Tuesday, August 18, 2015

"မြန်မာနိုင်ငံတွင် မြေလွတ်မြေရိုင်းများစွာ ရှိနေသော်လည်း မြေယာအသစ်များ ဖော်ထုတ်ရန် အခက်အခဲဖြစ်နေ"


"မြန်မာနိုင်ငံတွင် မြေလွတ်မြေရိုင်းများစွာ ရှိနေသော်လည်း
မြေယာအသစ်များ ဖော်ထုတ်ရန် အခက်အခဲဖြစ်နေ"


မြန်မာနိုင်ငံတွင် ဖော်ထုတ်နိုင်သည့် မြေလွတ်မြေရိုင်းများစွာ
ရှိနေသော်လည်း 
မြေကြီးမြေပုံ မမှန်ကန်သည့် ဖြစ်ရပ်များနှင့်
မြေလွတ် မြေရိုင်းများ ရယူထားပြီး အမှန်တကယ်စိုက်ပျိုး ထုတ်လုပ်မှု
မရှိသည့် ဖြစ်ရပ်များကြောင့်
မြေယာအသစ်များ လိုအပ်ပါလျက် ဖော်ထုတ်ရန်
အခက်အခဲများရှိနေကြောင်း သြဂုတ် ၁၅ ရက်တွင် ရန်ကုန်မြို့ရှိ
မြေပဒေသာကျွန်း၌ စိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့ရများအသင်း
(ရန်ကုန်ရုံး ခွဲ) မှ ကျင်းပသည့် စိုက်ပျိုးရေး ဟောပြောပွဲတွင်
နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး
ဦးတင်ထွဋ်ဦးက ပြောကြားသည်။

“မြေယာဖော်ထုတ်တဲ့ အခါမှာ အခုက
ဘယ်လိုဖြစ်နေလဲ ဆိုတော့ Comprehensive Land Law
မရှိသေးဘူး။
အခု ဒုတိယသမ္မတ ဦးဆောင်ပြီးတော့ မြေယာမူဝါဒနဲ့
မြေယာဥပဒေနဲ့ ပတ်သက်ပြီး ရေးဆွဲနေတယ်။
အခုကျွန်တော်တို့က သစ်တောမြေလို့ သစ်တောက ပြောလိုက်တယ်။
စိုက်ပျိုးမြေကို စိုက်ပျိုးရေးက ကိုင်တယ်။
အိမ်ဂရန်တို့ဘာ တို့ကို ပြည်ထဲရေးက ကိုင်တယ်ဆိုတော့၊
ဒါပေမဲ့ မြေပုံပေါ်မှာက သစ်တောမြေ၊ မြေပြင်မှာက မြို့တွေဖြစ်ကုန်ပြီ။
နောက်တစ်ခါ မြေပုံပေါ်မှာတော့ သစ်တောကြိုးဝိုင်းပဲ၊
သစ်ပင် တစ်ပင်မှမရှိဘူး။ အားလုံးယာတွေ ဖြစ်ကုန်ပြီ၊
အဓိက ကျွန်တော်တို့ဆီမှာ မြေကြီးမြေပုံမမှန်ကန်သေးတဲ့ ကိစ္စပဲ။
အဲဒီတော့ မြေယာဖော်ထုတ်ရေးကို လုပ်ပြီဆိုရင်
မြေကြီး မြေပုံမှန်ကန်အောင်လုပ်ပြီးတော့ အမှန်တကယ်
ရသင့်ရထိုက်တဲ့ သူတွေကိုရအောင် ဥပဒေပါအတိုင်းရှိတဲ့
ဥပဒေနဲ့ပဲ အရင်စလုပ်ဖို့လိုတယ်” ဟု
ဦးတင်ထွဋ်ဦးက ပြောကြားသည်။

ထို့ကြောင့် ၎င်းအနေဖြင့် ယင်းအစီအစဉ်အား ဖြစ်ဖြစ်မြောက်မြောက်
အကောင်အထည်ဖော်ရန် Land Development Corporation
တစ်ခုအား ထူထောင်ရန် အစိုးရ အကြံပြုထားကြောင်းလည်း
သိရသည်။

