Friday, September 16, 2016

“လက်တွေ့ဆန်လာသော ရန်ကုန်မြို့တော်စည်ပင်”

“လက်တွေ့ဆန်လာသော ရန်ကုန်မြို့တော်စည်ပင်”

၁။ "တာမွေပြီးလျှင် တောင်ညွန့်၊ ပုဇွန်တောင်နှင့်
ဗိုလ်တထောင်မှာ ကျူးများကို အဆင့်ဆင့် ဖယ်ရှားမည်"

ရန်ကုန်တိုင်းဒေသကြီးအတွင်း နေအိမ်ရှေ့လမ်းမပေါ်တွင်
အခိုင်အမာကျူးကျော်ဆောက်လုပ်နေမှုများ၊ အမိုးအဖီများ
ကျူးကျော်ဆောက်လုပ်နေမှုများကို စည်ပင်ဥပဒေဖြင့်
အရေးယူမှုကို တာမွေမြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်တွင်
စတင်ပြီဖြစ်ကြောင်း တောင်ပိုင်းခရိုင် စည်ပင်သာယာ
အုပ်ချုပ်ရေးမှူး ဦးအောင်သန်းထွဋ်က
စက်တင်ဘာ ၈ ရက်တွင် ပြောသည်။

ယင်းရပ်ကွက် နေအိမ်ရှေ့ရှိ လမ်းမပေါ်တွင် အခိုင်အမာ
ကျူးကျော်ဆောက်လုပ်နေမှုများ၊ အမိုးအဖီကျူးကျော်
ဆောက်လုပ်ထားသော ဆိုင်ခန်းများအား ဖျက်သိမ်းပေးရန်
စက်တင်ဘာလဆန်းပိုင်းက နို့တစ်စာများပေးပို့ထားပြီး
သက်ဆိုင်ရာ စည်ပင်ဝန်ထမ်းများကလည်း လိုက်လံ
သတိပေးမှုများ ပြုလုပ်နေကြောင်း ၎င်းက ပြောသည်။

''သူတို့အသိစိတ်ဓာတ်နဲ့ဖျက်ဖို့ သတိပေးတာပေါ့။
လာမယ့်တပတ်ကျရင် မဖျက်သိမ်းဘဲ ကျန်တဲ့လူတွေကို
ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ခေါ်မယ်။ ဖျက်ဖို့ ပြောမယ်။
အဲဒါမှ မဖျက်ဘဲ တင်းခံနေမယ်ဆိုရင် စည်ပင်ဥပဒေ
ပုဒ်မ ၆၈၊ ၆၉ တို့နဲ့ အရေးယူမယ်။ တရားစွဲတာတွေ
လုပ်မယ်''ဟု ဦးအောင်သန်းထွဋ်က
News Watch သို့ ပြောသည်။

တာမွေမြို့နယ် ပုသိမ်ညွန့်ရပ်ကွက်နှင့် ကျားကွက်သစ်
ရပ်ကွက်တို့တွင် ဆောင်ရွက်ပြီးစီးပါက ဆက်စပ်မြို့နယ်များ
ဖြစ်သည့် မင်္ဂလာတောင်ညွန်မြို့နယ်အတွင်း ဆက်လက်
ဆောင်ရွက်မည်ဖြစ်ပြီး ပုဇွန်တောင်မြို့နယ်နှင့်
ဗိုလ်တထောင်မြို့နယ်တို့တွင်လည်း နောက်ဖေးလမ်းကြား
ကျူးကျော်အဆောက်အအုံများရှင်း လင်းသွားမည်
ဖြစ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါကျူးကျော်အဆောက်အအုံများသည်
ယခင်အစိုးရလက်ထက်ကတည်းက မရှင်းလင်းနိုင်ခဲ့သည့်
ပြဿနာဖြစ်ပြီး ၂၀၁၃ စည်ပင်ဥပဒေအရ တိတိကျကျ
အရေးမယူခဲ့သည့်အတွက်ကြောင့် ယခုကဲ့သို့
နေအိမ်ရှေ့ရှိ လမ်းမများပေါ်တွင် ကျူးကျော်
အဆောက်အအုံများ များပြားလာရခြင်းဖြစ်ကြောင်းနှင့်
ဥပဒေအရသေသေချာချာကိုင်တွယ်ပြီး ဒဏ်ကြေးများ
သတ်မှတ်၍ အရေးယူသင့်ကြောင်း
လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောသည်။

