“အစိုးရနှင့်လွှတ်တော် ကြားထဲရောက် မြို့သစ် စီမံကိန်း”
၁။ "ရန်ကုန်မြစ် အနောက်ဘက်ခြမ်းဖွံ့ဖြိုးတိုးတက်ရေး
သည်နှစ်အတွင်း လုပ်ဆောင်မည်"
ရန်ကုန်မြစ်ရဲ့ အနောက်ဘက်ကမ်းဒေသတစ်ခုလုံးကို
ဖွံ့ဖြိုးတိုးတက်အောင် ၂၀၁၈ ခုနှစ်မှာလုပ်ဆောင်သွားမယ်
လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
မတ်လ ၂၀ ရက်နေ့က ပြုလုပ်တဲ့ မြန်မာနိုင်ငံအခြေခံ
အဆောက်အအုံ ဆိုင်ရာ နှီးနှောဖလှယ်ပွဲမှာ ပြောတာပါ။
၂၀၁၈ ခုနှစ်မှာ ရန်ကုန်မြို့သစ်စီမံကိန်း အထူးစီးပွားရေးဇုန်
တွေတည် ဆောက်မှာဖြစ်ပြီး ရန်ကုန်မြစ်ရဲ့ တစ်ဖက်ကမ်းမှာ
အထူးစီးပွားရေးဇုန်နဲ့ အခွင့်အလမ်းများစွာ ရရှိနိုင်မယ်လို့
ဆိုပါတယ်။
စီမံကိန်းတွေဆောင်ရွက်ရင် ဆောက်လုပ်ရေး ကဏ္ဍမှာ
လမ်းတံတား၊ အိမ်ရာ စီမံကိန်းတွေ၊ မြို့ပြ စီမံကိန်းတွေ၊
ပို့ဆောင်ဆက်သွယ်ရေးနဲ့ ပတ်သက်ပြီးရေကြောင်း၊
လေကြောင်း၊ ရထား လမ်းတွေ အဘက်ဘက်က
ဆောင်ရွက်နိုင်မယ့် အခွင့်အရေးတွေ ရှိနေပါတယ်။
ရန်ကုန်မြို့ရဲ့ အရှေ့ဘက်ခြမ်းဟာ ရှေးဟောင်းအမွေအနှစ်
တွေနဲ့ နေချင်စဖွယ် စီးပွားရေးမြို့တော်အဖြစ် ကျန်ရှိအောင်
ကြိုးပမ်းမှာပါ။
အနောက်ဘက်ခြမ်းမှာလည်း စီးပွားရေး အခွင့်အလမ်းတွေနဲ့
နေချင်စဖွယ်ကောင်းတဲ့ စီးပွားရေးမြို့တော် တည်ဆောက်မှာ
ဖြစ်ပါတယ်။
ရန်ကုန်မြို့ရဲ့ဆောက်လုပ်ရေးကဏ္ဍနယ်ပယ်နဲ့ ပတ်သက်ပြီး
တိုးတက်လာဖို့ အစိုးရက စနစ်တကျဆောင်ရွက်နေတယ်လို့
ဆိုပါတယ်။
အဲသည်ဆောက်လုပ်ရေး နယ်ပယ်တွေနဲ့ အိမ်ရာစီမံကိန်းတွေ
တည်ငြိမ်ဖို့ဆိုတာ အိမ်ခြံကဏ္ဍပေါ် မူတည်နေပါတယ်။
ဘဏ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေဆောင်ရွက်နေတာတွေ
ရှိနေကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောကြားပါတယ်။
မြန်မာနိုင်ငံမှာ အိမ်ခန်းတွေလိုအပ်တဲ့သူတွေ ရာနဲ့ချီ၊
ထောင်နဲ့ချီ၊ သိန်းချီ လိုအပ်နေပါတယ်၊ ရာနဲ့ချီက အဆင့်မြင့်
အိမ်ရာတွေ၊ ထောင်နဲ့ချီဆိုတာက အလယ်အလတ်သူတွေ၊
သိန်းနဲ့ချီ ဆိုတာက အခြေခံလူတန်းစားတွေအတွက်
လိုအပ်နေပြီး အခွင့်အလမ်းများစွာရှိနေပါတယ်၊ လူဦးရေ
တိုးတက်များပြားလာတာနဲ့အမျှ လူဦးရေ ၇.၄ သန်းကျော်
ရှိနေတဲ့ ရန်ကုန်မြို့ကြီးဟာ စီးပွားရေး အခွင့်အလမ်းများစွာ
ရှိပါတယ်။
စီးပွားရေးမြို့တော်အဖြစ်ဆောင်ရွက်ရင် ပို့ဆောင်
ဆက်သွယ်ရေးကဏ္ဍမှာလည်း အခွင့်အလမ်းများစွာရှိပါမယ်။
ရေလမ်းခရီးတွေ ကျယ်ဝန်းတဲ့ ဧရိယာတွေများစွာရှိပြီး
မြန်မာနိုင်ငံဟာရေ လမ်းခရီးတစ်ခုလုံး ချိတ်ဆက်ထားတာ
ကြောင့် အခွင့်အလမ်းတွေတိုးလာမှာဖြစ်ကြောင်း
ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောပါတယ်။
