Sunday, March 19, 2017

“ယနေ့ အိမ်ခြံမြေလောကနှင့် အပေါင်(၂)”

“ယနေ့ အိမ်ခြံမြေလောကနှင့် အပေါင်(၂)”

"အပေါင်ဆုံးဇာတ်လမ်းလေးတွေ များလာပြီနော်"

အိမ်ခြံမြေလောက အတွင်းမှာ လုံးချင်းအိမ် ၊ ကွန်ဒိုတိုက်ခန်း ၊
ပုံမှန်တိုက်ခန်း က အစ အပေါင်ခံတဲ့ဇာတ်လမ်းလေးတွေ ၊
ငွေရှင်နဲ့ မြေပိုင်ရှင်အကြားက အရှုပ်ထုတ်တွေ ၊ အပေါင်ခံတဲ့
အလုပ် အဆင်ပြေချောမွေ့စေဖို့ အတွက် ငွေရှင်နဲ့ မြေရှင်
အကြားက အကျိုးဆောင်ပေးတဲ့ ပွဲစားတွေ အကြားက
အဝေမတည့်မှုတွေ အဆုံး ဇာတ်ညွှန်းရေးမယ်ဆိုရင်
ကိုရီးယား ကားတောင် ထိုင်ငိုသွားလောက်တဲ့အတွက်
ပေရှည်ပါတယ်။

အိမ်ခြံမြေဈေးကွက် အေးလာတာ အချိန်ကြာလာတာနဲ့ အမျှ
ဈေးကွက်ထဲမှာလည်း ပြသနာပေါင်းစုံ အပူအပင်ပေါင်းစုံနဲ့
ငွေလည်ပတ်ဖို့ အတွက် အပေါင်ခံတဲ့ ဈေးကွက်ကြီး ဖြစ်ထွန်း
ကြီးထွားလာတာ အခုဆို တစ်နှစ်ကျော် တစ်နှစ်ခွဲကာလ အထိ
ရောက်လာပြီလို့တောင် ပြောရမှာဖြစ်ပါတယ်။

သိန်းသောင်းနဲ့ ချီချမ်းသာတဲ့ မြေ၀ယ်ရောင်း သူဌေးသူကြွယ်
တွေ ကအစ မရှိမဲ့ရှိမဲ့ ပစ္စည်းလေးတွေ ထုခွဲလို့ မြေ၀ယ်ရင်း
ထားတဲ့ လူတန်းစာတွေ အထိပါ ဈေးကွက်အေးတာ အချိန်
ကြာလာတာနဲ့ အမျှ ပြသနာတွေ တက်ကုန်တာဖြစ်ပါတယ်။

အိမ်ခြံမြေဈေးကွက်အတွင်းမှာ ငွေရှားပါးသွားသလို တဖက်မှာ
လည်း ကုန်ဈေးနှုန်းတွေကတစ်ရိပ်ရိပ်တက် ၊ အခြားစီးပွားရေး
လုပ်ငန်းတွေကလည်း မကောင်းကြတာကြောင့် လည်ပတ်ဖို့
ငွေေ၇းကြေးရေး လိုအပ်လို့လာကြ ပါပြီ။

ဈေးကွက် ရွှေခေတ်ဖြစ်တဲ့အချိန်က မြေ၀ယ်မကျ ဆိုတဲ့
ဆိုရိုးစကားကို ယုံစားမိကြပြီး ရှိတဲ့အရင်းအနှီးလေး ထုခွဲ
ရောင်းချ ၊ အပြင်က အတိုးနဲ့ဆွဲပြီး သူများ ဖုတ်ဖက်ခါထ
ငွေထုတ်ပိုက် ပြန်တဲ့ အချိန်မှ ဈေးကွက်ထဲကို တစ်ရေးနိုးမှ
ရောက်လာတဲ့ လူတွေ အနေနဲ့လည်း ဈေးကွက်မှာ ရုတ်တရက်
ဝယ်လက်တွေပျောက်ပြီး အရောင်းအ၀ယ် မကောင်းတာ
နှစ်နဲ့ ချီကြာလာပြီဖြစ်တဲံ့ အတွက် မြေတွေထဲမှာ သိန်းပေါင်း
များစွာ မြုပ်နေတဲ့ ငွေကြေးတွေကို ရတဲ့နည်းလမ်းတွေနဲ့
ပြန်ဖော်ကြရပါတော့တယ် ။

ဈေးကွက်အေးပြီး ၀ယ်လက်ပျောက်လို့ လက်ဘက်ရည်ဆိုင်မှာ
တစ်နေကုန်အာပစ်နေတဲ့ ပွဲစားတွေလည်း အပေါင်ဈေးကွက်
ထဲမှာ ယက်ကန်ယက်ကန် နဲ့ ကူးခတ် အသက်ဆက်ရှင်သန်
နိုင်နေတဲ့ အနေအထားကိုကြည့်မယ်ဆိုရင် ဘယ်လောက်
အတိုင်းအတာ အထိအပေါင်ဈေးကွက် ဖြစ်ထွန်းနေလဲ ဆိုတာ
ခန့်မှန်းနိုင်မှာဖြစ်ပါတယ်။

သာမန်အရောင်းအ၀ယ် တစ်ခုလုပ်မယ်ဆိုရင်
သိန်း တစ်ရာကို နှစ်သိန်း ( လွယ်လွယ်ပြောရရင် ကျပ် ၁၀၀ မှာ
အကျိုးဆောင်ခ ၂ ကျပ် ) ရသလို မြေရှင်/အခန်းရှင်နဲ့ ငွေရှင်
အပေါင်တည့်သွားရင် ငွေရှင်ကို မြေရှင်က လစဉ်ပေးရမယ့်
အတိုးနှုန်းထား အတိုင်း တစ်လစာ အကျိုးဆောင်ခကို
ပေါင်မယ့်သူက ထုတ်ပေးရတဲ့ စနစ်ဖြစ်ပါတယ်။

အိမ်ခြံမြေဈေးကွက် မကောင်းလို့ တစ်ခြားဈေးကွက်မှာ
အလုပ်ဖြစ်နိုင်မယ်ဆိုတဲ့မျှော်လင့်ချက်တွေနဲ့ အောက်ဈေးနဲ့
နှိုက်ပြီး ၀ယ်နေတဲ့ မြေ၀ယ်သူတွေဆီလည်းမရောင်းချင် ၊
ငွေကြေးပြန်အဆင်ပြေရင် ပြန်ရွေးလို့ရပါတယ်ဆိုတဲ့
မျှော်လင့်ချက်နဲ့ ရှိတဲ့ အိမ်ခြံမြေကို ငွေရှင်ဆီမှာ အပေါင်ထား ၊
အရောင်းအ၀ယ်စာချုပ်ပါ တစ်ပါတည်းချုပ်လို့ ငွေရှင် ကို
အပြီးသော့ပါ အပ်လိုက်ရတဲ့ ပေါင်နှံမှုတွေက ဈေးကွက်မှာ
တိုးတိုးတိတ်တိတ် အလုပ်ဖြစ်နေတာ ကြာပါပြီ။

ရောင်းပေါင်စာချုပ်ချုပ် ၊ လူဆင်း ၊ သော့ခတ်လုပ်ပေးရတဲ့ အထိ
မြေရှင်ဘက်က လုပ်ပေးမှ ငွေရှင်ဘက်က အပေါင်ခံငွေထုတ်
ပေးတာ ဖြစ်တဲ့အပြင် လစဉ်ပေးရတဲ့ အတိုးနှုန်းကလည်း
ကျပ်တစ်ရာကို အနည်းဆုံး ခြောက်ကျပ်တိုးပေးရတဲ့အတွက်
မရွေးနိုင်တဲ့အချိန်ကြာလာလေလေ အတိုးပေါ်အတိုးဆင့်လို့
တစ်နှစ်အတွင်းမှာ အိမ်တွေ မြေတွေ ဆုံးရှုံးသွားကြတာ
များပါတယ်။

ကျပ် ၁၀၀ အပေါ်မှာလစဉ် ၆ ကျပ်တိုးယူတဲ့ အပေါင်စနစ်ကို
ပြန်ကြည့်မယ်ဆိုရင် တစ်နှစ်ကို အတိုးကြီးဘဲ ၇၂ ကျပ်အထိ
ကျသင့်မှာဖြစ်ပါတယ် ၊
တစ်နှစ်လုံးကို အတိုးမပေးနိုင်လို့ အတိုးပေါ် အတိုးဆင့်
လိုက်ရင် တစ်နှစ်ပြည့်တာနဲ့ ကျပ်၁၀၀ ချေးထားတဲ့ ချေးငွေက
ကျပ် ၁၇၂ ကျပ်ဖြစ်သွားတဲ့အထိ ကြောက်စရာကောင်း
ပါတယ်။

အပြင်မှာ အပေါင်မထားဘူး ဘဏ်မှာပေါင်မယ်ဆိုရင်
တစ်နှစ်လုံးမှာ ကျပ် ၁၀၀ အတွက် အများဆုံး ၁၃ ကျပ်တိုးသာ
ရှိလို့ အပြင်အပေါင်နဲ့ စာရင် အလွန်အင်မတန်သက်သာပေမယ့်
အဓိက ပြသနာဖြစ်တဲ့ ဘဏ်ပေါင်ဖို့အတွက် ပိုင်ဆိုင်မှုစာရွက်
စာတမ်းတွေ ၊ စစ်ဆေးမှု အချိန်ကြန့်ကြာတာတွေ အပြင်
အေ၇းအကြီဆုံး အချက်ကတော့ အရှုံးမရှိတဲ့ လုပ်ငန်းတစ်ခုကို
ပြသရတာဖြစ်ပါတယ်။

သာမန် မိသားစု တစ်ခုအတွက်ကတော့ များပြားလှတဲ့
ဘဏ်လုပ်ငန်းစဉ် အဆင့်ဆင့်ကိုကျော်ဖြတ်ဖို့ ဆိုတာ
အင်မတန် ခဲယဉ်းလှပါတယ် ။

ပွင့်ပွင့်လင်းလင်းပြောရရင် ဘဏ်မှာ အိမ်ခြံမြေ ကို အပေါင်ထား
ဖို့ ဆိုတာ လူချမ်းသာတွေ ၊ ကုမ္မဏီပိုင်ရှင်တွေ လောက်ဘဲ
အဆင်ပြေနိုင်တဲ့လက်ရှိ ဘဏ်စနစ်ဖြစ်တာကြောင့်
လူလတ်တန်းစားတွေ အခြေခံလူတန်းစားတွေ အနေနဲ့ ငွေလိုရင်
အပြင်က ငွေရှင်ဆီမှာဘဲ အိမ်ဂရန်လေးပေး ၊ ရောင်းပေါင်
စာချုပ်လေးချုပ်ပြီး ရတဲ့ငွေလေးနဲ့ ရှင်သန်နေရတဲ့မိသားစုတွေ
ထုနဲ့ထေးရှိပါတယ်။

ဒါပေမယ့် ထင်သလိုဖြစ်မလာဘဲ အိမ်ပေါင်ပြီး ငွေဖော် လုပ်ထား
တဲ့ တစ်ခြားစီးပွားရေးတွေကလည်း အားလုံးသိနေတဲ့ အတိုင်း
အလုပ်အကိုင်မကောင်းကြတာကြောင့် အတိုးပေါ်အတိုးဆင့် ၊
အတိုးနဲ့ အရင်းပေါင်း နဲ့ အချိန်ကြာလာတာနဲ့ အမျှ အတိုးလည်း
မပေးနိုင် ၊ အရင်းလည်းမဆပ်နိုင်ဘဲ ဆုံးရှုံးကုန်ကြတာ
များပါတယ်။

သဘောကောင်းတဲ့ ငွေရှင်တွေနဲ့ တွေ့ရင်တောင် ငွေရှင်နဲ့ ညှိပြီး
ပေါင်ထားတဲ့ အိမ်ကို ရတဲ့ဈေးနဲ့ ရောင်း ငွေရှင်ကို အတိုးအရင်း
ဆပ်ပြီး ပိုတဲ့ငွေ အနည်းငယ်သုံးလိုက်ရတဲ့ အိမ်ရှင်မြေရှင်တွေ
လည်း ရှိကြပါတယ် ။

အိမ်ခြံမြေ အရောင်းအ၀ယ် မကောင်းတဲ့ အနေအထား
ရောက်နေတဲ့ အချိန်မှာလည်း မြေပြင်ဈေးကွက်ထဲမှာ ၀ယ်လက်
တွေကလည်းအလိုအလျောက်ကိုမှ အောက်ဈေးနှိုက် ၀ယ်နေတဲ့
အချိန်မှာ ပေါင်ထားတဲ့ အိမ်ကို ရောင်းမယ်ဆိုတာ သိခဲ့ရင်
လက်ကုန်နှိုက်ဈေး ပိုနှိမ်ပြီးတော့တောင် ဈေးဖြတ်ကြပါတယ် ။

မြေရှင်ဘက်ကလည်း ဒီအတိုင်းမရောင်းဘဲ ဆက်ပေါင်ထားအုံး
မယ်ဆိုရင် အတိုးတွေ က အချိန်နဲ့ အမျှ တက်ပြီး နောက်ဆုံး
အဆုံးသတ်မှာ ဆုံးရှုံးမှာ သေချာသလောက် ဖြစ်တဲ့ အတွက်
ရတဲ့ဈေးနဲ့ ရောင်း ၊ ငွေရှင်ကိုပေးစရာရှိတာလေးပေးပြီး ပိုတာ
သုံးလိုက်မယ်ဆိုတဲ့ စိတ်နှလုံး ဒုံးဒုံးချပြီး လုပ်လိုက်ရတဲ့
အရောင်းအ၀ယ်လေးတွေကလည်း ဈေးကွက်ထဲမှာ ခပ်စိပ်စိပ်
ကြားနေမြင်နေရပါတယ်။

အိမ်ခြံမြေ အပေါင်ခံတဲ့ ငွေရှင်ကြေးရှင်တွေ ဘက်ကလည်း
အပေါင်ခံတဲ့ အချိန်မှာ ဈေးကွက်ပေါက်ဈေးရဲ့ ထက်ဝက်ပမာဏ
ဖြစ်တဲ့ ၅၀ ရာခိုင်နှုန်းလောက်ကိုသာ အများဆုံး ငွေထုတ်
ချေးကြပါတယ် ၊ အခုနောက်ပိုင်းမှာပိုဆိုးသွားတာက
၅၀ ရာခိုင်နှုန်းတောင် မဟုတ်တော့ဘဲ ၃၀ ရာခိုင်နှုန်းလောက်
ဘဲ ငွေထုတ်ချေးတဲ့ အထိ ငွေရှင်တွေ ဘက်က
ခပ်မာမာဆက်ဆံလာကြပါတယ်။

* အဓိကကျတဲ့ ဘဏ်စနစ်ကို ပြင်ပြီး မြေကို အပေါင်ထားလို့
ငွေကို ထုတ်ချေးပေးမယ်ဆိုရင်တော့ ပြင်ပမှာ အတိုးကြီးကြီးနဲ့
ပေါင်နှံရလို့ အတိုးတွေပိပြီး ဒုက္ခရောက်နေတဲ့ မိသားစုတွေ ၊
မြေတွေ အိမ်တွေ ဆုံးရှုံးသွားရတဲ့ လူတွေ နည်းပါးသွားမှာ
ဖြစ်ပါတယ် ၊ တင်းကျပ်တဲ့ ဘဏ်တွေရဲ့ စည်းမျဉ်းစည်းကမ်း
တွေကို လုပ်သာကိုင်သာ ရှိတဲ့ အနေအထားတစ်ခု
ရောက်အောင် အများကြီးဖြေလျှောပေးဖို့လိုအပ်လာပါပြီ။ *

ဘဏ်ဆိုတာ အများပြည်သူအပ်နှံငွေကို မဆုံးရှုံးအောင်
စည်းစနစ်တကျ ကာကွယ်ထိန်းသိမ်းရမယ် ဆိုတဲ့ တာဝန်ရှိတာ
နားလည်လက်ခံသဘောပေါက်ပေမယ့် နိုင်ငံတကာ ဘဏ်တွေ
အိမ်အပေါင်အတွက်ငွေထုတ်ချေးပေးတဲ့ ပုံစံအတိုင်း
တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဖြေလျှောပေးလိုက်ရင်
ဖြင့် ဘဏ်လည်းအကျိုးရှိ ငွေလိုနေတဲ့ မြေရှင်အိမ်ရှင်တွေလည်း
နှစ်ဦးနှစ်ဖက် အကျိုးရလာဒ်တွေ ဖြစ်ထွန်းလာမှာဖြစ်ပါတယ်။

(ကိုချစ်ခင်)

credit -  iMyanmar House

“ယနေ့ အိမ်ခြံမြေလောကနှင့် အပေါင်” အား ဖတ်ရှူလိုပါလျှင်
အောက်ပါ link ကိုနှိပ်ပါ။

https://www.facebook.com/726764717432470/photos/pb.726764717432470.-2207520000.1489854913./1107005156075089/?type=3&theater

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0

“အိမ်ခြံမြေဈေးကွက်အတွင်း ခေတ်စားလာသော အရစ်ကျစနစ်နှင့် သိထားသင့်သည်များ”

“အိမ်ခြံမြေဈေးကွက်အတွင်း ခေတ်စားလာသော
အရစ်ကျစနစ်နှင့် သိထားသင့်သည်များ”


၁။ "ကျဆင်းနေတဲ့ အိမ်ခြံမြေဈေးကွက်မှာ အရစ်ကျစနစ်
ရေပန်းစား"

ခုလက်ရှိ အိမ်ခြံမြေဈေးကွက်တွေ ကျဆင်းနေပေမဲ့
တကယ်လိုအပ်နေတဲ့ လူတန်းစားတွေ၊ ဝန်ထမ်းတွေဝယ်ယူ
နိုင်အောင် ရည်ရွယ်တဲ့ အရစ်ကျစနစ်ရေပန်းစားလာပြီး ပိုမို
ကျင့်သုံးလာတာကိုတွေ့ရ ပါတယ်။

"အိမ်ခြံမြေဈေးကွက်တွေက ဆက်လက်ကျဆင်းနေပြီး
ရင်းနှီးမြှုပ်နှံသူတွေက မဝယ်ကြတဲ့အတွက် တကယ်လိုအပ်တဲ့
သူတွေကိုပစ်မှတ်ထားပြီးရောင်းချပေး နေကြတာဖြစ်တယ်၊
လူတန်းစားအများစုက ငွေတစ်လုံးတစ်ခဲတည်း မပေးနိုင်ကြ
ဘူးလေ၊ သူတို့ရဲဝင်ငွေနဲ့ ယှဉ်ဆပြီးဝယ်ယူကြတယ်။
ဥပမာ – ဝန်ထမ်းတစ်ယောက်အနေနဲ့ တစ်လဝင်ငွေ ခုနစ်သိန်း
လောက်ရရင် ဝင်ငွေအကုန်လုံးကို မပေးနိုင်ဘူးလေ၊ သူတို့ရဲ့
စားသောက်စရိတ်၊ တခြား စရိတ်တွေရှိသေးတယ်လေ၊
အရစ်ကျနဲ့ တစ်လကိုနည်းနည်းစီပေးသွင်း ရတော့ သူတို့
အတွက်လဲအဆင်ပြေတယ်လေ၊ အဲဒါကြောင့်ဝယ်သူနဲ့
ရောင်းသူကြား အရစ်ကျစနစ်ကို ပိုပြီးကျင့်သုံးလာကြတယ်"
လို့ ဇလပ်ပွင့် အိမ်ခြံမြေ ဝန်ဆောင်မှု ကုမ္မဏီ
CEO & Founder ဦးမျိုးမြင့်အောင်က ပြောပါတယ်။

"အရစ်ကျ စနစ်ဆိုတာ"
===============

အရစ်ကျစနစ်ရောင်းချတာက ငွေတစ်လုံးတစ်ခဲတည်းပေးစရာ
မလိုဘဲ တစ်လချင်း နည်းနည်းစီပေးသွင်းရတာကြောင့်
လူကြိုက်များပါတယ်။

"ခုလက်ရှိမှာ ရိုးရိုးရောင်းချတာတွေ၊ အစိုးရဘဏ်နဲ့ပူးပေါင်းပြီး
လုပ်လာတာတွေ့ ရပါတယ်၊ အစိုးရဘဏ်နဲ့ ပူးပေါင်းပြီး
အရစ်ကျရောင်းချတာတွေဆိုရင် ချေးငွေ တွေရတယ်၊
တချို့ကုမ္မဏီတွေဆိုရင် စရန်ငွေ ငါးသိန်းစပြီးယူတယ်၊ ပြီးမှ
ဘဏ်ချေးငွေနဲ့ တစ်လ ၁၃ သိန်းပေးသွင်းရတာမျိုး၊
လုပ်ကြတာပေါ့၊ ဒါပေမဲ့ အိမ်ခြံမြေအကျိုးဆောင်ကုမ္မဏီတစ်ခုနဲ့
တစ်ခုကတော့ မတူပါဘူး၊ တချို့ ကျတော့စပြီး ဝယ်ယူတာနဲ့
စရန်ငွေ ၅၀ ရာခိုင်နှုန်းပေးပြီး ကျန် ၅၀ ရာခိုင်နှုန်းကို လစဉ်
အရစ်ကျ နဲ့ ရောင်းချတာမျိုးရှိတယ်" လို့ အိမ်ခြံမြေအသင်း
ပြန်ကြားရေးတာဝန်ခံဦးခင်မောင်အေးက ပြောပါတယ်။

"အရစ်ကျက ပိုအဆင်ပြေ"
=================

အိမ်ခြံမြေဈေးကွက်အေးနေချိန်မှာ ငွေကြေးအားနည်းတဲ့
ကန်ထရိုက်အချို့ အရစ်ကျစနစ်ကို ပိုပြီးကျင့်သုံးလာကြ
ပါတယ်။ ငွေဝပ်နေတာထက်စာရင်အရစ်ကျရောင်းတာက
ပိုပြီးအဆင်ပြေတာကြောင့်ပါ။

"တကယ်တော့ရောင်းတဲ့သူတွေက အရစ်ကျမဟုတ်ဘဲ
လက်ငင်းပဲရောင်းချင်ကြတာ၊ ဒါပေမဲ့ အရောင်းအဝယ်တွေ
ပါးပြီးတော့ အစိုးရကလဲ တန်ဖိုးနည်း၊ တန်ဖိုးမျှတဲ့အိမ်ရာတွေကို
ရောင်းချလာကြတဲ့အခါ ကန်ထရိုက်တွေအနေနဲ့လဲ ရောင်းအား
နည်းတဲ့အတွက် ပထမမှာ နည်းနည်းစီပေးပြီး လစဉ် အရစ်ကျ
ရောင်းချလာကြတယ်" လို့ အိမ်ခြံမြေဝန်ဆောင်မှု အသင်း
ဦးအောင်ကျော်မိုးက ပြောပါတယ်။

"လိုအပ်သူတွေ အရစ်ကျဝယ်"
====================

အိမ်ခြံမြေဈေးကွက်ကျနေချိန်မှာ မရှိမဖြစ် အိမ်လိုအပ်သူတွေ၊
အိမ်ငှားပြီး နေရသူတွေဈေးကျနေချိန်မှာ ပိုပြီးဝယ်ယူသူတွေ
တွေ့နေရပါတယ်။

ဝန်ထမ်းတွေဆိုရင် အရစ်ကျရောင်းတော့ တစ်လချင်းစီပေးရတဲ့
အတွက် ဝယ်ယူသူ များတယ်။ အခုလက်ရှိမှာတော့ ငွေတတ်နိုင်
သူတွေ၊ ဈေးကစားဖို့ ဝယ်ယူသူတွေမဟုတ်ဘဲ အမှန်တကယ်
လိုအပ်တဲ့သူတွေ ဝယ်ယူမှုများတာလို့ သိရပါတယ်။

"လက်ငင်းထက် ဈေးများ"
=================

အရစ်ကျရောင်းချတာက လက်ငင်းထက်ပိုပြီးဈေးများတယ်။
လုပ်ငန်းရှင်တွေက သူတို့ရဲ့ကုန်ကျစရိတ်၊ ဘဏ်တိုးတွက်ပြီး
တော့မှ အမြတ်ငွေတင်ပြီးရောင်းချတဲ့ သဘောဖြစ်တယ်။

ဥပမာစရိတ်စက အားလုံးသိန်း ၁၀ဝ လောက် ကုန်ကျတယ်
ဆိုရင် သိန်း ၁၁၀၊ ၁၂၀ တင်ပြီးရောင်းကြတယ်။

"သတိထားသင့်"
===========

ကြိုပွိုင့် ဒါမှမဟုတ်အရစ်ကျဝယ်ယူလိုတဲ့ ကာစတန်မာတွေ
အနေနဲ့ မိမိဝယ်ယူလိုတဲ့ တိုက်ခန်း ဒါမှမဟုတ် ကွန်ဒိုတွေကို
ဘယ်လိုပြီးဆုံးအောင် တည်ဆောက်မယ်ဆိုတာကို
ကန်ထရိုက် ဒါမှမဟုတ် စည်ပင်၊ ဒါမှမဟုတ်ဘဏ် တစ်ခုခုရဲ့
အာမခံချက်ရှိမှသာဝယ်သင့်တယ်။

တိကျသေချာတဲ့ အာမခံချက်မရှိဘူးဆိုရင် မဝယ်သင့်ကြောင်း၊
ရောင်းသူနဲ့ ဝယ်သူကြားမှာ ယုံကြည်ရလောက်တဲ့
အထောက်အထားတွေ၊ စာချုပ်စာ တမ်းတွေရှိမှ
အရောင်းအဝယ်လုပ်ဆောင်သင့်ကြောင်း ဇလပ်ပွင့် အိမ်ခြံမြေ
အကျိုးဆောင် CEO & Founder ဦးမျိုးမြင့်အောင်က
အကြံပြုပြောကြားပါတယ်။

(မေသက်)

***

၂။ "အရစ်ကျတိုက်ခန်း ဝယ်မယ်ဆိုရင် သိထားသင့်သည်များ"

တိုက်ခန်းဝယ်တော့မယ်ဆိုရင် အစိုးရကရောင်းနေတာကို
အရစ်ကျစနစ်နဲ့ဝယ်တာတွေ၊
ကန်ထရိုက်တိုက်ဝယ်ယူတာတွေနဲ့ ပုဂ္ဂလိကရောင်းနေတာကို
အရစ်ကျစနစ်နဲ့ ဝယ်ယူတာတွေ ရှိတယ်လို့ သိရပါတယ်။

