"ပစ္စည်းခွန် ပုံစံသစ်ဂယက်ကြောင့် အိမ်ခြံမြေဈေး
ထပ်ကျနိုင်ခြေရှိ"
မြန်မာနိုင်ငံတွင် အားနည်းနေသော လက်ရှိပစ္စည်းခွန်
ကောက်ခံမှုစနစ်ကို ပြုပြင်ပြီး စနစ်တကျ ကောက်ခံသွားရန်
အစိုးရက ပြင်ဆင်နေပြီ ဖြစ်သည်။
၂ဝ၁၇ ခုနှစ် အောက်တိုဘာ ၃ဝ ရက်က ပြည်သူ့လွှတ်တော်
တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဦးမောင်မောင်ဝင်းက နိုင်ငံအတွင်းရှိအိမ်ခြံမြေ လက်ဝါးကြီး
အုပ်မှုများ ပပျောက်စေရန်ရည်ရွယ်၍ ပစ္စည်းခွန်ကောက်ခံခြင်း
ကို ကြီးကြပ်ခြင်းဆိုင်ရာ ဥပဒေကို မူကြမ်းရေးဆွဲ တင်ပြ
ထားပြီး မကြာမီထုတ်ပြန်သွားမည်ဖြစ်ကြောင်း အတိအလင်း
ပြောထားသည်။
ထို့ကြောင့် အစိုးရက ပစ္စည်းခွန်နှင့်ပတ်သက်၍ကိုင်တွယ်မည်
မှာ သေချာသလောက်ရှိနေသည်။ ဝန်ကြီး၏အဆိုအရ ဥပဒေ
မူကြမ်းမှာ ရှေ့နေချုပ်ရုံးသို့ပင် ရောက်နေပြီ ဖြစ်ပြီး
လွှတ်တော်သို့ မကြာမီရောက်ဖွယ် ရှိသည်။
မွန်ပြည်နယ် ဘီးလင်းအမတ် ဦးတင်ကိုကိုဦး က
နိုင်ငံသားတိုင်း အိမ်ရာပိုင်ဆိုင်နိုင်စေရန်နှင့် နိုင်ငံခြားရင်းနှီး
မြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရန် အစိုးရက လုပ်ဆောင်
သင့်ကြောင်း လွှတ်တော်တွင် ပြောဆိုရာတွင် ဝန်ကြီးက
ထိုကိစ္စအတွက် အစိုးရက ဖြေရှင်းရန် အစီအစဉ်တစ်ခုအဖြစ်
ထိုဥပဒေကို ထုတ်ဖော်ရှင်းလင်း ပြောပြခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ငွေပေါသူများက အိမ်ခြံမြေပေါင်းများစွာ
ပိုင်ဆိုင်နေချိန်တွင် နေစရာအိမ်ပိုင်မရှိသူများမှာလည်း များစွာ
ရှိနေကြောင်း၊ ထိုကဲ့သို့ ဖြစ်ပေါ်နေရခြင်းမှာ မြေပိုင်ရှင်များက
မြေတန်ဖိုးများကို စိတ်ကြိုက် ဈေးကစားပြီး ရှိသင့်သော
တန်ဖိုးထက် များစွာကြီးမြင့်နေခြင်းကြောင့်ဖြစ်ကြောင်း
ကိုယ်စားလှယ် ဦးတင်ကိုကိုဦးက ပြောခဲ့သည်။
''အစိုးရအနေနဲ့ အိမ်ခြံမြေဈေးနှုန်း ကျဖို့ဆိုရင် ပစ္စည်းခွန်တွေ
ကောက်ခြင်းဖြင့် အိမ်ခြံမြေဈေးကွက်ကို ထိန်းညှိုပေးနိုင်မယ်
လို့ ယူဆတဲ့အတွက်ကြောင့် တိုက်တွန်းတာ ဖြစ်ပါတယ်''ဟု
ဦးတင်ကိုကိုဦးက ၄င်း လွှတ်တော်တွင် တိုက်တွန်း
ပြောဆိုရခြင်း အကြောင်းကို ပြောသည်။
အိမ်ခြံမြေများစွာကို ဝယ်ယူထားခြင်းသည် အများပြည်သူ၏
