Sunday, March 4, 2018

"မေးခွန်းများစွာနှင့် မြို့သစ်စီမံကိန်း"

"မေးခွန်းများစွာနှင့် မြို့သစ်စီမံကိန်း"

စီးပွားရေးမြို့ ရန်ကုန်မြို့မှ မိနစ် အနည်းငယ်ကြာ
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအတိုင်း ကားမောင်း
သွားလျှင် ဘေးတစ်ဖက်တစ်ချက်ရှိ ဧက ၁,၆၀၀ ကျော်
သည့် မြေနေရာကျယ်ကြီး ခြံဝင်းခတ်ထားသည်ကို
တွေ့ရပါလိမ့်မည်။

မြေကွက်ကျယ်ကြီးကို အပြာရောင်ခြံစည်းရိုးများဖြင့်
မျက်စိတစ်ဆုံး ကာရံထားပြီး ‘စီမံကိန်း ဆောင်ရွက်နေ
သော နိုင်ငံတော် အစိုးရပိုင်မြေ မကျူးကျော်ရ’ ဟူ သော
ဆိုင်းဘုတ်များ ချိတ်ဆွဲထားသည်။

ထိုနေရာတွင် ရန်ကုန်တိုင်း အစိုးရက နိုင်ငံတကာအဆင့်မီ
Smart City ဟုခေါ်သည့် မြို့ပြစီမံကိန်း တည်ဆောက်ရန်
စီစဉ်နေခြင်းဖြစ်သည်။

ထိုစီမံကိန်းကြီး အကောင်အထည်ပေါ်လာပါက အမြန်လမ်း
ဘေးရှိ မြေကွက်လပ်နေရာကျယ်သည် မိုးမျှော်တိုက်များ၊
လူနေအိမ်ရာများ၊ အလုပ်ရုံ၊ စက်ရုံ၊ ဟိုတယ်၊ အပန်းဖြေ
နေရာများနှင့် မြို့ပြတစ်ခုမျှ ကြီးကျယ်ခမ်းနားသည့်
နေရာတစ်ခု ဖြစ်လာလိမ့်မည်။

အဆိုပါ စီမံကိန်းဧရိယာသည် ရန်ကုန်တိုင်းဒေသကြီး
လှည်းကူးမြို့နယ် အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ်
(၃) မှ (၅)ကြားတွင် တည်ရှိပြီး မြေဧရိယာ ဧက ၁,၆၀၀
ကျော် ကျယ်ဝန်းသည်။ ထိုဧရိယာသည် ရန်ကုန်မြို့တွင်း
ခြောက်မြို့နယ်ပေါင်း ဧရိယာ၏ ထက်ဝက်ခန့်
ကျယ် လေသည်။

သို့သော် ထိုမျှကြီးမားကျယ်ဝန်းသော စီမံကိန်းကို
လုပ်ငန်းများ မည်သို့ အကောင်အထည်ဖော်မည်၊ ဒေသခံ
များအတွက် အကျိုး အမြတ် မည်မျှရှိမည် စသည့်
ကိစ္စ အဝဝကို အစိုးရကလွဲ၍ မည်သူမျှ သိရှိမထားပါချေ။

ထိုဒေသကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များပင်
စီမံကိန်းအကြောင်း မသိရှိကြောင်း လှည်းကူးမြို့နယ် 
ပြည်ထောင်စု အဆင့်နှင့် တိုင်းဒေသကြီး လွှတ်တော်
ကိုယ်စားလှယ်များက တညီတညွတ်တည်း ဆိုပါသည်။

‘‘ဒီစီမံကိန်းနဲ့ ပတ်သက်ပြီးအမှန်တိုင်းပြောရရင် ဘာမှ
မသိပါဘူး။
အလုံးစုံ ဂဃနဏမသိတော့ ဘာမှမပြောနိုင်ပါဘူး’’ဟု
လှည်းကူးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်
ကိုယ်စားလှယ် ဒေါ်မြတ်မာလာထွန်းက ပြောသည်။

ထိုစီမံကိန်းသည် လက်ရှိ ရန်ကုန်တိုင်းဝန်ကြီးချုပ်
ဦးဖြိုးမင်းသိန်း ၂၀၁၅ ရွေးကောက်ပွဲတွင် တိုင်းဒေသကြီး
လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ရွေးချယ်
အနိုင်ရခဲ့သည့် လှည်းကူး  မြို့နယ်၌ တည်ရှိသည်။

ယင်းအချက်ကပင် ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ ပွင့်လင်း
မြင်သာမှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်နေသည်။

