Thursday, August 27, 2015

“၂၀၁၂-ခုနှစ်၊ လယ်ယာမြေ ဥပဒေ” (အပိုင်း - ၂)


“၂၀၁၂-ခုနှစ်၊ လယ်ယာမြေ ဥပဒေ” (အပိုင်း - ၂)

"အခန်း(၈)"
======
လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုဖြေရှင်းခြင်းနှင့်
အယူခံခြင်း

၂၂။ လယ်ယာမြေ လုပ်ပိုင်ခွင့်နှင့်စပ်လျဉ်း၍
အငြင်းပွားမှုကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု
လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် မူလမှုခင်း ဖွင့်လှစ်၍
စုံစမ်းစစ်ဆေးခြင်း၊ ကြားနာခြင်းနှင့် ဆုံးဖြတ်ခြင်းပြုရမည်။

၂၃။
(က) ရပ်ကွက်နှင့် ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲက
ပုဒ်မ ၂၂ အရ ချမှတ်သောအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို
မကျေနပ်သူသည် ယင်းအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို
ချမှတ်သည့်နေ့မှ ရက်ပေါင်း ၃ဝ အတွင်း သက်ဆိုင်ရာ
မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့
သတ်မှတ်ချက်များနှင့်အညီ အယူခံနိုင်သည်။

(ခ) မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် ရပ်ကွက်နှင့်
ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ချမှတ်သည့်
အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊
ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုနိုင်သည်။

၂၄။
(က) ပုဒ်မ ၂၃၊ ပုဒ်မခွဲ (ခ) အရ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု
အဖွဲ့က ချမှတ်သောအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို
မကျေနပ်သူသည် ယင်းအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို
ချမှတ်သည့်နေ့မှ ရက်ပေါင်း ၃ဝ အတွင်း သက်ဆိုင်ရာ
ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ သတ်မှတ်ချက်များနှင့်အညီ
အယူခံနိုင်သည်။

(ခ) ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည်
မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ချမှတ်သည့် အမိန့်
သို့မဟုတ် ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း
သို့မဟုတ် ပယ်ဖျက်ခြင်း ပြုနိုင်သည်။

၂၅။
(က) ပုဒ်မ ၂၄၊ ပုဒ်မခွဲ (ခ) အရ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က
ချမှတ်သော အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို
မကျေနပ်သူသည် ယင်းအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို
ချမှတ်သည့်နေ့မှ ရက်ပေါင်း ၆ဝ အတွင်း သက်ဆိုင်ရာ
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့
သတ်မှတ်ချက်များနှင့်အညီ အယူခံနိုင်သည်။

(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှု
အဖွဲ့သည် ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ချမှတ်သည့်
အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း
သို့မဟုတ် ပယ်ဖျက်ခြင်း ပြုနိုင်သည်။

(ဂ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှု
အဖွဲ့၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်စေရမည်။

"အခန်း(၉)"
======
နစ်နာကြေးနှင့် လျော်ကြေးများ

၂၆။ တည်ဆဲဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူ
နိုင်ငံတော်အကျိုးငှာဖြစ်စေ၊ အများပြည်သူအကျိုးငှာဖြစ်စေ
သိမ်းယူသည့် လယ်ယာမြေနှင့် ယင်းလယ်ယာမြေပေါ်၌
အဆောက်အအုံဖြင့် တိုးတက်ကောင်းမွန်စေရန် ပြုပြင်ခြင်း
အပါအဝင် မူလလယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိထားသူ
ဆောင်ရွက်ထားသည့် ကိစ္စရပ်များအတွက် နစ်နာမှု
လုံးဝမရှိစေရန် လျော်ကြေးပေးခြင်းနှင့် အခြားနည်းလမ်းဖြင့်
စီမံဆောင်ရွက်ခြင်းတို့ကို သက်ဆိုင်ရာက ပြုလုပ်ပေးနိုင်ရေးနှင့်
စပ်လျဉ်း၍ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် လိုအပ်သလို
ညှိနှိုင်းဆောင်ရွက်ရမည်။

၂၇။ ပုဒ်မ ၁၇၊ ပုဒ်မခွဲ (ဃ) အရ ဗဟိုလယ်ယာမြေ
စီမံခန့်ခွဲမှုအဖွဲ့က လယ်ယာမြေလုပ်ပိုင်ခွင့်ကိုလည်းကောင်း၊
လယ်ယာမြေကိုလည်းကောင်း ပြန်လည်ရုပ်သိမ်းခြင်းခံရသူသည်
လျော်ကြေးရထိုက်ခွင့် မရှိစေရ။

"အခန်း(၁ဝ)"
=======
လယ်ယာမြေကို အသုံးချခြင်း

၂၈။ မူလစိုက်ပျိုးလျက်ရှိသည့် သီးနှံအမျိုးအစားမှ
အခြားသီးနှံအမျိုးအစားသို့ ပြောင်းလဲစိုက်ပျိုးခွင့်ပြုရန်
လျှောက်ထားချက်နှင့်စပ်လျဉ်း၍ -

