“မြေဝယ်ဈေးကစားတဲ့ ငွေကြယ်လေးများ ကြွေပြီလား”
မြန်မာနိုင်ငံမှာ အိမ်ရာမြေဈေးတွေ အေးစက်နေတဲ့အတွက်
ဆောက်လက်စ ‘ခန်းပေးခန်းယူ’ အိမ်ရာမြေကွက်ပိုင်ရှင်နဲ့
ကန်ထရိုက်တွေဟာ ယခင်လို တွက်ခြေမကိုက်ကြတော့
ပါဘူး။ အဲဒီအခြေအနေမှာ ‘ကြိုရောင်း ကြိုဝယ်’ဆိုတဲ့
အရောင်းအဝယ်ပုံစံက အိမ်ရာနဲ့ မြေကွက်အရောင်းအဝယ်
လောကကို စိုးမိုးလာတာ တွေ့မြင်ရပါတယ်။
ရောင်းသူအနေနဲ့ ကြိုက်ဈေးရမှ ရောင်းတာကို ‘ကြိုက်ရောင်း’
လို့ ပြောကြပါတယ်။ ဒါပေမဲ့ အဲဒီပုဂ္ဂိုလ်တွေဟာ ငွေကျပ်လို့
ရောင်းတဲ့အထဲမှာ မပါပါဘူး။ မြေကိုလှောင်ထားပြီး ကြိုက်
ဈေးရလို့ ထုတ်ရောင်းကြခြင်းသာ ဖြစ်ပါတယ်။ ကြိုက်ဈေး
ရနိုင်တာကိုလည်း ကြိုသိ၊ ကြိုတွက်ပြီး နေရာကောင်းမှာ
မြေကွက်တွေနဲ့ အိမ်ရာတွေကိုသာ ဝယ်ထား၊ လှောင်ထား
သူတွေ ဖြစ်ပါတယ်။
‘ကြိုက်ဝယ်’ဆိုတာကတော့ နေထိုင်သုံးစွဲလိုသူတွေအနေနှင့်
ရွေးချယ်စရာ အများကြီးရှိလာပြီး အေးအေးဆေးဆေး
အကြိုက်ကို ရွေးချယ်ဝယ်ယူနိုင်လာကြတာပဲ ဖြစ်ပါ တယ်။
* အမှန်တော့ ကြိုက်ဈေးရမှ ထုတ်ရောင်းကြတဲ့သူတွေဟာ
မြေလှောင်ပြီး ဈေးကစားသူများ (Land speculator) ပဲ
ဖြစ်ပါတယ်။ ဈေးကျရင်ဝယ်၊ ဈေးတက်ရင်ရောင်း၊ နေရာ
သိပ်ကောင်းပြီး အလားအလာရှိရင် ဆက်ပြီးဈေး ကိုင်ထား၊
ကြိုက်ဈေးရမှ ရောင်းဆိုတာ သူတို့ရဲ့ မူဝါဒပါပဲ။ *
မြို့ပြ မြေယာစီမံခန့်ခွဲမှု အင်အားမကောင်းတဲ့ နိုင်ငံတွေမှာ
မြေလှောင်ဈေးကစားမှု လုပ်ငန်းများဟာ ပိုမိုခရီးရောက်ပြီး
တွင်ကျယ်နေလေ့ရှိပါတယ်။ မြန်မာနိုင်ငံမှာ အဲဒီလုပ်ငန်းကို
အထောက်အကူ ပြုတဲ့ လုပ်ငန်းတစ်ခုက ‘မင်းပေး မြေ’ဆိုတဲ့
မြေချထားမှုစနစ် ရှင်သန်နေခြင်းဖြစ်ပါတယ်။
မြန်မာ ဘုရင်ခေတ် မြေပိုင်ဆိုင်မှုအမျိုး အစားတွေကို
ပုဂံဝန်ထောက်မင်း ဦးတင်ရဲ့ ‘မြန်မာမင်းများ အုပ်ချုပ်ပုံ’
စာတမ်းမှာ လေ့လာနိုင်ပါတယ်။ အဲဒီစာတမ်းမှာ ဖော်ပြထား