စီမံကိန်းအတွက် ကုမ္ပဏီ ရင်းနှီးမြှုပ်နှံမှု၊ စီမံကိန်း
အကောင်အထည် ဖော်မည့်အချိန်၊ အကျိုး အမြတ်ခွဲဝေမှု
များကို ရန်ကုန်တိုင်း အစိုးရ၊ ဆောက်လုပ်ရေးဝန်ကြီး
ဌာနနှင့် ကုမ္ပဏီဘက်က လွှတ်တော်ကိုယ်စားလှယ်များ
အပါအဝင် ဒေသခံများကို ရှင်းပြခြင်း မရှိသေးကြောင်း
ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးသိန်းတန် က
ပြောသည်။

‘‘အခုအကောင်အထည်ဖော်နေတာက ရန်ကုန်တိုင်း
အစိုးရ တိုက်ရိုက်ကြီးကြပ်နေတာ ဖြစ်တော့ ဒီလုပ်ငန်း
အပေါ် သူ (ရန် ကုန်တိုင်းအစိုးရအဖွဲ့) က တာဝန်ယူ
ရတော့မယ်။ တကယ်လို့ အကျိုးအမြတ်မရှိဘူး ထင်ရင်
ဝေဖန်ခြင်းခံရမယ်’’ဟု ဦးသိန်းတန် က ဆိုသည်။

အဆိုပါစီမံကိန်းကို Eco Green City ဟု အမည်ပေးထား
ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြ၊ အိမ်ရာ ဖွံ့ဖြိုးရေး
ဦးစီးဌာနနှင့် Alliance Star Group of Companies တို့
အကျိုးတူပူးပေါင်း ဆောင်ရွက်မည်ဖြစ်သည်။

ယင်းစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့်
ရန်ကုန်တိုင်းအစိုးရတို့က ၂၀၁၇ ဒီဇင်ဘာ ၂၃ ရက်တွင်
ပန္နက်တင်အခမ်းအနား ပြုလုပ်ခဲ့သည်။

Eco Green City စီမံကိန်းကို ယခင်အစိုးရ လက်ထက်
ကတည်း က စတင်အကောင်အထည်ဖော်ရန် စီစဉ်ထား
ခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ နှင့် ၂၀၁၆  တွင် စီမံကိန်း ဧရိယာ
အတွင်း ကျူးကျော်နေထိုင်သူများကို အစိုးရက
အင်အားသုံး ဖယ်ရှားခဲ့သည်။

၎င်းတို့၏ ဥယျာဉ်၊ ခြံမြေများလည်း အဆိုပါစီမံကိန်းတွင်
ပါဝင်နေကြောင်း စီမံကိန်းနယ်မြေတွင် ပါဝင်၍ ဖယ်ရှား
ခံခဲ့ရသူ ကိုထွန်းအောင်ကျော်ကပြောသည်။

စီမံကိန်းဧရိယာသည် ဧက ၁,၆၀၀ ကျော် ဖြစ်သော်လည်း
စီမံကိန်းအသုံးပြုမည့်မြေသည် ဧက ၁,၄၀၀ ကျော်ဖြစ်
ကြောင်း မြို့ပြ နှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန
ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်က ပြောသည်။

ယင်းမြေယာများကို နိုင်ငံတော်မြေအဖြစ် လယ်ယာ
စိုက်ပျိုးရေးဝန်ကြီးဌာနက လွှဲပြောင်းရယူခဲ့ခြင်းဖြစ်ကြောင်း
၎င်း ကဆိုသည်။

အဆိုပါ စီမံကိန်းမြေသည် ယခင်လယ်ယာ စိုက်ပျိုးရေးနှင့်
ဆည်မြောင်း ဝန်ကြီးဌာနမှ ဆောက်လုပ်ရေးဝန်ကြီးဌာနက
စီမံကိန်းဆောင်ရွက်ရန် လွှဲပြောင်းယူခဲ့ခြင်းဖြစ်ကြောင်း
ဦးမြင့်နိုင်က ရှင်းပြသည်။

အကျိုးအမြတ် ခွဲဝေမှုကို နိုင်ငံတော်က ၂၅ ရာခိုင်နှုန်းမှ
၃၀ ရာခိုင်နှုန်းကြား ရရှိမည်ဟု ခန့်မှန်း ထားကြောင်း
စီမံကိန်းဖွင့်လှစ်ပြီး တစ်လအကြာတွင် ပြုလုပ်သည့်
သတင်းစာရှင်းလင်းပွဲ၌ ဦးမြင့်နိုင် က ပြောကြားခဲ့သည်။

