“ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ်အပေါ်
စီးပွားရေးအတွက် မျှော်လင့်ချက်များနှင့် လက်ရှိ
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အခြေအနေ"
၁။ "ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ်သည်
မြန်မာ့စီးပွားရေးအတွက် အလားအလာကောင်းမည်ဟု
လုပ်ငန်းရှင်များ မျှော်လင့်"
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏
အမေရိကန်ခရီးစဉ်တွင် မြန်မာ့စီးပွားရေးကျဆင်းနေမှု
ပြန်လည်အားကောင်းလာစေရန် အကူအညီများရယူနိုင်မည်ဟု
စီးပွားရေးလုပ်ငန်းရှင်အသိုင်းအ၀ိုင်းက မျှော်လင့်နေသည်။
မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေးအခြေအနေနှေးကွေးကျဆင်း
နေခြင်းကြောင့်အမေရိကန်အစိုးရ၏ စီးပွားရေးပိတ်ဆို့မှုကို
ဖယ်ရှားနိုင်မှသာ နိုင်ငံတကာယုံကြည်မှုတိုးလာမည်ဟု
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အထွေထွေအတွင်းရေးမှူး
ဦးရဲမင်းအောင်က ပြောကြားသည်။
‘‘နိုင်ငံတကာဘဏ္ဍာရေးစနစ်မှာလည်းအမြန်ပါဝင်နိုင်မယ်’’
ဟု ဦးရဲမင်းအောင်ကဆိုသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုသည်အမေရိကန်အစိုးရ၏
စီးပွားရေးပိတ်ဆို့မှုသာမက မြန်မာအစိုးရ၏တိကျသော
စီးပွားရေးမူဝါဒလည်း လိုအပ်ကြောင်း ထွန်းဖောင်ဒေးရှင်းဘဏ်
ဥက္ကဋ္ဌဦးသိန်းထွန်းကပြောသည်။
‘‘ဆန်ရှင်ကိုဖယ်နိုင်ရင်တော့ ကုန်သွယ်ရေးအတွက်အလားအလာ
ကောင်းတွေ အများကြီး ဖြစ်လာမယ်။ အစိုးရရဲ့မူဝါဒ ကောင်းဖို့နဲ့
လုပ်ထုံးလုပ်နည်းမှန်ဖို့ကလည်း အဓိကကျတယ်ထင်ပါတယ်’’ဟု
ဦးသိန်းထွန်းကပြော ကြားသည်။
အမေရိကန်အစိုးရက စီးပွားရေးပိတ်ဆို့မှု ဖယ်ရှားနိုင်လျှင်
နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုဝင်ရောက်ရန် အလားအလာကောင်း
များစွာရှိသည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ဆိုသည်။
အမေရိကန်နိုင်ငံမှ စီးပွားရေးပိတ်ဆို့မှုကို လုံးဝဖယ်ရှားလိုက်ပါက
ကုန်သွယ်ရေးတွင်ငွေပေးငွေယူလုပ်ငန်းများအစဉ်ပြေ ချောမွေ့
လာပြီး ပို့ကုန်ကဏ္ဍတိုးမြှင့်လာနိုင်ကြောင်း စီးပွားရေး
လုပ်ငန်းရှင်များကပြောသည်။
အစိုးရဘဏ်သုံးခုဖြစ်သည့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၊
မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့်
ရင်းနှီးမြှုပ်နှံမှုဘဏ်တို့ကို ပြီးခဲ့သည့်မေလတွင် စီးပွားရေး
ပိတ်ဆို့မှုစာရင်းမှအမေရိကန်အစိုးရက ပယ်ဖျက်ပေးခဲ့သည်။
သို့သော် ပြည်တွင်း၌ နာမည်ကြီးစီးပွားရေးလုပ်ငန်းစုကြီးများ
ဖြစ်သော အေးရှားဝေါလ်ကုမ္ပဏီ၊ မက်စ်မြန်မာကုမ္ပဏီ၊ ပုဂ္ဂလိက
ဘဏ်အချို့၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၊ မြန်မာ့စီးပွားရေး
ကော်ပိုရေးရှင်းတို့အပါအ၀င် လူပုဂ္ဂိုလ်အလိုက်စီးပွားရေး
ပိတ်ဆို့မှုများ ချန်ထားသည်။
ထိုကဲ့သို့ စီးပွားရေးပိတ်ဆို့ မှုများထားရှိခြင်းကြောင့်
