Friday, September 9, 2016

“အစိုးရက ကျူးကျော်တွေကို စီမံချက်ချ ဆောင်ရွက်နေပြီလား?”

“အစိုးရက ကျူးကျော်တွေကို စီမံချက်ချ
ဆောင်ရွက်နေပြီလား?”


၁။ "ဒဂုံမြို့သစ်တောင်ပိုင်း ကျူးကျော်များ၏ စာရင်း
စကောက်ပြီ"

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်း ခရိုင်အတွင်း ဒဂုံမြို့သစ်
တောင်ပိုင်းရှိ ကျူးကျော်နေထိုင်သူများ၏ စာရင်းကို
စက်တင်ဘာ ၂ ရက်မှ စတင်ကာ ၁၅ ရက်အတွင်းအပြီး
ကောက်ယူသွားမည်ဖြစ်ကြောင်း ယင်းမြို့နယ် အထွေထွေ
အုပ်ချုပ်ရေးမှူး ဦးကျော်ဇောလှက News Watch သို့
စက်တင်ဘာ ၁ ရက်တွင် ပြောသည်။

''ရပ်ကွက်-၁၄၁ကိုအရင်စကောက်မယ်။ အဲဒီနေရာက
ကျူးတွေများတယ်။ စက်မှုဇုန်တွေရှိတဲ့နေရာမှာ ကျူးကျော်
နေကြတာ။ဒီရပ်ကွက်က ကျူးကျော်တွေကို (၁၇)ရပ်ကွက်က
ယာယီအုပ်ချုပ်ထားတယ်။ ၁၄၁ ပြီးရင် ၁၄၂၊ ၁၄၃ ရပ်ကွက်
တွေအားလုံးကို ၃ ရက်အတွင်း ပြီးအောင်ကောက်မယ်။
၁၇ ရပ်ကွက်အပါအ၀င် ရပ်ကွက်တွေအားလုံးမှာ
အိမ်ခြေ ၈၂၂ အိမ်နဲ့ လူဦးရေ ၃၁၂၂ ယောက်ရှိပါတယ်။
၁၅ ရက်နေ့အပြီးဆိုပေမယ့် ၁၆ ရက်တော့
ခန့်မှန်းထားတယ်'' ဟု ၎င်းကပြောသည်။

ယင်းကျူးကျော်စာရင်းများ ကောက်ယူရာတွင် သက်ဆိုင်ရာ
ရပ်ကွက်၊ မြို့နယ်၊ ခရိုင်တို့မှ ကြီးကြပ်မည်ဖြစ်ပြီး စာရင်း
ကောက်ယူရေးအဖွဲ့ ၃၀ ဦး၊ကွန်ပျူတာစာရင်းသွင်းသူ ၁၈ ဦး
တို့ဖြင့် ယာယီကောက်ခံထားသော ကျူးကျော်စာရင်းများ
အတိုင်း ဒဂုံမြို့သစ်တောင်ပိုင်းရှိ အောင်သိဒ္ဓိဓမ္မာရုံသို့
ခေါ်ယူကာ ကောက်ခံသွားမည်ဖြစ်ကြောင်း
ဦးကျော်ဇောလှက ပြောသည်။

ကျူးကျော်နေထိုင်သူများ၏ ဓာတ်ပုံ၊ လက်ဗွေနှင့် ကျူးကျော်
နေထိုင်ရသည့် အကြောင်းရင်းများကို စာရင်းကာက်မည်
ဖြစ်ကြောင်းနှင့် ဒဂုံမြို့သစ်တောင်ပိုင်းရှိရပ်ကွက် ၂၁ တွင်
သက်ဆိုင်ရာထွေ/ အုပ်၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတို့
ကောက် ယူထားသည့် ကနဦး စာရင်းအရကျူးကျော်
နေအိမ်ပေါင်း ၄၆၅၄ လုံးနှင့် လူဦးရေ ၁၈၉၄၇ ဦးရှိကြောင်း
သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျူးကျော်နေထိုင်သူများ
စာရင်းကိုကောက်ယူမည်ဖြစ်ပြီး မှန်ကန်မှုရှိ၊ မရှိ စိစစ်သွားကာ
၎င်းတို့၏ ဘ၀ပြန်လည်ထူထောင်ရေးအတွက် အမှန်တကယ်
နေထိုင်စရာမရှိသူများကို နေထိုင်စရာစီစဉ်ပေးမည်ဟု
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြောကြားထားသည်။

