Sunday, March 4, 2018

"အငြင်းပွားနေသော အခွန်ဥပဒေ ပုဒ်မ ၂၅ ကို ပြင်ဆင်"

"အငြင်းပွားနေသော အခွန်ဥပဒေ ပုဒ်မ ၂၅ ကို ပြင်ဆင်၊
တစ်လကျပ်ငါးသိန်း အထက်ရသူများ ဝင်ငွေခွန်ဆောင်ရန်
ဥပဒေကြမ်းကော်မတီ တင်ပြ"


၂၀၁၈ အခွန်အကောက်ဥပဒေကြမ်းတွင် ဖော်ပြထားသည့်
ဝင်ငွေခွန်နှင့် ပုဒ်မ ၂၅ ပါ စည်းကြပ်မှုမှ လွတ်ကင်းနေသော
ဝင်ငွေခွန်အပေါ် ကောက်ခံမည့်နှုန်းထားများကို ပြင်ဆင်
သင့်ကြောင်း ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်း ပူးပေါင်း
ကော်မတီ အစီရင်ခံစာ၌ ဖော်ပြထားသည်။

ယမန်နေ့က ကျင်းပသော ပြည်ထောင်စုလွှတ်တော်
အစည်းအဝေးသို့ အထက်ပါ ဥပဒေကြမ်း ပူးပေါင်းကော်မတီ
က ၎င်းတို့၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်
အစီရင်ခံစာကို တင်သွင်းရာ၌ ယင်းသို့ ထည့်သွင်းပြင်ဆင်
ထားခြင်းဖြစ်သည်။

* မူလဥပဒေကြမ်းတွင် လစာမှ တစ်နှစ်ဝင်ငွေ ကျပ် ၄၈ သိန်း
အထက်ရရှိသူဖြစ်လျှင် ဝင်ငွေခွန် ထမ်းဆောင်ရမည်ဟု
ဖော်ပြထားမှုကို ဥပဒေကြမ်းပူးပေါင်းကော်မတီက
ကျပ်သိန်း ၆၀ အထက်ရရှိသူများသာ ဝင်ငွေခွန် ထမ်းဆောင်
ရမည်ဟု ပြင်ဆင်ထားသည်။ *

ယင်းသို့ ပြင်ဆင်ရခြင်းသည် အခွန်ထမ်းပြည်သူများ ဝန်ထုပ်
ဝန်ပိုး မဖြစ်စေရန်ဟု ဥပဒေကြမ်း ပူးပေါင်းကော်မတီ
အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး က ပြည်ထောင်စု
လွှတ်တော်သို့ ပြောသည်။

‘‘အရင်တုန်းက ၄၈ သိန်းဆိုတော့ တစ်လ လေးသိန်းအပေါ်
ကောက်တာပေါ့။
အခု သိန်း ၆၀ ဆိုတော့ တစ်လငါးသိန်းရတဲ့လူကို
ကောက်တာပေါ့။ ဒါကတော့ ကောင်းပါတယ်’’ ဟု စီးပွားရေး
လုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက သုံးသပ်ပြောကြားသည်။

ထို့အပြင် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည့် မူလဥပဒေကြမ်း၏
ပုဒ်မ ၂၅ ပါ စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေခွန် အပေါ်
ကောက်ခံမည့် နှုန်းထားများ တိုးမြှင့်ရန် ဥပဒေကြမ်း ပူးပေါင်း
ကော်မတီက သဘောထားမှတ်ချက်ပြုသည်။

မူလဥပဒေကြမ်း၏ ပုဒ်မ ၂၅ တွင် ပြည်တွင်းနေနိုင်ငံသားနှင့်
ပြည်ပနေနိုင်ငံသားများ၏ တရားမဝင်သော နည်းလမ်းဖြင့်
ရရှိသောငွေနှင့် သက်ဆိုင်ခြင်းမရှိသည့် ပြည်ပ၌ ရှိသော
ဝင်ငွေများ(သို့မဟုတ်) ပြည်တွင်းတွင် ရရှိသော ငွေကြေးနှင့်
ပိုင်ဆိုင်မှုများနှင့် ပတ်သက်၍ ဥပဒေအကျိုးသက်ရောက်သည့်
နေ့ကစ၍
ပထမ ခြောက်လအတွင်း ၃ ရာခိုင်နှုန်း၊
ဒုတိယခြောက်လအတွင်း ၅ ရာ ခိုင်နှုန်း အခွန်ပေးဆောင်ရန်
ဖော်ပြထားသည်။

ယခင်နှစ်က ပြဋ္ဌာန်းခဲ့သော အခွန်အကောက်ဥပဒေတွင်
ဝင်ငွေရလမ်းတင်ပြနိုင်ခြင်းမရှိသည့် ဝင်ငွေပေါ်၌ ဝင်ငွေ
- တစ်ကျပ်မှ ကျပ်သိန်း ၃၀၀ အထိ ဝင်ငွေခွန် ၁၅ ရာခိုင်နှုန်း၊
- ကျပ်သိန်း ၃၀၀ ကျော်မှ ကျပ်သိန်းတစ်ထောင် အထိ
ဝင်ငွေခွန် ၂၀ ရာခိုင်နှုန်း၊
- ကျပ် သိန်းတစ်ထောင်ကျော်တွင် ဝင်ငွေခွန် ၃၀ ရာခိုင်နှုန်း
အဖြစ် ပေးဆောင်ရန် ပြဋ္ဌာန်းခဲ့သည်။

