Friday, September 16, 2016

"Money Supply မှ ကြည့်သော မြန်မာနိုင်ငံ စီးပွားရေး"

"Money Supply မှ ကြည့်သော မြန်မာနိုင်ငံ စီးပွားရေး"

ယခုတစ်လော ဈေးရုံကြီးများ(မင်္ဂလာဈေး၊သံဈေး စသည်များ)၊
ကုန်တိုက်၊ ဈေးဆိုင်ငယ်များတွင် ဈေးရောင်းထိုင်းခြင်း၊
လူတွေ လက်ထဲတွင် ငွေကျပ်နေသည်ကို အများအပြား
ကြားနေရပါသည်။ အထူးသဖြင့် ရွေးကောက်ပွဲအပြီး
အစိုးရသစ် လက်ထက်တွင် အရောင်းအဝယ် ပါးနေသည်ဟု
ပြောဆိုနေတာကို ကြားနေရပါသည်။

ထိုအကြောင်းနှင့် ပတ်သက်၍ ဂျပန်နိုင်ငံတွင် သင်ယူခဲ့သော
စီးပွားရေး ဘာသာရပ်နှင့် ပတ်သက်ပြီး သာမန်လူများ
နားလည်အောင် အနည်းငယ် တင်ပြလိုပါသည်။

ငွေကျပ်သော စီးပွားရေး တုံ့ဆိုင်းမှု ဖြစ်သည့်အတွက်
Money Supply မှ ကြည့်သော မြန်မာနိုင်ငံ စီးပွားရေးဟု
ခေါင်းစဉ် တပ်လိုက်ပါသည်။

Money Supply မှကြည့်သော စုစုပေါင်း တိုင်းပြည်
ထုတ်ကုန်ကို အောက်ပါ ညီမျှခြင်းဖြင့် အကြမ်းဖျင်း
ဖော်ပြပါသည်။
(ဤစာတမ်းသည် စီးပွားရေး ပညာရှင်များအတွက်
မရည်ရွယ်ပါ။အဘယ်ကြောင့်ဆိုသော် M = Money Supply
တစ်ခုတည်းအကြောင်း ရေးသားထားသည့် စာအုပ်မှာ
ဘာသာပေါင်းစုံဖြင့် ရာ၊ ထောင်မက ရှိပါသဖြင့် ၎င်းနှင့်
ပတ်သက်၍ အငြင်း မပွားလိုပါ။)

Money Supply နှင့် ပတ်သက်၍ အောက်ပါ ညီမျှခြင်းကို
အသုံးပြုပြီး တင်ပြပါရစေ။

Yα = MV

Yα = Gorss Domestic Product = GDP
(စုစုပေါင်း တိုင်းပြည် ထုတ်ကုန်။ နားလည် လွယ်အောင်
အောက်ပါ စာတမ်းတွင် တိုင်းပြည် စီးပွားရေးဟု
သုံးနှုန်းပါမည်။)
M = Money Supply (ငွေကြေး ပမာဏာ)
V = Velocity (အရှိန်၊ အလျင်)

၁၉၈ဝ ဝန်းကျင်လောက် အမေရိကန် စီးပွားရေး ကျဆင်း
နေချိန်တွင် သမ္မတ ရော်နယ်ရီဂင် လက်ထက်တွင် သမ္မတ
အိမ်ဖြူတော်၏ စီးပွားရေး ပညာရှင်များ
(စီးပွားရေး နိုဘယ်လ်ဆုရှင်၊ နိုဘယ်ဆုအတွက် စာရင်း
တင်သွင်းခံရသူများ) က M = Money Supply ကို တိုးချဲ့စေပြီး
အမေရိကန် စီးပွားရေး အကျပ်အတည်းမှ ရုန်းထွက်၍
စီးပွားရေးကို ပြန်လည် တိုးတက်စေခဲ့ပါသည်။

၁။ ယခု ဈေးကွက်ထဲတွင် ငွေကျပ်နေသည်မှာ
M = Money Supply (ငွေကြေးပမာဏ) က နည်းပါးနေ၍
ဖြစ်ပါသည်။ ၎င်းနှင့်အတူ ကျွဲကူးရေပါ ဖြစ်သော ငွေကြေး
လည်ပတ်မူ အရှိန်(V)ကလည်း နှေးကွေးလာပြီး
GDP (တိုင်းပြည် စီးပွားရေး) က ကျဆင်း လာပါသည်။
ယင်းပြဿနာ ဖြေရှင်းနည်းမှာ ပထမဦးစွာ ဈေးကွက်ထဲသို့
ငွေကြေးကို ဖြည့်ဆည်းပေးခြင်း ဖြစ်ပါသည်။
ဤတွင် ပြဿနာက မည်ကဲ့သို့ ဈေးကွက်ထဲသို့ ငွေကြေးကို
ဖြည့်ဆည်း ပေးမည်နည်း။

