Sunday, March 19, 2017

“ထုတ်ပြန်တော့မည့် ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေနှင့် Bloomberg Invest Myanmar မှ စီးပွားရေး သုံးသပ်ချက်များ”

“ထုတ်ပြန်တော့မည့် ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေနှင့်
Bloomberg Invest Myanmar မှ စီးပွားရေး သုံးသပ်ချက်များ”


၁။ "မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေကို မတ်လကုန်တွင်
ထုတ်ပြန်နိုင်ရန် စီစဉ်နေဟုဆို"

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု နည်းဥပဒေကြမ်းကို မတ်လ ၈ ရက်
တွင် ရှေ့နေချုပ်ရုံးသို့ တင်ပြထားပြီး အစိုးရအဖွဲ့သဘောတူညီမှု
ဖြင့် မတ်လကုန်၌ ထုတ်ပြန်နိုင်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန
ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က
ပြောကြားသည်။

‘‘မြန်မြန်ထွက်နိုင်အောင် လုပ်နေပါတယ်။ နည်းဥပဒေကို
အားလုံးစောင့်မျှော်နေတာသိပါတယ်’’ဟု
ဦးသန်းအောင်ကျော် က ပြောသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေကြမ်းကို အခန်းပေါင်း
၃၃ ခန်းဖြင့် ရေးဆွဲထားပြီး အများ ပြည်သူထံမှ အကြံပြုချက်များ
လည်း တောင်းခံခဲ့ကြောင်း ၎င်းက ဆိုသည်။

ယခင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် မြန်မာနိုင်ငံသားရင်းနှီး
မြှုပ်နှံမှုဥပဒေကို ပူးပေါင်းထားသည့် မြန်မာနိုင်ငံသားရင်းနှီး
မြှုပ်နှံမှုဥပဒေကို ၂၀၁၆ အောက်တို ဘာတွင် ပြဋ္ဌာန်းခဲ့သည်။

ဥပဒေ ပြဋ္ဌာန်းပြီးနောက် ပြည်တွင်း၊ ပြည်ပ စီးပွားရေးသမား
များက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် စိတ်ဝင်စားမှု
မြင့်တက်လာသော်လည်း နည်း ဥပဒေ မထွက်သေးခြင်း
ကြောင့် စောင့်ကြည့်နေသည့် အဆင့်၌ရှိနေကြောင်း
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ
အသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက
ပြောသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေတွင် ၀င်ငွေခွန်
ကင်းလွတ်ခွင့်၊ အကျိုးခံစားခွင့်များအပါအ၀င် အခြားသော
အခွန်ကင်းလွတ်ခွင့်များ အသေးစိတ်ပါရှိခြင်း၊ ရင်းနှီးမြှုပ်နှံသူ
များအတွက် တိကျသော မူဝါဒလမ်းညွှန်မှုများ ပါရှိခြင်း
တို့ကြောင့် ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များက
စောင့်မျှော်နေသည်။

(ပြည်သိမ်း)

***

၂။ "လက်ရှိမှာ မြန်မာ့ စီးပွားရေးအခြေအနေ အားရစရာ
မရှိပေမယ့် ရေရှည်မှာ ကောင်းလာနိုင်"

လက်ရှိမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေက အားရစရာ
မရှိပေမယ့် ရေရှည်မှာ ကောင်းလာနိုင်တယ်လို့  ပြည်တွင်းမှာ
လူသိများထင်ရှားတဲ့  စီးပွားရေးသမားတွေက သုံးသပ်ပါတယ်။

ပြည်ပက စီးပွားရေးပညာရှင်တွေနဲ့ ပြည်တွင်းက စီးပွားရေး
သမားတွေ တွေ့ဆုံတဲ့ Bloomberg Invest Myanmar
ဆွေးနွေးပွဲကို စီဒိုနားဟိုတယ်မှာ ကျင်းပရာမှာ  မြန်မာနိုင်ငံရဲ့
လက်ရှိ စီးပွားရေး အခြေအနေကို  တက်ရောက်လာတဲ့
ပြည်တွင်းက နာမည်ကြီး စီးပွားရေးသမားတွေက ခုလို
သုံးသပ်ခဲ့ကြတာပါ။

