Sunday, March 19, 2017

“အိမ်ခြံမြေဈေးကွက်အတွင်း ခေတ်စားလာသော အရစ်ကျစနစ်နှင့် သိထားသင့်သည်များ”

“အိမ်ခြံမြေဈေးကွက်အတွင်း ခေတ်စားလာသော
အရစ်ကျစနစ်နှင့် သိထားသင့်သည်များ”


၁။ "ကျဆင်းနေတဲ့ အိမ်ခြံမြေဈေးကွက်မှာ အရစ်ကျစနစ်
ရေပန်းစား"

ခုလက်ရှိ အိမ်ခြံမြေဈေးကွက်တွေ ကျဆင်းနေပေမဲ့
တကယ်လိုအပ်နေတဲ့ လူတန်းစားတွေ၊ ဝန်ထမ်းတွေဝယ်ယူ
နိုင်အောင် ရည်ရွယ်တဲ့ အရစ်ကျစနစ်ရေပန်းစားလာပြီး ပိုမို
ကျင့်သုံးလာတာကိုတွေ့ရ ပါတယ်။

"အိမ်ခြံမြေဈေးကွက်တွေက ဆက်လက်ကျဆင်းနေပြီး
ရင်းနှီးမြှုပ်နှံသူတွေက မဝယ်ကြတဲ့အတွက် တကယ်လိုအပ်တဲ့
သူတွေကိုပစ်မှတ်ထားပြီးရောင်းချပေး နေကြတာဖြစ်တယ်၊
လူတန်းစားအများစုက ငွေတစ်လုံးတစ်ခဲတည်း မပေးနိုင်ကြ
ဘူးလေ၊ သူတို့ရဲဝင်ငွေနဲ့ ယှဉ်ဆပြီးဝယ်ယူကြတယ်။
ဥပမာ – ဝန်ထမ်းတစ်ယောက်အနေနဲ့ တစ်လဝင်ငွေ ခုနစ်သိန်း
လောက်ရရင် ဝင်ငွေအကုန်လုံးကို မပေးနိုင်ဘူးလေ၊ သူတို့ရဲ့
စားသောက်စရိတ်၊ တခြား စရိတ်တွေရှိသေးတယ်လေ၊
အရစ်ကျနဲ့ တစ်လကိုနည်းနည်းစီပေးသွင်း ရတော့ သူတို့
အတွက်လဲအဆင်ပြေတယ်လေ၊ အဲဒါကြောင့်ဝယ်သူနဲ့
ရောင်းသူကြား အရစ်ကျစနစ်ကို ပိုပြီးကျင့်သုံးလာကြတယ်"
လို့ ဇလပ်ပွင့် အိမ်ခြံမြေ ဝန်ဆောင်မှု ကုမ္မဏီ
CEO & Founder ဦးမျိုးမြင့်အောင်က ပြောပါတယ်။

"အရစ်ကျ စနစ်ဆိုတာ"
===============

အရစ်ကျစနစ်ရောင်းချတာက ငွေတစ်လုံးတစ်ခဲတည်းပေးစရာ
မလိုဘဲ တစ်လချင်း နည်းနည်းစီပေးသွင်းရတာကြောင့်
လူကြိုက်များပါတယ်။

"ခုလက်ရှိမှာ ရိုးရိုးရောင်းချတာတွေ၊ အစိုးရဘဏ်နဲ့ပူးပေါင်းပြီး
လုပ်လာတာတွေ့ ရပါတယ်၊ အစိုးရဘဏ်နဲ့ ပူးပေါင်းပြီး
အရစ်ကျရောင်းချတာတွေဆိုရင် ချေးငွေ တွေရတယ်၊
တချို့ကုမ္မဏီတွေဆိုရင် စရန်ငွေ ငါးသိန်းစပြီးယူတယ်၊ ပြီးမှ
ဘဏ်ချေးငွေနဲ့ တစ်လ ၁၃ သိန်းပေးသွင်းရတာမျိုး၊
လုပ်ကြတာပေါ့၊ ဒါပေမဲ့ အိမ်ခြံမြေအကျိုးဆောင်ကုမ္မဏီတစ်ခုနဲ့
တစ်ခုကတော့ မတူပါဘူး၊ တချို့ ကျတော့စပြီး ဝယ်ယူတာနဲ့
စရန်ငွေ ၅၀ ရာခိုင်နှုန်းပေးပြီး ကျန် ၅၀ ရာခိုင်နှုန်းကို လစဉ်
အရစ်ကျ နဲ့ ရောင်းချတာမျိုးရှိတယ်" လို့ အိမ်ခြံမြေအသင်း
ပြန်ကြားရေးတာဝန်ခံဦးခင်မောင်အေးက ပြောပါတယ်။

