Friday, September 9, 2016

"မြန်မာ့အိမ်ခြံမြေဈေးကွက်အပေါ် ဝေဖန်သုံးသပ်မှုများနှင့် ပကတိ အခြေအနေ"

"မြန်မာ့အိမ်ခြံမြေဈေးကွက်အပေါ် ဝေဖန်သုံးသပ်မှုများနှင့်
ပကတိ အခြေအနေ"


၁။ "အိမ်ခြံမြေဈေးကွက်ထဲ ဝယ်သူရော စုံစမ်းသူပါ
ပြုံဆင်းလာ"

အိမ်ခြံမြေဈေးကွက်ထဲမှာ သည်လပိုင်းအတွင်းဝယ်သူရော၊
ဈေးစုံစမ်းသူတွေပါ မြို့နေရာစုံနီးပါးဈေးကွက်ထဲပြုံဆင်းလာ
ကြတယ်လို့ အကျိုးဆောင် တချို့ဆီက သိရပါတယ်။

အိမ်ခြံမြေအရောင်းအဝယ်ဈေးကွက် အေးနေခဲ့တာကြာပေမဲ့
သည်ရက်ပိုင်းအတွင်း ဈေးကွက်ထဲ လှုပ်လှုပ်ရှားရှားပြန်
ဖြစ်လာတယ်။ အခုလိုဈေးကွက်ပြန်စိတ်ဝင်စားလာတာက
ရင်းနှီးမြှုပ်နှံပြီး ဈေးကစားနေတဲ့ ရွှေ၊ ဒေါ်လာ၊ ကားဈေးကွက်
တွေက သည်ရက်ပိုင်းတွေမှာဈေးကွက် အပြောင်းအလဲများ
တာကြောင့် အိမ်ခြံမြေဘက်ကိုပြန်လှည့်လာတဲ့ သဘော
ရှိတယ်လို့  အကျိုးဆောင်တချို့က ဆိုပါတယ်။

ဝါရင့်အကျိုးဆောင် ဦးမောင်မောင်က
"စတော့ခ်အိတ်ချိန်းတို့ ရွှေ၊ ဒေါ်လာ၊ ကားဈေးကွက် တွေကလဲ
ထင်သလောက်မဖြစ်တော့ ဒီဘက်ကိုပြန်လှည့်လာတဲ့သဘောပါ၊
ဝယ်သူတွေလဲရှိလာသလို ဈေးကွက်စုံစမ်းသူတွေက နေရာစုံမှာ
များလာတယ်၊ အရင်ကတည်းက အိမ်ခြံမြေဈေးကွက်က
ဈေးကွက်ငြိမ်နေတာပဲရှိတာ၊ ဈေးကျတာမျိုးမရှိဘဲရပ်တည်
နေခဲ့တာ၊ အခုလဲ ဈေးကွက်ကပြန်လှုပ်လာမယ့် အခြေအနေတွေ
ရှိတယ်" လို့ပြောပါတယ်။

ဈေးကွက်ပြန်ပြီး အသက်ဝင်လာတယ်ဆိုပေမဲ့ ဈေးနှုန်း
တက်တာမျိုး၊ဈေးကစားကြတာမျိုးတော့မရှိပါဘူး။
ပုံမှန်အတိုင်းလေးပဲ ဈေးကွက်ပြန်လှုပ်လာတာ။ အရင်ကလို
ဈေးတွေတက်ပြီး ဈေးကစားကြတဲ့ဈေးကွက် အမျိုးအစားက
နောက်ပိုင်းမှာဖြစ်နိုင်ခြေနည်းသွားပြီလို့ အကျိုးဆောင်တချို့က
ပြောပါတယ်။

