Wednesday, March 1, 2017

“အခွန်နှင့် ပတ်သက်သည့် update သတင်းများ”

“အခွန်နှင့် ပတ်သက်သည့် update သတင်းများ”

၁။ "ရွှေထည်လက်ဝတ်ရတနာဝယ်သူများ
အခွန် ၁ ရာခိုင်နှုန်း ပေးဆောင်ရမည်"

ဖေဖော်ဝါရီ ၂၄ရက်က အတည်ပြုသော ၂၀၁၇ ပြည်ထောင်စု
၏ အခွန်အကောက် ဥပဒေအရ ရွှေထည်လက်ဝတ် ရတနာ
ဝယ်ယူသူများသည် အခွန်၁ ရာခိုင်နှုန်း ပေးဆောင်
ရတော့မည် ဖြစ်သည်။

၂၀၁၇ ဧပြီ ၁ ရက်တွင် စတင် အကျိုးသက်ရောက်မည့်
အခွန်အကောက်ဥပဒေကြမ်းကို ဖေဖော်ဝါရီ ၂၄ ရက်၌
အတည်ပြုခဲ့သည်။

ပြည်ထောင်စုအစိုးရအဖွဲ့ က ရေးဆွဲသော ဥပဒေကြမ်းတွင်
ရွှေထည်လက်ဝတ်ရတနာရောင်းရငွေအပေါ်မှ ကုန်သွယ်
လုပ်ငန်းခွန် ၃ ရာခိုင်နှုန်းကောက်ခံရန် အဆိုပြုပြီး
ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ က
ကုန်သွယ်လုပ်ငန်းခွန်သည် စားသုံးသူပြည်သူများက
ပေးဆောင်ရ၍ ၁ ရာခိုင်နှုန်းသို့ လျှော့ချ ကောက်ခံရန်
အကြံပြုခဲ့သည်။

ယင်းကုန်သွယ်လုပ်ငန်းခွန်ကောက်ခံခြင်းသည် နိုင်ငံတော်
က ကောက်ခံခြင်းဖြစ်၍ ပေးဆောင်ရမည်ဖြစ်ကြောင်းနှင့်
ရိုးရိုးလက်ဝတ်ရတနာဝယ်ယူသည့် ပြည်သူများသည်
တစ်ကျပ်သားလျှင် ကျပ်၇,၀၀၀ ခန့် ပိုမိုပေးရမည်ဟု
အောင်သမာဓိရွှေဆိုင် အထွေထွေမန်နေဂျာ
ဦးမော်က ပြောသည်။

ယင်းဥပဒေကြမ်းနှင့်ပတ်သက်၍ ဖေဖော်ဝါရီ ၁၇ ရက်က
ပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စားလှယ်ဆယ်ဦးက
ဆွေးနွေးပြီး ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
က ရွှေထည်လက်ဝတ်ရတနာအခွန် ၅ ရာခိုင်နှုန်းကောက်ခံ
ရန် အကြံပြုသော်လည်း ဥပဒေကြမ်းပူးပေါင်း ကော်မတီ၏
အကြံပြုချက်အတိုင်း  အခွန် ၁ ရာခိုင်နှုန်းကောက်ခံရန်
အတည်ပြုခဲ့သည်။

ယခင်က ရွှေထည်လက်ဝတ် ရတနာ ရောင်းရငွေအပေါ်မှ
ကုန်သွယ်လုပ်ငန်းအခွန်ပေးဆောင်ရခြင်း မရှိခဲ့ဘဲ ယခု
အတည်ပြုခဲ့သော ၂၀၁၇ ပြည်ထောင်စု၏ အခွန်အကောက်
ဥပဒေအရ ရွှေဝယ်သူများ အခွန် ၁ ရာခိုင်နှုန်း
ပေးဆောင်ရမည် ဖြစ်သည်။

(ထက်အာကာကျော်၊ နန္ဒ)

***

၂။ "၀င်ငွေရလမ်း မပြနိုင်သည့် ငွေများကို စည်းကြပ်မှုမှ
လွတ်ကင်းနေသောငွေအဖြစ် သတ်မှတ်ကာ အခွန်ရာခိုင်နှုန်း
၃၀ ကောက်ခံနေမှု ပယ်ဖျက်မည်ဖြစ်ကြောင်း
စီမံ/ ဘဏ္ဍာဝန်ကြီး ပြောကြား"

ဝင်ငွေရလမ်း မပြနိုင်သည့်ငွေများကို စည်းကြပ်မှုမှ လွတ်ကင်း
နေသော ငွေများအဖြစ် သတ်မှတ်ကာ အခွန်ရာခိုင်နှုန်း ၃၀
အထိ ကောက်ခံနေမှုကို ပယ်ဖျက်သွားမည်ဖြစ်ကြောင်း
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးကျော်ဝင်းက ပြောကြားသည်။