"အရစ်ကျက ပိုအဆင်ပြေ"
=================

အိမ်ခြံမြေဈေးကွက်အေးနေချိန်မှာ ငွေကြေးအားနည်းတဲ့
ကန်ထရိုက်အချို့ အရစ်ကျစနစ်ကို ပိုပြီးကျင့်သုံးလာကြ
ပါတယ်။ ငွေဝပ်နေတာထက်စာရင်အရစ်ကျရောင်းတာက
ပိုပြီးအဆင်ပြေတာကြောင့်ပါ။

"တကယ်တော့ရောင်းတဲ့သူတွေက အရစ်ကျမဟုတ်ဘဲ
လက်ငင်းပဲရောင်းချင်ကြတာ၊ ဒါပေမဲ့ အရောင်းအဝယ်တွေ
ပါးပြီးတော့ အစိုးရကလဲ တန်ဖိုးနည်း၊ တန်ဖိုးမျှတဲ့အိမ်ရာတွေကို
ရောင်းချလာကြတဲ့အခါ ကန်ထရိုက်တွေအနေနဲ့လဲ ရောင်းအား
နည်းတဲ့အတွက် ပထမမှာ နည်းနည်းစီပေးပြီး လစဉ် အရစ်ကျ
ရောင်းချလာကြတယ်" လို့ အိမ်ခြံမြေဝန်ဆောင်မှု အသင်း
ဦးအောင်ကျော်မိုးက ပြောပါတယ်။

"လိုအပ်သူတွေ အရစ်ကျဝယ်"
====================

အိမ်ခြံမြေဈေးကွက်ကျနေချိန်မှာ မရှိမဖြစ် အိမ်လိုအပ်သူတွေ၊
အိမ်ငှားပြီး နေရသူတွေဈေးကျနေချိန်မှာ ပိုပြီးဝယ်ယူသူတွေ
တွေ့နေရပါတယ်။

ဝန်ထမ်းတွေဆိုရင် အရစ်ကျရောင်းတော့ တစ်လချင်းစီပေးရတဲ့
အတွက် ဝယ်ယူသူ များတယ်။ အခုလက်ရှိမှာတော့ ငွေတတ်နိုင်
သူတွေ၊ ဈေးကစားဖို့ ဝယ်ယူသူတွေမဟုတ်ဘဲ အမှန်တကယ်
လိုအပ်တဲ့သူတွေ ဝယ်ယူမှုများတာလို့ သိရပါတယ်။

"လက်ငင်းထက် ဈေးများ"
=================

အရစ်ကျရောင်းချတာက လက်ငင်းထက်ပိုပြီးဈေးများတယ်။
လုပ်ငန်းရှင်တွေက သူတို့ရဲ့ကုန်ကျစရိတ်၊ ဘဏ်တိုးတွက်ပြီး
တော့မှ အမြတ်ငွေတင်ပြီးရောင်းချတဲ့ သဘောဖြစ်တယ်။

ဥပမာစရိတ်စက အားလုံးသိန်း ၁၀ဝ လောက် ကုန်ကျတယ်
ဆိုရင် သိန်း ၁၁၀၊ ၁၂၀ တင်ပြီးရောင်းကြတယ်။

"သတိထားသင့်"
===========

ကြိုပွိုင့် ဒါမှမဟုတ်အရစ်ကျဝယ်ယူလိုတဲ့ ကာစတန်မာတွေ
အနေနဲ့ မိမိဝယ်ယူလိုတဲ့ တိုက်ခန်း ဒါမှမဟုတ် ကွန်ဒိုတွေကို
ဘယ်လိုပြီးဆုံးအောင် တည်ဆောက်မယ်ဆိုတာကို
ကန်ထရိုက် ဒါမှမဟုတ် စည်ပင်၊ ဒါမှမဟုတ်ဘဏ် တစ်ခုခုရဲ့
အာမခံချက်ရှိမှသာဝယ်သင့်တယ်။

