Sunday, March 5, 2017

“မီတာခ တက်သင့်ပြီလားနှင့် update သတင်း”

“မီတာခ တက်သင့်ပြီလားနှင့် update သတင်း”

၁။ "ရန်ကုန်မီတာခတွေ တက်သင့်ပြီလား
မီတာခ ငါးချက်"

ရန်ကုန်တိုင်းဒေသကြီး၌ လာမည့် ဘဏ္ဍာနှစ်မှစ၍ မီတာခများ
တက်မည်ဟု မတ်လ ၂ ရက်နေ့တွင် NLD တိုင်းလွှတ်တော်
ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက
ပြောကြားခဲ့သည်။

ယင်းအကြောင်းကို တိုင်းလွှတ်တော် ကိုယ်စားလှယ်
ဦးကျော်ဇေယျက မီဒီယာများသို့ ပြန်လည် ပြောပြသည်။
ထို့ကြောင့် မီတာခများ တက်မည်ဟူသည့် သတင်းမှာ 
စိတ်ဝင်စားဖွယ် ဖြစ်လာခဲ့သည်။

သို့သော်လည်း မတ်လ ၃ ရက်နေ့တွင် ရန်ကုန် တိုင်းဒေသကြီး
လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး
ဒေါ်နီလာကျော်က မီတာခသုံးဆ တက်မည်ဆိုသည်မှာ
မဟုတ်ဟု တရားဝင် ငြင်းဆန်ခဲ့သည်။

မည်သို့ဆိုစေ အိမ်သုံး တစ်ယူနစ် ၃၅ ကျပ်ဖြစ်နေသည့်
လျှပ်စစ်မီတာခများကို ပြောင်းလဲသင့်ပြီလား ဆိုသည့်မေးခွန်းမှာ
ယခုအခါ ကျယ်ကျယ်ပြန့်ပြန့် ကြားလာရပြီ ဖြစ်သည်။

အကြောင်းရင်းမှာ နိုင်ငံတော်က အရှုံးခံ၍ လျှပ်စစ်ဓာတ်အား
ဖြန့်ဖြူးပေးနေရသောကြောင့် ဖြစ်သည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဒေါက်တာထွန်းနိုင်အဆိုအရ လျှပ်စစ် တစ်ယူနစ်အတွက်
နိုင်ငံတော်က ၂၃ ကျပ် စိုက်ထုတ်နေရသည်။ မြန်မာ့ လျှပ်စစ်
တစ်ယူနစ်ဈေးနှုန်းသည် အိမ်နီးချင်း နိုင်ငံများနှင့် ယှဉ်လျှင်
နိမ့်နေသည်။

ဤသို့ဆိုလျှင် လျှပ်စစ်မီတာခ တက်မည်ဆိုပါက မည်သည့်
အရာများကို ထည့်သွင်း စဉ်းစားသင့်သနည်း။

ပညာရှင်အချို့၊ စီးပွားရေး လုပ်ငန်းရှင်အချို့နှင့် ဆိုင်ရာ
ကျွမ်းကျင်သူအချို့၏ အကြံပြုချက်များကို ကြည့်လျှင်

(၁) အချိန်ယူပါ၊ အချိန်ပေးပါ
--------------------------------

လျှပ်စစ်မီတာခ တက်မည်ဆိုပါက အစိုးရအဖွဲ့က အချိန်ယူ
စီစဉ်ပါ။ ပြည်သူများကို အချိန်ပေးပါ။ မီတာခ တက်မည်ဖြစ်
ကြောင်း ကြိုတင် ကြေညာရန် လိုအပ်သည်။

YBS နှင့် မဟာသင်္ကြန်မဏ္ဍပ် ကဲ့သို့ တက်သုတ်ရိုက် မူဝါဒများ
ကြောင့် ရန်ကုန်ပြည်သူများ ဇကောထဲ ထည့်လှိမ့်သည့်
ဆီးဖြူသီးလို ဖြစ်ခဲ့ဖူးပြီ။

ထို့ပြင် မူဝါဒတစ်ခု အပြောင်းအလဲအတွက် သာသူနှင့် နာသူများ
အတွက် ကြိုတင် စီစဉ်ထားရန်လိုကြောင်း စီးပွားရေးပညာရှင်
အချို့က ဆိုသည်။