၂။ အရင်းရှင် နိုင်ငံများတွင် ငွေလည်ပတ်မှု ကျပ်တည်း
လာသောအခါ အစိုးရစီမံကိန်း (Public Work) ကို တိုးမြှင့်
သုံးစွဲခြင်းဖြင့် ဈေးကွက်ထဲသို့ ငွေကြေးပမာဏကို များပြား
စေပြီး ငွေကြေး လည်ပတ်မှု အရှိန်ကိုလည်း ချောမွေ့
စေပါသည်။ တိုင်းပြည်တွင် ငွေကြေး တိုးမြှင့်သုံးစွဲမှုကြောင့်
ကုန်ဈေးနှုန်းတက်ခြင်း (Inflation) ဖြစ်လာပေမယ့်
အရောင်းအဝယ် ကောင်းမွန်လာပါသည်။
ငွေကြေး လည်ပတ်မှုလည်း ကောင်းမွန်ပြီး စီးပွားရေးလည်း
တိုးတက်လာပါသည်။

စကားမစပ် အမေရိကရှိ FRB (Federal Resere Board) ၏
ဥက္ကဋ္ဌဟောင်း Alan Greenspan က လူများသည် ကုန်ဈေးနှုန်း
တက်ခြင်း (Inflation) ကို ညည်းညူ ကြပေမယ့် ၎င်းတို့
ကိုယ်တိုင် ကုန်ဈေးနှုန်း တက်ခြင်း (Inflation) လိုင်းပေါ်တွင်
ပျော်ရွှင် မြူးထူးစွာ ကခုန် နေကြသည်ဟု ပြောဆိုခဲ့ပါသည်။

၃။ သို့သော် အချို့ တိုင်းပြည်များက ငွေကြေး တိုးမြှင့်
သုံးစွဲမှုကြောင့် ကုန်ဈေးနှုန်း တက်ခြင်း (Inflation) ကို
စိုးရိမ်ပြီး အထက်ပါ နည်းလမ်းကို မသုံးဘဲ ဆေးမြီးတိုနည်း
ဖြစ်သော အစိုးရ ဝန်ထမ်းများကို လစာတိုးပေးခြင်းဖြင့်
ဖြေရှင်းနေပါသည်။ ၎င်းနိုင်ငံထဲတွင် မြန်မာနိုင်ငံလည်း
အပါအဝင် ဖြစ်ပါသည်။

အစိုးရဝန်ထမ်း လစာတိုးခြင်းသည် M = Money Supply
(ငွေကြေး ပမာဏ) တိုးပွားသဖြင့် အထက်ပါ သီအိုရီအရ
ကြည့်ပါက GDP (တိုင်းပြည် စီးပွားရေး) တိုးသယောင်
ထင်ရပေမယ့် ပုဂ္ဂလိက လုပ်ငန်းများတွင် ထုတ်လုပ်မှု
မတိုး၍ လုပ်အားခ မတိုးနိုင်သဖြင့် ဆန္ဒပြုမှုများ ဖြစ်ပြီး
ဝန်ထမ်းများ လျှော့ချခြင်းကြောင့် ငွေကြေး သုံးစွဲမူ
(ဝန်ထမ်း လျှော့၍ လစာလျှော့၊ ငွေသုံးစွဲမှု လျှော့ပြီး)
လျှော့ပြီး M = Money Supply (ငွေကြေးပမာဏ) သည်
လျော့သွားပါသည်။

တစ်နည်းအားဖြင့် တစ်ဖက်က M = Money Supply
(ငွေကြေးပမာဏ) တိုးပြီး တစ်ဖက်က လျှော့သည့်အတွက်
M = Money Supply (ငွေကြေးပမာဏ)သည် မူလအတိုင်း
(သို့မဟုတ်) မူလထက်ပင် လျှော့ပြီး တိုင်းပြည်၏
စီးပွားရေးသည် တိုးတက် မလာပေ။

