“မင်းမဲ့စရိုက်ဆန်လာသော ကျူး များ”
၁။ "ပဲခူးတွင် ကျူးကျော်မြေကွက်ရိုက်ရောင်းမှု
လက်နက်များဖြင့် အုပ်စုဖွဲ့ပြုလုပ်"
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ဥဿာမြို့သစ် ဟံသာဝတီ
မြို့ရိုးနှင့် ကျုံးဟောင်းနေရာများတွင် အုပ်စုဖွဲ့ တုတ်ဓား
လက်နက်များ ကိုင်ဆောင်ပြီး ရှေးဟောင်းသုတေသန
ဦးစီးဌာနပိုင် မြေနေရာများနှင့် မြေလွတ်မြေလပ်များကို
ကျူးကျော်ကာ မြေကွက်ရိုက် ရောင်းချမှုများ ပိုမို များပြား
လာကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းကဲ့သို့ ရောင်းချမှုမှာ လွန်ခဲ့သော သုံးလကျော်
(၂၀၁၆ ခုနှစ် အောက်တိုဘာ)မှ စတင်ခဲ့ပြီး ယခင်က
မြို့သစ်အနီးတစ်ဝိုက်တွင်ကျူးကျော်ကာ ရောင်းချခဲ့သော်
လည်း ယခုအခါ ပဲခူးမြို့၏နေရာအနှံ့ကို ကျုးကျော်လာပြီး
ရပ်ကွက်များအနီးပင် ရောက်လာကြောင်း ဒေသခံများက
ပြောကြားသည်။
“အရင်တုန်းက မြေလွတ်မြေလပ်နဲ့ ဌာနပိုင်မြေတွေကို
ကျူးကျော်တာ။
အခုက ပိုင်ရှင်ရှိပြီး လူလာမစောင့်ရှောက်နိုင်တဲ့ မြေတွေ
ကိုပါ သူတို့က အကွက်တွေရိုက်၊ ခြံစည်းရိုးတွေ ခတ်ပြီး
ရောင်းနေတာ၊
ခြံခတ်နေတာကိုမြင်လို့ မေးမြန်းရင် ရိုက်မောင်း ပုတ်မောင်း
လုပ်သလို တိုင်ချင်ရာတိုင် ပြောလွှတ်တယ်”ဟု
ပဲခူးမြို့ ဥဿာမြို့သစ် ရပ်ကွက်ကြီး ၇ တွင် နေထိုင်သော
ဦးတေဇာလင်းက ပြောကြားသည်။
ပဲခူးမြို့ပေါ်တွင် ကျုးကျော်နေထိုင်သူများမှာ သနပ်ပင်မြို့
ရှိ ကျေးရွာအချို့မှ စစ်တောင်းမြစ်ကမ်းပါး ပြိုကျမှုကြောင့်
ရွှေ့ပြောင်းလာသူများလည်းရှိပြီး အချို့မှာ စီးပွားရေး
လုပ်ငန်းသဖွယ် အုပ်စုဖွဲ့ တုတ်ဓားများ ကိုင်ဆောင်ကာ
ဝါးလုံးများဖြင့် ခြံခတ်ကာ တဲသာသာ လူနေအိမ်များ
ဆောက်ကာ မြေတစ်ကွက်လျှင် ကျပ်တစ်သိန်းမှ သုံးသိန်း
အထိ သတ်မှတ်ကာ ရောင်းချနေကြောင်း ယင်းနေရာများ
အနီးတွင် နေထိုင်သူများက ပြောဆိုသည်။
“အခု ကျူးကျော်နေတဲ့သူတွေက အရင်သုံးလေးနှစ်က
တိုင်းအစိုးရက ငွေကြေး ထောက်ပံ့တာ၊ မြေနေရာ အစားထိုး
ပေးတာမျိုးလုပ်ပြီး ရှင်းမှာကိုမျှော်လင့်ပြီး အုပ်စုဖွဲ့ ကျူးနေတာ၊
ခုချိန်မှာ မြေနေရာ အစားထိုးပေးဖို့ မရှိသလို ငွေကြေးလည်း
