“ကွန်ဒိုနည်းဥပဒေနှင့် အိမ်ခြံမြေကဏ္ဍအပေါ် အမြင်များ”
၁။ "ကွန်ဒို အရောင်းဈေးကွက် ပြန်သွက်လာနိုင်မည့်
အချက်တစ်ချက်အဖြစ် ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေ
လုပ်ငန်းရှင်များ မျှော်လင့်နေသော ကွန်ဒိုမီနီယံ နည်းဥပဒေ
ယခုလအတွင်း တရားဝင် ထုတ်ပြန်မည်"
ကွန်ဒိုအရောင်းဈေးကွက်ပြန်သွက်လာမည့် အချက်တစ်ချက်
အဖြစ် ဆောက်လုပ်ရေးလုပ်ငန်းရှင်၊ အိမ်ခြံမြေ လုပ်ငန်းရှင်
များမျှော်လင့်နေသော ကွန်ဒိုမီနီယံ နည်းဥပဒေကို
ယခုလအတွင်း တရားဝင်ထုတ်ပြန်မည်ဖြစ်ကြောင်း
သတင်းရရှိသည်။
ကွန်ဒိုမီနီယံဥပဒေဟုခေါ်ဆိုမှုများသည့် စုပေါင်းပိုင်
အဆောက်အအုံဆိုင်ရာဥပဒေကို ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ
၂၂ ရက်က ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုချက်
ရခဲ့ပြီး နှစ်နှစ်ခန့်အကြာမှသာ ယင်းနည်းဥပဒေကိုပြဋ္ဌာန်းရန်
ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်သည်။
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး
ဦးဝင်းနိုင်က
''လုပ်ငန်းရှင်တွေမျှော်လင့်နေတဲ့ ကွန်ဒိုမီနီယံနည်းဥပဒေက
အတည်ပြုပြီးသွားပြီ။ ထုတ်ပြန်တော့မှာပါ။
မနေ့ကလည်းအစည်းအဝေးလုပ်တယ်။
ဝန်ကြီးလက်မှတ်ထိုးပြီးပြီ။
ဥပဒေကကျွန်တော့်လက်ထဲတော့မရောက်သေးဘူး'' ဟု
ဒီဇင်ဘာ ၁၅ ရက်က ပြောသည်။
ယင်းနည်းဥပဒေပြဋ္ဌာန်းနိုင်ခဲ့ခြင်းကြောင့် အေးစက်နေသည့်
အိမ်ခြံမြေဈေးကွက်သည် လာမည့် ၂ဝ၁၈ ခုနှစ်တွင်
လှုပ်ခတ်လာနိုင်ကြောင်းသိရသည်။
MKT Construction ၏ Managing Director ဦးမျိုးမြင့်က
''၂ဝ၁၇ ဒီဇင်ဘာမှာ ကွန်ဒိုမီနီယံ နည်းဥပဒေကထွက်ပါမယ်။
ကက်ဘိနက်ကအတည်ပြုပြီးသွားပြီ။ တစ်နေ့က အိုးအိမ်မှာ
ဆောက်လုပ်ရေး လုပ်ငန်းရှင်အသင်းနဲ့ တာဝန်ရှိသူတွေ
အသီးသီးကို ဆက်လက်ပြီး လိုအပ်တဲ့ညွှန်ကြားချက်တွေ
ထုတ်ပြန်ဖို့အတွက် ခေါ်ယူဆွေးနွေးတာတွေ ရှိတယ်။
ဒီနှစ်ကုန်မတိုင်ခင် တရားဝင်ထုတ်ပြန်မှာဖြစ်ပါတယ်။