ကုန်သွယ်ရေးလုပ်ငန်းများတွင် ငွေကြေးလွှဲပြောင်းရာ၌
စင်ကာပူနိုင်ငံများမှ ဘဏ်အချို့ကို ကြားခံပြီး လုပ်ဆောင်နေရ
သဖြင့် အပိုကုန်ကျမှုများရှိနေသည်ဟု စီးပွားရေး လုပ်ငန်းရှင်များ
က ပြောကြား သည်။
‘‘စင်ကာပူကနေတစ်ဆင့် ငွေလွှဲပြောင်းနေရတော့
ကော်မရှင်ကြေးပေးရသလိုဖြစ်နေတယ်’’ဟု မြန်မာနိုင်ငံ
ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်
ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသက်က ပြောသည်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက တစ်ကမ္ဘာလုံးမှ
အမေရိကန်ဒေါ်လာဖြင့် ငွေကြေးလွှဲပြောင်းမှု၊ ငွေပေးချေမှုများ
စောင့်ကြည့်နေပြီး ငွေကြေးခ၀ါချမှု၊ အကြမ်းဖက်အဖွဲ့အစည်း
ငွေကြေးထောက်ပံ့မှုများမဖြစ်စေရန် စောင့်ကြည့်ခြင်းဟု
ဘဏ်လုပ်ငန်းကျွမ်းကျင်သူများက ပြောသည်။
မြန်မာနိုင်ငံမှ ကုန်သွယ်ရေးလုပ်ငန်းများအတွက်အမေရိကန်
ဒေါ်လာဖြင့် ငွေပေးချေခြင်း၊ ငွေရယူခြင်းများတွင် စီးပွားရေး
ပိတ်ဆို့မှုစာရင်းပါဝင်သူများ ပါဝင်ခြင်းရှိ၊မရှိ စောင်ကြည့်
နေသည်။ ထိုစောင့်ကြည့်စစ်ဆေးမှုကြောင့် အချိန်ကြာမြင့်ပြီး
လုပ်ငန်းမတွင်ကျယ်သဖြင့် ဥရောပ၊ အမေရိကန်နိုင်ငံတို့မှ
ဘဏ်များက မြန်မာနိုင်ငံမှ ငွေကြေးတိုက်ရိုက် လွှဲပြောင်းမှုကို
လက်မခံကြောင်း ပို့ကုန်လုပ်ငန်းရှင်များက ပြောကြားသည်။
အမေရိကန်အစိုးရ၏ စောင့်ကြည့်စစ်ဆေးမှုကို ကျော်လွှားရန်
သက်ဆိုင်ရာနိုင်ငံများမှ ဘဏ်များနှင့် ပူးပေါင်းဆောင်ရွက်မည့်
နားလည်မှုသဘောတူညီချက်ရှိရန် လိုအပ်သည်။
လက်ရှိ မြန်မာနိုင်ငံမှ ဘဏ်များသည်အာဆီယံဒေသတွင်း
နိုင်ငံများနှင့်ဘဏ်အချင်းချင်းပူးပေါင်းဆောင်ရွက်ရန်
လက်မှတ်ရေးထိုးထားပြီး ဥရောပ၊ အမေရိကန်နိုင်ငံများမှဘဏ်
များနှင့် ချိတ်ဆက်နိုင်မှုမရှိသေးကြောင်း ပြည်တွင်းပုဂ္ဂလိက
ဘဏ်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
‘‘ဆန်ရှင်လုံးလုံးမဖယ်နိုင်ရင်တော့ ကုန်သွယ်ရေးမှာကြားခံပြီး
ငွေလွှဲနေရမှာပဲ’’ဟု ယခင် လှိုင်သာယာစက်မှုဇုန်စီမံခန့်ခွဲမှု
ကော်မတီဥက္ကဋ္ဌဟောင်းဦးမြတ်သင်းအောင်က ပြောသည်။
မြန်မာနိုင်ငံမှ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာ ၁၄ရက် တွင်
အမေရိကန်နိုင်ငံသို့ရောက်ရှိမည်ဖြစ်ပြီး မြန်မာနိုင်ငံအပေါ်
အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုဖယ်ရှားပေးမည့်
အလားအလာကို နိုင်ငံတကာမီဒီယာစာမျက်နှာတွင်
ဖော်ပြလာသည်။
အမေရိကန်သမ္မတအိုဘားမားအနေဖြင့် မြန်မာနိုင်ငံအပေါ်
ပိတ်ဆို့မှုများကို အပြီးတိုင်ရုပ်သိမ်းပေးရန်(သို့မဟုတ်)ဖြေလျှော့
ပေးရန် ပြန်လည်သုံးသပ်နေသည်ဟု သမ္မတ၏လက်ထောက်
နိုင်ငံတော်လုံခြုံရေးအကြံပေးက ပြောကြားသည်ဟု
ရိုက်တာသတင်းကဖော်ပြသည်။
(ပြည်သိမ်း)
***
၂။ "နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံခန့်
ဝင်ရောက်ရန် အဆိုပြုထားဟုဆို"
