အထည်မဖော်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း
ဦးဘမြင့်က ပြောသည်။

‘‘လျှပ်စစ်က ၂၀၂၀ ၀န်းကျင်လောက်ကျမှ ကျွန်တော်တို့ကို
အာမခံနိုင်တဲ့အဆင့်ရှိပြီးတော့ အဲဒီ ၂၀၂၀ လောက်ကျရင်
စလုပ်ဖို့အတွက်ကို စီမံချက်ဆွဲပြီးတော့ လုပ်နေပါပြီ’’ ဟု
၎င်းက ဆိုသည်။

စီမံကိန်း  ပြင်ဆင်တည်ဆောက်ရေးလုပ်ငန်း ကာလသည်
လေးနှစ်ခန့်ကြာမြင့်နိုင်၍ ၂၀၂၄ တွင် ပြေးဆွဲမှု စတင်
နိုင်မည်ဖြစ်ပြီး ယင်းစီမံကိန်းအတွက် ကန်ဒေါ်လာ
ငါးဘီလီယံခန့် ကုန်ကျနိုင်မည်ဟု ကနဦးခန့်မှန်းထားကာ
ပုဂ္ဂလိကကဏ္ဍများကိုလည်း ဖိတ်ခေါ်ရန်ရှိသည်ဟု
၎င်းက ပြောသည်။

‘‘သူက TOT လို့ခေါ်တယ်။
ကျွန်တော်တို့ နိုင်ငံကချေးတာတွေ သိပ်များတော့
အဲဒီလိုမျိုးပုံစံ ပြောင်းသွားနိုင်တယ်။
ရန်ကုန် အစိုးရနဲ့ အဲဒါက ပေါင်းလုပ်မှာ။
ကျွန်တော်တို့ချည်းပဲ လုပ်လို့မရဘူး။ အတူပေါင်းလုပ်ရမှာ။
နည်းပညာက ကျွန်တော်တို့ကူညီပြီးတော့ မြေတွေကျတော့
ရန်ကုန်တိုင်းအစိုးရက ကျွန်တော်တို့ကို ပေးမှရမှာလေ။
ရန်ကုန်တိုင်း အစိုးရနဲ့ ပေါင်းပြီးလုပ်မှာ ဖြစ်တယ်။
လျှပ်စစ်ဌာနကလည်း ပေါင်းရမယ်’’ ဟု
ဦးဘမြင့်က ပြောကြားသည်။

‘‘TOT ဆိုတဲ့ သဘောက တော့ ကျွန်တော်တို့ပိုက်ဆံတွေ
အကုန်ချေးစရာမလိုဘူး။ မြေပေး မယ်။ ပိုက်ဆံပေးမယ်။
အဲဒီမှာ သူက ကားပါကင်တွေဆောက်မယ်။
ဟိုတယ်လိုမျိုးတွေ ဆောက် မယ်။
ဒီလုပ်ငန်းနဲ့ အဲဒီလိုမျိုးတွေနဲ့မျှပြီး လုပ်သွားဖို့စဉ်းစား
ထားတာ’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ ရထားလမ်းကြောင်း အသစ်ကို
တောင်နှင့် မြောက်၊ အရှေ့နှင့် အနောက်ဟူ၍ သွယ် တန်း
ပြေးဆွဲရန် ရေးဆွဲထားပြီး လက်ရှိ မြို့ပတ်ရထားလမ်းများ နှင့်
ချိတ်ဆက်သွားမည်ဟု ဆိုသည်။

- တောင်နှင့် မြောက် လမ်းကြောင်းကို ဒလမြို့နယ်မှ
မင်္ဂလာဒုံမြို့နယ်အထိ လည်းကောင်း၊
- အရှေ့နှင့် အနောက်လမ်းကြောင်းကို လှိုင်သာယာမြို့နယ်မှ
ရန်ကုန်မြို့လယ်ကိုဖြတ်ကာ ဒဂုံမြို့သစ်အထိ လည်းကောင်း
ဖောက်လုပ်ရန် စီမံကိန်းရေးဆွဲထားသည်။

ယင်းစီမံကိန်းကို JICA က ရေးဆွဲပြီး လုပ်ငန်း အားလုံးပြီးစီး
ပါက ရန်ကုန်မြို့တွင်း ခရီးသွားလာမှုအပေါ် အကျိုးဖြစ်ထွန်း
လာနိုင်မည်ဟု ဦးဘမြင့်က ဆိုသည်။

ရန်ကုန်မြို့တွင် နေ့စဉ်ခရီး သွား ၂ ဒသမ ၅ သန်းခန့်ရှိပြီး
ခရီးသည်ဦးရေနှစ်သန်းခန့်သည် ဘတ်စ်ကားကိုသာ အဓိက
စီးနင်း အသုံးပြုကြောင်း JICA ၏ စစ်တမ်းများ၌
ဖော်ပြထားသည်။

(မိုးမင်း၊ ပိုင်စိုးသူ)

credit - Irrawaddy Publishing Group /
Democracy Today & 7day Daily

**********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

"အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ခြင်းနှင့် လိုက်နာရန် အချက်များ"

"အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ခြင်းနှင့်
လိုက်နာရန် အချက်များ"


