"လွှတ်တော်ထဲ ပွဲဆူသွားသော အခွန်ဥပဒေကြမ်း"
၁။ "အခွန်အကောက် ဥပဒေကြမ်း ပြန်လည်သုံးသပ်
သင့်ကြောင်း လွှတ်တော်အမတ်များ တိုက်တွန်း"
ဝင်ငွေရလမ်း မဖော်ပြနိုင်သော ဝင်ငွေများအပေါ် အခွန်
ကောက်ခံမှု ဖြေလျှော့ျေပးခြင်းသည် နိုင်ငံ့စီးပွားရေး ပြန်လည်
ဖွံ့ဖြိုးရေး အထောက်အကူ ပြုနိုင်သော်လည်း ဆိုးကျိုးများ
လည်း ရှိနေသဖြင့် ပြန်လည် သုံးသပ်သင့်ကြောင်း
လွှတ်တော် ကိုယ်စားလှယ်များ က တိုက်တွန်း
ပြောကြားသည်။
ယမန်နေ့ က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်
အစည်းအဝေးတွင် ၂၀၁၈ အခွန်အကောက် ဥပဒေကြမ်း
နှင့် ပတ်သက်၍ ဆွေးနွေးရာ ဒီချုပ်အမတ်များ အပါအဝင်
လွှတ်တော်ကိုယ်စားလှယ်အများစု က အထက်ပါ အတိုင်း
ပြောသည်။
ဝင်ငွေရလမ်းမဖော်ပြနိုင်သည့် ဝင်ငွေများကို အခွန်
သက်သာခွင့်ပေးခြင်းသည် အခွန်ပိုမို ရရှိခြင်း၊
ငွေကြေးစီးဆင်းမှု ပိုမို ကောင်းမွန်လာစေခြင်း၊
ရင်းနှီး မြှုပ်နှံမှုနှင့် အလုပ်အကိုင်များ တိုးတက်လာခြင်း၊
အခွန်အခြေခံကို ချဲ့ထွင်နိုင်ခြင်း စသည့်ကောင်းကျိုးများရှိ၍
ဆောင်ရွက်သင့် သော်လည်း ဖြစ်ပေါ်လာနိုင်သည့်
ဆိုးကျိုးများကို ကျယ်ကျယ်ပြန့် ပြန့် ဆွေးနွေးသုံးသပ်၍
သီးခြား ဥပဒေတစ်ရပ်ရေးဆွဲပြဋ္ဌာန်းသင့်ကြောင်း
ပါဝင်ဆွေးနွေးသည့် ကိုယ်စားလှယ်များ၏ထက်ဝက်ခန့်
ဖြစ်သည့် ကိုယ်စားလှယ် ၁၀ ဦးကျော်က ပြောသည်။
‘‘တကယ်လို့ ဒါကို လုပ်လိုက်လို့ ဆိုးရွားတဲ့ အကျိုးဆက်
ဖြစ်လာရင် ဘယ်သူ တာဝန်ခံမှာလဲ။
ဒီ ဥပဒေဟာ ကာလတိုဖြစ်တာမို့ အသေအချာ ကြိုတင်
တွက်ချက်ထားမှ အောင်မြင်မှာ ဖြစ်ပါတယ်’’ ဟု
မွန်ပြည်နယ် အမှတ်(၈) မဲဆန္ဒနယ် အမျိုးသားလွှတ်တော်
ကိုယ်စားလှယ် ဦးမျိုးဝင်း က ပြောသည်။
ဥပဒေကြမ်း ပုဒ်မ ၂၅ တွင် ပြည်တွင်းနေ နိုင်ငံသားနှင့်
ပြည်ပနေနိုင်ငံသားများ၏ဝင်ငွေရလမ်း တစ်ခုခု(သို့မဟုတ်)
စီးပွားရေး လုပ်ငန်းတစ်ခုခု ဆောင်ရွက်ပြီး အကြောင်း
အမျိုးမျိုးကြောင့် အခွန်ပေးဆောင်ရန် ပျက်ကွက်ခြင်း၊
အခွန်ပမာဏ လျော့နည်းပေးဆောင်ခြင်းတို့ အပါအဝင်
လက်ဝယ်ရှိသည့် ငွေကြေးဖြင့် ပြည်တွင်း၌ မြေ၊
အဆောက်အအုံနှင့် မရွှေ့ပြောင်းနိုင်သော ပစ္စည်း၊
ထိတွေ့ကိုင်တွယ်ရသော ပစ္စည်း၊ ထိတွေ့ကိုင်တွယ်
မရသော ပစ္စည်း များဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊
ရင်းနှီးမြှုပ်နှံခြင်း၊ အစုရှယ်ယာထည့်ဝင်ခြင်းတို့အတွက်