တဲ့ ‘ဘိုးဘပိုင်မြေ’ဆိုတဲ့မြေမှာ အမျိုးအစားသုံးမျိုး ပါဝင်တာ
တွေ့ရှိရပါတယ်။ (၁) ဓားမဦးချမြေ၊ (၂) မင်းပေးမြေနဲ့
(၃) ငွေဝယ်ငွေပေါင်မြေ ဆိုတာ ဖြစ်ပါတယ်။
- ဓားမဦးချမြေဆိုတာ မြေကွက်မြေရိုင်းကို ရှင်းလင်းခုတ်ထွင်
ပြီး ဘေးဘိုးစဉ်ဆက် ဓားမဦးချစိုက်ပျိုးလုပ်ကိုင်လာတဲ့
မြေမျိုးဖြစ်ပါတယ်။
- ‘မင်းပေးမြေ’ ဆိုတာက အမှုထမ်းတွေကို လစာရိက္ခာအစား
ပေးအပ်တာမျိုးမဟုတ်ဘဲ ဘုရင်ကိုယ်တိုင် ချီးမြှောက်ပြီး
သီးခြားလက်ရောက်ပေးအပ်တဲ့ မြေဖြစ်ပါတယ်။
- ငွေဝယ်ငွေပေါင် မြေဆိုတာ အထက်ပါဓားမဦးချ မြေ၊
မင်းပေးမြေတွေကို လက်ရှိ ဆက်ခံပိုင်ဆိုင်သူက ရောင်းချ
ပေါင်နှံတာကို ဝယ်ယူသူ၊ အပေါင်ခံသူများက သားစဉ်
မြေးဆက် ဆက်လက်ပိုင်ဆိုင်ခွင့်ရတဲ့ မြေအမျိုးအစား
ဖြစ်ပါတယ်။
အထက်ပါ ဘိုးဘွားပိုင်မြေသုံးမျိုးအနက် ‘မင်းပေးမြေ’ဆိုတာ
သီပေါမင်းပါတော်မူလို့ မြန်မာနိုင်ငံမှာ ပဒေသရာဇ်ခေတ်
ချုပ်ငြိမ်းသွားပြီး မရှိတော့ဘူးလို့ ထင်ရင်မှားပါလိမ့်မယ်။
ဘုရင်စနစ်မရှိပေမယ့် ခေတ်အဆက်ဆက် အုပ်ချုပ်တဲ့
အစိုးရတွေက လက်သင့်ရာချီးမြှောက်ပြီး မြေတွေသီးခြား
ချထားပေးတဲ့စနစ်က မျက်မှောက်ကာလ ဒီမိုကရေစီခေတ်
အထိ ရှင်သန်နေဆဲဖြစ်ပါတယ်။
ယခင်အစိုးရသက်တမ်းကုန်ခါနီး မန္တလေးမြို့မှာ ဧကထောင်
နဲ့ချီပြီး ‘အခြား နည်း’ခွင့်ပြုပေးတော်မူတာ၊ အိမ်ရာမြေကွက်
အတွက် စည်ပင်မြေဧက ၅၀၀ ကျော်ကို ချထားပေးတော်မူခဲ့
တာတွေဟာ ‘မင်းပေး မြေ’တွေပဲ ဖြစ်ပါတယ်။ ရန်ကုန်မှာ
လည်း အဲဒီနည်းအတိုင်း တိတ်တိတ်ဆိတ်ဆိတ်ပေးခဲ့တာ
တွေရှိတယ်လို့ ကြားရသိရပါတယ်။
ဒီနေရာမှာ အစိုးရရဲ့ အိမ်ရာမြေကွက် ဖော်ထုတ်ရေး စီမံကိန်း
အရဖြစ်စေ၊ အိမ်ပိုင်မရှိသေးတဲ့ ဝန်ထမ်းများအတွက်
လုပ်သက် နှင့် တာဝန်အရဖြစ်စေ ချထားပေးတဲ့ မြေတွေကို
မဆိုလိုပါဘူး။
ဆွေတော်မျိုးတော်နဲ့ လက်သင့်ရာကို ချထားပေးခြင်း၊