ကန်ထရိုက်တာဆီကနေဝယ်ယူမယ်ဆိုရင်
- ကန်ထရိုက်စာချုပ်တွေရယ်၊
- စည်းကမ်းချက်နဲ့အညီဆောက်နိုင်မလားဆိုတာတွေရယ်၊
- နောက်မိမိဝယ်ယူထားတဲ့ တိုက်ခန်းတွေကို နောက်ထပ်
တစ်ယောက်ကို ရောင်းချထားခြင်း ရှိမရှိဆိုတာကို သေချာ
သိထားရမှာဖြစ်ပါတယ်။

ကန်ထရိုက်တာတွေရောင်းတဲ့တိုက်ခန်းတွေက
နှစ်ယောက်ရောင်း၊ သုံးယောက် ရောင်းတွေနဲ့ ပြဿနာတွေ
တက်နေတာလည်းဖြစ်ပါတယ်။ ဒါတွေက အများဆုံးကြုံတွေ့
နေရတာလည်းဖြစ်ပါတယ်။

ကုမ္မဏီတွေကရောင်းတာတွေကို ဝယ်ယူမယ်ဆိုရင်လည်း
- သည်ကုမ္မဏီက တကယ်ရှိလား မရှိဘူးလားဆိုတဲ့
နောက်ကြောင်းတွေကိုသေချာစုံစမ်းသင့်တာလည်း
ဖြစ်ပါတယ်။
- တကယ်လို့ ကုမ္မဏီတွေက ရောင်းချတာတွေက အရှုံးပေါ်လို့
ထွက်သွားတယ်ဆိုရင် ဝယ်ယူထားတဲ့သူတွေနစ်နာမှာ
ဖြစ်ပါတယ်။

တိုက်ခန်းဝယ်ယူပြီးပြီဆိုရင်လည်း
- စည်းကမ်း ချက်တွေကိုတောင်းပြီး ဖတ်ကြည့်သင့်ပါတယ်။
- ငွေသွင်းနေတုန်းမှာ စည်းကမ်းချိုးဖောက်ခဲ့ရင်ဘာတွေ
ဖြစ်နိုင်လဲ၊
- တိုက်ခန်းရောင်းချသူဘက်က ဘာတွေလုပ်ကိုင်နိုင်ပြီးတော့
မိမိကိုယ်တိုင်လည်း ဘယ်လိုလိုက်နာကာကွယ်သင့်လဲ
ဆိုတာကို ကြိုတင်စဉ်းစားပြီးဝယ်ယူဖို့လိုတာလည်း
ဖြစ်ပါတယ်။

(အမေးအဖြေ)
==========

မေး။ ။ အရစ်ကျတိုက်ခန်းရောင်းတာတွေမှာ ဝယ်သူတွေက
သွင်းရမယ့်ငွေကို အပြည့်မသွင်းဘဲ ပျက်ကွက်ခဲ့ရင်
ရောင်းသူတွေဘက်က ဘာတွေလုပ်လို့ရလဲ။

ဖြေ။ ။ သူတို့စည်းကမ်းချက်တွေကို အရင်ဆုံးဖတ်ကြည့်
သင့်တယ်။ အစိုးရဆီကပဲ ဝယ်ယူသည်ဖြစ်စေ၊ ပုဂ္ဂလိက
ကုမဏီတွေက ရောင်းတာတွေကို ဝယ်ယူသည် ဖြစ်စေ
ကိုယ့်ကို တိုက်ခန်းပေးအပ်ထားပြီးတော့ နှစ်ဘယ်လောက်
အတွင်းမှာ  ဆပ်ရမယ်ဆိုတာကို တိုက်ခန်းတွေဝယ်ယူတဲ့
အခါမှာ ကြိုသိသင့်တယ်။

နောက်တစ်ချက်က ချမှတ်ထားတဲ့ စည်းကမ်းချက်တွေက
ဘာတွေလဲ၊

ပေးဆောင်နေရင်းနဲ့ အိမ်ထောင်ဦးစီးက ဆုံးသွားလို့
နောက်ထပ်ဆက်ခံမယ့်သူက ဆက်သွင်းဖို့ အခက်အခဲ
ဖြစ်တာပဲဖြစ်ဖြစ် စည်းကမ်းချက် ဖောက်ဖျက်ရင် ဥပဒေနဲ့
ငြိစွန်းနိုင်တယ်။

အဲသည်စည်းကမ်းချက်တွေ ဖောက်ဖျက်ရင် ဘယ်လိုအရေးယူ
လို့ရတယ်ဆိုတာကို သိထားပြီးမှ ဝယ်ယူသင့်ပါတယ်။

မေး။ ။ ငွေမသွင်းရင်တိုက်ခန်းတွေ ပြန်သိမ်းတာတွေ
လုပ်လို့ရနိုင်လား။

ဖြေ။ ။ အဲဒါက ဘာနဲ့ ဥပမာပေးရမလဲဆိုရင် မော်တော်ကား
မောင်းတဲ့ သူတွေလိုပေါ့။ စရန်ငွေတင်ပြီး မောင်းကြတယ်။
တစ်စုံတစ်ခု ဖြစ်တယ်ဆိုရင် ကားပြန်သိမ်းတာတို့ ၊ စရန်ငွေ
ဆုံးတာတွေပါ ဖြစ်လာနိုင်တယ်။ အဲသည်လိုမျိုးပဲပေါ့။

တိုက်ခန်းတွေမှာလည်း ပြန်သိမ်းတာတွေ ပြုလုပ်လို့ရတယ်။
ဒါမှမဟုတ် တိုက်ခန်းတွေကို အရစ်ကျနဲ့ဝယ်ပြီးရင်
တခြားသူတွေကို ပြန်ရောင်းတာတွေ၊ ပေါင်တာတွေ၊ ငွေဆက်
မသွင်းတော့ဘူးဆိုရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ
ဖြစ်လာပြီး ဥပဒေအရ အရေးယူတာ တွေကို ခံရမှာလည်း
ဖြစ်ပါတယ်။

မေး။ ။ သတ်မှတ်ထားတာတွေအပြင် ဘာတွေ ထပ်သိထားဖို့
လိုအပ်လဲ။

ဖြေ။ ။ ကိုယ်ကအရစ်ကျဝယ်ထားတယ်ဆိုရင် ဘယ်နှနှစ်သွင်း
ရတယ်၊ ဘယ်လိုသွင်းရမယ်၊ ဘာတွေနဲ့ ချိတ်ဆက်သွင်းရမယ်
ဆိုတာကို သိထားဖို့လိုတယ်။

သူတို့ သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို ဖောက်ရင် ဘယ်လို
အရေးယူခံရမှာတွေကိုလည်း ကြိုသိထားသင့်ပါတယ်။

(လိမ္မာ)

credit -  Kumudra Journal

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0

"အိမ်ရာလိုအပ်ချက်နဲ့ စောင့်ကြည့်ရမယ့် အစိုးရရဲ့ အိမ်ရာဖော်ဆောင်နိုင်မှု"

"အိမ်ရာလိုအပ်ချက်နဲ့ စောင့်ကြည့်ရမယ့် အစိုးရရဲ့
အိမ်ရာဖော်ဆောင်နိုင်မှု"


အိမ်ရာလိုအပ်ချက်တွေ များနေသေးတဲ့ နိုင်ငံအတွက် အစိုးရ
ဘက်က ဖော်ထုတ်ပေးနိုင်တဲ့အခန်းကဏ္ဍက ပြီးခဲ့တဲ့ ငါးနှစ်
သက်တမ်း အတွင်းမှာတော့ မပြည့်မီခဲ့သေးဘူးလို့
မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း
(MCEA) ဥက္ကဋ္ဌ ဦးသာဌေးက ပြောပါတယ်။

လွန်ခဲ့တဲ့ ရက်သတ္တပတ်က စင်ကာပူနိုင်ငံအခြေစိုက်
Surbana Jurong နဲ့ MCEA တို့ရဲ့လုပ်ငန်းများ ပူးပေါင်း
လုပ်ကိုင်မှု သဘောတူလက်မှတ်ရေးထိုးပွဲမှာ သတင်းမီဒီယာ
တွေကို ပြောကြားခဲ့တာပါ။

ဦးသိန်းစိန်အစိုးရလက်ထက်က ၂ဝ၃ဝ ပြည့်နှစ်အတွင်း
အိမ်ရာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအနေနဲ့ အိမ်ခန်းပေါင်း
တစ်သန်း ထုတ်လုပ်နိုင်ဖို့ လျာထားခဲ့ရာမှာ အဆိုပါ
လျာထားချက်အတွင်းက ငါးနှစ်စာပမာဏကို ပြည့်မီအောင်
ထုတ်လုပ်နိုင်ခြင်း မရှိခဲ့တာပါ။

စီမံကိန်းအရ ပြည့်မီဖို့ဆိုရင် ငါးနှစ်အတွင်း ထုတ်လုပ်နိုင်
စွမ်းရည်ဟာ အနည်းဆုံးအိမ်ခန်းပေါင်း နှစ်သိန်းကျော်ကနေ
သုံးသိန်းနီးပါးအထိ ထုတ်နိုင်မှ လာမယ့် ၂ဝ၃ဝခုနှစ်မှာ
အိမ်ခန်းပေါင်း တစ်သန်းကို ပြည့်မီမှာ ဖြစ်ပါတယ်။

''ဆောက်လုပ်ရေး ဝန်ကြီးဌာနက ကြေညာထားတာ ၂ဝ၃ဝ
မှာ အိမ်ခန်းပေါင်း တစ်သန်းထုတ်မယ်ဆိုတာ အဲဒါ ၂ဝ၁၁
ခုနှစ်ကတည်းက ကြေညာထားတာ၊ အပိုင်းလိုက် ငါးနှစ်
စီမံကိန်းလေးကြိမ်ပေါ့။
ပျှမ်းမျှအားဖြင့် ငါးနှစ်ကို နှစ်သိန်းကျော်ကျော် သုံးသိန်းလောက်
ထုတ်မှ ပြည့်မီမှာပါ။ ပြီးခဲ့တဲ့ ငါးနှစ်ကတော့ သူတို့ သတ်မှတ်
ထားတာကို မီအောင် မထုတ်နိုင်ခဲ့ဘူး'' လို့
ဦးသာဌေးက ပြောပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ အိမ်ရာဖော်ထုတ်မှုဟာ အစိုးရ
ချပေးတဲ့ နှစ်စဉ်ဘတ်ဂျတ်ကိုအသုံးပြု ဖော်ဆောင်ရတာမို့
ပြီးခဲ့တဲ့ ငါးနှစ်သက်တမ်းက ဖော်ထုတ်နိုင်မှု နည်းခဲ့တယ်လို့
၎င်းက ပြောပါတယ်။

အခု အစိုးရသစ်လက်ထက်မှာ ဆောက်လုပ်ရေးဝန်ကြီးဌာန
က ၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်ကနေ၂ဝ၂ဝ-၂၁ ဘဏ္ဍာနှစ်အတွင်း
မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အိမ်ခန်းပေါင်း တစ်သိန်း
ရှစ်သောင်းကို အကောင်အထည်ဖော် တည်ဆောက်မယ်လို့
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ကရတနာနှင်းဆီ တန်ဖိုးနည်း
အိမ်ရာဖွင့်ပွဲမှာ ပြောခဲ့ပါတယ်။

လက်တွေ့မှာတော့ အစိုးရက ကြေညာထားတဲ့အတိုင်း
အိမ်ခန်းတွေ ပေါ်ထွက်လာပြီး တကယ်လိုအပ်တဲ့ ပြည်သူ
တွေလက်ထဲ ရောက်ဖို့ဆိုတာကတော့ ခန့်မှန်းရ ခက်ခဲဆဲ
ဖြစ်နေပါတယ်။

ခန့်မှန်းရခက်ခဲရတဲ့အကြောင်းက လာမယ့် ၂ဝ၃ဝ မှာ အိမ်ခန်း
တစ်သန်းထွက်ပေါ်လာဖို့ဆိုရင်ငါးနှစ်ကို အိမ်ခန်းပေါင်း
သုံးသိန်းနီးပါး ဖော်ထုတ်နိုင်မှပါ။ ဒီလို ကိန်းဂဏန်းကို
ဖော်ထုတ်မယ်ဆိုတာမျိုး မကြားရသေးပါဘူး။

ဒါပေမဲ့ အစိုးရသစ်ရဲ့ နည်းဗျူဟာအသစ်အရ မြန်မာနိုင်ငံ
တစ်ဝန်းလုံး အိမ်ရာဖော်ထုတ်ရေးတွေမှာ ပြည်တွင်း
ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကို ပူးပေါင်းပါဝင်စေခဲ့တဲ့
အတွက် အဖွဲ့ဝင်ပေါင်း၂,ဝဝဝ ကျော်ရှိတဲ့ မြန်မာနိုင်ငံ
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက နိုင်ငံတွင်းမှာ
တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာတွေ တည်ဆောက်ဖို့
အဆင်သင့်ဖြစ်နေပြီလို့ ပြောပါတယ်။

''ကျွန်တော်တို့ MCEA ကို မကြာသေးခင်ကပဲ အစိုးရက
တာဝန်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အဲဒီမှာ ကျွန်တော်တို့ တစ်နိုင်ငံလုံးမှာ တန်ဖိုးနည်း
တန်ဖိုးမျှတ တိုက်ခန်းတွေဆောက်ပါမယ်။
ဘယ်နေရာတွေမှာ ဆောက်မယ်၊ ဘယ်တော့စမှာ ဆိုတာ
တော့ မတိုင်ပင်ရသေးဘူး။ အမြန်ဆုံး စတော့မှာဖြစ်တဲ့
အတွက် လာမယ့် ဘတ်ဂျတ်နှစ်မှာစဖို့မျှော်လင့်ထားတယ်''
လို့ ဦးသာဌေးက ပြောပါတယ်။

တစ်နိုင်ငံလုံးမှာ တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ခန်းတွေ
ထွက်ပေါ်လာဖို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက
ဦးဆောင်လုပ်ကိုင်နေတာဖြစ်ပြီး တန်ဖိုးနည်းတိုက်ခန်းတွေ
ကို အလုပ်အကိုင်တွေနဲ့နီးတဲ့နေရာနဲ့ တန်ဖိုးသင့်တိုက်ခန်း
တွေဆို နေရာကောင်းတွေမှာ ဆောက်ဖို့ စီစဉ်နေတယ်လို့
လတ်တလောအစီအစဉ်အရ သိရပါတယ်။

တန်ဖိုးနည်း၊ တန်ဖိုးသင့်တိုက်ခန်းတွေကို ရောင်းချရာမှာ
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) အိမ်ရာ
ငွေစုစာအုပ် ဖွင့်သူတွေကို ဦးစားပေးရောင်းချကာ အိမ်ခန်း
တန်ဖိုးရဲ့၃ဝ ရာခိုင်နှုန်းကို ကနဦးအကြေချေပြီး အရစ်ကျ
၁ဝ နှစ် ငွေပေးချေတဲ့ စနစ်တွေနဲ့ရောင်းချပေးတာတွေက
အခုနောက်ပိုင်းမှာ အိမ်ခန်းဝယ်ယူတဲ့သူတွေကို
ပိုအဆင်ပြေလာစေပါတယ်။

ဒီလို အခြေအနေမှာ CHDB ဘဏ်အနေနဲ့ နိုင်ငံတကာ
ချေးငွေနဲ့ အစိုးရချေးငွေတွေ ရရှိမယ်ဆိုရင် အခုထက်ပိုပြီး
အိမ်ခန်းဝယ်ယူမှုတွေမှာ ငွေကြေးထောက်ပံ့ပေးနိုင်မှာ ဖြစ်ပြီး
အတိုးနှုန်းတွေကိုလည်း သက်သာစေမယ်ဆိုရင် မျှော်မှန်းထား
တဲ့ အိမ်ခန်းလိုအပ်ချက် ပြည့်မီဖို့ဟာ အခြေအနေကောင်း
လာနိုင်မယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက
ဆိုပါတယ်။

''ဒီဘက်နှစ်တွေကတော့ အိမ်ခန်းတွေပိုပြီး ထုတ်နိုင်မယ်
ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့နိုင်ငံတကာ အကူအညီတွေ
လည်း ရလာနိုင်တယ်။ ဂျပန်နိုင်ငံကလည်း ချေးငွေတွေရရင်
CHDB ဘဏ်ကလည်း အတိုးနှုန်းနည်းနည်းနဲ့ ငွေကြေး
ထောက်ပံ့မှုတွေ ပေးလာနိုင်တယ်''လို့
ဦးသာဌေးက ပြောပါတယ်။

CHDB ဘဏ်ကလည်း တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ခန်းတွေ
ကို ပြည်သူတွေ အဆင်ပြေပြေ လွယ်လွယ်ကူကူ ဝယ်ယူနိုင်ဖို့
ငွေထုတ်ချေးပေးနေပေမဲ့ လက်ရှိအနေအထားအရ ကနဦး
အကြေချေ ငွေပမာဏ (down payment) က များနေပါသေး
တယ်။ ဒါ့ပြင် အတိုးနှုန်းမှာလဲ၁၃ ရာခိုင်နှုန်းဖြစ်နေပါတယ်။

ဒါကြောင့် မြင့်မားနေတဲ့ အတိုးနှုန်းနဲ့ ကနဦး ငွေအကြေချေ
ပမာဏများအတွက် CHDB ဘဏ်ဟာ အစိုးရနဲ့ နိုင်ငံတကာ
အကူအညီဖြစ်တဲ့ ဂျပန်နိုင်ငံရဲ့ ငွေချေးမယ့် အကူအညီတွေကို
ရရှိဖို့ ညှိနှိုင်းနေတယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံက ဂျပန်ငွေ ယန်း ၁၅ သန်းနဲ့ မြန်မာနိုင်ငံအစိုးရက
ငွေကျပ် ၃ဝ ဘီလျံ တို့ကိုနှစ်ရှည်ချေးငွေရဖို့ ညှိနှိုင်းပြောဆို
နေတယ်လို့ သိရပါတယ်။

''ဂျပန်နိုင်ငံက ချေးငွေရဖို့ကတော့ နည်းနည်းကြာဦးမယ်။
အစိုးရနဲ့ ၃ဝ ဘီလျံရဖို့ကတော့ရနိုင်ဖို့ အခြေအနေရှိပါတယ်။
လောလောဆယ်တော့ ပြောဆိုနေတုန်း အနေအထားမှာ
တော့ရှိနေပြီ။ တကယ်လို့ အဲဒီချေးငွေတွေရရင် အတိုးနှုန်းကို
၉ ရာခိုင်နှုန်းလောက်ချဖို့ စီစဉ်ထားပါတယ်''လို့ CHDB ၏
စီမံခန့်ခွဲမှုဒါရိုက်တာ ဦးဝင်းဇော်က ပြောပါတယ်။

အဲဒီအပြင် ကနဦးအကြေချေရတဲ့ ငွေပမာဏကိုလည်း
နိုင်ငံတကာငွေကြေးအကူအညီတွေ၊နိုင်ငံတော်အစိုးရရဲ့
ချေးငွေအထောက်အပံ့တွေ ရလာမယ်ဆိုရင် လက်ရှိ အခန်း
တန်ဖိုးရဲ့ ၃ဝရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းထိ လျှော့ချနိုင်
အောင် ကြိုးစားနေတယ်လို့ လည်း သိရပါတယ်။

''စစချင်းပေးရမယ့် ငွေပမာဏကို လက်လှမ်းမီအောင် ကြိုးစား
နေပါတယ်။ နိုင်ငံခြားကနေ soft loan တွေ ရဖို့ရှိပါတယ်။
ဝင်ငွေနည်း ပြည်သူကို ပံ့ပိုးတဲ့အနေနဲ့ loan ပေးဖို့ ရှိပါတယ်။
အထူးသဖြင့် ဂျပန်ပေါ့။ ရလို့ရှိရင် အတိုးနှုန်း နည်းသွားမယ်။
အခုက ၇ဝ ရာခိုင်နှုန်းကချေးငွေယူထားရတော့ အဲဒီချေးငွေရဲ့
အတိုးနှုန်းကို နည်းနိုင်သမျှ နည်းအောင် လုပ်နေပါတယ်''လို့
ဘဏ်နဲ့လည်း ပူးပေါင်းလုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံ
ဆာက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက
တာဝန်ရှိသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းဟာ
အစိုးရရဲ့ အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းမှာ ပါဝင်လုပ်ဆောင်
ဖို့အတွက် စီမံကိန်းတွေကို အကောင်အထည်ဖော်တဲ့နေရာမှာ
နည်းပညာပိုင်း လိုအပ်ချက်များအတွက် စင်ကာပူကုမ္ပဏီဖြစ်တဲ့
Surbana Jurong နဲ့ ပူးပေါင်းပြီး တန်ဖိုးနည်းအိမ်ရာ စီမံကိန်း
တင်မကဘဲ အထူးစီးပွားရေးဇုန်၊ ဆိပ်ကမ်း၊
အခြေခံအဆောက်အအုံ၊ အဝေးပြေးလမ်းမတွေနဲ့ စက်မှုဇုန်
ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုဆောက်လုပ်ဖို့ ပြီးခဲ့တဲ့ မတ် ၃ ရက်က
MOU လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်တယ် လို့
ဦးသာဌေးက ပြောပါတယ်။

၂ဝ၁၃ ခုနှစ်ကတည်းက မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ
ထဲမှာ အိမ်ရာစီမံကိန်းများစီမံခန့်ခွဲခြင်းနဲ့ အိမ်ရာဒီဇိုင်းတွေကို
ဆွဲတဲ့ လုပ်ငန်းတွေလုပ်ဆောင်တဲ့ Surbana ကလည်းအစိုးရနဲ့
လက်တွဲလုပ်ဆောင်ဖူးတဲ့ အတွေ့အကြုံတွေ ရှိတယ်လို့
ဆိုပါတယ်။

''ဆာဗားနားက ၂ဝ၁၃ ခုနှစ်ကတည်းက မြန်မာနိုင်ငံကို
ရောက်ရှိလာပြီး အစိုးရနဲ့ လက်တွဲလုပ်ဆောင်ခဲ့တာပါ။
ပထမဆုံးလုပ်ငန်းအနေနဲ့ ဒဂုံဆိပ်ကမ်းစီမံကိန်း၊ ရတနာနှင်းဆီ
စီမံကိန်း၊ အိမ်ရာဆောက်လုပ်ရေးမှာ ဒီနှစ်ခုလုံး လုပ်ငန်း
ပြီးစီးသွားပြီ ဖြစ်ပါတယ်။
မြန်မာတစ်နိုင်ငံလုံးမှာ တခြား လက်တွဲဖော်များနဲ့အတူ လုပ်ငန်း
တွေ လုပ်သွားပါမယ်။လက်တွဲဖော်တွေ အများကြီး လိုအပ်
ပါတယ်။ MCEA နဲ့ လက်တွဲလုပ်ဆောင်မှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့
နားမလည်တဲ့ အပိုင်းတွေကို အတူတူလက်တွဲပြီး လုပ်သွား
ပါမယ်'' လို့Surbana ရဲ့ အမှုဆောင်အရာရှိချုပ်
Mr. Teo Eng Cheong က ပြောပါတယ်။

လက်ရှိတွင် MCEA နှင့် Surbana တို့တည်ဆောက်ကြမယ့်
တန်ဖိုးနည်း၊ တန်ဖိုးသင့်စီမံကိန်းတွေအတွက် အသေးစိတ်
တွက်ချက်မှုတွေ မပြုလုပ်သေးပေမဲ့ နိုင်ငံရဲ့ ပြည်သူတွေဝင်ငွေ
အနေအထားတွေပေါ် မူတည်ပြီး မြန်မာပြည်အတွက်
အသင့်တော်ဆုံးဖြစ်မယ့်တန်ဖိုးနည်း၊ တန်ဖိုးမျှအိမ်ခန်းတွေ
ထွက်ပေါ်လာနိုင်အောင် တွက်ချက်သွားမယ်လို့ ဆိုပါတယ်။

''အကောင်းဆုံးနည်းကတော့ လူတစ်ယောက် ဘယ်လောက်ထိ
အလုပ်လုပ်ပြီးစရန်ငွေဘယ်လောက်ပေးနိုင်မှုပေါ်မှာ မူတည်ပြီး
တွက်ချက်သွားပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတစ်ယောက်
အကြာကြီး အလုပ်တွေလုပ်ပြီးတော့မှ အိမ်ရာတစ်ခုကို
ပိုင်ဆိုင်ပြီးလုပ်ရမယ်လို့ မဟုတ်ဘဲ ဘယ်လောက်အတွင်းမှာ
အိမ်ရာပိုင်ဆိုင်နိုင်လဲပေါ်မှာ မူတည်ပြီးတွက်ချက်သွား မှာ
ဖြစ်ပါတယ်'' လို့ Mr. Teo Eng Cheong ဆိုပါတယ်။

တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ခန်းတွေက ဝင်ငွေနည်းပြည်သူ
တွေအတွက်ရည်ရွယ်သတ်မှတ်ထားတဲ့အတွက် အခန်း
အရေအတွက်များများ ထုတ်ခြင်းဖြင့် အိမ်ခန်းဈေးနှုန်းကို
လျှော့ချနိုင်အောင် လုပ်ဆောင်သွားမည်ဖြစ်ပြီး အရည်အသွေး
ကိုလည်း မညံ့အောင်တည်ဆောက်သွားမယ်လို့လည်း
သူက ဆိုပါတယ်။

တန်ဖိုးသင့်အိမ်ရာတွေကို အစိုးရနဲ့ အရပ်ဘက် အငြိမ်းစား
ဝန်ထမ်းတွေ အတွက်ကို စဉ်းစားထားကြောင်း ပြောပါတယ်။

- တန်ဖိုးနည်းအိမ်ခန်းတွေကို တည်ဆောက်သွားတဲ့အခါမှာ
အခန်းအကျယ်တွေကတော့စတုရန်းပေ ၄ဝဝ ကနေ ၆ဝဝ ကြား
တည်ဆောက်သွားမှာဖြစ်ပါတယ်။
- တန်ဖိုးသင့်အိမ်ခန်းအကျယ်တွေကတော့ ၇၅ဝ စတုရန်းပေ
ကနေ ၁,ဝဝဝ စတုရန်းပေအထိ ရှိပါမယ်။

မြန်မာနိုင်ငံအနေနဲ့ လာမယ့် အနာဂတ်မှာ စီးပွားရေးဖွံ့ဖြိုး
တိုးတက်မှုတွေ ရှိလာမှာဖြစ်လို့အိမ်ငှားနေထိုင်သူဦးရေထက်
အိမ်ပိုင်ဆိုင်မှု ဦးရေက ပိုမိုများပြားလာမယ်လို့လည်း
Teo Eng Cheong က ပြောပါတယ်။