ထွက်တော့မှာမို့ လာမယ့် ၂ဝ၁၈ ခုနှစ်က အိမ်ခြံမြေ
လောကသားတွေအတွက် မင်္ဂလာသတင်းတစ်ခုဖြစ်ပါတယ်။
ဥပဒေထွက်လာတာနဲ့ ချက်ချင်း အိမ်ခြံမြေကြီးက အရမ်းကြီး
ပေါက်ကွဲထွက်လာမယ်ဆိုတဲ့ သဘောတော့ မဟုတ်ပါဘူး။
နှစ်နှစ်ခွဲသုံးနှစ်လောက် အိမ်ခြံမြေကာလ တော်တော်လေး
ယိမ်းယိုင်နေတာကနေ ၂ဝ၁၈ ခုနှစ်မှာ ရောင်ခြည်သမ်း
လာမယ့် အခြေအနေတစ်ခုလို့ မျှော်လင့်ပါတယ်'' ဟု
ပြောသည်။
သို့သော် ကွန်ဒိုမီနီယံနည်း ဥပဒေတစ်ခုတည်းဖြင့် အိမ်ခြံမြေ
ကဏ္ဍအားလုံး မဖွံ့ဖြိုးမတိုးတက်နိုင်ဘဲ နိုင်ငံတော်အစိုးရ၊
ဒေသန္တရ အစိုးရအဖွဲ့များမှ တိကျပြတ်သားသော မူဝါဒပိုင်း
ဆိုင်ရာ ပြုပြင်ပေးမှုများ လိုအပ်ကြောင်း သိရသည်။
ဦးမျိုးမြင့်က
''အဆောက်အအုံကဏ္ဍ၊ လမ်းတံတားကဏ္ဍအစရှိတဲ့
ကဏ္ဍတွေရဲ့ by-law တွေနဲ့ ပတ်သက်ပြီး ယခုအချိန်အထိ
ရေးဆွဲပြဋ္ဌာန်းနိုင်ခြင်း မရှိသေးပါဘူး။
ဒါတွေရဲ့မူဝါဒတွေကောင်းမွန်ဖို့ လိုပါတယ်။
အဆောက်အအုံဆောက်လုပ်ဖို့ တင်ပြလိုက်တာနဲ့
ဘယ်နှထပ်ရမယ်ဆိုတာ သဲသဲကွဲကွဲသိဖို့လိုပါတယ်။
အခုက သဲသဲကွဲကွဲ မသိရဘူး။
ဥပဒေအရကိုသတ်မှတ်ချက်အတိုင်း တိတိကျကျမရှိဘဲ
ဖြစ်နေတဲ့ အတွက် ကြောင့်မို့ ဒီမူဝါဒပိုင်းဆိုင်ရာလိုအပ်ချက်
ရှိပါတယ်'' ဟုပြောသည်။
ယင်းအပြင် အိမ်ခြံမြေအခွန်ထမ်းဆောင်ရာတွင်
ကျပ်သိန်း ၁ဝဝဝ ကျော်ပါက တံဆိပ်ခေါင်းအခွန် အပါအဝင်
၃၄ ရာခိုင်နှုန်း ပေးဆောင်ရခြင်းကြောင့် ကျပ်သိန်း ၁ဝဝဝ
ကျော်ဝယ်ယူသူများအနေ ဖြင့် ကျပ်သိန်း ၃၄ဝ၊
သိန်း ၃ဝဝဝ ကျော်ဝယ်ယူသူများအနေဖြင့် သိန်း ၁ဝဝဝ ကျော်
ပေးဆောင်နေရပြီး အခွန်ပေးဆောင်ရမှုများပြားနေသည့်
အပေါ် နိုင်ငံတော်မှသက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်
အိမ်ခြံမြေကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် အခွန်နှုန်းများ
ပြန်လည်သုံးသပ်ကာဖြေလျှော့ပေးရန်လိုအပ်ကြောင်း
သိရသည်။
အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းရှင်ဒေါ်ထားထားနွယ်က
''အိမ်ခြံ မြေဥပဒေကိုမျှော်ကြတယ်။