လာဘ်ပေးလာဘ်ယူမှုဖြင့် ချထားခြင်း စတဲ့ချီးမြှင့်မှု တွေကို
ဆိုလိုခြင်းဖြစ်ပါတယ်။
အဲဒီ ‘မင်းပေးမြေ’တွေရဲ့ ၉၀ ရာခိုင် နှုန်းခန့်ဟာ အိမ်ရာမြေ
ဝယ်လှောင် ပြီး ဈေးကစားသူတွေရဲ့ လက်တွင်းသက်ဆင်း
ကုန်တာပါပဲ။ ယခင်တပ်မတော်အစိုးရ လက်ထက်မှ ယနေ့
အထိ ရှင်သန်နေတဲ့ ‘မင်းပေးမြေ’တွေဟာ မြေဝယ်
ဈေးကစားမှုကို အဓိကကြီးထွားအောင် ပျိုးထောင်ပေးခဲ့တာ
အထင်အရှား တွေ့ရှိနိုင်ပါတယ်။
မြန်မာနိုင်ငံရဲ့ အိမ်ရာဖွံ့ဖြိုးမှုလုပ်ငန်းစဉ်တွေကိုကြည့်ရင်
လယ်မြေဧကတွေ ထောင်သောင်းချီပြီး အိမ်ရာကွက်တွေ
ဖော်ထုတ်ချထားပေးခဲ့တာ၊ မြို့သစ်တွေ တည်ဆောက်ပြီး
နေရာချထားပေးခဲ့တာတွေကို ခေတ်အဆက်ဆက် မှာ
တွေ့မြင်နိုင်ပါတယ်။
* အဲဒီလို အလုံးအရင်းနဲ့ ချထားပေးတဲ့ တဒင်္ဂအခိုက်အတန့်
ကာလအတွင်းမှာ အိမ်ရာမြေဝယ်လှောင်ပြီး ဈေးကစားမှုတွေ
လျော့နည်းငြိမ်သက်သွားတာ တွေ့ရပါတယ်။ *
၁၉၉၀ ပြည့်နှစ်ဝန်းကျင်မှာဆိုရင် အိမ်ရာမြေတွေ အလွန်
အမင်းတိုးချဲ့ဖြည့်ဆည်းမှု (Over Supply) ပင် ဖြစ်ခဲ့တာ
တွေ့နိုင်ပါတယ်။ မြို့သစ်ခုနစ်မြို့ စတုရန်းမိုင်ပေါင်း ၁၇၀ ခန့်
အထိ အကြီးအကျယ်တိုးချဲ့ခဲ့တာပါပဲ။ ဒါပေမဲ့ ‘သမင်မွေး ရင်း
ကျားစားရင်း’ဆိုသလို အိမ်ရာအမြောက်အမြားဟာ မြေဝယ်
လှောင်ပြီး ဈေးကစားသူတွေရဲ့ လက်ထဲကို အချိန်တိုအတွင်း
သက်ဆင်းကုန်တာ တွေ့ရပါတယ်။
* ယခု ရန်ကုန်မြို့မှာ မြို့သစ်ထပ်မံ တည်ဆောက်ဦးမယ်လို့
ပြောသံတွေကြားနေရပါတယ်။ လက်ရှိ မြေယာစီမံခန့်ခွဲမှု
စနစ်ကို လက်ကိုင်ပြုနေသမျှ မြို့သစ်တည်ဆောက်တဲ့ အခိုက်
အတန့်မှာသာ မြေဈေးအေးတာ၊ ဈေးငြိမ်တာကို တွေ့ရမှာ
ဖြစ်ပြီး နောင်ကျရင် ရှေးယခင်အစဉ်အလာတိုင်း မြို့သစ်
မြေတွေဟာလည်း မြေဝယ်လှောင်ပြီး ဈေးကစားမှု ကျားခံတွင်း
အတွင်း တစ်နည်းမဟုတ်တစ်နည်း ရောက်ရှိကုန်မှာ
သေချာပါတယ်။ ဒီနေရာမှာ မြေဈေးမတက်တာကြောင့်