အသုံးပြုမည်ဆိုပါက ပထမခြောက်လ အတွက် အခွန်
၃ ရာခိုင်နှုန်း၊ ဒုတိယခြောက်လတွင် ၅ ရာခိုင်နှုန်း
ပေးဆောင်ရမည်ဟု ဖော်ပြထားသည်။
ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ
က ယင်းပုဒ်မကို ပြင်ဆင်၍ အမျိုးအစား သုံးမျိုးခွဲခြားကာ
အနည်းဆုံး ၃ ရာခိုင်နှုန်းမှ အများဆုံး ၁၀ ရာခိုင်နှုန်း အထိ
ပေးဆောင်စေရန် ပြင်ဆင်ခဲ့သည်။ ယင်းပြင်ဆင်ချက်
လည်း ရှုပ်ထွေးနေကြောင်း လွှတ်တော်ကိုယ်စားလှယ်များ
က ဝေဖန်သည်။
‘‘ဒီဥပဒေကြမ်းဟာ တစ်လျှောက်လုံး နည်းအမျိုးမျိုးနဲ့ အခွန်
ရှောင်လာကြတဲ့ ခရိုနီကြီးတွေ အတွက် ထွက်ပေါက်
ဖြစ်မသွားအောင်၊ ခဝါချလိုတဲ့ ငွေမည်းသမားတွေ အတွက်
အထူးအခွင့်အရေး ဖြစ်မသွားအောင် အသေအချာ
စီမံဆောင်ရွက်ဖို့ လိုအပ်ပါတယ်’’ဟု အမျိုးသားလွှတ်တော်
ကိုယ်စားလှယ် ဦးထွန်းထွန်းဦးက ပြောသည်။
အခြေအနေအရ ငွေမည်းများကို လျှော်ဖွပ်ခွင့်ပြု၍ ရင်းနှီး
မြှုပ်နှံစေခြင်းကို တိုင်းပြည်စီးပွားရေး ကျပ်တည်းချိန်တွင်
အသုံးပြု လေ့ရှိပြီး မြန်မာနိုင်ငံ၏လက်ရှိအနေအထား အရ
ငွေကြေးခဝါချမှု ခွင့်ပြုသင့်သည်အချိန် ဟု ဒီချုပ် အမျိုးသား
လွှတ်တော် အမတ် ဒေါက်တာခွန်ဝင်းသောင်းက ဆိုသည်။
‘‘ဒီဥပဒေဟာ ခြောက်လ သက်တမ်းနှစ်ခုသာဖြစ်တဲ့
အတွက် အခွန်ရှောင်နေသူတွေကို မျက်နှာသာပေးရာလည်း
မ ရောက်သလို ရာသက်ပန် အခွန်ထမ်းနေခဲ့တဲ့ သူတွေကို
နောက်လူတွေနဲ့ နှိုင်းယှဉ်ပြီး အခွန်ဆောင်မှုအပေါ် စိတ်ပျက်
ရှောင်ရှားလို စိတ်လည်း ရှိမလာနိုင်တော့ပါ’’ ဟု
၎င်းက ပြောသည်။
အခွန်ဖြေလျှော့ခွင့်ပြုသည့် ပမာဏ သတ်မှတ်ချက်နှင့်
ဖြေလျှော့ပေးမှုပုံစံတို့နှင့်ပတ်သက်၍ ဒီချုပ်ကိုယ်စားလှယ်များ
အကြား သဘောထား ကွဲလွဲမှုရှိသည်။
ကိုယ်စားလှယ်အချို့က အလုပ်အကိုင်အခွင့်အလမ်း တိုးပွား
စေမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် စုဆောင်းငွေ စသည့်
အမျိုးအစားနှစ်ခု ခွဲခြား သတ်မှတ်သင့်သည်ဟု ဆိုပြီး
အချို့ကမူ ဘဏ္ဍာနှစ်တစ်နှစ်လုံးတွင် အခွန်နှုန်းထား
တစ်ခုတည်းဖြင့် တစ်ပြေးညီ ကောက်ခံသင့်ကြောင်း
ပြောသည်။
ရင်းနှီးမြှုပ်နှံမည့် ငွေကြေးကို ပထမခြောက်လအတွက်
၃ ရာခိုင်နှုန်း၊ ဒုတိယခြောက်လအတွက် ၅ ရာခိုင်နှုန်း
သတ်မှတ်၍ စုဆောင်းငွေကိုမူ ပထမခြောက်လအတွက်
၅ ရာခိုင်နှုန်း၊ ဒုတိယ ခြောက်လအတွက် ၇ ရာခိုင်နှုန်း