''မြန်မာပြည်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာတာဖြစ်တဲ့
အတွက်ကြောင့် အိမ်ငှားတဲ့လူဦးရေရာခိုင်နှုန်းက တဖြည်းဖြည်း
လျော့နည်းလာမှာ ဖြစ်ပြီးတော့ အိမ်ပိုင်ဆိုင်တဲ့ရာခိုင်နှုန်းက
ပိုပြီးတော့ များလာမယ်လို့ မျှော်လင့်ရပါတယ်''လို့
သူက ပြောပါတယ်။

မြန်မာနိုင်ငံက လက်ရှိအချိန်မှာ အရှေ့တောင်အာရှနိုင်ငံများ
အကြား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အလျင်မြန်ဆုံးနိုင်ငံဖြစ်နေပြီး
စီးပွားရေးတိုးတက်မှုနှုန်း ၇ မှ ၈ ရာခိုင်နှုန်းအထိရှိနေတာမို့
၂ဝ၁၇ ခုနှစ်အထိ ယခုနှုန်းအတိုင်း ဆက်လက်တိုးတက်
သွားနိုင်ဖွယ်ရှိတယ်လို့လည်း ဆိုပါတယ်။

''မြို့ပြကိုလည်း လူငယ်အများအပြား လာရောက်ပြောင်းရွှေ့
အလုပ်လုပ်ကိုင်ကြတဲ့အတွက်ရန်ကုန်မြို့မှာလည်း လူဦးရေ
လျင်မြန်စွာ တိုးတက်နေပါတယ်။ အဲဒီလို လူငယ်ဦးရေနဲ့
လူဦးရေလျင်မြန်စွာတိုးတက်လျက်ရှိတဲ့ လူဦးရေတို့အတွက်
အိမ်ရာလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ကိုဦးစားပေးရမှာ
အင်မတန် အရေးကြီးပါတယ်''ဟု ၄င်းက ပြောပါတယ်။

''အခုလို ပုဂ္ဂလိကဆောက်ရေးလုပ်ငန်းရှင်တွေကို အစိုးရက
လုပ်ကိုင်ခွင့်ပေးလိုက်တဲ့နောက်ပိုင်း လာမယ့် နှစ်တွေဟာ
အမှန်တကယ်ပဲ အိပ်ခန်းလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်
မလား၊
လာမယ့် ၂ဝ၃ဝ မှာ ထွက်ပေါ်လာမယ့် အိမ်ခန်း တစ်သန်း
ဟာ တကယ်လိုအပ်နေတဲ့ ပြည်သူတွေလက်ထဲကို ရောက်နိုင်
မလားဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

(မြတ်ငြိမ်းအေး)

credit - The Myanmar Times

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0

“၂ဝ၁၇ အခွန်အကောက် ဥပဒေကြမ်းနှင့် အိမ်ခြံမြေဈေးကွက်”

“၂ဝ၁၇ အခွန်အကောက် ဥပဒေကြမ်းနှင့် အိမ်ခြံမြေဈေးကွက်”

၁။ "အေးစက်နေသည့် ရန်ကုန် အိမ်ခြံမြေဈေးကွက်
ဈေးနှုန်းများ ငြိမ်နေဦးမည်"

ရင်းနှီးမြှုပ်နှံသူများ အချိန်အတော်ကြာ စောင့်ကြည့်ခဲ့ကြသည့်
ရန်ကုန် အိမ်ခြံမြေဈေးကွက်သည် ယခုအချိန်ထိ ဈေးကွက်
အေးစက်နေဆဲဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်များက
ပြောသည်။

နှစ်နှစ်ကျော် သုံးနှစ်နီးပါးအထိ အရောင်းအဝယ် မကောင်းခဲ့
သည့် အိမ်ခြံမြေဈေးကွက်ကိုအစိုးရသစ်တက်ပြီး ၂ဝ၁၆ ခုနှစ်  
နှောင်းပိုင်းများတွင် ပြန်လည်ကောင်းမွန်လာမည်ဟုလုပ်ငန်း
လုပ်ကိုင်သူများက များစွာမျှော်လင့်ထားခဲ့သော်လည်း တကယ့်
လက်ရှိအချိန်ထိ ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးကွက်မှာ
ထူးထူးခြားခြား ပြောင်းလဲမလာခဲ့ပေ။

ယင်းအခြေအနေတွင် ရန်ကုန်မြို့၏ အိမ်ခြံမြေဈေး ကြီးမြင့်နေ
မှုများကို ထိန်းချုပ်သွားမည်ဟုရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးဖြိုးမင်းသိန်းက ပြီးခဲ့သည့် ဖော်ဖော်ဝါရီလ၌ပြောခဲ့သည်။

ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးနှုန်းများသည် အိမ်ခြံမြေ အရောင်း
အဝယ် အေးစက်ခြင်းနှင့်အတူ ယခုရက်ပိုင်းများအတွင်း
ဈေးနှုန်းများ အနည်းငယ် မသိမသာကျဆင်းမှုများရှိလာကြောင်း
ရန်ကုန်အခြေစိုက် အိမ်ခြံမြေအကျိုး ဆောင်များက ပြောသည်။

အိမ်ခြံမြေ အရောင်းအဝယ်၊ အငှား ဝန်ဆောင်မှုပေးသည့်
House com mm ဝက်ဘ်ဆိုက်ကလည်းဈေးကွက်ငြိမ်သက်
နေသည့် အိမ်ခြံမြေဈေးနှုန်းများသည် ယခုရက်ပိုင်းအတွင်း
ကျဆင်းလာသည်ဟု၎င်းတို့၏ လေ့လာမှု တစ်ရပ်တွင်
ဖော်ပြထားသည်။

''ဒဂုံအရှေ့ပိုင်း၊ တောင်ပိုင်းနဲ့ ဆိပ်ကမ်းဘက်တွေမှာ မြေဈေး
တွေ ကျလာတာကို တွေ့ရတယ်။
အရင်က ပေါက်ဈေး ၃၅ သိန်း၊ သိန်း ၄ဝ ရှိတဲ့ မြေကွက်တွေက
အခု သိန်း ၃ဝ လောက်ပဲဈေးရှိတော့တယ်။
သင်္ဃန်းကျွန်း ဆို အရင်က သိန်း ၁၃,ဝဝဝ လောက်ထိ ပေးတဲ့
ခြံမြေကို အခုသိန်း ၁ဝ,ဝဝဝ ခေါ်ထားပေမဲ့ တစ်လပြည့်တော့
မယ် ဝယ်မယ့်သူ မရှိသေးဘူး''ဟု ရန်ကုန်တိုင်းအိမ်ခြံမြေ
ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ဝင်တစ်ဦး၏ ဖြေကြားချက်ကို
House com mm ကေ ဖ်ာပြထားသည်။

ရန်ကုန်မြို့တစ်မြို့လုံးအတိုင်းအတာဖြင့် ယခုတစ်လအတွင်း
ပျမ်းမျှအားဖြင့် ၁ဝ ရာခိုင်နှုန်းမှ၂ဝ ရာခိုင်နှုန်းခန့် အိမ်ခြံမြေ
ဈေးနှုန်းများကို လျှော့ချလျက်ရှိကြောင်း အိမ်ခြံမြေအကျိုးဆောင်
များကပြောသည်။

''အခုရက်ပိုင်းတော့ ဈေးတွေကတော့ ၁ဝ ကနေ ၂ဝ ရာခိုင်နှုန်း
လောက်တော့ ဈေးတွေကျတာကိုတွေ့ရတယ်။
ဈေးကျတယ်ဆိုတာ အိမ်ခြံမြေရောင်းချင်တဲ့သူတွေက ပုံမှန်
ဈေးတွေထက်လျှော့ပြီးရောင်းလာကြတယ်။
အိမ်ခြံမြေဈေးကွက်ကလည်း ဘာမှမပြောင်းလဲဘူးလေ။
အဲဒီတော့ ရန်ကုန်မြို့နေရာတော်တော်များများမှာ ဈေးတွေ
လျှော့လာကြတယ်။ အများကြီးမဟုတ်ဘဲ နည်းနည်းချင်းစီ
ဈေးတွေလျှော့လာတယ်'' ဟု စိုင်းခွန်နောင် အိမ်ခြံမြေ
အကျိုးဆောင်မှ ကိုဟိန်းဇံက ပြောသည်။

ထို့ပြင် လက်ရှိအိမ်ခြံမြေဈေးကွက်အတွင်း အိမ်ခြံမြေအရောင်း
အဝယ် ဖြစ်ပေါ်နေခြင်းများသည်လည်း ငွေလိုအပ်သူများ၏
ထုတ်ရောင်းချခြင်းများသာရှိပြီး ယခင်ထက် ဈေးလျှော့ချထား
သော်လည်းလွယ်လွယ်ကူကူ ရောင်းထွက်ခြင်းများ
မရှိကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

''ရန်ကုန်မှာ နေရာတိုင်းက အဝယ်အေးနေပါတယ်။
ပြန်ရောင်းတဲ့သူတွေကလည်း ဗိုက်နာလို့ ထုတ်ရောင်းတဲ့သူ
တွေလောက်ပဲ ရှိတယ်။ အခုဈေးတွေ ကျတယ်ဆိုတာကလည်း
ဈေးကွက်ထဲမှာအရောင်းအဝယ်စီးဆင်းမှုနည်းလို့၊ ဝယ်တဲ့သူ
နည်းလို့ ဖြစ်နေတာ''ဟု အိမ်ခြံမြေအကျိုးဆောင်
တစ်ဦးက ပြောသည်။

ထို့ပြင် အိမ်ခြံမြေ ရောင်းဝယ်ရာတွင် ဝင်ငွေရလမ်း ဖော်မပြနိုင်
ပါက ပေးဆောင်ရသောဝင်ငွေခွန်သည်လည်း ယခုရေးဆွဲ
လျက်ရှိသည့် ၂ဝ၁၇ အခွန်ကောက်ဥပဒေကြမ်းတွင်အခွန်နှုန်း
မလျှော့ဘဲ ၂ဝ၁၆ ခုနှစ်အတိုင်းပင် ကောက်ခံရန် ရေးဆွဲထား
သည့်အတွက်အခွန်နှုန်းကြောင့် အိမ်ခြံမြေဈေးများ ဆက်လက်
ကျဆင်းနိုင်ကြောင်းအိမ်ခြံမြေ လုပ်ငန်းရှင်များက ပြောသည်။

''အခွန်တွေက မဖြစ်မနေ ဆောင်ခိုင်းမယ်။ ပြီးတော့ အခွန်နှုန်း
တွေကလည်း မလျှော့ဘူး။ အိမ်ခြံမြေဆို မနှစ်ကအတိုင်းပဲ။
ကားဆို အခွန်တွေတိုးလိုက်တာဆိုတော့ အခု အခွန်ကြောင့်
အကုန်လုံး ဈေးကွက်တွေအေးတာပေါ့။ အိမ်ခြံမြေကတော့
အရင်ကတည်းက အေးနေတာ။အခု အခွန်မလျှော့တာကြောင့်
ဈေးလည်းကျနိုင်တယ်''ဟု ရွှေကံမြေ အိမ်ခြံမြေအကျိုးဆောင်မှ
ဦးခင်မောင်အေး က ပြောသည်။

၂ဝ၁၇ ခုနှစ် အခွန်ကောက်ဥပဒေကြမ်းကို လာမည့်
ဧပြီ ၁ ရက်တွင် စတင်ကောက်ခံသွားမည်ဖြစ်ပြီး အိမ်ခြံမြေ
ရောင်းဝယ်ရာတွင် ဝင်ငွေရလမ်း ဖော်မပြနိုင်ပါက ပေးဆောင်
ရမည့် ဝင်ငွေခွန်မှာပြောင်းလဲခြင်းမရှိသည့် အတွက်
ယင်းအခွန်နှုန်းသည် ၂ဝ၁၆ ခုနှစ် အခွန်ကောက်ဥပဒေတွင်
ပြဋ္ဌာန်းထားသည့်အတိုင်း
- တစ်ကျပ်မှ သိန်း ၃ဝဝ အထိ ၁၅ ရာခိုင်နှုန်း၊
- ၃ဝ၁ သိန်းမှ ကျပ်သိန်း၁­,ဝဝဝ အထိ ၂ဝ ရာခိုင်နှုန်းနှင့်
- ကျပ် ၁,ဝဝ၁ သိန်းနှင့် အထက်မှာ ၃ဝ ရာခိုင်နှုန်းတို့
ဖြစ်သည်။

အဆိုပါ အခွန်နှုန်းမှာ အိမ်ခြံမြေအခွန် ပေးဆောင်ရသူများ
အတွက် သက်သာသည့်နှုန်းမဟုတ်သည့်အတွက် အဆင်မပြေ
ကြောင်း အိမ်ခြံမြေလုပ်ငန်းရှင်များက ဝေဖန် သုံးသပ်လျက်
ရှိကြသော်လည်း ယခုနှစ်တွင်လည်း အခွန်နှုန်းကို အစိုးရက
မလျှော့ခဲ့ပေ။

သို့သော် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက
အိမ်ခြံမြေဈေးနှုန်းများကိုတဖြည်းဖြည်းချင်း ထိန်းချုပ်သွားမည်
ဟု ပြောဆိုခဲ့မှုနှင့်အတူ အခွန်နှုန်း မြင့်မားခြင်းမှာလည်း
ထိန်းချုပ်နည်းတစ်ခု ဖြစ်နိုင်သော်လည်း ကောင်းမွန်သည့်
နည်းလမ်းမဟုတ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်များက
ပြောသည်။

''ဈေးတွေကို ထိန်းချုပ်ပြီး ကျသွားအောင်လုပ်မယ်ဆိုတာ
အခွန်မြှင့်လိုက်ရုံနဲ့ ကျမှာမဟုတ်ပါဘူး။
တကယ်က မြို့သစ်တွေ၊ မြေကွက်သစ်တွေ၊ အိမ်ရာသစ်
တွေကို အစိုးရက ဖော်ပေးမှ ကျမှပါ။
အခုက ဈေးကျတယ်ဆိုတာ အရောင်းအဝယ်မကောင်းလို့
ဈေးနည်းနည်းပါးပါးလျှော့ခေါ်တာလောက်ပဲ ဖြစ်လာမှာပါ။
လက်တွေ့ ဈေးကွက်မှာ ဝယ်ရောင်းလု ပ်ရင်
အဲဒီလောက်ထိ ထိုးမကျဘူး။ မြို့လယ်လို နေရာတွေက
ဈေးတွေမာနေတုန်းပဲ''ဟု
ဦးခင်မောင်အေးက မြန်မာတိုင်း(မ်)ကို ပြောသည်။

ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးကွက်တွင် ဝယ်ရောင်းဈေးကွက်
ဖြစ်ပေါ်မှုနည်းသော်လည်းအငှားဈေးကွက်မှာမူ ပုံမှန်ငှားရမ်းမှု
များရှိနေပြီး နှစ်စဉ် ၁ဝ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအတွင်း
အငှားဈေး တက်မှုများရှိကြောင်း သိရသည်။

(မြတ်ငြိမ်းအေး)

***

၂။ "ယခု သတ်မှတ်လိုက်သော အခွန်နှုန်းထားကြောင့်
အိမ်ခြံမြေဈေး ဆက်ကျဖွယ် ရှိ"

အိမ်ခြံမြေဈေးနှုန်းများ တဖြည်းဖြည်းကျဆင်းအောင် လုပ်ဆောင်
သွားမည် ဆိုရာတွင် ယခုသတ်မှတ်ထားသော အခွန်နှုန်းထား
များသည်ပင် ဈေးကွက် အကျဘက်သို့ ဦးတည်နိုင်သောကြောင့်
အခြားနည်းနှင့် ထပ်မံလုပ်စရာ မလိုအပ်တော့ကြောင်း
ဆာက်လုပ်ရေးနှင့် အိမ်ခြံမြေလုပ်ငန်း အသိုင်းအဝိုင်းမှ
ဝေဖန်ပြောဆိုသည်။

လာမည့် ဧပြီ ၁ ရက်တွင် စတင် ကောက်ခံရန် ရေးဆွဲနေသည့်
၂ဝ၁၇ ခုနှစ် အခွန်အကောက် ဥပဒေကြမ်းမှာ ယခင်နှစ်က
နှုန်းထားအတိုင်း ကောက်ခံရန် ဥပဒေကြမ်းတွင် ထည့်သွင်း
ထားခြင်းဖြစ်သော ကြောင့် တန်ဖိုးအလိုက် ရောင်းရမှုအပေါ်
ပေးဆောင်ရမည့် အခွန်နှုန်းသတ်မှတ်ချက်များမှာ
- တစ်ကျပ်မှ သိန်း ၃ဝဝ အထိ ၁၅ ရာခိုင်နှုန်း၊
- သိန်း ၃ဝ၁ မှ ကျပ် သိန်း ၁ဝဝဝ အထိ ရာခိုင်နှုန်း ၂ဝ နှင့်
- ကျပ်သိန်း ၁ဝဝဝ အထက်ဆိုလျှင် ရာခိုင်နှုန်း ၃ဝ
ဖြစ်သည်။

ထို့ကြောင့် လက်ရှိအချိန်တွင်လည်း အခွန်နှုန်းထားကြောင့်
တစ်နှစ်ကျော် ကာလအတွင်း အိမ်ခြံမြေဈေးကွက်တွင်
ရာခိုင်နှုန်း ၃ဝ ခန့် ကျဆင်းပြီးဖြစ်ရာ၊ ယင်းစနစ်ကို ဆက်လက်
ကျင့်သုံးပါက အိမ်ခြံမြေဈေးနှုန်း များ ဆက်လက်ကျဆင်းနိုင်
ကာ အရောင်းအဝယ်ပါ နိမ့်ဆင်းလာနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)
ဒုတိယ ဥက္ကဋ္ဌ(၁) ဦးသန်းဦးက
''ဒီနှုန်းထားအတိုင်းဆိုရင် အိမ်ခြံမြေဈေးနှုန်းများသည် ဒီထက်
မက ထပ်ဆင်းအုံးမယ်။ ဆင်းဖို့ရှိတယ်။ ဒီနှုန်းထားနဲ့ ဘယ်သူမှ
ဝယ် ရောင်း မလုပ်နိုင်ဘူး။ ဘယ်သူမှလဲ သေချာပေါက်
မဆောင်နိုင်ဘူး။ အခုတောင် နှစ် နှစ်အတွင်းမှာ အိမ်ခြံမြေက
ရာခိုင်နှုန်း ၂ဝ ကနေ ရာခိုင်နှုန်း ၃ဝ အထိ ကျဆင်းနေ ပြီ''ဟု
ပြောသည်။

ဈေးကွက်အနေအထားမှာ ယင်းကဲ့သို့ ဖြစ်နေချိန်တွင်
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြေဈေးနှုန်းများကို
တဖြည်း ဖြည်းကျဆင်းအောင် လုပ်ဆောင်သွားမည် ဖြစ်ပြီး
မြေဈေးအပေါ်တွင် မျှော်လင့်ချက်များ မထားကြရန် သတိပေး
ပြောဆိုမှုများ ပြုလုပ်ထားသေးသည်။

အကယ်၍ အိမ်ခြံမြေဈေးနှုန်းများကို ဖြစ်သင့်ဖြစ်ထိုက်သည့်
ဈေးနှုန်းထက် အတင်းအကျပ် ကျဆင်းအောင် လုပ်ဆောင်မည်
ဆိုပါက အိမ်ခြံမြေလုပ်ငန်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းများ
အပြင် ဘဏ်လုပ်ငန်းများပါ ထိခိုက်လာနိုင်သောကြောင့်
ဈေးများ တစ် ဟုန်ထိုးတက်ခြင်း၊ ကျခြင်း မဖြစ် ပေါ်အောင်
အစိုးရမှ ကြီးကြပ် ထိန်းသိမ်း သွားသင့်သည်ဟု
ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးသက်ဝင့်ကျော်ဇင်က
သုံးသပ်ပြောဆိုသည်။

(ဖြူသစ်လွင်)

credit - The Myanmar Times & Yangon Times Journal

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0

“ထုတ်ပြန်တော့မည့် ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေနှင့် Bloomberg Invest Myanmar မှ စီးပွားရေး သုံးသပ်ချက်များ”

“ထုတ်ပြန်တော့မည့် ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေနှင့်
Bloomberg Invest Myanmar မှ စီးပွားရေး သုံးသပ်ချက်များ”


၁။ "မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေကို မတ်လကုန်တွင်
ထုတ်ပြန်နိုင်ရန် စီစဉ်နေဟုဆို"

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု နည်းဥပဒေကြမ်းကို မတ်လ ၈ ရက်
တွင် ရှေ့နေချုပ်ရုံးသို့ တင်ပြထားပြီး အစိုးရအဖွဲ့သဘောတူညီမှု
ဖြင့် မတ်လကုန်၌ ထုတ်ပြန်နိုင်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန
ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က
ပြောကြားသည်။

‘‘မြန်မြန်ထွက်နိုင်အောင် လုပ်နေပါတယ်။ နည်းဥပဒေကို
အားလုံးစောင့်မျှော်နေတာသိပါတယ်’’ဟု
ဦးသန်းအောင်ကျော် က ပြောသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေကြမ်းကို အခန်းပေါင်း
၃၃ ခန်းဖြင့် ရေးဆွဲထားပြီး အများ ပြည်သူထံမှ အကြံပြုချက်များ
လည်း တောင်းခံခဲ့ကြောင်း ၎င်းက ဆိုသည်။

ယခင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် မြန်မာနိုင်ငံသားရင်းနှီး
မြှုပ်နှံမှုဥပဒေကို ပူးပေါင်းထားသည့် မြန်မာနိုင်ငံသားရင်းနှီး
မြှုပ်နှံမှုဥပဒေကို ၂၀၁၆ အောက်တို ဘာတွင် ပြဋ္ဌာန်းခဲ့သည်။

ဥပဒေ ပြဋ္ဌာန်းပြီးနောက် ပြည်တွင်း၊ ပြည်ပ စီးပွားရေးသမား
များက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် စိတ်ဝင်စားမှု
မြင့်တက်လာသော်လည်း နည်း ဥပဒေ မထွက်သေးခြင်း
ကြောင့် စောင့်ကြည့်နေသည့် အဆင့်၌ရှိနေကြောင်း
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ
အသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက
ပြောသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေတွင် ၀င်ငွေခွန်
ကင်းလွတ်ခွင့်၊ အကျိုးခံစားခွင့်များအပါအ၀င် အခြားသော
အခွန်ကင်းလွတ်ခွင့်များ အသေးစိတ်ပါရှိခြင်း၊ ရင်းနှီးမြှုပ်နှံသူ
များအတွက် တိကျသော မူဝါဒလမ်းညွှန်မှုများ ပါရှိခြင်း
တို့ကြောင့် ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များက
စောင့်မျှော်နေသည်။

(ပြည်သိမ်း)

***

၂။ "လက်ရှိမှာ မြန်မာ့ စီးပွားရေးအခြေအနေ အားရစရာ
မရှိပေမယ့် ရေရှည်မှာ ကောင်းလာနိုင်"

လက်ရှိမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေက အားရစရာ
မရှိပေမယ့် ရေရှည်မှာ ကောင်းလာနိုင်တယ်လို့  ပြည်တွင်းမှာ
လူသိများထင်ရှားတဲ့  စီးပွားရေးသမားတွေက သုံးသပ်ပါတယ်။

ပြည်ပက စီးပွားရေးပညာရှင်တွေနဲ့ ပြည်တွင်းက စီးပွားရေး
သမားတွေ တွေ့ဆုံတဲ့ Bloomberg Invest Myanmar
ဆွေးနွေးပွဲကို စီဒိုနားဟိုတယ်မှာ ကျင်းပရာမှာ  မြန်မာနိုင်ငံရဲ့
လက်ရှိ စီးပွားရေး အခြေအနေကို  တက်ရောက်လာတဲ့
ပြည်တွင်းက နာမည်ကြီး စီးပွားရေးသမားတွေက ခုလို
သုံးသပ်ခဲ့ကြတာပါ။

Max Myanmar ကုမ္ပဏီက ဦးဇော်ဇော်က
“လိုအပ်ချက်တွေ ရှိသလို ကောင်းတာတွေလည်း အများကြီး
ရှိတယ်ပေါ့နော်။ ဒါကတော့ အပြောင်းအလဲတိုင်းမှာ အခက်
အခဲဆိုတာတော့ ရှိတတ်တယ်။
ကျနော့်အနေနဲ့ကတော့ စီးပွားရေးနဲ့ပတ်သက်လို့ ရန်ကုန်၊
တခြားနေရာတွေမှာရော လူတွေတော်တော်များများက အဆင်
မပြေဘူးလို့ စိတ်ထဲမှာရှိနေကြတာ ရှိသလို ရေရှည်မှာ
ကောင်းလာနိုင်မယ့်ဟာမျိုးတွေလည်း ကျနော်တို့ မြင်နေရတာ
ရှိတယ်။
ကျနော်တို့ပြည်သူတွေ လိုချင်တဲ့ လမ်းကြောင်းအပေါ် သွားနေ
တာဖြစ်တဲ့အတွက် ကျနော့်အနေနဲ့ကတော့ ရေရှည်မှာ
ပိုပြီးတော့ကောင်းလာနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့
ပြောပါတယ်။

ပြည်တွင်းက စီးပွားရေးလုပ်ငန်းတွေကို လွတ်လွတ်လပ်လပ်
လုပ်ကိုင်ခွင့်ပြုပေးမှသာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှာ
ဖြစ်သလို  ပြည်ပရင်းနှီး မြှုပ်နှံမှုတွေပါ  ဝင်ရောက်လာမယ်လို့
သုံးသပ်တာတွေလည်း ရှိနေပါတယ်။

Loi Hein ကုမ္ပဏီအုပ်စုရဲ့ ဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းက
“လက်ရှိမြန်မာနိုင်ငံ စီးပွားရေးအခြေအနေအရ အရင်တုန်းက
ရလာတဲ့ အရှိန်အဟုန်နဲ့ပဲ သွားနေပါတယ်။ ဒါပေမယ့်
တအုံနွေးနွေးနဲ့တော့ ဆရာတို့ ခံစားမိတယ်လို့ မြင်တယ်။
ရေတိုအားဖြင့်တော့ မှန်ကောင်း မှန်နိုင်ပါတယ်။ ဒါပေမယ့်
ရေရှည်မှာ ကောင်းသွားမှာပါ” လို့ပြောပါတယ်။