ဒါ့အပြင် ရထားလမ်းအတွက်ရော ကားလမ်းတွေအတွက်ပါ
တိုးတက်အောင်ဆောက်လုပ်ရေးဝန်ကြီးဌာနက ပုဂ္ဂလိက
နယ်ပယ်တွေနဲ့ ပူးပေါင်းပြီးဆောင်ရွက်မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍမှာ
အရေးကြီးဆုံးကဏ္ဍတစ်ခုဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း
တွေများစွာရှိလာနိုင်မှာဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုနယ်ပယ်တွေမှာ
ရင်းနှီးမြှုပ်နှံသူတွေပိုမိုတိကျတဲ့ အချက်အလက်တွေကိုလည်း
လာမယ့် မေလမှာ တိုင်းဒေသကြီး အစိုးရကထုတ်ပြန်မှာ
ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။
ရန်ကုန်မြို့ရဲ့ အနောက်ဘက်ကမ်းဖွံ့ဖြိုးတိုးတက်လာအောင်
ဆောင်ရွက်ရင် လျှပ်စစ်ကဏ္ဍတွေမှာ လိုအပ်ချက်ဟာ
အသုံးပြုတာထက် နှစ်ဆ ပိုမိုလိုအပ်လာမှာဖြစ်ပါတယ်။
ဆက်သွယ်ရေး အင်တာနက် နည်းပညာတွေဖွံ့ဖြိုးလာတာနဲ့
အမျှ မြန်မာနိုင်ငံရဲ့ဆက်သွယ်ရေးနယ်ပယ်မှာ ရင်းနှီးမြှုပ်နှံ
လိုသူတွေများစွာ ရှိနေပါတယ်။
အင်တာနက်နယ်ပယ်မှာ သုံးစွဲမှုဟာ ၁ဝဝ ရာခိုင်နှုန်းအထက်
ရှိတဲ့အတွက် အခွင့်အလမ်းကောင်းများစွာရှိပြီး ရန်ကုန်မြို့ကို
အခြေပြုပြီး မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်
နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
(မေသက်)
*****
၂။ "ရန်ကုန်မြို့တွင် Vertical Extension
(မြို့ပြဒေါင်လိုက် ချဲ့ထွင်ခြင်း) အရ လုပ်ရမည့် ဆောက်လုပ်ရေး
လုပ်ငန်းများ ရှိသဖြင့် ရန်ကုန်မြို့သစ် စီမံကိန်းကို ဆောင်ရွက်ရန်
မသင့်ကြောင်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်
ထောက်ပြ"
ရန်ကုန်မြို့တွင် Vertical Extension
(မြို့ပြဒေါင်လိုက် ချဲ့ထွင်ခြင်း) အရ လုပ်ရမည့် ဆောက်လုပ်ရေး
လုပ်ငန်းများ ရှိသဖြင့် ရန်ကုန်မြို့သစ်စီမံကိန်း ဆောင်ရွက်ရန်
မသင့်ကြောင်း တာမွေမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းမြင့် က
ပြောကြားသည်။
မတ် ၂၃ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်း
ဒေသကြီးလွှတ်တော် ဆဋ္ဌမ ပုံမှန် အစည်းအဝေး ၁၇ ရက်
မြောက် တွင် ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လ
အတွက် ရန်ကုန်တိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်း
ဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး လွှတ်တော်ကိုယ်စားလှယ်
ဦးသိန်းမြင့်က ဆွေးနွေးရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
“လက်ရှိ ရန်ကုန်မြို့တော်ရဲ့ ဆောက်လုပ်ရေး စီမံကိန်းတွေ
က Vertical Extension အရ လုပ်ရမယ့် လုပ်ငန်းတွေ