ကောက်ခံသင့်ကြောင်း ဒီချုပ်အမတ်
ဒေါက်တာ စိန်မြအေးက ပြောသည်။
‘‘မတူညီတဲ့ အခွန်နှုန်းထား နှစ်ခုကို ဘဏ္ဍာရေးနှစ်တစ်ခု
တည်းမှာ ပြဋ္ဌာန်းကောက်ခံမယ့် အစား ၂၀၁၈ ဘဏ္ဍာရေးနှစ်
တစ်ခုလုံးကို နှုန်းထားတစ်ခုတည်းနဲ့ ကောက်ခံသင့်ပါတယ်’’
ဟု လှိုင် မြို့နယ် ပြည်သူ့လွှတ်တော် အမတ်
ဦးအောင်ကျော်ကျော်ဦးကမူ ဆိုသည်။
ယခင်အစိုးရလက်ထက် သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်း
ကမူ ပုံမှန်အခွန်ပေးဆောင် နေသူများ အခွန်ထမ်းလိုစိတ်
ပျက်ပြားစေမည့် သတ်မှတ်ချက်များ မ ဖြစ်သင့်ကြောင်း
ဆွေးနွေးသည်။
‘‘ငွေကြေးပမာဏ အနည်း အများအပေါ် အခြေခံပြီး အခွန်
နှုန်းထား ခွဲခြားသတ်မှတ်နိုင်ပါက အခွန်ပိုမိုရရှိနိုင်မှာ
ဖြစ်ပါတယ်။
ဆေးမြီးတို(သို့မဟုတ်)ဆေးခါးကြီး တိုက်ကျွေးရသဖြင့်
သေချာသော နည်းလမ်း ဟုတ်၊ မဟုတ် ပြောရန်
ခက်ပါတယ်’’ဟု ဦးစိုးသိန်းက ဆိုသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး
အောင်ကျော်ဇောက ပုဒ်မ ၂၅ ပါ ပြဋ္ဌာန်းချက်ကို ကြိုဆို
သော်လည်း ငွေကြေးခဝါချမှုနှင့် တရားမဝင် ငွေမည်းများ
ငွေဖြူဖြစ်လာမည် ကို သတိပြုဆောင်ရွက်ရန်လိုကြောင်း
ထောက်ပြသည်။
‘‘ခြောက်လဆိုတဲ့ ကာလ သတ်မှတ်ချက်ဟာ ရုံးလုပ်ထုံး
လုပ်နည်း အဆင့်တွေ များလွန်းပြီး အခွန်ယဉ်ကျေးမှုနဲ့
အလှမ်းဝေးတဲ့ ကျွန်တော်တို့နိုင်ငံသားများ အဖို့ နည်းပါး
လွန်းတဲ့အတွက် တစ်နှစ်လို့သာ သတ်မှတ် ပေးသင့်
ပါတယ်’’ ဟု ၎င်းက ဆက်လက် အကြံပြုသည်။
ဒီချုပ်အမတ် ၂၃ ဦး၊ တပ်မတော်သား ကိုယ်စားလှယ် ၂ ဦး
အပါအ၀င် ကိုယ်စားလှယ် ၂၅ ဦး က ဆွေးနွေးခဲ့သည်။
ယင်းဥပဒေကြမ်းနှင့် ပတ်သက်၍ ဥပဒေကြမ်း ပူးပေါင်း
ကော်မတီအနေဖြင့် သက်ဆိုင်ရာလွှတ်တော်ကော်မတီများ၊
ပြည်ထောင်စုအဆင့် ဌာန အဖွဲ့အစည်းများ၊ အစိုးရမဟုတ်
သည့် စီးပွားရေး အဖွဲ့အစည်းများ၊ ပြင်ဆင်ချက်တင်သွင်း
သည့် ကိုယ်စားလှယ်များနှင့် ပြန်လည်ဆွေးနွေးညှိနှိုင်း၍
လိုအပ်ပါက သဘောထားမှတ်ချက် အစီရင်ခံစာ ထပ်မံ
တင်သွင်းရန် ဆုံးဖြတ်ကြောင်း ပြည်ထောင်စုလွှတ်တော်
နာယက မန်းဝင်းခိုင်သန်းက ကြေညာသည်။
(လင်းဟိန်း၊နိုင်လင်း)
*****
၂။ "စည်းကြပ်မှု လွတ်ကင်းငွေများကို အခွန်သက်သာခွင့်
ပေးရာတွင် ပြည်ပမှ ငွေမည်းများကို သတိပြုရန် ပြည်ခိုင်ဖြိုး
ကိုယ်စားလှယ်ပြော"
မတ်လ ၈ ရက်က ကျင်းပသော ဒုတိယအကြိမ် ပြည်ထောင်စု
