“အမေရိကန် စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေးနှင့်
ပတ်သက်သည့် သတင်းများ”
၁။ "မြန်မာနိုင်ငံအပေါ် ထားရှိသော ပိတ်ဆို့အရေးယူမှုများ
ရုပ်သိမ်း ဖယ်ရှားပေးတော့မည်"
စစ်ဘက်အုပ်စိုးသည့် အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့
ကူးပြောင်းနိုင်ခဲ့ခြင်းအတွက် ထိုက်တန်စွာတုံ့ပြန်သည့်
အနေဖြင့် မြန်မာနိုင်ငံအပေါ် ထားရှိသော စီးပွားရေးပိတ်ဆို့
အရေးယူမှုများ ဖယ်ရှားပေးရန် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း
အမေရိကန်သမ္မတ အိုဘားမားက ထုတ်ပြန်
ကြေညာလိုက်သည်။
ထိုထုတ်ပြန်ကြေညာချက်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်နှင့် အိမ်ဖြူတော်ရှိ ဘဲဥပုံရုံးခန်းတွင်
တွေ့ဆုံဆွေးနွေးပြီးနောက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
"ဒီကနေ့မှာတော့ ကျွန်တော်တို့နိုင်ငံက မြန်မာနိုင်ငံအပေါ်
ထားရှိခဲ့တဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဖယ်ရှားပေးဖို့
ပြင်ဆင်ထားပြီး ဖြစ်ပါတယ်" ဟု အိုဘားမားက
ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် အောင်မြင်သည့် လူမှုရေး၊ နိုင်ငံရေး
အပြောင်းအလဲများကြောင့် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း
ညွှန်းဆိုခဲ့သည်။
"မြန်မာပြည်သူတွေအတွက် ထိုက်တန်တဲ့ ဆုလာဒ်အနေနဲ့
စီးပွားရေးလုပ်ငန်းဆောင်ရွက်မှု နည်းလမ်းအသစ်ကို
မြင်တွေ့နိုင်ဖို့အတွက် ဒါဟာ လုပ်ဆောင်ပေးရမယ့်
လုပ်ရပ်အမှန် ဖြစ်ပါတယ်" ဟု ၄င်းက ပြောကြားခဲ့သည်။
မည်သည့်အချိန်တွင် ဆန်ရှင် ရုပ်သိမ်းဖယ်ရှားပေးမလဲ
ဟု သတင်းထောက် တစ်ဦးက မေးမြန်းရာတွင်
"မကြာခင်ပါပဲ"
ဟု အိုဘားမားက ပြန်လည် ဖြေကြားခဲ့သည်။
***
“သမ္မတ အိုဘားမားနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ၏ တွေ့ဆုံ
ဆွေးနွေးမှုမှ စီးပွားရေးနှင့် ဆိုင်ရာ ကောက်နှုတ်ချက်”
(သမ္မတ အိုဘားမား နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ
ဝါရှင်တန်မြို့ တော်ရှိ သမ္မတအိမ်ဖြူတော်မှာ
စက်တင်ဘာ ၁၄ ရက် မနက် ၁၁ နာရီခွဲမှာ တစ်နာရီကြာ
ခန့် တွေ့ဆုံခဲ့ကြပါတယ်။ ၄င်းတွေ့ဆုံမှုအပြီး ခေါင်းဆောင်
နှစ်ဦးတို့ဟာ သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ
ပြောကြားခဲ့တဲ့ နှစ်နိုင်ငံ ကိစ္စရပ်များအနက်မှ စီးပွားရေးနဲ့
သာ သက်ဆိုင်တဲ့ ကောက်နှုတ်ချက်ပါ။)
သမ္မတ အိုဘားမား
