Saturday, January 13, 2018

"တန်ဖိုးနည်းတိုက်ခန်း/ ဒလ တံတားနှင့် ကားပါကင် သတင်းများ"

"တန်ဖိုးနည်းတိုက်ခန်း/ ဒလ တံတားနှင့် ကားပါကင် သတင်းများ"

၁။ "အိမ်ရာဖွံ့ဖြိုးရေးဘဏ်၌ ကျပ်သိန်း ၂ဝ စုဆောင်းထား
ပါက တန်ဖိုးနည်းတိုက်ခန်း ဝယ်ယူနိုင်"

တန်ဖိုးနည်းတိုက်ခန်း ဝယ်ယူမည့်သူများအတွက်
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) တွင်
တိုက်ခန်းတန်ဖိုးငွေကျပ်သိန်း ၂ဝ စုထားပါက ဝယ်ယူရန်
လျှောက်ထားနိုင်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
မှ သိရသည်။

ယခုလကုန်ရောင်းချ
။။။။။။။။။။။။။။။။။။။။။။။

''ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှာ အိမ်ရာ
ဝယ်ယူဖို့ငွေစုဆောင်းထားတာ ကျပ်သိန်း ၂ဝ ပြည့်မီတာနဲ့
ယခုလကုန်မှာ ရောင်းချမယ့် တန်ဖိုးနည်းတိုက်ခန်းတွေကို
ဝယ်ယူဖို့ လျှောက်ထားလို့ ရပြီ။
တိုက်ခန်း တန်ဖိုး ၂ဝ ရာခိုင်နှုန်းပြည့်မီသူတွေကို မဲနှိုက်ပြီး
တိုက်ခန်းတွေကိုရောင်းချပေးသွားမယ်'' ဟု ဆောက်လုပ်ရေး
ဝန်ကြီးဌာန မြို့ပြနှင့်အိမ် ရာဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူ
တစ်ဦးက ဇန်နဝါရီ ၆ ရက်၌ ပြောဆိုသည်။

လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်းအိမ်ရာ၊
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ယုဇနအိမ်ရာ အပိုင်း(၁)၊ (၂)
တို့မှ တည်ဆောက်ပြီးစီးခဲ့သည့် တန်ဖိုးနည်းတိုက်ခန်းများကို
ယခုလကုန်တွင် ရောင်းချပေးမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာ
ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

အရစ်ကျပေးချေစနစ်
။။။။။။။။။။။။။။။။။။။။။။။

ကျပ်သိန်း ၁ဝဝ တန်တိုက်ခန်းဝယ်ယူမည် ဆိုပါက
ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေး ဘဏ်တွင် တိုက်ခန်း
တန်ဖိုး၏ ရာခိုင်နှုန်း ၂ဝ - ကျပ်သိန်း၂ဝ ကနဦးပေးချေရမည်
ဖြစ်ပြီး ကျန်ငွေကို ရှစ်နှစ်မှ ၁ဝ နှစ်အထိ အရစ်ကျငွေပေးချေ
စနစ်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးနှင့်
အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) မှ သိရသည်။

ဘဏ်ခွဲများ
။။။။။။။။။။။။။

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး ဘဏ်(CHDB)
အနေဖြင့် ယခုလက်ရှိ
ရန်ကုန် တိုင်းဒေသကြီးတွင် ဘဏ်ခွဲလေးခု၊
မန္တလေး တိုင်း၊ နေပြည်တော်၊ မော်လမြိုင်နှင့် ပုသိမ်မြို့တို့၌
ဘဏ်ခွဲတစ်ခုစီ စုစုပေါင်းဘဏ်ခွဲရှစ်ခု အထိဖွင့်လှစ်ထားသည်။

(အသေးစိတ်သိရှိလိုပါက -
မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ဖုန်း ၀၁-၃၉၂၅၂၄၊
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်
ဖုန်း ၀၉၇၇၁၀၄၉၆၂၇၊ ၀၁-၃၇၁၈၅၆၊ ၀၁- ၃၇၁၂၅၄ သို့
ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
နီလာ - Eleven Media Group)

(လူလေး)

*****

၂။ "ဒလတံတားစီမံကိန်းနှင့် မလွတ်သည့် အဆောက်အအုံများ
ယခုလကုန် အပြီး ဖယ်ရမည်"

ရန်ကုန်-ဒလ တံတား စီမံကိန်းနှင့် မလွတ်ကင်းသော
အဆောက်အအုံ၊ မြေကွက်နှင့်ဆိုင်ခန်းများကို မြေယာလျော်ကြေး၊
မြေငှားရမ်းခ ပေးချေပြီးစီးခြင်းကြောင့် ဇန်နဝါရီလ ၃၁ ရက်တွင်
အပြီးဖယ်ရှားပေးရန် တိုက်တွန်းထားကြောင်း ရန်ကုန်တိုင်း
လမ်းတံတားဦးစီး ဌာနထံမှ သိရသည်။