''အားလုံးစာရင်းကောက်ပြီးတာနဲ့ စာရင်းသွင်းမှာ၊ ကွန်ပျူတာ
စာရင်းလည်း သွင်းမယ်။ အဲဒါပြီးရင် အစိုးရအဖွဲ့က
ဘာညွှန်ကြားမလဲ မသိသေးဘူး။ သူတို့ကို ဘယ်လိုစီစဉ်
ပေးမလဲ မပြောနိုင်သေးဘူး'' ဟု ဦးကျော်ဇောလှက
ပြောသည်။

(လင်းလင်းအောင်)

***

၂။ "အမြန်လမ်းပေါ်ရှိကျူးကျော်များကို ဥပဒေအရဆက်လက်
အရေးယူမည်"

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီး
ဌာနက အစိုးရမြေပေါ်တွင်တရားမ၀င်နေထိုင်မှုဖြင့်
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဘေးရှိ မြေဧက၁,၄၀၀
ကျော်တွင် ကျူးကျော်နေထိုင်သူများကို စက်တင်ဘာ ၅ ရက်
နောက်ဆုံးထားဖယ်ရှား ပေးရန် အကြောင်းကြားစာများ
ပေးပို့ခဲ့ပြီး ဖြစ်၍ ဖယ်ရှားပေးခြင်းမရှိပါက၁၈၉၁ ခုနှစ်
မြန်မာနိုင်ငံအောက်ပိုင်း မြို့ရွာနှင့် မြေယာ အက်ဥပဒေအရ
ဆက်လက်အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း
အဆိုပါဌာန၏ ညွှန်ကြားရေးမှူး ဦးယုခိုင်က
မြန်မာတိုင်း(မ်) ကို ပြောသည်။

"အရင်အစိုးရလက်ထက်တုန်းကလည်း တစ်ခါရှင်းထားပြီးသား
နေရာတွေပါ။ အခုအဲဒီနေရာတွေမှာ ပြန်ဝင်ကျူးကျော်နေတယ်
ဆိုတာကလည်း အုပ်ချုပ်မှုဆိုင်ရာ အားနည်းချက်တွေရှိလို့ပါ။
ဒါပေမဲ့ ကျူးတွေက အုပ်စုများလို့ အာဏာပိုင်တွေဘက်က
သွားဖို့ ကလည်းနည်းနည်းခက်တဲ့ အနေအထား တော့ရှိတယ်။
အခုသူတို့ကို စက်တင်ဘာ ၅ ရက် နောက်ဆုံးဖယ်ရှားပေးဖို့
စာပို့ထား တယ်။ မဖယ်သေးဘူးဆိုရင်တော့ ဥပဒေအရ
လုပ်သင့်လုပ်ထိုက်တာဆက်လုပ်သွားမယ်" ဟု
၎င်းကပြောသည်။

လှည်းကူးမြို့နယ်အတွင်းရှိပြီး ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး
မိုင်တိုင် သုံးမိုင်မှ ငါးမိုင်းအတွင်းလမ်းမကြီးဘေး ၀ဲ၊ ယာတွင်
မြေကွက်များ ရိုက်ကာ ကျေးရွာများတည်ဆောက်၍ ကျူးကျော်
နေထိုင်ကြသည့်အဆိုပါမြေနေရာတွင် ကျူးကျော်များကို
ဩဂုတ် ၂၃ ရက်က ဖယ်ရှားပေးရန် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး
ဌာနကအကြောင်းကြာစာ များပေးပို့ထားပြီးဖြစ်သော်လည်း
ကျူးကျော် နေထိုင်သူများက မြေနေရာအစားထိုးပေးခြင်း
မရှိသရွေ့ ဖယ်ရှားပေးမည်မဟုတ်ကြောင်း ပြောသည်။