ထောက်ပံ့ဖို့လည်း မရှိဘူး၊ ဥပဒေအတိုင်းပဲ ရှင်းလင်းသွား
မှာပါ”ဟု ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ
တစ်ဦးက ပြောကြားသည်။
ပဲခူးမြို့ ဟံသာဝတီမြို့ရိုးဟောင်း နန်းတော်ရာ ရပ်ကွက်
ကျုံးဧရိယာနှင့် ကျွန်းသာယာရပ်ကွက်များမှ ကျုးကျော်
နေထိုင်သူများကို ဖေဖော်ဝါရီလ တတိယပတ်ခန့်မှ
စတင်ကာ ကျုးကျော်နေထိုင်မှု ရပ်ဆိုင်းရန် အကြောင်းကြားစာ
ပေးပို့ထားကြောင်း၊ မဖယ်ပေးပါက ဒုတိယအဆင့်အနေနှင့်
တရားစွဲဆိုမည်ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များဖြင့် ဖယ်ရှားမည်
ဖြစ်ကြောင်း၊ပဲခူး တိုင်းဒေသကြီး ကျူးကျော်ရှင်းလင်းရေး
ကော်မတီမှ ထုတ်ပြန်ချက်အရ သိရှိရသည်။
ပဲခူးမြို့ပေါ်ရှိ ကျုးကျော် နေထိုင်နေသူများကို ဖယ်ရှားပေးရန်
နို့တစ်စာ ထုတ်ပြန်ပေးထားပြီး တားမြစ်ချက်ကို ဖောက်ဖျက်
ပါက တည်ဆဲဥပဒေများဖြင့် အရေးယူမည်ဖြစ်ကြောင်း
ကျူးကျော်ရှင်းလင်းရေး ကော်မတီအဖွဲ့ဝင် တိုင်းဥပဒေအရာရှိ
ဦးအုန်းသန်းက ပြောကြားသည်။
ပဲခူးမြို့ နန်းတော်ရာရပ်ကွက် ဟံသာဝတီ မြို့ရိုးဟောင်းနှင့်
ကျူံးနေရာ၊ ကျွန်းသာယာရပ်ကွက် ဒက္ခိဏသာခါ ဘုန်းတော်
ကြီးကျောင်း နောက်ကျောဖက် နေရာများတွင် ကျူးကျော်
နေထိုင်သော အိမ်ခြေ တစ်ထောင်ခန်ရှိပြီး အများစုမှာ
ပေ ၂၀၊ ပေ ၃၀ အထိ မြေကွက်ရိုက်ကာ ခြံစည်းရိုးခတ်ပြီး
မြေကွက် ရောင်းချနေသူများသာ ဖြစ်ကြောင်း ဒေသခံများ
က ပြောကြားသည်။
***
၂။ "စက်မှုဇုန် စက်ရုံရှေ့မှာ တဲထိုးကြတဲ့ လယ်သမား
ဆိုသူများ"
ရန်ကုန်မြို့ ရွှေလင်ပန်းစက်မှုဇုန်ရဲ့ ဆယ်ခုထက် မနည်းတဲ့
စက်မှုလုပ်ငန်းတွေ၊ စက်ရုံတွေရဲ့ရှေ့မှာ အုတ်တံတိုင်းကို
အမှီပြုကာ ဝါးလုံးတွေ၊ တာလပတ်တွေနဲ့ ကျူးအိမ်သဖွယ်
အုပ်စုလိုက် တဲလိုက်ထိုးပြီးနေတဲ့ လယ် သမားအမည်ခံ
ထားတဲ့ လူတန်းစားတစ်ရပ်ပေါ်ပေါက်လာပါတယ်။
စက်ရုံတွေရဲ့ ရှေ့မှာပိတ်ဆို့ နေထိုင်တဲ့ အဲသည်လယ်သမား
ဆိုသူတွေကို မြန်မြန်ထွက်သွားဖို့ စက်မှုလုပ်ငန်းရှင်တွေဟာ
ငွေလမ်းခင်းနေကြရပါတယ်။
"လယ်သမားဆိုသူတွေကို သိန်း ၁၀ဝကနေသိန်း ၁၂၀ အထိ
ပေးပြီး ဖြေရှင်းခဲ့ရတယ်၊ လုပ်ငန်းရှင်တွေက မြန်မြန်ပြီးရင်
