“NLD စီးပွားရေး ကော်မတီ ဥက္ကဋ္ဌ ဦးဟံသာမြင့်နှင့် interview”
၁။ "NLD စီးပွားရေး ကော်မတီ ဥက္ကဋ္ဌ ဦးဟံသာမြင့်နှင့်
တွေ့ဆုံခြင်း"
Voice : NLD အစိုးရအနေနဲ့ တာဝန်ယူတဲ့အချိန် တစ်နှစ်နီးပါး
ကာလမှာ စီးပွားရေးနဲ့ပတ်သက်ပြီးတော့ နှေးကွေးတယ် ဆိုတဲ့
အသံတွေလည်း ထွက်လာတယ်။ နိုင်ငံတကာ စစ်တမ်းတွေမှာ
လည်း မြန်မာစီးပွားရေး နှေးကွေးတယ်ဆိုပြီး ထောက်ပြနေ
တာတွေ ရှိတယ်။ အဲဒီအပေါ် ဆရာ့အမြင် သိချင်ပါတယ်။
UHTM : နှေးကွေးတယ်ဆိုတာ မတိုးတက်တာတော့ မဟုတ်ဘူး။
လျော့သွားတာပေါ့နော်။ နိုင်ငံရဲ့ GDP က ရှစ်ရာခိုင်နှုန်းရှိမယ်လို့
အစက မှန်းထားကြတာပေါ့လေ။ ဒါကလည်း ကမ္ဘာ့ဘဏ်တို့၊
ADB တို့က ရှစ်ရာခိုင်နှုန်းကျော်ကျော်လောက် တက်လိမ့်မယ်လို့
မှန်းထားတယ်။
ဒါက ဘယ်ပေါ်မှာ အခြေခံလည်းဆိုတော့ အရင်အစိုးရ
လက်ထက်က လုပ်ခဲ့တဲ့ စီးပွားရေးအပေါ် ဒီအတိုင်း ဆက်လုပ်
သွားရင် ဒီလောက်နှုန်းဖြစ်မယ်ဆိုပြီး မှန်းထားတာ။
အန်ကယ်တို့ လက်ပြောင်း လက်လွှဲ ယူရတဲ့အခါမှာ ရှေ့ကဟာ
အတိုင်း ဆက်လုပ်သွားတာ မဟုတ်ဘူး။ စစချင်း ဘာလုပ်လဲ
ဆိုတော့ ပြည်သူ့အသံကို နားထောင်ပြီး လုပ်ရတာမျိုး ရှိတယ်။
ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ ရန်ကုန်တိုင်းအစိုးရက
အထပ်မြင့် ဆောက်တာတွေ ခဏ ရပ်လိုက်ပါဆိုပြီး လုပ်တယ်။
တချို့တွေမှာ မြေပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး ပြန်စစ်မယ်ဆိုတာ
တွေ ဖြစ်လာတယ်။
အဲဒီလို ဖြစ်လိုက်တဲ့အခါကျတော့ အရေးကြီးဆုံးက ရန်ကုန်မှာ
ဆောက်လုပ်ရေးလုပ်ငန်းက ရင်းနှီးမြှုပ်နှံမှု လုပ်ထားတာက
အများဆုံးပဲ။ အဲဒီဟာက ရုတ်တရက် ရပ်သွားတော့ အစိုးရ
တက်တက်ချင်း လအနည်းငယ်မှာပဲ စီးပွားရေးက တော်တော်
လေး နှေးသွားတယ်။
လွှတ်တော်ထဲမှာပါတဲ့သူတွေကလည်း ဘတ်ဂျက်နဲ့ပတ်သက်ရင်
စိစိစစ်စစ် လုပ်လိုက် ရတယ်။ အဲလိုလုပ်လိုက်တော့ အစိုးရ
အသုံးစရိတ်တွေဟာ နှိုင်းယှဉ်မယ်ဆိုလို့ရှိရင် လတ်တလော
ဘဏ္ဍာနှစ်ရဲ့ ပထမခြောက်လမှာ သုံးခဲ့တာက အရင်အစိုးရနဲ့
ယှဉ်ရင် လျော့သွားတာ တွေ့ရတယ်။ အစိုးရ အသုံးစရိတ်
လျော့ရင် ငွေကြေးလည်ပတ် စီးဆင်းမှုဖြစ်တဲ့ စီးပွားရေးလုပ်ငန်း
မှာလည်း အနည်းငယ်ထိခိုက်မှုတွေ ဖြစ်လာတာပေါ့။
နောက်တစ်ခုကတော့ စနစ်တစ်ခုကတစ်ခုလို့ ပြောင်းလို့ရှိရင်
အစိုးရ ယန္တရားကြီးတစ်ခုလုံးက ပြန်ပြောင်းရတာ ရှိတယ်။
