Wednesday, August 26, 2015

“၂၀၁၂-ခုနှစ်၊ လယ်ယာမြေ ဥပဒေ”


“၂၀၁၂-ခုနှစ်၊ လယ်ယာမြေ ဥပဒေ”

လယ်ယာမြေဥပဒေ
(၂ဝ၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၁။)
၁၃၇၃ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက်
(၂ဝ၁၂ ခုနှစ်၊ မတ်လ ၃ဝ ရက်)
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

"အခန်း(၁)"
======
အမည်၊ စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ

၁။ ဤဥပဒေကို လယ်ယာမြေဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေသည် နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာဖြင့်
သတ်မှတ်သည့်နေ့ရက်တွင် စတင် အာဏာ တည်ရမည်။

၃။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည်
ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည် -

(က) လယ်ယာမြေ ဆိုသည်မှာ
လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်းမြေ၊ တောင်ယာမြေ၊ နှစ်ရှည်ပင်
စိုက်ပျိုးသော မြေ၊ ဓနိမြေ၊ ဥယျာဉ်မြေဟုသော်လည်းကောင်း၊
ဟင်းသီးဟင်းရွက်၊ ပန်းမန်စိုက်ပျိုးသည့် ခြံမြေဟုသော်
လည်းကောင်း၊ မြေနုကျွန်းမြေဟုသော်လည်းကောင်း
သတ်မှတ်သည့် မြေများကို ဆိုသည်။
ယင်းစကားရပ်တွင် မြို့နယ်နိမိတ်၊ ကျေးရွာနယ်နိမိတ်အတွင်းရှိ
လူနေအိမ်ရာများ၊ ဘာသာရေးအဆောက်အအုံနှင့် ပရဝဏ်များ၊
အများပိုင်ဆိုင်၍ စိုက်ပျိုးရေးအတွက် အသုံးမပြုသောမြေများ
မပါဝင်။

(ခ) လယ်မြေ ဆိုသည်မှာ သဘာဝအရသော်လည်းကောင်း၊
လူတို့ဖန်တီးသော နည်းလမ်းအရသော်လည်းကောင်း
စိုက်ပျိုးရေရယူပြီး ရေထိန်းသိမ်းနိုင်စေရန် ဆောင်ရွက်ထားသည့်
စပါးသီးနှံ အဓိက စိုက်ပျိုးသောမြေကို ဆိုသည်။

(ဂ) မြေနုကျွန်းမြေ ဆိုသည်မှာ ရေအောက်သို့နစ်မြုပ်ခဲ့ပြီး
နှစ်စဉ် ရေကြောင်းအနေအထားအရ မြေသားနှင့်
ပုံသဏ္ဌာန်ပြောင်းလဲသည့် ခိုင်မြဲမှုမရှိသောမြေကို ဆိုသည်။

(ဃ) လယ်ယာမြေလုပ်ပိုင်ခွင့် ဆိုသည်မှာ
နိုင်ငံတော်သည် မြေယာအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်၍
လယ်ယာမြေကို
စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရန်အလို့ငှာ
ဤဥပဒေ၊ ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း၊
စည်းကမ်းများနှင့်အညီ လက်ဝယ်ထားရှိ၍ စိုက်ပျိုးလုပ်ကိုင်
အသုံးချခွင့်ပြုခြင်းကို ဆိုသည်။
သို့ရာတွင် မြေပေါ် မြေအောက်ရှိ ကျောက်မျက်၊ သတ္တု၊
ရေနံနှင့်ဓာတ်ငွေ့ စသည့် သဘာဝသယံဇာတများ
ထုတ်ယူအသုံးချခွင့် မပါဝင်။