Max Myanmar ကုမ္ပဏီက ဦးဇော်ဇော်က
“လိုအပ်ချက်တွေ ရှိသလို ကောင်းတာတွေလည်း အများကြီး
ရှိတယ်ပေါ့နော်။ ဒါကတော့ အပြောင်းအလဲတိုင်းမှာ အခက်
အခဲဆိုတာတော့ ရှိတတ်တယ်။
ကျနော့်အနေနဲ့ကတော့ စီးပွားရေးနဲ့ပတ်သက်လို့ ရန်ကုန်၊
တခြားနေရာတွေမှာရော လူတွေတော်တော်များများက အဆင်
မပြေဘူးလို့ စိတ်ထဲမှာရှိနေကြတာ ရှိသလို ရေရှည်မှာ
ကောင်းလာနိုင်မယ့်ဟာမျိုးတွေလည်း ကျနော်တို့ မြင်နေရတာ
ရှိတယ်။
ကျနော်တို့ပြည်သူတွေ လိုချင်တဲ့ လမ်းကြောင်းအပေါ် သွားနေ
တာဖြစ်တဲ့အတွက် ကျနော့်အနေနဲ့ကတော့ ရေရှည်မှာ
ပိုပြီးတော့ကောင်းလာနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့
ပြောပါတယ်။

ပြည်တွင်းက စီးပွားရေးလုပ်ငန်းတွေကို လွတ်လွတ်လပ်လပ်
လုပ်ကိုင်ခွင့်ပြုပေးမှသာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှာ
ဖြစ်သလို  ပြည်ပရင်းနှီး မြှုပ်နှံမှုတွေပါ  ဝင်ရောက်လာမယ်လို့
သုံးသပ်တာတွေလည်း ရှိနေပါတယ်။

Loi Hein ကုမ္ပဏီအုပ်စုရဲ့ ဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းက
“လက်ရှိမြန်မာနိုင်ငံ စီးပွားရေးအခြေအနေအရ အရင်တုန်းက
ရလာတဲ့ အရှိန်အဟုန်နဲ့ပဲ သွားနေပါတယ်။ ဒါပေမယ့်
တအုံနွေးနွေးနဲ့တော့ ဆရာတို့ ခံစားမိတယ်လို့ မြင်တယ်။
ရေတိုအားဖြင့်တော့ မှန်ကောင်း မှန်နိုင်ပါတယ်။ ဒါပေမယ့်
ရေရှည်မှာ ကောင်းသွားမှာပါ” လို့ပြောပါတယ်။

Jardines ကုမ္ပဏီ(မြန်မာ)ရဲ့ ဥက္ကဋ္ဌ ပီတာဘေရွန်က
“ဆွေးနွေးပွဲ အကြောင်းအရာကတော့ Liberalization လို့
ခေါ်တယ်။
Liberalization ဆိုတာ အကုန်လုံးကို လွတ်လွတ်လပ်လပ်
ခွင့်ပြုဖို့ပေါ့နော်။
ဘဏ္ဍာရေးကဏ္ဍ၊ ငွေကြေးကဏ္ဍတွေ နောက်ပြီးတော့
Industry နဲ့ပတ်သက်တဲ့ ကဏ္ဍတွေ၊ စီးပွားရေးကဏ္ဍတွေ
တော်တော်များများကို Liberalize  လုပ်ရမယ်။
Liberalization က အရေးပါတယ်ဆိုတဲ့အကြောင်း၊
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်
အရမ်းအရေးကြီးပါတယ်။ အဲဒီလိုမျိုး Liberalize လုပ်တော့မှ
နိုင်ငံတကာက လုပ်ငန်းရှင်တွေ၊ စီးပွားရေးသမားတွေ ဝင်လာ
ပြီးတော့ လွတ်လွတ်လပ်လပ် လုပ်နိုင်မယ်ပေါ့နော်” လို့
ပြောပါတယ်။

Bloomberg Invest Myanmar ပွဲက ဆွေးနွေးမှုတွေကို
တကမ္ဘာလုံး ကြည့်ရှုနိုင်အောင် သူတို့လိုင်းကနေ တိုက်ရိုက်
ထုတ်လွှင့်ပြသခဲ့ပါတယ်။

ပြည်တွင်းက စီးပွားရေးလုပ်ငန်းတွေ နှောင့်နှေးတာဟာ 
- စီးပွားရေး လုပ်ကိုင်လိုသူတွေ အရင်းအနှီး ရရှိဖို့ ခက်ခဲတာ
တွေ၊
- မြေယာပြသနာတွေ၊
- ကျွမ်းကျင်လုပ်သား ရှားပါးတာတွေနဲ့
- အခြေခံအဆောက်အအုံ အားနည်းတဲ့ ပြဿနာတွေကြောင့်
အခုလို စီးပွားရေးဖွံ့ဖြိုးမှု နှောင့်နှေးနေရတယ်လို့  ပြည်ပက
စီးပွားရေးပညာရှင်တွေက ပြောပါတယ်။