မလုပ်ရဲတာ၊ မကိုင်တတ်တာ၊ မဆုံးဖြတ်ရဲတာ၊ ဘယ်သူ့ကို
သွားမေးရမလဲ မသိတာ၊ အဲဒါတွေ ဖြစ်လာတယ်။
အစိုးရရဲ့ လုပ်ငန်းတွေက အဲဒီမှာ နှေးကုန်တော့ သူနဲ့ ဆက်စပ်
နေတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ အကုန်လုံးကလည်း
ဘာဆက်လုပ်ရမှန်း မသိဘူး။ တချို့တွေက ဝင်ဖို့စောင့်နေကြတဲ့
အနေအထား ဖြစ်နေတယ်။ စီးပွားရေးက ခြုံကြည့်လိုက်မယ်
ဆိုရင် နှေးသွားတယ်လို့ မြင်ရတယ်။
တစ်ဖက်က ကြည့်မယ်ဆိုရင် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းတွေ
က ကိုယ့်ကိစ္စကိုယ်လုပ်နေတော့ ဒီလုပ်ငန်းတွေက မပြောင်းလဲ
သွားဘူး။ ပို့ကုန် လုပ်ငန်းတွေဆိုရင်လည်း မှန်းထားတာနဲ့
သိပ်မကွာတာ တွေ့ရတယ်။
Voice : အစိုးရသစ် စတက်တဲ့နှစ်မှာ မလုပ်ရဲ မကိုင်ရဲဖြစ်နေလို့
စီးပွားရေးက နှေးနေတာလို့ ဆိုလိုတာပေါ့။ ဒါဆို လာမယ့်နှစ်မှာ
ရင်းနှီးမြှုပ်နှံမှု တိုးလာမယ်လို့မျှော်လင့်ပါသလား။
UHTM : ကျွန်တော်တို့ကတော့ မျှော်လင့်ပါတယ်။ အခု ရင်းနှီး
မြှုပ်နှံမှုတွေဝင်ဖို့ တန်းစီစောင့်နေတာကို သိကြမှာပဲ။ တချို့
လုပ်ငန်းရှင်တွေဆို အရင်အစိုးရကတည်းက လုပ်လာတယ်။
အခုအစိုးရ ပေါ်လစီနဲ့လည်း ကိုက်တယ်။ ပြည်ထောင်စုဝန်ကြီး
အဆင့် တိုင်းနဲ့ ပြည်နယ် အဆင့်ကလည်း သဘောတူတယ်။
ဒါပေမဲ့လို့ အလုပ် မလုပ်နိုင်ဘူး။ ဘာလို့ဆိုတော့ အောက်မှာ
ချပေးတာကို ကပ်နေတယ်။ ဒါကို အရင်က စွပ်စွဲချက်ဆိုရင်
ဟိုဟာ လိုချင်လို့ဆိုပြီး ပြောတယ်။ ဒီလိုပြောတာ ဟုတ်ချင်မှ
လည်း ဟုတ်မယ်။ အောက်မှာကိုက ဘာဆက်လုပ်ရမယ်
ဆိုတာ မသိတာမျိုးလည်း ဖြစ်နိုင်တယ်။
အောက်မှာက Top Down စနစ်နဲ့လုပ်တာ အသားကျနေတယ်။
အပေါ်က သဘောတူပေမယ့် အောက်ကကျတော့ ဘာလုပ်ရမှန်း
မသိဘူး။ မလုပ်ရဲတဲ့အပြင် ပြန်လည်း မမေးဘူး။ အစပြန်မေးရင်
အဆူခံရတယ်။ အဆူခံရမှာစိုးလို့ မမေးရဲဘူး။ အပေါ်က
အရင်ဝန်ကြီးတွေလို မဟုတ်ဘဲ မင်းတို့ လုပ်လိုက်ကြဆိုပြီး
ပေးတယ်။ ဒါကို ဘာလုပ်လိုက်ကြရမှာလဲ မသိဘူးဖြစ်
နေတယ်။ တာဝန်ခံမှု။ တာဝန်ခံမှုက မရှင်းမလင်း ဖြစ်နေတော့
လုပ်ဖို့နှေးနေတာ။
Voice : ဒေါ်လာဈေးက အမြင့်ရောက်ပြီး ငြိမ်နေတယ်။
အထွေထွေ ကုန်ဈေးနှုန်းက တက်နေတော့ ဒါကို ဘာကြောင့်
ဖြစ်တယ်လို့ သုံးသပ်လဲ။ ဒါနဲ့ပတ်သက်ပြီး ဘာလုပ်ဖို့များ
ရှိပါသလဲ။
UHTM : အမျိုးမျိုး ပြောနေကြတယ်။ အခုက ၁၃၆၀ မှာ ရပ်နေ
တာပေါ့နော်။ အန်ကယ်အမြင်ကတော့ ရောင်းလိုအား ဝယ်လို