Jardines ကုမ္ပဏီ(မြန်မာ)ရဲ့ ဥက္ကဋ္ဌ ပီတာဘေရွန်က
“ဆွေးနွေးပွဲ အကြောင်းအရာကတော့ Liberalization လို့
ခေါ်တယ်။
Liberalization ဆိုတာ အကုန်လုံးကို လွတ်လွတ်လပ်လပ်
ခွင့်ပြုဖို့ပေါ့နော်။
ဘဏ္ဍာရေးကဏ္ဍ၊ ငွေကြေးကဏ္ဍတွေ နောက်ပြီးတော့
Industry နဲ့ပတ်သက်တဲ့ ကဏ္ဍတွေ၊ စီးပွားရေးကဏ္ဍတွေ
တော်တော်များများကို Liberalize  လုပ်ရမယ်။
Liberalization က အရေးပါတယ်ဆိုတဲ့အကြောင်း၊
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်
အရမ်းအရေးကြီးပါတယ်။ အဲဒီလိုမျိုး Liberalize လုပ်တော့မှ
နိုင်ငံတကာက လုပ်ငန်းရှင်တွေ၊ စီးပွားရေးသမားတွေ ဝင်လာ
ပြီးတော့ လွတ်လွတ်လပ်လပ် လုပ်နိုင်မယ်ပေါ့နော်” လို့
ပြောပါတယ်။

Bloomberg Invest Myanmar ပွဲက ဆွေးနွေးမှုတွေကို
တကမ္ဘာလုံး ကြည့်ရှုနိုင်အောင် သူတို့လိုင်းကနေ တိုက်ရိုက်
ထုတ်လွှင့်ပြသခဲ့ပါတယ်။

ပြည်တွင်းက စီးပွားရေးလုပ်ငန်းတွေ နှောင့်နှေးတာဟာ 
- စီးပွားရေး လုပ်ကိုင်လိုသူတွေ အရင်းအနှီး ရရှိဖို့ ခက်ခဲတာ
တွေ၊
- မြေယာပြသနာတွေ၊
- ကျွမ်းကျင်လုပ်သား ရှားပါးတာတွေနဲ့
- အခြေခံအဆောက်အအုံ အားနည်းတဲ့ ပြဿနာတွေကြောင့်
အခုလို စီးပွားရေးဖွံ့ဖြိုးမှု နှောင့်နှေးနေရတယ်လို့  ပြည်ပက
စီးပွားရေးပညာရှင်တွေက ပြောပါတယ်။

***

၃။ "အစိုးရအနေဖြင့် ငြိမ်းချမ်းရေး ဖော်ဆောင်နေမှုနှင့်အတူ
စီးပွားရေးကိုပါ တစ်ပြိုင်တည်း လုပ်ဆောင်ပေးရန်
ဒေါက်တာစိုင်းဆမ်ထွန်း Bloomberg Invest Myanmar
ပွဲတွင် အကြံပြုပြောကြား"

အစိုးရအနေဖြင့် ငြိမ်းချမ်းရေး ဖော်ဆောင်နေမှုနှင့်အတူ
စီးပွားရေးကိုပါ တစ်ပြိုင်တည်း လုပ်ဆောင်ပေးရန်
မတ် ၉ ရက်က ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်သည့်
Bloomberg Invest Myanmar ပွဲတွင် Loi Hein ကုမ္ပဏီ
အုပ်စုမှဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းက မီဒီယာများ၏
မေးမြန်းမှုအား ပြန်လည်ဖြေကြားရာတွင် ထည့်သွင်း
ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အားလုံးမဲပေးပြီးတော့ တက်လာတဲ့ အစိုးရဖြစ်တယ်။
သူ့အလိုလို ပေါ်လာတဲ့ အစိုးရ မဟုတ်ဘူး။ ကျွန်တော်တို့
မျှော်လင့်သလို မဖြစ်လာသေးဘူးလို့ ကျွန်တော်
သုံးသပ်ချင်တယ်။ အဘက်ဘက်ကပါ။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
အနေနဲ့လည်း နိုင်ငံငြိမ်းချမ်းရေးသည်သာ ပထမ၊
နိုင်ငံငြိမ်းချမ်းရေးသည်သာ ဒုတိယ ဒီဟာကိုတော့ ဦးစားပေး
ဖော်ဆောင်ပါတယ်။ မျှော်လင့်ထားသလို ဖြစ်မလာသေးဘူး
လို့ ထင်တယ်။ ဘယ်လိုအစိတ်အပိုင်း ဘယ်လို လိုအပ်တယ်
ဆိုတာတော့ ဒီအမွေဆိုးကို ဘယ်လိုမှ အကြံမပေးတတ်ဘူး။
ဒီဟာကို ဖြေရှင်းဖို့ သင့်တယ်လို့ပဲ ခံယူထားတယ်။
တိုင်းပြည်မှာ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ရင် စီးပွားရေးလုပ်လို့
ကောင်းတယ်။ ပျော်ပျော်ရွှင်ရွှင် နေလို့ရတယ်။ လက်ရှိအစိုးရ
က ငြိမ်းချမ်းရေးကိုပဲ ဦးစားပေးနေပြီး စီးပွားရေးကို လျစ်လျူ
ရှုထား မေ့ထားရင် ပိုဒုက္ခရောက်မယ်။ ဒါကို တစ်ပြိုင်တည်း
သွားစေချင်တယ်။ တစ်ဖက်က ငြိမ်းချမ်းရေးကို ဖော်ဆောင်
နေတဲ့အချိန်၊ ငြိမ်းချမ်းရေးဆိုတာ ဒီနေ့လုပ် ဒီနေ့ပြီးတာ
မဟုတ်ဘူး။ ငါးနှစ်၊ ၁၀ နှစ် ကြာတယ်။ တိုင်းသူပြည်သားက
စားရမယ်၊ လုပ်ရမယ်၊ သွားရမယ်။ စားဝတ်နေရေး အကုန်လုံး
က စီးပွားရေးနဲ့ ပတ်သက်တယ်။ ဒါကြောင့်မို့ တစ်ပြိုင်တည်း
လုပ်ပေးပါလို့ အာဏာပြုနိုင်မယ့်အဖွဲ့အစည်းကို အကြံပေးချင်
တယ်” ဟု ဒေါက်တာစိုင်းဆမ်ထွန်းက ပြောကြားသည်။

ထို့ပြင် အစိုးရမှ ချမှတ်ထားသည့် စီးပွားရေးမူဝါဒ ၁၂ ချက်
အား ကန့်ကွက်စရာ မရှိကြောင်း၊ စီးပွားရေးနှင့် ပတ်သက်ပြီး
မည့်သည့် တိုင်းပြည်၏ Model ကို အသုံးပြုမည့် ကိစ္စရပ်များ
အား စီးပွားရေး အဖွဲ့အစည်းများက ပြောကြားသင့်ကြောင်း
၎င်းကဆိုသည်။

“စီးပွားရေးမူဝါဒ ၁၂ ချက်ပေါ်မှာလည်း သိပ်ပြီးထူးထူးထွေထွေ
လို့ မမြင်ဘူး။ ကန့်ကွက်စရာ အကြောင်းလည်း မရှိဘူး။
ဒါသည်လျှင် အဓိက မဟုတ်ဘူး။ ကုမ္ပဏီတစ်ခုမှာသော်
လည်းကောင်း၊ မိသားစု တစ်ခုမှာသော် လည်းကောင်း၊
တိုင်းပြည်တစ်ခုမှာ သော်လည်းကောင်း၊ အိမ်နီးချင်းနိုင်ငံနဲ့
လိုက်လို့မီအောင် ဘယ်လိုမဟာဗျူဟာတွေ ရှိရမယ်။ ဘယ်လို
ပေါ်လစီရှိရမယ်။ ဘယ်တိုင်းပြည်ရဲ့ Model ကို ယူမှာလဲ။
ဒီတစ်ခုကိုတော့ တိုင်းပြည်မှာ စီးပွားရေးနဲ့ ဆက်နွှယ်နေတဲ့
စီးပွားရေး အဖွဲ့အစည်းတွေက ထွက်ပြောသင့်တယ်လို့
စီးပွားရေး အသိုင်းအ၀ိုင်းက ဒါလေးကြားချင်တာ ဘယ်လို
သွားမယ် ဆိုတာကို ကွက်ကွက်ကွင်းကွင်း ပီပီပြင်ပြင်
သိလိုတယ်။ မသေချာ မရေရာမှုကို ခံစားနေရတယ်” ဟု
ဒေါက်တာစိုင်းဆမ်ထွန်းက ပြောကြားသည်။

လက်ရှိတွင် နိုင်ငံခြားမှ ကုန်ကြမ်းများ တင်သွင်းနေမှုကြောင့်
အမြတ်အစွန်းပိုင်းတွင် နည်းပါးနေသော်လည်း Loi Hein
ကုမ္ပဏီအုပ်စု အနေဖြင့် လုပ်ငန်းများ ဆက်လက် တိုးချဲ့
နေကြောင်း ၎င်းက ပြောကြားသည်။

“ကျွန်တော်တို့ ကုမ္ပဏီလုပ်ငန်း အနေနဲ့က စဉ်ဆက်မပြတ်
တိုးတက်အောင် လုပ်နေပါတယ်။ ကုမ္ပဏီက ကြီးတာထက်
ကြီးလာတယ်။ ၀င်ငွေက တော်တော်များလာတယ်။ ဒါပေမဲ့
အကျိုးအမြတ်ပိုင်းမှာ မျှော်လင့်သလို မရဘူး။ စက်ရုံလုပ်ငန်း
တွေက ကုန်ကြမ်းတွေက နိုင်ငံခြားကလာတော့ ကုန်ကြမ်းတွေ
ကို နိုင်ငံခြားငွေနဲ့ ၀ယ်ရတဲ့အတွက် ပြည်တွင်းပစ္စည်းဈေးနှုန်း
ကို မြှင့်တင်လို့ မရတဲ့အတွက်ကြောင့် အမြတ်က ပါသွားတယ်။
ကိစ္စမရှိဘူး။ လုပ်ငန်းဆက်လက် တိုးတက်နေတယ်။ လုပ်ငန်း
ဆက်လက် တိုးချဲ့နေတယ်” ဟု ၎င်းက ပြောကြားသည်။

(ထက်ရှိုင်း၊ ဆန်းထူးအောင်)

credit - 7day Daily / DVB News & Eleven Media Group

“မှတ်ချက်”

အိမ်ခြံမြေ အကြောင်းအရာများနှင့်  တိုက်ရိုက်မသက်ဆိုင်
သော်လည်း သွယ်ဝိုက်ပတ်သက်မှု့ ရှိသည့် စီးပွါးရေးနှင့်ဆိုင်ရာ  
ဆောင်းပါး/သတင်းများ ဖြစ်နေပါသဖြင့် မိတ်ဆွေများ
လေ့လာနိုင်ရန် တင်ခဲ့ခြင်းဖြစ်ပါသည်။

“အိမ်ခြံမြေ လမ်းဆုံ”

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0

Sunday, March 12, 2017

"အိမ်မြေပိုင်ဆိုင်မှုကို ကျမ်းကျိန်လွှာဖြင့် လွှဲပြောင်းခွင့် မရှိခြင်း"

"အိမ်မြေပိုင်ဆိုင်မှုကို
ကျမ်းကျိန်လွှာဖြင့် လွှဲပြောင်းခွင့် မရှိခြင်း"

''အခက်အခဲရှိတိုင်း သူငယ်ချင်းဆီ မကြာခဏ လာပြီး
အပူကပ်သလို ဖြစ်နေတယ်''

မိတ်ဆွေ တစ်ဦးက စာရေးသူ၏ ရုံးခန်းသို့ ရောက်ရှိလာပြီး
စကားပလ္လင်ခံလိုက်ခြင်းဖြစ်သည်။

''ရပါတယ် သူငယ်ချင်း၊ ပြဿနာမရှိပါဘူး။
အခုဘာအခက်အခဲတွေ့နေပြန်ပြီလဲ''

စာရေးသူက မေးခွန်းထုတ်လိုက်ခြင်းဖြစ်သည်။

''ဇနီးသည်ဘက်မှ ဆွေမျိုးတစ်ဦးက မြေနဲ့အိမ်ကို
ဝယ်ဖို့ သွားစုံစမ်းတော့ မြေပိုင်ရှင်ညီမ နှစ်ယောက်မှာ
အစ်မဖြစ်သူက သူ မကွယ်လွန်မီမှာ သူ့ရဲ့ ဝေစုကို
ပူးတွဲ ပိုင်ရှင်ညီမထံ ကျမ်းကျိန်လွှာနဲ့
စွန့်လွှတ်စာချုပ် ပြုလုပ်ပေးခဲ့တယ်''

''နေပါဦး သူငယ်ချင်းရဲ့ ပြောစကားအရ စွန့်လွှတ်ကြောင်း
ကျမ်းကျိန်လွှာနဲ့ စွန့်လွှတ်စာချုပ်နှစ်မျိုး ရှိတယ်ပေါ့''

စာရေးသူက မိတ်ဆွေ၏ စကားမဆုံးမီမှာဖြတ်၍
မေးလိုက်ခြင်းဖြစ်သည်။

''နှစ်မျိုးရှိတဲ့ သဘောတော့ မဟုတ်ဘူး။
စွန့်လွှတ်ကြောင်း ကျမ်းကျိန်လွှာလို့ပဲ ပြောတယ်''

''ဒါဆိုရင် မှတ်ပုံတင် စွန့်လွှတ်စာချုပ် မပြုလုပ်မီမှာ
အစ်မ ဖြစ်သူက ကွယ်လွန်သွားတဲ့ သဘော ဖြစ်မယ်''

''ဒီလိုလည်း မဟုတ်ဘူး''

''သူငယ်ချင်းကိစ္စက ရှုပ်သွားပြီ''

''သူတို့ ပြောတာတော့ စွန့်လွှတ်ကြောင်း ကျမ်းကျိန်လွှာကို
မှတ်ပုံတင်ထားတယ်လို့ ပြောတယ်၊
အဲဒါ မိမိကိုယ်တိုင်လည်း မရှင်းလို့
သူငယ်ချင်းဆီလာမေးတာပဲ''

''ရှင်းပါတယ်။
စွန့်လွှတ်ကြောင်း မှတ်ပုံတင်ထားတဲ့ ကျမ်းကျိန်လွှာပဲ
ရှိတာပေါ့''

''အဲဒီ စွန့်လွှတ်ကြောင်း မှတ်ပုံတင် ကျမ်းကျိန်လွှာက
တရား ဝင် ဖြစ် မဖြစ် သိချင်လို့''

''မောင်နှမမွေးချင်းမှာ မြေကွက်အမည်ပေါက်နှစ်ဦးတည်းသာ
ရှိမယ်ဆိုရင်တော့ စွန့်လွှတ်စာချုပ်ကို လုပ်ဖို့ မလိုပါဘူး''

''အေး ဟုတ်ပြီ၊ သူငယ်ချင်း ပြောမှ သဘောပေါက်လာတယ်၊
အခု အငယ်ဆုံး မောင်ဖြစ်သူက ကန့်ကွက်ထားတယ်လို့
ပြောတယ်။
အဲဒါဘယ်လို အခြေအနေမျိုးဖြစ်လာနိုင်သလဲလို့''

''အငယ်ဆုံးမောင်ဆိုရင်တော့ အစ်မကြီးရဲ့ အမွေကို
ခံစားခွင့် ရနိုင်တာပေါ့''

''နားမလည်လို့ ရှင်းပြပါအုံး သူငယ်ချင်း''

''ဒီလိုကွာ၊ အခုကိစ္စက မောင် နှမ သုံးဦးရှိမယ်။
အစ်မနှစ်ယောက်ရဲ့ အမည်နဲ့ မြေကွက်အမည် ပေါက်နေတယ်။
အဆောက် အအုံလည်းရှိမယ်။
အဲဒါနဲ့ ကွယ်လွန်သွားတဲ့ အစ်မကြီးက
ခင်ပွန်း သားသမီး မရှိဘူးလား''

''ကွယ်လွန်သွားတဲ့ အစ်မကြီး က အပျိုကြီးလို့ ပြောတယ်၊
ညီမ ဖြစ်သူကတော့ အိမ်ထောင်ရှိ တယ်''

''ဒါကြောင့် အစ်မဖြစ်သူက သူ့ဝေစုကို ညီမဖြစ်သူထံပေးသွား
ချင်တာဖြစ်မှာပေါ့၊ မောင်ဖြစ်သူ က အိမ်ထောင်ရှိလား''

''မောင်ဖြစ်သူကလည်း အိမ်ထောင်ရှိတယ်၊
သူနဲ့လက်ထပ်တဲ့ မိန်းကလေးကို မိဘတွေက မကျေနပ်လို့
အခုမြေနဲ့အိမ်ကို ညီမနှစ်ယောက်အမည်နဲ့
ပေးခဲ့တယ်လို့ ပြောတယ်''

''ဟုတ်ပြီ၊
သူငယ်ချင်းရဲ့ ပြောစကားအရဆိုရင် မှတ်ပုံတင်ပြုလုပ် ထားတဲ့
စွန့်လွှတ်ပေးကမ်းခဲ့ကြောင်း ကျမ်းကျိန်လွှာဟာ ဥပဒေ အရ
တရားဝင်ခြင်းရှိ၊ မရှိဆိုတဲ့ ပြဿနာ ဖြစ်နေတာပဲ မဟုတ်လား''

''အေး ဟုတ်တယ်၊ ဥပဒေ အရ တရားဝင်ပြီး
ညီမဖြစ်သူ တစ်ဦးတည်းပိုင်ဖြစ်နိုင် မဖြစ်နိုင် သိချင်လို့ပဲ
သူငယ်ချင်း''

''မေတ္တာနဲ့ ပေးကမ်းတာပဲ ဖြစ်ဖြစ်၊
ပူးတွဲပိုင်ရှင်က မိမိပိုင်ဝေစုကို အခြားပူးတွဲ ပိုင်ရှင်တစ်ဦးထံ
စွန့်လွှတ်ပေးကမ်းတာပဲဖြစ်ဖြစ်၊
စာချုပ်စာတမ်းမှတ်ပုံတင် ဥပဒေ အရ မှတ်ပုံတင်စာချုပ်
ချုပ်ဆိုရမှာဖြစ်တယ်။
မှတ်ပုံတင်စာချုပ်ဟာ ကျမ်းကျိန်လွှာနဲ့ မတူဘူး။
လက်ခံသူက တရားဝင်ပိုင်ဆိုင်ခွင့်ရမှာဖြစ်တယ်။
ကျမ်းကျိန်လွှာကတော့ စာချုပ် မဟုတ်တဲ့အတွက်၊
ကျမ်းကျိန်လွှာအရ ပစ္စည်းလွှဲပြောင်း လက်ခံသူမှာ
ပိုင်ဆိုင်ခွင့် ရမှာ မဟုတ်ဘူး''

''သူငယ်ချင်းပြောစကား အရ ဆိုရင်
အစ်မဖြစ်သူရဲ့ ပိုင်ဆိုင်မှုဟာ ညီမဆီရောက်ရှိပိုင်ဆိုင်ခြင်း
မရှိဘူးဆိုတဲ့ သဘောပေါ့''

''မှန်ပါတယ်။ ကျမ်းကျိန်လွှာအရ ပိုင်ဆိုင်ခွင့်မရှိတဲ့အတွက်
အပျိုကြီးဖြစ်တဲ့ အစ်မကြီးရဲ့ ဝေစုကို မောင်အငယ်ကလည်း
ရခွင့်ရှိသွားမှာ ဖြစ်တယ်''

''ကွယ်လွန်သူရဲ့ အစ်ကိုကြီး ရှိမယ်ဆိုရင် သူလည်း
ရနိုင်တယ် ပေါ့''

''မြန်မာဗုဒ္ဓဘာသာဝင်ဆို ရင်
မြန်မာ့ ဓလေ့ထုံးတမ်းဥပဒေ အရ အမွေဟာ အောက်ကိုပဲ
စုန်တယ်။
အောက်ကို စုန်ရမယ့် လူ မရှိမှ အထက်ကို ပြန်ဆန်လေ့
ရှိတယ်''

''ဒါဆို အစ်ကိုကြီးဖြစ်သူက မရနိုင်ဘူးပေါ့''

''မှန်ပါတယ်။ အစ်မကြီးကလည်း အပျိုကြီးဖြစ်နေလို့။
အကယ်၍များ ခင်ပွန်း၊ သားသမီး ကျန်ခဲ့ရင်
သူရဲ့ လင်ယောက်ျားက အမွေဆက်ခံခွင့်ရမှာ ဖြစ်တယ်''

''သူငယ်ချင်းရဲ့ ဆွေးနွေးချက် အရဆိုရင်
ကျမ်းကျိန်လွှာမှာ မှတ်ပုံတင်ထားသည်ဖြစ်စေ၊
မှတ်ပုံမတင်ပဲထားသည်ဖြစ်စေ၊
စွန့်လွှတ်ကြောင်း ကျန်းကျိန်လွှာဟာ တရား မဝင်တဲ့သဘော
ဖြစ်နေတာပေါ့''

"ခင်မောင်လတ်ပါ လေးဦးနှင့် ဒေါ်ခင်ခင်လှ
၂ဝ၁၃ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက်နှာ ၁၂
စီရင်ထုံးမှာ
ကျမ်းကျိန်လွှာသည်
သက်သေခံဥပဒေပုဒ်မ ၃ တွင် ဖွင့်ဆိုထားသည့်
သက်သေ အထောက်အထားဆိုသည့် စကားရပ်တွင်
အကျုံးမဝင်သဖြင့် သက်သေခံအထောက်အထားအဖြစ်
လက်ခံနိုင်မည် မဟုတ်ပေ။

ယခုအမှုတွင် ဒေါ်ခင်သန်းက အချင်းဖြစ်မြေကွက်မှ
ပူးတွဲပိုင်ရှင် ဒေါ်ခင်ခင်လှထံ ၄င်းပိုင်ဆိုင်သည့် အစုကို
စွန့်လွှတ်ပေးအပ်ခဲ့ကြောင်း စာချုပ် စာတမ်းမှတ်ပုံတင်ရုံး၌
ကျမ်းကျိန်လွှာပြုလုပ်ခဲ့သော်လည်း စွန့်လွှတ်ရာမရောက်၊
စွန့်လွှတ်မှုသည် အထမမြောက်ဟု ဆုံးဖြတ်ထားပါတယ်''

''ဒါဆို သေချာစိစစ်ကြည့်ဖို့ လိုပြီပေါ့''

''ဟုတ်ပါတယ်၊
ပေးကမ်းတာ ပဲဖြစ်ဖြစ်၊ စွန့်လွှတ်တာပဲဖြစ်ဖြစ်
မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်း အိမ်၊ မြေတို့ ဖြစ်ရင်တော့
ကျမ်းကျိန်လွှာဟာ ခိုင်မာမှု မရှိတဲ့အတွက်
မှတ်ပုံတင် စာချုပ်ရုံးမှာ လိုအပ်တဲ့တံဆိပ်ခေါင်းခွန်
ထမ်းဆောင်ပြီး
စွန့်လွှတ်စာချုပ်၊
ပိုင်ဆိုင်ကြောင်း စာချုပ်တွေ ချုပ်ဆိုမှ တရားဝင် ပိုင်ဆိုင်မှာ
ဖြစ်လို့ အထူးသတိပြု ဝယ်သင့်တယ် သူငယ်ချင်း''ဟု
ဆွေးနွေးအကြံပြုလိုက်ပါသည်။

ထီယု (ဥပဒေအတိုင်ပင်ခံ)

credit - Zaygwet Journal

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0

“NLD စီးပွားရေး ကော်မတီ ဥက္ကဋ္ဌ ဦးဟံသာမြင့်နှင့် interview”

“NLD စီးပွားရေး ကော်မတီ ဥက္ကဋ္ဌ ဦးဟံသာမြင့်နှင့် interview”

၁။ "NLD စီးပွားရေး ကော်မတီ ဥက္ကဋ္ဌ ဦးဟံသာမြင့်နှင့်
တွေ့ဆုံခြင်း"

Voice : NLD အစိုးရအနေနဲ့ တာဝန်ယူတဲ့အချိန် တစ်နှစ်နီးပါး
ကာလမှာ စီးပွားရေးနဲ့ပတ်သက်ပြီးတော့ နှေးကွေးတယ် ဆိုတဲ့
အသံတွေလည်း ထွက်လာတယ်။ နိုင်ငံတကာ စစ်တမ်းတွေမှာ
လည်း မြန်မာစီးပွားရေး နှေးကွေးတယ်ဆိုပြီး ထောက်ပြနေ
တာတွေ ရှိတယ်။ အဲဒီအပေါ် ဆရာ့အမြင် သိချင်ပါတယ်။

UHTM : နှေးကွေးတယ်ဆိုတာ မတိုးတက်တာတော့ မဟုတ်ဘူး။
လျော့သွားတာပေါ့နော်။ နိုင်ငံရဲ့ GDP က ရှစ်ရာခိုင်နှုန်းရှိမယ်လို့
အစက မှန်းထားကြတာပေါ့လေ။ ဒါကလည်း ကမ္ဘာ့ဘဏ်တို့၊
ADB တို့က ရှစ်ရာခိုင်နှုန်းကျော်ကျော်လောက် တက်လိမ့်မယ်လို့
မှန်းထားတယ်။

ဒါက ဘယ်ပေါ်မှာ အခြေခံလည်းဆိုတော့ အရင်အစိုးရ
လက်ထက်က လုပ်ခဲ့တဲ့ စီးပွားရေးအပေါ် ဒီအတိုင်း ဆက်လုပ်
သွားရင် ဒီလောက်နှုန်းဖြစ်မယ်ဆိုပြီး မှန်းထားတာ။

အန်ကယ်တို့ လက်ပြောင်း လက်လွှဲ ယူရတဲ့အခါမှာ ရှေ့ကဟာ
အတိုင်း ဆက်လုပ်သွားတာ မဟုတ်ဘူး။ စစချင်း ဘာလုပ်လဲ
ဆိုတော့ ပြည်သူ့အသံကို နားထောင်ပြီး လုပ်ရတာမျိုး ရှိတယ်။

ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ ရန်ကုန်တိုင်းအစိုးရက
အထပ်မြင့် ဆောက်တာတွေ ခဏ ရပ်လိုက်ပါဆိုပြီး လုပ်တယ်။
တချို့တွေမှာ မြေပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး ပြန်စစ်မယ်ဆိုတာ
တွေ ဖြစ်လာတယ်။

