Friday, September 9, 2016

“နောက်ဖေးလမ်းကြား အမှိုက်ပစ်သူများအား အရေးယူ တော့မည့်သတင်းနှင့်နိုင်ငံပိုင်အိမ်ရာများကို အခန်းငှားခနှုန်း အသစ်ဖြင့် ကောက်ခံသွားမည်ဟုဆို”

“နောက်ဖေးလမ်းကြား အမှိုက်ပစ်သူများအား အရေးယူ
တော့မည့်သတင်းနှင့်နိုင်ငံပိုင်အိမ်ရာများကို အခန်းငှားခနှုန်း
အသစ်ဖြင့် ကောက်ခံသွားမည်ဟုဆို”


၁။ "နောက်ဖေး လမ်းကြား အမှိုက်ပစ်သူများ ထောင်ဒဏ်နှင့်
အတူ ဒဏ်ငွေအမြင့်ဆုံး ကျပ်ငါးသိန်းအထိ ဒဏ်တပ်အရေးယူ
တော့မည်"

နောက်ဖေးလမ်းကြားတွင် အမှိုက်ပစ်ခြင်း၊ အမိုးအကာများ
ပြုလုပ်ခြင်းများ လုပ်ဆောင်ပါက ထောင်ဒဏ် တစ်နှစ်နှင့်
ငွေကျပ် တစ်သောင်းမှ ငါးသိန်းအထိ  ဒဏ်တပ်
အရေး ယူတော့မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီသည်
သြဂုတ် ၁၅ ရက်မှစ၍ နောက်ဖေးလမ်းကြား အမှိုက်ရှင်းလင်းရေး
လုပ်ငန်းများ ဆောင်ရွက်နေပြီး ရန်ကုန်မြို့တွင်း ၆ မြို့နယ်ကို
ပထမဦးစွာ ရှင်းလင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့
ရှင်းလင်းပြီးနောက် အမှိုက်ပစ်ချခြင်းများ ထပ်မံပြုလုပ်ပါက
အထက်ပါအတိုင်း အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင်
ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ လက်ထောက်ဌာနမှူး
ဦးဇော်ဝင်းနိုင်က ပြောသည်။

”ကျွန်တော်တို့ အခု လမ်းမတော်မြို့နယ်၊ ပုဇွန်တောင်မြို့နယ်နဲ့
ကမာရွတ်မြို့နယ်တွေက နောက်ဖေးလမ်းကြားတွေကို
ဒီလ ၁၅ ရက်နေ့ကတည်းက ရှင်းလင်းရေး လုပ်ငန်းတွေ
ဆောင်ရွက်နေတယ်။ ကျွန်တော်တို့ ရှင်းလင်းရေးလုပ်ပြီးတဲ့
အခါ မရှင်းလင်းခင်က ပုံနဲ့ရှင်းလင်းပြီး ပုံတွေကို သက်ဆိုင်ရာ
ရပ်ကွက်တွေကို ပြခဲ့မယ်။ ကျွန်တော်တို့ ရှင်းနေတဲ့ အချိန်
အတွင်းမှာလည်း ပြည်သူကိုပထမအဆင့် အနေနဲ့ ဆွဲဆောင်
သိမ်းသွင်းပြီး ပညာပေးတာတွေ ဆောင်ရွက်သွားမှာပါ။
မရရင်တော့ စည်ပင်သာယာဥပဒေ အရ အရေးယူ
ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်”ဟု ယင်းက ပြောသည်။

ယခုလအတွင်း
- လမ်းမတော် မြို့နယ်အမှတ် ၆ ရပ်ကွက်၊
အမှတ် ၇ ရပ်ကွက်တို့ရှိ နောက်ဖေးလမ်းကြား ၁၈ ခု၊
- ပုဇွန်တောင် မြို့နယ်အမှတ် ၇ ရပ် ကွက်ရှိ
နောက်ဖေးလမ်းကြား ၁၆ ခုနှင့်
- ကမာရွတ်မြို့နယ် အမှတ် ၁ ရပ်ကွက်မှနောက်ဖေး
လမ်းကြား၂ ခုတို့၌ အမှိုက်ရှင်းလင်းရေးလုပ်ငန်းများ
ဆောင်ရွက်ခဲ့ပြီး အမှိုက်တန်ချိန် ၃ဝ၆ တန် ထွက်ရှိခဲ့ကြောင်း
သိရသည်။