အားပေါ်မှာပဲ ဖြစ်တာပဲ။ နယ်စပ်ကုန်သွယ်ရေး လုပ်တဲ့ငွေက
တန်းပြီးဝင်မလာဘူး။ ဒီငွေက တရုတ်ကနေ ဟောင်ကောင်
သွားမယ်။ ဟောင်ကောင်ကနေ စင်ကာပူ ရောက်ပြီးမှ မြန်မာ
ပြည်ထဲကို တခြားနည်းနဲ့ ပြန်ဝင်လာတယ်။
စာရင်းအားဖြင့် မြန်မာပြည်ထဲ ဝင်မလာဘူး။ အဲဒါနဲ့ ပတ်သက်ပြီး
ဘဏ်တွေက တရားဝင်ငွေတွေ လွှဲလို့ရအောင် ဘဏ်ခွဲတွေ
ဖွင့်ဖို့ တောင်းဆိုနေတာတွေ ရှိတယ်။ ဒါတွေဖြစ်လာလို့ရှိရင်လည်း
တစ်မျိုးပေါ့။ စီးပွားရေး ကော်မတီမှာက ဒါတွေက ဆွေးနွေးပြီးသား
ဆိုတော့ ဘဏ်တွေရဲ့ လုပ်ကိုင်ခွင့်ကို တိုးချဲ့ပေးသွားမယ်။
ပိုက်ဆံကို တရားဝင် လွှဲလို့ရအောင် လုပ်နေကြပါတယ်။
Voice : နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လာဖို့အတွက် အဓိက
အဟန့်အတားဖြစ်တဲ့ အခြေခံ အဆောက်အဦ လိုအပ်ချက်ထဲမှာ
လျှပ်စစ်မီးကပိုပြီး အရေးကြီးတယ်။ လျှပ်စစ်မီးကို လိုသလောက်
ထုတ်ပေးဖို့ကလည်း အကန့်အသတ်နဲ့ ဖြစ်နေတယ်။ ဒီပြဿနာကို
ဆရာတို့အနေနဲ့ ဘယ်လို ကျော်လွှားဖို့ အစီအစဉ်ရှိလဲ။
UHTM : အရင်အစိုးရတည်းက လုပ်လာတာလည်း ရှိတယ်။
Public Private Partnership ဆိုတဲ့ဟာပေါ်မှာပဲ အခြေခံရ
မှာပေါ့။
စီးပွားရေးက တွက်ထားသလို တက်လာမယ်ဆိုရင် အစိုးရရဲ့
ရင်းနှီးမြှုပ်နှံမှုက မမီနိုင်ဘူး။ လျှပ်စစ်ထုတ်ဖို့ ရင်းနှီးမြှုပ်နှံဖို့ဆိုတာ
က အရင်းကြီးတယ်။ အဲဒီလိုအကြီးလုပ်ရတော့ မြန်မြန်ဆန်ဆန်
လုပ်နိုင်မှ ကုန်ကျစရိတ်က သက်သာတာ။
ရေအားလျှပ်စစ် ဆောက်တယ်ဆိုပါတော့။ ကြာလေ ပိုက်ဆံ
ကုန်လေပဲ။ အစိုးရဆောက်တဲ့ လုပ်ငန်းဆိုရင် သတ်မှတ်ထားတဲ့
အချိန်အတွင်းမှာ ပြီးတယ်ဆိုတာ ရှားတယ်။ ဘာလို့လဲဆိုတော့
ဘတ်ဂျက်က ကန့်သတ်ချက် ရှိတာကိုး။ အစိုးရက ဒါကို ဆက်
လုပ်ရမှာ။ ပုဂ္ဂလိကကို အားကိုးပြီးလုပ်မှ ပြဿနာ ဖြေရှင်းနိုင်မယ်။
ဒီလိုမျိုး ပေါင်းလိုက်မယ်ဆိုရင် ငွေကောက်ခံတဲ့ အပိုင်းမှာတော့
ပြောင်းလဲ သွားနိုင်တယ်။ တစ်ယူနစ် ၁၀ဝ ကောက်ဖို့ကို မရတဲ့
အနေအထား ဖြစ်နေတယ်။ ကုန်ကျစရိတ်နဲ့ ပြန်ရမယ့် စရိတ်ကို
ညှိရမယ်။ စီးပွားရေးအတွက် တကယ်သုံးမယ်ဆိုရင် တကယ်
ကျသင့်တဲ့နှုန်းနဲ့ ကောက်ခံမှ စက်ရုံတွေက ယှဉ်ပြိုင်မှု ဖြစ်လာ
မှာ။ ဆိုလိုတာက နည်းပညာအသစ် သုံးပြီးတော့ လျှပ်စစ်
ဓာတ်အားသုံးတာ လျှော့ချနိုင်ခဲ့မယ်ဆိုရင်
ကုန်ကျစရိတ်မရှိဘူး။
တကယ်ကုန်ကျမယ့်အတိုင်း ကောက်ခံမယ်ဆိုရင် သူတို့က