တိကျသေချာတဲ့ အာမခံချက်မရှိဘူးဆိုရင် မဝယ်သင့်ကြောင်း၊
ရောင်းသူနဲ့ ဝယ်သူကြားမှာ ယုံကြည်ရလောက်တဲ့
အထောက်အထားတွေ၊ စာချုပ်စာ တမ်းတွေရှိမှ
အရောင်းအဝယ်လုပ်ဆောင်သင့်ကြောင်း ဇလပ်ပွင့် အိမ်ခြံမြေ
အကျိုးဆောင် CEO & Founder ဦးမျိုးမြင့်အောင်က
အကြံပြုပြောကြားပါတယ်။

(မေသက်)

***

၂။ "အရစ်ကျတိုက်ခန်း ဝယ်မယ်ဆိုရင် သိထားသင့်သည်များ"

တိုက်ခန်းဝယ်တော့မယ်ဆိုရင် အစိုးရကရောင်းနေတာကို
အရစ်ကျစနစ်နဲ့ဝယ်တာတွေ၊
ကန်ထရိုက်တိုက်ဝယ်ယူတာတွေနဲ့ ပုဂ္ဂလိကရောင်းနေတာကို
အရစ်ကျစနစ်နဲ့ ဝယ်ယူတာတွေ ရှိတယ်လို့ သိရပါတယ်။

ကန်ထရိုက်တာဆီကနေဝယ်ယူမယ်ဆိုရင်
- ကန်ထရိုက်စာချုပ်တွေရယ်၊
- စည်းကမ်းချက်နဲ့အညီဆောက်နိုင်မလားဆိုတာတွေရယ်၊
- နောက်မိမိဝယ်ယူထားတဲ့ တိုက်ခန်းတွေကို နောက်ထပ်
တစ်ယောက်ကို ရောင်းချထားခြင်း ရှိမရှိဆိုတာကို သေချာ
သိထားရမှာဖြစ်ပါတယ်။

ကန်ထရိုက်တာတွေရောင်းတဲ့တိုက်ခန်းတွေက
နှစ်ယောက်ရောင်း၊ သုံးယောက် ရောင်းတွေနဲ့ ပြဿနာတွေ
တက်နေတာလည်းဖြစ်ပါတယ်။ ဒါတွေက အများဆုံးကြုံတွေ့
နေရတာလည်းဖြစ်ပါတယ်။

ကုမ္မဏီတွေကရောင်းတာတွေကို ဝယ်ယူမယ်ဆိုရင်လည်း
- သည်ကုမ္မဏီက တကယ်ရှိလား မရှိဘူးလားဆိုတဲ့
နောက်ကြောင်းတွေကိုသေချာစုံစမ်းသင့်တာလည်း
ဖြစ်ပါတယ်။
- တကယ်လို့ ကုမ္မဏီတွေက ရောင်းချတာတွေက အရှုံးပေါ်လို့
ထွက်သွားတယ်ဆိုရင် ဝယ်ယူထားတဲ့သူတွေနစ်နာမှာ
ဖြစ်ပါတယ်။

တိုက်ခန်းဝယ်ယူပြီးပြီဆိုရင်လည်း
- စည်းကမ်း ချက်တွေကိုတောင်းပြီး ဖတ်ကြည့်သင့်ပါတယ်။
- ငွေသွင်းနေတုန်းမှာ စည်းကမ်းချိုးဖောက်ခဲ့ရင်ဘာတွေ
ဖြစ်နိုင်လဲ၊
- တိုက်ခန်းရောင်းချသူဘက်က ဘာတွေလုပ်ကိုင်နိုင်ပြီးတော့
မိမိကိုယ်တိုင်လည်း ဘယ်လိုလိုက်နာကာကွယ်သင့်လဲ
ဆိုတာကို ကြိုတင်စဉ်းစားပြီးဝယ်ယူဖို့လိုတာလည်း
ဖြစ်ပါတယ်။

(အမေးအဖြေ)
==========

မေး။ ။ အရစ်ကျတိုက်ခန်းရောင်းတာတွေမှာ ဝယ်သူတွေက
သွင်းရမယ့်ငွေကို အပြည့်မသွင်းဘဲ ပျက်ကွက်ခဲ့ရင်
ရောင်းသူတွေဘက်က ဘာတွေလုပ်လို့ရလဲ။

ဖြေ။ ။ သူတို့စည်းကမ်းချက်တွေကို အရင်ဆုံးဖတ်ကြည့်
သင့်တယ်။ အစိုးရဆီကပဲ ဝယ်ယူသည်ဖြစ်စေ၊ ပုဂ္ဂလိက
ကုမဏီတွေက ရောင်းတာတွေကို ဝယ်ယူသည် ဖြစ်စေ
ကိုယ့်ကို တိုက်ခန်းပေးအပ်ထားပြီးတော့ နှစ်ဘယ်လောက်
အတွင်းမှာ  ဆပ်ရမယ်ဆိုတာကို တိုက်ခန်းတွေဝယ်ယူတဲ့
အခါမှာ ကြိုသိသင့်တယ်။