အမှိုက်ပစ်သူကို ဒဏ်တပ် အရေးယူတော့မည့် အစီအစဉ်နှင့်
ပတ်သက်၍ ကျောက်တံတား မြို့နယ် အမှတ် ၆ ရပ်ကွက်
အတွင်း နေထိုင်သူ ဦးမြင့်နိုင်ထွန်းက
”အဲဒီစနစ်က ကောင်း ပါတယ်။ဘယ်လို ကောင်းလဲ ဆိုတော့
ကျွန်တော်တို့က လမ်းထိပ်မှာ အမှိုက်သွားသွား ပစ်ရတယ်။
ဒါပေမယ့် လမ်းထိပ်မသွားဘဲ အပေါ်က ပစ်ချတဲ့လူတွေ
ရှိနေတယ်။ အရေးယူတာမျိုး မရှိတော့ ပစ်နေကြတာပဲ။
ပြစ်ဒဏ်က ဒီထက်တောင်ကြီးသင့်တာ”ဟု ပြောသည်။

သာမန် အမှိုက်စွန့်ပစ်ရန် ကော်မတီက စီမံထားရှိသည့်
အမှိုက်ပုံး၊ အမှိုက်ကန်၊ အမှိုက်ပုံရန် သတ်မှတ်ထားသည့်
နေရာ နှင့် အမှိုက်သယ်ယာဉ်မှအပ မည်သူမျှ အခြား
နေရာတွင် သာမန်အမှိုက်ကို စွန့်ပစ်ခြင်းမပြုရဟူ၍
ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဆိုင်ရာ
နည်းဥပဒေတွင် ပြဋ္ဌာန်းထား သည်။

ရန်ကုန်မြို့တော်စည်ပင် သာယာရေး ဥပဒေအခန်း ၂ဝ
အပိုဒ် ၆၈ တွင် ဥပဒေပါ တားမြစ်ချက် တစ်ရပ်ရပ်ကို
ဖောက်ဖျက်ကျူးလွန်ကြောင်း သို့မဟုတ် လိုက်နာရန်
ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်ထိုသူကို
ထောင်ဒဏ် တစ်နှစ်အထိ ဖြစ်စေ၊ အနည်းဆုံး
ငွေဒဏ်ကျပ်တစ်သောင်းမှ အများဆုံး ကျပ်ငါးသိန်းအထိ
ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်ဟု ပါရှိသည်။

(ဖြိုးထက်အောင်၊ လင်းဟိန်း)

***

၂။ "နောက်ဖေးလမ်းကြားကို မိမိအစီအစဉ်ဖြင့် ရှင်းလင်းလိုပါက
စည်ပင်မှ အမှိုက်သယ်ကားနှင့် စက်သုံးဆီကူညီပေးမည်"

နောက်ဖေးလမ်းကြားများကို  မိမိအစီအစဉ်ဖြင့် ရှင်းလင်းလိုပါက
မြို့တော်စည်ပင်မှ အမှိုက်သယ်ကားနှင့် စက်သုံးဆီကူညီပေးမည်
ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော်စည်ပင်သည်  မြို့တွင်း ၆ မြို့ နယ် နောက်ဖေး
လမ်းကြားများကို ပထမဦးစွာ  ရှင်းလင်းရန် လျာထားကြောင်း၊
ထိုသို့ လာရောက် ရှင်းလင်းသည်အထိမစောင့်ဘဲ  ပြည်သူများက
မိမိတို့အစီအစဉ်ဖြင့် အမှိုက်ရှင်းလိုပါက အမှိုက်သယ်ကားနှင့်
စက်သုံးဆီ ကူညီပေးမည်ဖြစ်ကြောင်း
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ
လက်ထောက်ဌာနမှူး ဦးဇော်ဝင်းနိုင်ကပြောသည်။

”ကမာရွတ်မြို့နယ်ဆိုရင် ခရိုင် အစီအစဉ်နဲ့လုပ်တယ်။
ရပ်ကွက်သူ ရပ်ကွက်သားတွေက သူတို့ ကိုယ်တိုင်ရှင်းကြမယ်
ဆိုလို့ကားစီစဉ်ပေးခဲ့ပါတယ်” ဟု ၄င်းက ပြောသည်။