အစိုးရဘက်ကမူ မီတာခတိုးမြှင့် ကောက်ခံမည်ဆိုပါက
ပြည်သူများ အဆင်ပြေရန် ဘက်စုံထောင့်စုံမှ စဉ်းစားလျက်
ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊  စက်မှုလက်မှုနှင့်
လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဒေါ်နီလာကျော်က
ပြောကြားသည်။

(၂) ပုဂ္ဂလိက ကဏ္ဍကို တိုးမြှင့်ခြင်း
----------------------------------------

၂၀ဝ၈ ခုနှစ်မှစ၍ လျှပ်စစ်ကဏ္ဍတွင် ပုဂ္ဂလိက လုပ်ကိုင်ရန်
ခွင့်ပြုပေးခဲ့သည်။

လက်ရှိ ဘဏ္ဍာနှစ်တွင် ပုဂ္ဂလိက ထုတ်လုပ်မှုသည် စုစုပေါင်း
လျှပ်စစ်ထုတ်လုပ်မှု၏ ထက်ဝက်ခန့် (၄၈ ဒသမ ၄ ရာခိုင်နှုန်း)
ရှိနေသည်။

သို့သော်လည်း ပြည်ထောင်စုအဆင့် လျှပ်စစ် တစ်ယူနစ်
သတ်မှတ်နှုန်းနှင့်ဆိုပါက မည်သည့် ပုဂ္ဂလိက လုပ်ငန်းမှ
စိတ်ဝင်စားမည် မဟုတ်ချေ။

လက်ရှိတွင် အစိုးရက ပုဂ္ဂလိကထံမှ ဝယ်၍ ပြည်သူထံ အရှုံးခံ
ဖြန့်ဖြူးပေးနေခြင်း ဖြစ်သည်။ ပုဂ္ဂလိကသည် အမြတ်ရလျှင်
စိတ်ဝင်စားမည်။ ပုဂ္ဂလိက စိတ်ဝင်စားလျှင် လျှပ်စစ်ကဏ္ဍ
အမြန် တိုးတက်နိုင်ခြေ ရှိသည်။

“ရင်းနှီးမြှုပ်နှံသူကို ဖိတ်ခေါ်ဖို့ ဒီဈေးနဲ့တော့ ဘယ်လိုမှ
မဖြစ်နိုင်ဘူး”ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အငြိမ်းစား
ဒုတိယဝန်ကြီး ဦးမော်သာထွေးက ပြောကြားသည်။

ဤသို့ဆိုလျှင် လျှပ်စစ်တစ်ယူနစ် တန်ဖိုးသည် ပုဂ္ဂလိကနှင့်
ပြည်သူနှစ်ဖက် မနစ်နာသည့် ဈေးနှုန်းတစ်ရပ်ဖြစ်ရန် လိုမည်
ဖြစ်ကြောင်း မြန်မာ့စီးပွားရေး လေ့လာသူ
ခင်မောင်ညို (ဘောဂဗေဒ)က ပြောကြားသည်။

ပြီးခဲ့သည့် သမ္မတဦးသိန်းစိန် လက်ထက်တွင် အမှိုက်မှ
လျှပ်စစ်ထုတ်ယူရန် ကြိုးစားခဲ့သည့်
Chasson International Korean ကုမ္ပဏီသည် မီတာခ
နှုန်းထား ညှိမရခြင်းနှင့် ဌာနဆိုင်ရာများအကြား လုပ်ထုံး
လုပ်နည်း ရှုပ်ထွေးမှုကြောင့် အဆင်မပြေဖြစ်ခဲ့ကြောင်း
ယင်းကုမ္ပဏီ၏ အကြီးတန်း အုပ်ချုပ်မှုဒါရိုက်တာ
ဦးထွန်းဝင်းက The Voice သို့ ပြောကြားဖူးသည်။

(၃) အိမ်သုံး သို့မဟုတ် စီးပွားဖြစ်
--------------------------------------

မီတာခ တက်မည်ဆိုပါက အိမ်ထောင်စုများ သုံးစွဲသည့်မီတာခ
ကို တက်မည်လား၊ သို့မဟုတ် စီးပွားဖြစ်သုံးသည့် မီတာခကို
တက်မည်လား ရွေးချယ်ရမည် ဖြစ်သည်။ မည်သည်ကို
ရွေးချယ်သည်ဖြစ်စေ သာသူနှင့်နာသူ ရှိမည်မှာမလွဲပေ။