ကျောက်တံတားမြို့နယ်ရှိ အကျိုးဆောင်ဦးအောင်ကျော်က
"ဈေးကွက်ကအရင်တုန်းကနဲ့ ယှဉ်ပြောရင်အေးနေဆဲပဲ
ပြောရမှာပေါ့၊ အေးနေခဲ့တဲ့ဈေးကွက်ချင်းယဉ်ပြောမှပဲ
အခု ရက်ပိုင်း ဈေးကွက်ပြန်ဖြစ်လာတယ်ပြောလို့ရမယ်၊
အရင်ကတည်းက အရောင်းအဝယ်မရှိလို့ ဈေးကျလာတဲ့
ဈေးကွက်မှမဟုတ်ဘဲ ပုံစံပြောင်းပြီးအငှားဘက်လှည့်သွားတာပဲ
ရှိတာ၊ အရင်လို မြို့သစ်တွေချည်းမဟုတ်ဘဲ မြို့တွင်းပိုင်းတွေ
မှာပါ နေရာလေးတွေအရောင်းအဝယ်ရှိပြီး စုံစမ်းမှုလေးတွေ
ရှိလာတာကောင်းတဲ့လက္ခဏာလို့ပြောလို့ရတယ်" လို့
ဈေးကွက်အခြေအနေကို ပြောပါတယ်။

လက်ရှိမှာ ဝါတွင်းကာလဖြစ်နေပေမဲ့ ပွင့်လင်းရာသီက
အိမ်ခြံမြေဈေးကွက်ရာသီဖြစ်တာကြောင့် ဈေးကွက်
ပြန်လည်လာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ ဈေးကွက်
အေးနေသေး တယ်ဆိုတာက ဈေးနှုန်းအဆမတန်မြင့်ခဲ့
တာကြောင့်ရယ်၊ အစိုးရအပြောင်းအလဲ၊ မူဝါဒ အပြောင်းအလဲနဲ့
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဝင်လာဖို့စတဲ့ အခြေအနေတွေကို
စောင့်ကြည့်နေကြတာတွေကြောင့်ဖြစ်တယ်။ အိမ်ခြံမြေ
ဈေးကွက်ထဲမှာ အရောင်းကသာအေးနေတာဖြစ်ပြီး
အငှားဈေးကွက်ဦးဆောင်နေခဲ့တာကာလကြာပြီဖြစ်တယ်
လို့လည်း သိရပါတယ်။

ဈေးကွက်ထဲမှာအမေးများလာတာက တိုက်ခန်းတွေထက်
မြေကွက်တွေများတယ်။ တိုက်ခန်းတွေက မြို့တွင်းပိုင်းတွေ
လောက်သာ အမေးများတာလို့  ပြောပါတယ်။

ဝယ်ရောင်းနဲ့ အထွေထွေအကျိုးဆောင်ဦးတင်ဝင်းက
"တိုက်ခန်းတွေကို  အမေးနည်းသွားတာကဆောက်လုပ်ရေးနဲ့
ဆိုင်တဲ့ ပေါ်လစီအပြောင်းအလဲတွေကြောင့်လဲပါတယ်၊
မြေကို ပိုပြီး စိတ်ဝင်တစားမေးကြတာများလာတယ်၊
အရင်ကအမေးမရှိတဲ့ သိန်း ၃၀ဝ၊ သိန်း ၅၀ဝ အထက်
အကွက်တွေ တောင်ပြန်ပြီး လှုပ်လာတာတွေရှိတယ်၊
အခုချိန်က ဈေးသင့်နေတော့ဝယ်တဲ့အတွေအတွက်
တန်တယ်ပြောလို့ရတယ်" လို့ပြောပါတယ်။

အိမ်ခြံမြေဈေးနှုန်းတွေက မကျဘူးဆိုပေမဲ့ နေရာတချို့မှာတော့ 
အရင်တန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်း၊ ၄၀ရာခိုင်နှုန်းအထိ လျော့ကျ
သွားတဲ့နေရာတွေရှိတယ်လို့ အကျိုးဆောင်အချို့ဆီက
သိရတယ်။

(အေးမွန်)

***

၂။ "လာမည့်ခြောက်လအတွင်း အိမ်ခြံမြေဈေးကွက်
ပြန်တက်နိုင်ဖွယ်ရှိ"

ရန်ကုန်မြို့ အိမ်ခြံမြေဈေးကွက်မှာ အချိန်ကြာမြင့်စွာ ငြိမ်သက်
နေခဲ့သော်လည်းအစိုးရသစ်၏ မူဝါဒသစ်များနှင့် စီမံကိန်းသစ်များ
ပေါ်ထွက်လာပါက လာမည့်ခြောက်လအတွင်း အိမ်ခြံမြေ
ဈေးကွက် ပြန်တက်လာနိုင်ကြောင်း အိမ်ခြံမြေအကျိုးဆောင်
ဝက်ဆိုဒ်တစ်ခုဖြစ်သည့်  iMyanmar House com ၏
အမှုဆောင်အရာရှိချုပ် ဦးနေမင်းသူက ပြောသည်။

