“ရန်ကုန်ပြင်ပ ဒေသအချို့၏ အိမ်ခြံမြေဈေးကွက်
အခြေအနေ”
၁။ "နေပြည်တော်တွင် ကျပ်သိန်းခြောက်ထောင်ကျော်တန်
မြေကွက်များ အရောင်းအ၀ယ်ဖြစ်ဟုဆို"
နေပြည်တော်တွင် သြဂုတ်လနောက်ဆုံးပတ်အတွင်း
ကျပ်သိန်း၆,၀၀၀ ကျော်တန် မြေကွက်များအပါအ၀င်
သိန်းထောင်ကျော်တန်မြေကွက်များ အရောင်းအ၀ယ်
ဖြစ်နေကြောင်း နေပြည်တော်အခြေစိုက် အိမ်ခြံမြေ
အကျိုးဆောင်လုပ်ငန်းရှင်များက ပြောသည်။
တစ်နိုင်ငံလုံးတွင် အိမ်ခြံမြေဈေးကွက်အရောင်းအ၀ယ်များ
အေးစက်နေချိန်၌ အစိုးရရုံးစိုက်ရာ နေပြည်တော်ဒေသတွင်
စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန် မြေကွက်များ
အရောင်းအ၀ယ် ဖြစ်နေသည်ဟု နေပြည်တော် အိမ်ခြံမြေ
ဝန်ဆောင်မှုအသင်းမှ အတွင်းရေးမှူး ဦးမိုးမြင့်နိုင်က
ဆိုသည်။
‘‘၀ယ်ရောင်းသမားတွေ လာဝယ်တာ မဟုတ်ဘူး။
ဒီမှာတကယ်စီးပွားရေး လုပ်ဖို့ ရုံးဖွင့်မယ်၊ကျောင်းဖွင့်မယ်၊
အိမ်ဆောက်ပြီးနေမယ့်သူတွေလာဝယ်တာ များတယ်။
ဝယ်ရောင်းတွေ လုံးဝမလာဘူး’’ဟု ဇေယျအိမ်ခြံမြေ
အကျိုးဆောင်လုပ်ငန်းမှ ဦးနန္ဒကျော်က ပြောသည်။
သြဂုတ်အတွင်း ဥတ္တရသီရိမြို့နယ်နှင့် ရွှေကြာပင်တို့တွင်
စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန် ကျပ်သိန်း ၆,၂၀၀ တန်
မြေကွက်အပါအ၀င် စုစုပေါင်း သိန်းထောင်ကျော်တန်
မြေကွက် ၁၀ကွက် အရောင်းအ၀ယ်ဖြစ်ခဲ့သည်ဟု
သိရသည်။
ပျဉ်းမနားမြို့တွင်မူ တန်ဖိုးသင့် ကျပ်သိန်း ၅၀၀ မှ
သိန်း ၁,၀၀၀ ခန့်မြေကွက်နှင့် လုံးချင်းများ ပြန်လည်
အ၀ယ်လိုက်နေကြောင်း ပျဉ်းမနားအခြေစိုက်အိမ်ခြံမြေ
အကျိုးဆောင်လုပ်ငန်းရှင်များက ဆိုသည်။
နိုင်ငံခြားမှ ကိုယ်စားလှယ် ရုံးခွဲအချို့ကလည်း မြေကို
လာရောက်ဝယ်ယူခြင်းထက် အိမ်လုံးချင်းတွင် ရုံးခန်းဖွင့်ခြင်း၊
ငှားရမ်း နေထိုင်ခြင်းများပြုလုပ်နိုင်ရန် လာရောက်စုံစမ်း
မေးမြန်းမှုများရှိနေကြောင်း ပျဉ်းမနားမြို့နယ်အခြေစိုက်
မြဖူးငုံအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဒေါ်ရီရီမာက
ပြောသည်။
(မိုးညို၊ ရဲနိုင်)