“မကြာခင်မှာ ပြည်တွင်းအခွန်ကနေပြီးတော့ ရလမ်းမဖော်ပြ
နိုင်သော ၀င်ငွေ၊ အဲဒီစကားလုံးကို သေချာကြည့်ရင် ဥပဒေနဲ့
ငြိနေတာကို ငွေဖြူပေးသလို ဖြစ်နေတယ်။ ၀င်ငွေရလမ်း
မဖော်ပြနိုင်တဲ့ ၀င်ငွေဆိုကတည်းက ဘယ်လိုမှ အန္တရာယ်
ကင်းတဲ့ငွေ မဖြစ်နိုင်တော့ဘူး။ ဒါကြီးကို ကျွန်တော်တို့ အခွန်
၃၀ ရာခိုင်နှုန်း ကောက်နေတာကလည်း သူ့ကို ငွေဖြူလုပ်တဲ့
သဘော ဖြစ်နေတယ်။ ဒါကို ကျွန်တော်တို့ ဖယ်ရှားပါမယ်” ဟု
ဦးကျော်ဝင်းက ပြောကြားသည်။

ထိုသို့ ဖယ်ရှားသည့်အတွက် အစီအမံတစ်ခု ပြုလုပ်ထားပြီး
လက်ရှိတွင် စောနေသေးသည့်အတွက် မပြောလိုသေး
ကြောင်း ဦးကျော်ဝင်းက ဆက်လက်ပြောကြားသည်။

ထိုအစီအမံလုပ်ဆောင်ချိန်တွင် ရလမ်းမဖော်ပြနိုင်သော ငွေ
ဆိုသည်မှာ ရှိတော့မည်မဟုတ်ဘဲ ငွေအားလုံးမှာ ငွေဖြူနှင့်
တရားဝင်ငွေများသာ ဖြစ်လာမည်ဟု ဦးကျော်ဝင်းက
ပြောကြားသည်။

၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်း
တွင် ယခင်နှစ်များအတိုင်း စည်းကြပ်မှုမှ လွတ်ကင်းနေသော
ဝင်ငွေအပေါ် အခွန်ရာခိုင်နှုန်း ၃၀ ကောက်ခံရန် ပြဋ္ဌာန်းထား
ပြီး ပုဒ်မ  ၂၃ တွင်
“၀င်ငွေခွန် ဥပဒေပုဒ်မ (၆) နှင့် ၆ (က) အရ သက်သာခွင့်များ
မနုတ်မီ စည်းကြပ်မှုမှ လွတ်ကင်းနေသော ၀င်ငွေအပေါ်
၃၀ ရာခိုင်နှုန်းဖြင့် ၀င်ငွေခွန်စည်းကြပ်ရမည်။
သို့ရာတွင် နိုင်ငံသားမည်သူမဆို အခြေပစ္စည်းတစ်ရပ်ရပ်ကို
ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်းနှင့် လုပ်ငန်းအသစ်
တည်ထောင်ခြင်း၊ လုပ်ငန်းများ ထပ်မံတိုးချဲ့ ဆောင်ရွက်ခြင်း
တို့အတွက် အသုံးပြုသည့် ၀င်ငွေမှဝင်ငွေရလမ်း တင်ပြနိုင်
သည့် ၀င်ငွေရှိပါက  ယင်းဝင်ငွေအား နုတ်ပယ်ပြီး
ကျန်စည်းကြပ်မှုမှ လွတ်ကင်းနေသော ၀င်ငွေအပေါ်တွင်
လည်းကောင်း၊
ဝင်ငွေရလမ်း တင်ပြနိုင်ခြင်း မရှိပါက အသုံးပြုသည့် ၀င်ငွေ
အပေါ်တွင်လည်းကောင်း၊
အောက်ဖော်ပြပါ အခွန်နှုန်းထားများအတိုင်း ၀င်ငွေခွန်
စည်းကြပ်ရမည်။
အသုံးပြုသည့် ၀င်ငွေအားလုံးအပေါ် ၀င်ငွေရလမ်း အတိအကျ
တင်ပြနိုင်ပါက ၀င်ငွေခွန်ထမ်းဆောင်ရန် မလိုပါ။ 
ဤပုဒ်မအရ အခွန်စည်းကြပ်ခြင်းသည် တရားမ၀င်ရရှိသည့်
ပစ္စည်းများ ပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းတို့နှင့် လည်းကောင်း၊
ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေး ဥပဒေအရ အရေးယူသည့်
ကိစ္စရပ်များနှင့်လည်းကောင်း သက်ဆိုင်ခြင်း မရှိစေရ” ဟု
ဖော်ပြထားသည်။