"လက်ရှိအနေအထားက အများပြည်သူက စောင့်ကြည့်နေတဲ့
ကာလဖြစ်တယ်။ ဒီအစိုးရသစ်လက်ထက်မှာ ဘယ်လိုစီမံကိန်းတွေ
ချမှတ်မလဲ၊ ဘယ်လိုမျိုးမူဝါဒ တွေ ချမှတ်မလဲ၊အခွန်နှုန်းထားတွေ
ကရော ဘယ်လိုမျိုးတွေ ပြောင်းလဲမလဲ။ အဲဒီလိုမျိုးတွေဖြစ်တဲ့
အတွက်ဒီဈေးကွက်ထဲမှာ အရောင်းအ၀ယ်တွေက အေးနေတာပါ။
နောက်ခြောက်လအတွင်းမှာပြန်တက်လာနိုင်စရာ အကြောင်း
ရှိပါတယ်" ဟု ၎င်းက ပြောသည်။

အစိုးရသစ်၏ မြို့သစ်စီမံကိန်းများ ချမှတ် အကောင်အထည်
ဖော်ဆောင်ခြင်းကြောင့်မြေကွက်လွတ်များ ပိုမိုထွက်ပေါ်လာမည်
ဖြစ်သည့်အတွက် မြေဈေးနှုန်း ကျသွားနိုင်ပြီးအရောင်းအ၀ယ်များ
ပြန်တက်ကာ အိမ်ခြံမြေဈေးကွက်ကောင်းလာနိုင်မည်ဟု
ဦးနေမင်းသူကပြောသည်။

"တစ်ဖက်တစ်လမ်းကလည်း အစိုးရ သစ်လက်ထက်ထဲမှာ
မြို့နယ်သစ်စီမံကိန်းတွေ ချမှတ်ဖော်ဆောင်လိမ့်မယ်ဆိုရင်
မြေကွက်အသစ်တွေပေါ်လာရင် မြေဈေးနှုန်းတွေ ကျသွားတာနဲ့
တစ်ပြိုင်နက် ဒီမြေကွက် တွေမှာ ၀ယ်ယူပြီး ရင်းနှီးမြှုပ်နှံချင်တဲ့
သူတွေ ပေါ်ထွက်လာလိမ့်မယ်။အဲဒီအချိန်မှာ ပိုပြီးတော့
အရောင်းအ၀ယ်တွေ ဖြစ်လိမ့်မယ်။ ဈေးနှုန်းက ပြောရင်တော့
ကျလိမ့်မယ်၊ အရောင်းအ၀ယ်အနေနဲ့ပြောရင်တော့ ပိုပြီးတော့
ဖြစ်လာလိမ့်မယ်" ဟု ၎င်းက ပြောသည်။

အနာဂတ် အိမ်ခြံမြေဈေးကွက်သည် အိမ်ခြံမြေဈေးနှုန်းများ
အကျဘက်ကိုသွား နိုင်သည်ဟုခန့်မှန်းထားပြီး၊ အစိုးရသစ်က
အခြေခံလူတန်းစားများနှင့်လူလတ်တန်း စားများအတွက်
ဦးတည်သည့်မူဝါဒသစ် များကို ချမှတ်ဖော်ဆောင်ပါက
ယခင်ကဲ့သို့ အိမ်ခြံမြေဈေးနှုန်းအဆမတန်မြင့်တက်ခြင်းမဖြစ်
နိုင်ကြောင်း၊ တက်နိုင်ကြောင်း အိမ် ခြံမြေအကျိုးဆောင်
များက ပြောသည်။

"မူဝါဒသစ်တွေ၊ စီမံကိန်းသစ်တွေ ဖော်ဆောင်တဲ့အခါမှာ
အခြေခံလူတန်းစားနဲ့ လူလတ်တန်းစားတွေ တတ်နိုင်အောင်လို့
အိမ်ခြံမြေဈေးနှုန်းတွေ မဖြစ်ဖြစ်အောင် ချပေးမယ်လို့
ကျွန်တော်တို့ ယုံကြည့်ပါတယ်။ ဒီလိုမျိုးမူဝါဒတွေချမှတ်တယ်၊
စီမံကိန်းတွေ အကောင်အထည် ဖော်မယ်ဆိုရင် နောက်ငါးနှစ်
အတွင်းမှာ ကျွန်တော်တို့ဈေးနှုန်းတွေ ကျအောင်လုပ်ပေးမယ်လို့
လည်း ယုံကြည်ပါတယ်"ဟု အိမ်ခြံမြေ အကျိုးဆောင်
တစ်ဦးက ပြောသည်။