ယင်းသို့ အရေးယူမှုများသည် စီမံချက်ဖြင့်ဆောင်ရွက်နေခြင်း
မဟုတ်ဘဲ ယခင်ကတည်းကရှိခဲ့သည့် စည်ပင်ဥပဒေဖြင့်သာ
မြို့နယ်အလိုက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း
ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊
စီမံရေးရာဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

(လင်းလင်းအောင်)

***

၂။ "လမ်းဘေးဈေးရောင်းချမှုများကို ရန်ကုန်မြို့တော်
စည်ပင် ကြပ်မတ်"

ရန်ကုန်မြို့မှာ လမ်းဘေး ဈေးရောင်းချတာတွေကို မြို့တော်
စည်ပင်က ကြပ်မတ်နေပါတယ်။

လမ်းဘေးဈေးသည်တွေအနေနဲ့ ညနေပိုင်းမှာ ရောင်းချဖို့၊
ဆိုင်ခန်းပုံစံ ဖြစ်စေတဲ့ အမိုးတွေ မသုံးဖို့ စတဲ့ စည်းကမ်းတွေ
ကို စည်ပင်က သတ်မှတ်ပေးထားတယ်လို့ ဈေးသည်တွေက
ပြောပါတယ်။

မြို့တော်ဝန်က လမ်းဘေးဈေးသည်တွေကို ကြပ်မတ်မယ်လို့
ပြောလိုက်ပြီးနောက်ပိုင်းမှာ ခုလို ဆောင်ရွက်လာတာဖြစ်ပြီး
စည်းကမ်းနဲ့မညီတဲ့ ဈေးသည်တွေကိုလည်း လိုက်လံ
ဟန့်တားတာတွေ ပြုလုပ်နေတာပါ။

“ပြီးခဲ့တဲ့ လလယ်လောက်က အစည်းအဝေးခေါ်တယ်။
ဒီလို ထီးလေးထောင့်နဲ့ ရောင်းချဖို့ ခွင့်မပြုဘူးလို့ သူတို့က
ပြောတယ်။ အချိန်နဲ့ရောင်းချဖို့၊ ၃ နာရီအတိမှာ ရောင်းချဖို့
အတွက် ခေါ်ပြီးတော့ ဆွေးနွေးတယ်။ ဒီနေ့က
ကျနော်တို့တွေက စောခင်းမိတဲ့အတွက် သူတို့က
ပြန်သိမ်းခိုင်းတာ။ ပစ္စည်းတွေ ဘာတွေ မသိမ်းဘူး။
ဟိုတုန်းကရောင်းခဲ့တဲ့ပုံစံက ၀တ်စုံနဲ့ လိုင်စင်ကို ရင်ဘတ်မှာ
ချိတ်ပြီးတော့ ဟိုးလွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်ကပေါ့၊
လမ်းဘေးဈေးသည်တွေကို ရှင်းမယ်ဆိုရင်တော့
ကျနော်တို့ကို နေရာအစားပေးမယ်၊ရောင်းချစားသောက်လို့
ရမယ့် နေရာမျိုး ပေးရင်တော့ အဆင်ပြေတာပေါ့” လို့
လမ်းဘေးမှာ အထည်ရောင်းချသူ ကိုရွှေသိန်းက
ပြောပါတယ်။

ရန်ကုန်မှာ လမ်းဘေးဈေးရောင်းတာကို ၁၉၈၉ ခုနှစ်က
တရားဝင်ပုံစံနဲ့ စတင်ခွင့်ပြုခဲ့ပြီး စည်ပင်ကလည်း
ဈေးကောက်ယူခဲ့တယ်လို့ ဈေးသည်တချို့က
ပြောပါတယ်။

“ကျနော်တို့အတွက် ဒီရွက်ဖျင် လေးထောင့်ထီးက
မိုးတွင်းကျတော့ မသုံးမဖြစ်တဲ့ပစ္စည်း ဖြစ်နေတယ်။
အဲဒါကြောင့်မို့လည်းသုံးရတာ။ အခု ဒီနေရာမှာ မရောင်းရဘူး
ဆိုတော့ဗျာ၊ သူတို့ နေရာအခင်း ချပေးမယ်ဆိုရင်တော့
သူတို့ အဆင်ပြေသလို ကိုယ်ကလည်း လုပ်ရမှာပေါ့” လို့
လမ်းဘေးမှာ ဦးထုပ်ရောင်းချသူ ကိုအောင်ခင်က
ပြောပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက်မှာတော့ လမ်းဘေးဈေး
ရောင်းချသူတွေဆီက ဈေးကောက်မယူတော့ဘဲ
လက်ရှိအစိုးရလက်ထက်မှာ ဈေးသည်တွေကို ကြပ်မတ်ဖို့
စဉ်းစားလာတာလည်း ဖြစ်ပါတယ်။