အိမ်ထောင်စုများ သုံးသည့် မီတာခကို တက်မည်ဆိုပါက
တစ်ယူနစ် ကျပ်တစ်ရာ ဝန်းကျင်နှုန်းကို အခြေခံပြည်သူများက
ပေးချေရန် ခက်ခဲမည်ဖြစ်သည်။

စီးပွားဖြစ် လုပ်ငန်းများသုံးသည့် မီတာခ တက်မည်ဆိုပါက
ထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်တက်သွားပြီး ထုတ်ကုန်လည်း
ဈေးနှုန်းကြီးမြင့်သွားနိုင်ပေသည်။ ဈေးကွက်အတွင်းရှိ
ယင်းထုတ်ကုန်ကို စားသုံးသည့် စားသုံးသူများက အဆိုပါ
စရိတ်ကို ကျခံရမည်ဖြစ်သည်။

“မီတာခတက်ရင် ကုန်ဈေးနှုန်း တက်မှာပဲလေ။
ဒါကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ ပိုအရေးကြီးတယ်” ဟု
မြန်မာ့ စီးပွားရေးလေ့လာသူ ဦးလှမောင်က ဆိုသည်။

* အိမ်ထောင်စုများသုံးသည့် မီတာခ မြင့်တက်ပါက ပြည်သူများ
အပေါ် တိုက်ရိုက် အကျိုး သက်ရောက်မည်ဖြစ်ပြီး စီးပွားဖြစ်
မီတာခနှုန်းကို တက်မည်ဆိုပါက ပြည်သူများအပေါ် သွယ်ဝိုက်
အကျိုးသက်ရောက်မည်ဖြစ်ရာ မျှခြေတစ်ခုတွင် ကိုင်တွယ်နိုင်
မှသာ ပေါ်ပေါက်လာမည့် ဆိုးကျိုးများကို ကြိုတင်
ရှောင်ရှားနိုင်မည်ဖြစ်သည်။ *

(၄) စီးပွားရေးနှေးချိန်
------------------------

မီတာခ တက်မည်ဆိုပါက အချိန်ကောင်းကို စောင့်ရန်လိုသည်။
ပြည်သူများ ဝန်မပိသည့် အချိန်တွင် မီတာခတက်မည်ဆိုပါက
အကောင်းဆုံးဖြစ်ကြောင်း လေ့လာသူများက ဆိုသည်။

လက်ရှိ NLD အစိုးရလက်ထက်တွင် မြန်မာ့စီးပွားရေး နှေးကွေး
နေကြောင်း နိုင်ငံတကာ လေ့လာသူများကပင်
ထောက်ပြနေကြပြီဖြစ်သည်။

နိုင်ငံတော် သမ္မတ ဦးထင်ကျော် ကိုယ်တိုင်လည်း
မြန်မာ့စီးပွားရေး နှေးကွေးကြောင်း ဝန်ခံထားသည်။

“စီးပွားရေးနှေးနေချိန်မှာ မီတာခ တက်မည်ဆိုရင် ပြည်သူကြား
မှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားနိုင်တာပေါ့”ဟု မြန်မာ့ စီးပွားရေး
လေ့လာသူ ခင်မောင်ညို (ဘောဂဗေဒ) က ဆိုသည်။

ထို့ကြောင့် ယခုအချိန်သည် မီတာခများ တက်သင့်သည့်
အချိန်ဟုတ်ပါ၏လော စဉ်းစားစရာ ဖြစ်သည်။

(၅) နိုင်ငံရေးကိစ္စ
--------------------

ဤအချက်မှာ မီတာခ တက်ရာတွင် အဓိကထား စဉ်းစားရမည့်
နောက်ဆုံးနှင့် အရေးအကြီးဆုံး အချက်ဖြစ်သည်။ မီတာခ
မြင့်တက်ခြင်းသည် စီးပွားရေးသာမဟုတ်  နိုင်ငံရေးကိစ္စ
(Political Issue) လည်း ဖြစ်သည်ဟု မြန်မာ့စီးပွားရေး
လေ့လာသူ ခင်မောင်ညို (ဘောဂဗေဒ) ကဆိုသည်။