နေထိုင်ခွင့်ကို လက်ဝါးကြီးအုပ်ထားသကဲ့သို့ ဖြစ်နေပြီး
ဈေးကစားသူများကြောင့် သာမန်လူတန်းစားများအတွက်
စီးပွားရေးလုပ်ရန် မဆိုထားနှင့် နေထိုင်ရန်အတွက်ပင်
အိမ်ခြံမြေဈေးများမှာ အလွန်ကြီးမြင့်နေကြောင်း
ဦးတင်ကိုကိုဦး က ဆိုသည်။
ပိုက်ဆံရှိသူများ အိမ်ခြံမြေဈေးကစားခြင်းများ မပြုလုပ်နိုင်
စေရန် ပစ္စည်းခွန် စနစ်တကျကောက်ခံရန် လိုအပ်ကြောင်း၊
ထို့ပြင် ပစ္စည်းခွန်ကောက်ခံရာတွင် အခွန်ကောက်ခံနေရုံနှင့်
မလုံလောက်ဘဲ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွှမ်းခြုံ
ချိတ်ဆက်နိုင်သော အချက်အလက်စနစ်များလည်း
လိုအပ်ကြောင်း ၄င်းကဆိုသည်။
သို့မှသာ တစ်ဦးတစ်ယောက်တည်းက မည်မျှပိုင်ဆိုင်မှု
ရှိသည်ကို ချိတ်ဆက်နိုင်ပြီး ရသင့်ရထိုက်သော အခွန်များ
စနစ်တကျ ကောက်ခံရရှိမည်ဖြစ်ကြောင်း ၄င်းက
သုံးသပ်သည်။
ဝန်ကြီးကလည်း ဥပဒေပြဠာန်းပြီးပါက ပစ္စည်းခွန်ကောက်ခံမှု
ကြီးကြပ်ရေး ဗဟိုအဖွဲ့ကို ဖွဲ့စည်းမည်ဖြစ်ပြီး ထိုအဖွဲ့သည်
နှစ်စဉ် မြေ၊ အဆောက်အအုံ ငှားရမ်းခများကို သတ်မှတ်မည်
ဖြစ်ကြောင်း ပြောသည်။
''နှစ်စဉ် တန်ဖိုးသတ်မှတ်ပြီး ကျသင့်ပစ္စည်းခွန်ကို ကောက်ခံ
မှာဖြစ်တဲ့အတွက် အိမ်ခြံမြေ ဈေးကစားသူတွေက အိမ်ခြံမြေ
ကို နေထိုင်ဖို့မဟုတ်ဘဲ ဝယ်ယူ၊ ထိန်းသိမ်း လက်ဝါးကြီး
အုပ်တာ ဒါမှမဟုတ် ဈေးကစား တာကို တားဆီး
ကာကွယ်နိုင်မှာ ဖြစ်ပါတယ်''ဟု ဝန်ကြီးက ဆိုသည်။
ဝန်ကြီးနှင့် အမတ်တို့က လွှတ်တော်တွင် ထိုသို့ပြောပြီး
မရှေးမနှောင်းမှာပင် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပါတီ၏ မူဝါဒဆိုင်ရာများကို အကြံပေးလေ့ရှိသော
ဥာဏ်အလင်းသစ်အဖွဲ့ (Renaissance Institute) ကလည်း
ပြီးခဲ့သည့် ဒီဇင်ဘာက ပစ္စည်းခွန်ကောက်ခံမှု စနစ်နှင့် မူကို
ပြင်ဆင်ရန် အစိုးရကို တိုက်တွန်းသည့်အနေဖြင့်
'လက်ရှိမြန်မာနိုင်ငံ၏ ပစ္စည်းခွန်စနစ်ကို လေ့လာသုံးသပ်ခြင်း'
ဟူသော စာတမ်းတစ်စောင်ကို ထုတ်ပြန်ခဲ့သည်။
လက်ရှိပစ္စည်းခွန်နှုန်းထား အရ မြန်မာပြည်တွင် ကောက်ခံ
သော ခြောက်လတစ်ကြိမ် ပစ္စည်းခွန်နှုန်းမှာ လက်ဖက်ရည်
တစ်ခွက်ဖိုးပင် မပြည့်သဖြင့် မဖြစ်မနေ ပြုပြင်ပြောင်းလဲ
ရမည်ဖြစ်ကြောင်း စာတမ်းတွင် ထောက်ပြထားပြီး
လုပ်ဆောင်ရမည့် နည်းလမ်းနှင့် အဆင့်များကို ၄င်းတို့က