၎။   တိုင်းပြည် စီးပွားရေး တိုးတက်မူတွင် ကုန်ဈေးနှုန်း
တက်ခြင်း (Inflation) အထိုက်အလျောက် လိုအပ်ပါသည်။
ကုန်ဈေးနှုန်း တိုးတက်မှသာ လူများသည် လူသုံး ကုန်
ပစ္စည်းများကို တစ်ပတ်၊ ၁ဝ ရက်စာ ဝယ်ယူကြသည့်
အတွက် စက်ရုံများကလည်း တစ်ပတ်၊ ၁ဝ ရက်စာ
ထုတ်လုပ်သည့်အတွက် ကုန်ထုတ် စွမ်းအားများလည်း
တိုးတက်လာပါသည်။

ကုန်ဈေးနှုန်း တက်ခြင်း (Inflation) ထက် ကြောက်စရာ
ကောင်းသည်မှာ ကုန်ဈေးနှုန်း ကျဆင်းခြင်း (Deflation)
ဖြစ်ပါသည်။

စာရေးသူ ဂျပန်နိုင်ငံတွင် ပညာသင်ကြားစဉ်က ကုန်ဈေးနှုန်း
ကျဆင်းခြင်း(Deflation) ကို ကိုယ်တွေ့ ကြုံခဲ့ရပါသည်။
ကုန်ဈေးနှုန်းသည် နေ့စဉ် ကျဆင်း နေပါသည်။ ယခင်က
တစ်ပတ်၊ ၁ဝ ရက်စာ ဝယ်ယူသော်လည်း နောက်ပိုင်းတွင်
၃ ရက်စာ၊ ထို့နောက် ယနေ့ စားမည့်အစာကို ယနေ့
ဝယ်ယူသည်အထိပင် ဖြစ်ပြီး စက်ရုံများသည်လည်း
ကုန်ထုတ်လုပ်မှု လျော့ကျခြင်းကြောင့် လုပ်သားအင်အား
လျှော့ချခြင်း၊ စက်ရုံပိတ်ခြင်းများကို ကြုံတွေ့ ရပါသည်။

ကုန်ဈေးနှုန်း ကျဆင်းခြင်း (Deflation) ကြောင့်
ဂျပန်နိုင်ငံသည် ကမ္ဘာ့ စီးပွားရေး ဒုတိယ နေရာကို
တရုတ်ကို ပေးလိုက်ရပြီး တတိယ နေရာကို ကျဆင်း
သွားပါသည်။

၅။  မြန်မာနိုင်ငံ စီးပွားရေးကို ကြည့်ပါက တခြား ဖွံ့ဖြိုးဆဲ
နိုင်ငံများနှင့် ကွဲပြား ခြားနားချက် များစွာရှိပါသည်။
များသောအားဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ ဓန ပိုင်ဆိုင်မူ
(၂ဝး ၈ဝ) သည် တိုင်းပြည် လူဦးရေ၏ ၂ဝ ရာခိုင်နှုန်းက
တိုင်းပြည် ဓန၏ ၈ဝ ရာခိုင်နှုန်းကို ပိုင်ဆိုင်သော်လည်း
မြန်မာနိုင်ငံတွင် လူဦးရေ ထောင်ဂဏန်းက တိုင်းပြည်
ဓန၏ ၈ဝ ရာခိုင်နှုန်းကို ပိုင်ဆိုင် နေပါသည်။

၆။  ၁၉၉ဝ ခုနှစ်မှ ၂ဝ၁၁ ခုနှစ်လယ်အထိ ထောင်ဂဏန်းသာ
ရှိသော လူတန်းစားက အရောင်းအဝယ် လုပ်သော
ကားရောင်းဝယ်ရေးသည် တိုင်းပြည် GDP
(တိုင်းပြည် စီးပွားရေး) ၏ ပမာဏအချို့ကို ချုပ်ကိုင်ထား
ပေသည်။

ထိုခေတ်က ကားအစုတ် တစ်စီးကို ကျပ်သိန်း ၄ဝဝ ခန့်မှ
လင်ခရူဇာ ဆိုလျှင် သိန်း ၄-၅ဝဝဝ ကျပ် ရှိပါသည်။
မြန်မာနိုင်ငံရှိ မြို့ကြီးများမှလွဲ၍ မြို့ငယ်များ၏ တစ်နှစ်ပတ်လုံး
ငွေကြေး လည်ပတ်မှုသည် လင်ခရူဇာ တစ်စီးဖိုးမျှပင် မရှိပေ။