ထို့အတွက် ယခုဥပဒေကြမ်းတွင် စည်းကြပ်မှုမှ လွတ်ကင်း
နေသော ဝင်ငွေခွန်ကို ဖြေလျှော့ပေးသဖြင့် ငွေကြေးခဝါချမှု
များ ဖြစ်ပေါ်နိုင်ကြောင်း ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

သို့သော် ယမန်နေ့က ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း
ပူးပေါင်းကော်မတီက ပုဒ်မ ၂၅ ကို ပြင်ဆင်ခဲ့ပြီး
- စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေခွန်ကို
ကန့်သတ်ချက်ဖြင့် အခွန်သက် သာခွင့်ပြုမည်ဖြစ်သော်လည်း
- ဥပဒေကြမ်းတွင် ဖော်ပြထားသကဲ့ သို့ ၃ ရာခိုင်နှုန်း၊
၅ ရာခိုင်နှုန်း မဟုတ်တော့ဘဲ
- အမျိုးအစားသုံးမျိုး ခွဲခြားကာ အနည်းဆုံး ၃ ရာခိုင်နှုန်းမှ
အများဆုံး ၁၀ ရာခိုင်နှုန်းအထိ ပြင်ဆင်ခဲ့သည်။

ပထမ အမျိုးအစားသည်
ပြည်တွင်းနေနိုင်ငံသားနှင့် ပြည်ပနေနိုင်ငံသား၏ ပြည်ပမှ
ဝင်ငွေရလမ်းတစ်ခုခု(သို့မဟုတ်) စီးပွားရေးလုပ်ငန်းတစ်ခုခုကို
ဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အခွန်
ပေးဆောင်ရန် လစ်ဟင်းခဲ့သော (သို့မဟုတ်) လျော့နည်း
ပေးဆောင်ခဲ့သော ဝင်ငွေများအတွက် သတ်မှတ်ဝင်ငွေ
ကြေညာလွှာဖြင့်
ပထမခြောက်လအတွင်း ၃ ရာခိုင်နှုန်း၊
ဒုတိယ ခြောက်လအတွင်း ၅ ရာခိုင်နှုန်း ပေးဆောင်ရမည်ဟု
ပြင်ဆင်ထား သည်။

ဒုတိယ အမျိုးအစားသည်
ဘဏ်၌ အပ်နှံထားရှိသည့် ငွေကြေး၊ အစုရှယ်ယာ ထည့်ဝင်
သည့် ငွေကြေးများအပေါ် သတ်မှတ် ဝင်ငွေကြေညာလွှာဖြင့်
ပထမခြောက်လအတွင်း ၅ ရာခိုင်နှုန်း၊
ဒုတိယခြောက်လအတွင်း ၇ ရာခိုင်နှုန်းပေးဆောင်ရမည် ဟု
ဆိုသည်။

တတိယ အမျိုးအစားသည်
နှစ်တစ်နှစ်အတွင်း ပြည်တွင်း၌ မြေ၊ အဆောက်အအုံနှင့်
ယင်းအဆောက်အအုံ၏ အဓိကအစိတ်အပိုင်းများအပါအဝင်
ဖြစ်သော မရွှေ့မပြောင်းနိုင်သည့် ပစ္စည်း (သို့မဟုတ်)ရွှေနှင့်
အခြားအဖိုးတန် ပစ္စည်းများ အပါအဝင် ယာဉ်ကဲ့သို့သော
ရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများ၊ ထိတွေ့ကိုင်တွယ်၍ ရသော
ပစ္စည်းများ၊ ထိတွေ့ကိုင်တွယ်၍ မရသော ပစ္စည်းများကို
ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်း၊ ရင်းနှီးမြှုပ်နှံခြင်း
တို့အတွက် အသုံးပြုသည့် ငွေကြေးများနှင့် လက်ဝယ်ရှိ
ငွေကြေးတို့အပေါ် သတ်မှတ်ဝင်ငွေကြေညာလွှာဖြင့်
ပထမခြောက်လအတွင်း ၇ ရာခိုင်နှုန်း၊
ဒုတိယခြောက်လအတွင်း ၁၀ ရာခိုင်နှုန်း ပေးဆောင်ရမည်
ဟု ပြင်ဆင်ထားသည်။