(င) တောင်သူလယ်သမား ဆိုသည်မှာ
အောက်ဖော်ပြပါတစ်ရပ်ရပ်နှင့် ကိုက်ညီသူကိုဆိုသည် -
(၁) မြေကိုအသုံးပြု၍ စိုက်ပျိုးရေးလုပ်ငန်း သို့မဟုတ်
မွေးမြူရေးလုပ်ငန်း သို့မဟုတ် လုပ်ငန်းနှစ်ရပ်စလုံးကို
မိမိ၏ အဓိကအသက်မွေးဝမ်းကျောင်းအဖြစ်
မိမိကိုယ်တိုင်လုပ်ကိုင်သူ
သို့မဟုတ် မိမိကိုယ်တိုင် အစဉ်တစိုက်လုပ်ကိုင်ခဲ့သူ၊
(၂) ဆိုင်ရာနှစ်တွင် မြေကိုအသုံးပြု၍ စိုက်ပျိုးရေးလုပ်ငန်း
သို့မဟုတ် မွေးမြူရေးလုပ်ငန်း သို့မဟုတ် လုပ်ငန်းနှစ်ရပ်လုံးကို
မိမိ၏ အဓိကအသက်မွေးဝမ်းကျောင်းအဖြစ်
လုပ်ငန်းလုပ်ကိုင်ချိန်တစ်လျှောက်လုံး
ကိုယ်တိုင်ကြီးကြပ်လုပ်ကိုင်သူ၊
(၃) မြေကိုအသုံးပြု၍ ရာသီသီးနှံ၊ ဥယျာဉ်ခြံသီးနှံ၊ နှစ်ရှည်သီးနှံများ
စိုက်ပျိုးထုတ်လုပ်ရန် သို့မဟုတ် စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းကို
လုပ်ကိုင်ရန်အလို့ငှာ အရင်းအနှီး မတည်စိုက်ထုတ်၍
လုပ်ငန်းလုပ်ကိုင်ချိန် တစ်လျှောက်လုံး ကိုယ်တိုင်လုပ်ကိုင်သူ
သို့မဟုတ် ကြီးကြပ်စီမံလုပ်ကိုင်သူ၊
(၄) မြေကိုအသုံးပြု၍ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ
လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူ၊
(၅) စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် ယင်းတို့နှင့်
ဆက်နွယ်လျက်ရှိသော ထုတ်လုပ်မှုလုပ်ငန်းအလို့ငှာ
မြေကိုအသုံးပြု၍ ပျိုးပင်၊ မျိုးစေ့၊ မျိုးနှင့် သားပေါက်များ
ကိုယ်တိုင်ထုတ်လုပ်ရောင်းချသူ။
(စ) တောင်သူလယ်သမားအိမ်ထောင်သားစု ဆိုသည်မှာ
သွေးသားတော်စပ်၍ဖြစ်စေ၊ အိမ်ထောင်မှုဖြင့် တော်စပ်၍ဖြစ်စေ၊
အတူတကွနေထိုင်လျက် ၄င်းအိမ်ထောင်သားစုတွင်
အကြီးအကဲဖြစ်သူ တောင်သူလယ်သမားတစ်ဦး၏
မိသားစုဝင်များကို ဆိုသည်။
(ဆ) အိမ်ထောင်သားစုအကြီးအကဲ ဆိုသည်မှာ
အိမ်ထောင်သားစုတစ်စု၏ အကြီးအကဲဖြစ်၍
ထိုအိမ်ထောင်သားစုတွင်