"ကျွန်တော်တို့ကို မြေနေရာမပေးဘဲ တဲတွေ လာဖျက်မယ်
ဆိုရင်တော့ သူတို့ မနက်လာဖျက်ညနေပြန်ဝင်နေရမှာပဲ။
သွားစရာနေစရာနေရာမှ မရှိတာ၊ မြေပေးမယ် ဆိုရင်လည်း
လုပ်စားလို့ရတဲ့နေရာတွေကိုပဲ လက်ခံမယ်။ ရွှေ့ပြောင်းစရိတ်ကို
လည်း နိုင်ငံတော်ဘက်က ပေးရမယ်။ ပြည်သူ့အစိုးရဖြစ်တဲ့
အတွက် ဒီမြေနဲ့ ဒီပြည်သူကို ပြန်ကြည့် ရမယ်။
ပွင့်ပွင့်လင်းလင်းပြောရရင် နေစရာမရှိလို့ အစိုးရဆီက
နေစရာမြေကို အမွေတောင်းတဲ့သဘောပါ။ အစိုးရကတော့
အစ်ကို တို့ကိုကျူးကျော်လို့ခေါ်ပေမဲ့ အစ်ကိုတို့က နေစရာ
နေရာမရှိလို့ အဆင်ပြေမယ့် နေရာကို ရွေးပြီးစုနေကြရတာပါ"
ဟု ကျူးကျော်နေထိုင် သူတစ်ဦးဖြစ်သူ ဦးမောင်နိုင်က
ပြောသည်။

အဆိုပါနေရာတွင် ကျူးကျော်နေထိုင်သူများက ပြီးခဲ့သည့်
အစိုးရလက်ထက်ကတည်းကပင်လာရောက်နေထိုင်ခဲ့ရာ
ယခင်အစိုးရ ကပင် ဖယ်ရှားရှင်းလင်းခဲ့ပြီးဖြစ်သော်လည်း
အစိုးရသစ်လက်ထက်တွင် ထပ်မံလာရောက် နေထိုင်ခြင်း
ဖြစ်ကာ လက်ရှိတွင် ကျူးကျော် နေထိုင်သူပေါင်း
၎,၀၀၀ ကျော်ရှိနေပြီ ဖြစ်သည်။

ယင်းကျူးကျော်မြေနေရာ၌ ကျူးကျော်နေ ထိုင်သူများက
အောင်ရတနာ၊ ရတနာအောင် နှင့်ကန့်ကော်ကျွန်း ကျေးရွာ
သစ်များဟု အမည်ပေးထားသည့် ကျေးရွားများကိုပင်
တည်ကာနေထိုင်လျက်ရှိပြီး ယင်းမြေနေရာများ၌ ဦးစွာ
ရောက်ရှိနေထိုင်သူများက ကျေးရွာအဖွဲ့အစည်းများ
ဖွဲ့စည်းကာ မြေကွက်များ ရိုက်၍ ငွေများကောက်ခံကာ
နေထိုင်နေကြ ခြင်းဖြစ်ကြောင်းဦးမောင်နိုင်က ပြောသည်။

"နေစရာမရှိတဲ့လူတွေအတွက် မြေနေရာ ဖန်တီးပေးတယ်။
အလှူငွေလည်း တတ်နိုင်သလောက်တော့ ထည့်ခိုင်းတယ်။
တချို့မတတ် နိုင်တဲ့လူတွေဆိုရင်လည်းပိုက်ဆံမကောက်ပါဘူး။
အစ်ကိုတို့ စနေနေခြင်းမှာ ဒီနေရာတွေက တောရိုင်းမြေကြီးပါ။
မနည်းခုတ်ထွင်၊ ချုံတွေ ရှင်းပြီး နေခဲ့ရတယ်" ဟု
ကန့်ကော်ကျွန်းကျေးရွာသစ်ကိုဦးဆောင်ဖော်ထုတ်ခဲ့သူ
တစ်ဦးလည်းဖြစ်သည့် ဦးမောင်နိုင်က ပြောသည်။

ယင်းကန့်ကော်ကျွန်းကျေးရွာသစ်သည် ၂၀၁၅ ခုနှစ် မတ်လတွင်
စတင်ကျူးကျော် နေထိုင်ကာ ကျေးရွာအဖြစ် တည်ခဲ့ခြင်း ဖြစ်ပြီး
ပေ ၄၀၊ ၆၀ အကျယ်နှင့် ပေ ၂၀၊ ၆၀ အကျယ်ရှိသည့်
မြေကွက်ပေါင်း ၅၄၇ ကွက်ကိုအကွက်ရိုက်ကာ ကျူးကျော်
နေထိုင်နေကြ ခြင်းဖြစ်သည်။