အဓိက တော့ ကွန်ဒိုမီနီယံဥပဒေကို မျှော်ကြတယ်။
ကွန်ဒိုမီနီယံနည်းဥပဒေက အိမ်ခြံမြေဈေးကွက် အခြေအနေ
ကို ပြန်လှုပ်ရှားလာစေမယ်လို့ မျှော်လင့်ကြတဲ့အတွက်
ဒီဥပဒေကို မျှော်ကြတာပါ။
ဘာလို့လည်းဆိုတော့ ဒီဥပဒေမှာနိုင်ငံခြားသားတွေ
ဝယ်ယူခွင့် ရမယ်။
အိမ်ခြံမြေကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်
လာမယ်။
ဥပဒေပြဋ္ဌာန်းပြီးရင်တော့ အခြေအနေကကောင်းလာမယ်
လို့ ထင်ပါတယ်။
ဒါပေမဲ့ ဥပဒေပါပြဋ္ဌာန်းချက်တွေက အထောက်အပံ့ဖြစ်နေဖို့
အရေးကြီးပါတယ်''ဟုပြောသည်။
(TEEP)
*****
၂။ "နိုင်ငံခြားသားပိုင်ဆိုင်ခွင့်ပါဝင်လာမည့် ကွန်ဒိုနည်းဥပဒေ
အလုပ်ဖြစ်မှာလား"
အလုံးအရင်းဖြင့် တည်ဆောက်ပြီးစီးနေပြီဖြစ်သော ရန်ကုန်တွင်
ထောင်နှင့်ချီသော ကွန်ဒိုတိုက်ခန်းများအတွက် အဖြေတစ်ခုက
စောင့်ကြိုလျှက် ရှိသည်။
၁၉၉၀ကျော်လွန်ကာလများကို ကန်ထရိုက်တာခေတ်ဟုခေါ်ဆို၍
ရချိန်တွင် ၂၀၁၂မှ စတင်ပြီး ယနေ့အချိန်အထိ ကွန်ဒိုတိုက်ခန်း
ခေတ်ဟု၍ပင် ခေါ်ဆို၍ရလောက်အောင် အလုံးအရင်းဖြင့်
တည်ဆောက်နေမှုများက ရန်ကုန်တွင် ဒုနှင့်ဒေးပင် ။
အ၀ယ်မျှော်ရန်ကုန်မြို့မှ ကွန်ဒိုတိုက်ခန်းများအတွက် တစ်ခုတည်း
သော မျှော်လင့်ချက်ကလည်း မကြာမီတွင် ရောက်ရှိတော့မည်
ဖြစ်သည်။
ယင်းမှာ ကွန်ဒိုတိုက်ခန်းများ၏ တည်ဆောက်ခြင်း ၊ပိုင်ဆိုင်ခြင်း၊
ရောင်းချခြင်းများကို အဆုံးအဖြတ်ပေးမည့် ကွန်ဒို တိုက်ခန်း
ဥပဒေ၏နည်းဥပဒေ( Rule & Regulation) ပင်ဖြစ်သည်။
အရောင်းအ၀ယ်တုံ့ဆိုင်းအေးစက်နေသောရန်ကုန်အိမ်ခြံမြေ
ဈေးကွက်ကို ကွန်ဒိုနည်းဥပဒေ
(စုပေါင်းပိုင် အဆောက်အအုံဥပဒေ) အတည်ပြုထွက်ရှိ
လာသည်နှင့် ကောင်းမွန်လာမည်ဟု အိမ်ခြံမြေ အသိုင်းအ၀ိုင်း
နှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များက တထစ်ချယုံကြည်လျှက်
ရှိသည်။
သို့သော် စီးပွားရေးပညာရှင်များကမူ ရန်ကုန်တွင် ကွန်ဒို
တိုက်ခန်းကို ၀ယ်ယူနိုင်သူလူတန်းစားမှာ ရာခိုင်နှုန်းအားဖြင့်
လွန်စွာနည်းပါးနေပြီး သောင်းဂဏန်းလူဦးရေကသာ