--------------------
"....... ။ မြန်မာပြည်သူ ပြည်သားတွေဟာ အခု အစိုးရသစ်
တက်လာအပြီး အစိုးရသစ်ရဲ့ လုပ်ဆောင်မှုတွေနဲ့ စီးပွားရေး
လုပ်ပိုင်ခွင့် အသစ်တွေအရ အကျိုးအမြတ်တွေ ခံစား
နေရပါပြီ။
တချိန်တည်းမှာပဲ ကျနော်တို့အနေနဲ့ မြန်မာနိုင်ငံကို GSP
လို့ခေါ်တဲ့ ကုန်သွယ်ရေး အထူးခံစားခွင့်တွေ ပြန်လည်
ပေးအပ်ဖို့ ရှိပါတယ်။
ဒါဟာ ဆင်းရဲတဲ့နိုင်ငံတွေအတွက် ကမ္ဘာလုံးဆိုင်ရာ
ကုန်သွယ်မှုကို ပြန်လည် ၀င်ရောက်နိုင်ရေး၊ ကုန်သွယ်ရေးနဲ့
စီးပွားရေး အကျိုးခံစားခွင့်တွေလည်း ဖြစ်ပါတယ်။
ဒီလို ပြန်လည်ပေးအပ်မှုတွေနဲ့ အကျိုးခံစားခွင့်တွေကို
ပေါင်းစည်းလိုက်မယ်ဆိုရင် အမေရိကန် စီးပွားရေးကုမ္ပဏီ
တွေရော၊ အကျိုးအမြတ် အဓိကမထားတဲ့ လုပ်ငန်းတွေ
အတွက်ပါ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုလုပ်နိုင်ရေး
ဆွဲဆောင်မှုပေးနိုင်မယ့်အပြင် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုနဲ့
ဒီမိုကရေစီရေးရာ ဦးစားပေးမှု အစီအစဉ်တွေကိုပါ ဖြစ်ထွန်း
လာပါစေလိမ့်မယ်။ ……. ။
အမေရိကန်နိုင်ငံသားတွေကိုလည်း မြန်မာနိုင်ငံကို
သွားရောက် လည်ပတ်ကြဖို့ ကျနော့်အနေနဲ့ အားပေးပါတယ်။
မြန်မာနိုင်ငံဟာ သာယာလှပတဲ့အပြင်၊ ထူးခြားတဲ့ ယဉ်ကျေးမှု၊
ရင်းနှီးပျူငှာတဲ့ ပြည်သူတွေ ရှိနေတာပါ။
ဒါ့အပြင် ကမ္ဘာလှည့်ခရီးသွားတွေကို ကြိုဆိုဖို့ လုပ်ငန်းစဉ်
တွေလည်း ဖွံ့ဖြိုးလာနေပြီလို့ ကျနော် ယုံကြည်ပါတယ်။
ကျနော့်အနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိ ဆောင်ရွက်ခဲ့သမျှတွေ
အတွက် ချီးကျူးဂုဏ်ပြုပါတယ်။ ....... ။"
ဒေါ်အောင်ဆန်းစုကြည်
-------------------------
" ........ ။ ကျမတို့ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုအတွက်
အမေရိကန် ကွန်ဂရက်လွှတ်တော်ဟာ အထူးကောင်းမွန်တဲ့
မိတ်ဆွေ ဖြစ်ပါတယ်။
အားလုံးသိကြတဲ့အတိုင်းပဲ ကျမတို့နိုင်ငံမှာ ဒီမိုကရေစီ
ပေါ်ထွန်းဖို့အတွက် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချမှတ်ပေးခဲ့
တာဟာ ကွန်ဂရက်ရဲ့ လုပ်ဆောင်ချက်တွေအထဲ တခု
အပါအ၀င် ဖြစ်ပါတယ်။
ဒီအချိန်ဟာ ကျမတို့နိုင်ငံ စီးပွားရေးကို ထိခိုက်စေမယ့်
ဒဏ်ခတ်ပိတ်ဆို့ မှုတွေအားလုံးကို ဖယ်ရှားပစ်ဖို့
အချိန်ရောက်ပြီလို့ ကျမတို့ ထင်ပါတယ်။ ဘာကြောင့်လဲ
ဆိုတော့ ကျမတို့နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ပါဝင်
ဆောင်ရွက်လိုတဲ့ သူတွေအတွက် တံခါးဖွင့်ပေးနိုင်မယ့်