နည်းပညာ အသစ်အဆန်းတွေကိုသုံးပြီး ဒါကို အကုန်အကျ
လျော့ဖို့ စဉ်းစားလာမယ်။ အန်ကယ်တို့ဆီက အသေးစား၊
အလတ်စားတွေကလည်း နည်းပညာ အသစ်သုံးဖို့
စိတ်ဝင်စားမှု ရှိလာမှာ။
မီတာခကို ထိုက်သင့်တဲ့နှုန်း တိုးမြှင့်ကောက်ဖို့ စဉ်းစား
နေတယ်။ ခုနကလို မီးကို လင်းရုံလေးသုံးနေတဲ့သူတွေကို
သွားပြီး တိုးကောက်လို့မဖြစ်ဘူး။ သူတို့က အစကတည်းက
ဆင်းရဲပြီးသား သူတွေကို အနည်းငယ်ပဲ တင်လို့ရမယ်။
ဒါဥပမာ ပြောတာပါ။
အစိုးရအဆင့်က ဒါတွေလုပ်ဖို့ စဉ်းစားနေပါတယ်။
Voice : လက်ရှိ ဒီမိုကရေစီ အစိုးရလက်ထက်မှာ နိုင်ငံပိုင်
လုပ်ငန်းရယ်လို့ မရှိသလောက် ဖြစ်နေပြီ။ အခွန်နဲ့ အဓိက
တိုင်းပြည်ဖွံ့ဖြိုးအောင် လုပ်နေတယ်ဆိုတော့ အခွန်တွေ
တိုးကောက်တာ မြင်နေရပါတယ်။ အခွန်နဲ့ ပတ်သက်ပြီး
လူတွေက ဝန်ထုပ်ဝန်ပိုး ဖြစ်တယ်ဆိုတဲ့ ခံစားချက် ရှိနေတော့။
အခွန်တွေကို ဘယ်လိုပုံစံနဲ့ ကောက်နေလဲ။ ဘယ်လို
ပုံသဏ္ဌာန်နဲ့ ဆက်ကောက်ဖို့ ရှိတယ်ဆိုတာ ရှင်းပြပေးပါဦး။
UHTM : ကျွန်တော်တို့ပေါ်လစီက Tax Base ကိုချဲ့တာ။
အဓိကက အခွန်ရှောင်တာတွေကို တတ်နိုင်သမျှ လျှော့ချရမယ်။
အခြားနိုင်ငံတွေမှာ အခွန်ရှောင်ရင် Crime ပဲ။
မြန်မာပြည်မှာ အဲလိုမျိုးတော့ မဖြစ်သေးဘူး။ ပြီးတော့ အဲဒါကို
ပြစ်မှုလုပ်မှာလား၊ မလုပ်ဘူးလား စဉ်းစားရမယ်။ အခုဟာက
အခွန်ရှောင်ရင် စာရင်းမှားတယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်နေတာ။
အခွန်ဆောင်တဲ့နေရာမှာ အခွန်ရှောင်လို့ ဒီလူထောင်ကျသွား
တယ် ဆိုတာမျိုး မရှိဘူး။ သို့သော် အဲဒါမျိုး လုပ်သင့်လား မလုပ်
သင့်ဘူးလား။ လုပ်လိုက်တော့မှ သက်ဆိုင်တဲ့ ဝန်ထမ်းတွေ
အတွက် စားပေါက် ဖြစ်သွားတယ်ဆိုတဲ့ စွပ်စွဲချက်ကိုလည်း
စဉ်းစားရဦးမယ်။
အခွန်ကို Base ကျယ်အောင် လုပ်ရမယ်။ ဖုန်းမှာဆိုရင်
အခွန် ငါးရာခိုင်နှုန်းကောက်တယ်။ သန်း ၅၀ ထဲမှာ သန်း ၂၀
လောက်က ဖုန်းသုံးနေတာ။ ဒါကို အခွန်ပေးရတယ်လို့
ဘယ်သူမှ သတိထားလိုက်မိမှာ မဟုတ်ဘူး။ သုံးတော့
ဆက်သုံးနေကြတာပဲ။ အဲ့လိုဟာမျိုး ဘယ်နေရာမှာ ကောက်လို့
ရမလဲ။ မသိလိုက်ဘူး။ ပေးတော့ ပေးနေရတယ်။
စားသောက်ဆိုင်တွေမှာ အခွန်ပေးရတာတွေ စလုပ်တယ်။
အခွန်ဆောင်လို့ ညည်းကြတာတော့ ရှိတယ်။ နာမည်ရှိတဲ့ဆိုင်
တွေမှာ အခွန်ဆောင်ရတယ်။ အဲလိုမျိုးဖြစ်လာတော့ Base
ကျယ်လာတာပေါ့။
ဘဏ်တိုးနှုန်းကတော့ အခြားနိုင်ငံတွေမှာ စုဆောင်းငွေအပေါ်