ဝင်ငွေရလမ်း မပြနိုင်သူများအတွက် စည်းကြပ်မှုမှ လွတ်ကင်း
နေသောငွေအဖြစ် အခြေပစ္စည်းတစ်ရပ်ရပ်ကို ၀ယ်ယူခြင်း၊
တည်ဆောက်ခြင်း၊ ရယူခြင်းနှင့် လုပ်ငန်းအသစ် တည်ထောင်
ခြင်း၊ လုပ်ငန်းများ ထပ်မံတိုးချဲ့ဆောင်ရွက်ခြင်းတို့အတွက်
လက်ရှိကောက်ခံနေသည့် နှုန်းထားများအတိုင်း ၂၀၁၇ ခုနှစ်
ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းတွင်
ဆက်လက်သတ် မှတ်ထားကာ
- ၁ ကျပ်မှ ကျပ်သိန်း ၃၀၀ အထိ ဆိုပါက ၀င်ငွေခွန်
၁၅ ရာခိုင်နှုန်း၊
- သိန်း ၃၀၀၀၀၀၀၁ ကျပ်မှ ကျပ်သိန်း ၁၀၀၀ အထိ ဆိုပါက
၂၀ ရာခိုင်နှုန်းနှင့်
- ကျပ်သိန်း ၁၀၀၀ အထက်ဆိုပါက ၃၀ ရာခိုင်နှုန်း
ကောက်ခံရမည်ဖြစ်ကြောင်း သတ်မှတ်ထားသည်။

***

၃။ "နှစ်စဉ် အခွန်နှုန်းထားပြောင်းလဲခြင်းကြောင့်
တိုင်းပြည်စီးပွားရေးထိခိုက်နိုင်"

နှစ်စဉ်အခွန်နှုန်းထားတွေ ပြောင်းလဲကောက်ခံတာကြောင့် 
တိုင်းပြည်စီးပွားရေးထိခိုက်တဲ့ အကြောင်း ဥပဒေကြမ်း ပူးပေါင်း
ကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဥာဏစိုးက
ပြောပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး
ခေတ္တရပ်နားချိန်မှာ ၂၀၁၇ ခုနှစ် ပြည်ထောင်စုရဲ့
အခွန်အကောက်ဥပဒေကြမ်းနဲ့ပတ်သက်ပြီး မီဒီယာတွေရဲ့
မေးမြန်းတွေချက်ကို ပြန်လည်ဖြေကြားသွားတာဖြစ်ပါတယ်။

တခြားနိုင်ငံတွေမှာ ၂ နှစ်တန်သည် ၃ နှစ်တန်သည် အခွန်
နှုန်းထားတွေကို တသတ်မတ်တည်း ကြိုကြေညာပြီး
မြန်မာနိုင်ငံမှာ တည်ဆဲဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ
ပုဒ်မ ၁၀၀(ခ) အရ အခွန်ကောက်တဲ့ ဥပဒေတွေကို နှစ်စဉ်
တင်ရတယ်လို့ ပြောပါတယ်။

ဒေါက်တာမြတ်ဥာဏစိုးက
“ ဘယ်လောက်ရာခိုင်နှုန်းတိုးမြှင့်မယ်ဆိုရင် ကြိုပြီးတော့
ပြင်ဆင်ချိန်လည်း ရပါတယ်။ အဲလိုမျိုး မြန်မာနိုင်ငံမှာ လုပ်နိုင်
လာမလားဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ၁၀၀(ခ)
ပြဋ္ဌာန်းချက်က ရှိနေတဲ့အတွက်ကြောင့် နှစ်စဉ်ကတော့
တင်နေရမှာပဲ။
တင်နေတဲ့အထဲမှာမှ တရားသူကြီးတွေရဲ့ ဆင်ခြင်တုံတရားနဲ့
တရားစီရင်တယ်ဆိုသလိုပဲ ပြည်ထောင်စုလွှတ်တော်
ကိုယ်စားလှယ်တွေက ဒီပေါ်မှာ ချင့်ချိန်ပြီး ဆောင်ရွက်ရမှာ
ဖြစ်ပါတယ်။
နှစ်တိုင်းနှစ်တိုင်း အခွန်နှုန်းတွေကို ပြောင်းလဲပြင်ဆင်တာတွေ
လုပ်နေမယ်ဆိုရင်တော့ တိုင်းပြည်ရဲ့စီးပွားရေးဖွံ့ ဖြိုး
တိုးတက်မှုနှုန်းက နှေးကွေးနေမှာပါ” လို့ ပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၀၀(ခ) မှာ
ပြည်ထောင်စုအစိုးရအဖွဲ့ကသာ တင်သွင်းခွင့်ရှိတဲ့ နိုင်ငံတော်ရဲ့
အမျိုးသားစီမံကိန်း၊ နှစ်စဉ်အရ အသုံးခန့်မှန်းခြေငွေစာရင်းနဲ့
အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းတွေကို သတ်မှတ်တဲ့
နည်းလမ်းတွေနဲ့အညီ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေး
ဆုံးဖြတ်ရမယ်လို့ ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။

နောင်လာမယ့် နှစ်တွေမှာ အားလုံးထမ်းဆောင်နိုင်တဲ့
အခွန်နှုန်းထားတွေဖြစ်အောင် ရည်ရွယ်ပြီး ပြင်ဆင်သွားမယ်လို့ 
ဥပဒေကြမ်း ပူးပေါင်းကော်မတီ တာဝန်ရှိသူက ဆိုပါတယ်။

(နေဖြိုးဝင်း)

credit - 7day Daily / Eleven Media Group & DVB

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
---------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0

No comments:

Post a Comment