ပြီးရောဆိုပြီး ငွေတွေပေးကြတယ်” လို့ စက်မှုဇုန်လုပ်ငန်းရှင်
များအသင်းရဲ့ ဒုဥက္ကဋ္ဌ ဦးအေးသောင်းက ပြောပါတယ်။
အဲသည် လယ်သမားဆိုသူတွေဟာ ၂၀၁၅ခုနှစ်ကုန်ခါနီးမှာ
ပေါ်ပေါက်လာတာဖြစ်ပြီး စက်မှုဇုန်လုပ်ငန်းတွေရှေ့မှာ
ပိတ်ဆို့နေထိုင်လို့ ပိုင်ရှင်တွေ၊ တာဝန်ရှိသူတွေက စကား
ထွက်ပြောရင် သိပ်မကြာခင်မှာ လူအယောက် ၅၀ လောက်
ရှိတဲ့ လူအုပ်ကြီးဖြစ်သွားတတ်ပါတယ်။
ဆန္ဒပြမယ်၊ အခုစက်ရုံဆောက်ထားတဲ့ မြေက သူတို့မူရင်းပိုင်
မြေစတဲ့ ကြွေးကြော်သံတွေကို အော်ဟစ်တတ်ကြပါတယ်။
လည်ပတ်နေတဲ့ စက်ရုံအရှေ့ မှာ တဲထိုးပြီး နေရာအပြည့်
ယူထားလို့ စက်ရုံအတွင်းကားတွေအပြင် ထွက်မရတာတွေ ၊
အပြင်လူ အထဲ ဝင်လို့ မရတာတွေကြောင့် သောက်စရာ
ရေမရှိတာတွေ၊ အလုပ်သမားတွေ အလုပ်ဆင်းလို့ မရတာ
တွေကို ကြုံတွေ့လာရပါတယ်။
"တစ်ယောက်ဆိုရင် သိန်း ၁၂၀ ပေးလိုက်ရတယ်၊
တောင်းတဲ့သူက သိန်း ၃၀ဝ တောင်းတာ”လို့
ဦးအေးသောင်းက ပြောပါ တယ်။
လယ်သမားဆိုသူတွေ၊ မြေပိုင်ရှင်ဆိုသူတွေဟာ
အမှန်တကယ် စက်မှုဇုန်လုပ်ငန်းရှင်တွေဆီက လျော်ကြေးရရှိ
ပြီးသားသူတွေဖြစ်သလို တရားမဝင်နေထိုင်တဲ့ လယ်မြေတွေ
ကို စက်မှုဇုန်လုပ်ကိုင်ဖို့ သိမ်းဆည်းစဉ်ကလည်း ကာလ
ပေါက်ဈေးအတိုင်း လျော်ကြေးပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင်
ပြန်လည်အခြေချနေထိုင်ဖို့ နေရာသစ်တွေကိုလည်း
အကွက် ရိုက်ပြီးချပေး ခဲ့ပြီးဖြစ်ပါတယ်။
ဖြေရှင်းနေဆဲ
---------------
လောလောဆယ် လယ်သမား ဆိုသူတွေနဲ့ စက်ရုံပိုင်ရှင်ကြား
ဖြစ်နေတဲ့ အမှုစုစုပေါင်း ၁၀မှုရှိနေပြီး နှစ်မှုဟာ ဖြေရှင်းနေဆဲ
ဖြစ်ပါ တယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ဒုတိယသမ္မတဦးမြင့်ဆွေနဲ့
စက်မှုဇုန်လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံတဲ့ အခါမှာ
တော့ လယ်သမားဆိုသူ တွေရဲ့လာရောက်ကျူးကျော်နေတဲ့
ပြဿနာတွေကို တင်ပြခဲ့ကြပါ တယ်။
ဥပဒေအရ လျော်ကြေးပေးပြီး အစိုးရက သိမ်းဆည်းထားတဲ့
လယ်မြေတွေကို စက်မှုဇုန်အဖြစ် အကောင်အထည် မဖော်ဘူး
ဆိုရင် မူလပိုင်ရှင် လယ်သမားက အထောက်အထားနဲ့