တစ်နေ့က ငယ်သူငယ်ချင်း တစ်ဦး စာရေးသူထံ
ရောက်လာပြီး -

''ယခုနေတဲ့ အဆောက်အအုံနဲ့ တိုက်ခန်းတွေက
ဆွေးနေတယ်။
အချို့က ပြောတော့ ပြင်ဆင်ခွင့် လျှောက်ထားလို့ ရတယ်
ဆိုတာ ဟုတ်သလား၊ ဘယ်လို ဆောင်ရွက်ရတယ်ဆိုတဲ့
ကိစ္စတွေ သိထားချင်လို့ သူငယ်ချင်းဆီလာခဲ့တာ'' ဟု
ပြောပါသည်။

''သူငယ်ချင်း ပြောစကားအရ ဆိုရင်
အဆောက်အအုံ တစ်ခုလုံး ဟောင်းနွမ်း၊ ဆွေးနေတယ်လို့
သဘောရတယ်''

''ဟုတ်တယ်၊ လွန်ခဲ့တဲ့ အနှစ် ၃ဝ လောက်က
ဆောက်ထားတဲ့ ကန်ထရိုက်တိုက်ခန်းတွေ ဖြစ်တယ်''

''အထပ်ဘယ်နှထပ်ရှိလဲ''

''ခြောက်ထပ်ရှိမယ် ထင်တယ်။
ခေါင်မိုးထပ်မှာလည်း လူနေခန်းထပ်ပြီး ဖွဲ့စည်းထားတာ
ရှိတယ်''

''ကန်ထရိုက်တာ တစ်ခြမ်း၊ မြေရှင် တစ်ခြမ်း
ရင်ခွဲဆောက်ထားတယ်ဆိုတော့
အခန်းအရေအတွက်က ....''

''အဲဒီ ပုံစံမဟုတ်ဘူး သူငယ်ချင်း။
တစ်လွှာချင်း၊ ဘေးလှေခါး အတက်နဲ့ ခြောက်လွှာ၊
အပေါ်ဆုံး အခန်းပါဆိုတော့ ခုနစ်ခန်းပေါ့''ဟု
စာရေးသူ၏ စကားမဆုံးမီတွင် သူငယ်ချင်းဖြစ်သူ က
ရှင်းပြခြင်းဖြစ် သည်။

''အိမ်တိုင်တွေက ကွန်ကရစ်တိုင်တွေပဲလား''

''မဟုတ်ဘူး။
သစ်ရိုင်းတွေနဲ့ ဆောက်ထားတာဆိုတော့ တိုင်တွေ က
ခြလိုက်ချင်နေပြီ။
ကြမ်းခင်းတွေကလည်း သစ်သားကြမ်းခင်းတွေ''

''အင်းပေါ့လေ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝ ကျော်ခန့် က
ဆောက်လုပ်ထားတယ်ဆိုတော့ သစ်သားခင်းတွေပဲ
ဖြစ်မှာပေါ့''

''နောက်ဘက် ရေချိုးခန်း၊ ရေအိမ်ခန်းရှိတဲ့ အခြမ်းဘက်
ဆိုရင် အပေါ်ကြမ်းခင်းကနေ ရေအမြဲ စိမ့်ကျနေတာ။
ကြမ်းခင်း ဘိလပ်မြေလည်း အမြဲကွာကျနေတာဆိုတော့
ပြိုများကျလာရင် ဒုက္ခပဲလို့ တွေးမိတယ်''

''ဘေးနံရံတွေကလည်း ရေ စိမ့်ပြီလား''

''ရေစိမ့်ကျနေရုံ မဟုတ်ဘူး။
မိုးတွင်းဆိုရင် ဘေးအုတ်နံရံတွေက ရေတွေစိမ့်ပြီး၊
ရေစီးကြောင်းတွေ စီးကျနေတာ''

''သူငယ်ချင်း ပြောပုံအရတော့ အဆောက်အအုံက
အတော်လေး ဆွေးမြည့်နေတဲ့ သဘောဖြစ်နေတယ်''
အချို့က အန္တရာယ်ရှိ အဆောက်အအုံအဖြစ်
သတ်မှတ်နိုင်တဲ့ အခြေအနေရောက်နေပြီလို့
ပြောကြတယ်''

''ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နမိတ်အတွင်း
ရှိတဲ့ အဆောက်အအုံ ပြင်ဆင်ခွင့်နဲ့ ပတ်သက်လို့
ရန်ကုန်မြို့တော် စည် ပင်သာယာရေး ကော်မတီ
အင်ဂျင်နီယာဌာန (အဆောက်အအုံ) ထံ
လျှောက်ထားရတယ်''

''ပြင်ဆင်မယ့် အပိုင်းကို ပုံဆွဲ ပြီး တင်ပြရမှာလား''

''ဥပဒေအရဆိုရင် အ ဆောက်အအုံ ပြင်ဆင်ခြင်းနဲ့
ပတ်သက်လို့ သုံးမျိုးရှိတယ်။
ပထမအချက်က အသေးစားပြင်ဆင်ခွင့်၊
ဒုတိယပိုင်းက အကြီးစား ပြင်ဆင်ခွင့်၊
တတိယအခြေအနေကတော့ အဆောက်အအုံ တစ်ခုလုံး
ကို ဖြိုဖျက်ပြီး အသစ်ဆောက်လုပ်ခွင့်ဆိုပြီး ရှိတယ်
သူငယ်ချင်း''

''အဆောက်အအုံ တစ်ခုလုံးကို ခိုင်ခန့်အောင် ပြန်ပြင်မယ်
ဆိုရင်တော့ အသေးစား ပြင်ဆင်ခွင့်တော့ ရမယ်
မထင်ဘူး''

