Thursday, August 6, 2015

“အငှားသက်တမ်း ၁၂ နှစ်ဆိုတဲ့ အိမ်ရှင်၊ အိမ်ငှား ပြဿနာများ”

“အငှားသက်တမ်း ၁၂ နှစ်ဆိုတဲ့ အိမ်ရှင်၊ အိမ်ငှား ပြဿနာများ”

မြန်မာအိမ်ခြံမြေဈေးကွက်တွင်အိမ်ရှင်၊ အိမ်ငှား ပြဿနာများ
ခေတ်အဆက်ဆက် ဖြစ်ပွား ကြီးထွား လာရခြင်းမှာ
အိမ်ရှင်၊ အိမ်ငှား အသီးသီးက အသိမှား၊ အမြင်မှားများကို
လက်ခံကိုင်စွဲကာ ထိုအမှားများအတိုင်း
လက်ခံဆောင်ရွက်နေခြင်းကြောင့်ဖြစ်ကြောင်း
ဥပဒေပညာရှင်များက ပြောသည်။

အိမ်ရှင်၊ အိမ်ငှား ပြဿနာဖြစ်ပွားမှုပုံစံ အမျိုးမျိုးရှိသည့်အနက်
အဖြစ်များသည့် ပြဿနာတစ်ခုမှာ
မြေကွက် သို့မဟုတ် အိမ်ခန်းငှားရမ်းနေထိုင်ရာတွင်
အငှားသက်တမ်း ၁၂ နှစ် ကျော်လွန်ပါက
ထိုမြေ၊ သို့မဟုတ် အိမ်ခန်းနှင့် ပတ်သက်၍
အိမ်ရှင် သို့မဟုတ် မြေရှင်ထံ အကျိုးတစ်စုံတစ်ရာ
တောင်းဆိုခွင့်ရှိသည်ဟု လွဲမှားစွာ ယုံကြည်ပြီး
မြေရှင်၊ အိမ်ရှင်များထံမှ အခွင့်အရေးများ
တောင်းဆိုနေခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းသည်
ဥပဒေနှင့် အကျုံးမဝင်ကြောင်း ဥပဒေဝန်ထမ်း ပညာရှင်များက
တညီတညွှတ်တည်း ပြောကြသည်။
အိမ်ငှား၊ မြေငှားသက်တမ်း ၁၂ နှစ်ကျော်လာသည်နှင့်အမျှ
အိမ်ငှားများအနေဖြင့် အိမ်ရှင်များထံမှ အခွင့်အရေးတစ်စုံတစ်ရာ
တောင်းဆိုခြင်းသည် အိမ်ရှင်၊ အိမ်ငှား ဥပဒေ၌တရားဝင်
ပြဋ္ဌာန်းထားချက်များ မရှိကြောင်း၊
သို့ရာတွင် အမှုအခင်း တစ်စုံတစ်ရာဖြစ်ပါက
အိမ်ရှင်များအနေဖြင့် တရားမကြောင်းအရ တရားတပေါင်
ရင်မဆိုင်လိုခြင်းကြောင့်သာ အချင်းချင်း နားလည်မှုဖြင့်
ဖြေရှင်းနေခြင်းဖြစ်ကြောင်း ဝါရင့်ရှေ့နေများထံမှ သိရသည်။

"များသောအားဖြင့်ကတော့ အဲဒီလိုပြဿနာတွေကို
ညှိပြီးလုပ်ကြတယ်။ မဟုတ်လို့ တရားမမှုနဲ့ စွဲမယ်ဆိုရင်လည်း
အနည်းဆုံး လေး၊ ငါးနှစ်လောက် ကြာသွားနိုင်တော့
အိမ်ရှင်တွေက ညှိပြီး လုပ်ပေးရင်း လုပ်ပေးရင်းနဲ့ ဥပဒေကဲ့သို့
အာဏာတည်သွားသလို ဖြစ်သွားတာ။
အဲဒါကိုသိတဲ့လူတွေက အသုံးချပြီး ညစ်တာကို ပိုင်ရှင်တွေက
ပိုက်ဆံဖြစ်ဖြစ် တစ်ခုခုပြန်ပေးပြီး ဖြေရှင်းခဲ့ရတယ်။
၁၂ နှစ်ဆက်တိုက်နေရင် အဲဒီလို လုပ်ပေးရမယ်လို့ဆိုတဲ့ ဥပဒေ
မရှိပါဘူး" ဟု မြန်မာနိုင်ငံရှေ့နေများကွန်ရက်မှ
တရားလွှတ်တော်ရှေ့နေ ဦးအေးမင်းက ပြောသည်။

၁၉၆ဝ ပြည့်နှစ် မြို့ပြဆိုင်ရာငှားရမ်းခြင်း
ဥပဒေ ပုဒ်မ ၁၂ (၁)က အရ
"အိမ်ရှင်များအနေဖြင့် အိမ်ငှားများကို သတ်မှတ်ထားသည့်
စည်းကမ်း အချက်အလက်များနှင့် ကိုက်ညီပါက
နှင်ထုတ်နိုင်ကြောင်းသာ ပြဋ္ဌာန်းထားသည်။"