ယင်းသို့ နောက်ဖေးလမ်းကြားများရှင်းလင်းရာတွင်
အဖီအစွယ်များ၊ ဈေးရောင်းချသည့်ပစ္စည်းများ၊  မီးစက်များ၊
ယာယီအိမ်သာများ၊ တည်ဆောက်ရေးလုပ်ငန်းသုံး ပစ္စည်းများ၊
အမှိုက်များ၊ မိလ္လာပိုက်များပေါက်နေခြင်း၊ စားသောက်ဆိုင်များမှ
ချက်ပြုတ်/ဆေးကြော ပစ္စည်းများ၊ ဈေးဆိုင်ခုံများ စုပုံထားခြင်း၊
အသုံးမလိုသည့်ပစ္စည်းများစုပုံထားခြင်း စသည်များကို
တွေ့ ရကြောင်းနှင့် တချို့ ရပ်ကွက်များကို ရှင်းလင်းရာတွင်
ပြည်သူများက ပူးပေါင်းပါဝင်မှုအားနည်းကြောင်း
ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီထံမှ
သိရသည်။

(ဖြိုးထက်အောင်၊ လင်းဟိန်း)

***

၃။ "နိုင်ငံပိုင် အိမ်ရာများအတွက် အခန်းငှားရမ်းခများကို
ကာလပေါက်ဈေးနှင့်အညီ ပြင်ဆင်ကောက်ခံသွားမည်"

နိုင်ငံပိုင်အိမ်ရာများကို ပြုပြင်ထိန်းသိမ်းရာတွင် ကုန်ကျစရိတ်များ
မြင့်တက်နေပြီး ကောက်ခံရရှိသည့်အိမ်ငှားရမ်းခနှုန်းထားများက
ယနေ့ခေတ်ကာလပေါက်ဈေးထက် နည်းနေသည့်အတွက်
နိုင်ငံတော်က ငွေကြေး စိုက်ထုတ်ကာ ပြုပြင်နေရသောကြောင့်
ယခုအစိုးရလက်ထက်တွင်အခန်းငှားခနှုန်း အသစ်ဖြင့်
ကောက်ခံသွားမည်ဖြစ်ကြောင်းမြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
(ရန်ကုန်တိုင်းဒေသကြီး) ညွှန်ကြားရေးမှူး ဦးယုခိုင်ကပြောသည်။

"ကျွန်တော်တို့ နိုင်ငံပိုင်အိမ်ရာတွေက အခန်းခတွေကို
ကောက်နေတာ အများဆုံးမှ တစ်ခန်းကိုကျပ် ၁၁,၅၀၀ ပဲရတာ။
လက်ရှိတိုးထားတဲ့ နှုန်းရောက်ဖို့ကိုတောင် နေတဲ့သူတွေကို
မနည်းရှင်းပြရတယ်။ ပြင်ဆင်ထိန်းသိမ်းတဲ့ ကိစ္စတွေကလည်း
ဝင်လာတဲ့အတွက် နိုင်ငံတော်က ငွေကြေးစိုက်ထုတ်ပြီး လုပ်နေ
ရတယ်။ ငှားခတွေရဲ့နှုန်းကိုတော့ ပြန်ပြင်မှအဆင်ပြေမှာပါ။
ကျွန်တော်တို့ လက်ရှိ အခြေအနေနဲ့ သင့်တော်မယ့် ငှားခဖြစ်ဖို့
တွက်ချက်ပြီးတော့အခန်းငှားခကို ပြန်ပြင်ဆင်သတ်မှတ်သွား
ပါမယ်"ဟု ၎င်းက ပြောသည်။

နိုင်ငံ့ဝန်ထမ်းများနှင့်အများပြည်သူ အိမ်ရာလိုအပ်ချက်များကို
ဖြည့်ဆည်းနိုင်ရေးအတွက်ရန်ကုန်မြို့တွင် လွန်ခဲ့သည့်နှစ်၅၀ ခန့်
ကတည်းကပင် စတင်ပြီး နိုင်ငံပိုင် အိမ်ရာများကိုတည်ဆောက်ပြီး
အငှားစနစ်ဖြင့်နေရာချထားပေးလျက်ရှိရာ လက်ရှိ အချိန်အထိ
ရန်ကုန်မြို့တော်၌ အိမ်ရာစခန်းပေါင်း ၁၁ ခုရှိကာ
အခန်းပေါင်း ၁၆,၀၀၀ ကိုငှားရမ်းပေးခဲ့ပြီးဖြစ်သည်။