လုပ်ငန်းများကို ခေါင်းဆောင်လုပ်ကိုင်သူကို ဆိုသည်။
(ဇ) အဆောက်အအုံဖြင့် တိုးတက်ကောင်းမွန်စေရန်ပြုပြင်ခြင်း
ဆိုသည်မှာ လယ်ယာမြေကို လက်ရှိ လုပ်ပိုင်ခွင့်ရှိသူ၏ သို့မဟုတ်
ထိုလုပ်ပိုင်ခွင့်ရှိသူ၏ လက်ရှိမရမီ ယင်းလယ်ယာမြေကို
အခြားလုပ်ပိုင်ခွင့်ရှိသူများ၏ စရိတ်ဖြင့်သော်လည်းကောင်း၊
လုပ်အားဖြင့်သော်လည်းကောင်း ပြုပြင်ခြင်းကြောင့်
လယ်ယာမြေ၏တန်ဖိုးကို ထာဝစဉ်မြင့်စေသည့် ပြုပြင်ခြင်းကို
ဆိုလိုသည်။ ယင်းစကားရပ်တွင် လယ်ယာလုပ်ကိုင်သူနေထိုင်ရန်
သို့မဟုတ် လယ်ယာလုပ်ငန်းကို အထောက်အပံ့ဖြစ်စေရန်
တည်ဆောက် ပြုလုပ်ထားသော အဆောက်အအုံ၊
ရေထုတ်ရေသွင်းအတွက် လုပ်ဆောင်ထားမှုများ၊ ဆည်မြောင်းများ၊
ကန်များ၊ ရေတွင်းများ၊ ရေကာတာများ၊ လမ်းများနှင့် အခြားသော
ထာဝစဉ် တိုးတက်ကောင်းမွန်စေရန် ပြုလုပ်သည့်
လုပ်ဆောင်မှုများပါဝင်သည်။ သို့ရာတွင် ထွန်ယက်စိုက်ပျိုးရေးအတွက်
မြေရှင်းခြင်း၊ ကန်သင်းပြုလုပ်ခြင်းနှင့် ထာဝစဉ် မတည်မြဲသည့်
တိုးတက်ကောင်းမွန်စေရန် ပြုပြင်သော လုပ်ဆောင်ထားမှုများမပါဝင်။
(ဈ) အုပ်ထိန်းသူ ဆိုသည်မှာ အရွယ်မရောက်သော သူကို
သော်လည်းကောင်း၊ စိတ်ပေါ့သွပ်သူကိုသော်လည်းကောင်း၊
ထိုသူတစ်ဦးဦး၏ ပစ္စည်းကို သို့မဟုတ် ပစ္စည်းနှင့်တကွ
လူကိုသော်လည်းကောင်း၊ အုပ်ထိန်းစောင့်ရှောက်ရေးအတွက်
သက်ဆိုင်ရာ စီရင်ပိုင်ခွင့်အာဏာရှိသည့်
တရားရုံးက ခန့်အပ်သူကို ဆိုသည်။
(ည) တောင်သူလယ်သမားအဖွဲ့အစည်း ဆိုသည်မှာ
ကျေးလက်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုစေရန်
ထုတ်ပြန်ထားသော ဥပဒေတစ်ရပ်ရပ်နှင့်အညီ ဖွဲ့စည်းထားသော
တောင်သူလယ်သမားအဖွဲ့အစည်းကို ဆိုသည်။
(ဋ) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကို ဆိုသည်။
(ဌ) ဦးစီးဌာန ဆိုသည်မှာ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနကို ဆိုသည်။