မှာ အခွန် ကောက်တာ ထုံးစံရှိတယ်။ ကျွန်တော်တို့နိုင်ငံမှာ
ငွေစုတတ်အောင် အကျင့်ဖြစ်အောင်လုပ်ရင်း ငွေစုတဲ့အပေါ်မှာ
အခွန် မကောက်ဘူးလို့ ကြေညာထားတာ။
အဲဒီတော့ အဲဒါမျိုးလုပ်ပြီး ငွေစုလက်မှတ်ဝယ်ပြီး ငွေဖြူလုပ်လာ
နိုင်စရာ မရှိဘူးလားဆိုပြီး စဉ်းစားစရာ ဖြစ်တယ်။
နောက်တစ်ဖက်က ကြည့်တော့လည်း မူးစုပဲစု လုပ်နေတဲ့
လူတွေကလည်း ရှိသေးတယ်။
ကိုယ့်ဟာကိုယ် နည်းနည်းလေးစုပြီး လုပ်နေတဲ့ဟာ အပေါ်မှာ
သွားကောက်ရင် စုချင်တဲ့စိတ်က ပျောက်သွားလိမ့်မယ်။
အဲဒါတွေကို နှစ်ဖက် စဉ်းစားရမှာပေါ့။
(မေလှိုင်းသူ)
***
၂။ "အင်န်အယ်ဒီ စီးပွားရေးကော်မတီဥက္ကဋ္ဌ ဦးဟန်သာမြင့်နှင့်
အင်တာဗျူး"
- မငြိမ်းချမ်းတဲ့နိုင်ငံမှာ စီးပွားရေးလုပ်ဖို့မလွယ်ဘူး၊ ရင်းနှီးမြှုပ်နှံမှု
တွေလာဖို့ မလွယ်ဘူးပေါ့။ ဒါကို တော်တော်များများက ပြောကြ
ပါတယ်။ ဒီဟာကို ဒေါ်အောင်ဆန်းစုကြည်ကလည်းပြောဖူးတာ
ရှိတယ်။ ဒါပေမဲ့ ငြိမ်းချမ်ရေးရအောင်သွားနေတယ်၊တစ်ဖက်က
လည်းစီးပွားရေး ဖွံ့ဖြိုးလာအောင်သွားနေတယ်ဆိုတာမျိုး ပါတီမှာ
အဲဒီလိုပြိုင်တူသွားမယ့်မူရောရှိနေလားဗျ။ ရည်ရွယ်ထားတာ
မျိးပေါ့။
ကျွန်တော်တို့က စပြီးတော့ ရွေးကောက်ပွဲကတည်းက အကုန်
ပါတာပဲ။ ဖွံ့ဖြိုးတိုးတက်မှုလည်း ပါတာပဲ။ ပထမဆုံးဟာကတော့
တိုင်းပြည်ငြိမ်းချမ်းဖို့ပဲ။ ငြိမ်းချမ်ရေးကိုသွားဖို့ဟာက အရင်ဆုံးလုပ်
ထားတာပဲ။ ဒီသုံးခုက တစ်ပြိုင်တည်း သွားထားတာပေါ့။
တရားဥပဒေစိုးမိုးရေးရော၊ ဒါကတော့ကျွန်တော်တို့မူထဲမှာ
ဒါတွေအကုန်လုံးကို balance လုပ်ဖို့ဆွဲထားတာပဲ။
သို့သော် ရင်းနှီးမြှုပ်နှံမှုနဲ့ ငြိမ်းချမ်းမှုနဲ့ကိစ္စက တကယ့်တကယ်က
ဘယ်လိုပြောရမလဲဆိုတော့ ဆက်သွယ်မှုမရှိဘူးလားဆိုတော့
ရှိတယ်။
ကျွန်တော်တို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုနဲ့ဆိုရင်တော့ တစ်မျိုး၊
ဖွံ့ဖြိုးတိုးတက်မှုbalance ဖြစ်ဖို့ တစ်ခုနဲ့တစ်ခု အချိုးညီညီဖွံ့ဖြိုး
တိုးတက်ဖို့ကျရင် ငြိမ်းချမ်းရေးက အရေးကြီးတာမှန်တယ်။
သို့သော်လည်း တစ်နေရာတည်းပဲ ဥပမာ- ရန်ကုန်လိုတစ်နေရာ
တည်းပဲ ဖွံ့ဖြိုးချင်တယ်ဆိုရင် ရန်ကုန်မှာ လက်နက်ကိုင်ပဋိပက္ခ
ဆိုတာ မရှိဘူး။ ရန်ကုန်မှာပဲလုပ်မှာဆိုရင်တော့ မဖြစ်ဘူးလား
ဆိုရင် ဖြစ်မှာပဲ။ တိုင်းပြည်မှာ ကိန်းဂဏန်းအနေနဲ့တော့ တိုးလာ
မှာပေါ့။
ဒါပေမဲ့ ဒေသတစ်ခုချင်းအလိုက် ဖွံ့ဖြိုးတိုးတက်မှုမှာ ကျွန်တော်တို့