မြေလှောင်ပြီး ဈေးကစားတာတွေ မရှိတော့ဘူးလို့ ပြောလို့
မရပါဘူး။ တစ်သောင်းမြတ်မြတ်၊ တစ်သိန်းမြတ်မြတ်
သူ့အတိုင်းအတာနဲ့သူ ရှင်သန်နေဦးမှာ ဖြစ်ပါတယ်။ *
နောက်ပြီး မြန်မာနိုင်ငံမှာ မြို့ပြမြေဈေးတွေ တစ်ဆင့်ပြီးတစ်ဆင့်
တက်နေတာ ၂၀၁၃ ခုနှစ်အထိပါပဲ။ လက်ရှိကာလ ဈေးအေး
သွားတဲ့ အချိန်မတိုင်မီ တောက်လျှောက်တက်ခဲ့တာ တွေ့မြင်
နိုင်ပါတယ်။ အဲဒီလိုမြို့ပြမြေဈေးတွေတက်လို့ ဝယ်ပြီးလှောင်
ကြတာ တွက်ခြေသိပ်မကိုက်ကြတဲ့အတွက် လယ်ယာမြေတွေ
ကို ဝယ်ပြီး လှောင်ကြပြန်တာ တွေ့ရပါ တယ်။
ရန်ကုန်-မန္တလေး စတဲ့မြို့ ကြီးတွေရဲ့ မြို့ပတ်ပတ်လည်က
လယ်ယာမြေတွေကို ၂၀၁၂ ခုနှစ် အလွန်ကာလမှစတင်ပြီး
အစုလိုက်အပြုံလိုက် ဝယ်ကုန်ပါတယ်။
ရန်ကုန်-မန္တလေး အမြန်လမ်းဘေးက မြေလွတ်တွေလည်း
‘မင်းပေးမင်းယူ’ စနစ်နဲ့ ကုန်သွားပါပြီ။ အစိုးရလက်ထဲမှာ
မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဆောင်ရွက်ဖို့ မြေလွတ်တွေ
မရှိတော့ပါဘူး။
မြို့ပြဆင်ခြေဖုံးနဲ့ ဆက်စပ်နေတဲ့ လယ်မြေတွေကို မြို့တိုးချဲ့ရန်
(သို့ မဟုတ်) မြို့သစ်တည်ရန် (သို့ မဟုတ်) စက်မှုဇုန်တည်
ဆောက်ရန် အသုံးချမယ့်နေ့ရက်ကို မလွဲမသွေရောက်ရှိ
လာမယ်။ အဲဒီအခါကျရင် လယ်မြေတွေနဲ့ မြေလွတ်တွေ
ဈေးတက်လာမယ်ဆိုတာကို ကြိုတင်မျှော်မှန်းပြီး ဝယ်ယူထား
ကြတာပါပဲ။
* ၂၀၁၂ ခုနှစ် လယ် ယာမြေဥပဒေကလည်း လယ်ယာ မြေ
ဝယ်လှောင်ပြီး ဈေးကစားမှု တွေကို သွယ်ဝိုက်တဲ့နည်းနဲ့
အား ပေးအားမြှောက်ပြုထားတာ တွေ့ရပါတယ်။ ဒါကြောင့်
မြေယာဈေးကစားမှုဟာ မြို့ပြင်ထွက်ပြီး မြို့စွန်ရှိ လယ်မြေ
တွေဝယ်ထားတဲ့ ‘လည်လည်ဝယ်ဝယ်’ဆိုတဲ့ ပုံစံသစ်တစ်ခု
မြန်မာပြည်မှာ ပေါ်ပေါက်လာတာ တွေ့ရှိရခြင်းဖြစ်ပါတယ်။ *
၁၉၅၃ ခုနှစ် လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေးအက်ဥပဒေ
မှာ ‘တောင်သူလယ်သမား’ဆိုတဲ့စကားရပ်ကို အဓိပ္ပာယ်ဖွင့်