***

၃။ "အစိုးရအနေဖြင့် ငြိမ်းချမ်းရေး ဖော်ဆောင်နေမှုနှင့်အတူ
စီးပွားရေးကိုပါ တစ်ပြိုင်တည်း လုပ်ဆောင်ပေးရန်
ဒေါက်တာစိုင်းဆမ်ထွန်း Bloomberg Invest Myanmar
ပွဲတွင် အကြံပြုပြောကြား"

အစိုးရအနေဖြင့် ငြိမ်းချမ်းရေး ဖော်ဆောင်နေမှုနှင့်အတူ
စီးပွားရေးကိုပါ တစ်ပြိုင်တည်း လုပ်ဆောင်ပေးရန်
မတ် ၉ ရက်က ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်သည့်
Bloomberg Invest Myanmar ပွဲတွင် Loi Hein ကုမ္ပဏီ
အုပ်စုမှဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းက မီဒီယာများ၏
မေးမြန်းမှုအား ပြန်လည်ဖြေကြားရာတွင် ထည့်သွင်း
ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အားလုံးမဲပေးပြီးတော့ တက်လာတဲ့ အစိုးရဖြစ်တယ်။
သူ့အလိုလို ပေါ်လာတဲ့ အစိုးရ မဟုတ်ဘူး။ ကျွန်တော်တို့
မျှော်လင့်သလို မဖြစ်လာသေးဘူးလို့ ကျွန်တော်
သုံးသပ်ချင်တယ်။ အဘက်ဘက်ကပါ။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
အနေနဲ့လည်း နိုင်ငံငြိမ်းချမ်းရေးသည်သာ ပထမ၊
နိုင်ငံငြိမ်းချမ်းရေးသည်သာ ဒုတိယ ဒီဟာကိုတော့ ဦးစားပေး
ဖော်ဆောင်ပါတယ်။ မျှော်လင့်ထားသလို ဖြစ်မလာသေးဘူး
လို့ ထင်တယ်။ ဘယ်လိုအစိတ်အပိုင်း ဘယ်လို လိုအပ်တယ်
ဆိုတာတော့ ဒီအမွေဆိုးကို ဘယ်လိုမှ အကြံမပေးတတ်ဘူး။
ဒီဟာကို ဖြေရှင်းဖို့ သင့်တယ်လို့ပဲ ခံယူထားတယ်။
တိုင်းပြည်မှာ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ရင် စီးပွားရေးလုပ်လို့
ကောင်းတယ်။ ပျော်ပျော်ရွှင်ရွှင် နေလို့ရတယ်။ လက်ရှိအစိုးရ
က ငြိမ်းချမ်းရေးကိုပဲ ဦးစားပေးနေပြီး စီးပွားရေးကို လျစ်လျူ
ရှုထား မေ့ထားရင် ပိုဒုက္ခရောက်မယ်။ ဒါကို တစ်ပြိုင်တည်း
သွားစေချင်တယ်။ တစ်ဖက်က ငြိမ်းချမ်းရေးကို ဖော်ဆောင်
နေတဲ့အချိန်၊ ငြိမ်းချမ်းရေးဆိုတာ ဒီနေ့လုပ် ဒီနေ့ပြီးတာ
မဟုတ်ဘူး။ ငါးနှစ်၊ ၁၀ နှစ် ကြာတယ်။ တိုင်းသူပြည်သားက
စားရမယ်၊ လုပ်ရမယ်၊ သွားရမယ်။ စားဝတ်နေရေး အကုန်လုံး
က စီးပွားရေးနဲ့ ပတ်သက်တယ်။ ဒါကြောင့်မို့ တစ်ပြိုင်တည်း
လုပ်ပေးပါလို့ အာဏာပြုနိုင်မယ့်အဖွဲ့အစည်းကို အကြံပေးချင်
တယ်” ဟု ဒေါက်တာစိုင်းဆမ်ထွန်းက ပြောကြားသည်။

ထို့ပြင် အစိုးရမှ ချမှတ်ထားသည့် စီးပွားရေးမူဝါဒ ၁၂ ချက်
အား ကန့်ကွက်စရာ မရှိကြောင်း၊ စီးပွားရေးနှင့် ပတ်သက်ပြီး
မည့်သည့် တိုင်းပြည်၏ Model ကို အသုံးပြုမည့် ကိစ္စရပ်များ
အား စီးပွားရေး အဖွဲ့အစည်းများက ပြောကြားသင့်ကြောင်း
၎င်းကဆိုသည်။