မြန်မာ-ကိုရီးယား ပူးပေါင်းတည်ဆောက်မည့် ဒလတံတား
စီမံကိန်းကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ပထမပတ်၌ ခြံစည်းရိုး
ကာရံမည်ဖြစ်ပြီး ဒလမြို့နယ်၊ ဗိုလ်မင်းရောင်လမ်းရှိ မြေကွက်
၆၅ ကွက်နှင့် ဆိုင်ခန်းများ၊ အိမ်များနှင့် အဆောက်အအုံများမှာ
ပြောင်းရွှေ့ခြင်း မရှိသောကြောင့် မြို့နယ် အထွေထွေ
အုပ်ချုပ်ရေး ဦးစီးဌာနအနေနှင့် ညှိနှိုင်းဖယ်ရှားပေးရန်
ဇန်နဝါရီလ ၂ ရက်က အကြောင်းကြားစာ ပေးပို့ခဲ့ခြင်း
ဖြစ်ကြောင်း တံတားစီမံကိန်း၊ စီမံခန့်ခွဲရေး ကော်မတီအဖွဲ့
ခေါင်းဆောင် အင်ဂျင်နီယာချုပ် ဦးကျော်ကောင်းချိုက
ပြောကြားသည်။

“လုပ်ငန်းစတော့မယ်။
မပြောင်းရွှေ့သေးတဲ့ နေအိမ်အဆောက်အအုံတွေ အများကြီး
ကျန်နေသေးတယ်။
အားလုံးကို နစ်နာကြေးလည်း ပေးပြီးသားပါ။
အခုက မြို့နယ်ထွေ/အုပ်က တစ်ဆင့် အသိပေးလှုံဆော်တယ်၊
မလိုက်နာရင်တော့ ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့
ဆောင်ရွက်မယ်” ဟု ၎င်းက ဆိုသည်။

ဒလတံတားစီမံကိန်းကို အမေရိကန် ဒေါ်လာ ၁၃၈ သန်းခန့်
အသုံးပြု၍ မြန်မာ-ကိုရီးယားက စာချုပ်ချုပ်ဆို အကောင်အထည်
ဖော်နေခြင်းဖြစ်ပြီး စီမံကိန်းကာလ ငါးနှစ်သတ်မှတ်ထားကြောင်း
ရန်ကုန်တိုင်း လမ်းတံတားဦးစီးဌာနထံမှ သိရသည်။

ရန်ကုန်-ဒလတံတားအရှည်သည် ၂၂၄၃ မီတာ ရှည်လျားပြီး
ရန်ကုန်မြို့ ဘုန်းကြီးလမ်း၊ ကမ်းနားလမ်းတို့မှ ဖြတ်၍
ဒလဘက်ကမ်းရှိ ဗိုလ်မင်းရောင် လမ်းထိပ်အထိ ဆက်သွယ်
ထားရှိမည် ဖြစ်ပြီး သင်္ဘောကြီးများ သွားလာနိုင်ရန်
ရေလမ်း ကင်းလွတ် အမြင့်ပေ ၁၆၀ နှင့် ရေလမ်းကင်းလွတ်
အကျယ် ၈၂၃ ပေ တည်ဆောက်သွားမည်ဖြစ်ကြောင်း
ရန်ကုန်တိုင်း လမ်းတံတားဦးစီးဌာနမှ သိရသည်။

“တံတားဆောက်မှာ အတည်ဖြစ်လို့ မြေဈေးတွေတောင်
တက်နေတယ်။
မပြောင်းရင်တော့ ဥပဒေအရ တရားစွဲခံရမှာပေါ့။
တချို့အိမ်လေးတွေတော့ ပြောင်းနေကြပြီ၊
မပြောင်းရသေးတဲ့ နေအိမ်တွေလည်း အများကြီး
ကျန်သေးတယ်”ဟု ဒလမြို့နယ် ဒေသခံတစ်ဦးက ဆိုသည်။

ရန်ကုန်-ဒလတံတားကို ၂၀၁၃ ခုနှစ်အတွင်း ဆောက်လုပ်မည့်
စီမံချက်ရှိခဲ့သော်လည်း ငွေကြေး မလုံလောက်မှုကြောင့်
၂၀၁၄ ခုနှစ်က ရပ်ဆိုင်းခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် လုပ်ငန်း
ပြန်လည်စတင်ခြင်း ဖြစ်သည်။

ထို့အပြင် တံတားစီမံကိန်းအတွက် ချေးငွေအတိုးနှုန်းကို
ဝ ဒသမ ၁၅ ရာခိုင်နှုန်း သတ်မှတ်ထားပြီး ဆိုင်းငံ့ကာလ
၁၅ နှစ် အပါအဝင် ပြန်ဆပ်ကာလ ၂၅ နှစ် သတ်မှတ်ကာ
တစ်နှစ်လျှင် နှစ်ကြိမ်ဆပ်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း
လမ်းတံတားဦးစီးဌာနထံမှ သိရသည်။