စီမံကိန်း အစပိုင်းတွင် ကျပ် ၉၆ ဘီလီယံရှိ တန်ဖိုးနည်း
အိမ်ရာ စီမံကိန်း စတင်အကောင်အထည် ဖော်မည်
ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဌာန
တာဝန်ရှိသူများ က ပြောထားသည်။

အဆိုပါ တန်ဖိုးနည်းအိမ်ရာ အခန်း ၄,၀၀၀ ခန့်ကို
၂၀၁၈ မှ ၂၀၂၁ အတွင်း ဆောက်လုပ်မည်ဖြစ်ပြီး ဝင်ငွေ
ကျပ်ငါးသိန်းအောက် မိသားစုများကို ဦးစားပေးရောင်းချမည်
ဟု လည်းဆိုသည်။

‘‘စီမံကိန်းအကောင်အထည် ဖော်ဖို့ ကုမ္ပဏီဘက်က
Master Plan (စီမံကိန်းပုံစံ) ကို ပြန်လည် ရေးဆွဲနေတယ်။
ဒါပြီးမှ ဘယ်လောက် ကုန်ကျစရိတ်ရှိမယ်ဆိုတာ
သိရမယ်’’ ဟု ဦးမြင့်နိုင်က ပြောသည်။

လက်ရှိအစိုးရသည် အဆိုပါ စီမံကိန်းအတွက် ယခင်အစိုးရ
ချုပ်ဆိုခဲ့သော စာချုပ်များကို ပြန်လည်ပြင်ဆင်ခြင်းမရှိဘဲ
ဆက်လက် လုပ်ကိုင်ခြင်းဖြစ်ကြောင်း ဦးမြင့်နိုင်က
ပြောသည်။

စီမံကိန်းလုပ်ကိုင်ခွင့် တင်ဒါ ရရှိထားသည့်
Alliance Star Group of Companies  အမှုဆောင်
အရာရှိချုပ် ဦးရဲမင်းဦးက အဆိုပါစီမံကိန်းနှင့် ပတ်သက်၍
ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး
အစိုးရတို့ ၏ အစီအမံဖြင့် အငှားအိမ်ရာများ စီစဉ်ပေးမည်
ဟု ဆိုသည်။ နှစ်ရှည် စနစ်ဖြင့် ရောင်းချမည်ဟုလည်း
ဆိုထားသည်။

အငှားအိမ်ရာများကို သုံးနှစ်အတွင်း အပြီးတည်ဆောက်မည်
ဖြစ်ပြီး နှစ်အလိုက် အိမ်ရာများ တည်ဆောက် ပြီးစီး
သလောက် အစိုးရကို အပ်နှံမည်ဟု ၎င်းကဆို သည်။

အငှားအိမ်ရာစနစ်ဆိုသည်မှာ ဝန်ထမ်းနှင့် ဝင်ငွေနည်း
ပြည်သူများအတွက် တိုက်ခန်းများကို ဈေးသက်သာစွာ
ငှားပေးခြင်းဖြစ်သည်ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
က ဆိုထားသည်။

Eco Green City စီမံကိန်းကို အစိုးရနှင့် အကျိုးတူ ပူးပေါင်း
အကောင်အထည်ဖော်မည့် ကုမ္ပဏီ က တိုင်းလွှတ်တော်
ကိုယ်စားလှယ်များကို လာရောက်ရှင်းပြ သော်လည်း
အစိုးရနှင့် အကျိုးအမြတ်သဘောတူ စာချုပ်မချုပ်ဆိုရသေး
ကြောင်း၊ ကုမ္ပဏီနှင့်အစိုးရ ကြား အကျိုးအမြတ်အပေးအယူ
လည်း မသိရသေးကြောင်း ဒဂုံမြို့ နယ် တိုင်းဒေသကြီး
လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောသည်။

‘‘လုပ်ငန်းရှင်က ပန္နက်ရိုက်ပြီး လုပ်ငန်းအကောင်အထည်
ဖော်တော့မယ်။ ကုမ္ပဏီဘက်ကတော့ လာရှင်းပြတယ်။
ဒါပေမဲ့ အပေး အယူတောင် တိတိကျကျမပြောနိုင်ဘူး။
အခြေခံလိုအပ်ချက်ဖြစ်တဲ့ ရေ၊ မီးတောင် ဘယ်လိုလုပ်မယ်
ဆိုတာ မပြောနိုင်ဘူး။ ဒါတွေ က ဟာသဆန်၊
ကလေးဆန်တယ် လို့မြင်တယ်’’ဟု ၎င်းက ဆိုသည်။