ဆိုရာမှာ
(၁) လယ်ယာမြေကို မိမိ၏ အဓိကအသက်မွေးဝမ်းကျောင်း
အဖြစ်ဖြင့် မိမိလက်ဖြင့် လုပ်ကိုင်သူ (သို့တည်းမဟုတ်)
မိမိလက်ဖြင့် အစဉ်တစိုက်လုပ်ကိုင်ခဲ့သူ၊
(၂) ဆိုင်ရာနှစ်တွင် လယ်ယာမြေကို မိမိ အဓိက အသက်မွေး
ဝမ်းကျောင်းအဖြစ် ကိုယ်တိုင်ကြီးကြပ် လုပ်ကိုင်သူကို ဆိုသည်
လို့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။
၂၀၁၂လယ်ယာမြေဥပဒေအရတောင် သူလယ်သမား
အဓိပ္ပာယ်ဖွင့်ဆိုရာမှာ အထက်ပါနှစ်ချက်သာမက
‘မြေကိုအသုံးပြု၍ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းဆိုင်ရာ
လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူ’ဆိုတဲ့ အမျိုးအစားသစ်
ပါဝင် လာတာတွေ့ရပါတယ်။
‘ပါဝင် ဆောင်ရွက်နေသူ’ဆိုတာ ‘အဓိကအသက်မွေးဝမ်းကျောင်း
အဖြစ် ကိုယ်တိုင်လုပ်ကိုင်သူ’နဲ့ အဓိပ္ပာယ်လုံးဝခြားနားပါတယ်။
ကိုယ်တိုင် လုပ်ကိုင်မှမဟုတ်ဘူး၊ တစ်နည်းနည်း ပါဝင်
ဆောင်ရွက်ရုံမျှနဲ့ လယ်သမားဖြစ်ပြီဆိုတဲ့ ကယ်ပေါက်ကို
ဖွင့်ပေးလိုက်ခြင်းဖြစ်တယ်လို့ ကောက်ယူနိုင်တာ
တွေ့ရှိရပါတယ်။
အဲဒီ ကယ်ပေါက်မှနေပြီး
လယ်မြေတွေ ဧကရာနဲ့ထောင်နဲ့ ချီပြီး ဝယ်ကြမယ်။ ပြီးတော့
ပုံစံ (၇)ယူထားမယ်။ ကိုယ်တိုင်လုပ်ဖို့ မလိုဘဲ သီးစား
ချပေးမယ်။ ဈေးရရင် လယ်တွေပြန်ရောင်းမယ်ဆိုတဲ့
လည်လည်ဝယ်ဝယ်တွေပါ လယ်သမားဖြစ်ကုန်တာပါပဲ။
ဒါကြောင့် အဲဒီဥပဒေဟာ လယ်ယာမြေတွေကို ဝယ်လှောင်ပြီး
ဈေးကစားမယ့်သူတွေကို လယ်သမားအမည်ခံပြီး ဆောင်ရွက်
ခွင့်ရရှိအောင် အားပေးထားတယ်လို့ ဆိုနိုင်ပါတယ်။
အစစ်အမှန်လယ်သမားမဟုတ်တဲ့ မြေရှင်ကြီးတွေပါ ပေါ်ထွန်း
စေတာလည်း ဖြစ်ပါတယ်။ အစိုးရက နိုင်ငံတော်အကျိုးအတွက်
စီမံကိန်းလုပ်ဖို့သိမ်းဆည်းခံရရင်လည်း ကာလပေါက်ဈေးနဲ့
လျော်ကြေးပေးရမယ်။ ကာလပေါက် ဈေးကလည်းတက်တက်
နေတာဖြစ်တော့ ဆက်ပြီး ကြီးပွားကြဦးမှာပေါ့။