လွှတ်တော်အစည်းအဝေးတွင် ၂ဝ၁၈ ခုနှစ် ပြည်ထောင်စု၏
အခွန်အကောက် ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ လွှတ်တော်
ကိုယ်စားလှယ်များ ဆွေးနွေးခဲ့ကြသည်။
ထိုသို့ဆွေးနွေးသူများအနက် ပြည်ခိုင်ဖြိုးပါတီမှ ပြည်ထောင်စု
ဝန်ကြီးဟောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်
ဦးစိုးသိန်းက စည်းကြပ်မှုမှ လွတ်ကင်းနေသည့်ငွေများကို
အခွန်သက်သာခွင့်ပေးရာတွင် ပြည်ပနိုင်ငံမှ ငွေမည်း၊
ဆော်ဒီကဲ့သို့သောနိုင်ငံမှ ထောက်ပံ့သည့်ငွေတို့ကို
သတိပြုရန် ပြောခဲ့သည်။
အခွန်ကင်းလွတ်ခွင့်ပေးရာတွင် ဆိုးကျိုးအနေဖြင့် အခွန်
တိမ်းရှောင်သူများကို မျက်နှာသာပေးသလိုဖြစ်သွားနိုင်
ကြောင်း NLD ကိုယ်စားလှယ်က ပြောသည်။
ပြင်ပတွင်ဝေဖန်မှုများရှိသည့် စည်းကြပ်မှုမှ လွတ်ကင်း
နေသော ငွေများကို အခွန်သက်သာခွင့်ပေးခြင်းနှင့်
ပတ်သက်ပြီး ဦးစိုးသိန်း က
''မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သတ်မှတ်ထားသော
ပမာဏထက် အမှန်တကယ် လှည့်ပတ်နေသော ငွေသား
ပမာဏထက် များပြားနေခြင်း၊
အချို့သော ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အနေနဲ့
တိုင်းရင်းသား အမည်ခံကာ ပြည်ပနိုင်ငံများမှ ငွေမည်းများ
ကို ငွေဖြူများဖြစ်အောင် လာရောက်လုပ်ကိုင်နေခြင်း၊
ဝါဟာဘီ ငွေကြေးအကူအညီများဖြင့် လုပ်ကိုင် နေခြင်း၊
ဝါဟာဘီ ဆိုတာကတော့ ဆော်ဒီအာရေးဗီးယားမှာ ရှိတဲ့
ငွေတွေနဲ့ထောက်ပံ့တဲ့ ပိုက်ဆံဖြစ်ပါတယ်။
မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှုငွေများ ရှိနေခြင်း၊
နိုင်ငံတကာငွေကြေးခဝါချမှု ရှုထောင့်မှ ကြည့်ရန်လိုခြင်း၊
ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ဆောက်လုပ်ရေးလုပ်ငန်းများ
အပေါ် အခွန်သက်သာမှု လက်ရှိရရှိနေခြင်း''တို့ကို သတိပြု
ဆောင်ရွက်ရန် ဦးစိုးသိန်းကထပ်လောင်း ပြောသည်။
အခွန်လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်း အပေါ် ဝင်ငွေရလမ်း
မဖော်ပြနိုင်သော စည်းကြပ်မှုမှကင်းလွတ် နေသော
ဝင်ငွေများကို အခွန်လွတ် ငြိမ်းချမ်းသာခွင့် သို့မဟုတ်
အခွန် သက်သာခွင့်ပေးရာတွင် အဆိုးအကောင်း များစွာ
ရှိကြောင်း အခွန်ကင်းလွတ်ခွင့်ပေးရာတွင်ဆိုးကျိုးအနေဖြင့်
အခွန်တိမ်းရှောင်သူများကို မျက်နှာသာပေးသလို ဖြစ်သွား