သတ်မှတ်ထားသော စည်းကမ်းချက်များ၌ ငှားရမ်းခြင်းကို
ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေနှင့်အညီ ရပ်စဲပြီးဖြစ်သော်လည်း
- တရားပြိုင်သည် အငှားချထားသည့် ဥပစာမှ ဖယ်ရှားမပေးခြင်း၊
- တရားပြိုင် အိမ်ငှားသည် အငှားချထားမှု ပဋိညာဉ်အရ ဖြစ်စေ၊
၁၉၆ဝ ပြည့်နှစ် မြို့ပြဆိုင်ရာ ငှားရမ်းခ ကြီးကြပ်ရေး
အက်ဥပဒေအရဖြစ်စေ
တာဝန်တစ်ရပ်ရပ်ကို ဖောက်ဖျက်ခြင်း သို့မဟုတ်
မဆောင်ရွက်ဘဲနေခြင်းပြုသည့် အချိန်တွင် အိမ်ရှင်များက
နှင်ထုတ်ခွင့်ရှိကြောင်းသာ ဖော်ပြထားသည့်အပြင်
- လူတစ်ဦးပိုင်သောနေအိမ်တွင် နေထိုင်ပြီး ထိုအိမ်၏အိမ်ခွန်နှင့်
မြေခွန်ကို ထမ်းဆောင်ရုံမျှဖြင့် အိမ်ငှားအဖြစ်
သတ်မှတ်နိုင်ခြင်းမရှိကြောင်း ဖော်ပြထားသည်။

"နည်းနည်းကြာလာတဲ့ အိမ်ငှား၊ မြေငှားတချို့ကတော့
အိမ်ရှင်မြေရှင်ဆီက တစ်ခုခုရမှ ဆင်းတော့လို့
အခုနောက်ပိုင်း ပိုင်ရှင်တွေက ငှားမယ်ဆိုရင် လေး၊ ငါးနှစ်ထက်
ပိုမငှားတော့ဘူး။
ဥပဒေအရ ပြဋ္ဌာန်းထားတာ မရှိပေမယ့် တရာမမှုနဲ့ စွဲရင်
အချိန်ကုန်၊ လူပန်း၊ ငွေကုန်ဖြစ်မှာမို့လို့ အဆင်ပြေသလို
ညှိလုပ်နေရတာ အများကြီးပါ"  ဟု ၎င်းက ဆက်လက်ပြောသည်။

သို့သော်
"ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေ အပိုဒ် ၁ဝ၅" တွင်မူ
- လွှဲပြောင်းပေးသူကို အငှားချထားသူဟု လည်းကောင်း၊
- လွှဲပြောင်းရရှိသူကို ငှားယူသူဟု လည်းကောင်း၊
- အဖိုးစားနားကို စပေါ်ငွေဟု လည်းကောင်း၊ ပေးအပ်ရမည့်ငွေ၊
ဝေစု(သို့မဟုတ်) ပစ္စည်းကို ငှားရမ်းခဟူ၍ လည်းကောင်း
အဓိပ္ပာယ်ဖွင့်ဆိုထားသည့်အပြင်

ယင်းဥပဒေပါ
"အငှားချထားခြင်းနှင့် လိုင်စင်ဟူသည့် ဥပဒေအပိုဒ် (၁)" တွင်မူ
ငှားယူသူဆိုသည်မှာ ယင်းအား လွှဲပြောင်းပေးအပ်သည့်
မေ­ရွှ့ပြောင်းနိုင်သည့် ပစ္စည်း၏ အကျိုးခံစားခွင့်ကို
အပြည့်အဝရရှိထားသူဖြစ်ပြီး
အကျိုးခံစားခွင့်အပြည့်အဝ မရရှိသူသည် အိမ်ငှားမဟုတ်
နေထိုင်ခွင့်ဖြင့် နေထိုင်သူသာ ဖြစ်သည်ဟု ဖော်ပြထားသည်။

"၁၂ နှစ်နေရင် အိမ်ငှားကနေ အိမ်ရှင်ကိုတောင်းဆိုရမယ့်
အချက်လုံးဝ မပါပါဘူး။
အိမ်ရှင်က အိမ်ငှားကို တရားစွဲတယ်ဆိုတာ တရားစွဲဖို့ လုံလောက်တဲ့
အချက်တွေ လိုတယ်။
၁၂ နှစ်ကိစ္စဆိုတာက နာမည်ပေါက် မြေပေါ်မှာ
ကျူးကျော်နေထိုင်တဲ့ သူတွေကို ပြောတာဖြစ်ပြီး
တရားစွဲရင် နိုင်ဖို့ခက်တယ်။
မြေကတော့ မူလ ပိုင်ရှင်ကပဲ ပိုင်တာဖြစ်ပြီး
ကျူးကျော်နေတဲ့သူက မပိုင်ဘူးလို့ ဆိုလိုတာပါ။
အခွင့်အမိန့်နဲ့ အလကားထားတယ် ဆိုရင်တော့ ၁၂ နှစ် မဟုတ်ဘူး။
ဘယ်လောက်ကျော်ကျော် တရားစွဲလို့ ရတယ်။
စွဲတဲ့အခါ တရားမမှုနဲ့ စွဲရမယ်” ဟု
တရားလွှတ်တော် ရှေ့နေဦးထွန်းမင်းက ပြောသည်။

(ဇေယျာလင်း)
credit - Trade Time Journal

No comments:

Post a Comment