မီတာခ မြင့်တက်လျှင် ထုတ်လုပ်မှု ကုန်ကျစရိတ်ကို
တစ်နည်းနည်းဖြင့် ပိုမြင့်တက်စေသည်။ ထုတ်လုပ်မှု ကုန်ကျ
စရိတ် မြင့်တက်ပါက ကုန်ဈေးနှုန်း ကြီးစေသည်။
ကုန်ဈေးနှုန်းကြီးပါက ပြည်သူများ မပြေလည်။

ဤသဘောတရားကို ၂၀ဝ၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့်
စက်သုံးဆီ မြင့်တက်မှုက သက်သေခံခဲ့ပြီဖြစ်သည်။
စက်သုံးဆီ ဈေး အဆမတန် မြင့်တက်မှုမှတစ်ဆင့် 
မြန်မာနိုင်ငံရေးတွင် လူထုအုံကြွမှုများလည်း ဖြစ်ပေါ်
ခဲ့သေးသည်။

“ဒါကတော်တော်ကို မလွယ်တဲ့ ကိစ္စပါ။ လွယ်လွယ်လျှောက်
ပြောလို့ရတဲ့ ကိစ္စမဟုတ်ဘူး။ Big Political Issue” ဟု
မြန်မာ့စီးပွားရေး လေ့လာသူ ခင်မောင်ညို (ဘောဂဗေဒ)
က ဆိုသည်။

မီတာခပုစ္ဆာ အဖြေရှာ
-------------------------

မီတာခပုစ္ဆ္ဆာအတွက် လာမည့်  မတ်လ ၂၀ ရက်နေ့တွင်
ပြန်လည်စတင်မည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်
အတွင်း၌ ဆွေးနွေး အဖြေရှာကြတော့မည် ဖြစ်သည်။

ဤကိစ္စအတွက် တိုင်းအစိုးရအဖွဲ့နှင့် ပြည်သူ့ကိုယ်စားလှယ်
များ အကြိတ်အနယ် ဆွေးနွေးကြမည့် အရိပ်အယောင်များ
ကိုလည်း တွေ့နေရပြီဖြစ်သည်။

လွှတ်တော်အတွင်း တက်တက်ကြွကြွ ဆွေးနွေးလေ့ရှိသည့်
ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်ကမူ
မီတာခကိစ္စနှင့် ပတ်သက်၍ ယခုလို ဆိုသည်။

“(မူဝါဒ) တစ်ခု မပြီးသေးဘူး။ တစ်ခုတစ်ခု ဆက်လုပ်မယ်
ဆိုရင်တော့ လောတယ်ဗျ။ အောက်က လိုက်လုပ်ရတာ မလွယ်
ဘူးဗျ။ နိုင်ငံရေး အနေအထားလည်း ကြည့်ဦးမှ။
အခြေခံ လူတန်းစားကိုသွားထိရမယ့်ဟာမျိုးဆို မလွယ်ဘူးဗျ”။

(ရဲနိုင်ဦး၊ ဥမ္မာလွင်)

***

၂။ "ရန်ကုန်တိုင်းအတွင်း မီတာခ သုံးဆ တိုးမြှင့်ကောက်ခံမည်
ဆိုသည့်သတင်း မဟုတ်မှန်ကြောင်း တိုင်းဒေသကြီး လမ်းပန်း
ဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဒေါ်နီလာကျော် ပြောကြား"

ရန်ကုန်တိုင်းဒေသကြီး အတွင်း မီတာခ သုံးဆ တိုးမြှင့်ကောက်ခံ
မည် ဆိုသည့်သတင်း မဟုတ်မှန်ကြောင်း ရန်ကုန်တိုင်းဒေသကြီး
လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဒေါ်နီလာကျော်က
မတ်လ ၃ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး
လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် အဖွင့်မိန့်ခွန်း
တွင် ထည့်သွင်းပြောကြားခဲ့သည်။

မီတာခသုံးဆ တိုးမြှင့်ကောက်ခံမည်ဆိုသည်ကို ရန်ကုန်တိုင်း
ဝန်ကြီးချုပ်နှင့် လွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံသည့်ပွဲ
တွင် ပြောဆိုသည့်စကား၌ မပါဝင်ခဲ့ကြောင်း ၊ ထိုသို့ ပြောဆိုခဲ့
ခြင်း လုံးဝမရှိဟုလည်း ၀န်ကြီး ဒေါ်နီလာကျော်ကပြောသည်။