အဲဒီလို ဖြစ်လိုက်တဲ့အခါကျတော့ အရေးကြီးဆုံးက ရန်ကုန်မှာ
ဆောက်လုပ်ရေးလုပ်ငန်းက ရင်းနှီးမြှုပ်နှံမှု လုပ်ထားတာက
အများဆုံးပဲ။ အဲဒီဟာက ရုတ်တရက် ရပ်သွားတော့ အစိုးရ
တက်တက်ချင်း လအနည်းငယ်မှာပဲ စီးပွားရေးက တော်တော်
လေး နှေးသွားတယ်။

လွှတ်တော်ထဲမှာပါတဲ့သူတွေကလည်း ဘတ်ဂျက်နဲ့ပတ်သက်ရင်
စိစိစစ်စစ် လုပ်လိုက် ရတယ်။ အဲလိုလုပ်လိုက်တော့ အစိုးရ
အသုံးစရိတ်တွေဟာ နှိုင်းယှဉ်မယ်ဆိုလို့ရှိရင် လတ်တလော
ဘဏ္ဍာနှစ်ရဲ့ ပထမခြောက်လမှာ သုံးခဲ့တာက အရင်အစိုးရနဲ့
ယှဉ်ရင် လျော့သွားတာ တွေ့ရတယ်။ အစိုးရ အသုံးစရိတ်
လျော့ရင် ငွေကြေးလည်ပတ် စီးဆင်းမှုဖြစ်တဲ့ စီးပွားရေးလုပ်ငန်း
မှာလည်း အနည်းငယ်ထိခိုက်မှုတွေ ဖြစ်လာတာပေါ့။

နောက်တစ်ခုကတော့ စနစ်တစ်ခုကတစ်ခုလို့ ပြောင်းလို့ရှိရင်
အစိုးရ ယန္တရားကြီးတစ်ခုလုံးက ပြန်ပြောင်းရတာ ရှိတယ်။
မလုပ်ရဲတာ၊ မကိုင်တတ်တာ၊ မဆုံးဖြတ်ရဲတာ၊ ဘယ်သူ့ကို
သွားမေးရမလဲ မသိတာ၊ အဲဒါတွေ ဖြစ်လာတယ်။

အစိုးရရဲ့ လုပ်ငန်းတွေက အဲဒီမှာ နှေးကုန်တော့ သူနဲ့ ဆက်စပ်
နေတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ အကုန်လုံးကလည်း
ဘာဆက်လုပ်ရမှန်း မသိဘူး။ တချို့တွေက ဝင်ဖို့စောင့်နေကြတဲ့
အနေအထား ဖြစ်နေတယ်။ စီးပွားရေးက ခြုံကြည့်လိုက်မယ်
ဆိုရင် နှေးသွားတယ်လို့ မြင်ရတယ်။

တစ်ဖက်က ကြည့်မယ်ဆိုရင် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းတွေ
က ကိုယ့်ကိစ္စကိုယ်လုပ်နေတော့ ဒီလုပ်ငန်းတွေက မပြောင်းလဲ
သွားဘူး။ ပို့ကုန် လုပ်ငန်းတွေဆိုရင်လည်း မှန်းထားတာနဲ့
သိပ်မကွာတာ တွေ့ရတယ်။

Voice : အစိုးရသစ် စတက်တဲ့နှစ်မှာ မလုပ်ရဲ မကိုင်ရဲဖြစ်နေလို့
စီးပွားရေးက နှေးနေတာလို့ ဆိုလိုတာပေါ့။ ဒါဆို လာမယ့်နှစ်မှာ
ရင်းနှီးမြှုပ်နှံမှု တိုးလာမယ်လို့မျှော်လင့်ပါသလား။

UHTM : ကျွန်တော်တို့ကတော့ မျှော်လင့်ပါတယ်။ အခု ရင်းနှီး
မြှုပ်နှံမှုတွေဝင်ဖို့ တန်းစီစောင့်နေတာကို သိကြမှာပဲ။ တချို့
လုပ်ငန်းရှင်တွေဆို အရင်အစိုးရကတည်းက လုပ်လာတယ်။
အခုအစိုးရ ပေါ်လစီနဲ့လည်း ကိုက်တယ်။ ပြည်ထောင်စုဝန်ကြီး
အဆင့် တိုင်းနဲ့ ပြည်နယ် အဆင့်ကလည်း သဘောတူတယ်။

ဒါပေမဲ့လို့ အလုပ် မလုပ်နိုင်ဘူး။ ဘာလို့ဆိုတော့ အောက်မှာ
ချပေးတာကို ကပ်နေတယ်။ ဒါကို အရင်က စွပ်စွဲချက်ဆိုရင်
ဟိုဟာ လိုချင်လို့ဆိုပြီး ပြောတယ်။ ဒီလိုပြောတာ ဟုတ်ချင်မှ
လည်း ဟုတ်မယ်။ အောက်မှာကိုက ဘာဆက်လုပ်ရမယ်
ဆိုတာ မသိတာမျိုးလည်း ဖြစ်နိုင်တယ်။

အောက်မှာက Top Down စနစ်နဲ့လုပ်တာ အသားကျနေတယ်။
အပေါ်က သဘောတူပေမယ့် အောက်ကကျတော့ ဘာလုပ်ရမှန်း
မသိဘူး။ မလုပ်ရဲတဲ့အပြင် ပြန်လည်း မမေးဘူး။ အစပြန်မေးရင်
အဆူခံရတယ်။ အဆူခံရမှာစိုးလို့ မမေးရဲဘူး။ အပေါ်က
အရင်ဝန်ကြီးတွေလို မဟုတ်ဘဲ မင်းတို့ လုပ်လိုက်ကြဆိုပြီး
ပေးတယ်။ ဒါကို ဘာလုပ်လိုက်ကြရမှာလဲ မသိဘူးဖြစ်
နေတယ်။ တာဝန်ခံမှု။ တာဝန်ခံမှုက မရှင်းမလင်း ဖြစ်နေတော့
လုပ်ဖို့နှေးနေတာ။

Voice : ဒေါ်လာဈေးက အမြင့်ရောက်ပြီး ငြိမ်နေတယ်။
အထွေထွေ ကုန်ဈေးနှုန်းက တက်နေတော့ ဒါကို ဘာကြောင့်
ဖြစ်တယ်လို့ သုံးသပ်လဲ။ ဒါနဲ့ပတ်သက်ပြီး ဘာလုပ်ဖို့များ
ရှိပါသလဲ။

UHTM : အမျိုးမျိုး ပြောနေကြတယ်။ အခုက ၁၃၆၀ မှာ ရပ်နေ
တာပေါ့နော်။ အန်ကယ်အမြင်ကတော့ ရောင်းလိုအား ဝယ်လို
အားပေါ်မှာပဲ ဖြစ်တာပဲ။ နယ်စပ်ကုန်သွယ်ရေး လုပ်တဲ့ငွေက
တန်းပြီးဝင်မလာဘူး။ ဒီငွေက တရုတ်ကနေ ဟောင်ကောင်
သွားမယ်။ ဟောင်ကောင်ကနေ စင်ကာပူ ရောက်ပြီးမှ မြန်မာ
ပြည်ထဲကို တခြားနည်းနဲ့ ပြန်ဝင်လာတယ်။

စာရင်းအားဖြင့် မြန်မာပြည်ထဲ ဝင်မလာဘူး။ အဲဒါနဲ့ ပတ်သက်ပြီး
ဘဏ်တွေက တရားဝင်ငွေတွေ လွှဲလို့ရအောင် ဘဏ်ခွဲတွေ
ဖွင့်ဖို့ တောင်းဆိုနေတာတွေ ရှိတယ်။ ဒါတွေဖြစ်လာလို့ရှိရင်လည်း
တစ်မျိုးပေါ့။ စီးပွားရေး ကော်မတီမှာက ဒါတွေက ဆွေးနွေးပြီးသား
ဆိုတော့ ဘဏ်တွေရဲ့ လုပ်ကိုင်ခွင့်ကို တိုးချဲ့ပေးသွားမယ်။
ပိုက်ဆံကို တရားဝင် လွှဲလို့ရအောင် လုပ်နေကြပါတယ်။

Voice : နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လာဖို့အတွက် အဓိက
အဟန့်အတားဖြစ်တဲ့ အခြေခံ အဆောက်အဦ လိုအပ်ချက်ထဲမှာ
လျှပ်စစ်မီးကပိုပြီး အရေးကြီးတယ်။ လျှပ်စစ်မီးကို လိုသလောက်
ထုတ်ပေးဖို့ကလည်း အကန့်အသတ်နဲ့ ဖြစ်နေတယ်။ ဒီပြဿနာကို
ဆရာတို့အနေနဲ့ ဘယ်လို ကျော်လွှားဖို့ အစီအစဉ်ရှိလဲ။

UHTM : အရင်အစိုးရတည်းက လုပ်လာတာလည်း ရှိတယ်။
Public Private Partnership ဆိုတဲ့ဟာပေါ်မှာပဲ အခြေခံရ
မှာပေါ့။

စီးပွားရေးက တွက်ထားသလို တက်လာမယ်ဆိုရင် အစိုးရရဲ့
ရင်းနှီးမြှုပ်နှံမှုက မမီနိုင်ဘူး။ လျှပ်စစ်ထုတ်ဖို့ ရင်းနှီးမြှုပ်နှံဖို့ဆိုတာ
က အရင်းကြီးတယ်။ အဲဒီလိုအကြီးလုပ်ရတော့ မြန်မြန်ဆန်ဆန်
လုပ်နိုင်မှ ကုန်ကျစရိတ်က သက်သာတာ။

ရေအားလျှပ်စစ် ဆောက်တယ်ဆိုပါတော့။ ကြာလေ ပိုက်ဆံ
ကုန်လေပဲ။ အစိုးရဆောက်တဲ့ လုပ်ငန်းဆိုရင် သတ်မှတ်ထားတဲ့
အချိန်အတွင်းမှာ ပြီးတယ်ဆိုတာ ရှားတယ်။ ဘာလို့လဲဆိုတော့
ဘတ်ဂျက်က ကန့်သတ်ချက် ရှိတာကိုး။ အစိုးရက ဒါကို ဆက်
လုပ်ရမှာ။ ပုဂ္ဂလိကကို အားကိုးပြီးလုပ်မှ ပြဿနာ ဖြေရှင်းနိုင်မယ်။

ဒီလိုမျိုး ပေါင်းလိုက်မယ်ဆိုရင် ငွေကောက်ခံတဲ့ အပိုင်းမှာတော့
ပြောင်းလဲ သွားနိုင်တယ်။ တစ်ယူနစ် ၁၀ဝ ကောက်ဖို့ကို မရတဲ့
အနေအထား ဖြစ်နေတယ်။ ကုန်ကျစရိတ်နဲ့ ပြန်ရမယ့် စရိတ်ကို
ညှိရမယ်။ စီးပွားရေးအတွက် တကယ်သုံးမယ်ဆိုရင် တကယ်
ကျသင့်တဲ့နှုန်းနဲ့ ကောက်ခံမှ စက်ရုံတွေက ယှဉ်ပြိုင်မှု ဖြစ်လာ
မှာ။ ဆိုလိုတာက နည်းပညာအသစ် သုံးပြီးတော့ လျှပ်စစ်
ဓာတ်အားသုံးတာ လျှော့ချနိုင်ခဲ့မယ်ဆိုရင်
ကုန်ကျစရိတ်မရှိဘူး။

တကယ်ကုန်ကျမယ့်အတိုင်း ကောက်ခံမယ်ဆိုရင် သူတို့က
နည်းပညာ အသစ်အဆန်းတွေကိုသုံးပြီး ဒါကို အကုန်အကျ
လျော့ဖို့ စဉ်းစားလာမယ်။ အန်ကယ်တို့ဆီက အသေးစား၊
အလတ်စားတွေကလည်း နည်းပညာ အသစ်သုံးဖို့
စိတ်ဝင်စားမှု ရှိလာမှာ။

မီတာခကို ထိုက်သင့်တဲ့နှုန်း တိုးမြှင့်ကောက်ဖို့ စဉ်းစား
နေတယ်။ ခုနကလို မီးကို လင်းရုံလေးသုံးနေတဲ့သူတွေကို
သွားပြီး တိုးကောက်လို့မဖြစ်ဘူး။ သူတို့က အစကတည်းက
ဆင်းရဲပြီးသား သူတွေကို အနည်းငယ်ပဲ တင်လို့ရမယ်။
ဒါဥပမာ ပြောတာပါ။
အစိုးရအဆင့်က ဒါတွေလုပ်ဖို့ စဉ်းစားနေပါတယ်။

Voice : လက်ရှိ ဒီမိုကရေစီ အစိုးရလက်ထက်မှာ နိုင်ငံပိုင်
လုပ်ငန်းရယ်လို့ မရှိသလောက် ဖြစ်နေပြီ။ အခွန်နဲ့ အဓိက
တိုင်းပြည်ဖွံ့ဖြိုးအောင် လုပ်နေတယ်ဆိုတော့ အခွန်တွေ
တိုးကောက်တာ မြင်နေရပါတယ်။ အခွန်နဲ့ ပတ်သက်ပြီး
လူတွေက ဝန်ထုပ်ဝန်ပိုး ဖြစ်တယ်ဆိုတဲ့ ခံစားချက် ရှိနေတော့။
အခွန်တွေကို ဘယ်လိုပုံစံနဲ့ ကောက်နေလဲ။ ဘယ်လို
ပုံသဏ္ဌာန်နဲ့ ဆက်ကောက်ဖို့ ရှိတယ်ဆိုတာ ရှင်းပြပေးပါဦး။

UHTM : ကျွန်တော်တို့ပေါ်လစီက Tax Base ကိုချဲ့တာ။
အဓိကက အခွန်ရှောင်တာတွေကို တတ်နိုင်သမျှ လျှော့ချရမယ်။
အခြားနိုင်ငံတွေမှာ အခွန်ရှောင်ရင် Crime ပဲ။

မြန်မာပြည်မှာ အဲလိုမျိုးတော့ မဖြစ်သေးဘူး။ ပြီးတော့ အဲဒါကို
ပြစ်မှုလုပ်မှာလား၊ မလုပ်ဘူးလား စဉ်းစားရမယ်။ အခုဟာက
အခွန်ရှောင်ရင် စာရင်းမှားတယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်နေတာ။

အခွန်ဆောင်တဲ့နေရာမှာ အခွန်ရှောင်လို့ ဒီလူထောင်ကျသွား
တယ် ဆိုတာမျိုး မရှိဘူး။ သို့သော် အဲဒါမျိုး လုပ်သင့်လား မလုပ်
သင့်ဘူးလား။ လုပ်လိုက်တော့မှ သက်ဆိုင်တဲ့ ဝန်ထမ်းတွေ
အတွက် စားပေါက် ဖြစ်သွားတယ်ဆိုတဲ့ စွပ်စွဲချက်ကိုလည်း
စဉ်းစားရဦးမယ်။

အခွန်ကို Base ကျယ်အောင် လုပ်ရမယ်။ ဖုန်းမှာဆိုရင်
အခွန် ငါးရာခိုင်နှုန်းကောက်တယ်။ သန်း ၅၀ ထဲမှာ သန်း ၂၀
လောက်က ဖုန်းသုံးနေတာ။ ဒါကို အခွန်ပေးရတယ်လို့
ဘယ်သူမှ သတိထားလိုက်မိမှာ မဟုတ်ဘူး။ သုံးတော့
ဆက်သုံးနေကြတာပဲ။ အဲ့လိုဟာမျိုး ဘယ်နေရာမှာ ကောက်လို့
ရမလဲ။ မသိလိုက်ဘူး။ ပေးတော့ ပေးနေရတယ်။

စားသောက်ဆိုင်တွေမှာ အခွန်ပေးရတာတွေ စလုပ်တယ်။
အခွန်ဆောင်လို့ ညည်းကြတာတော့ ရှိတယ်။ နာမည်ရှိတဲ့ဆိုင်
တွေမှာ အခွန်ဆောင်ရတယ်။ အဲလိုမျိုးဖြစ်လာတော့ Base
ကျယ်လာတာပေါ့။

ဘဏ်တိုးနှုန်းကတော့ အခြားနိုင်ငံတွေမှာ စုဆောင်းငွေအပေါ်
မှာ အခွန် ကောက်တာ ထုံးစံရှိတယ်။ ကျွန်တော်တို့နိုင်ငံမှာ
ငွေစုတတ်အောင် အကျင့်ဖြစ်အောင်လုပ်ရင်း ငွေစုတဲ့အပေါ်မှာ
အခွန် မကောက်ဘူးလို့ ကြေညာထားတာ။

အဲဒီတော့ အဲဒါမျိုးလုပ်ပြီး ငွေစုလက်မှတ်ဝယ်ပြီး ငွေဖြူလုပ်လာ
နိုင်စရာ မရှိဘူးလားဆိုပြီး စဉ်းစားစရာ ဖြစ်တယ်။
နောက်တစ်ဖက်က ကြည့်တော့လည်း မူးစုပဲစု လုပ်နေတဲ့
လူတွေကလည်း ရှိသေးတယ်။

ကိုယ့်ဟာကိုယ် နည်းနည်းလေးစုပြီး လုပ်နေတဲ့ဟာ အပေါ်မှာ
သွားကောက်ရင် စုချင်တဲ့စိတ်က ပျောက်သွားလိမ့်မယ်။
အဲဒါတွေကို နှစ်ဖက် စဉ်းစားရမှာပေါ့။

(မေလှိုင်းသူ)

***

၂။ "အင်န်အယ်ဒီ စီးပွားရေးကော်မတီဥက္ကဋ္ဌ ဦးဟန်သာမြင့်နှင့်
အင်တာဗျူး"

- မငြိမ်းချမ်းတဲ့နိုင်ငံမှာ စီးပွားရေးလုပ်ဖို့မလွယ်ဘူး၊ ရင်းနှီးမြှုပ်နှံမှု
တွေလာဖို့ မလွယ်ဘူးပေါ့။ ဒါကို တော်တော်များများက ပြောကြ
ပါတယ်။ ဒီဟာကို ဒေါ်အောင်ဆန်းစုကြည်ကလည်းပြောဖူးတာ
ရှိတယ်။ ဒါပေမဲ့ ငြိမ်းချမ်ရေးရအောင်သွားနေတယ်၊တစ်ဖက်က
လည်းစီးပွားရေး ဖွံ့ဖြိုးလာအောင်သွားနေတယ်ဆိုတာမျိုး ပါတီမှာ
အဲဒီလိုပြိုင်တူသွားမယ့်မူရောရှိနေလားဗျ။ ရည်ရွယ်ထားတာ
မျိးပေါ့။

ကျွန်တော်တို့က စပြီးတော့ ရွေးကောက်ပွဲကတည်းက အကုန်
ပါတာပဲ။ ဖွံ့ဖြိုးတိုးတက်မှုလည်း ပါတာပဲ။ ပထမဆုံးဟာကတော့
တိုင်းပြည်ငြိမ်းချမ်းဖို့ပဲ။ ငြိမ်းချမ်ရေးကိုသွားဖို့ဟာက အရင်ဆုံးလုပ်
ထားတာပဲ။ ဒီသုံးခုက တစ်ပြိုင်တည်း သွားထားတာပေါ့။
တရားဥပဒေစိုးမိုးရေးရော၊ ဒါကတော့ကျွန်တော်တို့မူထဲမှာ
ဒါတွေအကုန်လုံးကို balance လုပ်ဖို့ဆွဲထားတာပဲ။

သို့သော် ရင်းနှီးမြှုပ်နှံမှုနဲ့ ငြိမ်းချမ်းမှုနဲ့ကိစ္စက တကယ့်တကယ်က
ဘယ်လိုပြောရမလဲဆိုတော့ ဆက်သွယ်မှုမရှိဘူးလားဆိုတော့
ရှိတယ်။

ကျွန်တော်တို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုနဲ့ဆိုရင်တော့ တစ်မျိုး၊
ဖွံ့ဖြိုးတိုးတက်မှုbalance ဖြစ်ဖို့ တစ်ခုနဲ့တစ်ခု အချိုးညီညီဖွံ့ဖြိုး
တိုးတက်ဖို့ကျရင် ငြိမ်းချမ်းရေးက အရေးကြီးတာမှန်တယ်။

သို့သော်လည်း တစ်နေရာတည်းပဲ ဥပမာ- ရန်ကုန်လိုတစ်နေရာ
တည်းပဲ ဖွံ့ဖြိုးချင်တယ်ဆိုရင် ရန်ကုန်မှာ လက်နက်ကိုင်ပဋိပက္ခ
ဆိုတာ မရှိဘူး။ ရန်ကုန်မှာပဲလုပ်မှာဆိုရင်တော့ မဖြစ်ဘူးလား
ဆိုရင် ဖြစ်မှာပဲ။ တိုင်းပြည်မှာ ကိန်းဂဏန်းအနေနဲ့တော့ တိုးလာ
မှာပေါ့။

ဒါပေမဲ့ ဒေသတစ်ခုချင်းအလိုက် ဖွံ့ဖြိုးတိုးတက်မှုမှာ ကျွန်တော်တို့
ဟာ ပဋိပက္ခဖြစ်နေတဲ့နေရာတွေကို ပြစ်ပယ်ထားသလိုဖြစ်မှာပေါ့။
ဒီလိုဖြစ်လို့ မဖြစ်ဘူးလေ။ အစိုးရဆိုတာက ပြည်ထောင်စုအစိုးရ
ဆိုရင် တစ်ပြည်ထောင်စုလုံးကို ကြည့်ရမယ်။ ဒီလိုစဉ်းစားပြီဆိုရင်
တော့ ငြိမ်းချမ်းရေးဆိုတာ အများကြီးအရေးကြီးတာပေါ့။

ခုနတုန်းက ငြိမ်းချမ်ရေးမရလို့ရှိရင်တော့ ကျွန်တော်တို့က ဖွံ့ဖြိုး
တိုးတက်မှုဆိုတာကunequal development ကတော့ဖြစ်လာ
နိုင်မယ်။ equality က အရမ်းနိမ့်ကျသွားပြီး unequality က
အရမ်းများလာမယ်ဆိုရင် ဒါကလည်း လူမှုရေးဘက်ကပြန်ကြည့်
ရင် အင်မတန်ဆိုးတဲ့ကိစ္စ၊တစ်ဖက်ကပြန်ကြည့်ရင်
တစ်တိုင်းပြည်လုံးမှာ ဒီလို မဖြစ်သင့်ဘူး။

- NLD အစိုးရက စီးပွားရေးမူဝါဒ ၁၂ ချက်ထုတ်တုန်းက
ယေဘုယျဆန်တယ်။ ဦးစားပေးကဏ္ဍတွေမပါဘူးလို့ ဝေဖန်ကြ
တာတွေရှိတယ်ပေါ့။ ပါတီကအာဏာရထားတဲ့ ဒီငါးနှစ်အတွင်း
မှာ စီးပွားရေးခရီးနဲ့ပတ်သတ်ပြီးတော့ ဘယ်နှစ်လောက်အတွင်း
ဘယ်အတိုင်းအတာတော့ ရောက်ရမယ်ဆိုတာမျိုး၊ အဲဒါမျိုး
ပါတီက ရှိထားပြီးပြီလားဗျ။

အဲဒီမှာ နှစ်ခုခွဲပြောရတော့မယ်။ အစိုးရကတော့ ပါတီကတင်လိုက်
တဲ့အစိုးရပေါ့။ ပါတီကို ပြည်သူကရွေးချယ်လို့ ကျွန်တော်တို့က
ဒီလွှတ်တော်ထဲ ရောက်လာတယ်။ လွှတ်တော်ထဲကနေ အစိုးရကို
ရွေးတယ်ပေါ့။ အဲဒီတော့ ပါတီရဲ့အစိုးရပေါ့။ အဲဒီလိုတော့ ပြောလို့
ရတယ်။

ဒါပေမဲ့တကယ်ကျတော့ကျွန်တော်တို့က National consultation
ဆိုတာကို အဓိကထားပြောလိုက်တာမို့ ကျွန်တော်တို့ဝန်ကြီးတွေ
အဖွဲ့ ရွေးချယ်ပြီးခန့်ထားလိုက်တဲ့အခါမှာ ဘက်ပေါင်းစုံက ပါလာ
တာများတယ်။ ပါတီက ပါလာတာနည်းတယ်။

အဲဒီတော့တစ်ခါ ဘာဖြစ်လဲဆိုတော့ ကျွန်တော်တို့ဝန်ကြီးတွေပါပဲ။
ဒေါက်တာသန်းမြင့်တို့၊ ဦးကျော်ဝင်းတို့ ဆိုပါတော့။ သူတို့ အဲဒီကို
ရောက်သွားတယ်။ ရောက်သွား ပြီးတဲ့အခါမှာ တကယ်သူတို့ဟာ
ပါတီပေါ်လစီကိုရေးတုန်းကလည်း ပါခဲ့တဲ့သူတွေ၊ ဒါပေမဲ့သူတို့
တကယ်ရောက်လာပြီ။ သူတို့ နေရာမှာထိုင်ပြီ ဆိုတဲ့အခါမှာ
ဘာဖြစ်လဲဆိုတော့ ကျွန်တော်တို့အနေနဲ့ ရှေ့ကတုန်းက
မှန်းဆချက်တွေ အချို့အချက်လက်တွေဟာ လွဲတာရှိတယ်။

လွဲတယ်ဆိုတာကျွန်တော်တို့အနေနဲ့ ဒါတွေကိုသိနိုင်တာမဟုတ်
ဘူး။ မသိနိုင်တဲ့အခါမှာ ဒါတွေကို မှန်းလုပ်ခဲ့ရတာတွေရှိတယ်။
ဒီလိုဟာမှာ ကျွန်တော်တို့အနေနဲ့ယူဆချက်တွေ အချို့ဟာတွေ
မှားတာတွေရှိတယ်။

ကျွန်တော်တို့ကိုယ်က မှားခဲ့တာတွေရှိတယ်။ စစချင်း basic တွေ
တုန်းက မှားတာ။ လွဲနေတယ်ပေါ့။ ကျွန်တော်တို့ရှိခဲ့တဲ့ဟာနဲ့
တကယ့် content နဲ့က လွဲနေတယ်။ အဲဒီတော့ ဒါတွေကို ပြန်ပြီး
လုပ်တဲ့အခါကျ သူတို့ကိုယ်တိုင်ကိုယ်ကပဲ ဖြစ်နိုင်တဲ့ဟာကို
လုပ်ရတာကိုး။

လက်တွေ့အနေနဲ့လုပ်တဲ့အခါမှာပေါ့။ အဲဒီလိုဟာမျိုးရှိတဲ့အခါကျ
ခင်ဗျားပြောသလို နောက်နှစ်ဘာဖြစ်ရမယ်ဆိုတဲ့ဟာမျိုး
ကျွန်တော်တို့မှာမရှိဘူး။ ကျွန်တော်တို့က ငါးနှစ်စာ တစ်ခါတည်း
ရေးထားတာလေ။

