Friday, September 9, 2016

“လက်ရှိ ဆောက်လုပ်ရေးလောက သတင်းများနှင့်ဂယက်များ”

“လက်ရှိ ဆောက်လုပ်ရေးလောက သတင်းများနှင့်ဂယက်များ”

၁။ "ကန်ထရိုက်တိုက်ဆောက်လုပ်ခွင့်ကန့်သတ်ချက်
သတင်းများကြောင့် လုပ်ငန်းရှင်များအကြား ဂယက်ရိုက်"

ရန်ကုန်မြို့တွင် ထပ်မံတည်ဆောက်မည့်ကန်ထရိုက်တိုက်များ၌
ရင်ခွဲအမျိုးအစားဆောက်လုပ်ခွင့် ကန့်သတ်မည်ဆိုခြင်းနှင့်
ကားပါကင်ထည့်သွင်းတည်ဆောက်ရမည်ဟု သတင်းများ
ထွက်ပေါ်နေကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံမှ
သတင်းရရှိသည်။

‘‘မြေအကျယ်ပေ ၂၅ပေ ၅၀ ကိုရင်ခွဲပုံစံပေးမဆောက်တော့ဘူး။
မြေအကျယ်ပေ ၄၀၊ ပေ၆၀ ကို မြေညီထပ်နေရာမှာ ကားပါကင်
ထည့်ဆောက်ရမယ်ဆိုတာတွေ ကြားနေရတော့ လုပ်ငန်းရှင်တွေ
အကြား တော်တော်ဂယက် ရိုက်နေတယ်’’ဟု
ကျော်ဆောက်လုပ်ရေးလုပ်ငန်းမှ ဦးကျော်သိန်းဌေးက
ပြောသည်။

‘‘အခုဟာက ထင်ရာမြင်ရာတွေပြောနေကြတာ။
တရားဝင် ထုတ်ပြန်မှ အားလုံးသိရမယ့် သဘောပါ’’ဟု
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအင်ဂျင်နီယာ
အဆောက်အအုံဌာနမှ တာဝန်ရှိသူတစ်ဦးက
ပြောကြားသည်။

ရန်ကုန်မြို့အတွက် အဆောက်အအုံများဆောက်လုပ်ခွင့်
ပါမစ် အသစ်ပြန်လည်ရေးဆွဲမှုသည် ပြီးစီးပြီဖြစ်ကြောင်း
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူး
ဒေါ်လှိုင်မော်ဦးက ပြောကြားထားပြီး ဆောက်လုပ်ခွင့်
ပါမစ်အတွက် ယခင်က ဥပဒေကို ပိုမိုကောင်းမွန်စေရန်
ဖြည့်စွက်ရေးဆွဲခြင်းဖြစ်ကာ အင်ဂျင်နီယာအသင်းနှင့်
ဗိသုကာအသင်းသို့ ချပြပြီးဖြစ်၍ ပြည်သူသိရှိစေရန်
မကြာမီထုတ်ပြန်ပေးမည်ဟု ဆိုသည်။

လက်ရှိတွင် ကန်ထရိုက်တိုက်တစ်လုံးဆောက်ရန်
ဘေးအိမ်များ၏ ထောက်ခံချက်များကို ငွေကြေးများပေး၍
လက်မှတ်များ ထိုးခိုင်းနေရခြင်း၊ လျှပ်စစ်သုံးစွဲမှုတွင်
ကီလိုဝပ် ၃၀ ကျော်ပါက ထရန်စဖော်မာများတပ်ဆင်ရမည်
ဆိုခြင်းတို့ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များအကြား
အခက်အခဲများဖြစ်ပေါ်နေသည်ဟု ဆိုသည်။

‘‘တိုက်ခန်းဈေးကွက်က အေးနေရုံမဟုတ်ဘူး။ ခဲပါခဲနေပြီ။
ဒီကြားထဲ စည်းမျဉ်းတွေဥပဒေသစ်တွေ လာမှာအများကြီးပဲ
လို့ ကြားနေတယ်’’ဟု စေတနာ ဆောက်လုပ်ရေးလုပ်ငန်းမှ
လုပ်ငန်းရှင် ဦးတင်ညွန့်က ပြောသည်။

ဆောက်လုပ်ရေးလုပ်ငန်း အချို့သည် ဆောက်လက်စရပ်နား
ထားရခြင်း၊ စာချုပ်များကို ပယ်ဖျက်လိုက်ရခြင်းနှင့်
ရှောင်ပြေးမှုများအထိပင်ရှိနေပြီဟု လက်ရှိ ဆောက်လုပ်ရေး
လောကအခြေအနေကို ဦးတင်ညွန့်က ရှင်းပြ သည်။

(မိုးညို)

***

၂။ "လိုင်စင်မရှိဘဲ လုပ်ကိုင်နေသည့် ကန်ထရိုက်တာ
ထောင်ချီရှိနေဟုဆို"