တိုင်ကြားပြီး ပြန်တောင်းယူနိုင်တယ်လို့စက်မှုဇုန် စီမံခန့်ခွဲရေး
ကော်မတီက ပြော ထားပါတယ်။
လက်ရှိစက်မှုဇုန်တွေရှေ့မှာ တဲထိုးပြီးနေတဲ့ လယ်သမားတွေ
မှာ အရင်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ထောက်ခံပေးခဲ့တဲ့
အထောက်အထားကိုသာ ပြနိုင်တယ်လို့ ဦးအေးသောင်းက
ပြောပါတယ်။
ရဲစခန်းကို တိုင်ကြားခဲ့တဲ့ အခါမှာလည်း ရဲလုပ်ငန်းစဉ်နဲ့
မပတ်သက်တဲ့အတွက် လာရောက်ဖယ်ရှားပေးခြင်းမရှိဘဲ
အမှုဖွင့်တိုင်ကြားဖို့ကိုသာ ပြောခဲ့တယ်လို့ သိရပါတယ်။
လယ်ယာမြေကိစ္စဆိုရင် ဗဟို၊ ခရိုင်၊ ပြည်နယ်၊ တိုင်း၊ မြို့နယ်
မှာ လယ်ယာမြေနဲ့ အခြားမြေများ သိမ်း ဆည်းခံရမှု ပြန်လည်
စိစစ် ရေးကော်မတီ ရှိပါတယ်။
လယ်ယာမြေဆိုရင် သည်ကော်မတီမှာ တင်ပြပြီး ကော်မတီရဲ့
အဆင့်ဆင့် စစ်ဆေးရတဲ့ ကိစ္စတွေကို လယ်သမားတွေအနေ
နဲ့ နာခံဖို့လိုတယ်လို့ လှိုင်သာယာလွှတ်တော်မဲဆန္ဒနယ်(၂)
က ဦးမြတ်မင်းသူက ပြောပါတယ်။
စက်မှုဇုန်လုပ်ငန်းရှင်တွေက ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို
တိုင်ကြားတဲ့အခါ ရန်ကုန်တိုင်းဘဏ္ဍာရေး၊ စီမံကိန်းနှင့်
စီးပွားရေးကော်မတီရွှေလင်ပန်းစက်မှုဇုန်ကော်မတီ က
ကြားနာခဲ့တယ်လို့ ဆိုပါတယ်။
တဖြည်းဖြည်း ငွေကြေးလျော်ကြေးခပ်များများ ရမှန်းသိလာ
တဲ့ အခါ လယ်သမားဆိုသူတွေဟာ ပိုက်ဆံပေးဖို့ကို အဓိက
တောင်းကြတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ စက်မှုဇုန်လုပ်ငန်းရှင်တွေနဲ့ အမှုတစ်ခုဖြစ်တိုင်း
အရင်က အခြားအမှုမှာ ပါဝင်ဦးဆောင်ခဲ့သူတွေ ချည်းပဲ
ထပ်ပြီး ပါဝင်နေတာကို လုပ်ငန်းရှင်တွေ ကြုံတွေ့ရပါတယ်။
သည်လူတွေပဲ
---------------
"တစ်ခါလာလဲ ဒီလူတွေ နောက်တစ်ခါလာလဲ ဒီလူတွေဆို
တော့ မဟုတ်တော့ဘူး၊ အဲဒါကြောင့် ငွေပေးပြီး မဖြေရှင်း
ခိုင်းဘူး”လို့ ဦးအေးသောင်းက ပြောပါ တယ်။
ရေရှည်လုပ်ငန်းရပ်ထားရလို့ နစ်နာနေတဲ့ လုပ်ငန်းရှင်တွေ
ကတော့ ငွေပေးပြီး ခပ်မြန်မြန်ဖြေ ရှင်းလိုက်ကြပါတယ်။
လုပ်ငန်းရှင်တစ်ဦးက ငွေပေးလိုက်ရင် နောက်တစ်နေရာမှာ
လုပ်ငန်းရှင်နောက်တစ်ဦးကို အဲသည်လူတွေကပဲ ထပ်မံ
ငွေတောင်းခံတာကို ကြုံ တွေ့ရပါတယ်။