နောက်ပြီး မြေလှောင်ပြီး ဈေးကစားတဲ့ လုပ်ရပ်တွေက
ငွေမည်းတွေစီးဝင်မှုကို အကြီးအကျယ် အားပေးလျက်ရှိကြောင်း
လည်း တွေ့ရှိနိုင်ပါတယ်။
အထူးသဖြင့် မြန်မာနိုင်ငံမှာ အိမ်ရာမြေဈေးကွက်အတွင်း
တရုတ်ဝယ်လက်တွေ ငွေမည်းကိုင်ပြီး ဝင်လာတိုင်း မြေဈေး
တက်လေ့ရှိတာ တွေ့မြင်နိုင်ပါတယ်။
လယ်မြေတွေဝယ်တဲ့အထဲမှာပင် တရုတ်ဝယ်လက်တွေ
ပါဝင်ကြောင်း ကြားသိရပါတယ်။ မြေအရာင်းအဝယ် အလွှဲ
အပြောင်းအပေါ် လက်ရှိအခွန်ကောက်ခံမှုစနစ်ကို ငွေမည်း
ပိုင်ရှင်တွေက ပန်းနဲ့ ပေါက်တယ်လို့ပဲ အောက်မေ့ကြပါတယ်။
လာဘ်ပေးလာဘ်ယူမှုက ရတဲ့ငွေတွေ၊ အခွန်ရှောင်ထားတဲ့
ငွေတွေ၊ တရားမဝင် ကုန်သွယ်မှုများက ရတဲ့ငွေတွေ၊ မူးယစ်
ဆေးဝါး ရောင်းဝယ်မှုက ရတဲ့ငွေတွေဟာ အိမ်ခြံမြေဈေးကွက်
ထဲ ဝင်ရောက်လာပြီး သတ်မှတ်တဲ့အခွန်ငွေကို ဆောင်လိုက်ရုံ
မျှနဲ့ တရားဝင် မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းပိုင်ဆိုင်မှုတွေ
ဖြစ်သွားပါတယ်။
ဒါ ကြောင့် မြေလှောင်ဈေးကစားမှု တွေကို မနှိမ်နင်းနိုင်သမျှ
ငွေမည်းများ စီးဝင်စေမယ့် ပင်မလမ်း ကြောင်းကြီးတစ်ရပ်ကို
တရားဝင် ဖွင့်ပေးထားသလိုပါပဲ။
ဆင်းရဲတဲ့တိုင်းပြည်မှာ အခွန်နှစ်ခါနာတဲ့ ဒုက္ခကိုပါ ကြုံတွေ့
ရပြီး ပိုမိုဆင်းရဲတွင်းနက်စေတာ ဖြစ်ပါတယ်။လက်ရှိ
အခွန်အကောက်ဥပဒေ အရ ငွေမည်းသိန်း ၁,၀၀၀ အတွက်
၃၀ ရာခိုင်နှုန်း လျှော်ဖွပ်ခပေးလိုက်ရင် ကျပ်သိန်း ၇၀၀ ဟာ
လျှော်ဖွပ်ပြီးသား ငွေဖြူဖြစ်သွားပြန်ပါတယ်။
အဆိုးရွားဆုံးက မြေလှောင်ဈေးကစားမှုရဲ့ ပထမဆုံး
လက်သည်တွေဟာ အစိုးရရဲ့ အခြေခံအဆောက်အအုံ
အပါအဝင် ဖွံ့ဖြိုး ရေးစီမံကိန်းတွေ စတင်ဆောင်ရွက်တော့
မယ်ဆိုတဲ့ သတင်းကို အရင်ဆုံးရရှိတဲ့ အစိုးရအသိုင်းအဝိုင်းမှ
တာဝန်ရှိပုဂ္ဂိုလ်များအပါအဝင် ၎င်းတို့နဲ့ နီးစပ်မှုရှိတဲ့ အသိုင်း
အဝိုင်းက ခရိုနီများပဲ ဖြစ်လေ့ရှိတာ တွေ့ရှိရပါတယ်။ အဲဒီ