အချိန် ရောက်နေပြီ ဖြစ်လို့ပါပဲ။
လူတိုင်းကို ကျမတို့နိုင်ငံလာဖို့ ဖိတ်ခေါ်ပါတယ်။
ဘာကြောင့် အဲဒီမှာ ရင်းနှီးမြှုပ်နှံစေချင်သလဲဆိုတာ
လာကြည့်စေချင်ပါတယ်။ ရှင်တို့ရော၊ ကျမတို့ပါ အားလုံး
အကျိုးရှိအောင် ဘယ်လိုရင်းနှီးမြှုပ်နှံသင့်သလဲ ဆိုတာကို
လည်း လာကြည့် စေချင်ပါတယ်။
အကျိုးအမြတ်ရအောင် မလုပ်နိုင်တဲ့ စီးပွားရေးသမားဟာ
အသုံးမကျဘူးလို့ ကျမအမြဲပြောခဲ့ပါတယ်။ ဒါကြောင့်
ကျမတို့ဆီကို လာကြပါ။ သူတို့အတွက်လည်း ဘယ်လို
အမြတ်အစွန်းရအောင် လုပ်ကြမလဲဆိုတာ သိမှာ
ဖြစ်ပါတယ်။
ကိုယ့်အကျိုးစီးပွားအတွက်တောင် မလုပ်နိုင်ရင်
သူများအကျိုးစီးပွားအတွက်လည်း လုပ်ဆောင်နိုင်မှာ
မဟုတ်ပါဘူး။ ဒါကြောင့် အောင်မြင်တဲ့ စီးပွားရေး
လုပ်ငန်းတွေ၊ ကုမ္ပဏီတွေကို ကျမတို့က
သိပ်လာစေချင်ပါတယ်။ သူတို့အတွက် အကျိုးရှိမယ့်
အခွင့်အလမ်းတွေကို အသုံးချစေချင်ပါတယ်။
* ကျမတို့ရဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို မကြာခင်
အတည်ပြု တော့မှာပါ။ နောက်ရက်သတ္တပတ် အနည်းငယ်
အတွင်းမှာ ဖြစ်နိုင်မယ်ထင်ပါတယ်။ ဒီဥပဒေနဲ့အတူ
ပိတ်ဆို့မှုတွေကို ဖယ်ရှားလိုက်ခြင်းအားဖြင့် ကမ္ဘာအနှံ့က
လူအများအပြားကို စွဲဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်။ *
ကျမတို့နိုင်ငံဟာ မကြာခင် အဆင့်အတန်း မြင့်မား
လာတော့မယ့် အခြေအနေမှာ ရှိနေပါပြီ။
....... ။"
(ဦးကျော်ဇံသာ)
***
၃။ "အမေရိကန် ပိတ်ဆို့မှု ရုပ်သိမ်းခြင်းနှင့်
သက်ရောက်မှုများ"
ဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေး ဆီသို့ အကူးအပြောင်းကို
ပံ့ပိုးရန် အထီးကျန် အရှေ့တောင်အာရှ နိုင်ငံ ဖြစ်သော
မြန်မာနိုင်ငံ အပေါ် အမေရိကန်က စီးပွားရေး အရေးယူ
ပိတ်ဆို့မှုများ ရုပ်သိမ်းတော့မည် ဖြစ်သည်။
သမ္မတ အိုဘားမား နှင့် ဒေါ်အောင်ဆန်းစုကြည်
အိမ်ဖြူတော်တွင် တွေ့ဆုံပြီးနောက် အမေရိကန်က
ချမှတ်ထား သော လက်ကျန် စီးပွားရေး ပိတ်ဆို့မှုများ
ရုပ်သိမ်းရန်နှင့် ကုန်သွယ်ခွင့်အထူးအခွင့်အရေး ပေးရန်
အစီအစဉ်တခုကို ကြေညာခဲ့သည်။
အရေးယူပိတ်ဆို့မှု အများစုကို ရုပ်သိမ်းရန်အစီအစဉ်များနှင့်
သက်ရောက်မှုများမှာ အောက်ပါအတိုင်း ဖြစ်သည်။
ဘယ်လို ပိတ်ဆို့မှုတွေ ရုပ်သိမ်းမလဲ
--------------------------------------
လွန်ခဲ့သော ၅ နှစ် မြန်မာနိုင်ငံသည်ပြုပြင်ပြောင်းလဲမှု
စတင်ချိန်မှစ၍ အမေရိကန်နိုင်ငံသည် ကျယ်ပြန့်သော