(က) ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် နိုင်ငံတော်၏
အဓိကစားသုံးသီးနှံဖြစ်သည့် ဆန်စပါးဖူလုံမှုကို ထိခိုက်မှု
မရှိစေရေးအတွက် သတ်မှတ်ချက်များနှင့်အညီ စိစစ်ပြီး
လယ်မြေတွင် အခြားသီးနှံ ပြောင်းလဲစိုက်ပျိုးရန် ခွင့်ပြုနိုင်သည်။

(ခ) သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်ယာ
မြေစီမံခန့်ခွဲမှုအဖွဲ့သည် လယ်မြေမှတစ်ပါး လယ်ယာမြေတွင်
သီးနှံပြောင်းလဲစိုက်ပျိုးရန်ဖြစ်ပါက သတ်မှတ်ချက်များနှင့်အညီ
စိစစ်ပြီး ခွင့်ပြုနိုင်သည်။

၂၉။ နိုင်ငံတော်၏ ရေရှည်အမျိုးသားအကျိုးစီးပွားအလို့ငှာ
စီမံကိန်းလုပ်ငန်းကြီးများအတွက် လယ်ယာမြေကို အခြားနည်းဖြင့်
အသုံးပြုရန် သက်ဆိုင်ရာစီမံကိန်း အကောင်အထည်ဖော်မည့်
ဝန်ကြီးဌာနသည် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏
သဘောထားမှတ်ချက်ရယူပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏
ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နိုင်သည်။

*** ၃ဝ။ အများပြည်သူအကျိုးငှာ လယ်ယာမြေကို
အခြားနည်းဖြင့် အသုံးပြုရန် လျှောက်ထားချက်နှင့်စပ်လျဉ်း၍ -

(က) ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် လယ်မြေကို
အခြားနည်းဖြင့် အသုံးပြုနိုင်ရေးအတွက် တိုင်းဒေသကြီး သို့မဟုတ်
ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ စိစစ်ထောက်ခံချက်ဖြင့်
ခွင့်ပြုနိုင်သည်။

(ခ) သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ
အဖွဲ့သည် လယ်မြေမှတစ်ပါး လယ်ယာမြေကို အခြားနည်းဖြင့်
အသုံးပြုနိုင်ရေးအတွက် တိုင်းဒေသကြီး သို့မဟုတ်
ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ စိစစ်ထောက်ခံချက်ဖြင့်
ခွင့်ပြုနိုင်သည်။ ***

၃၁။ ပုဒ်မ ၃ဝ အရ အခြားနည်းအသုံးပြုရန် ခွင့်ပြုချက်ရရှိပြီးနောက်
ခွင့်ပြုသည့်နေ့ရက်မှ ခြောက်လအတွင်း လယ်ယာမြေကို
သတ်မှတ်သည့်နည်းလမ်းအတိုင်း စတင်အသုံးမပြုလျှင်သော်
လည်းကောင်း၊ သတ်မှတ်ကာလအတွင်း လုပ်ငန်းပြီးစီးခြင်း
မရှိလျှင်သော်လည်းကောင်း ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု
အဖွဲ့သည် ယင်းလယ်ယာမြေကို ပြန်လည်သိမ်းယူနိုင်သည်။

"အခန်း(၁၁)"
=======
လယ်ယာမြေကို စီမံခန့်ခွဲခြင်း

၃၂။ နိုင်ငံတော်အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများအတွက်
လယ်ယာမြေကို သိမ်းယူရာတွင် အနည်းဆုံး လိုအပ်သော
ပမာဏကိုသာ သိမ်းယူရမည်။ စီမံကိန်းအား
သတ်မှတ်ကာလအတွင်း အမြန်ဆုံးပြီးစီးစေရန်
အကောင်အထည်ဖော်ရမည်ဖြစ်ပြီး စီမံကိန်းများ ဆောင်ရွက်ခြင်း
မပြုတော့ပါက မူလလယ်ယာမြေလုပ်ပိုင်ခွင့်ရရှိထားသော
ပုဂ္ဂိုလ်၊ အဖွဲ့အစည်းထံ ပြန်လည်ပေးအပ်ရမည်။

၃၃။ ပြည်ထောင်စုအစိုးရအဖွဲ့ကသော်လည်းကောင်း၊
ဤကိစ္စအလို့ငှာ ပြည်ထောင်စုအစိုးရအဖွဲ့က ခန့်အပ်သော
အာဏာပိုင်ကသော်လည်းကောင်း အခြားနည်းအမိန့်ဆင့်ဆိုသည်မှ
တစ်ပါး ကျွဲ၊ နွား၊ စားကျက်များနှင့် ရွာဘုံမြေများကို
မပျက်စီးစေဘဲ ဆက်လက်ထားရှိရမည်။