သုတေသနပြု ရှင်းပြခဲ့သည်။
လွှတ်တော်၊ အစိုးရနှင့် အာဏာရပါတီ၏ အကြံပေးအဖွဲ့
တို့က အထက်ပါကဲ့သို့ ပစ္စည်းခွန်ကို ပြုပြင်ပြောင်းလဲရန်၊
ပိုမိုကြပ်မတ်ရန်၊ တိုးကောက်ရန် တိုက်တွန်းသလို ဈေးကွက်
ပိုအေးစက်သွားမည်စိုးသဖြင့် ထိုကိစ္စကို
မလိုလားသူများလည်း ရှိကြသည်။
နိုင်ငံသားများ၏ အိမ်ခြံမြေပိုင်ဆိုင်မှုအပေါ် ကောက်ခံမည့်
အဆိုပါပစ္စည်းခွန်ကို မူနှင့် စနစ် ပြန်လည်တည်ဆောက်ပြီး
စနစ်တကျ ပြန်လည်ကောက်ခံသွားပါက နဂိုကပင်
အေးစက်ပြီး အရောင်းအဝယ်ထိုင်းနေသော အိမ်ခြံမြေ
ဈေးကွက်အပေါ် ထပ်မံသက်ရောက်မှု ရှိလာနိုင်သဖြင့်
အိမ်ခြံမြေလောကသားများ စိုးရိမ်ပူပန်မှုများ ရှိနေကြသည်။
အဘယ်ကြောင့်ဆိုသော် ပစ္စည်းခွန်ကောက်ခံသည်နှင့်
တစ်ပြိုင်နက် အိမ်ရာပိုင်ဆိုင်မှု အများအပြား ရှိသူများမှာ
အခွန်အမြောက်အမြား ပေးဆောင်ရမည်ဖြစ်သောကြောင့်
ဖြစ်သည်။
ထိုအခါ ထုတ်ရောင်းသူ များလာပြီး ဝယ်လိုအားထက်
ရောင်းလိုအားများကာ ဈေးများထိုးကျကာ ရောင်းသူများ
ဘက်က မရောင်းနိုင်သည့်ဈေးများသို့ ရောက်ကာ
အရောင်းအဝယ် ရပ်သွားမည်ကို စိုးရိမ်ကြခြင်းဖြစ်သည်။
အစိုးရက ပစ္စည်းခွန်ကို ပြုပြင်ပြောင်းလဲမှုလုပ်မည်ဆိုလျှင်
အိမ်ခြံမြေဈေးမှာ ယခုနှစ်တွင် ၃ဝ ရာခိုင်နှုန်းအထိပင်
ကျနိုင်သည်ဟု အချို့သော အိမ်ခြံမြေဝန်ဆောင်မှု
လုပ်ငန်းရှင်များက လူမှုကွန်ရက်စာမျက်နှာတွင်
ရေးသားဖော်ပြနေကြသည်။
''အခုပစ္စည်းခွန်က အသက်မဝင်သေးတာတောင် အိမ်ခြံမြေ
ဈေးတွေက တော်တော်အေးနေတာ။
ဒီအချိန်မှာ ဒါကို ဇောင်းပေးပြီးလုပ်မယ်ဆိုရင် ပြည်သူတွေရဲ့
စားဝတ်နေရေး တော်တော်ကျပ်တည်းသွားလိမ့်မယ်'' ဟု
စိုင်းခွန်နောင် အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်း တည်ထောင်သူ
ဦးစိုင်းခွန်နောင်က မှတ်ချက်ပြုသည်။
''အိမ်ခြံမြေဆိုတာက ငွေကြေးစီးဆင်းမှုကြီးတယ်။
တခြားလုပ်ငန်းတွေနဲ့ ပတ်သက်ဆက်နွှယ်မှု များတယ်။
အိမ်ခြံမြေအရောင်းအဝယ် အေးနေမယ်ဆိုရင် ကွန်ဒိုတွေ၊
တိုက်ခန်းတွေ ရောင်းလို့ မရတော့ဘူး။
ဒါဆိုရင် သူနဲ့ဆက်နွှယ်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံး
ပစ္စည်းတွေ၊အိမ်တွင်းအလှဆင်တဲ့ပစ္စည်းတွေ ရောင်းလို့