- ငွေဖောင်းပွမှုနှုန်းနဲ့ ပတ်သက်ပြီး ဒါက အရေးကြီးတယ်လို့
စီးပွားရေးပညာရှင်တွေကပြောကြတယ်ပေါ့။ လိုငွေတွေ များ
လာတယ်။ နောက် လိုငွေကို ငွေရိုက်ထုတ်ဖြေရှင်းတာလည်း
ရှိတယ်ပေါ့။ ငွေဖောင်းပွမှုကလည်း ဖြစ်နေတယ်ပေါ့။ ပါတီအနေနဲ့
ဒီငွေဖောင်းပွနှုန်း၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးကို ထိန်းသိမ်းဖို့
ဆိုတာတွေနဲ့ ပတ်သတ်ပြီး အလေးပေးသွားဖို့ရှိလား။

ငွေဖောင်းပွမှုကို စဉ်းစားတဲ့အခါ လိုငွေတွေဆိုတာ မသုံးလို့မဖြစ်
ရင် သုံးကိုသုံးရမှာပဲ။ လိုငွေကိုလျှော့ချင်လို့ဆိုပြီး
ဥပမာ - ဆရာတွေကို လျှော့ပစ်လို့မဖြစ်ဘူး။ ဆရာတွေ ဆက်ခန့်
ရမှာပဲ။ လခတိုးဖို့လိုလာလို့ရှိရင် ဒါမှမဟုတ် ရပ်ဝေးနေရာပို့လို့
ထောက်ပံကြေးလိုတယ်ဆိုရင် ပေးရမှာပဲဗျ။မပေးလို့မဖြစ်ဘူး။

အရေးကြီးတာက လိုငွေအတွက် ဟိုဟာတွေဖြတ်၊ ဒီဟာတွေ
ဖြတ်က မဟုတ်ဘူး။ smart spending ပေါ့။ သုံးစွဲတဲ့နေရာမှာ
စနစ်တကျနဲ့ ထိထိရောက်ရောက်သုံးဖို့၊ မလိုတာတွေမသုံးမိဖို့
အရေးကြီးပါတယ်။ ပွဲလမ်းသဘင်တွေလျှောက်လုပ်ပြီး ပိုက်ဆံ
ကုန်နေတဲ့ဟာတွေကိုလျှော့ရမှာ။ တကယ်လိုလို့ သုံးတဲ့ဟာမျိုးကို
ကျွန်တော်တို့က လိုက်ဖြတ်လို့မရဘူး။

- အခွန်က ဒေသတွင်းမှာ အနည်းဆုံးပေါ့။ ကျွန်တော်တို့နိုင်ငံက။
ဒီအခွန်ရငွေနဲ့ပတ်သက် ပြီးရော ဒီငါးနှစ်အတွင်းမှာ များလာ
အောင်လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားတာရှိလား။

အရင် ဒုတိယကမ္ဘာစစ်မဖြစ်ခင်က အစိုးရရဲ့အခွန်ရငွေ ၄ဝ
ရာခိုင်နှုန်းက မြေခွန်ကနေရတယ်။အခုဟာ မြေခွန်ဆိုတာ ဘာမှ
မရှိဘူး။ ရတာလည်း နည်းနည်းလေးပဲရတယ်။ ကောက်တဲ့နှုန်း
ကလည်း နည်းနည်းလေးမှ နည်းနည်းလေး။

တစ်ဧက ဘယ်လောက်မှမရှိဘူး။ မဖြစ်သင့်ဘူး။ အဲဒီတော့
မြေခွန်ကို ကျွန်တော်တို့က အင်္ဂလိပ်အစိုးရလက်ထက်တုန်းက
ကောက်တဲ့ပုံစံမျိုး တစ်ဧက တစ်ကျပ်လောက်ကောက်တယ်ဆိုရင်
အခုဟာ အဆပေါင်းမျာစွာ ကောက်ရမှပေါ့ဗျာ။

အဲဒီလိုကောက်မှာလား။ အဲဒီလိုကောက်ရင် ကျွန်တော်တို့ဟာ
တစ်ချက်တည်းမှာ အများစုဖြစ်တဲ့ တောင်သူတွေက ခံနိုင်မလား၊
ခံနိုင် မခံနိုင်ထက် ထုတ်လုပ်မှုအပိုင်း ဘယ်လိုထိခိုက်သွားမလဲ၊
စဉ်းစားရတာပေါ့။ တကယ်အကျယ်ဆုံး tax base ကတော့
land base ပဲ။ Land Tax က အကျယ်ဆုံးပဲ။

အကျယ်ဆုံးမို့ သူ့ကိုသွားပြီးလုပ်လည်း မရဘူး။ စဉ်းစားရမှာက
စီးပွားရေးတစ်ခုတည်း သွားစဉ်းစားလို့မရဘူး။ နိုင်ငံရေးအရရော၊
လူမှုရေးအရရော စဉ်းစားမှရမယ်။ ဘေ့စ်ကိုချဲ့ဖို့ ကျွန်တော်တို့
ကြိုးစားမယ်။ အချို့အချို့သော ဇိမ်ခံပစ္စည်းတွေ၊ အရက်တို့၊
ဆေးလိပ်တို့၊ ဘာတို့ပါ မြှင့်ဖို့ဆိုတဲ့ဟာ၊အခုတော့ထပ်မြှင့်ထား
ပြီးပြီ။ ဒီလိုနည်းတွေနဲ့ပဲ ကျွန်တော်တို့ သွားရမှာ။

- ဒီ NLD စီးပွားရေးကော်မတီမှာကျ အကြံပေးတွေက
ဘယ်သူတွေ အဓိကပါဝင်နေလဲဗျ။

စီးပွားရေးပညာရှင် ရှောင်တာနယ်၊
နောက် ဆရာကြီးဒေါက်တာလှမြင့်၊ ဆရာဖင်ဒလေတို့ပေါ့၊

သူတို့တွေ ကူပေးပါတယ်။ ကျွန်တော်တို့ ရွေးကောက်ပွဲ ကြေညာ
စာတမ်းထဲမှာပါတဲ့ ပေါ်လစီတို့၊ဘာတို့ရေးတဲ့အခါမှာတုန်းက
ဆရာကြီးတွေက သူတို့ ပြန် check လုပ်ပေးတယ်။

- ဒီဆရာတွေက  မြန်မာ့စီးပွားရေး တန့်နေတာနဲ့ပတ်သက်ပြီး
ဘယ်လိုမှတ်ချက်ပေးထား သလဲဗျ။

သူတို့ကတော့ ကျွန်တော်တို့ ဗျူရိုကရေစီက ရုန်းနေတဲ့အခြေအနေ
ပေါ့။ ကျွန်တော်တို့က တွန်းပေမယ့် မရွေ့ဘူးပေါ့။ ဗျူရိုကရေစီ ရဲ့
ပြဿ     နာပေါ့။

အစိုးရဆိုတာလည်း ထိပ်ဆုံးကပဲ ပြောင်းတာကိုး၊ဝန်ကြီး၊ ဒုဝန်ကြီး
ပြောင်းပေမဲ့ အောက်ကရှိနေတဲ့ ဗျူရိုကရေစီက လိုက်မှမလိုက်ဘဲ။
အရင်လုပ်နေတဲ့အတိုင်း ဆက်လုပ်နေဆဲပေါ့။

အချိန်အများကြီးယူလို့တော့ မရဘူး။ ကျွန်တော်တို့ တွန်းရမှာပဲ။
မတွန်းလို့ရင် အချိန် ကျွန်တော်တို့ငါးနှစ်ကြာသွား ဘာမှမဖြစ်ဘူး
ဆိုလည်း မဖြစ်ဘူးဗျ။

မြန်မာတိုင်း(မ်)

credit -  The Voice & The Myanmar Times

(၀န်ခံချက် -

NLD ပါတီ၏ စီးပွားရေးကော်မတီဥက္ကဋ္ဌ ဦးဟန်သာမြင့်ကို
The Voice နှင့် မြန်မာတိုင်း(မ်)တို့ က တွေ့ဆုံမေးမြန်းခဲ့သည့်
အကြောင်းအရာများအနက်မှ အချို့အချက်အလက်များကိုသာ
ကောက်နှုတ် ဖေါ်ပြထားခြင်းဖြစ်ပါသည်။

"အိမ်ခြံမြေလမ်းဆုံ")

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0

“ယနေ့ အိမ်ခြံမြေလောကနှင့် အပေါင်”

“ယနေ့ အိမ်ခြံမြေလောကနှင့် အပေါင်”

၁။ "အိမ်ခြံမြေ အပေါင်ဆုံးသည့် ဖြစ်ရပ်များ
ဈေးကွက်အတွင်း ပိုမို များလာ"

အိမ်ခြံမြေဈေးကွက်အတွင်း၌ အရောင်း အ၀ယ်ထက်
အိမ်ခြံမြေပေါင်နှံမှုများပိုမို များပြားလာနေပြီး ပေါင်နှံထားသည့်
အိမ်ခြံ မြေများကို ပြန်လည်ရွေးယူနိုင်ခြင်းမရှိသည့် ဖြစ်ရပ်များ
တစ်နေ့တခြား ပိုမို များပြားလာနေကြောင်း မြန်မာနိုင်ငံ
အိမ်ခြံမြေ၀န်ဆောင်မှုအသင်း (ဗဟို) ဒုတိယဥက္ကဋ္ဌ ဦးသန်းဦး
က မြန်မာတိုင်း(မ်)ကို ပြောသည်။

"အိမ်ခြံမြေဈေးကွက်ထဲကို သာမန်ပြည်သူတွေ၊ လူလတ်
တန်းစားတွေကရှိစုမဲ့စုနဲ့ဝင်လာကြတဲ့ လူတွေရှိသလို တချို့ဆို
မြတ်မလား ဆိုပြီး ပေါင်နှံချေးငှားပြီးမှ ၀င်လာကြတဲ့လူတွေ
လည်းရှိတယ်။
ဒီလူတွေက ဈေးကွက် အေးတာကြာတော့စရိတ်တက်တဲ့ဒဏ်၊
အတိုးတက်တဲ့ဒဏ်ကို မခံနိုင်ကြတော့ ၀ယ်ထားတာတွေကို
ပြန်ရောင်းချင်ကြတယ်။အိမ်ခြံမြေဈေးကွက်ကြီး အရမ်း
ထိုင်းမှိုင်းလာတော့ဝယ်လက်တွေက ရှားသွားတယ်။
ရှိတဲ့ဝယ်လက်တွေကလည်း အောက်ဈေးနဲ့ပဲဝယ်ကြတော့
ပေါင်နှံတဲ့ကိစ္စတွေ ဖြစ်လာတယ်။
မျှော်လင့်ချက်နဲ့ တခြားစီးပွားရေးကနေ ငွေပြန်ဝင်လာကြမယ်
ထင်ပြီး အိမ်တွေ မြေတွေ ပေါင်ကြတာများတယ်။
အိမ်ပေါင်ပြီး ရတဲ့ငွေနဲ့လုပ်တဲ့ တခြားစီးပွားရေးတွေကလည်း
အဆင်မပြေကြတော့ပေါင်ထားတဲ့ အိမ်တွေအတွက် လစဉ်
အတိုးတွေတက်၊ အချိန်တွေကြာလာပြီးပေါင်ထားတဲ့
အိမ်ခြံမြေပါ ပြန်မရွေးနိုင်တော့လို့ ဆုံးကုန်တာ
အခုနောက်ပိုင်းမှာတော်တော်များလာတယ်" ဟု
၎င်းက ပြောသည်။

ကာလရှည်ကြာ အရောင်းအ၀ယ်အေးစက်နေသည့် အိမ်ခြံမြေ
ဈေးကွက်အတွင်း၌ငွေကြေးလိုအပ်သူများက မိမိတို့ပိုင်ဆိုင်
သည့် အိမ်ခြံမြေများကို ပေါင်နှံလာကြသည့်အတွက်
အပေါင်ဈေးကွက် တွင်ကျယ်လျက် ရှိသည်။

အိမ်ခြံမြေ၊ ကွန်ဒိုတိုက်ခန်းများကို အရောင်းအ၀ယ်ပြုလုပ်ရာတွင်
ရောင်းချသည့်တန်ဖိုး၏ငွေကျပ် ၁၀၀ လျှင် နှစ်ကျပ်နှုန်းဖြင့်
အကျိုးဆောင်ခ ရယူလုပ်ကိုင်ကြခြင်းဖြစ်ပြီး၊
အပေါင်ဈေးကွက်တွင်မူ ပေါင်နှံသူက ငွေရှင်ထံသို့ လစဉ်
ပေးရမည့် အတိုးနှုန်း၏ တစ်လစာကိုအကျိုးဆောင်ခအဖြစ်
ရယူလုပ်ကိုင်လျက်ရှိသည်။

"ဈေးကွက်ပေါက်ဈေးရဲ့ တစ်ဝက်ဈေးနဲ့ အရောင်းအ၀ယ်စာချုပ်
ချုပ်ပြီး အပေါင်ခံတာများတယ်။
နှစ်အချက်က လက်ရောက် ရယူမှုကိုငွေရှင်ဘက်ကို အပြည့်
ပေးရတယ်။
ရှင်းရှင်းလင်းလင်းပြောရရင် အိမ်ပေါ်ကနေ လူဆင်းပေးရတဲ့
အပြင် တံခါးပိတ်ပြီး ငွေရှင်ကိုသော့ပါအပ်လိုက်ရတယ်။
အခုအပေါင်ဆုံးတဲ့ ပြဿနာတွေက အိမ်ခြံမြေဈေးကွက်ကလည်း
ပြန်တက်မလာတဲ့အပြင် တခြား စီးပွားရေးကလည်း
မကောင်းတော့ ပြန်မရွေး နိုင်တော့ဘဲ ဆုံးရှုံးကုန်တာဖြစ်တယ်။
လူမဆင်းရင်တော့ ငွေရှင်ကအပေါင်မခံဘူး" ဟု
၎င်းက ပြောသည်။

၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ အိမ်ခြံမြေဈေးကွက်
အတွင်း ၀ယ်လက်များမရှိသလောက် နည်းပါးသွားသည့်
အတွက် ယနေ့အချိန်ထိဆိုလျှင် အိမ်ခြံမြေဈေးကွက်ကျဆင်း
လျက်ရှိသည်မှာ တစ်နှစ်ခွဲကျော်၊ နှစ်နှစ်နီးပါး ကာလအတွင်း
သို့ ရောက်ရှိလာပြီဖြစ်သည်။

ကွန်ဒိုမီနီယမ်တိုက်ခန်းများ၊ လူနေတိုက်ခန်းများထက်
လုံးချင်းအိမ်များ၊ မြေကွက်များကိုပိုမိုပေါင်နှံမှု များပြား ကြောင်း
အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။

အိမ်ခြံမြေပေါင်နှံသူအများစုမှာ ငွေကြေးလည်ပတ်ရန် မိမိပိုင်
အိမ်ခြံမြေများကိုပေါင်နှံကာ အခြားစီးပွားရေးလုပ်ငန်းများတွင်
ထည့်သွင်းရင်းနှီးမြှုပ်နှံမှုပြုပြီး ပြန်လည် မြတ်စွန်းသည့်
အမြတ်ဖြင့် ပေါင်နှံထားသည့် အိမ်ခြံမြေများကို ပြန်လည်
ရွေးယူနိုင်သည့် စိတ်ကူးများဖြင့် ပေါင်နှံကြခြင်းရှိသလို
ငွေကြေးလိုအပ်သည့်အတွက် ပေါင်နှံသူများလည်း
အများအပြားရှိနေဆဲဖြစ်သည်။

အိမ်ခြံမြေဈေးကွက်ကျဆင်းမှု ကာလတာရှည်လာခြင်း၊
ပြန်လည်ရောင်းချရာတွင်လည်းဝယ်ယူသူအများစုကနိမ့်ပါးသည့်
ဈေးနှုန်းများဖြင့်သာ ၀ယ်ယူလိုခြင်းကြောင့် မိမိတို့ပိုင်ဆိုင်သည့်
အိမ်ခြံမြေများကိုငွေကြေးလည်ပတ်စေရန်
ပေါင်နှံကြခြင်းဖြစ်သည်။

ပေါင်နှံသည့်အချိန်တွင် ငွေရှင်ဘက်က ပေါင်နှံလိုသည့် အိမ်ခြံမြေ
ကို ဈေးကွက်ပေါက်ဈေး၏ထက်ဝက် ပမာဏရှိနိုင်သည့် ငွေကြေး
ကိုသာ အများဆုံး ငွေထုတ် ချေးပေးသည့်ငွေရှင်များရှိသကဲ့သို့
ဈေးကွက် ပေါက်ဈေး၏ ၃၀ ရာခိုင်နှုန်းကိုသာ ငွေထုတ်ချေးသည့်
ငွေရှင်များလည်း ရှိနေဆဲဖြစ်သည်။

ထို့ပြင် ငွေရှင်များက ပိုင်ဆိုင်မှု ခိုင်မာ သေချာစေရန်
အရောင်းအ၀ယ်စာချုပ် များအပြင်သတ်မှတ်ကာလအတွင်း
ပြန်လည် ရွေးယူနိုင်သည့် အပေါင်စာချုပ်များကို ပူးတွဲချုပ်ဆိုကာ
ငွေထုတ်ချေးသည့်စနစ်ကို ကျင့်သုံးလျက်ရှိပြီး ကျပ် ၁၀၀ လျှင်
ခြောက်ကျပ်အတိုးနှုန်းဖြင့် ရယူလုပ်ကိုင် လျက်ရှိသည်။

အပေါင်ခံသည့် ကာလကိုလည်း အများဆုံး ခြောက်လမှ တစ်နှစ်
အတွင်း ပြန်လည်ရွေးယူရန် တစ်ပါတည်း သတ်မှတ်ကာ
စာချုပ်များတွင် ထည့်သွင်းချုပ်ဆို ပေါင်နှံကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ပြင်ပပေါင်နှံခြင်းကို ဥပဒေအရ အသိအမှတ်
ပြုထားခြင်း မရှိသည့် အတွက်ပေါင်နှံလိုသည့် အဆောက်အအုံ
များကို အသိသက်သေများဖြင့် အရောင်း အ၀ယ်စာချုပ်များချုပ်
ဆိုကာ ပေါင်နှံလိုသူ နှင့် ငွေရှင်နှစ်ဦး သဘောတူညီချက်များဖြင့်
လုပ်ကိုင်နေကြခြင်းဖြစ်သည်။

"အခုနောက်ပိုင်းဆိုရင် ကာလတန်ဖိုးရဲ့ သုံးချိုးတစ်ချိုးလောက်ပဲ
ငွေရှင်ဘက်ကပေးတော့တယ်။ အဲဒါတောင် ပြန်မရွေးနိုင်တော့
တဲ့လူတွေ အများကြီး။ ရောင်းမယ်ဆိုရင်လည်း ၀ယ်လက်က
အောက်ဈေးလောက်ပဲပေးကြတော့ ပေါင်ကြတယ်။
အတိုးအရင်းမပေးနိုင်လို့ အဆုံးခံလိုက်တဲ့လူတွေရှိသလို
တချို့ကျတော့လည်း ငွေရှင်နဲ့ညှိပြီး ရတဲ့ဈေး နဲ့ ပြန်ရောင်း၊
ငွေရှင်ကို ပေးစရာ ရှင်းစရာ ရှိတာရှင်းပြီး ပိုတဲ့ငွေလေး သုံးပေါ့။
အဓိကပြဿနာကတော့ နေရာတိုင်းမှာ စီးပွားရေး မကောင်းလို့
အပေါင်ဆုံးတွေ ဖြစ်ကုန်တာ" ဟု
ဒဂုံမြို့သစ်မြောက်ပိုင်း အေးရိပ်စံ အိမ်ခြံမြေအကျိုးဆောင်
လုပ်ငန်းပိုင်ရှင် ဒေါ်နီလာကျော်က ပြောသည်။

အိမ်ခြံမြေများကို ဘဏ်များတွင် သွား ရောက်ပေါင်နှံရာတွင်
ပြင်ပငွေရှင်များထံသို့ ပေးရသည့်အတိုးနှုန်းထက် ဘဏ်များက
ရယူသည့်အတိုးနှုန်း အလွန်သက်သာမှုရှိသည့် အားသာချက်
များရှိသော်လည်း များပြားလှသည့် စာရွက်စာတမ်း အဆင့်ဆင့်
ဖြတ်သန်းရခြင်း၊ ၀င်ငွေရရှိနိုင်သည့်လုပ်ငန်းများကို ပြသရခြင်း
ကြောင့် အများစုမှာ ပြင်ပ လုပ်ငန်းရှင်များထံ၌သာ သတ်မှတ်
အတိုးနှုန်းတစ်ခုဖြင့် ပေါင်နှံနေကြရခြင်းဖြစ်သည်။

(ဇေယျာလင်း)

***

၂။ "အိမ်ခြံမြေ တိုက်ခန်းအပေါင် ဈေးကွက်ပေါက်ဈေးထက်
ငါးဆလောက်လျော့"

အိမ်ခြံမြေအရောင်းအေးနေရာမှာ တိုက်ခန်းအများစုလည်း
အပေါင်ဘက်လှည့်ပြီး ဈေးကွက်ရှာရတာတွေရှိတယ်လို့
အကျိုးဆောင်တချို့ထံက သိရပါတယ်။

အခုနောက်ပိုင်း အရောင်းမလိုက်တော့ငွေလိုတယ်ဆိုရင်
အပေါင်ဘက်ကိုလိုက်ပြီးစပ်ရတယ်၊ ဈေးကွက်ကလဲ အပေါင်
ဆိုရင် မူလပေါက်ဈေးထက် ငါးဆလောက်လျော့တယ်၊ ဒါတောင်
ယူတဲ့သူကနည်းတယ်လို့ အောင်မြင် အကျိုးဆောင်က
ကိုအောင်ပိုင်က ပြောပါတယ်။

ဈေး အရနည်း
----------------

အပေါင်ဈေးကွက် အများစုကတော့ ဈေးနှုန်းမြင့်မားတဲ့နေရာ
အများစုကအိမ်ခြံမြေတွေ ကို အပေါင်လက်ခံကြတာများပြီး
ဈေးနှုန်းအနေနဲ့ သိန်း ၁၀ဝ အောက်သာဈေးဖွင့်တာ ကြောင့်
ဈေးနှုန်းအရနည်းပါးတာတွေရှိနေပါတယ်။

ဒါ့အပြင် တချို့ဈေးနည်းတဲ့တိုက်ခန်းတွေကိုတော့ သိန်းဂဏန်း
လောက်သာပေးတာတွေရှိပြီး အပေါင်လက်ခံသူအများစုက  
အရောင်းအဝယ် စာချုပ်နဲ့ချုပ်ဆိုပြီး နားလည်မှုယူကြတာ
ဖြစ်ပါတယ်။

တချို့ အပေါင်လက်ခံချင်ကြတဲ့ မြေအမျိုးအစားတွေကတော့
ဂရန်မြေကိုလက်ခံကြတာများပြီး ပါမစ်မြေနဲ့စလစ်မြေတွေကို
တော့ သက်ဆိုင်ရာ မြေစာရင်းဌာနတွေမှာ စစ်ဆေးပြီးမှ
လက်ခံတာ များတယ်လို့သိရပါတယ်။

သည်လိုအပေါင်ဈေးကွက်ထဲမှာ တိုက်ခန်းအပေါင်တွေလည်း
ပါဝင်ပြီး တိုက်ခန်းအပေါင်ကိုတော့ တကယ့်ဈေးကွက်ထက်
ငါးဆလောက်ဈေးနှိမ်ပြီး အပေါင်ပေးတာတွေရှိပါတယ်။

အပေါင်ဈေးကွက် အများစုမှာဘဏ်ထက် အပြင်ဈေးကွက်ကို
စိတ်ဝင်စားမှုများပြီး အပေါင်ဈေးကွက်အတွက် ဘဏ်အပေါင်
မှာတော့ နာမည်ကြီးဘဏ်တွေထက် အစိုးရနဲ့ ဆက်စပ်တဲ့
ဘဏ်တွေမှာ အပေါင် လက်ခံကြတာများ ပါတယ်။

အစိုးရအပေါင်အများစုက ဈေးနှုန်းအရ အတိုးနှုန်းသက်သာ
ပေမဲ့ အနည်းဆုံးအချိန်သုံးလလောက်ပေးပြီးစစ်ဆေးမှုတွေ
များတာကြောင့် အမှန်တကယ်ငွေကြေးလိုအပ်သူတွေ
အနေနဲ့ အပြင်ဘက်ကအပေါင်ခံသူတွေကိုသာ
အားထားကြတာဖြစ်ပါတယ်။

(ပြည့်ဖြိုးမြင့်မွန်)

credit - The Myanmar Times & Kumudra Journal

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0

“ပြဋ္ဌာန်းပေးရန်လိုလာသည့် တိုက်ခန်းအိမ်ရာဥပဒေ”

“ပြဋ္ဌာန်းပေးရန်လိုလာသည့် တိုက်ခန်းအိမ်ရာဥပဒေ”

၁။ "တိုက်ခန်းရောင်းဝယ်မှုများအတွက် တိုက်ခန်းအိမ်ရာ
ဥပဒေ ပြဋ္ဌာန်းပေးရန် လို"

တိုက်ခန်း အရောင်းအ၀ယ်ဈေးကွက်တွင် ပိုင်ဆိုင်မှု ပိုမိုခိုင်မာ
ကြောင်း ပြသနိုင်ရန်အတွက်တိုက်ခန်းအမျိုးအစားအားလုံးနှင့်
ဆိုင်သော ဥပဒေတစ်ခု ပြဋ္ဌာန်းရန် လိုအပ်ကြောင်း
ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ပြောသည်။

ဆောက်လုပ်ရေးလုပ်ငန်းများ ပိုမိုတွင်ကျယ်လာပြီး အထပ်မြင့်
တိုက်များ ဆောက်လုပ်လာကြသည်မှာ ဆယ်စုနှစ်နှစ်ခုကျော်
ရှိလာပြီဖြစ်သော်လည်း ယခုအချိန်ထိ တိုက်ခန်းများအတွက်
တိကျသော ဥပဒေမရှိ သေးကြောင်း အာရှဆောက်လုပ်ရေး
လုပ်ငန်းမှအထွေထွေမန်နေဂျာ ဦးရန်အောင်က
ပြောသည်။