"အခန်း(၂)"
======
လယ်ယာမြေကို လုပ်ပိုင်ခွင့်ပြုခြင်း

၎။ လယ်ယာမြေကို အသုံးပြုခွင့်ရရှိထားသူသည်
လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိရန် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ်
ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှတစ်ဆင့်
မြို့နယ်ဦးစီးဌာနရုံးသို့ သတ်မှတ်ချက်များနှင့်အညီ
လျှောက်ထားရမည်။

၅။ မြို့နယ်ဦးစီးဌာနရုံးသည် ပုဒ်မ ၄ အရ
လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိရန် လျှောက်ထားချက်နှင့်စပ်လျဉ်း၍
သတ်မှတ်ချက်များနှင့်အညီ စိစစ်ပြီး သက်ဆိုင်ရာ
မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြရမည်။

၆။ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သည်
ဤဥပဒေအာဏာတည်သည့်နေ့ရက်တွင် တည်ရှိနေသော
လယ်ယာမြေများနှင့်စပ်လျဉ်း၍ အောက်ပါလူပုဂ္ဂိုလ် သို့မဟုတ်
အဖွဲ့အစည်းအား သက်ဆိုင်ရာ ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏
သဘောတူညီချက်ဖြင့် မြို့နယ်ဦးစီးဌာနရုံးတွင်
သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်ကြေး ပေးဆောင်စေ၍
မှတ်ပုံတင်ပြီး လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်
ထုတ်ပေးရမည် -
(က) လူပုဂ္ဂိုလ်ဖြစ်ပါက -
(၁) လယ်ယာမြေကို အသုံးပြုခွင့် ရရှိထားသော ထိုအိမ်ထောင်စုသည်
တောင်သူလယ်သမား အိမ်ထောင်သားစု သို့မဟုတ်
အိမ်ထောင်သားစုဝင်ဖြစ်ရမည်။
(၂) လယ်ယာမြေကို အသုံးပြုခွင့်ရရှိထားသော ထိုအိမ်ထောင်သားစု
အကြီးအကဲ သို့မဟုတ် ထိုအိမ်ထောင်သားစုတွင် ပါဝင်သူတစ်ဦး
သို့မဟုတ် အုပ်ထိန်းသူသည် ဤဥပဒေ ပြဋ္ဌာန်းအတည်မပြုမီ
တည်ဆဲမြေယာဥပဒေများနှင့်အညီ တရားဝင်လက်ရှိလက်ငုတ်
လုပ်ကိုင်နေသူ ဖြစ်ရမည်။
(၃) ဤဥပဒေပြဋ္ဌာန်းပြီးနောက် ဤဥပဒေနှင့်ဖြစ်စေ၊
ဤဥပဒေအရပြုသည့် နည်းဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီဖြစ်စေ
တရားဝင်အကျိုးခံစားခွင့် ရရှိသူဖြစ်ရမည်။
(၄) အသက်(၁၈)နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။
(၅) နိုင်ငံသား၊ ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ
ဖြစ်ရမည်။
(ခ) အဖွဲ့အစည်းဖြစ်ပါက လယ်ယာမြေကို အသုံးပြုခွင့်ရရှိထားသော
အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ အစိုးရမဟုတ်သောအဖွဲ့အစည်း၊
ကုမ္ပဏီ သို့မဟုတ် အသင်းအဖွဲ့ ဖြစ်ရမည်။

၇။ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့သည်
ဤဥပဒေအာဏာတည်ပြီးနောက် လယ်ယာမြေလုပ်ပိုင်ခွင့်
ပြန်လည်သိမ်းယူသော လယ်ယာမြေနှင့် နိုင်ငံတော်က
အခါအားလျော်စွာ ဖော်ထုတ်သော လယ်ယာမြေများနှင့် စပ်လျဉ်း၍
အောက်ပါ လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကို
ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ သဘောတူညီချက်ဖြင့်
မြို့နယ်ဦးစီးဌာနရုံးတွင် သတ်မှတ်ချက်များနှင့်အညီ
မှတ်ပုံတင်ကြေးပေးဆောင်စေ၍ မှတ်ပုံတင်ပြီး
လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ထုတ်ပေးရမည်-
(က) လူပုဂ္ဂိုလ်ဖြစ်ပါက-
(၁) လယ်ယာမြေကိုအသုံးပြု၍ စိုက်ပျိုးရေးလုပ်ငန်းတွင်
ပါဝင်ဆောင်ရွက်နေသူ ဖြစ်ရမည်။
(၂) အကြောင်းထူးမရှိလျှင် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ်
ကျေးရွာအုပ်စုတွင် အခြေချနေထိုင်သူ ဖြစ်ရမည်။
(၃) အသက်(၁၈)နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။
(၄) နိုင်ငံသား၊ ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ
ဖြစ်ရမည်။
(ခ) အဖွဲ့အစည်းဖြစ်ပါက လယ်ယာမြေတွင် စိုက်ပျိုးရေးလုပ်ငန်းကို
အမှန်တကယ်လုပ်ကိုင်လိုသော အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊
အစိုးရမဟုတ်သော အဖွဲ့အစည်း၊ ကုမ္ပဏီ သို့မဟုတ် အသင်းအဖွဲ့
ဖြစ်ရမည်။

၈။ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည်
ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လယ်ယာမြေလုပ်ပိုင်ခွင့်ကို
ဝယ်ယူခြင်း၊ လဲလှယ်ရယူခြင်း သို့မဟုတ် ပေးကမ်းသည်ကို
လက်ခံခြင်းပြုသူအားလည်းကောင်း၊
အမွေဆက်ခံခြင်းဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရရှိသူအား
လည်းကောင်း၊
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိ၍
စိုက်ပျိုးမြေအဖြစ် ဖော်ထုတ်စိုက်ပျိုးပြီးနောက်
ဤဥပဒေနှင့်အညီ လယ်ယာမြေလုပ်ပိုင်ခွင့်
လျှောက်ထားသူအားလည်းကောင်း၊
မြို့နယ်ဦးစီးဌာနရုံးတွင် သတ်မှတ်ချက်များနှင့်အညီ
မှတ်ပုံတင်ကြေးပေးဆောင်စေ၍ မှတ်ပုံတင်ပြီး
လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ထုတ်ပေးရမည်။