ငွေကြေးပေးပြီး ဖယ်ရှားခိုင်းတဲ့အခါမှာလည်း သေချာတဲ့
ငွေပေးမှုဖြစ်အောင် လက်ဗွေထုလက်မှတ်ထိုးခိုင်းတာတွေ
ကို အခမ်းအနားနဲ့ မှတ်တမ်းတင်ပြုလုပ်ရပါတယ်။
အဲသည်လို ပြုလုပ်မှသာ နောက်ထပ်ပြုလုပ်လို့မရမှာ
ဖြစ်တယ်လို့ ဦးအေးသောင်းက ဆက် ပြောပါတယ်။
လယ်သမားဆိုသူ အချို့ဟာလည်း လတ်တလော
လယ်သမား ကော်မတီမှာ လယ်သမားဆိုပြီး မှတ်ပုံတင်တာ
တွေ ရှိလာတယ်လို့ သိရပါတယ်။
"အခုမပြီးပြတ်သေးတဲ့အမှု နှစ်ခုကလူတွေက လယ်သမား
ဆိုပြီး လယ်သမားကော်မတီမှာ မှတ်ပုံတင်ထားတာရှိတယ်”
လို့ ဦးမြတ်မင်းသူက ပြောပါတယ်။
လယ်သမားတွေအနေနဲ့ လယ်ယာမြေနဲ့ အခြားမြေများ
သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီရဲ့ စစ်ဆေးချက်
တွေကို စောင့်သင့်ပြီး ကော်မတီက လယ်သမားတွေကို
အသိအမှတ်ပြု ဖို့ အဆင့်ခုနစ်ဆင့်နဲ့ စိစစ်တာ ဖြစ်ပါတယ်။
ကော်မတီအနေနဲ့ အရင်အစိုးရတုန်းက ဘယ်လိုသိမ်းခဲ့တယ်။
ဘယ်နှဧက သိမ်းထားတယ်ဆိုတာကို ကွင်းဆင်းလေ့လာပြီး
အချက်အလက်တွေကို အရင်စိစစ်ရတယ်။ နောက်ပြီးမှ
မြို့နယ်ကို ပြန်တင်ပေးရတယ်။ အဲသည်က တစ်ဆင့်တိုင်း၊
ခရိုင်တွေကို တစ်ဆင့်ချင်းဆီတက် ဆောင်ရွက်တယ်လို့
သိရပါတယ်။
အဲသည်ကတစ်ဆင့်ပြီး တစ်ဆင့်ဆောင်ရွက်တာကို လယ်သမား
တွေက စောင့်ပေးဖို့လိုတယ်။ လယ်သမားတွေက မစောင့်ဘဲနဲ့
စက်ရုံအဝမှာပိတ်ဆို့တာတွေ ဖြစ်လာတယ်။ တချို့လယ်သမား
တွေက လယ်သမားအမည်ခံပြီး လုပ်လာတာတွေလည်း
ရှိတယ်လို့ ဦးမြတ်မင်းသူက ဆက်ပြောပါတယ်။
လှိုင်သာယာမြို့နယ်အတွင်းမှာ တချို့လွတ်လပ်တဲ့ မြေတွေရဲ့
အရှေ့မှာ လယ်သမားကြီး ဘယ်သူပိုင်တယ်ဆိုတဲ့ ဆိုင်းဘုတ်
တွေ လာရောက်ထောင်ထားကြပါတယ်။
စက်မှုဇုန်ဆိုတာက အရင်အစိုးရက လယ်မြေတွေကို ပုံသဏ္ဍာန်
အမျိုးမျိုးနဲ့ သိမ်းခဲ့တာကြောင့် လယ်သမားတွေအနေနဲ့ အဲသည်
တုန်းကတော့ နစ်နာခဲ့တာတွေ ရှိပါတယ်။ နစ်နာခဲ့တဲ့
လယ်သမားတွေ ပြန်လည်လျှောက်ကြပါလို့ လက်ရှိအစိုးရက
ပြောတဲ့အခါမှာ လယ်သမားတွေက ပြန်လျှောက်ကြပါတယ်လို့
ဦးမြတ်မင်းသူက ပြောပါတယ်။
လက်ရှိအစိုးရလက်ထက်မှာ ခြောက်လအတွင်း အကောင်
အထည်မဖော်ရင် မြေတွေကို ပြန်လည်သိမ်းမယ်ဆိုတဲ့အတွက်
အချို့နေရာတွေမှာလည်း ပိုင်ရှင်တွေက လုပ်ငန်းပြန်လုပ်တယ်။