ကွန်ဒိုတိုက်ခန်းများကို ၀ယ်ယူနိုင်စွမ်းရှိသည်ဟု
ပြောဆိုထားကြသည်။
စင်စစ်အားဖြင့် မြန်မာနိုင်ငံတွင် ကွန်ဒိုတိုက်ခန်းကို ပြည်တွင်းမှ
ဝယ်ယူနိုင်သူ လူတန်းစားမှာ ကုန်သလောက်ရှိသွာြး့ပီဆိုသည့်
သဘောပင်။
ထို့ကြောင့်ပြည်တွင်း၌ ၀ယ်လိုအားအထိုက်အလျောက်ကျဆင်း
လာပြီဖြစ်သော ကွန်ဒိုတိုက်ခန်းများကို ဈေးကွက်အသစ်တစ်ခု
အနေဖြင့် နိုင်ငံခြားသားများဘက်သို့ ဦးလှည့်လာခြင်း
ဖြစ်သည်။
လက်ရှိ ဥပဒေအရ ကွန်ဒိုတိုက်ခန်းများကို နိုင်ငံခြားသားများ
တရားဝင် ၀ယ်ယူခွင့် မရှိသေးပေ။
ထို့ကြောင့် မကြာမီထွက်ပေါ်လာမည့် နည်းဥပဒေတွင်
နိုင်ငံခြားသားများတရားဝင် ၀ယ်ယူခွင့်ဆိုသည့်အချက် ပါဝင်
လာခြင်းကြောင့်လည်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များ
အတွက် မျှော်လင့်စရာတစ်ခုပင် ဖြစ်သည်။
မကြာခင် ထုတ်ပြန်မည့် ကွန်ဒိုနည်းဥပဒေတွင် နိုင်ငံခြားသား
များအနေဖြင့် ကွန်ဒိုတစ်ခုလုံး၏ စုစုပေါင်း
အခန်း ၄ဝ ရာခိုင်နှုန်းထိ ဝယ်ယူခွင့်ပြုပေးမည်ဖြစ်ပြီး
တစ်ဦးတစ်ယောက်တည်းက ဝယ်ယူလိုလျှင် အများဆုံး
၂၅ ရာ ခိုင်နှုန်းအထိ ဝယ်ယူခွင့်ရမည်ဟု
ဥပဒေတွင်ပါရှိလာမည်ဖြစ်သည်။
နိုင်ငံခြားသားများကိုပါ အခန်းဝယ်ခွင့် ပေးမည့် ကွန်ဒိုဥပဒေ
ကို အများက စောင့်မျှော်နေခဲ့ကြသည်။
သို့သော် ဥပဒေ၏ နောက်ဆက်တွဲဖြစ်သည့် နည်းဥပဒေ
မထွက်သေးသဖြင့် အသေးစိတ် လုပ်ထုံးလုပ်နည်းများ
အသက်မဝင် သေးသဖြင့် ဈေးကွက် မသွက်လာေ သးဘဲ
နည်းဥပဒေကို ဆက်လက်စောင့်မျှော်နေရခြင်းလည်း
ဖြစ်သည်။
သို့သော်တည်ဆောင်ထားသမျှ ကွန်ဒိုများတွင်
နိုင်ငံခြားသားများ၏ ၀ယ်နိုင်စွမ်းပမာဏမှာ မည်မျှ ရှိလာမည်
ကိုမူ ခန့်မှန်း၍ မရပေ။
မြန်မာနိုင်ငံသို့လာရောက်သောနိုင်ငံခြားသား အများစုသည်
လခစားဝန်ထမ်း အများစုသာဖြစ်ပြီး ရင်းနှီးမြှပ်နှံသူ စီးပွားရေး
လာရောက်လုပ်ကိုင်သူမှာ အနည်းငယ်မျှသာဖြစ်သည်။
လက်တွေ့တွင် နိုင်ငံခြားသားအချို့မှာ ကွန်ဒိုတိုက်ခန်းများကို