ဟာ ပဋိပက္ခဖြစ်နေတဲ့နေရာတွေကို ပြစ်ပယ်ထားသလိုဖြစ်မှာပေါ့။
ဒီလိုဖြစ်လို့ မဖြစ်ဘူးလေ။ အစိုးရဆိုတာက ပြည်ထောင်စုအစိုးရ
ဆိုရင် တစ်ပြည်ထောင်စုလုံးကို ကြည့်ရမယ်။ ဒီလိုစဉ်းစားပြီဆိုရင်
တော့ ငြိမ်းချမ်းရေးဆိုတာ အများကြီးအရေးကြီးတာပေါ့။
ခုနတုန်းက ငြိမ်းချမ်ရေးမရလို့ရှိရင်တော့ ကျွန်တော်တို့က ဖွံ့ဖြိုး
တိုးတက်မှုဆိုတာကunequal development ကတော့ဖြစ်လာ
နိုင်မယ်။ equality က အရမ်းနိမ့်ကျသွားပြီး unequality က
အရမ်းများလာမယ်ဆိုရင် ဒါကလည်း လူမှုရေးဘက်ကပြန်ကြည့်
ရင် အင်မတန်ဆိုးတဲ့ကိစ္စ၊တစ်ဖက်ကပြန်ကြည့်ရင်
တစ်တိုင်းပြည်လုံးမှာ ဒီလို မဖြစ်သင့်ဘူး။
- NLD အစိုးရက စီးပွားရေးမူဝါဒ ၁၂ ချက်ထုတ်တုန်းက
ယေဘုယျဆန်တယ်။ ဦးစားပေးကဏ္ဍတွေမပါဘူးလို့ ဝေဖန်ကြ
တာတွေရှိတယ်ပေါ့။ ပါတီကအာဏာရထားတဲ့ ဒီငါးနှစ်အတွင်း
မှာ စီးပွားရေးခရီးနဲ့ပတ်သတ်ပြီးတော့ ဘယ်နှစ်လောက်အတွင်း
ဘယ်အတိုင်းအတာတော့ ရောက်ရမယ်ဆိုတာမျိုး၊ အဲဒါမျိုး
ပါတီက ရှိထားပြီးပြီလားဗျ။
အဲဒီမှာ နှစ်ခုခွဲပြောရတော့မယ်။ အစိုးရကတော့ ပါတီကတင်လိုက်
တဲ့အစိုးရပေါ့။ ပါတီကို ပြည်သူကရွေးချယ်လို့ ကျွန်တော်တို့က
ဒီလွှတ်တော်ထဲ ရောက်လာတယ်။ လွှတ်တော်ထဲကနေ အစိုးရကို
ရွေးတယ်ပေါ့။ အဲဒီတော့ ပါတီရဲ့အစိုးရပေါ့။ အဲဒီလိုတော့ ပြောလို့
ရတယ်။
ဒါပေမဲ့တကယ်ကျတော့ကျွန်တော်တို့က National consultation
ဆိုတာကို အဓိကထားပြောလိုက်တာမို့ ကျွန်တော်တို့ဝန်ကြီးတွေ
အဖွဲ့ ရွေးချယ်ပြီးခန့်ထားလိုက်တဲ့အခါမှာ ဘက်ပေါင်းစုံက ပါလာ
တာများတယ်။ ပါတီက ပါလာတာနည်းတယ်။
အဲဒီတော့တစ်ခါ ဘာဖြစ်လဲဆိုတော့ ကျွန်တော်တို့ဝန်ကြီးတွေပါပဲ။
ဒေါက်တာသန်းမြင့်တို့၊ ဦးကျော်ဝင်းတို့ ဆိုပါတော့။ သူတို့ အဲဒီကို
ရောက်သွားတယ်။ ရောက်သွား ပြီးတဲ့အခါမှာ တကယ်သူတို့ဟာ
ပါတီပေါ်လစီကိုရေးတုန်းကလည်း ပါခဲ့တဲ့သူတွေ၊ ဒါပေမဲ့သူတို့
တကယ်ရောက်လာပြီ။ သူတို့ နေရာမှာထိုင်ပြီ ဆိုတဲ့အခါမှာ
ဘာဖြစ်လဲဆိုတော့ ကျွန်တော်တို့အနေနဲ့ ရှေ့ကတုန်းက
မှန်းဆချက်တွေ အချို့အချက်လက်တွေဟာ လွဲတာရှိတယ်။
လွဲတယ်ဆိုတာကျွန်တော်တို့အနေနဲ့ ဒါတွေကိုသိနိုင်တာမဟုတ်
ဘူး။ မသိနိုင်တဲ့အခါမှာ ဒါတွေကို မှန်းလုပ်ခဲ့ရတာတွေရှိတယ်။
ဒီလိုဟာမှာ ကျွန်တော်တို့အနေနဲ့ယူဆချက်တွေ အချို့ဟာတွေ
မှားတာတွေရှိတယ်။