ထိုခေတ်က အစိုးရဝန်ထမ်း လစာမှာ အနိမ့်ဆုံး
ကျပ် တစ်သောင်း၊ တစ်သောင်းခွဲမှ ညွန်ကြားရေးမှူးချုပ်
ဆိုလျှင် ၄-၅ သောင်းခန့်သာ ရှိပါသည်။

ထို့ကြောင့် ထိုခေတ် (၁၉၉၈-၂ဝ၁၁) အထိ တိုင်းပြည်
စီးပွားရေးသည် ကားဝယ်ရောင်းပေါ်တွင် တည်မှီနေပါသည်။

၇။  ၂ဝ၁၁-၂ဝ၁၄ ခုနှစ်အထိသည် ကားတင်သွင်းခွင့်ကို
တရားဝင် ခွင့်ပြုလိုက်သောအခါ ကားဈေးကွက် ပျက်သွား
သော်လည်း မြေဈေးကွက်က ကားဈေးကွက် နေရာကိုယူပြီး
ငွေလုံးငွေရင်း စီးဆင်းမှုနှင့် စီးဆင်းမှု လျင်မြန်ခြင်းသည်
ဆက်လက် ဖြစ်ပေါ်ပြီး တိုင်းပြည် စီးပွားရေးကို ဆက်လက်
ဦးဆောင် နေပေသည်။

၈။  ၂ဝ၁၄ နှစ်ကုန်ပိုင်းလောက်တွင်က မြေဈေး ကြီးခြင်းမှာ
နိုင်ငံခြားမှ တရားမဝင် ငွေကြေးများ ဝင်ရောက်
(တစ်နှစ်ကို ၁-ဘီလီယံဒေါ်လာ မှ ၂ ဘီလီယံဒေါ်လာ
ငွေမည်းက ဝင်ရောက်သည့်အတွက်) ဟု ပြောဆိုပြီး ရှိရင်းစွဲ
ငွေလုံးငွေရင်းဖြင့် လည်ပတ်နေသော မြေဈေးကွက်ကို
အစိုးရဟောင်းနှင့် အစိုးရသစ် စပ်ကူးမပ်ကူးတွင်
ဖျက်ခဲ့ပါသည်။

တရုတ်ပြည်တွင် နိုင်ငံခြားမှ နှစ်စဉ် ငွေမည်း ၉ဝ ဘီလီယံ
ဒေါ်လာကျော် ဝင်ရောက်နေပါသည်ဟု တရုတ်အစိုးရက
ပြောကြားပါသည်။

ငွေမည်း ဝင်ရောက်ခြင်းသည် မကောင်းဟု ပြောနေသော်
လည်း ထိုငွေမည်းကြောင့် တိုင်းပြည်များ၏ စီးပွားရေး
တိုးတက်နေသောကြောင့် သက်ဆိုင်ရာ အစိုးရများက
မသိသလို နေနေပါသည်။

ငွေမည်းများက မည်သည့် နိုင်ငံအစိုးရ၊ အဖွဲ့အစည်း၏
ခွင့်ပြုချက် ယူစရာမျှ မလိုသည့်အပြင် အဝင်အထွက်
လျင်မြန်သည့်အတွက် နိုင်ငံတကာ၏ ငွေရှင်ကြေးရှင်များက
နှစ်သက်သလို ၎င်းငွေကြေး ဝင်ရောက်သော နိုင်ငံသည်
လည်း လိုအပ်သော နိုင်ငံခြားငွေသည် လျင်မြန်စွာ
ဝင်ရောက်သည့်အတွက် ပြည်တွင်းသုံး ငွေကြေး စီးဆင်း
မှုက လျင်မြန်ပြီး တိုင်းပြည် စီးပွားရေးကို တိုးတက်စေ
ပါသည်။

ငွေမည်းများသည် အကောင်းဘက်အပြင် အဆိုးဘက်
ကလည်း ရှိပါသည်။ အကယ်၍ နိုင်ငံခြားမှ ၎င်းတို့၏
ငွေကြေးကို ပြန်ဆုတ်သောအခါ ပြည်တွင်းငွေကြေး
လည်ပတ်မှုကို နှေးကွေးစေပြီး အထိုက်အလျောက်
စီးပွားရေးတွင် အန္တရာယ် ရှိပါသည်။