(ပိုင်စိုး)

***

၃။ "ပုဇွန်တောင်မြို့နယ်တွင် နောက်ဖေးလမ်းကြား ပစ္စည်းပုံ
သည့် စီးပွားရေးလုပ်ငန်းရှင် ၇ ဦးကို စည်ပင်မှ ဒဏ်ရိုက်"

ပုဇွန်တောင်မြို့နယ်အတွင်းရှိ နောက်ဖေးလမ်းကြားတွင်
ခွင့်ပြုနယ်နိမိတ်ကို ကျော်လွန်၍ စည်းကမ်းနဲ့ပစ္စည်းများစုပုံ
ုထားသော ကန်ထရိုက်လုပ်ငန်းများနှင့် စားသောက်ဆိုင်လုပ်ငန်း
၇ ခုကို ဒဏ်ရိုက်အရေးယူခဲ့ကြောင်း ပုဇွန်တောင်မြို့နယ်၊
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သိရသည်။

ယင်းဌာနမှ စက်တင်ဘာ ၁၀ ရက်နေ့အထိ
ကန်ထရိုက်ဆောက်လုပ်ရေးလုပ်ငန်း ၅ ခုနှင့်
စားသောက်ဆိုင်လုပ်ငန်း ၂ ခုတို့ကို အရေးယူဒဏ်ရိုတ်ခဲ့ပြီး
ယင်း စီးပွားရေးလုပ်ငန်းများမှာ ၄၉ လမ်းမှ ၂ ခု ၊
၅၁ လမ်းမှ ၂ ခု၊ ရေကျော်ရပ်ကွက်မှ ၃ ခုတို့ဖြစ်ကြောင်း
၎င်းကပြောသည်။

“နောက်ဖေးလမ်းကြားမှာ စည်းကမ်းမဲ့အမှိုက်စုပုံထားလို့ပါ။
ဒါတွေက အရင်ကတည်းကလည်း ခွင့်မပြုဘူး၊
ဆောက်လုပ်ရေးတွေက အမှိုက်တွေစုပုံထားတာ။
အခုဝင်ရှင်းလိုက်တော့ လုပ်ငန်းခွင်က လုပ်ငန်းသုံး
အမှိုက်တွေ၊ စားသောက်ဆိုင်က အမှိုက်တွေ စုပုံထား
တာတွေ့လို့ပါ '' ဟု အဆိုပါဌာနမှ သန့်ရှင်းရေးတာဝန်ခံ
ဦးသန်းထိုက်အောင်က News Watch သို့
စက်တင်ဘာ ၁၀ ရက်တွင် ပြောသည်။

နောက်ဖေးလမ်းကြားတွင် စည်းကမ်းမဲ့အမှိုက်စုပုံထားသော
ကန်ထရိုက်လုပ်ငန်းတခုအတွက် ဒဏ်ကြေး ၃သောင်း၊
စားသောက်ဆိုင်လုပ်ငန်းအတွက် ဒဏ်ကြေး ၁ သောင်း
အသီးသီး ဒဏ်ရိုက်အရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စည်းကမ်းမဲ့ အမှိုက်ပစ်ချမှုအတွက် ပညာပေးအဖြစ်
ဆောက်ရွက်ခဲ့ခြင်းဖြစ်ပြီး ပညာပေးကာလအလွန်တွင်
ဒဏ်ကြေးတိုးမြှင့်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

ပုဇွန်တောင်မြို့နယ်တွင် ရပ်ကွက် ၁၀ ခုရှိပြီး
စက်တင်ဘာ ၁၁ ရက်နေ့အထိ ရပ်ကွက် ၆ ခု၏
နောက်ဖေးလမ်းကြားအမှိုက်များကို ရှင်းလင်းခဲ့ကြောင်း
ရပ်ကွက် ၁ ခုမှာ နောက်ဖေးလမ်းကြားမရှိသည့်အတွက်
ကျန်ရှိနေကြောင်းနှင့် ရပ်ကွက် ၃ ခုအား ရှင်းလင်းမှု
၂ ပတ်ခန့် ကြာမြင့်မည်ဟု ခန့်မှန်းကြောင်း
ပုဇွန်တောင်မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး
ဦးဇော်မြင့်က ပြောသည် ။

(လင်းလင်းအောင်)

credit - News Watch Journal & DVB News

No comments:

Post a Comment