အဆိုပါမြေနေရာသည် သမ္မတဦးသိန်းစိန် လက်ထက်တွင်
စိုက်ပျိုးရေဦးစီးဌာနက ပိုင်ဆိုင်ခဲ့သည့်မြေများဖြစ်သော်လည်း
ပြီးခဲ့သည့် မတ် ၁၂ ရက်တွင် စိုက်ပျိုးရေးဦးစီးဌာနက
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီး
ဌာနသို့ လွှဲပြောင်းခဲ့ကာ စီမံကိန်းမြေများအဖြစ်
သတ်မှတ်ထားခြင်း ဖြစ်သည်။

ဩဂုတ် ၂၃ ရက်က မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနက
ယင်းမြေနေရာတွင် ကျူးကျော်နေထိုင်သူများကို ဖယ်ရှားရန်
အကြောင်းကြားစာများ ပေးပို့ခဲ့ရာ ကျူးကျော် နေထိုင်သူများက
ယင်းသို့ဖယ်ရှားခိုင်းမှု အပေါ် ကျေနပ်ခြင်းမရှိဘဲ အချို့မှာ
ဩဂုတ် ၂၄ ရက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

"ကျွန်တော်တို့ဆီမှာတော့ တဲအလုံးပေါင်း ၄၂၆ လုံးရှိတယ်။
ဖယ်ဖို့သတိပေးစာရထားပြီး ဖြစ်ပေမဲ့နေစရာ ပြန်မပေးမချင်း
ကတော့ ဖယ်ပေးမှာမဟုတ်ပါဘူး။ အခုမြေကွက်ဖော်ပြီး
အကွက်ရိုက်ထားတဲ့စရိတ်တွေကိုလည်း အားလုံးမျှခံတဲ့စနစ်နဲ့
လုပ်ထားတာ။ နေရာ ပြန်မပေးဘဲ ဖယ်ခိုင်းမယ်၊ ဖျက်ခိုင်း
မယ်ဆိုရင်တော့ အဲဒီနေရာမှာ ပြန်နေရဖို့ကလွဲလို့ သွားစရာ
မရှိဘူး"ဟု ယင်းကျူးကျော်မြေ နေရာ၌ရတနာအောင်ကျေးရွာ
အဖြစ် တည်ထားသည့် အဖွဲ့ခေါင်းဆောင် ဦးပြုံးချိုက
ပြောသည်။

(ဇေယျာလင်း)

***

၃။ "ပြည်နယ်အစိုးရက ကျူးကျော်နေအိမ်များ မြေထိုးစက်ကြီး
များဖြင့် ဖြိုချဖျက်ဆီး"

ချင်းပြည်နယ် ဖလမ်းမြို့နယ် ဆီးယင်းသစ်တောကြိုးဝိုင်းအတွင်း
ကျူးကျော်ဆောက်ထားကြသော လူနေအိမ်များ ကို ပြည်နယ်
အစိုးရက မြေထိုးစက်ကြီးများဖြင့် ယနေ့ ဖြိုချဖျက်ဆီးခဲ့သည်။

ချင်းပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး
ကျော်ကျော်၏ ဦးဆောင်မှုဖြင့် အင်အား ၁၀၀ ခန့်ရှိသော
ချင်းပြည်နယ်နှင့် ကလေးခရိုင်ရဲတပ်ဖွဲ့တို့မှ မြေထိုးစက် (JCB)
စက်ကြီး ၄ လုံးဖြင့် ယနေ့နံနက်ပိုင်း ၆ နာရီကစတင်ပြီး
လူနေအိမ် ၃၀၀ ကျော်ကို ဖြိုချဖျက်ဆီးခဲ့ကြခြင်းဖြစ်သည်။

ပြည်နယ်အစိုးရအနေဖြင့် အဆိုပါ ဆီးယင်းသစ်တောကြိုးဝိုင်း
အမှတ် (၁၄၄) တွင် နေထိုင်သူများအား ၂ ကြိမ်သတိပေးပြီး
ဖြစ်သော်လည်း ပြောင်းရွှေ့ခြင်းမရှိသည့်အတွက် ယခုကဲ့သို့
လုပ်ဆောင်ရခြင်းဖြစ်သည်ဟု ချင်းပြည်နယ်သစ်တောဝန်ကြီး
ဦးမာန်ဟင်းဒါလ် ကပြောသည်။