အများအပြား ရှိပါတယ်။
ဥပမာ ရန်ကင်း၊ မင်္ဂလာဒုံ၊ မရမ်းကုန်း၊ ဒဂုံလေးမြို့နယ်၊
လှိုင်သာယာ၊ ရွှေပြည်သာ အဲဒီနေရာတွေမှာ
Vertical Extension အရ လုပ်ရမယ့် ဆောက်လုပ်ရေး
လုပ်ငန်းတွေ အများကြီး ရှိပါတယ်။
ဒါကြောင့်မို့လို့ ရန်ကုန်မြို့ရဲ့ တစ်ဖက်ကမ်းမှာရှိတဲ့ မြို့သစ်
စီမံကိန်း Vertical Extension များကို ယခုအခါမှာ
ဆောင်ရွက်ရန် မသင့်ကြောင်း ယူဆပါတယ်။
နောက်ဆုံးအချက်ကတော့ လက်ရှိတိုင်းပြည်ရဲ့ စီးပွားရေး
အခြေအနေအရ အသေးစား၊ အလတ်စား လုပ်ငန်းများကို
ဦးစားပေး ဆောင်ရွက်ရမယ့် ကာလ ဖြစ်ပါတယ်။
အကြီးစား စီမံကိန်းများကို ယခု ကျွန်တော်တို့အစိုးရ
သက်တမ်းမှာ ရည်မှန်းချက် အနေနဲ့ပဲ ထားသင့်တယ်လို့
ကျွန်တော်ယူဆပါတယ်။
ယခု ၂၀၁၈ ခုနှစ် ဒေသန္တရစီမံကိန်း ဥပဒေကြမ်း
နောက်ဆက်တွဲ အနေနဲ့ ပါဝင်သော ရန်ကုန်တိုင်းဒေသကြီး
အတွင်း ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်မယ့်လုပ်ငန်း
စီမံချက် အဆိုပြုချက်ကို ယခုလွှတ်တော်မှာ မှတ်တမ်းလည်း
မထားသင့်ပါဘူး။
သဘောတူညီချက်လည်း မပေးသင့်ကြောင်း တင်ပြ
ဆွေးနွေး အပ်ပါတယ်” ဟု ဦးသိန်းမြင့်က ပြောကြားသည်။
ထို့ပြင် ဒေသန္တရစီမံကိန်း၏ အဆိုပြုချက်များကို ဖော်ပြရာမှာ
- စီမံကိန်းတစ်ခုချင်း၏ ယေဘုယျသဘောသာ ပါရှိပြီး
စီမံကိန်း၏ ရည်မှန်းချက်၊ ရင်းနှီးမြှုပ်နှံမှု ပုံစံ၊ ရင်းနှီးမြှုပ်နှံမှု
ပမာဏ၊ နိုင်ငံတော်နှင့် ပြည်သူများအတွက် မည်သို့အကျိုး
ဖြစ်ထွန်းစေမည့် အချက်များ ထည့်သွင်းထားခြင်း
မရှိသည်ကို တွေ့ရကြောင်း၊
- ပြည်ထောင်စုအစိုးရမှ လုပ်ပိုင်ခွင့်ရှိသည့် လုပ်ငန်းများနှင့်
တိုင်းဒေသကြီး အစိုးရမှ လုပ်ပိုင်ခွင့်ရှိသည့် လုပ်ငန်းများ
ရောနှောဖော်ပြထားသည်ကို တွေ့ရကြောင်း၊
- အစိုးရအနေဖြင့် စီမံကိန်းနှင့် ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း
မပြောဘဲ နောက်ဆက်တွဲဟု ပြောကြားသည်မှာ သုံးကြိမ်
ရှိပြီဖြစ်ရာ မလုပ်သင့်သော အလုပ်တစ်ခု ဖြစ်ကြောင်း၊
- သေသေချာချာ ရဲရဲဝံ၀ံဖြင့် လွှတ်တော်ကို တင်ပြပြီးမှသာ
သဘောတူညီချက် ယူသင့်ကြောင်း ဦးသိန်းမြင့်က
ပြောကြားသည်။
“လက်ရှိကမ္ဘာမှာ စီးပွားရေးတောင့်တင်းတဲ့ အနောက်နိုင်ငံ
ကြီးတွေမှာတောင် အိမ်ခြေမဲ့တွေကို နေရာမချထား နိုင်တာ
ကို တွေ့ရှိရပါတယ်။
လက်ရှိ စလစ်ရထားသူတွေကို ပေးလိုက်တယ်ဆိုရင်
အဲဒီအချက်ကြောင့် အနယ်နယ် အရပ်ရပ်က ပြည်သူတွေ
ရန်ကုန်ကို တက်လာပြီး အဲလိုပုံစံမျိုးနဲ့ ကျူးကျော်၊ နေရာ
ချထား ပေးရမယ်ဆိုရင် တစ်စတစ်စ ရန်ကုန်မြို့မှာ လူဦးရေ
တိုးပွားလာပြီး ကျန်ပြည်နယ်နဲ့ တိုင်းမှာ လူဦးရေ နည်းပါးပြီး
မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ပေါ်ပေါက်လာမှာ ဖြစ်သလို
နိုင်ငံတော်အတွက်ရော တိုင်းဒေသကြီး အစိုးရအတွက်ရော
ဝန်ထုပ်ဝန်ပိုးကြီးဖြစ်လာ နိုင်ပါတယ်” ဟု ဒေသန္တရစီမံကိန်း
ဥပဒေကြမ်းနှင့် ပတ်သက်ပြီး မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်
အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက
ဆွေးနွေးရာတွင် ထည့်သွင်းပြောကြားသည်။
ရန်ကုန်မြို့သစ် စီမံကိန်းနှင့် ပတ်သက်ပြီး ယခင်နှစ်
ဒေသန္တရစီမံကိန်း ဥပဒေကြမ်း တင်စဉ်ကလည်း လွှတ်တော်
သို့ တင်ခဲ့ရာ အချက်အလက် ပြည့်ပြည့်စုံစုံ မပါဝင်သဖြင့်
လွှတ်တော်မှ အတည်မပြုပေးခဲ့သည့် စီမံကိန်းကို ပြန်လည်
တင်ပြသည်ဟု ထင်ကြောင်း၊
ယခင်နှစ်တွင် ဧကသုံးသောင်းဟု တင်ခဲ့သော်လည်း
လက်ရှိတွင် ဧကနှစ်သောင်းဖြင့် ပြန်တင်သည်ကို
တွေ့ရကြောင်း၊
ယင်းစီမံကိန်းသည် ယခင်အစိုးရလက်ထက် စီမံကိန်းကို
ပြုပြင်သင့်သည်များ ပြုပြင်ပြီး ဆက်လက် အကောင်အထည်
ဖော်ခြင်း ဖြစ်သည်ဟု ယခင်နှစ် လွှတ်တော်တွင်လည်း
ပြောကြားခဲ့ကြောင်း ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်
အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက
ဒေသန္တရစီမံကိန်း ဥပဒေကြမ်းနှင့် ပတ်သက်ပြီး
ဆွေးနွေးရာတွင် ထည့်သွင်း ပြောကြားသည်။
“ယခင်အစိုးရ လက်ထက်က စီမံကိန်းဖြစ်တယ် ဆိုပေမယ့်
လည်း လုပ်ငန်း အစီအစဉ်တွေ တော်တော်များများ ပြောင်းလဲ
သွားတာဖြစ်တဲ့ အတွက်ကြောင့် ပြန်လည်ဆွေးနွေး သင့်တယ်
ဆိုပြီး ဆွေးနွေးထားတာ ရှိပါတယ်။
မူလကုမ္ပဏီ သုံးခုအစားကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ
အဖွဲ့ ရာနှုန်းပြည့် စီမံကွပ်ကဲသွားဖို့ ဆိုပြီးတော့
Corporation ပုံစံနဲ့ ဆောင်ရွက်သွားမယ်ဆိုပြီး ယခင်ထဲက
တင်ပြခဲ့ဖူးပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရက ၅၁ ရာခိုင်နှုန်းပါဝင်ထားတဲ့
New Yangon Development Corporation နဲ့ ပတ်သက်ပြီး
ကျွန်မတို့ လွှတ်တော်အနေနဲ့ ဖွဲ့စည်းပုံသိခွင့် ရမယ်ဆိုရင်
သိရှိလိုပါတယ်။
နောက်တစ်ခုက စီမံကိန်းတွေဆိုတာ နိုင်ငံခြားချေးငွေတွေနဲ့
ဆောင်ရွက်ရတာ ဖြစ်တဲ့အတွက် ပွင့်လင်းမြင်သာမှုရှိဖို့
အင်မတန်မှ အရေးကြီးပါတယ်။
စီမံကိန်းတွေ ဆောင်ရွက်တဲ့အခါမှာ လွှတ်တော်အနေနဲ့
မဖြစ်မနေသိဖို့ လိုပါတယ်” ဟု ဒေါ်ကြည်ပြာက
ပြောကြားသည်။
(ဆန်းထူးအောင်၊ ပြည့်ဖြိုးအောင်)
credit - Kumudra & Eleven Media Group
**********
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0
No comments:
Post a Comment