အားလုံးကို ခြုံကြည့်ပါက အကျိုးအမြတ်က ပိုမို များပြား
သည့်အတွက် နိုင်ငံအများအပြားက လျစ်လျူ ရှုထား
ပါသည်။ တစ်နည်းအားဖြင့် ထိန်းချုပ်ရ ခက်သည့်အတွက်
ကြောင့်လည်း လျစ်လျူ ရှုထားခြင်းလည်း ဖြစ်နိုင်ပါသည်။

(ငွေမည်းနှင့် ပတ်သက်၍ နားလည် လွယ်အောင်
ရှင်းပြပါရစေ။
ဥပမာ- မြန်မာလုပ်သား တစ်ယောက်က နိုင်ငံခြားတွင်
အလုပ် လုပ်ပြီး မြန်မာနိုင်ငံကို တစ်လဒေါ်လာ ၁ဝဝဝ ပို့
ပါက မြန်မာပြည်ရှိသော မိသားစုက ၎င်းငွေကို မြန်မာငွေဖြင့်
ရရှိပေမည်။ ၎င်းငွေဖြင့် အိမ်အတွက် လိုအပ်သော ပစ္စည်းများ
ဝယ်ယူခြင်း၊ အဝတ်အစား ဝယ်ယူခြင်း၊ စားသောက်ဆိုင်များ
တွင် စားသောက်ခြင်းဖြင့် ငွေကြေး လည်ပတ်မှု အရှိန်(V)က
မြန်ဆန်လာပြီး စီးပွားရေးကို တိုးတက် စေပါသည်။
၎င်းငွေသည် ဘဏ်ကို ဖြတ်မသွားဘဲ အပြင်ရှိ ငွေကြေး
ဝယ်ရောင်း ဈေးကွက်မှ ပို့သည့်အတွက် ၎င်းငွေသည်
ငွေမည်း ဖြစ်ပါသည်။ ၎င်းအတွက်လည်း ဗဟိုဘဏ်မှ
ကျပ်ငွေ ရိုက်ထုတ်စရာ မလိုသည့်အတွက် ငွေကြေး
ဖောင်းပွမှု မဖြစ်ပေ။)

၉။ နိုင်ငံခြားငွေ ဝင်ရောက်လာသည့်အတွက် ပြည်တွင်းငွေ
တန်ဖိုးလည်း တက်လာပြီး သွင်းကုန်တန်ဖိုးလည်း ကျဆင်း
လာပါသည်။ ပို့ကုန်သမားအတွက် အထိနာပေမယ့်
မြန်မာနိုင်ငံသည် နိုင်ငံခြားသို့ ပို့သည့် ပို့ကုန်မှာ နည်းပါးသည့်
အတွက် သိပ်ပြီး ဆုံးရှုံးမှုက မသိသာပေ။

မြန်မာနိုင်ငံတွင် ငွေကြေး ပမာဏ များစွာဖြင့် လည်ပတ်သော
စီးပွားရေး လုပ်ငန်းများကို ဖျက်ဆီးပစ်သောအခါ တိုင်းပြည်
တွင်းရှိ ငွေမည်းများ ထွက်ခွာသွားသောအခါ ငွေလည်ပတ်မှု
ကျပ်တည်းခြင်းသည် အကြောင်း တစ်ခုလည်း ဖြစ်ပါသည်။

(- ငွေမည်းက နိုင်ငံတွင်းမှ ထွက်သွားရခြင်းလည်း ဈေးကွက်
အတွင်း လည်ပတ်နေသော ကျပ်ငွေကို ရောင်းပြီး နိုင်ငံခြားသို့
ဒေါ်လာ (နိုင်ငံခြားငွေ) အဖြစ် ထွက်သွားခြင်းပင် ဖြစ်ပါသည်။
- ကျပ်ငွေရောင်းပြီး ၎င်းတို့၏ လုပ်ငန်းမှ ထွက်သွားသောအခါ
အလုပ်လက်မဲ့များ တိုးပွားလာပါသည်။
- ၎င်းတို့သည် အလုပ် မရှိ၍ ဝင်ငွေ မရှိသဖြင့် ဝယ်လိုအား
လျော့သွားပြီး ဈေးကွက်ထဲတွင် ငွေကြေး လည်ပတ်မှု
ကျပ်တည်းပြီး တိုင်းပြည် စီးပွားရေး ကျပ်တည်းကာ
စီးပွားရေး ကျဆင်းလာပါသည်။)