မရတော့ဘူး။ ဒီလိုဖြစ်လာရင် အလုပ်သမားတွေကအစ
ထိခိုက်တာပေါ့'' ဟု ၄င်းက ဆက်ရှင်းပြသည်။
ယခုအချိန်သည် အဆိုပါ အိမ်ခြံမြေအရောင်းအဝယ်ထိုင်းကာ
ဈေးကွက်အကျသို့ ဦးတည်နေချိန်ဖြစ်သဖြင့် အရောင်းအဝယ်
ထပ်အေးစေမည့် ထိုပစ္စည်းခွန်ကိစ္စကို ပြောရမည့်အချိန်
မဟုတ်သေးကြောင်း ပြောသည်။
အခြားတစ်ဖက်တွင်လည်း ပစ္စည်းခွန်များ ကောက်ခံမှု ပြုပြင်
ပြောင်းလဲခြင်းကို ကြိုဆိုသူများရှိသည်။ ပစ္စည်းခွန်စနစ်
ပြောင်းလဲခြင်းအားဖြင့် အိမ်ခြံမြေဈေးများ ကျဆင်းသွား
နိုင်ကြောင်းနှင့် လက်ရှိပစ္စည်းခွန် နှုန်းထားမှာ အလွန်နည်း
နေသည့်အတွက် အများပြည်သူပေးဆောင်ရာတွင်
အခက်အခဲရှိလိမ့်မည် မဟုတ်ကြောင်း အိမ်ခြံမြေ
ရောင်းဝယ်ငှားဝန်ဆောင်မှု ဝက်ဘ်ဆိုက်
လူထုဆက်ဆံရေးအရာရှိ ဦးဥာဏ်လင်းထက်က
ပြောသည်။
''ပစ္စည်းခွန်က သိပ်နည်းနေတာတော့ မှန်တယ်။
တိုးကောက်မယ်ဆိုရင်လည်း တိုးကောက်သင့်တဲ့
အနေအထားလို့ ပြောလို့ရတယ်။
ဒါကိုတိုးကောက်မယ်ဆိုရင်လည်း အများပြည်သူဆောင်နိုင်တဲ့
အခွန်နှုန်းထားတွေ သတ်မှတ်ဖို့လိုတယ်'' ဟု ၄င်းက ဆိုသည်။
အဆိုပါဥပဒေ ပေါ်ပေါက်လာပါက ဥပဒေကို မည်မျှလိုက်လျော
ညီထွေဖြစ်အောင် ရေးဆွဲထားသလဲဆိုသည့် အပေါ်မူတည်၍
မြေကွက်များစုဆောင်း၍ ဈေးကစားသူများကို ထိန်းချုပ်နိုင်မည်
ဖြစ်ကာ အိမ်ခြံမြေဈေးကွက် ကို အကျိုးသက်ရောက်မှု
ရှိနိုင်ကြောင်းလည်း ၄င်းက ပြောသည်။
ပစ္စည်းခွန်ကောက်ခံရာတွင် မြေယာအကျယ်အဝန်းနှင့်
တည်နေရာအပေါ်မူတည်ပြီး ကောက်ခံသင့်ကြောင်း၊
ဥပဒေအရ အိမ်တစ်လုံးပိုင်ဆိုင်သူထက် အိမ်နှစ်လုံးပိုင်ဆိုင်
သူကို ပို၍တိုးကောက်မည်ဆိုပါက အသုံးမပြုဘဲ လှောင်ထား
သည့်မြေများကို အသုံးချလာနိုင်ပြီး မြို့ပြဖွံ့ဖြိုးတိုးတက်မှုလည်း
မြင့်မားလာမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။
''ပစ္စည်းခွန်တွေသာ စနစ်တကျကောက်ရင် မြေဈေးတွေလည်း
ကျသွားမှာပါ။
အိမ်ခြံမြေတွေကို အများကြီးပိုင်ဆိုင်တဲ့ သူတွေကတော့
ဒီစနစ်ကို ကြိုက်မှာမဟုတ်ပါဘူး''ဟု ကရင်ပြည်နယ်
လှိုင်းဘွဲ့မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးခင်ချိုက
ဆိုသည်။
ပစ္စည်းခွန်များ ကောက်ခံခြင်းနှင့် ဥပဒေရေးဆွဲရခြင်း၏ အဓိက