“ပြည်နယ်အစိုးရရဲ့ဆုံးဖြတ်ချက်ဖြစ်ပါတယ်၊
warning (သတိပေးချက်) ၂ ခါပေးပြီးပြီ၊ ၇ ရက်နေ့ ၈ လပိုင်းက
ပေး ပြီးပြီ၊ နောက်ပြီးတော့ ၂၂ နေ့နောက်ဆုံး ထပ်ပေးတာလေ၊
ကိုယ့်ဟာကိုဖျက်သွား ရင်ပြသနာမဖြစ်ဘူးလေ၊ မဖျက်တော့
ဒီစီမံခန့်ခွဲမှုနည်းနဲ့ ဆုံးဖြတ်တာပဲ’’ ဟု ၀န်ကြီးကပြောသည်။

နေအိမ်များဖျက်ဆီးခံရသည့် ဒေသခံပြည်သူများသည် အနီးရှိ
စီးစံကျေးရွာနှစ်ခြင်းဘုရားကျောင်းဝန်းအတွင်း ၀င်ရောက် ခို
လှုံကြရသည်။ တစ်ချို့မှာလည်း ဆွေးမျိုးအသိုင်းအ၀န်းထံသို့
သွားရောက်ခိုလှုံသူများလည်းရှိ သည်ဟု သိရသည်။

“ကျနော်တို့ကို အစိုးရက ဒီမှာမနေဖို့ အမြန်ဆုံးပြောင်းရွှေ့ကြဖို့
သတိပေးပါတယ်၊ ဒါပေမယ့် ကျနော်တို့မှာ တခြားနေစရာမှ
မရှိတာ ဘယ်မှာ သွားနေရမှာလည်း၊ အစိုးရကို မလေးစားလို့ ၊
အာခံတာလည်းမဟုတ်ပါဘူး၊ ဒီမှာနေကြတဲ့သူတွေဟာ
တခြားမှာနေစရာ အိမ်မရှိကြပါဘူး၊ အခု အိမ်လည်းအဖျက်ခံရပြီ၊
ကျနော်တို့ဘယ်မှာ သွားနေမှာရလဲ၊ အစိုးရက ကိုယ့်ပြည်သူ
တွေကို သက်ညှာထောက်ထားမယ် လို့ ကျနော်တို့ယုံကြည်
ခဲ့တယ်၊ ဒါပေမယ့် ဒီနေ့ဒီလိုအဖြစ်ဆိုးနဲ့ကြုံခဲ့ရတယ်’’ ဟု
နေအိမ်ဖျက်ဆီးခံရသူတစ်ဦးကပြော သည်။

ပြည်နယ်အစိုးရအနေဖြင့် လူနေအိမ်များအားလုံးဖျက်စီးပြီးပါက
အဆိုပါနေရာတွင် ကျွန်းပင်များကို တခါတည်းစိုက်ပျိုးသွားရန်
စီစဉ်ထားကြောင်းသိရသည်။

ကလေးမြို့အနောက်ဘက် စက္ကန့်ရွာအထက်နားတွင်
တည်ရှိသော ဘွာလ်ပီးကျေးရွာဟုခေါ်ဆိုကြသော အဆိုပါ
ဒေသတွင် အိမ်ခြေ စုစုပေါင်း ၃၆၁ အိမ် ရှိသော်လည်း
အမှန်တကယ်နေထိုင်သူမှာ လူဦးရေ ၁၈၀ ခန့်သာရှိကြသည်။
အဆိုပါဒေသ တွင် နေထိုင်သူများ သည် ၂၀၁၅ ခုနှစ်
သဘာဝဘေးဒဏ်ဖြစ်ပြီးနောက်ပိုင်း ပြောင်းရွှေ့
လာကြသူများဖြစ်သည်။

ချင်းပြည်နယ်အစိုးရကတော့ ၎င်းတို့သည် သဘာဝဘေးဒဏ်
ခံခဲ့ရသည့် ဒုက္ခသည်အစစ်များမဟုတ်ကြောင်းပြောဆို
နေသော်လည်း ဒေသခံများကမူ သဘာဝဘေး၊ လူမှုဘ၀ဒုက္ခ
အမျိုးမျိုးကြောင့် ယခုနေရာသို့ ပြောင်းရွှေ့အခြေချလာကြခြင်း
ဖြစ်သည်ဟု ပြောဆိုကြသည်။

credit - News Watch Journal / The Myanmar Times
& Khonumthung News Group

No comments:

Post a Comment