''အသေးစားပြင်ဆင်ခွင့်မှာ တိုက်ခန်းရဲ့ ဝဲယာအုတ်နံရံကို
ပလာစတာခွာပြီး ပြန်ချောမယ်၊ ဆေးသုတ်မယ်၊
ခေါင်းမိုးသွပ်လဲမယ်၊ တိုက်ခန်းအတွင်း အထပ်သားနဲ့
အခန်းဖွဲ့မယ်စတဲ့ အသေးစားကိစ္စတွေ ပြင်ဆင်မှုကို
အသေးစား ပြင်ဆင်မှုလို့ သတ်မှတ်ထားတယ်။
အဆောက်အအုံတစ်ခုလုံးကို ပြင်ဆင်မယ်ဆိုရင်တော့
အကြီးစားပြင်ဆင်ခွင့်ကို လျှောက်ထားရတယ်''

''အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ပေးတာ
ရှိတယ်လို့ ပြောကြသူတွေလည်းရှိတယ်။
အန္တရာယ်ရှိ အဆောက်အ အုံအဖြစ် သတ်မှတ်တဲ့ ကိစ္စက
ဘယ်လိုဆိုတာ ရှင်းပြပါဦး''

''ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၅၁ မှာ
လူနေထိုင် အသုံးပြုရန် မသင့်လျော်သည့် အဆောက်အအုံ
ဖြစ်ပြီး အန္တရာယ်ဖြစ်စေနိုင်ပါက ဘေးအန္တရာယ်ရှိ
အဆောက်အအုံ အဖြစ် သတ်မှတ်ခြင်း၊
ယင်း အဆောက်အအုံမှာ နေထိုင်အသုံးပြုသူများကို
ဖယ်ရှားရန် ညွှန်ကြားခြင်း၊
အဆောက်အအုံအား ဖျက်သိမ်းခြင်း၊
အသစ်ပြန်လည်တည်ဆောက်ခြင်း ကိစ္စရပ်များကို
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက
ဆောင်ရွက်နိုင်တယ် လို့ ပြဋ္ဌာန်းထားတယ်။
ဒါကြောင့်
သက်ဆိုင်ရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အ အုံ) က
လာရောက် စစ်ဆေးပြီး လူနေရန် မသင့်လျော်တော့ဘဲ
အန္တရာယ်ရှိနိုင်တဲ့ အဆောက်အအုံဖြစ်ရင် အန္တရာယ်ရှိ
အဆောက် အအုံအဖြစ် သတ်မှတ်ပေးမှာ ဖြစ်တယ်''

''အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ပေးပေမယ့်
နေထိုင်သူတွေက ဆင်းမပေးဘဲ နေနိုင်သမျှ ဆက်နေရင်
ဘာဖြစ်နိုင်သလဲ''

''ပုဒ်မ ၅၂ မှာ ပုဒ်မ ၅၁ ပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို
နေထိုင်သူတို့က လိုက်နာရန် ပျက် ကွက်လျှင်
ပျက်ကွက်သူထံ မြို့တော်စည်ပင်သာယာရေးကော်မတီ ၏
ဖျက်သိမ်းဖယ်ရှားရှင်းလင်းရေး အဖွဲ့က ရက်ပေါင်း ၃ဝ
အတွင်း ဖျက်သိမ်းရှင်းလင်းဖယ်ရှားပေးရန် အမိန့်
ထုတ်ဆင့်နိုင်တယ်။
ထုတ်ဆင့်တဲ့ အမိန့်ကို လိုက်နာရန် ပျက်ကွက် ငြင်းဆိုရင်
ဖျက်သိမ်း ရှင်းလင်းရေးအဖွဲ့က နေထိုင်အသုံးပြုသူ
အပါအဝင် အဆောက်အအုံနဲ့ ပစ္စည်းများကို ဖျက်သိမ်း
ဖယ်ရှားနိုင်တယ်။
ဖျက်သိမ်းဖယ်ရှားခြင်းအောင်မြင်နိုင်ရန် အတွက်
သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ လုံခြုံရေးနဲ့
အခြားအကူအညီတွေ တောင်းခံနိုင်တယ်လို့
ပြဋ္ဌာန်းထားတယ်''

''ပြင်ဆင်ဆောက်လုပ်ခွင့်ပြုတဲ့အခါမှာ အချိန်ကာလ
သတ်မှတ်ပေးတာရှိသလား၊ သတ်မှတ်ထားတဲ့ စည်းကမ်း
ထက်ကျော်လွန် ဆောက်လုပ်တဲ့ ကိစ္စရပ်တွေ ရှိခဲ့ရင်
ဘယ်လို အရေးယူတာတွေ ရှိသလဲ''

''ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ ၆၁ မှာ
အဆောက်အအုံပြင်ဆင် ဆောက်လုပ်ခြင်းနဲ့ ပတ်သက်လို့
တားမြစ်ချက်တွေကို ပြဋ္ဌာန်းထားတယ်။
ခွင့်ပြုသတ်မှတ်ထားတဲ့ ပုံစံ အချက်အလက်များထက်
ကျော်လွန်ပြီး ဆောင်ရွက်ပိုင်ခွင့် မရှိပါဘူး။
ဆောင်ရွက်ပါက ကျော်လွန် ဆောက်လုပ်ထားတဲ့အပိုင်းကို
ပြန်လည်ဖျက်သိမ်းအရေးယူ ဆောင်ရွက်သွားမှာ
ဖြစ်ပါတယ်။
ဒါ့အပြင် မည်သူမျှ လူနေထိုင်ခြင်းမပြုရန် တားမြစ်ချက်
သင်္ကေတ အမှတ်အသား ရေးမှတ်ထားတဲ့ အဆောက်အအုံ၊
ဒါမှမဟုတ် အဆောက်အအုံရဲ့ တစ်စိတ်တစ်ဒေသအတွင်း
ဝင်ရောက် နေထိုင်ခြင်းမပြုလုပ်ရလို့ တားမြစ်ထားပါတယ်။
တစ်ဆက်တည်းမှာပဲ ဖြိုဖျက်ထားတဲ့ အန္တရာယ်ရှိ
အဆောက်အအုံတည်ရှိရာ မြေကွက်အတွင်းကိုလည်း
ဝင်ရောက်နေထိုင်ခြင်း မပြုရလို့ တားမြစ်ထားပါတယ်''

''တားမြစ်ထားတဲ့ အချက်တွေကို မလိုက်နာရင် ဘယ်လို
အရေးယူနိုင်သလဲ''

''သက်ဆိုင်ရာ စည်ပင်သာယာရေး ဌာနမှ ဥပဒေတားမြစ်
ချက်တွေအပေါ် မလိုက်နာ ပျက်ကွက်သူအား တရားစွဲဆို
အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်'' လို့
ဆွေးနွေးပေးလိုက်ပါသည်။

ထီယု (ဥပဒေအတိုင်ပင်ခံ)

credit - Zaygwet Journal

**********

 “အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

Saturday, January 13, 2018

“ဘဏ် သတင်းများ”

“ဘဏ် သတင်းများ”

၁။ "ဗဟိုဘဏ်မှ ထုတ်ပြန်ခဲ့သည့် စည်းမျဉ်းလေးခုကြောင့်
ယခုနှစ်အတွင်း ဘဏ်အချို့ ပျောက်ကွယ်သွားနိုင်သဖြင့်
နိုင်ငံ့စီးပွားရေး ထိခိုက်နိုင်မှု ရှိ၊ မရှိကို
လေ့လာဆန်းစစ်မှုများ ပြုလုပ်သင့် ဟုဆို"

၂ဝ၁၇ ခုနှစ် ဇူလိုင် ၇ ရက်က ဗဟိုဘဏ်မှထုတ်ခဲ့သည့်
စည်းမျဉ်းလေးခု ကြောင့် ၂ဝ၁၈ ခုနှစ်အတွင်း ရိုက်ခတ်မှုများ
ရှိလာနိုင်ပြီး ဘဏ်အချို့ ပျောက်ကွယ်သွားနိုင်ဖွယ်ရှိသဖြင့်
နိုင်ငံ့စီးပွားရေးထိခိုက်လာနိုင်မှုရှိ၊မရှိကို ဗဟိုဘဏ်အနေနှင့်
လေ့လာဆန်းစစ်မှုများပြုလုပ်သင့် ကြောင်း ဘဏ်လုပ်ငန်း
ကျွမ်းကျင် သူအချို့က အကြံပြုပြောကြားလိုက်ကြသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂ဝ၁၇ ခုနှစ် ဇူလိုင်လ
အတွင်းက ထုတ်ပြန်ခဲ့သော အဆိုပါစည်းမျဉ်းလေးခုမှာ
- မတည်ငွေရင်းလုံ လောက်မှုဆိုင်ရာစည်းမျဉ်း
(အမိန့် ကြော်ငြာစာအမှတ် ၁၆/၂ဝ၁၇)၊
- ရရန်ပိုင်ခွင့်များ အမျိုးအစားသတ်မှတ်ခြင်းနှင့်လျာထားခြင်း
ဆိုင်ရာစည်းမျဉ်း (အမိန့်ကြော်ငြာစာအမှတ် ၁၇/ ၂ဝ၁၇)၊
- ပမာဏကြီးမားသော ကြွေးမြီများဆိုင်ရာစည်းမျဉ်း
(အမိန့် ကြော်ငြာစာအမှတ် ၁၈/၂ဝ၁၇)၊
- ငွေကြေးလွယ်ကူမှု အချိုးသတ်မှတ်ချက်ဆိုင်ရာစည်းမျဉ်း
(အမိန့်ကြော် ငြာစာအမှတ် ၁၉/၂ဝ၁၇)တို့ဖြစ် ပြီး ယခုအခါ
စတင်ကျင့်သုံးရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

''ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတကာဘဏ်လောကမှာ
နိုင်ငံတ ကာစံသတ်မှတ်ချက် BASE III CAR အတိုင်းသွား
နေကြပါတယ်။
ဘဏ်စနစ်က ပိုကောင်းလာသလို လုံခြုံရေးစနစ်တွေက
ပိုပြီးတော့ တင်းတင်းကျပ်ကျပ်နဲ့ ဆောင်ရွက်လာကြတယ်။
မြန်မာနိုင်ငံရဲ့ဘဏ်စနစ်က BASE I တောင်မဝင်သေးဘူး။
အဲဒါကို BASE III အထိ သွားလို့ရအောင်တန်းခုန်တဲ့
သဘောပါ။
စနစ်ကပိုကောင်းသွားသလို ဘဏ်အသေးတွေအနေနဲ့လည်း
မလိုက်နိုင်ရင် ဘဏ်သေးတွေက ပျောက်ကွယ်သွားပြီး
ဘဏ်တွေပူး ပေါင်းပြီး ပိုမိုခိုင်မာတဲ့ ဘဏ်ကြီး တစ်ခု
လုပ်ရမှာဖြစ်တယ်။ အခုမ ကောင်းပေမယ့် စနစ်ကောင်း
လာ အောင်လုပ်တဲ့အတွက် နောင်မှာ ကောင်းသွားမှာ
ဖြစ်ပါတယ်။
ဒါကိုဘဏ်သမားတွေက နားလည်ကြ သလို လက်ခံကြ
ပါတယ်။ ဒါကိုလူ ထုကနားလည်မှာလားပေါ့။ နားမလည်ရင်
ဘဏ်တွေပြိုလဲတယ်ဆို ပြီး ငွေတွေပြန်ထုတ်ကြရင်
ဘဏ်လုပ်ငန်းအကျပ်အတည်းကြုံရမှာ ဖြစ်ပါတယ်။
လက်ရှိဘဏ်တွေကို ပိုမိုခိုင်မာလာအောင် တစ်ဆင့်ခြင်း
သွားမလား၊ တိုင်းပြည်စီးပွားရေးမ ကောင်းတဲ့အချိန်မှာ
ဒီလိုလုပ်သင့်လား၊ မလုပ်သင့်လားဆိုတာကို စဉ်း စားဖို့
လိုပါတယ်။
ဗဟိုဘဏ်အနေနှင့် လေ့လာဆန်းစစ်မှုတွေပြုလုပ် သင့်
ပါတယ်''ဟု ဘဏ်လုပ်ငန်းကျွမ်းကျင်သူတစ်ဦးက
ဒီမိုကရေစီတူဒေးသို့ ဇန်နဝါရီ ၉ ရက်ကသုံးသပ်ပြောသည်။

လက်ရှိတွင်ပုဂ္ဂလိကဘဏ် ၂၉ ခုဖွင့်လှစ်ထားပြီး
ဘဏ်အသစ်ငါးခုထပ်မံဖွင့်လှစ်ခွင့်ပြုမည်ဖြစ်သည့်အတွက်
၂ဝ၁၈ ခုနှစ်အတွင်း ပုဂ္ဂလိကဘဏ် ၃၄ ခု အထိရှိလာနိုင်
မည်ဖြစ်ပြီး နိုင်ငံခြားဘဏ် ၁၃ ခုအထိရှိလာနေပြီဖြစ်သည့်
အပြင် အသေးစားနှင့်အလတ်စားငွေကြေးလုပ်ငန်းများလည်း
ပေါ်ပေါက်လာ သည့်အတွက် ယှဉ်ပြိုင်မှုများလည်း ပိုများ
လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသားများဘဏ်မှ MD & CEO 
ဒေါက်တာသောင်းဟန်က
''အထူးသဖြင့် ကျွန်တော်တို့ဘဏ်တွေနဲ့ ပတ်သက်လာရင်
ဘယ်လိုဆက်သွားမှာလဲ။ အကြီးဆုံးသုံးခုရှိတယ်။
အောက်မှာ Second Tiers အုပ်စုက ခြောက်ခု၊ ခုနစ်ခု
ရှိတယ်။ ကျန်တာအသေးတွေရှိတယ်။
ဘယ်နိုင်ငံမှာမဆိုတော့ Market adjustment  နဲ့
Market Correction၊  Normalization  ပေါ့။
ဒီ Phase တစ်ခုကတော့ဝင် မယ်။ ဝင်တဲ့အခါကျတော့
အချို့ ဘဏ်တွေကပိုကြီးသွားမယ်။ အချို့ ဘဏ်တွေက
ပျောက်သွားမယ်။
အချို့ဘဏ်တွေက ပိုင်ဆိုင်မှုပုံစံ တွေပြောင်းသွားမယ်။
အချို့ဘဏ် တွေက စီမံခန့်ခွဲမှုပုံစံတွေပြောင်းသွားမယ်''ဟု
ဇန်နဝါရီ ၇ ရက်က UMFCC  တွင်ပြုလုပ်သည့်
Myanmar Investment Outlook Seminar- 2018  ပွဲ
တွင်ပြောသည်။