နိုင်ကြောင်း NLD ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦး
က ဆိုသည်။
''ကောင်းကျိုးတွေကတော့ အခွန်တိုး လာမယ်။
နည်းမှန်လမ်းမှန် နဲ့ဆောင်ရွက်နိုင်ရင် အခွန်အခြေ
Tax Base ကိုချဲ့နိုင်မယ်။
ငွေကြေး စီးဆင်မှုပိုကောင်း လာမယ်။
ရင်းနှီး မြှုပ်နှံမှုအလုပ်အကိုင် အခွင့်အလမ်း တိုးလာနိုင်မယ်။
ဆိုးကျိုးတွေကတော့ အခွန်ယဉ်ကျေးမှု Tax Culture
ပျက်သွားနိုင် ပါတယ်။
ဥပဒေနဲ့အညီ ဝင်ငွေခွန် ပုံမှန်ပေးဆောင်နေတဲ့ အခွန်ထမ်း
ကြီးများ ဝန်ထမ်းများ အပေါ်မှာ မျှတမှု မရှိဘဲနဲ့ အခွန်တိမ်း
ရှောင်သူတွေကို များစွာ မျက်နှာသာ ပေးသလို ဖြစ်သွား
နိုင်ပါတယ်။ တည်ငြိမ်မှု ပျက်ပြားသွားစေနိုင်ပါတယ်''ဟု
ဦးအောင်ကျော်ကျော်ဦးက ပြောသည်။
တပ်မတော်သားပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်
ဒုတိယဗိုလ်မှူးကြီး အောင်ကျော်ဇောက အခွန်ကောက်
ဥပဒေပါ စည်းကြပ်မှုမှ လွတ်ကင်းနေသော ငွေများကို အခွန်
ကင်းလွတ်ခွင့်ပေးထားခြင်း အားကြိုဆိုရမည် ဖြစ်သော်
လည်း ငွေကြေးခဝါချမှုများ၊ တရားမဝင် ငွေမည်းမှငွေဖြူ
ဖြစ်လာမည်ကို သတိထားဆောင်ရွက်ရမည်ဟု ဆိုသည်။
''ပြည်သူတွေ လက်ခံနိုင်တဲ့ နှုန်းထားနဲ့ အခွန်ကို လျှော့ပေါ့၊
ကောက်ခံခြင်းအားဖြင့် စည်းကြပ်မှုမှ လွတ်ကင်းနေတဲ့
ငွေဟာနိုင်ငံတော်ဘဏ္ဍာထဲကို စီးဝင်လာမှာ ဖြစ်ပါတယ်''
ဟု ဒုတိယဗိုလ်မှူးကြီး အောင်ကျော်ဇောက ပြောသည်။
ငွေကြေးစီးဝင်မှုများသည့် အိမ်ခြံမြေရောင်းဝယ်ခြင်း ကဏ္ဍ
တွင် လက်ရှိအခွန်နှုန်းထားမြင့်မားသော်လည်း နိုင်ငံတော်
က လက်တွေ့ ရရှိနေသော အခွန်အခမှ နည်းပါး နေပြီး
ပြည်သူများအနေဖြင့်လည်း အိမ်ခြံမြေရောင်းဝယ်ငှားခြင်း
များအတွက် သုံးစွဲနေသော ငွေပမာဏများပြားနေကြောင်း
ဒုတိယ ဗိုလ်မှူးကြီးအောင်ကျော်ဇော က
သုံးသပ်ပြောသည်။
ထို့အပြင် ၎င်းကဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ အသစ်
ဖြည့် စွက်ပြဋ္ဌာန်းချက်အဖြစ် တင်ပြထား သောပုဒ်မ ၃၃၊ ၃၄
တို့မှာ အားနည်းချက်များရှိနေကြောင်း၊
ဘဏ်တွင် ငွေစုဆောင်းသူများ၊ စတော့ဈေးကွက်၌
အစုရှယ်ယာထည့်ဝင်ထားသူများအနေဖြင့် အစိုးရအပေါ်
ယုံကြည်မှု လျော့ပါးစေပြီး ဘဏ် လုပ်ငန်း၊ စတော့ဈေးကွက်
ကို ကြီးမားစွာထိခိုက်လာနိုင်မည်ကို သတိပြုသင့်ကြောင်း၊
ဘိုးစဉ်ဘောင်ဆက်ပိုင်ဆိုင်မှုပစ္စည်းများကို တစ်နှစ် အတွင်း