အခွန်နှုန်းထားများဖြင့်လည်း အိမ်ခြံမြေဈေးနှုန်းများကို
ထိန်းညှိနိုင်ကြောင်းနှင့် အိမ်ခြံမြေဈေးကြီးမြင့်မှုများအပေါ်တွင်
ပြန်လည်ထိန်းချုပ်ခဲ့သော နိုင်ငံအချို့ တွင်လည်းအခွန်နှုန်းများဖြင့်
ထိန်းချုပ်ခဲ့သည့်အတွက် မြန်မာနိုင်ငံတွင်လည်း ယခုကဲ့သို့
ထိန်းချုပ်နိုင်သည်ဟု ဦးနေမင်းသူက ပြောသည်။

"တခြားနိုင်ငံတွေလို ကျအောင်လုပ်တဲ့ နည်းလမ်းတွေလည်း
ရှိပါတယ်။ စင်ကာပူနိုင်ငံဆို၂၀၁၀ ပြည့်နှစ် နောက်ပိုင်းက
အိမ်ခြံ မြေက ဈေးနှုန်းတွေ တစ်ဟုန်ထိုး တိုးတက်သွားတာ
ဖြစ်တဲ့အတွက်ကြောင့် အစိုးရကနေ ဈေးနှုန်းတွေ ပြန်ကန့်သတ်ခဲ့
ပါတယ်။ ဘယ်လိုကန့်သတ်ခဲ့တာလဲဆိုတော့ အိမ်ခြံမြေ ၀ယ်တဲ့
နေရာမှာ အခွန်နှုန်းထားတွေ ပေးဆောင်ရပါတယ်။ အိမ်ခြံမြေ
ရောင်းတဲ့အခါမှ အခွန်နှုန်းထားတွေ ပေးဆောင်ရတယ်။
ဘယ်လိုပေးဆောင်ရလဲဆိုတော့ ဥပမာ အိမ်တစ်လုံးဝယ်ထားပြီး
နောက်တစ်နှစ်အတွင်းမှာ ပြန်ရောင်းတယ်ဆို၁၆ ရာခိုင်နှုန်း
အစိုးရကို ရောင်းခွန်ဆောင်ရတာ ဖြစ်တဲ့အတွက်ကြောင့်
ဈေးကွက်ထဲမှာဈေးကစားချင်တဲ့သူတွေ ပပျောက်သွားတယ်။
အဲဒီလိုပဲ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မူဝါဒတွေချမှတ်ပြီး
ဖော်ဆောင်လို့ရပါတယ်။ အဲဒီလိုဖော်ဆောင်မယ်ဆိုရင်
အိမ်ခြံမြေ ဈေးနှုန်းတွေပြန်ကျသွားဖို့ အခြေအနေရှိပါတယ်" ဟု
၎င်းက ပြောသည်။

လက်ရှိအစိုးရလက်ထက်၌ နိုင်ငံရေးတည်ငြိမ်ပြီး အစိုးရသစ်၏
ပြုပြင်ပြောင်းလဲနိုင်သောအိမ်ခြံမြေမူဝါဒအပေါ်တွင်လည်း
မူတည်ကြောင်း အိမ်ခြံမြေအကျိုး ဆောင်များက ပြောသည်။