ကွန်ဒိုမီနီယံဥပဒေမှာ ကွန်ဒိုအဆောက်အအုံများအတွက်သာ
သီးသန့်ဖြစ်သောကြောင့် တိုက်ခန်းများအားလုံးကို ကိုယ်စား
ပြုမည့်တိုက်ခန်းအိမ်ရာဥပဒေတစ်ခု လိုအပ်ကြောင်း
၎င်းက ပြောသည်။

"ရန်ကုန်မှာ ကွန်ဒိုအဆောက်အအုံက လက်ချိုးရေလို့ရတဲ့
အနေအထားမှာ ရှိနေတယ်။
၁၉၉၀ နောက်ပိုင်းကတည်းက တိုက်တွေဆောက်လာကြပြီး
ကန်ထရိုက်တိုက်တွေလည်းဆောက်လုပ်တာ များလာကြတယ်
ဆို တော့ တဖြည်းဖြည်းနဲ့ တိုက်ခန်းတွေလည်းများလာပြီ။
တိုက်ခန်းတွေအားလုံးနဲ့ အကျုံးဝင်မယ့် အိမ်ရာဥပဒေတစ်ခု
ပြဋ္ဌာန်းပေးဖို့လိုအပ်နေပါပြီ" ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် တိုက်ခန်းဝယ်ယူသူများ အနေဖြင့်
တိုက်ခန်းဝယ်ယူရာတွင် မြေရှင်နှင့်အရပ်စာချုပ်သာ ချုပ်ထား
ရပြီး တိုက်ခန်းကို ပြန်လည်ရောင်းဝယ် ပြုလုပ်ရာတွင်လည်း
မြေရှင်က လက်မှတ်ထိုးပေးရန် လိုအပ်ကြောင်း
ဦးရန်အောင်က ပြောသည်။

"တိုက်ခန်းအရောင်းအ၀ယ်လုပ်ရင်တောင် မြေရှင်မှာပဲ ဂရန်ရှိ
လို့ မြေရှင်ရဲ့လက်မှတ်လိုအပ်ပြီး မြေရှင်ကို တိုက်ခန်းခရဲ့
တစ်ရာခိုင်နှုန်းပေးရတယ်။ တကယ်လို့သာတိုက်ခန်းတွေ
အားလုံးနဲ့ တိုက်ရိုက်သက်ဆိုင်မယ့် တိုက်ခန်းအိမ်ရာ ဥပဒေ
သာရှိလာခဲ့မယ်ဆိုရင် တိုက်ခန်းရောင်းဝယ်လုပ်ဖို့ မြေရှင်နဲ့
မဆိုင်တော့ဘဲ တိုက်ခန်းပိုင်ရှင် တစ်ယောက်အနေနဲ့
ရောင်းဝယ်လုပ်နိုင်မှာပါ" ဟု ၎င်းက ပြောသည်။

မြေကွက်ဝယ်ယူသူများအနေဖြင့် မြေ ဂရန်စာချုပ်ကို အာမခံ
ထားခြင်း၊ ဘဏ်များတွင်အပေါင်ထားခြင်းများ ပြုလုပ်နိုင်သော်
လည်း တိုက်ခန်းဝယ်ယူသူများအနေဖြင့်တိုက်ခန်းစာချုပ်ကို
ထိုကဲ့သို့ အသုံးမပြုနိုင် သောကြောင့် ပိုင်ဆိုင်မှု ပိုမိုခိုင်မာ
စေရန် ဥပဒေလိုအပ်ကြောင်း ၎င်းက ပြောသည်။

"တိုက်ခန်းပိုင်ရှင်တွေအနေနဲ့ မြေပိုင်ဆိုင်သူတွေလိုပဲ တိုက်ခန်း
စာချုပ်ကို ဘဏ်တွေမှာအပေါင်ထားတာတွေ၊ အာမခံထားတာ
တွေ လုပ်လို့ရဖို့ တိုက်ခန်းအိမ်ရာဥပဒေတစ်ခုလိုအပ်ပါတယ်။
တိုက်ခန်းစာချုပ်တွေကလည်း မြေစာချုပ်တွေလိုပဲ ခိုင်မာမှုရှိမှ
ရင်းနှီးမြှုပ်နှံသူတွေက တိုက်ခန်းတွေကို ပိုဝယ်ယူလာကြမှာ
ဖြစ်ပြီး တိုက်ခန်းအရောင်း ဈေးကွက်ပိုမိုကောင်းမွန်လာမှာ
ဖြစ်ပါတယ်" ဟု ဦးရန်အောင်က ပြောသည်။

တိုက်ခန်းများအားလုံးကို ကိုယ်စားပြုမည့် တိုက်ခန်းအိမ်ရာ
ဥပဒေကို အမြန်ဆုံးပြဋ္ဌာန်းရန်လိုအပ်နေပြီး လက်ရှိအချိန်တွင်
ကွန်ဒို မီနီယံဥပဒေ၏ နည်းဥပဒေတွင် တိုက်ခန်းများအားလုံး
အတွက် ကိုယ်စားပြုသော နည်းဥပဒေများ ပါဝင်မလားကို
စောင့်ကြည့်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေး
ဆိုင်ရာ လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသာဌေးကပြောသည်။

"ကွန်ဒိုဥပဒေနဲ့ တိုက်ခန်းဥပဒေက နည်းနည်းရောထွေးပြီး
ရှုပ်နေတယ်။ တိုက်ခန်းတွေအားလုံးကို ကိုယ်စားပြုမယ့်
ဥပဒေ တစ်ခုကို အမြန်ဆုံးပြဋ္ဌာန်းပေးဖို့ လိုအပ်နေပါတယ်။
ကွန်ဒိုဥပဒေမှာ တိုက်ခန်းတွေအားလုံးကို ကိုယ်စားပြုတဲ့
နည်းဥပဒေတွေ ပါမလား၊
ဒါမှမဟုတ် ဥပဒေအသစ်တစ်ခု လိုမလားဆိုတာသိဖို့ ဒီလထဲ
မှာ ထွက်မယ့် ကွန်ဒိုဥပဒေကိုအရင်စောင့်ကြည့်ရပါမယ်"ဟု
၎င်းက ပြောသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနမှဆောက်လုပ်သော တိုက်ခန်းများ
အတွက် ပိုင်ရှင် စာအုပ်များ သီးသန့်ထုတ်ပေးသော်လည်း
ကျန်တိုက်ခန်းများအားလုံးမှာ မြေရှင်တစ်ဦးတွင်သာ စာချုပ်ရှိပြီး
ကျန်တိုက်ခန်းဝယ်ယူသူများအတွက် အရပ်စာချုပ်ကိုသာ
အသုံးပြုနေ ရဆဲဖြစ်ကြောင်း ဦးရန်အောင်က ပြောသည်။

ယခုချိန်တွင်တိုက်ခန်းအိမ်ရာများအားလုံးကို ကိုယ်စားပြုသော
ဥပဒေကို ရေးဆွဲနေ ခြင်းမရှိသေးကြောင်း ဆောက်လုပ်ရေး
ဝန်ကြီးဌာန၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ဦးဝင်းနိုင်က
ပြောသည်။

(တင်ရတနာထွန်း)

***

၂။ "တိုက်ခန်းဥပဒေမရှိသေးလို့ စာရွက်စာတမ်းမိတ္တူ တောင်းပါ"

ဆောက်ပြီးသားတိုက်ခန်းတွေအတွက် ဥပဒေအတိအကျမရှိ
သေးတဲ့အတွက် ဝယ်ယူတဲ့အခါ တိုက်ခန်းနဲ့ သက်ဆိုင်တဲ့
စာရွက်စာတမ်းမိတ္တူတွေ တောင်းယူပြီး စာချုပ်ချုပ်ဆိုထားသင့်
တယ်လို့ သိရပါတယ်။

တိုက်ခန်းအိမ်ရာ မူဝါဒ ဥပဒေသာ ထွက်လာခဲ့ရင် ဥပဒေနဲ့
အညီ ဖြစ်နိုင် မဖြစ်နိုင်ဆိုတာ ကြိုမသိနိုင်သေးတာကြောင့်
ဝယ်သူတွေအနေနဲ့ အပြည့်အစုံ တောင်းယူထားသင့်တယ်လို့
သိရတယ်။

ကွန်ဒိုဥပဒေလို ဥပဒေထွက်လာပေမဲ့ သတ်မှတ်ချက်တွေနဲ့
ကွဲပြားနေတာတွေ၊ မကိုက်ညီတာတွေ ဈေးကွက်ထဲမှာ
ရှိနေပါတယ်။

တိုက်ခန်းပြဿနာတွေမှာ အများစု ဆုံးရှုံးနစ်နာရသူတွေက
ဝယ်သူတွေ ဖြစ်တယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။

အထွေထွေ အကျိုးဆောင် ဦးကျော်စွာက
“ကန်ထရိုက်နဲ့ မြေရှင်တွေ ချုပ်ဆိုထားတဲ့ စာချုပ်မိတ္တူတွေ၊
လူနေခွင့်ကျပြီးသားဆို လူနေခွင့်ပါမစ် မိတ္တူတွေ၊
မြေရှင်လက်မှတ်ရေးထိုးထားတဲ့ဆက်စပ်စာချုပ်တွေအကုန်
တောင်းထားရင်တော့ ပို ကောင်းတယ်၊
ပြဿနာဖြစ်လာရင်တောင် ကိုယ့်ဘက်က ခိုင်မာတဲ့
အထောက်အထားပြနိုင်တယ်”လို့ ပြောပါတယ်။

တိုက်ခန်းဈေးကွက်ထဲမှာအရောင်းအဝယ်အေးသွားရတဲ့
အကြောင်းအရင်းတစ်ခုက ယုံကြည်မှုနည်းသွားပြီး ဈေးကွက်
သိသိသာသာ လျော့ကျသွားတာ ဖြစ်တယ်။

အရစ်ကျကြိုပွိင့်ဈေးကွက်နဲ့ ဆောက်ပြီးသားတိုက်ခန်း
အရောင်းဈေးကွက်ပါ အေးနေတာ ဖြစ်တယ်။

အရောင်းအဝယ်အများစုက အရပ်စာချုပ်တွေနဲ့ ချုပ်ဆိုပြီး
အလွယ်တကူ ဝယ်ယူကြတယ်။ တချို့ဆို ရှေ့နေက စာရွက်
စာတမ်းလိုနေတယ်ပြောတာတောင် နောက်မှယူမယ်ဆိုပြီး
ဝယ်ယူကြတာတွေလည်းရှိတယ်လို့ အကျိုးဆောင်ရှေ့နေ
တချို့ဆီက သိရပါတယ်။

အထက်တန်းရှေ့နေ မသီတာက
“စာချုပ်ကိုတော့ ဖြစ်နိုင်သမျှ ခိုင်မာအောင် ချုပ်ဆိုရမှာပဲ၊
ဥပဒေအပြောင်းအလဲတွေရှိလာရင် ကိုယ့်ဘက်က သေချာမှု
ရှိအောင် လုပ်သင့်တယ်၊ တချို့က ပြီး ပြီးရောပုံစံနဲ့ ချုပ်ဆိုကြ
တာတွေ ရှိတယ်၊
ဆောက်လုပ်ခွင့်ကျထားတဲ့ စာရက်စာတမ်းကအစ
တောင်းကြည့်သင့်ရင် တောင်းရမှာ၊
တချို့ က ပြောပြလဲ အပိုလို့ထင်တာတွေ ရှိတယ်၊
တကယ်တော့ ကိုယ့်ဘက်က ခိုင်မာအောင် လုပ်ထားသင့်
လို့ပါ” လို့ ပြောပါတယ်။

- လက်ဆင့်ကမ်းရောင်းချထားတဲ့ တိုက်ခန်းဟောင်းတွေဆို
လည်း အရပ်စာချုပ်နဲ့ဆိုရင် အရောင်းအဝယ်လုပ်ခဲ့တဲ့
ဆက်စပ်စာချုပ်အဆင့်ဆင့်ကို စစ်ဖို့လိုအပ်တယ်။
- ဆက်စပ်စာချုပ်တိုင်းမှာ မြေရှင်လက်မှတ်ပါမပါ စိစစ်ဖို့
လိုပါတယ်။
- တချို့က အပေါင်ခံထားပြီးရထားတဲ့ အခန်းမျိုး ဖြစ်နိုင်
တာကြောင့် သေချာသတိပြု ဝယ်သင့်တယ်လို့ သိရပါတယ်။

(အေးမွန်)

credit - The Myanmar Times & Kumudra Journal

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0

Sunday, March 5, 2017

“မီတာခ တက်သင့်ပြီလားနှင့် update သတင်း”

“မီတာခ တက်သင့်ပြီလားနှင့် update သတင်း”

၁။ "ရန်ကုန်မီတာခတွေ တက်သင့်ပြီလား
မီတာခ ငါးချက်"

ရန်ကုန်တိုင်းဒေသကြီး၌ လာမည့် ဘဏ္ဍာနှစ်မှစ၍ မီတာခများ
တက်မည်ဟု မတ်လ ၂ ရက်နေ့တွင် NLD တိုင်းလွှတ်တော်
ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက
ပြောကြားခဲ့သည်။

ယင်းအကြောင်းကို တိုင်းလွှတ်တော် ကိုယ်စားလှယ်
ဦးကျော်ဇေယျက မီဒီယာများသို့ ပြန်လည် ပြောပြသည်။
ထို့ကြောင့် မီတာခများ တက်မည်ဟူသည့် သတင်းမှာ 
စိတ်ဝင်စားဖွယ် ဖြစ်လာခဲ့သည်။

သို့သော်လည်း မတ်လ ၃ ရက်နေ့တွင် ရန်ကုန် တိုင်းဒေသကြီး
လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး
ဒေါ်နီလာကျော်က မီတာခသုံးဆ တက်မည်ဆိုသည်မှာ
မဟုတ်ဟု တရားဝင် ငြင်းဆန်ခဲ့သည်။

မည်သို့ဆိုစေ အိမ်သုံး တစ်ယူနစ် ၃၅ ကျပ်ဖြစ်နေသည့်
လျှပ်စစ်မီတာခများကို ပြောင်းလဲသင့်ပြီလား ဆိုသည့်မေးခွန်းမှာ
ယခုအခါ ကျယ်ကျယ်ပြန့်ပြန့် ကြားလာရပြီ ဖြစ်သည်။

အကြောင်းရင်းမှာ နိုင်ငံတော်က အရှုံးခံ၍ လျှပ်စစ်ဓာတ်အား
ဖြန့်ဖြူးပေးနေရသောကြောင့် ဖြစ်သည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဒေါက်တာထွန်းနိုင်အဆိုအရ လျှပ်စစ် တစ်ယူနစ်အတွက်
နိုင်ငံတော်က ၂၃ ကျပ် စိုက်ထုတ်နေရသည်။ မြန်မာ့ လျှပ်စစ်
တစ်ယူနစ်ဈေးနှုန်းသည် အိမ်နီးချင်း နိုင်ငံများနှင့် ယှဉ်လျှင်
နိမ့်နေသည်။

ဤသို့ဆိုလျှင် လျှပ်စစ်မီတာခ တက်မည်ဆိုပါက မည်သည့်
အရာများကို ထည့်သွင်း စဉ်းစားသင့်သနည်း။

ပညာရှင်အချို့၊ စီးပွားရေး လုပ်ငန်းရှင်အချို့နှင့် ဆိုင်ရာ
ကျွမ်းကျင်သူအချို့၏ အကြံပြုချက်များကို ကြည့်လျှင်

(၁) အချိန်ယူပါ၊ အချိန်ပေးပါ
--------------------------------

လျှပ်စစ်မီတာခ တက်မည်ဆိုပါက အစိုးရအဖွဲ့က အချိန်ယူ
စီစဉ်ပါ။ ပြည်သူများကို အချိန်ပေးပါ။ မီတာခ တက်မည်ဖြစ်
ကြောင်း ကြိုတင် ကြေညာရန် လိုအပ်သည်။

YBS နှင့် မဟာသင်္ကြန်မဏ္ဍပ် ကဲ့သို့ တက်သုတ်ရိုက် မူဝါဒများ
ကြောင့် ရန်ကုန်ပြည်သူများ ဇကောထဲ ထည့်လှိမ့်သည့်
ဆီးဖြူသီးလို ဖြစ်ခဲ့ဖူးပြီ။

ထို့ပြင် မူဝါဒတစ်ခု အပြောင်းအလဲအတွက် သာသူနှင့် နာသူများ
အတွက် ကြိုတင် စီစဉ်ထားရန်လိုကြောင်း စီးပွားရေးပညာရှင်
အချို့က ဆိုသည်။

အစိုးရဘက်ကမူ မီတာခတိုးမြှင့် ကောက်ခံမည်ဆိုပါက
ပြည်သူများ အဆင်ပြေရန် ဘက်စုံထောင့်စုံမှ စဉ်းစားလျက်
ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊  စက်မှုလက်မှုနှင့်
လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဒေါ်နီလာကျော်က
ပြောကြားသည်။

(၂) ပုဂ္ဂလိက ကဏ္ဍကို တိုးမြှင့်ခြင်း
----------------------------------------

၂၀ဝ၈ ခုနှစ်မှစ၍ လျှပ်စစ်ကဏ္ဍတွင် ပုဂ္ဂလိက လုပ်ကိုင်ရန်
ခွင့်ပြုပေးခဲ့သည်။

လက်ရှိ ဘဏ္ဍာနှစ်တွင် ပုဂ္ဂလိက ထုတ်လုပ်မှုသည် စုစုပေါင်း
လျှပ်စစ်ထုတ်လုပ်မှု၏ ထက်ဝက်ခန့် (၄၈ ဒသမ ၄ ရာခိုင်နှုန်း)
ရှိနေသည်။

သို့သော်လည်း ပြည်ထောင်စုအဆင့် လျှပ်စစ် တစ်ယူနစ်
သတ်မှတ်နှုန်းနှင့်ဆိုပါက မည်သည့် ပုဂ္ဂလိက လုပ်ငန်းမှ
စိတ်ဝင်စားမည် မဟုတ်ချေ။

လက်ရှိတွင် အစိုးရက ပုဂ္ဂလိကထံမှ ဝယ်၍ ပြည်သူထံ အရှုံးခံ
ဖြန့်ဖြူးပေးနေခြင်း ဖြစ်သည်။ ပုဂ္ဂလိကသည် အမြတ်ရလျှင်
စိတ်ဝင်စားမည်။ ပုဂ္ဂလိက စိတ်ဝင်စားလျှင် လျှပ်စစ်ကဏ္ဍ
အမြန် တိုးတက်နိုင်ခြေ ရှိသည်။

“ရင်းနှီးမြှုပ်နှံသူကို ဖိတ်ခေါ်ဖို့ ဒီဈေးနဲ့တော့ ဘယ်လိုမှ
မဖြစ်နိုင်ဘူး”ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အငြိမ်းစား
ဒုတိယဝန်ကြီး ဦးမော်သာထွေးက ပြောကြားသည်။

ဤသို့ဆိုလျှင် လျှပ်စစ်တစ်ယူနစ် တန်ဖိုးသည် ပုဂ္ဂလိကနှင့်
ပြည်သူနှစ်ဖက် မနစ်နာသည့် ဈေးနှုန်းတစ်ရပ်ဖြစ်ရန် လိုမည်
ဖြစ်ကြောင်း မြန်မာ့စီးပွားရေး လေ့လာသူ
ခင်မောင်ညို (ဘောဂဗေဒ)က ပြောကြားသည်။

ပြီးခဲ့သည့် သမ္မတဦးသိန်းစိန် လက်ထက်တွင် အမှိုက်မှ
လျှပ်စစ်ထုတ်ယူရန် ကြိုးစားခဲ့သည့်
Chasson International Korean ကုမ္ပဏီသည် မီတာခ
နှုန်းထား ညှိမရခြင်းနှင့် ဌာနဆိုင်ရာများအကြား လုပ်ထုံး
လုပ်နည်း ရှုပ်ထွေးမှုကြောင့် အဆင်မပြေဖြစ်ခဲ့ကြောင်း
ယင်းကုမ္ပဏီ၏ အကြီးတန်း အုပ်ချုပ်မှုဒါရိုက်တာ
ဦးထွန်းဝင်းက The Voice သို့ ပြောကြားဖူးသည်။

(၃) အိမ်သုံး သို့မဟုတ် စီးပွားဖြစ်
--------------------------------------

မီတာခ တက်မည်ဆိုပါက အိမ်ထောင်စုများ သုံးစွဲသည့်မီတာခ
ကို တက်မည်လား၊ သို့မဟုတ် စီးပွားဖြစ်သုံးသည့် မီတာခကို
တက်မည်လား ရွေးချယ်ရမည် ဖြစ်သည်။ မည်သည်ကို
ရွေးချယ်သည်ဖြစ်စေ သာသူနှင့်နာသူ ရှိမည်မှာမလွဲပေ။

အိမ်ထောင်စုများ သုံးသည့် မီတာခကို တက်မည်ဆိုပါက
တစ်ယူနစ် ကျပ်တစ်ရာ ဝန်းကျင်နှုန်းကို အခြေခံပြည်သူများက
ပေးချေရန် ခက်ခဲမည်ဖြစ်သည်။

စီးပွားဖြစ် လုပ်ငန်းများသုံးသည့် မီတာခ တက်မည်ဆိုပါက
ထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်တက်သွားပြီး ထုတ်ကုန်လည်း
ဈေးနှုန်းကြီးမြင့်သွားနိုင်ပေသည်။ ဈေးကွက်အတွင်းရှိ
ယင်းထုတ်ကုန်ကို စားသုံးသည့် စားသုံးသူများက အဆိုပါ
စရိတ်ကို ကျခံရမည်ဖြစ်သည်။

“မီတာခတက်ရင် ကုန်ဈေးနှုန်း တက်မှာပဲလေ။
ဒါကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ ပိုအရေးကြီးတယ်” ဟု
မြန်မာ့ စီးပွားရေးလေ့လာသူ ဦးလှမောင်က ဆိုသည်။

* အိမ်ထောင်စုများသုံးသည့် မီတာခ မြင့်တက်ပါက ပြည်သူများ
အပေါ် တိုက်ရိုက် အကျိုး သက်ရောက်မည်ဖြစ်ပြီး စီးပွားဖြစ်
မီတာခနှုန်းကို တက်မည်ဆိုပါက ပြည်သူများအပေါ် သွယ်ဝိုက်
အကျိုးသက်ရောက်မည်ဖြစ်ရာ မျှခြေတစ်ခုတွင် ကိုင်တွယ်နိုင်
မှသာ ပေါ်ပေါက်လာမည့် ဆိုးကျိုးများကို ကြိုတင်
ရှောင်ရှားနိုင်မည်ဖြစ်သည်။ *

(၄) စီးပွားရေးနှေးချိန်
------------------------

မီတာခ တက်မည်ဆိုပါက အချိန်ကောင်းကို စောင့်ရန်လိုသည်။
ပြည်သူများ ဝန်မပိသည့် အချိန်တွင် မီတာခတက်မည်ဆိုပါက
အကောင်းဆုံးဖြစ်ကြောင်း လေ့လာသူများက ဆိုသည်။

လက်ရှိ NLD အစိုးရလက်ထက်တွင် မြန်မာ့စီးပွားရေး နှေးကွေး
နေကြောင်း နိုင်ငံတကာ လေ့လာသူများကပင်
ထောက်ပြနေကြပြီဖြစ်သည်။

နိုင်ငံတော် သမ္မတ ဦးထင်ကျော် ကိုယ်တိုင်လည်း
မြန်မာ့စီးပွားရေး နှေးကွေးကြောင်း ဝန်ခံထားသည်။

“စီးပွားရေးနှေးနေချိန်မှာ မီတာခ တက်မည်ဆိုရင် ပြည်သူကြား
မှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားနိုင်တာပေါ့”ဟု မြန်မာ့ စီးပွားရေး
လေ့လာသူ ခင်မောင်ညို (ဘောဂဗေဒ) က ဆိုသည်။

ထို့ကြောင့် ယခုအချိန်သည် မီတာခများ တက်သင့်သည့်
အချိန်ဟုတ်ပါ၏လော စဉ်းစားစရာ ဖြစ်သည်။

(၅) နိုင်ငံရေးကိစ္စ
--------------------

ဤအချက်မှာ မီတာခ တက်ရာတွင် အဓိကထား စဉ်းစားရမည့်
နောက်ဆုံးနှင့် အရေးအကြီးဆုံး အချက်ဖြစ်သည်။ မီတာခ
မြင့်တက်ခြင်းသည် စီးပွားရေးသာမဟုတ်  နိုင်ငံရေးကိစ္စ
(Political Issue) လည်း ဖြစ်သည်ဟု မြန်မာ့စီးပွားရေး
လေ့လာသူ ခင်မောင်ညို (ဘောဂဗေဒ) ကဆိုသည်။

မီတာခ မြင့်တက်လျှင် ထုတ်လုပ်မှု ကုန်ကျစရိတ်ကို
တစ်နည်းနည်းဖြင့် ပိုမြင့်တက်စေသည်။ ထုတ်လုပ်မှု ကုန်ကျ
စရိတ် မြင့်တက်ပါက ကုန်ဈေးနှုန်း ကြီးစေသည်။
ကုန်ဈေးနှုန်းကြီးပါက ပြည်သူများ မပြေလည်။

ဤသဘောတရားကို ၂၀ဝ၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့်
စက်သုံးဆီ မြင့်တက်မှုက သက်သေခံခဲ့ပြီဖြစ်သည်။
စက်သုံးဆီ ဈေး အဆမတန် မြင့်တက်မှုမှတစ်ဆင့် 
မြန်မာနိုင်ငံရေးတွင် လူထုအုံကြွမှုများလည်း ဖြစ်ပေါ်
ခဲ့သေးသည်။

“ဒါကတော်တော်ကို မလွယ်တဲ့ ကိစ္စပါ။ လွယ်လွယ်လျှောက်
ပြောလို့ရတဲ့ ကိစ္စမဟုတ်ဘူး။ Big Political Issue” ဟု
မြန်မာ့စီးပွားရေး လေ့လာသူ ခင်မောင်ညို (ဘောဂဗေဒ)
က ဆိုသည်။

မီတာခပုစ္ဆာ အဖြေရှာ
-------------------------

မီတာခပုစ္ဆ္ဆာအတွက် လာမည့်  မတ်လ ၂၀ ရက်နေ့တွင်
ပြန်လည်စတင်မည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်
အတွင်း၌ ဆွေးနွေး အဖြေရှာကြတော့မည် ဖြစ်သည်။

ဤကိစ္စအတွက် တိုင်းအစိုးရအဖွဲ့နှင့် ပြည်သူ့ကိုယ်စားလှယ်
များ အကြိတ်အနယ် ဆွေးနွေးကြမည့် အရိပ်အယောင်များ
ကိုလည်း တွေ့နေရပြီဖြစ်သည်။