အခွန်ဆောင်မှသာ တရားဝင်ပိုင်ဆိုင်ခွင့်ရှိမယ် ဆိုသော
ပြဋ္ဌာန်းချက်လည်း မဖြစ်သင့်ကြောင်း ၎င်းကဆိုသည်။
''အမှန်တကယ်ဖြစ်သင့်တာကတော့ အခုဘဏ္ဍာနှစ် အတွင်း
စည်းကြပ်မှုမှ လွတ်ကင်းနေသော ငွေများကို ကောက်ခံမည့်
အခွန်နှုန်းဟာ အသက်သာဆုံးဖြစ်သင့်ပြီး နှစ်အလိုက်
တိုးမြှင့် ကောက်ခံသွားသင့်ပါတယ်။
စည်းကြပ်မှုမှလွတ်ကင်းနေသာငွေကို အခွန်သက်သာခွင့်
ပေးပြီး လုပ်ငန်းများ တရားဝင်ဆောင်ရွက်ခွင့်ပေးခြင်း ကို
ပိုင်ဆိုင်မှုအမျိုးအစား မခွဲခြားဘဲ ငွေပမာဏအပေါ် မူတည်
ပြီးသာ ကောက်ခံသင့်ပါတယ်။
သို့ မှသာ ငွေကြေးချမ်းသာကြွယ်ဝသူများကို အခွန်ပိုမို
ပေးဆောင်စေတာဖြစ်လို့ တရားမျှတစေပါတယ်'' ဟု
ဒုတိယဗိုလ်မှူးကြီး အောင်ကျော်ဇော က ပြောသည်။
ဝင်ငွေခွန်နှင့်ပတ်သက်ပြီး ယခင်နှစ်က လစာဝင်ငွေတစ်နှစ်
ကျပ် ၄၈ သိန်း ရရှိပါက ဝင်ငွေခွန်ထမ်းဆောင်ရန် ပြဋ္ဌာန်း
ခဲ့ပြီး ယခုတစ်နှစ်ကျပ်သိန်း ၆ဝ ဝင်မှသာ အခွန်ထမ်းရန်
ပြဋ္ဌာန်းသင့်ကြောင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီ က
သဘောထားပြုထားသည်။
ယင်းအပေါ်ကိုလည်း ပြည်ခိုင်ဖြိုးမှပြည်ထောင်စု လွှတ်တော်
ကိုယ်စားလှယ် ဦးစိုးသိန်း က
''တစ်ဖက်မှစဉ်းစားသင့်သည်မှာ နိုင်ငံသားပီပီနိုင်ငံ့တာဝန်ကို
ခွဲဝေယူတတ်သည့် စိတ်ဓာတ်မြင့်မားလာစေရေး၊
အခွန်ပေးဆောင်သည့် ယဉ်ကျေးမှုကို တိုးတက်ဖြစ်ထွန်း
လာစေရေးအတွက် စည်းရုံးဆောင်ရွက်နေချိန်မှာ
သန်းပေါင်းများစွာသော ဝန်ထမ်းတို့၏ အခွန်ယဉ်ကျေးမှု
ရေချိန်လျော့ပါးသွားနိုင်သလို နိုင်ငံတော်အတွက်ရရှိမယ့်
များပြားလှသော အခွန်ပမာဏအတွက်လည်း လျော့နည်း
သွားမှာဖြစ်ပါတယ်။
ဒါကြောင့် လက်ရှိအတိုင်း ဆက်လက်အခွန် ထမ်းဆောင်
ပေးသင့် ပါတယ်။
ရှိပြီးသား Tax Base ကို မကျဉ်းသင့်ပါဘူး'' ဟု ဦးစိုးသိန်း
က ပြောသည်။
အခွန်ကောက်ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ကိုယ်စားလှယ်
၂၉ ဦး ကဆွေးနွေးခဲ့ကာ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်
အဖွဲ့အစည်းဝင်များက ပြန်လည်ဆွေးနွေးခြင်း ဥပဒေကြမ်း
တစ်ရပ်လုံးကို အတည်ပြုခြင်းကို လာမည့် အစည်းအဝေးများ
တွင် ဆောင်ရွက်မည်ဟု လွှတ်တော်နာယကမှ
ကြေညာခဲ့သည်။
(YM)
credit - 7day Daily & Democracy Today
**********
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0
No comments:
Post a Comment