"နိုင်ငံရေးတည်ငြိမ်ပြီး အစိုးရက မြေကစားလို့မရအောင်
ထိန်းချုပ်ထားမယ်ဆိုရင် အိမ်ခြံမြေဈေးနှုန်းတွေကျပြီး
ဈေးကွက်စီးဆင်းမှုကလည်း ပြန်လည်ပတ်လာမှာပါ။ မြေဈေး
ကစားလို့ရအောင်လုပ်ထားရင် အကျိုး အမြတ်ရှိရင် ကစား
ကြမှာပဲ။ အဲဒါကိုတော့ အစိုးရအနေနဲ့က ထိန်းချုပ်ဖို့တော့
လို တယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကလည်း အကောင်းဘက်ကိုပဲ
ဆက်သွားမယ်၊ အစိုးရကလည်းဒီလိုထိန်းချုပ်ပေးနိုင်ရင်
အနာဂတ်အိမ်ခြံမြေက ကောင်းလာနိုင်ပါတယ်" ဟု
စိုင်းခွန်နောင်အိမ်ခြံမြေအကျိုး ဆောင်မှ ဦးစိုင်းခွန်နောင်က
ပြောသည်။

(မြတ်ငြိမ်းအေး)

***
  
၃။ "ဒလအိမ်ခြံမြေ ဈေးလှုပ်၊ ဈေးနှုန်းအတတ်ဘက် ဦးတည်"

ရန်ကုန်-ဒလ မြစ်ကူးတံတားစီမံကိန်းကို ၂၀၁၇ခုနှစ်အတွင်း
တည်ဆောက်ရေးလုပ်ငန်းတွေ စတင်မယ့် သတင်းကြောင့်
ဒလအိမ်ခြံမြေမြေဈေးကွက် လှုပ်ခတ်မှုတွေရှိလာပြီး
အတက်ဘက်ကို ဦးတည်နေတယ်လို့ သိရပါတယ်။

မြစ်ကူးတံတား စီမံကိန်းကြောင့် ဒလဘက်မြေဈေးတွေက
၃၀ရာခိုင်နှုန်းလောက် ဈေးတတ်သွားပြီး ပွဲဆူခဲ့တာပါ။တံတား
တည်ဆောက်မယ့် ကမာကဆစ်ကျောက်တိုင် လမ်းမတန်းနေရာ
ကောင်းတွေဆို တစ်ကွက်ကို ကျပ်သိန်း ၃၀၀၀အထိ ခေါ်ဈေး
ရှိတယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။

ကျောက်တံတားမြို့နယ်ရှိ အကျိုးဆောင် ဦးအောင်ကျော်က
"အရောင်းအဝယ်ကတော့ အရင်ကတိုင်းပါပဲ၊ အရင်ကဆို
စီမံကိန်းရပ်သွားမလား စိုးရိမ်ကြတာမျိုးတွေ ရှိတယ်၊ စီမံကိန်း
သေချာနေတာကြောင့် နေရာကောင်းတွေ၊ စီးပွားရေးလုပ်ကိုင်ဖို့
အတွက် ဝယ်ထားသူတွေကတော့ တံတားပြီးစီးမယ့်
အချိန်အထိ စောင့်နေကြတာပါ၊ အခုကျတော့ လုပ်ငန်းစမယ်ဆိုပြီး
သေချာတဲ့ အခြေအနေဆိုတော့ အကုန်လုံးက ကြိုက်ဈေးရရင်
ရောင်းတယ်၊ ဈေးကောင်းမရသေးရင် အောင်းထားကြပြီး
တံတားပြီးတာနဲ့ အတက်ဈေးတာစူဖို့ အသင့်ပြင်ထားကြတယ်"
လို့ ပြောတယ်။

ရန်ကုန်-ဒလမြစ်ကူးတံတား စီမံကိန်းကို ၂၀၁၇ ခုနှစ်အတွင်း
တည်ဆောက်ရေး လုပ်ငန်းတွေ စတင်နိုင်ဖို့ ဆောက်လုပ်မယ့်
ကုမ္ပဏီတွေကို တင်ဒါစနစ်နဲ့ အမြန်ဆုံးရွေးချယ်သွားဖို့
ရှိတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက သိရတယ်။

စီမံကိန်းအတည်ပြုပြီးနောက်ပိုင်းမှာ ဒလ၊ တွံတေး၊ ကွမ်းခြံကုန်း၊
ကော့မှူးစတဲ့ နေရာတွေမှာ စီးပွားရေးသမားတွေ၊ ကုမ္ပဏီတွေနဲ့
အကျိုးဆောင်တွေ ဝယ်ယူထားကြတာ များတယ်လို့
အကျိုးဆောင်တချို့ဆီက သိရပါတယ်။

credit - Kumudra Journal / The Myanmar Times
& The Modern

No comments:

Post a Comment