"အခန်း(၃)"
======
လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူ၏ အခွင့်အရေးများ

၉။ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူသည် အောက်ပါ
အခွင့်အရေးများကို ရရှိစေရမည် -
(က) လယ်ယာမြေကို လက်ရှိထားပိုင်ခွင့်၊ လယ်ယာမြေ လုပ်ပိုင်ခွင့်၊
ယင်းသို့ လုပ်ပိုင်ခွင့်မှ ပေါ်ထွက်လာသည့် အကျိုးအမြတ်ကို
ခံစားပိုင်ခွင့်၊
(ခ) လယ်ယာမြေကို အားလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ
လုပ်ပိုင်ခွင့်အား သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ
ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်နှင့် ပေးကမ်းခွင့်၊
(ဂ) လယ်ယာမြေလုပ်ပိုင်ခွင့်ကို အမွေဆက်ခံခြင်းနှင့်စပ်လျဉ်း၍
အငြင်းပွားမှု ပေါ်ပေါက်လာပါက တည်ဆဲဥပဒေနှင့်အညီ
သက်ဆိုင်ရာ တရားရုံး၏ အဆုံးအဖြတ်ခံယူနိုင်ခွင့်၊
(ဃ) သတ်မှတ်သည့် စည်းကမ်းချက်များကို ဖောက်ဖျက်ခြင်း
မရှိသရွေ့ လယ်ယာမြေလုပ်ပိုင်ခွင့်၊
(င) လယ်ယာမြေတွင် စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး
အတွက် ကျေးလက်သမဝါယမအသင်း၏
ရင်းနှီးမြှုပ်နှံမှုနှင့်လည်းကောင်း၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများနှင့်
လည်းကောင်း အကျိုးတူလုပ်ကိုင်ခွင့်၊
(စ) လယ်ယာမြေတွင် နိုင်ငံခြားသား သို့မဟုတ်
နိုင်ငံခြားသားပါဝင်သောအဖွဲ့အစည်းနှင့် ပူးပေါင်း၍
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ အကျိုးတူလုပ်ကိုင်ခွင့်။

၁၀။ ဤဥပဒေ ပုဒ်မ ၄၊ ၅၊ ၆၊ ၇၊ ၈ နှင့် ၉ တို့ပါ
ပြဋ္ဌာန်းချက်များသည် မြေနုကျွန်းချထားခြင်းနှင့် မသက်ဆိုင်စေရ။

၁၁။ မြေနုကျွန်းချထားရေးကိစ္စရပ်များအတွက် ဤဥပဒေအရပြုသည့်
နည်းဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းရမည်။

"အခန်း(၄)"
======
လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ လိုက်နာရမည့် စည်းကမ်းချက်များ