၁ဝ။ အဓိက သတိထားရမည့် စိတ်ဝင်စားစရာ အကောင်းဆုံး
တစ်ခုမှာ တိုင်းပြည် ဓနကို ၈ဝ ရာခိုင်နှုန်း ပိုင်ဆိုင်သော
ခရိုနီများ၏ စီးပွားရေးနှင့် ပတ်သက်သော လုပ်ငန်းများမှာ
မရှိသလောက်ပင်။ စီးပွားရေး လုပ်ငန်း မလုပ်ပါက ၎င်းတို့
ပိုင်ဆိုင်သော ဓနကို မည်သို့ စီမံခန့်ခွဲ နေသနည်း။

တိုင်းပြည်အတွင်း ငွေကြေး ကျပ်တည်းမှုကို ကြည့်ခြင်း
အားဖြင့် ၎င်းတို့ ပိုင်ဆိုင်မှုကို နိုင်ငံခြားသို့ ပို့နေသည်ကို
ဖော်ပြနေပါသည်။ ၎င်းတို့ ပိုင်ဆိုင်မှုကို နိုင်ငံခြားသို့ ပို့ခြင်း
ကိုလည်း လိုက်ရခက်နေပါသည်။ အဘယ်ကြောင့်ဆိုသော်
၎င်းတို့သည် ဘဏ်ကို အသုံး မပြုဘဲ ဟွန်ဒီ
(အပြင် ပွဲစားဖြင့် ငွေကြေး အရောင်းအဝယ် လုပ်ငန်း) ကို
အသုံးပြုသောကြောင့် ဖြစ်ပါသည်။

(ခရိုနီ ပိုင်ဆိုင်သော ဓနအင်အား (ငွေကြေး ပမာဏ)မှာ
မည်မျှ ရှိသည်ကို မသိပါ။ ၎င်းတို့၏ နိုင်ငံခြားသို့ လွှဲသော
ငွေကြေး ပမာဏလည်း မသိရပေ။ ယခု အစိုးရလက်ထက်
တွင် ၎င်းတို့၏ စီးပွားရေး လုပ်ငန်းများ မရှိခြင်း၊ ဈေးကွက်
အတွင်း လည်ပတ်နေသောငွေ ကျပ်တည်းမှုကို ကြည့်ပါက
၎င်းတို့လည်း နိုင်ငံခြားသို့ တရားမဝင် ငွေပို့သည်မှာ
မြေကြီးလက်ခတ် မလွဲပေ။ ၎င်းတို့၏ ငွေကြေးကို ပြည်တွင်း
ရင်းနှီးမြှုပ်နှံမှုတွင် ဆွဲဆောင်ရန်မှာ ယခု အစိုးရ၏
တာဝန်ပင် ဖြစ်ပါသည်။)

၁၁။  ယခုတစ်လော အားလုံး သတိထားမိသည့် စီးပွားရေး
လုပ်ငန်းမှာ စိတ်ကြွဆေးပြား ရောင်းဝယ် သယ်ယူ
ပို့ဆောင်ရေးပင် ဖြစ်ပါသည်။ စီးပွားရေး လုပ်ငန်းရှင်များ
(မည်သည့်နိုင်ငံတွင်မဆို) သည် မိမိတို့ ငွေရင်း တိုးပွားဖို့
အတွက် စီးပွားရေး လုပ်ကွက် ရှာရာတွင် တော်သည်ဟု
ပြောရပေမည်။

၎င်းစီးပွားရေး (စိတ်ကြွဆေးပြား ရောင်းဝယ် သယ်ယူ
ပို့ဆောင်ရေး လုပ်ငန်း) ကို ပံ့ပိုးမည့် လုပ်သား အင်အားမှာ
မရှားပေ။ ၎င်း လုပ်သား အင်အားသည် မြေဈေးကွက်
ပျက်သည့်အတွက် မြေဈေးကွက်တွင် ပါဝင် လုပ်ကိုင်
နေသော ဆိုင်ခန်းရှိ ပွဲစားများ၊ လမ်းလျှောက် ပွဲစားများသည်
အလုပ်လက်မဲ့ ဖြစ်ပြီး စားဝတ်နေရေး ခက်ခဲသောကြောင့်
၎င်းတို့ကို အခကြေးငွေ အနည်းငယ်ဖြင့် ခိုင်းနိုင်ပါသည်။
ထို့ကြောင့် တစ်နှစ်အတွင်း စိတ်ကြွဆေးပြား ရောင်းဝယ်မှု
သည် အလျင်အမြန် ကြီးထွားလာပါသည်။ သတင်းစာများကို
ကြည့်ပါက သိန်းထောင်ချီ ဖမ်းမိသော စိတ်ကြွဆေးပြား
သတင်းက နေ့တိုင်းပါပါသည်။