ကျွန်တော်တို့ကိုယ်က မှားခဲ့တာတွေရှိတယ်။ စစချင်း basic တွေ
တုန်းက မှားတာ။ လွဲနေတယ်ပေါ့။ ကျွန်တော်တို့ရှိခဲ့တဲ့ဟာနဲ့
တကယ့် content နဲ့က လွဲနေတယ်။ အဲဒီတော့ ဒါတွေကို ပြန်ပြီး
လုပ်တဲ့အခါကျ သူတို့ကိုယ်တိုင်ကိုယ်ကပဲ ဖြစ်နိုင်တဲ့ဟာကို
လုပ်ရတာကိုး။
လက်တွေ့အနေနဲ့လုပ်တဲ့အခါမှာပေါ့။ အဲဒီလိုဟာမျိုးရှိတဲ့အခါကျ
ခင်ဗျားပြောသလို နောက်နှစ်ဘာဖြစ်ရမယ်ဆိုတဲ့ဟာမျိုး
ကျွန်တော်တို့မှာမရှိဘူး။ ကျွန်တော်တို့က ငါးနှစ်စာ တစ်ခါတည်း
ရေးထားတာလေ။
- ငွေဖောင်းပွမှုနှုန်းနဲ့ ပတ်သက်ပြီး ဒါက အရေးကြီးတယ်လို့
စီးပွားရေးပညာရှင်တွေကပြောကြတယ်ပေါ့။ လိုငွေတွေ များ
လာတယ်။ နောက် လိုငွေကို ငွေရိုက်ထုတ်ဖြေရှင်းတာလည်း
ရှိတယ်ပေါ့။ ငွေဖောင်းပွမှုကလည်း ဖြစ်နေတယ်ပေါ့။ ပါတီအနေနဲ့
ဒီငွေဖောင်းပွနှုန်း၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးကို ထိန်းသိမ်းဖို့
ဆိုတာတွေနဲ့ ပတ်သတ်ပြီး အလေးပေးသွားဖို့ရှိလား။
ငွေဖောင်းပွမှုကို စဉ်းစားတဲ့အခါ လိုငွေတွေဆိုတာ မသုံးလို့မဖြစ်
ရင် သုံးကိုသုံးရမှာပဲ။ လိုငွေကိုလျှော့ချင်လို့ဆိုပြီး
ဥပမာ - ဆရာတွေကို လျှော့ပစ်လို့မဖြစ်ဘူး။ ဆရာတွေ ဆက်ခန့်
ရမှာပဲ။ လခတိုးဖို့လိုလာလို့ရှိရင် ဒါမှမဟုတ် ရပ်ဝေးနေရာပို့လို့
ထောက်ပံကြေးလိုတယ်ဆိုရင် ပေးရမှာပဲဗျ။မပေးလို့မဖြစ်ဘူး။
အရေးကြီးတာက လိုငွေအတွက် ဟိုဟာတွေဖြတ်၊ ဒီဟာတွေ
ဖြတ်က မဟုတ်ဘူး။ smart spending ပေါ့။ သုံးစွဲတဲ့နေရာမှာ
စနစ်တကျနဲ့ ထိထိရောက်ရောက်သုံးဖို့၊ မလိုတာတွေမသုံးမိဖို့
အရေးကြီးပါတယ်။ ပွဲလမ်းသဘင်တွေလျှောက်လုပ်ပြီး ပိုက်ဆံ
ကုန်နေတဲ့ဟာတွေကိုလျှော့ရမှာ။ တကယ်လိုလို့ သုံးတဲ့ဟာမျိုးကို
ကျွန်တော်တို့က လိုက်ဖြတ်လို့မရဘူး။
- အခွန်က ဒေသတွင်းမှာ အနည်းဆုံးပေါ့။ ကျွန်တော်တို့နိုင်ငံက။
ဒီအခွန်ရငွေနဲ့ပတ်သက် ပြီးရော ဒီငါးနှစ်အတွင်းမှာ များလာ
အောင်လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားတာရှိလား။
အရင် ဒုတိယကမ္ဘာစစ်မဖြစ်ခင်က အစိုးရရဲ့အခွန်ရငွေ ၄ဝ
ရာခိုင်နှုန်းက မြေခွန်ကနေရတယ်။အခုဟာ မြေခွန်ဆိုတာ ဘာမှ
မရှိဘူး။ ရတာလည်း နည်းနည်းလေးပဲရတယ်။ ကောက်တဲ့နှုန်း
ကလည်း နည်းနည်းလေးမှ နည်းနည်းလေး။
တစ်ဧက ဘယ်လောက်မှမရှိဘူး။ မဖြစ်သင့်ဘူး။ အဲဒီတော့
မြေခွန်ကို ကျွန်တော်တို့က အင်္ဂလိပ်အစိုးရလက်ထက်တုန်းက