အကောင်အထည်ထဖော်ခဲ့တယ်။ စက်မှုဇုန်တွေကို အကောင်
အထည်ဖော်တဲ့အခါကျမှ လယ်သမားဆိုသူတွေက ဝင်တား
ကြတာဖြစ်တယ်လို့ ဦးမြတ်မင်းသူက ပြောပါတယ်။
မင်းမဲ့စရိုက်ဆန်
-----------------
မြေယာကိစ္စနဲ့ပတ်သက်ပြီး လယ်သမားတွေကို တကယ်နစ်နာ
တယ်ဆိုရင် တိုင်ကြားခွင့်ရှိပေမဲ့ တရားဝင်တိုင်ကြားတာမျိုး
မလုပ်ဘဲ ပိတ်ဆို့ငွေတောင်းခံတာကိုပဲ ပြုလုပ်လေ့ရှိတယ်လို့
သိရတယ်။
အခုနောက်ဆုံးဖြစ်နေတဲ့ အမှုဆိုရင် ရွှေလင်ပန်းစက်မှုဇုန်ရဲ့
မြတ်နဒီပလတ်စတစ်စက်ရုံရှေ့မှာ လယ်သမားဆိုသူတွေက
တစ်လ ကျော်ကြာအထိ ပိတ်ဆို့နေထိုင်နေပြီး ညှိနှိုင်းတဲ့အခါ
မှာ ကျပ် ၁၂၅ သိန်းနဲ့ ပြေလည်ခဲ့တယ်။
ကျပ် ၂၅သိန်းကို စရန်ပေးပြီး နောက် နောက်ထပ်သိန်း၁၀ဝ
ကို ပေးဖို့လုပ်နေချိန်မှာ ရန်ကုန်တိုင်း ဘဏ္ဍာရေး၊ စီမံကိန်းနှင့်
စီးပွားရေး ကော်မတီရဲ့ ဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်
ဒေါ်စန္ဒာမင်းက ငွေကျပ် ၂၅သိန်းကို လုပ်ငန်းရှင်က ပြန်ယူဖို့
သိန်း ၁၀ဝကို ထပ်မပေးဖို့ ညွှန်ကြားခဲ့ပါတယ်။
အဲသည်အမှုနဲ့ ပတ်သက်ပြီး ဒေါ်စန္ဒာမင်းရဲ့ ပြောဆိုချက်က
စက်ရုံမှာ ပိတ်ဆို့မှုဟာ လယ်ယာ မြေကိစ္စမဟုတ်ဘဲ
မင်းမဲ့စရိုက် ဆန်ဆန် အနိုင်ကျင့်ဗိုလ်ကျမှုလို့ သုံးသပ်တာ
ကြောင့် အဲသည်လို ညွှန်ကြားခဲ့တာဖြစ်တယ်လို့ မှတ်တမ်း
တင်ထားပါတယ်။
အမှုကို ရန်ကုန်တိုင်းဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး
ကော်မတီကနေ ဆက်လက်ကိုင်တွယ်နေဆဲဖြစ်တယ်လို့ သိ
ရပါတယ်။
ပလတ်စတစ် စက်ရုံအမှုနဲ့ ပတ်သက်ပြီး စက်မှုဇုန်ကော်မတီနဲ့
အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ ပေါင်းပြီး အထူးကိစ္စတစ်ရပ်
အနေ နဲ့ ဆောင်ရွက်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။
ဒေါ်စန္ဒာမင်းက စက်မှုဇုန်တွေမှာ အခုဖြစ်စဉ်တွေကို တာဝန်ရှိသူ
အဆင့်ဆင့်ကိုတင်ပြပြီး အထူးကိစ္စရပ်အနေနဲ့ ဥပဒေပြဋ္ဌာန်း
ပေးပြီး ဆက်လက်ဆောင်ရွက်မှာ ဖြစ်တယ်လို့
ပြောဆိုခဲ့ပါတယ်။
လှိုင်သာယာစက်မှုဇုန်မြေကို ၂၀ဝ၅ခုနှစ်က လယ်သမားတွေ
ဆီကို ကာလပေါက်သီးနှံ လျော်ကြေး တစ်ဧက ၂၀,ဝ၀ဝ