မြန်မာနိုင်ငံ ရဲချုပ်က ပြောသည်မှာ ဖမ်းမိသော ပမာဏသည်
၁ဝ ရာခိုင်နှုန်းလောက်ပင် မရှိဟု ပြောဆိုခဲ့ပါသည်။
လွန်ခဲ့သော ၁ နှစ်၊ ၂ နှစ် လောက်က ဦးခင်အောင်မြင့်
(အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ-ငြိမ်း) က ရန်ကုန်မြို့တွင်
သကြားလုံး ဝယ်ရန် ခက်သော်လည်း ဆေးပြားဝယ်ရန်
မခက်ပါ။ (ထိုစကားလုံးအတိုင်း ဟုတ်ချင်မှ ဟုတ်ပေမယ့်
၎င်း အဓိပ္ပာယ်ပင် ဖြစ်ပါသည်။) ဟု အမျိုးသားလွှတ်တော်
တွင် ပြောကြားခဲ့ပါသည်။

၁၂။ အိမ်ခြံမြေ ပွဲစား အလုပ် လက်မဲ့များကလည်း ဖြစ်နိုင်လျှင်
ဥပဒေနှင့် မလွတ်ကင်းသော အလုပ်ကို မလုပ်ချင်ပေ။
ထို့အတွက် ၎င်းတို့ အတွက် အလုပ်အကိုင်ကို ဖန်တီးပေး
ရပေမည်။ ပြောသာ ပြောရသည်။ မြန်မာနိုင်ငံသည် စက်မှု
လုပ်ငန်း မဖွံ့ဖြိုးသည့်အတွက် ၎င်းတို့အတွက် အလုပ်အကိုင်
ဖန်တီးပေးရန်မှာ ခက်ခဲပါသည်။ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့
အတွက်က အပြော လွယ်သလောက် အလုပ် ခက်ပါသည်။
လိုအပ်ချက်မှာလည်း များစွာ (လျှပ်စစ်မီး၊ လမ်း၊ သယ်ယူ
ပို့ဆောင်ရေး၊ လူ့စွမ်းအား အရင်းအမြစ် အစရှိသည်ဖြင့်)
ရှိပါသည်။

၁၃။ စဉ်းစားမိသလောက်ကတော့ မြေဈေးကွက် ပြန်လည်
အသက်သွင်းခြင်းပင် ဖြစ်ပါသည်။ အစိုးရက ကြော်ငြာထား
သော မဟာရန်ကုန် စီမံကိန်း ဦးစားပေး ဖြစ်သော ဒဂုံအရှေ့ကို
မြို့သစ် တည်ဆောက်ရန် နိုင်ငံခြား ကုမ္ပဏီကြီးများကို
(လျှပ်စစ်မီး၊ လမ်း၊ ဆေးရုံ၊ ပန်းခြံ၊ ကျောင်း၊ အစိုးရရုံး အစ
ရှိသည့်တို့ ပါဝင်သော မြို့သစ်) တင်ဒါ ခေါ်ပြီး မြို့သစ်
တည်ခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများလည်း
တိုးတက်စေပါမည်။

အစိုးရအနေနှင့်ကလည်း စီမံကိန်း ပြင်ပမှ မြေများကို
ပြည်သူများသို့ ပွင့်လင်းမြင်သာမှု ရှိစွာ အကန့်အသတ် မရှိ
ရောင်းချပြီး စီးပွားရေးကို ပြန်လည် နာလန် ထူစေချင်ပါသည်။

မြေရောင်းချမှုမှလည်း အစိုးရ အနေနှင့် ဝင်ငွေ တိုးပွား
စေပါသည်။ အကန့်အသတ် မရှိ မြေများကို ရောင်းချပေးသည့်
အတွက် မြေဈေးလည်း အများကြီး တက်လာမည် မဟုတ်ပေ။
မြေဝယ်လိုအား များပါက မှော်ဘီ၊ ပဲခူးအထိပင် အကွက်
ဖော်ပြီး ရောင်းခြင်းဖြင့် မြေဈေးမြင့်ခြင်းကို
ကာကွယ်နိုင်ပါသည်။