ဘဏ်လုပ်ငန်းအကြံပေးတစ်ဦးဖြစ်သူဦးရဲမင်းဦးက
''ဒီအမိန့်ကြေညာချက်လေးခုဟာဆိုရင် အရင်ဗဟိုဘဏ်
ဒါရိုက်တာအဖွဲ့နဲ့ ဒုဥက္ကဋ္ဌတွေ လက်ထက်ကထုတ်ပြန်ခဲ့တာ
ဖြစ် ပါတယ်။
ထုတ်ပြန်ကာစကလူအ ပြောင်းအလဲတွေလုပ်နေတာမို့
ချက်ချင်းအသက်မဝင်ခဲ့ဘူး။
အခုလူသစ် တွေခန့်ထားပြီးတော့မှ အသက်ဝင်လာတာ
ဖြစ်ပါတယ်။
ဒီအပေါ်မှာ ဘဏ်လုပ်ငန်းလုပ်ကိုင်သူတွေနဲ့ ကျွမ်းကျင်သူ
တွေက ဆွေးနွေးနေကြ တာတွေရှိတယ်။
တချို့က မြန်မာနိုင်ငံရဲ့ အားနည်းနေသေးတဲ့ဘဏ်စနစ်ကြီး
ကို ထိခိုက်နိုင်တယ်လို့ပြော ကြသလို၊ အနည်းအကျဉ်းတော့
ထိခိုက်နိုင်ပေမယ့် ရေရှည်ကျရင် အကျိုးရှိလာလိမ့်မယ်လို့
ပြောတဲ့ သူတွေလည်းရှိတယ်။
ဘယ်လိုပဲဖြစ် ဖြစ် ပြည်တွင်းဘဏ်လုပ်ငန်းကိုထိ ခိုက်
နိုင်တယ်ဆိုရင် နည်းနည်းများများ သတိထားသင့်ပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ်
ဦးဝင်းသော်က
''အပြင်မှာ ဝေဖန်တာတွေနဲ့ ပတ်သက်ပြီး မစဉ်းစားဘဲ၊
မသုံးသပ်ဘဲ ဗဟိုဘဏ်ကလုပ်ခဲ့တာတစ်ခုမှမရှိပါဘူး။
အခက်အခဲကြုံရင် ဘယ်လိုဖြေလျှော့ရမယ်ဆိုတာ သိတဲ့
အတွက် နောက်ထပ်ထွက်တဲ့ ညွှန်ကြားချက်တွေမှာ
ထိုက်သင့်တဲ့ ဖြေလျှော့မှုတွေ အချိန်ကာလ ဖြေလျှော့မှုတွေ
ကို တာဝန်ရှိသူတွေက စဉ်းစားသုံးသပ်ပြီး လုပ်ဆောင်
ပေးထားပါတယ်။
ဗဟိုဘဏ်ရဲ့ တာဝန်ရှိသူတွေကဆိုရင် အစိုးရစီမံကိန်းနှင့်
ဘဏ္ဍာရေးဝန်ကြီးဌာနကတာဝန်ရှိသူတွေနဲ့ အမြဲမပြတ်
ဆွေးနွေးသုံးသပ်နေပါတယ်။
ဒီစည်းမျဉ်းတွေက အရင်ကတည်းကသိထားပြီးသား
စည်းကမ်းတွေဖြစ်ပါတယ်။
ဒါကိုဘဏ်တွေအနေနဲ့ လက် လွတ်စပယ်လုပ်ခဲ့တဲ့
ဘဏ်တွေက အကျပ်အတည်းအများကြီးတွေ့မှာ
ဖြစ်ပြီးတော့ လက်လွတ်စပယ် မလုပ်တဲ့သူတွေက
အကျပ်အတည်း နည်းမှာဖြစ်ပါတယ်''ဟုပြောသည်။

၂ဝ၁၇ ခုနှစ် ဇူလိုင် ၇ ရက်က ဗဟိုဘဏ်ကထုတ်ခဲ့သည့်
စည်းမျဉ်းများကြောင့်
- ဘဏ်ကြီးအချို့၌ ချေး ငွေထုတ်ပေးမှုနှေးကွေးသွားခြင်း၊
- ချေးငွေပေးသည့် ပမာဏနည်းသွား ခြင်းနှင့်
- ချေးထားသည့်ငွေများကိုရရှိအောင်ပြန်တောင်းနေသည့်
ဖြစ် စဉ်များဖြစ်ပေါ်နေပြီး
ယင်းကိစ္စရပ်များဆက်တိုက်ဖြစ်ပေါ်လာပါက ငွေကြေး
ဈေးကွက်အတွင်း သက် ရောက်မှုများဖြစ်ပေါ်လာနိုင်မည်ဟု
ခန့်မှန်းမှုများလည်းရှိနေကြောင်းသိရသည်။

(TTMT)

*****

၂။ "အခြားဘဏ်များက Call Deposit အတိုးနှုန်း
နှစ်ရာခိုင်နှုန်းသာပေးနေသော်လည်း AGD ဘဏ်က
ကျပ်သိန်း ၁၀၀ အောက် လေးရာခိုင်နှုန်းနှင့်
ကျပ်သိန်း ၁၀၀ အထက် အတိုးနှုန်းခြောက်ရာခိုင်နှုန်း
ပေးမည်ဟု ကြေညာ"

ကမ္ဘောဇဘဏ် အပါအ၀င် မြန်မာနိုင်ငံဘဏ်များအသင်းဝင်
ဘဏ်များက Call Deposit Account ခေါ်ယူအပ်ငွေစာရင်း
အတိုးနှုန်းကို နှစ်ရာခိုင်နှုန်းသာ ပေးမည်ဖြစ်ကြောင်း
ထုတ်ပြန်ထားသော်လည်း
AGD (အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဏ်) ဘဏ်က
ကျပ်သိန်း ၁၀၀ အောက်အတွက် အတိုးနှုန်း လေးရာခိုင်နှုန်း
နှင့် ကျပ်သိန်း ၁၀၀ အထက် အတိုးနှုန်း ခြောက်ရာခိုင်နှုန်း
ပေးမည်ဟု ကြေညာထားသည်။

မြန်မာနိုင်ငံဘဏ်များအသင်း၏ ဗဟိုအလုပ်မှုဆောင်
အဖွဲ့အစည်းအဝေးတွင် ခေါ်ယူအပ်ငွေစာရင်း
(Call Deposit Account) အတိုးနှုန်းကို ၂၀၁၈ ခုနှစ်
ဇန်န၀ါရီ ၂ ရက်မှ စတင်၍ နှစ်ရာခိုင်နှုန်းသို့ ပြောင်းလဲ
သတ်မှတ်ရန် ဆွေးနွေး ဆုံးဖြတ်ခဲ့ကြသည်။