ရန်ကုန်မြို့တွင်ရှိသည့် နိုင်ငံပိုင်အိမ်ရာများအနက်
ရန်ကင်းအိမ်ရာမှာ အိမ်ခန်းပေါင်း ၃,၇၀၀ ကျော်ရှိပြီး
အခန်းအရေအတွက် အများဆုံးရှိသည့် အိမ်ရာတစ်ခုလည်း
ဖြစ်သည်။

ခေတ်အဆက်ဆက်အစိုးရများက နိုင်ငံပိုင်အိမ်ရာများကို
တည်ဆောက်ကာ အစိုးရ၀န်ထမ်းများကို ငှားရမ်းပေးခဲ့ရာတွင်
အရာရှိဖြစ်ပါက လစာ၏ငါးရာခိုင်နှုန်းနှင့် အရာထမ်း ဖြစ်ပါက
လစာ၏ သုံးရာခိုင်နှုန်းကိုသာအိမ်လခအဖြစ် ကောက်ခံ
ခဲ့ခြင်းဖြစ်သည်။

ယင်းအိမ်ခန်းငှားရမ်းခမှာ ယနေ့ခေတ်နှင့် နှိုင်းယှဉ်ပါက
ငှားရမ်းခနှုန်းထားများ အလွန်နည်းပါးနေပြီးအိမ်ရာပြုပြင်
ထိန်းသိမ်းမှုစရိတ်များကမူ မြင့်တက်လာသည့် အတွက်
၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှစတင်ကာ တစ်စတုရန်းပေလျှင်
၁၂ ကျပ်ခွဲ နှုန်းသို့ ပြင်ဆင်သတ်မှတ်ကောက်ခံခဲ့ခြင်း
ဖြစ်ကြောင်းဦးယုခိုင်က ပြောသည်။

"တိုက်တွေမှာကပ်နေတဲ့ အပင်တွေ လာရှင်းတာတော့
အိုးအိမ်ကနေ အကုန်ခံပြီး လုပ်ပေးပါတယ်။အခုအခန်းငှားခ
ကလည်း အရင်တန်းက တစ်လမှ ထောင်ဂဏန်းဝန်းကျင်ရှိတာ။
အခု တချို့အခန်းကျယ်ဆို သောင်းဂဏန်းကျော်ပေးနေရပြီ။
ကျွန်တော် တို့ငယ်ငယ်တုန်းက တစ်ခန်းမှငှားခ ၅၄ ကျပ်ပဲ
ပေးခဲ့ရတယ်။ အပြင်ဈေးနဲ့တော့ ယှဉ်ပြောလို့ မရဘူးပေါ့" ဟု
၁၉၅၈ ခုနှစ် တွင်စတင်ဆောက်လုပ်ခဲ့သည့် လမ်းသစ်ရိပ်သာ
တွင် နှစ်ပေါင်း ၅၀ ကျော်နေထိုင်ခဲ့သည့်
တိုက်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းက ပြောသည်။

"အိမ်လခ တိုးကောက်မယ်ဆိုရင်တော့ ပွဲဆူမှာ သေချာတယ်။
အခုအန်ကယ်တို့နေတဲ့ စတုရန်းပေ ၅၂၀ လောက်အခန်းကို
တစ်လငှားခ ကျပ် ၆,၁၀၀ ပေးနေရတယ်။ အခုထက်ထိတော့
အိမ်လခထပ်ကောက်မယ် ဆိုတဲ့အသံ မကြားသေးဘူး။
လစဉ်ကောက်ခံတဲ့စနစ်ဖြစ်ပေမဲ့ မပေးရသေးတဲ့လူတွေလည်း
အများကြီးရှိလို့ အိုးအိမ်က အခန်းတွေဆီလာပြီး အိမ်လခသွင်းဖို့
သတိပေးစာတွေခဏခဏထုတ်တာတော့ရှိတယ်"ဟု
သုဝဏ္ဏ အိမ်ရာစခန်းတွင် နေထိုင်နေသည့် အိမ်ပိုင်ရှင်
ဦးဘုန်းမြင့်က ပြောသည်။