ကောက်တဲ့ပုံစံမျိုး တစ်ဧက တစ်ကျပ်လောက်ကောက်တယ်ဆိုရင်
အခုဟာ အဆပေါင်းမျာစွာ ကောက်ရမှပေါ့ဗျာ။
အဲဒီလိုကောက်မှာလား။ အဲဒီလိုကောက်ရင် ကျွန်တော်တို့ဟာ
တစ်ချက်တည်းမှာ အများစုဖြစ်တဲ့ တောင်သူတွေက ခံနိုင်မလား၊
ခံနိုင် မခံနိုင်ထက် ထုတ်လုပ်မှုအပိုင်း ဘယ်လိုထိခိုက်သွားမလဲ၊
စဉ်းစားရတာပေါ့။ တကယ်အကျယ်ဆုံး tax base ကတော့
land base ပဲ။ Land Tax က အကျယ်ဆုံးပဲ။
အကျယ်ဆုံးမို့ သူ့ကိုသွားပြီးလုပ်လည်း မရဘူး။ စဉ်းစားရမှာက
စီးပွားရေးတစ်ခုတည်း သွားစဉ်းစားလို့မရဘူး။ နိုင်ငံရေးအရရော၊
လူမှုရေးအရရော စဉ်းစားမှရမယ်။ ဘေ့စ်ကိုချဲ့ဖို့ ကျွန်တော်တို့
ကြိုးစားမယ်။ အချို့အချို့သော ဇိမ်ခံပစ္စည်းတွေ၊ အရက်တို့၊
ဆေးလိပ်တို့၊ ဘာတို့ပါ မြှင့်ဖို့ဆိုတဲ့ဟာ၊အခုတော့ထပ်မြှင့်ထား
ပြီးပြီ။ ဒီလိုနည်းတွေနဲ့ပဲ ကျွန်တော်တို့ သွားရမှာ။
- ဒီ NLD စီးပွားရေးကော်မတီမှာကျ အကြံပေးတွေက
ဘယ်သူတွေ အဓိကပါဝင်နေလဲဗျ။
စီးပွားရေးပညာရှင် ရှောင်တာနယ်၊
နောက် ဆရာကြီးဒေါက်တာလှမြင့်၊ ဆရာဖင်ဒလေတို့ပေါ့၊
သူတို့တွေ ကူပေးပါတယ်။ ကျွန်တော်တို့ ရွေးကောက်ပွဲ ကြေညာ
စာတမ်းထဲမှာပါတဲ့ ပေါ်လစီတို့၊ဘာတို့ရေးတဲ့အခါမှာတုန်းက
ဆရာကြီးတွေက သူတို့ ပြန် check လုပ်ပေးတယ်။
- ဒီဆရာတွေက မြန်မာ့စီးပွားရေး တန့်နေတာနဲ့ပတ်သက်ပြီး
ဘယ်လိုမှတ်ချက်ပေးထား သလဲဗျ။
သူတို့ကတော့ ကျွန်တော်တို့ ဗျူရိုကရေစီက ရုန်းနေတဲ့အခြေအနေ
ပေါ့။ ကျွန်တော်တို့က တွန်းပေမယ့် မရွေ့ဘူးပေါ့။ ဗျူရိုကရေစီ ရဲ့
ပြဿ နာပေါ့။
အစိုးရဆိုတာလည်း ထိပ်ဆုံးကပဲ ပြောင်းတာကိုး၊ဝန်ကြီး၊ ဒုဝန်ကြီး
ပြောင်းပေမဲ့ အောက်ကရှိနေတဲ့ ဗျူရိုကရေစီက လိုက်မှမလိုက်ဘဲ။
အရင်လုပ်နေတဲ့အတိုင်း ဆက်လုပ်နေဆဲပေါ့။
အချိန်အများကြီးယူလို့တော့ မရဘူး။ ကျွန်တော်တို့ တွန်းရမှာပဲ။
မတွန်းလို့ရင် အချိန် ကျွန်တော်တို့ငါးနှစ်ကြာသွား ဘာမှမဖြစ်ဘူး
ဆိုလည်း မဖြစ်ဘူးဗျ။
မြန်မာတိုင်း(မ်)
credit - The Voice & The Myanmar Times
(၀န်ခံချက် -
NLD ပါတီ၏ စီးပွားရေးကော်မတီဥက္ကဋ္ဌ ဦးဟန်သာမြင့်ကို
The Voice နှင့် မြန်မာတိုင်း(မ်)တို့ က တွေ့ဆုံမေးမြန်းခဲ့သည့်
အကြောင်းအရာများအနက်မှ အချို့အချက်အလက်များကိုသာ
ကောက်နှုတ် ဖေါ်ပြထားခြင်းဖြစ်ပါသည်။
"အိမ်ခြံမြေလမ်းဆုံ")
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0
No comments:
Post a Comment