၁၂။ လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိသူသည် -
(က) ဤဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်း လယ်ယာမြေကို
လုပ်ကိုင်ရမည်။
(ခ) လယ်ယာမြေနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနက စည်းကြပ်သော
မြေခွန်နှင့် အခြားအခွန်အခများကို ပေးဆောင်ရမည်။
(ဂ) လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊
ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းတို့ကို
ဆောင်ရွက်သည့်အခါ ဦးစီးဌာနကသတ်မှတ်သည့်
တံဆိပ်ခေါင်းခွန်နှင့် စာချုပ်စာတမ်းမှတ်ပုံတင်ခတို့ကို
ပေးဆောင်၍ သက်ဆိုင်ရာမြို့နယ် ဦးစီးဌာနရုံးတွင်
မှတ်ပုံတင်ရမည်။
(ဃ) တည်ဆဲဥပဒေနှင့်အညီ အမွေဆက်ခံခြင်းဖြင့်
လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ရရှိသည့်အခါ သတ်မှတ်ချက်များနှင့်
အညီ သက်ဆိုင်ရာမြို့နယ်ဦးစီးဌာနရုံးတွင် မှတ်ပုံတင်ရမည်။
(င) စိုက်ပျိုးထုတ်လုပ်မှု အရင်းအနှီးအတွက်သာ
လယ်ယာမြေလုပ်ပိုင်ခွင့်ကို ပေါင်နှံခွင့်ရှိပြီး အစိုးရဘဏ် သို့မဟုတ်
အစိုးရက အသိအမှတ်ပြုသော ဘဏ်တွင်သာ ပေါင်နှံရမည်။
(စ) သက်ဆိုင်ရာလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က
တရားဝင်ချထားခြင်းမရှိဘဲ ကျူးကျော်လုပ်ကိုင်ခြင်း မပြုရ။
(ဆ) လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းသုံးစွဲခြင်း
မပြုရ။
(ဇ) လယ်ယာမြေကို မူလစိုက်ပျိုးလျက်ရှိသော သီးနှံအမျိုးအစားမှ
အခြားသီးနှံအမျိုးအစားသို့ ခွင့်ပြုချက်မရှိဘဲ
ပြောင်းလဲစိုက်ပျိုးခြင်း မပြုရ။
(ဈ) ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ လယ်ယာမြေကို
လှပ်ထားခြင်း မပြုရ။
(ည) လယ်ယာမြေလုပ်ပိုင်ခွင့် မရမီကာလအတွင်း သို့မဟုတ်
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွားမှုဖြစ်ပေါ်နေသော
ကာလအတွင်း လယ်ယာမြေကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊
ငှားရမ်းခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် ပေးကမ်းခြင်း မပြုရ။

၁၃။ ဤဥပဒေအာဏာတည်ပြီးသည့်နောက်
လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှု အရှုပ်အရှင်းဖြစ်လာလျှင်
ဦးစီးဌာနတွင် မှတ်ပုံတင်ထားပြီးမှသာ တရားဝင်
ဖြေရှင်းဆောင်ရွက်နိုင်ခွင့် ရှိသည်။

၁၄။ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူသည် လယ်ယာမြေ
လုပ်ပိုင်ခွင့်အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ
နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်မရရှိဘဲ မည်သည့်နိုင်ငံခြားသား
သို့မဟုတ် နိုင်ငံခြားသားပါဝင်သည့် အဖွဲ့အစည်းကိုမျှ
ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း သို့မဟုတ်
ပေးကမ်းခြင်း မပြုရ။

"အခန်း(၅)"
======
လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းခြင်း

၁၅။ ပြည်ထောင်စုအစိုးရအဖွဲ့သည် -
(က) လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ဒုတိယဝန်ကြီးက ဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း၊
ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က
အတွင်းရေးမှူးအဖြစ်လည်းကောင်း၊
သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ
အကြီးအမှူးများက အဖွဲ့ဝင်များအဖြစ်လည်းကောင်း
ပါဝင်သော ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကို ဖွဲ့စည်းရမည်။
(ခ) ပုဒ်မခွဲ(က)အရ ဖွဲ့စည်းသော
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကို အခါအားလျော်စွာ
ပြင်ဆင်ဖွဲ့စည်းနိုင်သည်။

၁၆။ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် -
( က ) အောက်ပါလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်ကို
 ဖွဲ့စည်းပေးရမည် -
(၁) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊
(၂) ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၊
(၃) မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၊
(၄) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့။
(ခ) ပုဒ်မခွဲ(က)အရ ဖွဲ့စည်းသော လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့
အဆင့်ဆင့်ကို အခါအားလျော်စွာ ပြင်ဆင်ဖွဲ့စည်းနိုင်သည်။