သို့သော် ကောက်ခံရရှိသည့် အိမ်လခ နှုန်းထားများမှာပြင်ပ
ပေါက်ဈေးများနှင့် ကွာဟနေသည့်အပြင် ပြုပြင်ထိန်းသိမ်းမှု
စရိတ်များ မြင့်တက်နေပြီး နိုင်ငံတော်က ငွေကြေးစိုက်ထုတ်
ပြုပြင်ထိန်းသိမ်းနေရသည့် ပြဿနာကိုဖြေရှင်းနိုင်ရန်နှင့်
နိုင်ငံပိုင်တိုက်ခန်းများကို တရားမ၀င်လွှဲပြောင်းရောင်းချခြင်း၊
တစ်ဆင့်ပြန်လည် ငှားရမ်းခြင်းများရှိနေသည့်အတွက် ဥပဒေဖြင့်
ထိန်း ချုပ်သွားရန် ဆောက်လုပ်ရေးဝန်ကြီးဌာန၊
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက လုပ်ဆောင်လျက်ရှိကြောင်း
ဦးယုခိုင်က ပြောသည်။

"၂၀၁၃ ခုနှစ်မှာ ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းအတွက်
မျက်နှာစာတွေ ပြင်ခဲ့တာတော့ ရှိတယ်။တိုက်ခန်းတွေကို
တရားမ၀င်ရောင်းဝယ်ငှားရမ်းနေတာတွေ၊ တိုက်တွေကို
စီမံခန့်ခွဲမှုကိစ္စတွေနဲ့ပတ်သက်ပြီး ဥပဒေတွေ ရေးနေတာ
တော်တော်ပြီးနေပါပြီ။ ပြီးရင် လွှတ်တော်ကို တင်ပြသွားမှာပါ"
ဟု၎င်းက ပြောသည်။

လက်ရှိအချိန်အထိ နိုင်ငံပိုင်အိမ်ရာ များ၏ ပြုပြင်ထိန်းသိမ်း
စောင့်ရှောက်ခြင်းနှင့်တည်ဆောက်ရေးလုပ်ငန်းများကို
၁၉၅၁ ခုနှစ်တွင်ပြဋ္ဌာန်းထားသည့် ပြည်သူ့အိုးအိမ် ပြန်လည်
ထူထောင်ရေးနှင့် မြို့ရွာစည်ပင် ဥပဒေဖြင့်သာ လုပ်ကိုင်
ဆောင်ရွက်နေခြင်းဖြစ်သော်လည်းနှစ်ပေါင်း ၅၀ ကျော် ကြာမြင့်
လာသည့်အတွက် ယနေ့အချိန်တွင်မူ နိုင်ငံပိုင်အိမ်ရာများကို
ပြုပြင်ထိန်းသိမ်းကြီးကြပ်ကွပ်ကဲနိုင်ရေးအတွက်ခေတ်စနစ်နှင့်
ကိုက်ညီစေရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဥပဒေမူကြမ်းကို
ရေးဆွဲလျက်ရှိသည်။

နိုင်ငံပိုင်အိမ်ရာများကို တရားမ၀င် လွှဲပြောင်းရောင်းချ
ငှားရမ်းမှုများကို ထိန်းချုပ်နိုင်ရန်နှင့်စနစ်ကျသည့်
အိမ်ရာထိန်းသိမ်းမှုများ ဖြစ်ပေါ်လာစေရန် ၂၀၁၃ ခုနှစ်က
စတင်ပြီး အိမ်ရာဥပဒေမူကြမ်းကိုရေးဆွဲလျက်ရှိကာ မကြာမီ
ပြည်ထောင်စု လွှတ်တော်သို့ တင်ပြကာ ဥပဒေတစ်ရပ်
ပေါ်ထွက်လာမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး
ဦးစီးဌာန တာဝန်ရှိသူများကပြောသည်။

(ဇေယျာလင်းနှင့် တင်ရတနာထွန်း)

credit - Popular News Journal & The Myanmar Times

No comments:

Post a Comment