“စီးပွားရေးမူဝါဒ ၁၂ ချက်ပေါ်မှာလည်း သိပ်ပြီးထူးထူးထွေထွေ
လို့ မမြင်ဘူး။ ကန့်ကွက်စရာ အကြောင်းလည်း မရှိဘူး။
ဒါသည်လျှင် အဓိက မဟုတ်ဘူး။ ကုမ္ပဏီတစ်ခုမှာသော်
လည်းကောင်း၊ မိသားစု တစ်ခုမှာသော် လည်းကောင်း၊
တိုင်းပြည်တစ်ခုမှာ သော်လည်းကောင်း၊ အိမ်နီးချင်းနိုင်ငံနဲ့
လိုက်လို့မီအောင် ဘယ်လိုမဟာဗျူဟာတွေ ရှိရမယ်။ ဘယ်လို
ပေါ်လစီရှိရမယ်။ ဘယ်တိုင်းပြည်ရဲ့ Model ကို ယူမှာလဲ။
ဒီတစ်ခုကိုတော့ တိုင်းပြည်မှာ စီးပွားရေးနဲ့ ဆက်နွှယ်နေတဲ့
စီးပွားရေး အဖွဲ့အစည်းတွေက ထွက်ပြောသင့်တယ်လို့
စီးပွားရေး အသိုင်းအ၀ိုင်းက ဒါလေးကြားချင်တာ ဘယ်လို
သွားမယ် ဆိုတာကို ကွက်ကွက်ကွင်းကွင်း ပီပီပြင်ပြင်
သိလိုတယ်။ မသေချာ မရေရာမှုကို ခံစားနေရတယ်” ဟု
ဒေါက်တာစိုင်းဆမ်ထွန်းက ပြောကြားသည်။

လက်ရှိတွင် နိုင်ငံခြားမှ ကုန်ကြမ်းများ တင်သွင်းနေမှုကြောင့်
အမြတ်အစွန်းပိုင်းတွင် နည်းပါးနေသော်လည်း Loi Hein
ကုမ္ပဏီအုပ်စု အနေဖြင့် လုပ်ငန်းများ ဆက်လက် တိုးချဲ့
နေကြောင်း ၎င်းက ပြောကြားသည်။

“ကျွန်တော်တို့ ကုမ္ပဏီလုပ်ငန်း အနေနဲ့က စဉ်ဆက်မပြတ်
တိုးတက်အောင် လုပ်နေပါတယ်။ ကုမ္ပဏီက ကြီးတာထက်
ကြီးလာတယ်။ ၀င်ငွေက တော်တော်များလာတယ်။ ဒါပေမဲ့
အကျိုးအမြတ်ပိုင်းမှာ မျှော်လင့်သလို မရဘူး။ စက်ရုံလုပ်ငန်း
တွေက ကုန်ကြမ်းတွေက နိုင်ငံခြားကလာတော့ ကုန်ကြမ်းတွေ
ကို နိုင်ငံခြားငွေနဲ့ ၀ယ်ရတဲ့အတွက် ပြည်တွင်းပစ္စည်းဈေးနှုန်း
ကို မြှင့်တင်လို့ မရတဲ့အတွက်ကြောင့် အမြတ်က ပါသွားတယ်။
ကိစ္စမရှိဘူး။ လုပ်ငန်းဆက်လက် တိုးတက်နေတယ်။ လုပ်ငန်း
ဆက်လက် တိုးချဲ့နေတယ်” ဟု ၎င်းက ပြောကြားသည်။

(ထက်ရှိုင်း၊ ဆန်းထူးအောင်)

credit - 7day Daily / DVB News & Eleven Media Group

“မှတ်ချက်”

အိမ်ခြံမြေ အကြောင်းအရာများနှင့်  တိုက်ရိုက်မသက်ဆိုင်
သော်လည်း သွယ်ဝိုက်ပတ်သက်မှု့ ရှိသည့် စီးပွါးရေးနှင့်ဆိုင်ရာ  
ဆောင်းပါး/သတင်းများ ဖြစ်နေပါသဖြင့် မိတ်ဆွေများ
လေ့လာနိုင်ရန် တင်ခဲ့ခြင်းဖြစ်ပါသည်။

“အိမ်ခြံမြေ လမ်းဆုံ”

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0

No comments:

Post a Comment