***
၂။ "ကျောက်ဖြူအထူးစီးပွားရေးဇုန်အနီး ကမ်းခြေရှိမြေကွက်များ
ဝယ်ယူသူများ"
ရခိုင်ပြည်နယ် ကျောက်ဖြူအထူးစီးပွားရေးဇုန်အနီး
မင်းပြင်နှင့်ဇင်ချောင်းကမ်းခြေတစ်လျှောက်ရှိ မြေကွက်များကို
ရင်းနှီးမြှုပ်နှံသူများမှ ၀ယ်ယူမှုများပြားလာကြောင်း
မြေကွက်အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။
စီးပွားရေးဇုန်နှင့်နီးသည့် မင်းပြင်နှင့် ဇင်ချောင်းကမ်းခြေ
တစ်လျှောက် မြေကွက်များကို ပြည်တွင်းလုပ်ငန်းရှင်များ၊
ဒေသတွင်း လုပ်ငန်းရှင်များ နှင့် မြို့ခံရင်းနှီးမြှုပ်နှံမှု
လုပ်ငန်းရှင်များမှ ၀ယ်ယူလာကြခြင်းဖြစ်သည်။
"မြေကွက်က မရှိသလောက်နည်းပါးသွားပါပြီ။
အကုန်အကွက်ရိုက်၊ဧကရာနဲ့ချီဝယ်ယူပြီး ခြံခတ်ထားကြတယ်။
အဲဒီကမ်းခြေမြေဈေးက တစ်လတစ်မျိုးဆိုသလိုမျိုး ဈေးနှုန်းက
အတက်ပဲရှိနေတယ်။ အကျလုံးဝမရှိဘူး။တချို့ဆိုလည်း
တောင်သူတွေဆီက ဈေးအနိမ့်နဲ့ရထားကြသူတွေလည်း
ရှိတယ်"ဟု မြေကွက်အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူ
ဦးမောင်ကြီးက ပြောသည်။
လုပ်ငန်းရှင်များအနေဖြင့် အမြင့်ဈေးဖြင့် ပြန်လည်ရောင်းချရန်
၂၀၁၄ ခုနှစ်အတွင်းမှ စတင်ဝယ်ယူလာကြပြီး
၂၀၁၆ ခုနှစ်၊ သြဂုတ် အထိ ၀ယ်ယူမှုများရှိနေဆဲဖြစ်ကြောင်း
သိရသည်။
"စက်မှုဇုန်ဖော်ဆောင်လာရင်တော့ မြေဈေးကဒီထက်မက
မြင့်တက်လာမှာပါ။ နောက်ပြီးတော့ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်း
ဖော်ဆောင်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါကြောင့်
ရှိတဲ့ငွေတွေကို ဘဏ်ထည့်ထားမယ့်အစားမြေကွက်ဝယ်ပြီး
ရင်းနှီးမြှုပ်နှံထားတာပါ"ဟု မြေကွက် ၁၃ ဧကခန့်ဝယ်ယူ
ရင်းနှီးမြှုပ်နှံထားသည့်ကျောက်ဖြူမြို့ခံတစ်ဦးကပြောသည်။
ကမ်းခြေရှိ မြေကွက်ဈေးနှုန်းများမှာ ၂၀၁၀ ခုနှစ်မတိုင်မီ
တစ်ဧကလျှင် ကျပ် ၁၀ သိန်းမှ သိန်း ၃၀ ၀န်းကျင်သာ
ရှိခဲ့သော်လည်း ယခုအခါ တစ်ဧကလျှင်ပျမ်းမျှ
ကျပ်သိန်း ၁၅၀ ကျော်မှ ကျပ်သိန်း ၄၀၀ ကျော်ထိ
မြင့်တက်နေကြောင်းသိရသည်။
***
၃။ "မန်းအိမ်ခြံမြေဈေးကွက် စုံစမ်းမေးမြန်းတာတွေ
ယခင်ကထက် ပိုများလာ"