“တချို့နေရာတွေ ဆိုရင်တော့ ရေကြီးရေနက်ကွင်းတွေမှာ
ရေမ၀င်အောင် တာပတ်ပေးထားတာတို့
ရေနုတ်မြောင်းတူးပေးထားတာတို့ လုပ်ရင်
မြေယာအသစ်တွေ ပေါ်လာနိုင်တဲ့နေရာတွေ အများကြီးရှိပါ တယ်။
အထူးသဖြင့် ကရင်တို့၊ ရခိုင်တို့ ဘက်မှာလည်း ရှိပါတယ်။
အဲဒီလို နေရာတွေမှာဆိုရင်တော့ ပိုရှင်းပါတယ်။
အဲဒီလိုဖော်လိုက်လို့ ပေါ်လာတဲ့မြေကို လိုတဲ့သူ
အနီးအနားက လူကိုပေးလိုက်ပေါ့။
*** အခုကတော့ အရင်ပေးထားတဲ့ သူတွေရဲ့ မြေကို
ပြန်ယူရင်တောင်မှ
အဲဒီမှာ ကျူးကျော်နေတဲ့ သူတွေကိုလည်း ကျွန်တော်တို့က
ဦးစားပေးပြီး ပြန်လုပ်ဖို့လိုတယ်။
ခက်တာက ဒါတွေကို လုပ်စားတဲ့ လူတန်းစားကလည်း ပေါ်လာတယ်။
ဒီမြေကွက်တစ်ခုကို လုပ်တော့မယ်လို့ပြောရင်
မနက်ဖြန်လောက်မှ လုပ်မယ်ကြားရင် ဒီညလိုမျိုးမှာ တဲထိုးပြီး
ငါတို့ဒီနေရာမှာ နေတာပါဆိုပြီး လုပ်တဲ့သူတွေကလည်း ရှိသေးတယ်။
တချို့လည်း မင်းတို့ဒီမြေကို ငါရအောင် လုပ်ပေးမယ်။
ဘယ်လောက်ပိုက်ဆံပေး၊ ငါနဲ့လိုက် ဆန္ဒပြဆိုပြီး
အဲလိုလုပ်စားနေတဲ့ သူတွေကလည်း ရှိသေးတယ်။
ဒီအပေါ်မှာ ကိုယ်ကျိုးစီးပွားအတွက် လုပ်နေတဲ့ကိစ္စ၊
Corruption ကိစ္စတွေကိုတော့ ပြတ်ပြတ်သားသား
လုပ်နိုင်ဖို့တော့လိုတယ်။
အဘက်ဘက်က လုပ်နိုင်ဖို့တော့ လိုပါတယ် *** ” ဟု
၎င်းက ပြောကြားသည်။

“အခုဖြစ်နေတဲ့ မြေယာပြဿနာတွေ အများစုကလည်း
ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး မြေကွက်တွေကို ဒစ်ဂျစ်တယ်ပုံစံနဲ့
မသွားနိုင်ဘူး။ လက်နဲ့ဆွဲရတာတွေရှိတယ်။
ဒါတွေကလည်း အငြင်းပွားစရာ ဖြစ်စေတယ်” ဟု
၎င်းကဆိုသည်။

ထို့ကြောင့်
မြေယာအား စနစ်တကျ ဖော်ထုတ်မှု၊ ဈေးကွက်ရရှိမှု၊
ယှဉ်ပြိုင်နိုင်မှု၊ Supply Chain နှင့်
ချိတ်ဆက်လုပ်ဆောင် နိုင်မှုမှာလည်း
လယ်ယာကဏ္ဍ တိုးတက်ရေးအတွက် များစွာအရေးပါကြောင်း
၎င်းက ပြောကြားသည်။

“စောစောက ကျွန်တော်ပြောသလို မြန်မာပြည်မှာ
မြေတွေရှိပါတယ်။
*** ၁၉၉၁ လောက်မှာ မြေလွတ် မြေလပ်တွေကို ယူကြပါဆိုပြီးတော့
ပေးခဲ့ဖူးတယ်။
အခုချိန်အထိ ကျွန်တော်သိသလောက် ကိန်းဂဏန်းအရ
နှစ်သန်းခွဲလောက်ရှိတယ်။
အဲဒီအထဲမှာ ၁၀ ရာခိုင်နှုန်းလောက်ပဲ မြေယာဖော်ထုတ်ပြီး
စိုက်ပျိုးနိုင်တယ်။
ကျန်တဲ့ရာခိုင်နှုန်း ၉၀ လောက်က ဒီအတိုင်းချည်းပဲ ရှိသေးတယ်။
ဥပမာ-ရာဘာသမား တွေကတော့ တော်တော်များများ
စိုက်ကြတယ်။
ဆီအုန်းသမားလည်း စိုက်သင့်သလောက် စိုက်ကြတယ်။
ဒါပေမဲ့ တခြားသီးနှံတွေမှာတော့ ယူထားတဲ့မြေတွေဟာ
ဘာမှ ပေါ်ပေါ်ထင်ထင် မဖြစ်လာဘူး။
တချို့ လည်း အခုပြန်ပေးလိုက်တာတွေ ရှိတယ်။
၂၀၁၂ ခုနှစ် မြေယာဥပဒေနှစ်ခုမှာ
အထူးသဖြင့် မြေလွတ်မြေလပ် မြေရိုင်းများ ဥပဒေမှာ
အတိအကျ ပါပြီးသား။
ခွင့်ပြုထားသော မြေတွေကို သတ်မှတ်ထားတဲ့ ကာလအတွင်းမှာ
ထုတ်ဖော်နိုင်ခြင်း မရှိဘူးဆိုရင် နိုင်ငံတော်မှ
ပြန်လည်ယူပြီးသကဲ့သို့  သတ်မှတ်မည်လို့ပါတယ်။
ဒါက ကျွန်တော်စောစောက ပြောခဲ့တဲ့ တရားဥပဒေ စိုးမိုးမှုနဲ့
ဆိုင်တယ်။ ဒါကို Enforce လုပ်ဖို့ပဲရှိတယ်။ ဥပဒေက ရှိပြီးသား။
ကာလဆိုတာကလည်း လေးနှစ်အတွင်း ဖော်ရမယ်လို့ပါတယ်။
တကယ်သာ ဥပဒေအရ ဘာညာလုပ်မယ်ဆိုရင်
မစိုက်ဘဲ ချန်ထားတဲ့ဟာတွေကို
ပြန်ယူဖို့ပဲ ရှိတော့တယ် *** ” ဟု
ဦးတင်ထွဋ်ဦးက ပြောကြားသည်။

(အငယ်ထွေး၊ နီလာ)

credit - Eleven Media Group

No comments:

Post a Comment