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတွင်
ကန်ထရိုက်တာ လိုင်စင်ကြေးပေးသွင်းပြီး လုပ်ကိုင်နေသည့်
ကန်ထရိုက်တာ ၉၀၀ ကျော်ရှိသော်လည်း လိုင်စင်မတင်ဘဲ
ပြင်ပ၌ လုပ်ကိုင်နေသည့် လုပ်ငန်းရှင် ထောင်နှင့်ချီရှိကြောင်း
ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

ဆောက်လုပ်ရေး လောက တွင် လိုင်စင်မရှိဘဲ ဆောင်ရွက်
နေသော ကန်ထရိုက်တာများကြောင့်
တိုက်ခန်းများ၏ အရည်အသွေး လျော့ကျလာခြင်း၊
ဈေးကွက်တွင် အရောင်းအ၀ယ် အေးလာခြင်းများဖြစ်ပေါ်
လာပြီးပေါ်ပင်စီးပွားရေး လုပ်ငန်းတစ်ခုကဲ့သို့ ၀င်ရောက်
လုပ်ကိုင်နေကြသည်ဟု စေတနာ ဆောက်လုပ်ရေးလုပ်ငန်းမှ
ဦးတင်ညွန့်က ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတွင်
စရန်ငွေကျပ်သိန်း ၅၀၀ ပေးသွင်း၍ လိုင်စင်တင်ထားသည့်
ကန်ထရိုက်တာဦးရေ ၉၀၀ ကျော်ရှိကြောင်း တရားဝင်
ထုတ်ပြန်ထား သည်။

ကန်ထရိုက်တာ လိုင်စင်ကို လိုင်စင်မရှိသူများက ပြန်လည်
ငှားရမ်းခြင်းများရှိနေပြီး လိုင်စင်ကြေးမှာ များပြားလွန်း၍
မှတ်ပုံတင်ဆောင်ရွက်မည့်သူ နည်းပါးခြင်းဖြစ်သည်ဟု
ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ဆိုသည်။

လိုင်စင်ရှိသူ နည်းပါးခြင်းကြောင့် နောက်ဆုံးတွင် ရန်ကုန်မြို့၌
ခွင့်ပြုချက်မတင်ဘဲ တရားမ၀င် တည်ဆောက်သည့်
အဆောက်အအုံ အရေအတွက်အမြောက်အမြားထွက်ပေါ်
လာခြင်းဖြစ်သည်ဟု ခန့်မှန်းပြောကြားကြသည်။

ကန်ထရိုက်တာ လိုင်စင်ကြေးကို အကြီးတန်းကျပ်သိန်း ၅၀၀ ၊
အငယ်တန်းကျပ်သိန်း ၂၀၀ဟု သတ်မှတ်ခဲ့ပြီး လုပ်ငန်း
ဆောင်ရွက်ခြင်းများမရှိတော့ပါက ငွေကို ဘဏ်တွင်ပြန်လည်
ထုတ်ယူနိုင်ကြောင်း သတ်မှတ်ထားသည်။

သို့သော် လုပ်ငန်းဆောင်ရွက်နေစဉ်ကာလအတွင်း
ဘဏ်တွင်ပေးသွင်းထားသော ကျပ် သိန်း ၅၀၀ မှ အတိုးနှုန်း
ခံစားခွင့် မရှိသည့်အပေါ် ဆောက်လုပ်ရေး လုပ်ငန်းရှင်များက
ဝေဖန်ကြသည်။

ပြီးခဲ့သည့် အစိုးရလက်ထက်ကစတင်၍ ဆောက်လုပ်ရေး
လုပ်ငန်းရှင်များအား အတိုးနှုန်းပေးခြင်းရပ်ဆိုင်းခဲ့သည်။

ပြင်ပတွင် ကန်ထရိုက်တာအရေအတွက်များစွာ ဖြစ်ပေါ်
နေရခြင်းမှာ ကန်ထရိုက်လိုင်စင်ကြေးများပြားလွန်း
သောကြောင့် လိုင်စင်မရှိဘဲ လုပ်ဆောင်နေသူများပြားနေခြင်း
သာဖြစ်ပြီး နောက်ပိုင်းတွင် တိုက်ခန်းဈေးကွက်ကျဆင်းလာ၍
နည်းပါးလာကြောင်း အင်ဂျင်နီယာနှင့် အဆောက်အအုံဌာနမှ
တာဝန်ရှိသူတစ်ဦးက ဆိုသည်။

‘‘ခွင့်ပြုမိန့်မတင်ဘဲ ဆောက်တဲ့အလုံးအရေအတွက်လျော့ကျ
လာတာကို ကြည့်ရင် အဲဒီလိုလုပ်တဲ့သူတွေ အရေအတွက်
လျော့လာနိုင်တာက သိသာမြင်သာတယ်’’ဟု
တာဝန်ရှိသူကဆိုသည်။

၎င်းတို့ကို အရေးယူရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေး
ကော်မတီ၌ ပြုစုထားသော စာရင်းဇယားများမရှိသောကြောင့်
အရေးယူမည့်အပိုင်းတွင် အခက်အခဲများရှိသည်ဟု ဆိုသည်။