ယင်းသို့ အမျိုးအစားခွဲ၍ ပြင်ဆင်ခြင်းသည် အခွန်ပိုမိုရရှိ
စေရေး စည်းကြပ်ရန် မြှင့်တင်သည့်သဘော ဖြစ်သော်လည်း
ဒုတိယ အမျိုးအစားဖြစ်သည့် ဘဏ်အပ်နှံငွေ အပေါ်
ကောက်ခံသည့် နှုန်းထားသက်သာနေခြင်းသည် ဝေဖန်စရာ
ဖြစ်နေကြောင်း စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းက
ထောက်ပြသည်။

‘‘ပြီးခဲ့တဲ့နှစ်က ကျင့်သုံးတာနဲ့စာရင် သက်သာခွင့်ပေးထား
တယ်။ ပြင်လိုက်တာ ထောက်ခံတာတော့ မဟုတ်ပါဘူး။
သူ့ယူဆချက်နဲ့သူ မှန်တယ်၊ မှားတယ် မဟုတ်ပါဘူး။
အကြံပြုချက်အနေနဲ့ ပြောမယ်ဆိုရင် ဘဏ်ထဲမှာရှိတဲ့
ငွေကို (ခ) မှာထားတာ ကျွန် တော်တစ်ကိုယ်တည်း အမြင်
အရ သိပ်လက်မခံဘူး။ ဘဏ်ထဲရှိတဲ့ ငွေဟာ အမြင့်ဆုံး
ကောက်သင့် တယ်လို့ မြင်တယ်’’ဟု ဒေါက်တာ စိုးထွန်းက
သူ၏အမြင်ကို ပြောသည်။

ယင်းသို့ အခွန်ကင်းလွတ် သက်သာခွင့် (Tax Amnesty)
ကို နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး မလွဲမသွေခွင့်ပြု
သင့်သည် မှန်သော်လည်း နှစ်စဉ် အခွန်ထမ်းပြည်သူများ
နစ်နာမှုမရှိစေရန်၊ အများပြည်သူစိုးရိမ်ကြောင့်ကြမှု မရှိ
စေရန် အထူးအစီအစဉ်ဖြင့် အခွန်ကင်းလွတ်ခွင့်မပြုသင့်ဘဲ
ကန့်သတ်ချက်များဖြင့်သာ အခွန်သက်သာခွင့်ပြုရန်နှင့်
အဆိုပါ သက်သာခွင့်ကို အခွန်နှစ်တစ်နှစ်သာ ခွင့်ပြုရန်
ပြည်ထောင်စုလွှတ် တော်ဥပဒေကြမ်း ပူးပေါင်း
ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြသည်။

ထို့အပြင် အခွန်သက်သာ ခွင့်ပြုခြင်းသည်
- ငွေကြေးခဝါချခြင်း ကိစ္စရပ်တွင် အသုံးမပြုရန်၊
- တရားမဝင်ရရှိသည့် ပစ္စည်းများ
ပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းတို့ နှင့် သက်ဆိုင်ခြင်းမရှိရန်၊
- မတူညီသည့် ကဏ္ဍရပ်များအပေါ် အခွန်နှုန်းထားများ
သီးခြားစီ ပြဋ္ဌာန်းသတ်မှတ်နိုင်ရန် စသည့် အချက်များ
အစီရင်ခံစာ၌ ပါရှိသည်။

အထူးကုန်စည်အမျိုးအစား စာရင်းဝင် စီးကရက်အမျိုးမျိုးနှင့်
ပတ်သက်၍ မူလဥပဒေကြမ်းတွင် ယခင်နှစ် အခွန်အကောက်
ဥပဒေ အတိုင်း ဖော်ပြထားသော်လည်း ဥပဒေကြမ်း ပူးပေါင်း
ကော်မတီက အခွန်နှုန်းမပြောင်းလဲဘဲ တန်ဖိုးအဆင့်ကို
၁၀၀ ကျပ်စီ တိုးခွင့်ပြု၍ ပြင်ဆင်ထားသည်။

ထို့အပြင် စာအုပ်စာပေ၊ မဂ္ဂဇင်း၊ စာစောင်၊ သတင်းစာ
ထုတ်ဝေရေး ဝန်ဆောင်မှု လုပ်ငန်းများအပေါ် ကုန်သွယ်
လုပ်ငန်းခွန် မကျသင့်စေရန် ဥပဒေကြမ်း ပူးပေါင်းကော်မတီ
က အသစ်ဖြည့်စွက်ထားကြောင်း အစီရင်ခံစာ၌
ဖော်ပြထားသည်။

လွှတ်တော်၌ အများစုလွှမ်းမိုးထားသည့် အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ် အချို့က အထက်ပါ
ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ ပြင်ဆင် ဖြည့်စွက်ချက်များ
ကို အကြမ်းဖျင်းထောက်ခံသော်လည်း ယင်းပြင်ဆင်ချက်များ
သည် အတည်မဖြစ်သေးကြောင်းနှင့် လွှတ်တော်၌
ဆက်လက်ဆွေးနွေးကာ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း ရှိလာ
နိုင်ကြောင်း မှတ်ချက်ပြုသည်။

(ထက်အာကာကျော်၊ ဝဏ္ဏအောင်)

credit - 7day Daily

**********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

No comments:

Post a Comment