နောက်တစ်ချက်က ချမှတ်ထားတဲ့ စည်းကမ်းချက်တွေက
ဘာတွေလဲ၊

ပေးဆောင်နေရင်းနဲ့ အိမ်ထောင်ဦးစီးက ဆုံးသွားလို့
နောက်ထပ်ဆက်ခံမယ့်သူက ဆက်သွင်းဖို့ အခက်အခဲ
ဖြစ်တာပဲဖြစ်ဖြစ် စည်းကမ်းချက် ဖောက်ဖျက်ရင် ဥပဒေနဲ့
ငြိစွန်းနိုင်တယ်။

အဲသည်စည်းကမ်းချက်တွေ ဖောက်ဖျက်ရင် ဘယ်လိုအရေးယူ
လို့ရတယ်ဆိုတာကို သိထားပြီးမှ ဝယ်ယူသင့်ပါတယ်။

မေး။ ။ ငွေမသွင်းရင်တိုက်ခန်းတွေ ပြန်သိမ်းတာတွေ
လုပ်လို့ရနိုင်လား။

ဖြေ။ ။ အဲဒါက ဘာနဲ့ ဥပမာပေးရမလဲဆိုရင် မော်တော်ကား
မောင်းတဲ့ သူတွေလိုပေါ့။ စရန်ငွေတင်ပြီး မောင်းကြတယ်။
တစ်စုံတစ်ခု ဖြစ်တယ်ဆိုရင် ကားပြန်သိမ်းတာတို့ ၊ စရန်ငွေ
ဆုံးတာတွေပါ ဖြစ်လာနိုင်တယ်။ အဲသည်လိုမျိုးပဲပေါ့။

တိုက်ခန်းတွေမှာလည်း ပြန်သိမ်းတာတွေ ပြုလုပ်လို့ရတယ်။
ဒါမှမဟုတ် တိုက်ခန်းတွေကို အရစ်ကျနဲ့ဝယ်ပြီးရင်
တခြားသူတွေကို ပြန်ရောင်းတာတွေ၊ ပေါင်တာတွေ၊ ငွေဆက်
မသွင်းတော့ဘူးဆိုရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ
ဖြစ်လာပြီး ဥပဒေအရ အရေးယူတာ တွေကို ခံရမှာလည်း
ဖြစ်ပါတယ်။

မေး။ ။ သတ်မှတ်ထားတာတွေအပြင် ဘာတွေ ထပ်သိထားဖို့
လိုအပ်လဲ။

ဖြေ။ ။ ကိုယ်ကအရစ်ကျဝယ်ထားတယ်ဆိုရင် ဘယ်နှနှစ်သွင်း
ရတယ်၊ ဘယ်လိုသွင်းရမယ်၊ ဘာတွေနဲ့ ချိတ်ဆက်သွင်းရမယ်
ဆိုတာကို သိထားဖို့လိုတယ်။

သူတို့ သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို ဖောက်ရင် ဘယ်လို
အရေးယူခံရမှာတွေကိုလည်း ကြိုသိထားသင့်ပါတယ်။

(လိမ္မာ)

credit -  Kumudra Journal

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0

1 comment:

  1. အကျိုးဆောင်တွေဘက်ကလဲ ရိုးမဘဏ်နဲ့ ချိတ်ဆက်၀ယ်ယူတဲ့အပေါ် ဘယ်လိုတွေရှိတယ်ဆိုတာ ရောင်းတဲ့သူတွေကို ရှင်းပြထားသင့်တယ်လို့ ထင်ပါတယ် လုံးချင်းအိမ်၀ယ်ယူတာနဲ့ပတ်သတ်ပြီး ရောင်းသူတွေက ဘဏ်နဲ့ချိတ်ဆက်ရင် ဘာတွေလုပ်ရမယ်ဆိုတာ သိပ်မသိကြသေးဘူးလို့ ထင်ပါတယ် သူတို့တွေလဲ သိထားအောင် အကျိုးဆောင်တွေက ရှင်းပြပေးနိုင်ရင် ပိုအကျိုးရှိမယ်ထင်ပါတယ်

    ReplyDelete