ပွင့်လင်းမြင်သာမှုမရှိ၊ ဥပဒေလုပ်ထုံးလုပ်နည်းနှင့် မညီဘဲ
အကောင်အထည်ဖော်နေသည့် မြို့ကွက်သစ်အိမ်ရာ
စီမံကိန်းများနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ
ဦးဝင်းမြင့်က ဖေဖော်ဝါရီ ၂ ရက်တွင် လွှတ်တော်၌ 
သတိပေးပြောကြားသည်။

ယင်းကဲ့သို့ ပွင့်လင်းမြင်သာမှုမရှိဘဲ အကောင်အထည်
ဖော်နေသည့် စီမံကိန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်
အဆင့် ဖြေရှင်းမှုဖြင့် မလုံလောက်ဘဲ ပြည်ထောင်စုအစိုးရ
သက်ဆိုင်ရာ ဝန်ကြီးဌာနများက ကိုင်တွယ်ဖြေရှင်းရန်
လိုသည်ဟု ၎င်းကပြောကြားသည်။

လွှတ်တော်သို့ ရှင်းလင်းတင်ပြခြင်းမရှိဘဲ
Eco Green City စီမံကိန်း အကောင်အထည်ဖော်သဖြင့်
လွှတ်တော်ကိုယ်စားလှယ်များက ရန်ကုန်တိုင်းဒေသကြီး
အစိုးရကို ဝေဖန်သည်။

သို့သော် ရန်ကုန်မြို့သစ် စီမံကိန်းနှင့် ပတ်သက်၍
လွှတ်တော်တွင် မဆွေးနွေးရခြင်း အကြောင်းရင်းကို
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖေဖော်ဝါရီ
၁ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်သော ဒုတိယသမ္မတနှင့်
စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲ၌ ရှင်းပြသည်။

ထိုရှင်းပြချက်များထဲတွင် လက်ရှိလွှတ်တော်သည် ဒုတိယ
အကြိမ် လွှတ်တော်သက်တမ်းဖြစ်ကြောင်း၊ ပထမ
လွှတ်တော်၌ ဆုံးဖြတ်ထားသည်ကို လက်ဆင့်ကမ်းခြင်း
ဖြစ်ပြီး ကြိုက်နှစ်သက်မှုမရှိပါက လွှတ်တော်တွင် ပြန်လည်
ပြင်ဆင်ဆွေးနွေးနိုင်ကြောင်း ဦးဖြိုးမင်းသိန်းကဆိုသည်။

Eco Green City နှင့် ပတ်သက်၍ ယခင်လွှတ်တော်တွင်
တင်ပြပြီးဖြစ်၍ ယခုလွှတ်တော်တွင် မေးမြန်းလာပါက
ဖြေကြားရန် စီစဉ်ထားသည်ဟု မြို့ပြနှင့် အိုးအိမ်ဦးစီးဌာန
ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်ကလည်း
ပြောဆိုသည်။

အဆိုပါစီမံကိန်းနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်
များက ဆွေးနွေးခွင့်တောင်းနေပြီး ကန့်ကွက်သည့် သဘော
မဟုတ်ကြောင်း၊ သို့သော် တိုင်းအစိုးရသည် ဆတ်ဆတ်ထိ
မခံ ဖြစ်နေခြင်းကို သဘောမကျကြောင်း ဦးကျော်ဇေယျက
ထောက်ပြသည်။

တိုင်းအစိုးရအနေဖြင့် မြို့ပြ စီမံကိန်းများကို လိမ္မာပါးနပ်စွာ
အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း ၎င်းက
ဆက်လက်ပြောသည်။

ရန်ကုန်တိုင်းတွင် ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ
၅ ဒသမ ၂ သန်းရှိပြီး နှစ်စဉ်အိမ်ရာအခန်း လိုအပ်ချက်
၈,၀၀၀ ခန့် ရှိလာမည်ဖြစ်ကြောင်း
Oxford Business Group က ခန့်မှန်းထားသည်။

လာမည့် ၂၀၄၀ တွင် မြန်မာ နိုင်ငံ၏ လူဦးရေသည်
သန်း ၇၀ ကျော်မည်ဖြစ်သည်။ ထိုကာလတွင် အိမ်ရာ
၎ ဒသမ ၈ သန်း လို အပ်မည်ဖြစ်ပြီး ရန်ကုန်တွင်
တစ်သန်းလိုအပ်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန
က ခန့်မှန်းထားသည်။ ရန်ကုန်မြို့တွင် ၂၀၄၀ ၌ အိမ်ရာ
အခန်း ၁၈၀,၀၀၀ ကို မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီး
ဌာနက ဆောက်လုပ်ရန် စီစဉ်နေသည်။