ဌား၇မ်းသည့်စရိတ်ကိုလျှော့ချပြိး ရပ်ကွက်အတွင်းတိုက်ခန်း
များ ဌားရမ်းနေထိုင်နေကြသည်မှာ မျက်မြင်ပင် ဖြစ်သည်။
ထို့ကြောင့်ရန်ကုန်မြို့တွင် ပြီးစီးနေသော အသစ်စက်စက်ကွန်ဒို
တိုက်ခန်းများက နည်းဥပဒေထွက်ပေါ်လာပါက ထင်သလောက်
နိုင်ငံခြားသားဈေးကွက်ကို မျှော်လင့်၍ ရဦးမည် မဟုတ်ပေ။
အ၀ယ်မျှော်ကွန်ဒိုတည်ဆောက်သူ လုပ်ငန်းရှင်များ ထွက်ပေါ်
လာမည့် ကွန်ဒို နည်းဥပဒေတွင် ၄င်းတို့အတွက် နောက်ပိုင်း
တည်ဆောက်ရာတွင် သတ်မှတ်ချက်အသစ်များ
ပါဝင်လာသည်။
ကွန်ဒိုနည်းဥပဒေထွက်ရှိလာပါက ပိုင်ဆိုင်မှုများ သေချာ
ခိုင်မာလာမည်ဖြစ်ပြီး ရရှိရမည့် အကျိုးခံစားခွင့်များကိုလည်း
ဝယ်ယူသူများအတွက် မနစ်နာစေရန် ထည့်သွင်း
ရေးဆွဲထားသည်။
ထို့ပြင် နည်းဥပဒေတွင် ဆောက်လုပ်ရေး လုပ်ငန်းရှင်များ
အနေဖြင့် ဈေးကစားခြင်း မပြုလုပ်စေရန် အဆောက်အအုံ၏
၇၅ ရာခိုင်နှုန်းကို မဖြစ်မနေရောင်းချရမည်ဟု
သတ်မှတ်ထားသည်။
အထူးသဖြင့် ကြိုပွိုင့်ရောင်းချခြင်းမှ ရရှိသည့် ငွေများကို
ဘဏ်တွင် အပ်နှံထားရမည်ဖြစ်ပြီး ယင်း ငွေများကို
ဆောက်လုပ်ရေးလုပ်ငန်းအတွက်သာ ပြန်လည်အသုံးပြု
ရမည်ဖြစ်ကာ ပြင်ပ၌သုံးစွဲခွင့် မရှိကြောင်း သတ်မှတ်ချက်များ
ပါဝင်လာမည်ဖြစ်သည်။
ကွန်ဒိုတစ်လုံးသည် အနည်းဆုံးမြေဧရိယာ စတုရန်း ပေ
၂ဝ,ဝဝဝ နှင့်အထက် ရှိရမည်ဖြစ်ပြီး ခြောက်လွှာနှင့်အထက်
ရှိရမည်ဟု ဥပဒေတွင် ပြဋ္ဌာန်း ထားသည်။
ထို့ကြောင့် ယခင်ကထက် လုပ်ငန်းရှင်များ အနေဖြင့်
ရောင်းချခြင်းဆိုင်ရာ ၊ တည်ဆောက်ခြင်းများအပိုင်းတွင်လည်း
အကန့်အသတ်များရှိလာမည်ဖြစ်သည်။
နိဂုံးချုပ်အားဖြင့်ဆိုသော် ဈေးကွက်အေးစက်ပြီး အဆိုးဆုံး
ကျဆင်းနေသော ရန်ကုန် အိမ်ခြံမြေဈေးကွက်အတွက်
မကြာမီ ထွက်ပေါ်လာမည့် ကွန်ဒို နည်းဥပဒေသည်လည်း
စိတ်ဝင်စားစရာများဖြင့် စောင့်ကြည့်ရမည် ဖြစ်သည်။
(နေးရှင်းမြန်မာ)
credit - Democracy Today & iMyanmar House
**********
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0
No comments:
Post a Comment