မြန်မာနိုင်ငံဘဏ်များအသင်း၏ အသင်းဝင်ဘဏ်များ
အနေဖြင့် အစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း လိုက်နာ
ဆောင်ရွက်ရန် ညွှန်ကြားထားပါသောကြောင့်
ကမ္ဘောဇဘဏ်လီမိတက် အနေဖြင့်လည်း ခေါ်ယူအပ်ငွေ
စာရင်း (Call Deposit Account) အတိုးနှုန်းကို
၂၀၁၈ ခုနှစ် ဇန်န၀ါရီ ၂ ရက်မှစတင်၍ နှစ်ရာခိုင်နှုန်းသို့
ပြောင်းလဲသတ်မှတ်မည်ဖြစ်ကြောင်း ကမ္ဘောဇဘဏ်က
၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်တွင်
ထုတ်ပြန်ကြေညာခဲ့သည်။

၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံဘဏ်များအသင်းက
Call Deposit အတိုးနှုန်းကို ပထမအကြိမ်အဖြစ်
သြဂုတ် ၂၂ ရက်တွင် ခြောက်ရာခိုင်နှုန်းအဖြစ် ပြောင်းလဲ
သတ်မှတ်ခဲ့ပြီး ၂၀၁၇ ခုနှစ် အောက်တိုဘာမှစ၍ ပြည်တွင်း
ဘဏ်များက ခေါ်ယူအပ်ငွေ အတိုးနှုန်းများကို တစ်ပြေးညီ
ခြောက်ရာခိုင်နှုန်းအဖြစ် ပြောင်းလဲခဲ့သည်။

ယခုပြောင်းလဲမှုသည် ခေါ်ယူအပ်ငွေစာရင်း အတိုးနှုန်း
အတွက်သာဖြစ်ပြီး အခြားအပ်ငွေစာရင်းများ၏ အတိုးနှုန်း
များ ပြောင်းလဲခြင်းမရှိကြောင်းနှင့် ခေါ်ယူအပ်ငွေစာရင်းဖြင့်
အပ်နှံထားရှိသည့် ငွေများကို နေ့စဉ်အတိုးတွက်ချက်ပေးမည်
ဖြစ်ပြီး သုံးလတစ်ကြိမ် တိုးရင်းပေါင်း ထည့်သွင်းပေးမည်
ဖြစ်သည်။

ဘဏ်များအသင်း၏ အတိုးနှုန်း ပြောင်းလဲမှုကြောင့်
၂၀၁၆ ခုနှစ် အောက်တိုဘာ ၁ ရက်တွင်လည်း ဘဏ်အချို့
က ခေါ်ယူအပ် ငွေအတိုးနှုန်းများကို လျှော့ချခဲ့သည်။

ယခင်က ကျပ်သိန်း ၁၀၀ အထက်ကို အတိုးရှစ်ရာခိုင်နှုန်း
ပေးရာမှ ကျပ်သိန်း ၁၀၀ အထက်ကို အတိုး ခြောက်ရာခိုင်နှုန်း၊
ကျပ်သိန်း ၁၀၀ အောက်ကို အတိုးလေးရာခိုင်နှုန်းအဖြစ်
လျှော့ချပေးအပ်ခဲ့ခြင်းဖြစ်သည်။

၂၀၁၇ ခုနှစ် အောက်တိုဘာတွင် ယင်းကဲ့သို့ ငွေပမာဏ
ပိုင်းခြားမှုမရှိတော့ဘဲ ငွေပမာဏအားလုံးကို တစ်ပြေးညီ
အတိုးခြောက်ရာခိုင်နှုန်းအဖြစ် ပေးအပ်ရန် မြန်မာနိုင်ငံဘဏ်
များအသင်းဝင်ဘဏ်များက သတ်မှတ်လိုက်ခြင်းဖြစ်ပြီး
ယခု ၂၀၁၈ ခုနှစ် ဇန်န၀ါရီ ၂ ရက်မှ စတင်၍ နှစ်ရာခိုင်နှုန်း
သာ အတိုးပေးအပ်ရန် ထပ်မံလျှော့ချလိုက်ခြင်းဖြစ်သည်။

ထိုသို့ ဘဏ်အများစုက တစ်ပြေးညီ နှစ်ရာခိုင်နှုန်းသာ
အတိုးနှုန်းပေးနေသော်လည်း ရန်ကုန်စတော့အိတ်ချိန်း
စာရင်းဝင် ဘဏ်တစ်ခုဖြစ်သော မြန်မာနိုင်ငံသားများဘဏ်
ကလည်း မည်သည့်ပမာဏအတွက်မဆို Call Deposit
အတိုးနှုန်း လေးရာခိုင်နှုန်း ပေးမည်ဖြစ်ကြောင်း
ထုတ်ပြန်ထားသည်။

(ဖြိုးဝေ)

*****

၃။ "အကြွေးဝယ်ကတ်သုံးပြီး ငွေပြန်မသွင်းသူများကို
ဧရာဝတီဘဏ် သတိပေး"