Eco Green City ဆိုသည် မှာ ကာဗွန်ထုတ်လုပ်ခြင်းကို
ပြန်လည်သန့်စင်မည့် ပတ်ဝန်းကျင် ရှိခြင်း၊ သဘာဝ
အလင်းရောင်ကို အသုံးပြုခြင်းနှင့် ဇီဝလောင်စာသုံးစွဲမှု
လျှော့ချခြင်းကို ဆိုလိုခြင်းဖြစ်သည်ဟု မြို့ပြနှင့်အိမ်ရာ
ဖွံ့ဖြိုးရေးပညာရှင် ဦးမြင့်မိုရ်ဆွေက ပြောသည်။

မြန်မာနိုင်ငံတွင် ပထမဦးဆုံး ပေါ်လာမည့်
Eco Green City ကို ကြိုဆိုကြောင်း၊ ထိုင်းနှင့်စင်ကာပူ
နိုင်ငံတို့တွင် အဆိုပါ စနစ်များကို အသုံးပြုနေကြောင်း၊
စီမံကိန်းတွင် အဆင့်မြင့်နည်းပညာများ ပါဝင်ရမည်
ဖြစ်ကြောင်း ဦးမြင့်မိုရ်ဆွေကပြောသည်။

သို့သော် မြန်မာနိုင်ငံတွင် Eco Green City စီမံကိန်း
အကောင်အထည်ဖော်ပါက နည်း ဥပဒေများ၊ စည်းကမ်းများ
ဦးစွာ ပြဋ္ဌာန်းသင့်ကြောင်း ၎င်းကအကြံ ပြုသည်။

ထိုပြဋ္ဌာန်းချက် စည်းကမ်းများနှင့် အညီသာ ဖော်ဆောင်
သင့်ကြောင်း ဆိုသည်။ ထိုသို့ သတ်မှတ်ချက် မရှိပါက
အမည်ခံ Eco Green City သည် ရှက်စရာသာဖြစ်မည်
ဟု ဦးမြင့်မိုရ်ဆွေကဆိုသည်။

ထို့အပြင် Eco Green City သည် အနာဂတ် မဟာရန်ကုန်မြို့
အတွက် မဖြစ်မနေပေါ်ထွက်လာ မည့် စီမံကိန်းတစ်ခုအဖြစ်
အစိုးရ က စီမံထားသည်။ ရန်ကုန်မြို့တွင် ပထမဦးဆုံး
တည်ဆောက်မည့် မိုး ပျံလမ်း တည်ဆောက်မှုတွင် အဆိုပါ
Eco Green City ၏ ယာဉ်ကြောကျပ်တည်းမှုကိုပါ လျှော့ချရန်
စီစဉ်ထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန
အင်ဂျင်နီယာချုပ် ဦးကျော်ကောင်းချိုက ပြော သည်။

‘‘ဒီမိုးပျံလမ်းက အနာဂတ် ဖြစ်လာမယ့် ဟံသာဝတီလေဆိပ်
စီမံကိန်းအတွက် ရည်ရွယ်ပါတယ်။
နောက်ပြီး ကိုရီးယား-မြန်မာ စက်မှုဥယျာဉ်မြို့တော်ရော၊
Eco Green City အတွက်ရော ယာဉ်ကြောကျပ်တည်းတာ
လျှော့ချဖို့ ရည်ရွယ်ထားတာပါ’’ဟု ၎င်းက
ဆက်လက်ပြောသည်။

ထို့ကြောင့် ရန်ကုန်မြို့၏ မြို့ ပြလူနေမှုစနစ် အတွက်
အိမ်ရာများ လိုအပ်နေပြီး Eco Green City သည်
ရန်ကုန်မြို့အတွက် ရှေ့ဆောင်အိမ်ရာစီမံကိန်းတစ်ခု ဖြစ်လာ
မည်ဟု မျှော်လင့်ထား ကြောင်း ပညာရှင်များက ဆိုကြသည်။

သို့သော် ကုမ္ပဏီအကျိုးအမြတ်အတွက်သာ မဖြစ်သင့်ဘဲ
နိုင်ငံတော်နှင့်ပြည်သူများပါ အကျိုးများအောင် အစိုးရအနေ
ဖြင့် လိမ္မာပါးနပ်စွာ အကောင်အထည် ဖော်ရန်
လွှတ်တော်ကိုယ်စားလှယ်များက တိုက်တွန်းထားသည်။
         
(ထွန်းထွန်းမင်း)

credit - 7day Daily

**********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

No comments:

Post a Comment