ပေးပြီး ဖယ်ရှား ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးမှာ စက်မှုဇုန် စုစုပေါင်း ၂၉ ခုရှိပြီး
လှိုင်သာယာရွှေလင်ပန်းစက်မှုဇုန်မှာ အခုလို တဲထိုးပြီး
ရောက်လာတဲ့ လယ်သမားတွေရဲ့ ပြဿနာကို မကြာခဏ
ကြုံတွေ့ရတာဖြစ်တယ်။
ရွှေလင်ပန်းစက်မှုဇုန်ထဲက မြေတွေကို ၂၀ဝ၅ခုနှစ်က စက်မှု
ဇုန် လုပ်ငန်းရှင်တွေအနေနဲ့ တစ်ဧကကို သိန်း၉၀နဲ့ လမ်းဖိုး၊
မီးဖိုး သိန်း ၃၀စုစုပေါင်း သိန်း၁၂၀နဲ့ အစိုးရဆီက ဝယ်ယူ
ခဲ့တယ်လို့ သိရပါတယ်။
လှိုင်သာယာရွှေလင်ပန်းစက်မှုဇုန်မှာဖြစ်တဲ့ ကိစ္စတွေကို
ဇန်နဝါရီလအတွင်းရန်ကုန်တိုင်းဘဏ္ဍာရေး၊စီမံကိန်းနှင့်
စီးပွားရေးကော်မတီကကွင်းဆင်းစစ်ဆေးပါတယ်။
ဖေဖော်ဝါရီ ၂ရက်နေ့မှာ စက်မှုဇုန်လုပ်ငန်းရှင်တွေ၊လယ်သမား
တွေ၊သက်ဆိုင်ရာဌာနဆိုင်ရာတွေ နေပြည်တော်မှာ ဆွေးနွေး
ခဲ့တယ်လို့သိရပါတယ်။
"လက်ရှိ အခြေအနေအထိ တော့ စက်မှုဇုန်နဲ့ လယ်သမား
ကြားမှာရှိတဲ့ ကိစ္စ အကောင်အထည်ဖော်တာ မရှိသေးဘူး”
လို့ ဦးအေးသောင်းက ပြောပါတယ်။
(မို့မို့သန္တာ)
***
၃။ "ဝယ်ယူထားတဲ့ မြေပေါ်မှာ ကျူး ကျော်နေထိုင်သူတွေ
ရှိနေရင် ဘယ်လို ဆောင်ရွက်မလဲ။"
- သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ် ရေးမှူး၊ ဆယ်အိမ်မှူး
စတာတွေကို အသိ ပေးပြီး
- ခြံခတ်တံခါးပိတ်ထားသင့်ပါတယ်။
- မြေပေါ်မှာ ကျူးကျော်သူရှိနေပြီ ဆိုရင်တော့ သက်ဆိုင်ရာ
ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးတွေနဲ့
အဆောက်အအုံ ဖယ်ရှားပေးဖို့ ညှိနှိုင်းသင့်ပါတယ်။
- အဲသည်လိုမှ ရွှေ့ပြောင်းပေးတာမျိုး မရှိဘူးဆိုရင်တော့
အဆောက်အအုံပေါ်မှာ ၁၄ ရက်အတွင်း ဖယ်ရှားပေးဖို့
နို့တစ်စာကို ရှေ့နေငှားရမ်းပြီး ပေးပို့ညှိနှိုင်းနိုင်ပါတယ်။
- မဟုတ်ရင်တော့အဆောက်အအုံကိုဖျက်ဆီး ဖယ်ရှား
လိုမှုနဲ့ တရားရုံးမှာ တရားစွဲနိုင်မှာ ဖြစ်ပါ တယ်။
(ပြည့်ဖြိုးမြင့်မွန်)
credit - The Voice & Kumudra Journal
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
---------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0
No comments:
Post a Comment