"အခန်း(၆)"
======
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ

၁၇။ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ
အောက်ပါအတိုင်းဖြစ်သည် -
(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့်
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့
အဆင့်ဆင့်တို့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို သတ်မှတ်ခြင်း၊
(ခ) လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံတင်ခြင်း၊ လယ်ယာမြေ
လုပ်ပိုင်ခွင့်ပြုလက်မှတ် ထုတ်ပေးခြင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့်၊
အသုံးပြုခွင့်ပေးခြင်းနှင့် အငြင်းပွားမှု ဖြေရှင်းခြင်းတို့နှင့်
စပ်လျဉ်း၍ လမ်းညွှန်ခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း၊
(ဂ) လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊
ငှားရမ်းခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်းတို့နှင့် စပ်လျဉ်း၍
ဆောင်ရွက်သည့်ကိစ္စရပ်များကို လမ်းညွှန်ခြင်း၊
ကြီးကြပ်ကွပ်ကဲခြင်း၊
(ဃ) ပုဒ်မ ၁၉၊ ပုဒ်မခွဲ (ဂ) နှင့် (ဃ)တို့ပါ စီမံခန့်ခွဲရေး
ပြစ်ဒဏ်တစ်ရပ်ရပ် ချမှတ်ခြင်းခံရသူ၏ လယ်ယာမြေလုပ်ပိုင်ခွင့်ကို
လည်းကောင်း၊ ပုဒ်မ ၃၁ နှင့် အကျုံးဝင်သော လယ်ယာမြေကို
လည်းကောင်း၊ ပုဒ်မ ၃၇ အရ ပြစ်ဒဏ်ချမှတ်ခြင်းခံရသူ၏
လယ်ယာမြေလုပ်ပိုင်ခွင့်ကိုလည်းကောင်း ပြန်လည်ရုပ်သိမ်းခြင်း၊
(င) ကျေးလက်ဒေသများနှင့် မြို့ပြဒေသများတွင်
တိုးတက်လျက်ရှိသော လူဦးရေနှင့် တိုးပွားလာသော
အိမ်ထောင်စုများအတွက် အိမ်ရာတည်ဆောက်ရန် လိုအပ်ချက်အရ
လယ်ယာမြေကိုအသုံးပြုရန် တိုင်းဒေသကြီး သို့မဟုတ်
ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ကျေးလက်နှင့်
မြို့ပြအိမ်ရာ စီမံကိန်းများနှင့်စပ်လျဉ်းသည့်
တင်ပြချက်များကို စိစစ်၍ အတည်ပြုခြင်း၊
(စ) ကျေးလက်နေပြည်သူလူထု၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့်
သက်ဆိုင်သည့် စာသင်ကျောင်း၊ ကျန်းမာရေးဌာန၊ ဆေးရုံ၊
ဆေးပေးခန်း၊ စာကြည့်တိုက်၊ ကျေးလက်ဈေး၊ သုသာန်နှင့်
အခြား လိုအပ်သော အဆောက်အအုံများအတွက်
လယ်ယာမြေကို အသုံးပြုရန်ကိစ္စနှင့်စပ်လျဉ်း၍
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏
တင်ပြချက်ကို စိစစ်ပြီး အတည်ပြုခြင်း၊
(ဆ) လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်မှုလယ်ယာမှ
ခေတ်မီ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရာတွင်
လိုအပ်သည့် လယ်ယာသုံးစက်နှင့် စက်ကိရိယာများ ထားရှိခြင်း၊
ဆန်စက်များ၊ သီးနှံသိုလှောင်သည့် ဂိုဒေါင်များ၊
လိုအပ်သော ကုန်ထုတ်လမ်းများနှင့် အခြေခံအဆောက်အအုံများ
တည်ဆောက်ရာတွင် လယ်ယာမြေကို အသုံးပြုရန်ကိစ္စနှင့်
စပ်လျဉ်း၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်ယာမြေ
စီမံခန့်ခွဲမှုအဖွဲ့၏ တင်ပြချက်ကို စိစစ်ပြီး အတည်ပြုခြင်း၊
(ဇ) လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
လက်မှုလယ်ယာစနစ်မှ ခေတ်မီစက်မှုလယ်ယာစနစ်သို့
ကူးပြောင်းနိုင်ရန် လယ်ယာမြေပြုပြင်ခြင်းလုပ်ငန်းများအတွက်
လယ်ယာမြေကို အသုံးပြုရန်ကိစ္စနှင့်စပ်လျဉ်း၍
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏
တင်ပြချက်ကို စိစစ်ပြီး အတည်ပြုခြင်း၊
(ဈ) မြေနုကျွန်း လုပ်ပိုင်ခွင့်ချထားရေးနှင့်
ယင်းလုပ်ပိုင်ခွင့်ရရှိသူများ၏ အခွင့်အရေးဆိုင်ရာမူဝါဒများ
ချမှတ်ခြင်း၊ လမ်းညွှန်ခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း၊
(ည) ရွှေ့ပြောင်းတောင်ယာ ခုတ်ထွင်စိုက်ပျိုးရေးလုပ်ငန်းနှင့်
စပ်လျဉ်း၍ လမ်းညွှန်ခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း၊
(ဋ) လယ်ယာမြေနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့က
အခါအားလျော်စွာ ပေးအပ်သည့် လုပ်ငန်းတာဝန်များကို
ဆောင်ရွက်ခြင်း။