လျှပ်စစ်ခနှင့်ပတ်သက်၍ ပြည်သူနှင့် ညှိနှိုင်းဆွေးနွေးပြီးမှ
ဆုံးဖြတ်မည် ဖြစ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်နှင့် လမ်းပန်း
ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားခဲ့သည်။

ယခင်အစိုးရလက်ထက် ၂၀၁၃ နိုဝင်ဘာတွင် လျှပ်စစ်မီတာခ
များကို အိမ်သုံးမီတာယူနစ် ၁၀၀ နှင့်အထက်ကို တစ်ယူနစ်
ကျပ် ၅၀၊ စက်မှုလုပ်ငန်း အတွက် ယူနစ် ၅,၀၀၀ နှင့် အထက်
ကို ကျပ် ၁၅၀ ကောက်ခံရန် စီစဉ်ခဲ့သော်လည်း ပြည်သူလူထု
က ကန့်ကွက်သဖြင့် ယင်းအစီစဉ်ကိုရပ်တန့်ခဲ့သည်။

လျှပ်စစ်မီတာခနှင့်ပတ်သက်၍ ဆန္ဒပြ ကန့်ကွက်မှုများကြောင့်
၂၀၁၄ ဧပြီ ၁ ရက်တွင်
- ယူနစ် ၁၀၀ အောက်ကို တစ်ယူနစ်လျှင် ၃၅ ကျပ်ကောက်ခံ
ခဲ့ပြီး
- ၁၀၁ ယူနစ်နှင့် ၂၀၀ ကြားကို ၄၀ ကျပ်နှင့်
- ၂၀၁ ယူနစ် အထက်ကို ၅၀ ကျပ်ကောက်ခံ ခဲ့သည်။

စက်မှုလုပ်ငန်းသုံး မီတာများအတွက်
- ယူနစ် ၅၀၀ အထိ တစ်ယူနစ်လျှင် ၇၅ကျပ်၊
- ၅၀၁ မှ ၁၀,၀၀၀ ယူနစ်အထိ ကျပ် ၁၀၀၊
- ၁၀,၀၀၁ မှ ၅၀,၀၀၀ ယူနစ်အထိ ၁၂၅ ကျပ်၊
- ၅၀,၀၀၁ မှ ၂၀၀,၀၀၀ ယူနစ်အထိ ကျပ် ၁၅၀
အသီးသီးသတ်မှတ်ခဲ့သည်။

လျှပ်စစ်ဓာတ်အား တစ်ယူနစ်ရောင်းချတိုင်း ငွေ ၂၃ ကျပ်
အရှုံးပေါ်နေပြီး၊ ယခင်နှစ် တစ်နိုင်ငံလုံးဓာတ် အားသုံးစွဲမှု
သည် ယူနစ်ပေါင်း ၁၇,၈၁၂ သန်းဖြစ်၍ လာမည့် နှစ်တွင်
ယူနစ်ပေါင်း ၁၉,၅၉၃ သန်း အထိ ရောက်ရှိမည်ဟု ခန့်မှန်း
ထားကာ ယူနစ်ပေါင်း ၁,၇၈၁ သန်း ပိုများလာမည်
ဖြစ်ကြောင်း မတ်လ ၁ ရက်က ကျင်းပသည့် ပြည်ထောင်စု
လွှတ်တော်အစည်းအဝေးတွင် လျှပ်စစ်နှင့် စွမ်းအင်
ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာ ထွန်းနိုင်က ပြောကြား
ထားသည်။

(ဇော်မင်းထွန်း)

credit - The Voice The & Ladies News

“မှတ်ချက်”

အိမ်ခြံမြေ အကြောင်းအရာများနှင့် 
တိုက်ရိုက်မသက်ဆိုင်သော်လည်း သွယ်ဝိုက်ပတ်သက်မှု့
ရှိသည့် စီးပွါးရေးနှင့်ဆိုင်ရာ ဆောင်းပါး/သတင်းများ
ဖြစ်နေပါသဖြင့် မိတ်ဆွေများ လေ့လာနိုင်ရန် တင်ခဲ့ခြင်း
ဖြစ်ပါသည်။

“အိမ်ခြံမြေ လမ်းဆုံ”

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0

No comments:

Post a Comment