လွှတ်တော်အတွင်း တက်တက်ကြွကြွ ဆွေးနွေးလေ့ရှိသည့်
ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်ကမူ
မီတာခကိစ္စနှင့် ပတ်သက်၍ ယခုလို ဆိုသည်။

“(မူဝါဒ) တစ်ခု မပြီးသေးဘူး။ တစ်ခုတစ်ခု ဆက်လုပ်မယ်
ဆိုရင်တော့ လောတယ်ဗျ။ အောက်က လိုက်လုပ်ရတာ မလွယ်
ဘူးဗျ။ နိုင်ငံရေး အနေအထားလည်း ကြည့်ဦးမှ။
အခြေခံ လူတန်းစားကိုသွားထိရမယ့်ဟာမျိုးဆို မလွယ်ဘူးဗျ”။

(ရဲနိုင်ဦး၊ ဥမ္မာလွင်)

***

၂။ "ရန်ကုန်တိုင်းအတွင်း မီတာခ သုံးဆ တိုးမြှင့်ကောက်ခံမည်
ဆိုသည့်သတင်း မဟုတ်မှန်ကြောင်း တိုင်းဒေသကြီး လမ်းပန်း
ဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဒေါ်နီလာကျော် ပြောကြား"

ရန်ကုန်တိုင်းဒေသကြီး အတွင်း မီတာခ သုံးဆ တိုးမြှင့်ကောက်ခံ
မည် ဆိုသည့်သတင်း မဟုတ်မှန်ကြောင်း ရန်ကုန်တိုင်းဒေသကြီး
လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဒေါ်နီလာကျော်က
မတ်လ ၃ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး
လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် အဖွင့်မိန့်ခွန်း
တွင် ထည့်သွင်းပြောကြားခဲ့သည်။

မီတာခသုံးဆ တိုးမြှင့်ကောက်ခံမည်ဆိုသည်ကို ရန်ကုန်တိုင်း
ဝန်ကြီးချုပ်နှင့် လွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံသည့်ပွဲ
တွင် ပြောဆိုသည့်စကား၌ မပါဝင်ခဲ့ကြောင်း ၊ ထိုသို့ ပြောဆိုခဲ့
ခြင်း လုံးဝမရှိဟုလည်း ၀န်ကြီး ဒေါ်နီလာကျော်ကပြောသည်။

လျှပ်စစ်ခနှင့်ပတ်သက်၍ ပြည်သူနှင့် ညှိနှိုင်းဆွေးနွေးပြီးမှ
ဆုံးဖြတ်မည် ဖြစ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်နှင့် လမ်းပန်း
ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားခဲ့သည်။

ယခင်အစိုးရလက်ထက် ၂၀၁၃ နိုဝင်ဘာတွင် လျှပ်စစ်မီတာခ
များကို အိမ်သုံးမီတာယူနစ် ၁၀၀ နှင့်အထက်ကို တစ်ယူနစ်
ကျပ် ၅၀၊ စက်မှုလုပ်ငန်း အတွက် ယူနစ် ၅,၀၀၀ နှင့် အထက်
ကို ကျပ် ၁၅၀ ကောက်ခံရန် စီစဉ်ခဲ့သော်လည်း ပြည်သူလူထု
က ကန့်ကွက်သဖြင့် ယင်းအစီစဉ်ကိုရပ်တန့်ခဲ့သည်။

လျှပ်စစ်မီတာခနှင့်ပတ်သက်၍ ဆန္ဒပြ ကန့်ကွက်မှုများကြောင့်
၂၀၁၄ ဧပြီ ၁ ရက်တွင်
- ယူနစ် ၁၀၀ အောက်ကို တစ်ယူနစ်လျှင် ၃၅ ကျပ်ကောက်ခံ
ခဲ့ပြီး
- ၁၀၁ ယူနစ်နှင့် ၂၀၀ ကြားကို ၄၀ ကျပ်နှင့်
- ၂၀၁ ယူနစ် အထက်ကို ၅၀ ကျပ်ကောက်ခံ ခဲ့သည်။

စက်မှုလုပ်ငန်းသုံး မီတာများအတွက်
- ယူနစ် ၅၀၀ အထိ တစ်ယူနစ်လျှင် ၇၅ကျပ်၊
- ၅၀၁ မှ ၁၀,၀၀၀ ယူနစ်အထိ ကျပ် ၁၀၀၊
- ၁၀,၀၀၁ မှ ၅၀,၀၀၀ ယူနစ်အထိ ၁၂၅ ကျပ်၊
- ၅၀,၀၀၁ မှ ၂၀၀,၀၀၀ ယူနစ်အထိ ကျပ် ၁၅၀
အသီးသီးသတ်မှတ်ခဲ့သည်။

လျှပ်စစ်ဓာတ်အား တစ်ယူနစ်ရောင်းချတိုင်း ငွေ ၂၃ ကျပ်
အရှုံးပေါ်နေပြီး၊ ယခင်နှစ် တစ်နိုင်ငံလုံးဓာတ် အားသုံးစွဲမှု
သည် ယူနစ်ပေါင်း ၁၇,၈၁၂ သန်းဖြစ်၍ လာမည့် နှစ်တွင်
ယူနစ်ပေါင်း ၁၉,၅၉၃ သန်း အထိ ရောက်ရှိမည်ဟု ခန့်မှန်း
ထားကာ ယူနစ်ပေါင်း ၁,၇၈၁ သန်း ပိုများလာမည်
ဖြစ်ကြောင်း မတ်လ ၁ ရက်က ကျင်းပသည့် ပြည်ထောင်စု
လွှတ်တော်အစည်းအဝေးတွင် လျှပ်စစ်နှင့် စွမ်းအင်
ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာ ထွန်းနိုင်က ပြောကြား
ထားသည်။

(ဇော်မင်းထွန်း)

credit - The Voice The & Ladies News

“မှတ်ချက်”

အိမ်ခြံမြေ အကြောင်းအရာများနှင့် 
တိုက်ရိုက်မသက်ဆိုင်သော်လည်း သွယ်ဝိုက်ပတ်သက်မှု့
ရှိသည့် စီးပွါးရေးနှင့်ဆိုင်ရာ ဆောင်းပါး/သတင်းများ
ဖြစ်နေပါသဖြင့် မိတ်ဆွေများ လေ့လာနိုင်ရန် တင်ခဲ့ခြင်း
ဖြစ်ပါသည်။

“အိမ်ခြံမြေ လမ်းဆုံ”

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0

“သတိပြုကြ စေချင်”

“သတိပြုကြ စေချင်”

၁။. "ကြိုပွိုင့်စနစ်တချို့ အလိမ်ခံရတာနဲ့ လိမ်လည်သူတွေ
များနေ"

ကြိုပွိုင့်စနစ်နဲ့ ဝယ်ယူတာတွေမှာ အလိမ်ခံရတာတွေ
အခုနောက်ပိုင်းမှာ ပိုများနေတယ်လို့ သိရပါတယ်။

“အခုနောက်ပိုင်းမှာတော့ ရောင်းချတဲ့ ပုံစံတွေက ပေ ၄၀
ကျယ်တဲ့ ခြံမှာဆိုရင် ရင်ကွဲဆောက်တယ်၊ ပြီးရင် အိမ်ပိုင်ရှင်
က တစ်ခြမ်း၊ ကန်ထရိုက်တာတွေကတစ်ခြမ်းယူကြတာ၊
ခြံကျဉ်းတယ်ဆိုရင် အထပ်အလိုက်ယူကြတယ်၊ မဆောက်ရ
သေးဘူး၊ ဆောက်ဖို့လုပ်တုန်းကို ရောင်းကြတာ၊ နောက်ပိုင်း
ကျရင် ငွေမတတ်နိုင်လို့ လိမ်သွားတာတွေလဲရှိတယ်၊
တချို့တွေကျတော့ သက်သက်လိမ်ချင်လို့လုပ်တာတွေလဲ
ရှိတတ်တယ်”လို့ အိမ်ခြံမြေအကျိုး ဆောင်တစ်ဦးဖြစ်သူ
ကိုမင်းမင်းက ပြောပါတယ်။

အခုနောက်ပိုင်း တိုက်ခန်းတွေ၊ ကွန်ဒိုတွေကို ကြိုပွိုင့်စနစ်နဲ့
ရောင်းချလာတာတွေ၊အရစ်ကျစနစ်နဲ့ ရောင်းချလာတာတွေ
ခေတ်စားလာပါတယ်။ မြေပိုင်ရှင်တွေနဲ့ စာချုပ်တွေချုပ်ဆိုပြီး
တိုက်ခန်းတွေ မဆောက်လုပ်ခင်က ကြိုပြီး စရန်သတ်စနစ်
တွေနဲ့  ရောင်းချလာကြပါတယ်။ ရောင်းချတဲ့အခါ မှာလည်း 
စရန်ငွေကို ကြိုတောင်းပြီး အိမ်တွေ ဆောက်လုပ်ပြီးတဲ့
အချိန်ကျမှ တက်နေနိုင်တဲ့ပုံစံမျိုးတွေနဲ့ ရောင်းချလာတာ
ဖြစ်ပါတယ်။

"အခုနောက်ပိုင်းက အလိမ်ခံရရင်လဲ အမှုဖွင့်တယ်ဆိုတာ
နည်းတယ်၊ ဘာလို့လဲဆိုတော့ မြေပိုင်ရှင်တွေက ပိုက်ဆံရှိ
တဲ့သူနည်းတယ်၊ သူတို့မှာရှိနေတဲ့ မြေကွက်လေးမှာ
ဆောက်ကြတယ်၊ လိမ်လို့ထွက်ပြေးသွားကို တိုင်ရင် သူတို့
ထပ်ကုန်မှာကို အကုန်မခံနိုင် တာတွေကြောင့် မတိုင်တော့
ဘဲနဲ့ နှစ်ထပ်ပြီးလဲနှစ်ထပ်၊ သုံးထပ်ပြီးလဲ သုံးထပ်အဆင်
ပြေသလို နေနေကြတာ၊ အဲတော့ လိမ်တဲ့သူတွေကဒီနေရာ
ပြီးနောက်တစ်နေရာနောက်တစ်နေ့ထပ်ထပ်ပြီး လိမ်တာ
တွေက ပိုများလာတာပါ”လို့ ကိုမင်းမင်းက
ဆက်ပြောပါတယ်။

လိမ်လည်နေတဲ့သူတွေအများစုက ကန်ထရိုက်တာတွေ
ဖြစ်ပါတယ်။ ကန်ထရိုက်တာတွေက စရန်တွေယူပြီး
ဆောက်လုပ်နေဆဲ တိုက်ခန်းတွေကို ရောင်းချပြီး
ဆောက်လုပ်မှု မပြီးခင်မှာ ဆက်မဆောက်တော့ဘဲ
ထွက်ပြေး သွားကြတာဖြစ်ပါတယ်။

မြေပိုင်ရှင်တွေကလည်း သူတို့တွေရမယ့် တိုက်ခန်းတွေကို
ရောင်းချတာတွေရှိနေတာကြောင့် သည်လိုကန်ထရိုက်တာ
တွေ ထွက်ပြေးသွား မြေပိုင်ရှင်တွေမှာ အခက်အခဲတွေ
ကြုံ တွေ့ပြီး ဝယ်ယူသူတွေ ငှားရမ်းဖို့ ပြောထားသူတွေနဲ့ 
ပြဿနာတွေတက်နေရတာဖြစ်ပါတယ်။

လိမ်လည်သွားတဲ့ ကန်ထရိုက်တာတွေကို ထိရောက်တဲ့
အရေးယူမှုတွေ မလုပ်တာတွေကြောင့်လည်း အခုထိ
လိမ်လည်တာတွေ များပြားနေတာဖြစ်တယ်လို့
သိရပါတယ်။

(လိမ္မာ)

***

၂။ "လူမှုကွန်ရက်မှ ထိုးဖောက်လာသော အတိုးနှုန်း အဆ
မတန်ယူသည့် တရားမ၀င်ငွေချေးလုပ်ငန်းများကို သတိပြု"

လူမှုကွန်ရက်စာမျက်နှာများပေါ်တွင်ကြေညာ၍ ငွေချေးလုပ်ငန်း
လုပ်ကိုင်နေသူအများစုမှာ ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်
နေခြင်းမဟုတ်ဘဲ လိုင်စင်မဲ့တရားမ၀င်လုပ်ဆောင်နေသူများ
ဖြစ်ပြီး ၎င်းတို့ယူနေကြသော အတိုးနှုန်းမှာလည်း အဆမတန်
မြင့်မားလွန်းသည့်အတွက် သတိပြုရမည့်ကိစ္စတခု
ဖြစ်လေသည်။

အစိုးရမှ တရားဝင်ထုတ်ပြန်ထားသည့်ဥပဒေအရ အသေးစား
ငွေချေးလုပ်ငန်းများအတွက် တလလျှင် ၂ ကျပ်ခွဲနှုန်းသာ အတိုး
ယူဆောင်ခွင့်ရှိသော်လည်း လူမှုကွန်ရက်ပေါ်တွင် တရားမ၀င်
လုပ်ကိုင်နေသူများမှာ ၃၀ ကျပ်နှုန်းအထိ ယူဆောင်နေကြ
သဖြင့် အတိုးနှုန်း ၁၂ ဆ ပိုမိုပေး ဆောင်နေရသော
ပမာဏဖြစ်သည်။

အဆိုပါငွေကြေးလုပ်ငန်းများမှ ငွေချေးလိုလျှင် ၎င်းတို့ဖေ့စ်ဘွတ်
ပေ့ခ်ျများတွင် တင်ထားသောလင့်ခ်သို့ဝင်၍ ငွေချေးလိုသူ၏
ကိုယ်ရေးအချက်အလက်များကို ထည့်သွင်းပေးရမည်ဖြစ်ပြီး
၎င်းတို့က ငွေချေးလိုသူထံ ဖုန်းပြန်ခေါ်၍ သက်ဆိုင်ရာ
ဘဏ်မှတဆင့် ငွေလွှဲပေးသွားမည်ဟု ဆိုသည်။

ပထမဆုံးအကြိမ်တွင် ငွေကျပ်ငါးသောင်းအထိ ချေးယူနိုင်
မည်ဖြစ်ပြီး နောက်ပိုင်းတွင် ငွေချေးသူ၏လစဉ်ရရှိ သော
ဝင်ငွေနှုန်းထားအရ တိုးမြှင့်ချေးယူသွားနိုင်မည်ဖြစ်ကြောင်း
အဆိုပါ ငွေချေး လုပ်ငန်းများမှ သိရသည်။

ငွေကျပ်ငါးသောင်းအတွက် တရက်လျှင် ၀န်ဆောင်ခ
(၎င်းတို့၏အသုံးအနှုန်းအရ) ၅၀၀ ကျပ်ပေးဆောင်ရမည်ဖြစ်ပြီး
အနည်းဆုံး ခုနစ်ရက်မှ အများဆုံး ရက် ၃၀ အတွင်း ပြန်လည်
ပေးချေရမည်ဖြစ်သည့်အတွက် ရက် ၃၀ လျှင် ၀န်ဆောင်ခ
(အတိုး) တသောင်းခွဲအထိ ကျသင့်သွားမည်ဖြစ်သည်။

''အခုလို တရားမ၀င်လုပ်တာတွေကို အားမပေးဘူး။
ဒီလိုလုပ်ငန်းတွေက အထောက်အကူထက် ဒုက္ခပေးတာက
ပိုများတယ်။ ဒီလိုလုပ်နေတာတွေကို အရေးယူသင့်တယ်''ဟု
စီးပွားရေးပညာရှင် ဒေါက်တာခင်မောင်ညို(ဘောဂဗေဒ) က
ပြောသည်။

လူမှုကွန်ရက်ပေါ်တွင် လုပ်ဆောင်နေသည့် ငွေချေးလုပ်ငန်း
များမှ Micro Money အမည်ရှိ လုပ်ငန်းတခုသို့ ဆက်သွယ်၍
တရားဝင်လိုင်စင်ရယူထားမှုရှိမရှိ မေးမြန်းခဲ့ရာ တိကျသေချာ
သောအဖြေမရရှိခဲ့ပေ။

''ကျွန်မတို့က စင်ကာပူအခြေစိုက်ပါ။ ရုံးချုပ်က အဲဒီမှာရှိတယ်။
ဒီကရုံးခွဲဖွင့်ထားတာ။ လိုင်စင်တွေဘာတွေကျတော့ ရုံးပိုင်း
ဆိုင်ရာဖြစ်သွားပြီ။ ကျွန်မတို့က ၀န်ဆောင်မှုအပိုင်းကဆိုတော့
ပြောပြလို့အဆင်မပြေဘူး''ဟု အဆိုပါငွေချေးလုပ်ငန်းမှ
တာဝန်ကျဝန်ထမ်းက ပြန်လည်ပြောကြားခဲ့သည်။

တရားမ၀င်ငွေချေးလုပ်ငန်း ပြုလုပ်နေသူများကို ၂၀၁၁ ခုနှစ်
အသေးစား ငွေရေးကြေးရေးလုပ်ငန်း ဥပဒေပုဒ်မ ၅၇ အရ
ငါးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ် စေ၊ ငွေဒဏ်ဖြစ်စေ၊
ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

ငွေချေးယူလိုသူများအနေဖြင့်လည်း မိမိတို့ ဆက်သွယ်
လုပ်ဆောင်မည့် လုပ်ငန်းများအား သေချာစိစစ်ရွေးချယ်၍
အတိုးပေါ်အတိုးဆင့်၍ အတိုးနွံအတွင်းမနစ်ကြစေရန်
သတိပြုကြရတော့မည်ဖြစ်သည်။

(နောင်နောင်)

***

၃။ "အတိုးများစွာပေးပြီး ငွေစုသောလုပ်ငန်းများမှာ လိမ်နေ
ကြခြင်း ဖြစ်ကြောင်း ဗဟိုဘဏ်တာဝန်ရှိသူပြော"

အတိုးနှုန်းများစွာပေးမည်ဆိုပြီး ငွေစုသောလုပ်ငန်းများသည်
ဗဟိုဘဏ်က ခွင့်ပြုထားသည့် လုပ်ငန်း မဟုတ်ဘဲ လိမ်လည်
နေကြခြင်းသာ ဖြစ်ကြောင်း ဗဟိုဘဏ်ညွှန်ကြားရေးမှူးချုပ်
တစ်ဦးက ပြောသည်။

ထိုကဲ့သို့ လိမ်ညာနေမှု အများအပြားရှိနေပြီး ဗဟိုဘဏ်
အနေဖြင့် ဥပဒေဘောင်ထက်ကျော် လွန်၍ ထိုလုပ်ငန်းမျိုးကို
ခွင့်ပြု ထားခြင်းမရှိကြောင်း ၎င်းကပြော သည်။

SCL အမည်ရှိ ကုမ္ပဏီတစ်ခုက ကုမ္ပဏီသို့ ၁၈၇,၅၀၀ ကျပ်
ပေးသွင်းလျှင် လေးလကြာသော အခါ အတိုးနှုန်း ၂၀ ရာခိုင်နှုန်း
ကျော်ဖြစ်သော ကျပ် ၃၃၇,၀၀၀ ကျော် ရမည်ဆိုကာ နယ်ဒေသ
များတွင် စည်းရုံးနေမှုနှင့်ပတ်သက်၍ 7Day Daily သတင်းစာ
က မေးမြန်းရာ၌ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

SCL ကုမ္ပဏီသည် နယ်မြို့များရှိ ဝေးလံခေါင်ဖျားသည့်ကျေးရွာ
များတွင် ရင်းနှီးမြှုပ်နှံမှုများနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန 
၏ ကုမ္ပဏီ ခွင့်ပြုချက်လိုင်စင်ဖြင့် အဖွဲ့ဝင်များကို လိုက်လံစည်းရုံး
နေသည်ဟု ပဲခူးနှင့်ဧရာဝတီတိုင်း မှ ဒေသခံအချို့ကပြောသည်။

ထို့ ကြောင့် တာဝန်ရှိသူများသို့ မေး မြန်းရာ အဆိုပါလုပ်ငန်းများ
သည် ကုမ္ပဏီမှတ်ပုံတင်လက်မှတ်တစ်ခုတည်းဖြင့် လုပ်ကိုင်ခွင့်
မရှိ ကြောင်း ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး
ဒေါ်နီလာမူကလည်းပြောကြားသည်။

‘‘အန်တီတို့ဌာနက ကုမ္ပဏီ မှတ်ပုံတင်ပဲ ပေးတာ။ လုပ်ငန်း
လုပ်လို့ရအောင် လိုင်စင်လျှောက်ရမယ်။ သူတို့ ပုံစံက
အသေးစားငွေရေးကြေး ရေးလုပ်ငန်းလိုင်စင် လျှောက်ရမယ်။
ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်ရှိမှ လုပ်လို့ရမယ်။ ဒီအတိုင်းလုပ်လို့
မရဘူး’’ဟု ၎င်းကပြောသည်။

SCL (Saxon Capital Group- SCL Club Myanmar)
ကုမ္ပဏီသည် နယ်မြို့များတွင်  လုပ်ငန်းလုပ်ကိုင်စရာမလိုအပ်
ဘဲ ငွေကြေးအပ်နှံရုံဖြင့် အတိုး များများရသည်ဟုဆိုကာ
လူစု ဆောင်းနေခြင်းဖြစ်သည်။

ကုမ္ပဏီ၏ စနစ်မှာ တစ်ယူနစ်လျှင် ၁၈၇,၅၀၀ ကျပ်ပေးသွင်း
ရမည်ဖြစ်ပြီး တစ်ရက်လျှင် ကျပ် ၂,၈၀၀ကျော် ပြန်လည်
ရရှိမည်ဖြစ်သည်ဟုဆို သည်။

အပတ်စဉ် အတိုးအရင်းပေါင်း ထုတ်ယူနိုင်သလို တစ်လချင်း
လည်း ထုတ်ယူနိုင်သည်။ သက်တမ်းအားဖြင့် လေးလ
(၁၂၀ ရက်)ရှိပြီး လေးလအတွင်း ၃၃၇,၀၀၀ ကျော် ပြန်လည်
ရရှိသည်ဟု ၎င်းကုမ္ပဏီ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင်
ဖော်ပြ ထားသည်။

ထို့အပြင် အဆိုပါလုပ်ငန်းသည် ငွေကြေးရင်းနှီးမြှုပ်နှံခြင်း
စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီး ငွေကစားသည့် စီးပွားရေး
လုပ်ငန်းကြီးတစ်ခုဖြစ်သည်ဟု ဖော်ပြ ထားသည်။

‘‘ကျွန်တော်က အစုရှယ်ယာ တစ်ခုဝင်ထားတယ်။
အပတ်စဉ် အကျိုးအမြတ်ရမယ်။ အခုဆိုရင်းနှီးထားတဲ့
တစ်သိန်းကျော်ကတစ်လသာသာပဲရှိသေးတယ်။အကျိုး
အမြတ်ရတာနဲ့တင် ကျေသွားပါ ပြီ’’ဟု ပြည်ခရိုင်ဘက်တွင်
အစုရှယ်ယာဝင်ထားသည့်ကိုလတ်က ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မော်လမြိုင်တွင် လူသစ်
စုဆောင်းပေးသော အမျိုးသမီးက ကုမ္ပဏီအနေဖြင့် မည်သည့်
အာမခံချက်များ မပေးကြောင်း နှင့် မိမိတို့စတင်လုပ်ဆောင်
စဉ် ကာလမှ ယခုအချိန်အထိ သတ်မှတ်နှုန်းထားများရနေ၍
အခြားသူများကို ပြန်လည်စုဆောင်းပေးခြင်းဖြစ်သည်ဟု
ဆိုသည်။

ဧရာဝတီတိုင်း ကျုံပျော်မြို့ နယ်တွင် အဆိုပါကုမ္ပဏီ
ကိုယ်စားလှယ်များက ကမ္ဘာ့ဘဏ်နှင့် ချိတ်ဆက်လုပ်ကိုင်သည်
ဆိုကာ တောင်သူလယ်သမားများကိုလာ ရောက်စည်းရုံး
နေကြောင်း တက္က သိုလ်ကျောင်းဆရာ ဦးဝင်းဇော် က
ပြောသည်။

ရွာသားများသည် နွား၊ လှည်းများရောင်းချပြီး ရင်းနှီးလုပ်ကိုင်ရန်
စီစဉ်နေကြောင်း ၎င်းကဆက်လက်ပြောကြားသည်။ အဆိုပါ
လုပ်ငန်းသည် လုပ်ငန်းသဘောအရမဖြစ်နိုင်သလို ကမ္ဘာ့ဘဏ်
က တိုက်ရိုက်ချိတ်ဆက် ဆောင်ရွက်ခြင်းမှာ ပိုမိုမဖြစ်နိုင်၍ 
လိမ်ညာသည့် လုပ်ငန်းတစ်ခုဖြစ် နိုင်ကြောင်း
၎င်းကပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းမှလွဲ၍ အတိုးနှုန်းပေးပြီး
ဝန်ဆောင်မှုပေးသော ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကို
လုပ်ကိုင်ခွင့်မပေးထားကြောင်းနှင့် ကုမ္ပဏီတစ်ခုက
အမြတ်အစွန်းရ၍ ပေးသည်ရှိသော် အခွန်ဆောင်ထားရမည်ဟု
NLD စီးပွားရေးအကြံပေး ဦးရဲမင်းဦးကပြောသည်။

အဆိုပါ ကိစ္စရပ်များအတွက်ဗဟိုဘဏ်က သီးသန့်ကိုင်တွယ်
ရမည်ဖြစ်ပြီး စုံစမ်းစစ်ဆေးရန် ဗဟိုဘဏ်တွင် ဌာနသီးသန့်
တစ်ခုရှိနေသည်။ ယခု ကိစ္စရပ်များကို ထိုဌာနကစုံစမ်းပြီး
နောက် အရေးယူရန် အစိုးရကိုတိုက်တွန်းရမည်ဟု
၎င်းကဆိုသည်။

အလားတူ ၂၀၀၂ နှင့် ၂၀၀၃ တို့တွင် အတိုးအများအပြား
ပေးမည်ဟု ကုမ္ပဏီများကဆိုကာ လူထုထံမှ ငွေယူခဲ့ပြီး
နောက်ဆုံး မပေးနိုင်၍ ငွေကြေးအကျပ်အတည်း
မြန်မာနိုင်ငံတွင်ဖြစ်ခဲ့ဖူးသည်ဟု ဦးရဲမင်းဦးကဆိုသည်။

(ထွန်းထွန်းမင်း)

credit - Kumudra Journal / NewsWatchJournal
& 7day Daily

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0