အရေးယူမှုများကို ဖြေလျှော့ ပေးခဲ့သော်လည်း စစ်တပ်ပိုင်
ကုမ္ပဏီများနှင့် ယခင်အာဏာရ စစ်အစိုးရ အရာရှိများ၊
သူတို့၏ အပေါင်းအပါများကို ပစ်မှတ်ထားသောအရေးယူ
ပိတ်ဆို့ မှုများကိုဆက်လက်ထား ရှိခဲ့သည်။
အမေရိကန်က ဖွံဖြိုးမှု အနိမ့်ကျဆုံး နိုင်ငံများသို့ ပေးနေသော
ကုန်သွယ်ရေး အကျိုး ခံစားခွင့် များ ကို လည်းမြန်မာနိုင်ငံသို့
ပြန်လည် ပေးရန် အိမ်ဖြူတော်က ကွန်ကရက်သို့
အကြောင်းကြားခဲ့သည်။
အဆိုပါ ခံစားခွင့် သည် ၁၉၈၉ ခုနှစ်တွင် စစ်တပ်က
ဒီမိုကရေစီရေး ဆန္ဒပြသူများကို နှိမ်နင်းခဲ့မှုကြောင့် ဆိုင်းငံ့
ခံခဲ့ရသော ခံစားခွင့် ဖြစ်သည်။
ပိတ်ဆို့မှု ရုပ်သိမ်းမှုက ဘယ်လို ထောက်ကူနိုင်မလဲ
------------------------------------------------------
အမေရိကန် ကုမ္ပဏီများနှင့် ဘဏ်များသည် အာရှ၏
ဈေးကွက်သစ်များအနက် တခုဖြစ်သော မြန်မာနိုင်ငံတွင်
ပါဝင်ပတ်သက်ရန်ကိုသတိ ကြီးကြီးထား ရှောင်ရှားနေကြ
ဆဲဖြစ်သည်။
လက်ကျန် ပိတ်ဆို့မှု အရေးယူမှု အများစုကို ရုပ်သိမ်းခြင်းဖြင့်
အိုဘားမားက အမေရိကန်ကုမ္ဗဏီများ မြန်မာနိုင်ငံတွင်
ရင်းနှီးမြှုပ်နှံရန် နှင့် အလျင်အမြန် ဖွံ့ဖြိုးနေသော
မြန်မာ့ စီးပွားရေး နှင့် ပိုမိုလွတ်လပ်စွာ ကုန်သွယ်ရန် လမ်းဖွင့်
ပေးလိုက်ခြင်းဖြစ်သည်။ မြန်မာ ကုမ္ပဏီများကိုလည်း
အမေရိကန် ကုမ္ပဏီများနှင့် စီးပွားရေး လုပ်ခွင့်
ပြုလိုက်ခြင်း ဖြစ် သည်။
သွင်းကုန် အခွန် လျှော့ချခြင်းကဲ့သို့သော ကုန်သွယ်ရေး
မျက်နှာသာပေးမှု Generalized System of Preferences
(GSP) သည်လည်း မြန်မာ့ ကုန်ထုတ်လုပ်ငန်းအဓိက
ထုတ်ကုန်များဖြစ်သော အထည်ချုပ်လုပ်ငန်းများနှင့်
အထည်အလိပ်လုပ်ငန်းများအတွက်
လမ်းပိုမိုဖွင့်ပေးခြင်းဖြစ်သည်။
ဘာတွေ ဖြစ်မလဲ
-------------------
ဆယ်စုနှစ် ၂ ခုကြာမျှ အမေရိကန်သမ္မတ အဆက်ဆက်သည်
မြန်မာနိုင်ငံနှင့်ပတ်သက်သော အမျိုးသား အရေးပေါ်
အခြေအနေကို ကြေညာသည့် အုပ်ချုပ်ရေး အမိန့်ကို နှစ်စဉ်
သက်တမ်း တိုးခဲ့ကြသည်။
သမ္မတ အိုဘားမားသည် အရေးပေါ် အခြေအနေ ရုပ်သိမ်းရန်
အုပ်ချုပ်ရေး အမိန့်သစ် ထုတ်ပြန်ရမည်။
မြန်မာမှ လူပုဂ္ဂိုလ် နှင့် ကုမ္ပဏီ ၁၁၁ ခုတို့ကို ဘဏ္ဍာရေးဌာန၏
အမည်ပျက်စာရင်းမှ ထုတ်ပယ်ပြီး စစ်ဘက်နှင့် ရင်းနှီးမြှုပ်နှံခြင်း ၊
ပတ္တမြားနှင့် ကျောက်စိမ်း တင်သွင်းမှုကန့်သတ်ချက်များ
ဖယ်ရှားခြင်းများ ပြုလုပ်နိုင်ဖွယ်ရှိဟု အမေရိကန် အရာရှိများက
ပြောသည်။