၃၄။ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး
ဗဟိုကော်မတီက စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအတွက်
လုပ်ပိုင်ခွင့် သို့မဟုတ် အသုံးပြုခွင့်ပေးထားသည့်
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများနှင့်စပ်လျဉ်း၍
သီးနှံစိုက်ပျိုးထုတ်လုပ်မှု တည်ငြိမ်သည့်အခါ လယ်ယာမြေအဖြစ်
ပြောင်းလဲသတ်မှတ်ပြီး ဤဥပဒေတွင် အကျုံးဝင်စေရမည်။

"အခန်း(၁၂)"
=======
ပြစ်မှုနှင့် ပြစ်ဒဏ်များ

၃၅။ မည်သည့်လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူမဆို
ပုဒ်မ ၁၉ အရ ချမှတ်သောအမိန့်ကိုဖြစ်စေ၊ ဤဥပဒေအရ
လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုတွင် ချမှတ်သော အမိန့်
သို့မဟုတ် ဆုံးဖြတ်ချက်ကိုဖြစ်စေ လိုက်နာရန် ပျက်ကွက်ကြောင်း
ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး
ခြောက်လမှ အများဆုံးနှစ်နှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်ပြင်
အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ်ငါးသိန်းအထိ
ငွေဒဏ်ချမှတ်နိုင်သည်။

၃၆။ ပုဒ်မ ၁၉ အရ ချမှတ်သောအမိန့်ကို
လိုက်နာရန်ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရသူသည်
ယခင်က အလားတူပြစ်မှုဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်း ခံခဲ့ရလျှင်
ထပ်မံကျူးလွန်သောပြစ်မှုအတွက် ပုဒ်မ ၃၅ ပါ
အများဆုံးထောင်ဒဏ် ချမှတ်ခြင်းခံရမည်။

၃၇။ မည်သည့်လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူမဆို ပုဒ်မ ၁၄ ပါ
တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း
ပစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးတစ်နှစ်မှ
အများဆုံးသုံးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင်
ကျပ် ၁ဝ သိန်းအောက် မနည်းသည့် ငွေဒဏ်ကိုလည်း
ချမှတ်ရမည်။ ထို့ပြင် ပြစ်မှုနှင့်သက်ဆိုင်သော ငွေနှင့်
ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်။

"အခန်း(၁၃)"
=======
အထွေထွေ

၃၈။ တောင်သူလယ်သမားများ၏ လူမှုစီးပွားရေးဘဝ
မြင့်မားတိုးတက်စေရေးကို ရှေးရှု၍ ပြဋ္ဌာန်းထားသော
ဥပဒေများအတိုင်း တောင်သူလယ်သမားအဖွဲ့အစည်းကို
ဖွဲ့စည်းနိုင်သည်။

၃၉။ ဤဥပဒေအရ ဖွဲ့စည်းသည့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့
အဆင့်ဆင့်တွင် ပါဝင်သော အဖွဲ့ဝင်များသည် ပြစ်မှုဆိုင်ရာ
ဥပဒေပုဒ်မ ၂၁ ပါ အဓိပ္ပာယ်အရ ပြည်သူ့ဝန်ထမ်းဖြစ်သည်ဟု
မှတ်ယူရမည်။

၎ဝ။ ဤဥပဒေနှင့်အညီဖြစ်စေ၊ ဤဥပဒေအရပြုသည့်
နည်းဥပဒေများနှင့်အညီဖြစ်စေ သဘောရိုးဖြင့် ဆောင်ရွက်သည့်
ကိစ္စတစ်ရပ်ရပ်အတွက် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့
အဆင့်ဆင့်ရှိ အဖွဲ့ဝင်များကို မည်သည့်တရားရုံးတွင်မျှ
တရားစွဲဆိုခွင့် မရှိစေရ။

၄၁။ ပုဒ်မ ၃၇ အရ တရားစွဲဆိုသောပြစ်မှုကို
ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုအဖြစ် သတ်မှတ်သည်။

၄၂။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်
ဖော်ဆောင်ရွက်ရာတွင် -

(က) ဝန်ကြီးဌာနသည် လိုအပ်ပါက နည်းဥပဒေများ၊
စည်းမျဉ်းနှင့်စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏
သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။

(ခ) ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့နှင့် ဦးစီးဌာနတို့သည်
လိုအပ်ပါက အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့်
လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

၄၃။ အောက်ပါဥပဒေများကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

(က) ၁၉၅၃ ခုနှစ်၊ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေ၊

(ခ) ၁၉၆၃ ခုနှစ်၊ သီးစားချထားရေး ဥပဒေ၊

(ဂ) ၁၉၆၃ ခုနှစ်၊ တောင်သူလယ်သမားအခွင့်အရေး
ကာကွယ်သည့်ဥပဒေ။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ
အခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

( ပုံ ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

credit - Aung Soe (Pyay)

No comments:

Post a Comment