(မိုးညို)

***

၃။ "စီမံကိန်းအတွက် ငွေကြေးရယူ လက်မှတ်ထိုးပြီး ကြည့်ရှု
ကွပ်ကဲခြင်း မရှိသည့် လိုင်စင်ရအင်ဂျင်နီယာများကို
အရေးယူမည်"

အထပ်မြင့်ဆောက်လုပ်ရေး စီမံကိန်းများတွင် အမည်ခံထားပြီး
ငွေကြေးရယူလက်မှတ်ထိုးကာ လာရောက်ကြည့်ရှုကွပ်ကဲခြင်း
မရှိသော လိုင်စင်ရအင်ဂျင်နီယာများကို အရေးယူမည်ဟု
မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဒုဥက္ကဋ္ဌဦးအောင်မြင့်က
ပြောကြားသည်။

‘‘လက်မှတ်ထိုးငွေကြေးယူပြီး လုပ်ငန်းမကြီးကြပ်ဘဲနေတဲ့
အင်ဂျင်နီယာတွေကို အရေးယူဖို့ လုပ်နေပါပြီ’’ဟု
ဦးအောင်မြင့်က သြဂုတ် ၃၁ ရက်က ရန်ကုန်မြို့တွင်
ပြုလုပ်သော လိုင်စင်ရကန်ထရိုက်တာများ အသင်းဖွဲ့စည်းမည့်
အခမ်းအနား၌ ပြောကြား သည်။

အဆောက်အအုံဆောက်လုပ်ခွင့်ရ အင်ဂျင်နီယာများတွင်
အမျိုးအစားသုံးမျိုးရှိပြီး
- လိုင်စင်ရ အင်ဂျင်နီယာ(RE)၊
- အကြီးတန်း အင်ဂျင်နီယာ(RSE) နှင့်
- အသိအမှတ်ပြု အင်ဂျင်နီယာ(PE)ဟူ၍ ခွဲခြားထားပြီး
၎င်းတို့ကို အဆင့်လိုက်စစ်ဆေးကာ အရေးယူမှုများ
ပြုလုပ်မည်ဟု သိရသည်။

‘‘RE နဲ့ RSE က လူနေအဆောက်အအုံပဲ ဆောက်ခွင့်ရှိတယ်။
ကျန်တဲ့ အများပြည်သူနဲ့ဆိုင်တဲ့ အဆောက်အအုံတွေ
ဆောက်ခွင့်မရှိဘူး။ PE သမားတွေကတော့ အကန့်အသတ်
မရှိဘူး။ တချို့အင်ဂျင်နီယာတွေက လက်မှတ်ထိုးပြီး
လုပ်ငန်းမကြီးကြပ်တဲ့ကိစ္စတွေ အများကြီးဖြစ်နေတာ’’ဟု
ဦးအောင်မြင့်က ဆိုသည်။

လက်မှတ်ထိုးငွေကြေးယူပြီး လုပ်ငန်းမကြီးကြပ်သည့်
အင်ဂျင်နီယာများ ဆောက်လုပ်ရေးလောကတွင် ဖြစ်ပေါ်
နေသည်မှာ ကြာမြင့်နေပြီး ကန်ထရိုက်တာများနှင့်
အင်ဂျင်နီယာများ ပူးပေါင်းလုပ်ဆောင်နေကြောင်း
ဆောက်လုပ်ရေးလုပ်ငန်းရှင်အချို့က ဆိုသည်။

အမည်ခံလက်မှတ်ထိုးခအဖြစ် အင်ဂျင်နီယာများသည်
မက်လောက်စရာငွေကြေးသိန်းဂဏန်းနီးပါးရရှိသည်ဟု
ဆိုသည်။

‘‘မြေကြီးတူးရင် အင်ဂျင်နီယာမရှိဘူး။ စီမံခန့်ခွဲမယ့်သူမရှိဘူး။
လက်တွေ့သဘောပဲသိတဲ့ ဆိုက်မန်နေဂျာက ကြီးကြပ်နေတယ်။
ရန်ကုန်မှာဒီလိုတွေ ဖြစ်နေတာ တစ်ပုံကြီး’’ဟု ဆောက်လုပ်ရေး
လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

စည်းကမ်းဖောက်ဖျက်သော အင်ဂျင်နီယာများကိုလည်း
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက
နှစ်စဉ်အရေးယူမှုများ ရှိသော်လည်း အမည်ခံငွေကြေးရယူပြီး
လုပ်ဆောင်နေသည့် အင်ဂျင်နီယာအရေအတွက်မှာ
လျော့ကျသွားခြင်း မရှိဟု ဆိုသည်။

၂၀၁၅ တွင် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီက
လိုင်စင်ရအင်ဂျင်နီယာ ၄၀၀ ကျော်ကို လိုင်စင်ပိတ်သိမ်းသည်
အထိ အရေးယူခဲ့သည်။

(မိုးညို)

credit - 7day Daily

No comments:

Post a Comment