၁၈။ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည်
ဤဥပဒေပါ ပြဋ္ဌာန်းချက်များအရ လယ်ယာမြေလုပ်ပိုင်ခွင့်ကို
ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့်
ပေးကမ်းခြင်းကိစ္စရပ်များအတွက် နှစ်ဦးသဘောတူစာချုပ်ကို
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏
ရှေ့မှောက်တွင် ချုပ်ဆို၍ သက်ဆိုင်ရာ မြို့နယ်ဦးစီးဌာနရုံး၌
မှတ်ပုံတင်ရာတွင် လယ်ယာမြေတန်ဖိုးကို
ဒေသန္တရအခြေအနေအရ ဆီလျော်သောနှုန်းထားဖြစ်စေရန်
သင့်လျော်သည့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အား
လုပ်ပိုင်ခွင့် အပ်နှင်းနိုင်သည်။

"အခန်း(၇)"
======
စည်းကမ်းချက်များကိုလိုက်နာရန် ပျက်ကွက်၍ အရေးယူခြင်း

၁၉။ ဤဥပဒေ ပုဒ်မ ၁၂ ပါ စည်းကမ်းချက်အားလုံးကိုဖြစ်စေ၊
စည်းကမ်းချက်တစ်ခုခုကိုဖြစ်စေ လိုက်နာရန် ပျက်ကွက်လျှင်
ဝန်ကြီးဌာနက ဤကိစ္စ အလို့ငှာ ခန့်အပ်သည့်
လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် ဤဥပဒေနှင့်
ဤဥပဒေအရထုတ်ပြန်သော နည်းဥပဒေများနှင့်အညီ
စုံစမ်းစစ်ဆေးပြီးနောက် အောက်ဖော်ပြပါ အမိန့်တစ်ရပ်ကိုဖြစ်စေ၊
တစ်ရပ်ထက်ပို၍ဖြစ်စေ ချမှတ်နိုင်သည် -
(က) သတ်မှတ်သည့် ဒဏ်ကြေးငွေ ပေးဆောင်စေခြင်း၊
(ခ) သတ်မှတ်သည့်နည်းလမ်းအတိုင်း လယ်ယာမြေကို
ဆောင်ရွက်စေခြင်း၊
(ဂ) လယ်ယာမြေပေါ်မှ နှင်ထုတ်ထိုက်သူများကို နှင်ထုတ်ခြင်း၊
(ဃ) လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ
ဆောက်လုပ်ထားသော အဆောက်အအုံများကို ဖယ်ရှားခြင်း။

၂ဝ။ ပုဒ်မ ၁၉ ပါ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည်
ယင်းပုဒ်မအရ ချမှတ်သောအမိန့်ကို လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူက
လိုက်နာခြင်းမရှိလျှင် ယင်းအမိန့်ပါ သတ်မှတ်ရက်ကျော်လွန်ပါက
သက်ဆိုင်ရာတရားရုံးသို့ ဦးတိုက်လျှောက်ထား တရားစွဲဆိုနိုင်သည်။

၂၁။ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူသည် ဝန်ကြီးဌာနက
စည်းကြပ်ကောက်ခံသည့် အခွန်အခများကို ပေးဆောင်ရန်
ပျက်ကွက်လျှင် တည်ဆဲဥပဒေများနှင့်အညီ ထိုအခွန်အခများကို
မြေခွန်မပြေ ကျန်ငွေဖြစ်ဘိသကဲ့သို့ ကောက်ခံခြင်း ခံရမည်။

(ဆက်လက်ဖေါ်ပြပါမည်။)

credit - Aung Soe (Pyay)

No comments:

Post a Comment