ဧရာဝတီဘဏ်က ထုတ်ပေးသည့် အကြွေးဝယ်ကတ်
(Credit Card) သုံးစွဲပြီး ငွေ လုံးဝ ပြန်မသွင်းသူများသည်
ဇန်နဝါရီလ ၂၀ ရက်နေ့ နောက်ဆုံးထားပြီး ငွေပြန်သွင်းရန်
ယင်းဘဏ်က သတိပေးချက် ထုတ်ပြန်သည်။

အကယ်၍ ယင်းနေ့အထိငွေ ပြန်မဆပ်ပါက အမည်နှင့်
မှတ်ပုံတင်နံပါတ်များကို ထုတ်ပြန်ကာ ဥပဒေအရ
အရေးယူမည်ဖြစ်ကြောင်း ဧရာဝတီဘဏ်၏ ထုတ်ပြန်ချက်၌
ဖော်ပြထားသည်။

အဆိုပါ Credit Card သုံးစွဲသူသည် ဘဏ်က
သတ်မှတ်ထားသည့် ငွေ ပမာဏ အနည်းဆုံးကို ရက်ပေါင်း
၂၀ အတွင်း ပြန်လည် ထည့်သွင်းပေးရပြီး ယင်းရက်အတွင်း
မထည့်ပေးနိုင်ပါက နောက်ကျကြေးနှင့် ဘဏ်ကတ်ထဲသို့
ငွေပြန်ထည့်နိုင်ကြောင်း၊ ယခုကြေညာသူများသည် လုံးဝ
ငွေမသွင်းသူများဖြစ်ကြောင်း ယင်းဘဏ်၏ တာဝန်ရှိသူ
တစ်ဦးက ရှင်းပြသည်။

“သူတို့ဆီ သတိပေးစာ နှစ်ကြိမ်တောင် ပို့ထားပါတယ်။
ပိုက်ဆံထုတ်ပြီး လေးလ၊ ငါးလဆက်တိုက် အကြောင်း
မပြန်တာကို ဒီလ နောက်ဆုံးထားပြီး ပိုက်ဆံသွင်းဖို့
သတိပေးတာပါ။
မဆက်ဘူးဆိုရင် ဥပဒေအရပဲ ဆက်ပြီးလုပ်မှာပါ”ဟု
၎င်းကဆိုသည်။

ဧရာဝတီဘဏ်က တရုတ်နိုင်ငံ အခြေစိုက် ကတ်ကုမ္ပဏီ
တစ်ခုဖြစ်သည့် UPI နှင့် Visa ကတ်ကုမ္ပဏီများနှင့်
ပူးပေါင်း၍ အကြွေးဝယ်ကတ်များကို ထုတ်ထားပြီး
Silver, Gold နှင့် Platinum ဟူသည့် ကတ်အမျိုးအစား
သုံးမျိုးခွဲခြားထားကြောင်း ဧရာဝတီဘဏ်ထံမှ သိရသည်။

သို့သော် အများစုမှာ ဝင်ငွေ၏တစ်ဆသာ
(လစဉ် ဝင်ငွေအတိုင်း) ချေးငွေရသည့် Silver ကတ်များကို
သုံးစွဲကြကြောင်း ယင်းဘဏ်၏ အကြွေးဝယ်ကတ်
သုံးစွဲသူများထံမှ သိရသည်။

“ကတ်ထဲကငွေထုတ်ပြီး နောက်ကျကြေးနဲ့ ငွေပြန်ထည့်
ပါတယ်။ အများကြီး ထည့်စရာ မလိုပါဘူး။
တစ်ခါထည့် လေးသောင်း၊ ငါးသောင်းပါပဲ။
ကျွန်တော်တို့လည်း လတိုင်း မထည့်ဘူး။ ပျက်တဲ့လတွေ
လည်း ရှိတယ်။ အခုက လုံးဝ မထည့်သူတွေပဲ ပြောတာ”ဟု
ဧရာဝတီဘဏ်ကတ်သုံးစွဲသူ ဦးစိုးမိုးအောင်က
ပြောကြားသည်။

အကြွေးဝယ်ကတ် သုံးစွဲသူသည် တစ်လခွဲအတွင်း
ငွေရင်းပြန်ဆပ်ပါက အတိုးပေးရန် မလိုကြောင်း၊
ယင်းကာလအတွင်း ပြန်မဆပ်ပါက အတိုးနှင့်တကွ
ငွေပြန်လည် ပေးသွင်းရမည်ဖြစ်ကြောင်း၊ UPI နှင့်ပူးပေါင်း၍
အကြွေးဝယ်ကတ်ကို ခန့်မှန်းခြေ ကတ်ငါးသောင်းနီးပါး
ထုတ်ထားကြောင်း ဧရာဝတီဘဏ်ထံမှ သိရသည်။

credit - Democracy Today / Eleven Media Group
& The Voice

“မှတ်ချက်”

အိမ်ခြံမြေ အကြောင်းအရာများနှင့် 
တိုက်ရိုက်မသက်ဆိုင်သော်လည်း
သွယ်ဝိုက်ပတ်သက်မှု့ ရှိသည့်
စီးပွါးရေးနှင့်ဆိုင်ရာ ဆောင်းပါး/သတင်းများ ဖြစ်နေပါသဖြင့်
မိတ်ဆွေများ လေ့လာနိုင်ရန် တင်ခဲ့ခြင်းဖြစ်ပါသည်။

“အိမ်ခြံမြေ လမ်းဆုံ”

**********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0