မန္တလေးအိမ်ခြံမြေ ဈေးကွက်မှာရှိတဲ့ မြေကွက်တွေကို
အခုရက်ပိုင်းမှာ လာရောက်ကြည့်ရှုစုံစမ်းမေးမြန်းတာတွေ
အရင်ကထက် ပိုများလာတယ်လို့ အိမ်ခြံမြေရောင်းဝယ်ရေး
လုပ်ကိုင်နေသူတွေဆီက သိရပါတယ်။
ပင်လုံညီလာခံပြီးတဲ့အခါ နိုင်ငံရေးတွေ တည်ငြိမ်လာပြီး
နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုတွေဝင်လာမယ်ဆိုတဲ့
မျှော်လင့်ချက်တွေနဲ့ အရင်ကထက် စာရင်တော့ မြေကွက်နဲ့
ပတ်သက်ပြီး အမေးအမြန်းတွေ ပိုများလာတယ်လို့
ဖိုးလမင်းအိမ်ခြံမြေနဲ့ အထွေထွေ ရောင်းဝယ်ရေးက
ကိုဝဏ္ဏစိုးက ပြောပါတယ်။
လာရောက်ကြည့်ရှုသူအများဆုံးကတော့ မြို့သစ်ဘက်က
မြေကွက်တွေဖြစ်ပြီး လက်တွေ့ဝယ်ယူမှုမှာတော့
အေးနေဆဲပဲ ဖြစ်တယ်လို့ ဆိုပါတယ်။
လတ်တလောမှာ
- မန္တ လေး မြို့သစ် (စ) နဲ့ (ဆ) ကြားလမ်း
ကြားကွက်တွေမှာ ကျပ် သိန်း ၂၅၀ဝ ခန့်၊
- ထန်းကိုးပင်လမ်းကြားအကွက်တွေက
ကျပ်သိန်း ၁၅၀ဝခန့် နဲ့
- ထွန်တုံးရပ် ကြားလမ်းအကွက်တွေက သိန်း ၇၅၀ခန့်
ရှိတယ် လို့ မန္တလေးက အိမ်ခြံမြေရောင်းဝယ်ရေး
လုပ်ကိုင်နေသူတွေဆီက သိရပါ တယ်။
"နိုင်ငံရေးကောင်းရင် အိမ်ခြံမြေအရောင်းအဝယ်နဲ့အတူ
အခြား စီးပွားရေးလုပ်ငန်းတွေလည်း ကောင်းလာမှာပါ” လို့
မန္တလေးက ဝါရင့်အိမ် ခြံ မြေ ရောင်းဝယ်ရေးသမား
တစ်ဦးက ဆိုပါ တယ်။
(ဘုန်းနေ)
***
၎။ "ပြင်ဦးလွင်ပတ်ဝန်းကျင်ရှိ ရွာမြေကွက်များ
အရောင်းအ၀ယ်ဈေးကွက်ဖြစ်ထွန်းနေ"
ရန်ကုန်မြို့ အိမ်ခြံမြေ အရောင်းအ၀ယ်ဈေးကွက်အနည်းငယ်
ပြန်လည်လှုပ်လာသည်ဟုအိမ်ခြံမြေအသိုင်းအ၀ိုင်းမှ
ပြောကြားချက်များအရ သိရှိရပြီး ဈေးကွက်ပိုမို ကောင်းမွန်
လာရန်အတွက် ဆောက်လုပ်ရေးလုပ်ငန်းများနှင့်
အရောင်းအ၀ယ်ဖြစ်မှုများ၊ စည်းမျဉ်းဥပဒေများ စသဖြင့်
အခြေအနေများအပေါ်မူတည်၍ တိုးတက်ပြောင်းလဲ
လာနိုင်မည်ဟုသုံးသပ်နေကြပြီးရန်ကုန်တိုင်းမြို့နယ်များ
အတွင်း အရောင်းအ၀ယ်များ ငြိမ်နေခဲ့သည့် လပိုင်းများ
အတွင်းဝယ်ရောင်းများနှင့် နယ်ဒေသများအတွင်း
ခြံမြေကွက်များအား စိတ်ဝင်စားသူ၊ ရင်းနှီးမြှ့ပ်နှံမှုအရ
ဝယ်ထားလိုသူများလည်း များပြားလာခဲ့ကြောင်း