ဆက်လက်ကျန်ရှိမည့် ပိတ်ဆို့မှုများ
-------------------------------------
မူးယစ်ဆေးဝါး ရောင်းဝယ်မှု နှင့် မြန်မာမှတဆင့်
မြောက်ကိုရီးယားနှင့် စစ်ဘက်ကုန်သွယ်ခြင်းကိုတားဆီးရန်
ရည်ရွယ်သောပြစ်ဒဏ်များဆက်လက်ကျန်ရှိနေမည်ဖြစ်ပြီး
စစ်ဘက် လက်ရှိနှင့် ယခင် အရာရှိတချို့ အပေါ် ချမှတ်
ထားသော ပြည်ဝင်ခွင့် ပိတ်ပင်မှု ဆက်လက် တည်ရှိ
နေမည်ဖြစ်သည်။
စိုးရိမ်ပူပန်မှုများ
-----------------
လူနည်းစု လူမျိုးစု ဒေသများတွင် မြန်မာ စစ်တပ်က
ကျူးလွန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှု များကြောင့်
လူ့ အခွင့်အရေး အဖွဲ့များက အရေးယူ ပိတ်ဆို့ မှုများ
ဆက်လက် ထားရှိရေးကို လိုလားကြသည်။
အကြီးမား ဆုံး စိုးရိမ်မှုတခုမှာ လူ့အသိုက်အ၀န်းတွင်
ပဋိပက္ခကြောင့် နေရပ်စွန်ခွာနေရပြီး နိုင်ငံသားဖြစ်မှုငြင်းပယ်ခံ
နေရသော လူနည်းစု မွတ်စလင်များအတွက်ဖြစ်သည်။
စစ်ဘက်နှင့် ပတ်သက်သော အထက်တန်းလွှာများ၊
အမေရိကန် ပိတ်ဆို့ အရေးယူခံထားရသောမူးယစ်ဘုရင်များ
နှင့် ခရိုနီ ကုမ္ပဏီများ သည် စီးပွားရေးတွင် အထူးသဖြင့်
ကျောက်စိမ်းလုပ်ငန်းတွင် ကြီးမားစွာပါဝင်ကြပြီး
မြန်မာ့ စီးပွားရေး ထုတ်လုပ်မှု ထက်ဝက်ရှိသည်။
မရေရာသော အကျိုးကျေးဇူးများ
---------------------------------
ရင်းနှီးမြှုပ်နှံမှုနှင့် အမေရိကန်နှင့် ကုန်သွယ်မှု တိုးတက်လာ
သောကြောင့်
- သာမန်မြန်မာ ပြည်သူများ အတွက်ပိုမို ကောင်းမွန် သော
အလုပ်အကိုင် အခွင့်အလမ်းများ နှင့် ပိုမိုကောင်းမွန်သော
အရည် အသွေးမြင့်သွင်းကုန်များ သုံးစွဲခွင့် ရရှိမည်ဖြစ်သည်။
- အမေရိကန် အတွက်မူ သယံဇာတ ကြွယ်ဝပြီး
လူဦးရေ ၅၄ သန်းရှိသော ဈေးကွက်နှင့် ထိတွေ့ခွင့် ရရှိမည်
ဖြစ်သည်။
- အမေရိကန် စီးပွားရေး အသိုင်းအ၀ိုင်းအနေဖြင့် မြန်မာ့နိုင်ငံ၏
နိုင်ငံခြား ရင်းနှီး မြှပ်နှံမှု တွင် အများဆုံး ရင်းနှီးမြှုပ်နှံ
ထားသော တရုတ်နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
(ကိုးကား -အေပီ)
credit - Myanmar State Counsellor Office /
VOA News & Irrawaddy Publishing Group
မှတ်ချက်။
အိမ်ခြံမြေ အကြောင်းအရာများနှင့် တိုက်ရိုက်
မသက်ဆိုင်သော်လည်း သွယ်ဝိုက်ပတ်သက်မှု့ ရှိသည့်
စီးပွါးရေးနှင့်ဆိုင်ရာ ဆောင်းပါး/သတင်းများ ဖြစ်နေပါသဖြင့်
မိတ်ဆွေများ လေ့လာနိုင်ရန် တင်ခဲ့ခြင်းဖြစ်ပါသည်။
“အိမ်ခြံမြေ လမ်းဆုံ”
No comments:
Post a Comment