ရည်ရွယ်ချက်မှာ မြေပိုင်ဆိုင်မှု များသူများ က မြေများကို
အများအပြား မသိုလှောင်နိုင်စေရန်၊ ဈေးကစားခြင်း မပြုလုပ်
နိုင်စေရန် ထိန်းချုပ်ကန့်သတ်လိုခြင်းပင်ဖြစ်ကြောင်း၊
အခွန်ကောက်ခံရာတွင် ပိုင်ဆိုင်မှုအနည်းအများအလိုက်
တိုးမြှင့်ကောက်ခံသင့်ကြောင်းလည်း ၄င်းကဆိုသည်။
မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်မှာ ၂ဝ၁၄ ခုနှစ်နှောင်းပိုင်းမှ
စ၍ အေးစက်နေခဲ့ရာ အစိုးရသစ်တက်ပြီး နောက်ပိုင်းတွင်
ဈေးကွက်ပြန်လည်ကောင်းမွန်လာရန် မျှော်လင့်ခဲ့ကြသော်
လည်း ထင်သလောက် တိုးတက်မှုမရှိခဲ့သလို ယခုပစ္စည်းခွန်
ပုံစံ ပြောင်းခြင်းက ထိုးနှက်မှုအသစ် ထပ်ဖြစ်လာလေမလား
သို့လောသို့လော ရိုက်ခတ်မှုများက ဈေးကွက်တွင်
အစပြုနေပြီဖြစ်သည်။
သို့သော်ငြားလည်း အခွန်ကောက်ရုံဖြင့် ဈေးကွက်ကို
မထိခိုက်နိုင်ဘဲ အိမ်ရာပိုင်ဆိုင်မှုများလေလေ အခွန်ပိုပေး
ရလေဖြစ်သည့်အတွက် နောက်ပိုင်းတွင် အလွယ်တကူ
အိမ်မဝယ်ကြတော့ဘဲ ဈေးနှုန်းများလည်း ယခုထက်ပို၍
တည်ငြိမ်လာမည်ဟု ယူဆကြောင်း အိမ်ခြံမြေ
ရောင်းဝယ်ရေးဝက်ဘ်ဆိုက်၏
အုပ်ချုပ်မှုဒါရိုက်တာ ဦးနေမင်းသူက ပြောသည်။
''မကောက်ခင် ခြောက်လလောက်ပဲဖြစ်ဖြစ် ပစ္စည်းခွန်
ကောက်ခံမှုဟာ ဈေးကွက်ကို ဘယ်လောက်အထိ
သက်ရောက်မှုရှိမလဲ ဆိုတာကို အရင်စောင့်ကြည့်ပြီးမှ
လေ့လာဆန်းစစ်ပြီး မကိုက်ညီတဲ့အရာတွေကို ညှိုနှိုင်း
ပြင်ဆင်မှုတွေ ပြုလုပ်သင့်ပါတယ်''ဟု
ဦးနေမင်းသူက ဆိုသည်။
လက်ရှိအိမ်ခြံမြေလောကတွင် ဝယ်ခွန်၊ တံဆိပ်ခေါင်းခွန်နှင့်
ရောင်းရငွေအပေါ် အမြတ်ခွန်တို့ကို ပေးဆောင်နေရပြီး
ဝယ်ခွန်မှာ ဝင်ငွေရလမ်းမပြနိုင်လျှင် သိန်း ၁,ဝဝဝ နှင့်
အထက် တန်ဖိုးရှိသော အခန်းဝယ်ယူပါက ၃ဝ ရာခိုင်နှုန်း
ပေးဆောင်ရပြီး တံဆိပ်ခေါင်းခွန်မှာ ၄ ရာခိုင်နှုန်းနှင့်
စုစုပေါင်း ၃၄ ရာခိုင်နှုန်း ပေးဆောင်နေရကြောင်း
သိရသည်။
မြန်မာနိုင်ငံတွင် ပစ္စည်းခွန်က ရရှိသည့် အခွန်ပမာဏသည်
သက်ဆိုင်ရာမြို့အလိုက် စည်ပင်သာယာဌာနများ ဝင်ငွေ
စုစုပေါင်း၏ ရာခိုင်နှုန်းအနည်းငယ်သာရှိသည်။
(ရည်ရွယ်မြင့်)
credit - The Myanmar Times
**********
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0
No comments:
Post a Comment