*****

၃။ "ရန်ကုန်မြို့တွင်း ခြောက်မြို့နယ် ယာဉ်ကြောရှုပ်ထွေးသည့်
လမ်းများတွင် ကားပါကင်များ သတ်မှတ်ခြင်း စတင်
ဆောင်ရွက်ရန် စီစဉ်နေ"
      
ရန်ကုန်မြို့တွင်း ခြောက်မြို့နယ် ယာဉ်ကြောရှုပ်ထွေးသည့်
လမ်းများတွင် ကားပါကင် သတ်မှတ်ခြင်းများ စတင်ဆောင်ရွက်ရန်
စီစဉ်နေကြောင်း ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက
ပြောကြားသည်။

“အဖွဲ့ပေါင်းစုံဆင်းပြီးတော့ ယာဉ်ကြောရှုပ်ထွေးတဲ့လမ်းတွေ။
အဓိက,ကတော့ ယာဉ်ကြောရှုပ်ထွေးတဲ့ လမ်းတွေ
စလုပ်ပါမယ်။
အခုဆိုရင် ရွှေဘုံသာလမ်းက ဈေးကိုလည်း ရွှေ့ပြောင်းပြီး
ဖြစ်ပါတယ်။ အဲဒါတွေ စလုပ်ပါမယ်” ဟု ပန်းဘဲတန်းမြို့နယ်
မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး
လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောကြားသည်။

ထိုကဲ့သို့ ကားပါကင်ရေးဆွဲခြင်းကို ရန်ကုန်မြို့ မြို့နယ်
ခြောက်မြို့နယ်တွင် ပါဝင်သည့် ကျောက်တံတား မြို့နယ်၌
ဆောင်ရွက်မှုများရှိကြောင်း သိရသည်။

“ကားပါကင် အကောင်အထည်ဖော်ဖို့က လွှတ်တော်မှာ
ကိုယ်တိုင်မေးမြန်းပြီးတော့ ဆောင်ရွက်မယ့် ကိစ္စပေါ့။
အစ်ကို့မြို့နယ် တစ်မြို့နယ်တည်း မပြောပါဘူး။
Downtown ခြောက်မြို့နယ်ထဲမှာ ကြိုက်တဲ့နေရာက 
စလုပ်ပေါ့။
အခုကျောက်တံတားတို့ဘာတို့ လုပ်တာရှိပါတယ်။
သွားလေ့လာတာတွေ ရှိတယ်။ အဆင်သိပ်မပြေဘူး။
မျဉ်းဝါတား ကားပါကင်ဆိုတာ မျက်လုံးထဲမှာမြင်အောင်
ပြောတာ။ ပါကင်လုပ်ဖို့အတွက် သတ်မှတ်ချက်တွေ ရှိရမယ်။
ဘယ်ကားကို စံအနေနဲ့ ထားမှာလဲ။
ကျွန်တော့်မြို့နယ်မှာဆိုရင် Alphard ကို စံအနေနဲ့ ထားမယ်။
အိမ်စီးကား ဒီဟာက အကြီးဆုံးပဲ။ ဒီကားရပ်ပြီးရင် တံခါးဖွင့်
လောက်တဲ့အထိ အကျယ်အ၀န်းချန်မယ်။
မျဉ်းဝါတွေကို တည့်တွေပဲ တစ်ခုတည်း ဆွဲသွားတဲ့ အခါမှာ
တစ်စီးနဲ့တစ်စီး ကပ်ပြီးတော့ စနစ်တကျ မဖြစ်တာတွေ။
အစ်ကိုတို့မြို့နယ်မှာ အခုပြင်နေပါတယ်။
စည်ပင်ကိုလည်း ပြောထားတယ်” ဟု တိုင်းဒေသကြီး
လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက
ပြောကြားသည်။

ကားပါကင်ကိစ္စနှင့် ပတ်သက်၍ ဒုတိယအကြိမ် ရန်ကုန်တိုင်း
ဒေသကြီး လွှတ်တော်တွင် မေးမြန်းမှုများရှိခဲ့ပြီး မြို့တော်ဝန်
ကိုယ်တိုင်ကလည်း ဆောင်ရွက်ပေးမည်ဟု ပြန်လည်ဖြေကြား
ခဲ့ကြောင်း သိရသည်။

“အခုအခြေအနေကတော့ ဌာနဆိုင်ရာ ညှိပြီးတော့
လွှတ်တော်နားရက်တွေမှာ စတင်ပြင်ဆင်နေပါပြီ။
ရွှေဘုံသာလမ်းတို့၊ ဖရေဇာတို့ကို စလုပ်ဖို့ စီစဉ်ထားတာ
ရှိပါတယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။

(ထက်ရှိုင်း)

credit - The Myanmar Times / The Voice  
& Eleven Media Group

**********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

No comments:

Post a Comment