ယခုဘဏ္ဍာနှစ် ပထမခြောက်လအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု
ပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံခန့် ဝင်ရောက်ရန်
လုပ်ငန်း အဆိုပြုလွှာများ လက်ခံရရှိထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်
ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်
ဦးစန်းမြင့်က ပြောကြားသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အသစ် ဖွဲ့စည်းပြီးနောက်
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ချထားပေးမှု ပမာဏမှာ ယခင်ဘဏ္ဍာနှစ်နှင့်
နှိုင်းယှဉ်ပါက နည်းပါးသော်လည်း ယခုနှစ်အတွင်း ဝင်ရောက်ရန်
မျှော်မှန်းထားသည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုပမာဏ ဒေါ်လာ
ခြောက်ဘီလီယံမှာ ပြည့်မီနိုင်ကြောင်း၊ လက်ရှိအချိန်အထိ
အမေရိကန်ဒေါ်လာ ၁၇၈ သန်းကျော် ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း
၎င်းက ပြောဆိုသည်။
- နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုရာတွင် အလုပ်အကိုင်
ရရှိနိုင်မှုကိုသာ အဓိက ထားသောကြောင့် စက်မှုလုပ်ငန်း
များသာ လုပ်ကိုင်ခွင့် ပိုပေးကြောင်း၊
- ရင်းနှီးမြှုပ်နှံမှု ပမာဏများသည့် စွမ်းအင်ကဏ္ဍမှာ ဝန်ကြီး
ဌာန၏ မူဝါဒ အပြောင်းအလဲကြောင့် ခွင့်ပြုပေးရန် ကြန့်ကြာ
နေခြင်း ဖြစ်ကြောင်း၊
- ယခင်နှစ်များက ရင်းနှီးမြှုပ်နှံမှု အဝင်များသည့် ရေနံနှင့်
သဘာဝဓာတ်ငွေ့ကဏ္ဍမှာ ယခုနှစ်တွင် ရင်းနှီးမြှုပ်နှံရန်
လာရောက် လျှောက်ထားခြင်း မရှိသေးကြောင်း
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ
သိရသည်။
ယခင်ဘဏ္ဍာနှစ်က နိုင်ငံခြား ရင်းနှီးမှုပမာဏ အမေရိကန်
ဒေါ်လာ ခြောက်ဘီလီယံကျော် ဝင်ရောက်ခဲ့ပြီး ပြည်တွင်းသို့
ဝင်ရောက်သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများသည်
စက်မှုလုပ်ငန်းများ၊ စွမ်းအင်နှင့် သတ္တုတူးဖော်ရေး လုပ်ငန်းများ
တွင် အများဆုံးဖြစ်ကာ လယ်ယာစိုက်ပျိုးရေး နှင့် မွေးမြူရေး၊
ရေလုပ်ငန်းကဏ္ဍတို့တွင် ရာခိုင်နှုန်း အနည်းငယ်သာ
ဝင်ရောက်ခဲ့ကြောင်း ယင်းဌာနထံမှ သိရသည်။
***
၃။ "မြန်မာနိုင်ငံ၏ အိမ်ရာအဆောက်အအုံ ကဏ္ဍတွင် နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၂၂ ခု ခွင့်ပြုခဲ့ရာ စင်ကာပူက
စီမံကိန်း ၁၇ ခုမှ တန်ဖိုးဒေါ်လာ ၁ ဒသမ ၅ ဘီလျံကျော်ဖြင့်
အများဆုံး လုပ်ကိုင်ခွင့်ရရှိ"
၂၀၁၇ ခုနှစ် ဇူလိုင်လကုန်အထိ မြန်မာနိုင်ငံ၏ အိမ်ရာ
အဆောက်အအုံ ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
စီမံကိန်း ၂၂ ခုကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြု
ပေးခဲ့ရာ စင်ကာပူက စီမံကိန်း ၁၇ ခုမှ
တန်ဖိုး ဒေါ်လာ ၁ ဒသမ ၅ ဘီလျံကျော်ဖြင့် အများဆုံး
လုပ်ကိုင်ခွင့် ရရှိထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ
ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