ပုဂ္ဂိုလ်တွေဟာ အစိုးရစီမံကိန်းလုပ်တော့မယ်ဆိုတဲ့ သတင်း
ကိုရတာနဲ့ ကြိုတင်ပြီး မြေတွေဝယ်ထားလေ့ရှိပါတယ်။
ဥပမာ- ယခင်အစိုးရ လက်ထက်မှာ ရန်ကုန်မြို့သစ်စီမံကိန်း
စတင်မယ်ဆိုတဲ့သတင်းကို ပြည်သူတွေ တရားဝင်မသိရှိမီ
ကပင် ခရိုနီအချို့က လယ်မြေတွေကို အလုံးအရင်းနဲ့ ဝယ်ထား
တဲ့အကြောင်း ကြားသိခဲ့ပါတယ်။ ဒလမြစ်ကူးတံတားဆောက်
မယ်လို့ သတင်းသဲ့သဲ့ထွက်ရုံရှိသေး ဒလမှာ မြေတွေဆင်းဝယ်
လို့ မြေဈေးတွေ တက်ကုန်တာပဲ ကြုံခဲ့ရကြားခဲ့ရပါတယ်။
နိဂုံးချုပ်ရရင်
* မြန်မာနိုင်ငံမှာ မြေလှောင်ဈေးကစားမှု ရောဂါဟာ
မြို့ပြဒေသထဲမှာ တည်ရှိနေဆဲဖြစ်သလို မြို့နဲ့တစ်ဆက်တည်း
ရှိတဲ့ လယ်မြေတွေကိုပါ ကူးစက်ပျံ့နှံ့ကုန်ပြီဆိုတာ သိသာ
ထင်ရှားပါတယ်။ မြို့ပြဒေသမှာ မြေဈေး အေးစက်လို့ လယ်ယာ
မြေတွေဘက်ကို ကူးစက်ပျံ့နှံ့သွားတယ်လို့လည်း ဆိုနိုင်
ပါတယ်။ *
ရောဂါကာကွယ်ဖို့ နေနေသာသာ ‘မင်း ပေးမြေ’တွေ၊
‘မင်းပေးမင်းယူမြေ’ တွေ အခြားနည်းတွေနဲ့ ပိုပြီးရောဂါရင့်ဖိစီး
လာတာ တွေ့မြင်ရပါတယ်။
ဒါကြောင့်
‘မြေဝယ်ဈေးကစားတဲ့ ငွေကြယ်လေးများ ကြွေပြီလား’
လို့ ကဗျာဆန်ဆန်မေးရင်
‘သူ့အတိုင်းအတာနဲ့သူ လင်းလက်ဆဲပါခင်ဗျာ’လို့ ဖြေရမှာ
ဖြစ်ပါ တယ်။
မြန်မာနိုင်ငံမှာ မြေလှောင်ဈေးကစားတဲ့ ရောဂါထကြွမှုကို
နှိပ်ကွပ်နိုင်မှသာလျှင် စစ်မှန်တဲ့ အိမ်ရာမြေဈေးတည်ငြိမ်မှုကို
ရရှိမှာ ဖြစ်ပါတယ်။
မြေလှောင်ဈေးကစားမှု နှိပ်ကွပ်ခြင်းနဲ့ အိမ်ရာမြေဈေးတည်
ငြိမ်ရေး (Supressing Land Speculation and
Stablization of Land Price) အတွက် ဘယ်လိုဆောင်ရွက်
သင့်တယ်ဆိုတဲ့အကြောင်းကို နည်းလမ်းရှာဖွေပြီး ဆက်လက်
ဆွေးနွေးတင်ပြလိုပါသေးတယ်။
(မြင့်မိုရ်ဆွေ)
credit - 7day Daily
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0
No comments:
Post a Comment