သိရသည်။
နယ်ဘက်ဒေသ အိမ်ခြံမြေဈေးကွက်များအား ယခုနှစ်
သင်္ကြန်ကာလနောက်ပိုင်း၌ ပိုမိုစိတ်ဝင်စားလာကြပြီး
ဆက်သွယ်စုံစမ်းမှုများ၊ အရောင်းအ၀ယ်ဖြစ်မှုများအား
ယခင်နှစ်များကထက်ပိုမိုတွေ့ရကြောင်း အိမ်ခြံမြေ
အကျိုးဆောင်များမှ ပြောကြားချက်များအရ သိရသည်။
ပွဲကောက်ရေတံခွန်ပတ်ဝန်းကျင်ရှိ ပင်လိန် သပြေရေ
ပတ်ဝန်းကျင် ရွာမြေများ၊ ညောင်နီပတ်ဝန်းကျင်နှင့်
ပြင်ဦးလွင်အနီး ကံကြီးကုန်းပတ်ဝန်းကျင် မြေကွက်များ
အရောင်းခေါ်ဆိုမှုများ များပြားကာ မိုးကုတ်လမ်းခွဲ
ပတ်ဝန်းကျင် ညောင်ကုန်းရွာအနီး မြေကွက်များလည်း
အရောင်းခေါ်ဆိုမှုများ ရှိနေကြောင်း ဒေသခံအိမ်ခြံမြေ
အကျိုးဆောင်တစ်ဦးအား ဆက်သွယ်မေးမြန်းချက်များ
အရ သိရသည်။
"ပြည်ချစ်ဘုရားဘက် လာရှိုးလမ်းမကနေ ခွဲတဲ့ မိုးကုတ်
လမ်းခွဲဘက်ပေါ့ ရွာမြေတွေအရောင်းခေါ်တာရှိတယ်။
ပေ ၄၀x၆၀ အကွက်တွေကို သိန်း ၃၀ ကနေ သိန်း ၆၀
အထိ နေရာအပေါ်မူတည်ပြီး ဈေးခေါ်ကြတယ်။
တချို့တွေလည်း အရောင်းအ၀ယ်ဖြစ်တာတွေရှိပါတယ်။
ပြင်ဦးလွင်ခရိုင်ချင်းဆက်လမ်းဘက် အောင်ချမ်းသာ
ဘက်တွေလည်း အရောင်းခေါ်တာတွေရှိတယ်။
မြေကွက်ရော လုံးချင်းလေးတွေပါ ရှိပါတယ်။
လုံးချင်တစ်ထပ်လေးတွေများတယ်။
ခေါ်ဆိုဈေးကတော့ သိန်း ၂၀၀ ကနေ ၃၀၀
ပတ်ဝန်းကျင်တွေများတယ်။ဈေးကွက်အခြေအနေကတော့
အရင်နှစ်တွေကထက်စာရင် ဒီနှစ်ထဲ မြေကွက်လာကြည့်တဲ့
သူတွေ ပိုများလာတာတွေ့ရတယ်။
အရောင်းအ၀ယ်ကတော့ အရမ်းဟော့ဖြစ်တာ မဟုတ်သေး
ပေမယ့် အထိုက်အလျောက်တော့ ဖြစ်ပါတယ်။
မြို့ပေါ်တွေကတော့ ပုံမှန်ပါပဲ။
ရွာဘက်တွေမှာက ခုနောက်ပိုင်း လမ်းပန်းဆက်သွယ်ရေး
အခြေအနေတွေလည်းပိုကောင်းလာတော့ အရောင်းအငှား
ခေါ်တာလေးတွေ ပိုဖြစ်လာတဲ့သဘောပေါ့။
ရှေ့အလားအလာအနေနဲ့လည်း ဈေးကွက် ပိုကောင်း
လာမယ်လို့ ထင်ပါတယ်" ဟု ဒေသခံ အိမ်ခြံမြေ
အကျိုးဆောင်တစ်ဦးက Property com mm သတင်း
မီဒီယာအဖွဲ့သို့ ပြောကြားသည်။
credit - 7day Daily / Democracy Today /
Kumudra Journal & Property Media Team
No comments:
Post a Comment