ထိုသို့ မဟုတ်ပါက စိတ်ကြွဆေးပြား ရောင်းဝယ် သယ်ယူ
ပို့ဆောင်ရေး လုပ်ငန်းတွင် သာယာသွားပါက ရေရှည်တွင်
တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာ အန္တရာယ်
ရှိပါသည်။

(စကားမစပ်၊ အာရှ၏နောက်ဆုံး ကျားဖြစ်နေသော
ဗီယက်နမ်နိုင်ငံ၏ ဟနွိုင်းမြို့သည် လမ်းပန်း ဆက်သွယ်မှု
ကျပ်တည်းခြင်း၊ အိမ်များသည် ရှေးအိမ်များ ဖြစ်သည့်အတွက်
နိုင်ငံတကာ စီးပွားရေးလုပ်ရန် မလွယ်သောအခါ မြို့ပြင်
ထွက်ပြီး နိုင်ငံခြား ကုမ္ပဏီကို တင်ဒါခေါ်ပြီး မြို့သစ်ကို
တည်ဆောက်စေပါသည်။
ယခုအခါ ဟနွိုင်းမြို့တွင် လမ်းပိတ်ဆို့မှုများလည်း မရှိတော့
ပေ။ မြို့ဟောင်းသည် နိုင်ငံခြားသားများ အလည်အပတ်
သွားသော မြို့ဟောင်း အဖြစ်သာ ကျန်ရစ်ခဲ့ပါသည်။
မြို့သစ် တည်ခြင်းဖြင့် အစိုးရသည် မြေရောင်းချခြင်းဖြင့်
ဝင်ငွေတိုးခြင်း၊ မြို့ကွက် ဧရိယာ ကျယ်ဝန်းခြင်းအတွက်
အခွန်အကောက်များ တိုးပွားလာခြင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု
ကုမ္ပဏီများ တိုးပွားလာခြင်း၊ ရင်းနှီးမြှုပ်နှံမှု စက်ရုံများ
တိုးပွားလာခြင်းဖြင့် တိုင်းပြည်၏ ဝင်ငွေကို တိုးပွား
စေပါသည်။
ရန်ကုန်မြို့၊ မန္တလေးမြို့များသည်လည်း ဗီယက်နမ်နိုင်ငံရှိ
မြို့ကြီးများကို အတု ယူသင့်ပါသည်။)

၁၄။ ငွေကြေးဈေးကွက် လည်ပတ်ရန်အတွက် မြို့ကြီးများရှိ
မြို့စွန် မြေကွက်များကို စနစ်တကျ ရောင်းချပြီး ၎င်းရောင်းချ
ရာမှ ရရှိသောဝင်ငွေကို အစိုးရစီမံကိန်း (Public Work)များ
ကို တိုးချဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်းများ တိုးချဲ့
စေရပါမည်။

အဆင့်အတန်း ရှိသော စက်မှု လုပ်ငန်းများကိုလည်း
အလျင်အမြန် တည်ဆောက်ရပါမည်။ စက်ရုံများ တိုးတက်လာ
ပါက အိမ်ခြံမြေတွင် လုပ်ကိုင်နေသော လူအချို့သည်
စက်ရုံများသို့ ပြောင်းရွှေ့လာပြီး ကုန်ထုတ်လုပ်မူများလည်း
တိုးလာပြီး ဝင်ငွေလည်း တိုးတက်လာပေမည်။ ပြည်သူများ
ဝင်ငွေ တိုးတက်ခြင်းဖြင့် တိုင်းပြည်၏ စီးပွားရေးလည်း
တိုးတက်လာပေမည်။

ထိုနည်းလမ်းဖြင့် ငွေကြေး လည်ပတ်မှုကို တိုးတက်
ကောင်းမွန်ပြီး တိုင်းပြည် စီးပွားရေးကို တိုးတက်အောင်
ဆောင်ရွက်ကြိုးစားကြပါစို့ဟု တိုက်တွန်း လိုက်ပါရစေ။

(စိုးမြင့်)
BSc., Eco; MSc., Eco
(Tokyo International University, Japan)

credit - The Voice

No comments:

Post a Comment