မြန်မာနိုင်ငံ၏ အိမ်ရာအဆောက်အအုံကဏ္ဍတွင် လက်ရှိအချိန်
အထိ
- စင်ကာပူနိုင်ငံက စီမံကိန်း ၁၇ ခု ၀င်ရောက်လုပ်ကိုင်လျက်ရှိရာ
ရင်းနှီးမြှုပ်နှံမှုပမာဏ တန်ဖိုးဒေါ်လာ၁၅၈၅ ဒသမ ၁၃၉သန်းဖြင့်
အများဆုံး ၀င်ရောက်လုပ်ကိုင်နေသည်။
- ထို့နောက် ဟောင်ကောင်က စီမံကိန်းနှစ်ခုတွင် ရင်းနှီးမြှုပ်နှံမှု
ပမာဏ တန်ဖိုး ဒေါ်လာ ၂၂၂ ဒသမ ၃၄၅ သန်းဖြင့် ၀င်ရောက်
လုပ်ကိုင်လျက်ရှိပြီး
- တရုတ်နိုင်ငံက စီမံကိန်းတစ်ခုတွင် ဒေါ်လာသန်း ၈၀ ဖြင့်
လည်းကောင်း၊ မလေးရှားနိုင်ငံက စီမံကိန်းတစ်ခုတွင်
ဒေါ်လာ ၁၅ သန်းနှင့် ဂျပန်နိုင်ငံက ဒေါ်လာ ၆ ဒသမ ၇၆၈ သန်း
တန်ဖိုးရှိ စီမံကိန်းတစ်ခု ၀င်ရောက်လုပ်ကိုင်လျက်ရှိကြောင်း
သိရသည်။
မြန်မာနိုင်ငံသည် မြို့ပြတိုးတက်ရေး လုပ်ငန်းများ လျင်မြန်စွာ
တိုးတက်ဖော်ဆောင်လာနေပြီး နိုင်ငံတွင်း နေထိုင်သူဦးရေ၏
(၂၀၁၅ လူဦးရေအရ ၃၄ ဒသမ ၁ ရာခိုင် နှုန်းခန့်)
သုံးပုံတစ်ပုံခန့်သည် မြို့ပြဒေသများတွင် နေထိုင်သူများ
ဖြစ်ကြကြောင်း၊ ၂၀၁၀ မှ ၂၀၁၅ ခုနှစ်အတွင်း နှစ်စဉ်တိုးတက်
ပြောင်းလဲသောနှုန်းထားမှာ ၂ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ကြောင်း၊
ထိုသို့ တိုးတက်ဖြစ်ပေါ်နေသည့် အခြေအနေများအတွက်
အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ လိုက်ပါတိုးတက်ရန်
လိုအပ်နေကြောင်း House com mm မှ ထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ၏ ၆၅ ရာခိုင်နှုန်းခန့်သည်
Power၊ Oil နှင့် Gas လုပ်ငန်းများတွင်ဖြစ်ပြီး ဆောက်လုပ်ရေးနှင့်
အိမ်ခြံမြေကဏ္ဍ တစ်ခုလုံးတွင်မူ ငါးရာခိုင်နှုန်းပမာဏ
ဝန်းကျင်သာ ရှိနေကြောင်း၊ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများမှာ
ပမာဏအားဖြင့် နည်းနေသေးပြီး လက်ရှိ အိမ်ခြံမြေကဏ္ဍ
တစ်ခုလုံးတွင် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ပမာဏသည်
ကဏ္ဍအသီးသီး ရင်းနှီးမြှုပ်နှံမှု၏ ရာခိုင်နှုန်း ၃၀ ကျော်ရှိနေပြီး
နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ကဏ္ဍအသီးသီး၏
ငါးရာခိုင်နှုန်းခန့်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ အိမ်ခြံမြေကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာ
- ၂၀၁၃-၂၀၁၄ ဘဏ္ဍာ နှစ်တွင် ဒေါ်လာ၄၄၀ ဒသမ ၅ သန်း၊
- ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၇၈၀ ဒသမ ၇ သန်းနှင့်
- ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ၇၂၈ ဒသမ ၆၈၀ သန်းစီ ရှိခဲ့သည်။
(နီလာ)
credit - 7day Daily / The Voice & Eleven Media Group
မှတ်ချက်။
အိမ်ခြံမြေ အကြောင်းအရာများနှင့်
တိုက်ရိုက်မသက်ဆိုင်သော်လည်း
သွယ်ဝိုက်ပတ်သက်မှု့ ရှိသည့် စီးပွါးရေးဆိုင်ရာ
ဆောင်းပါး/သတင်းများ ဖြစ်နေပါသဖြင့်
မိတ်ဆွေများ လေ့လာနိုင်ရန် တင်ခဲ့ခြင်းဖြစ်ပါသည်။
“အိမ်ခြံမြေ လမ်းဆုံ”
No comments:
Post a Comment