Thursday, February 25, 2016
“ရန်ကုန်မြို့သစ်စီမံကိန်းရှိ လယ်မြေဈေးနှုန်းများ၊ စက်မှုဇုန်မြေကွက်များ သတင်းနှင့် ကျူးများကို ဆက်လက် ရှင်းလင်းသွားရန် စီစဉ်လျက်ရှိဟုဆို”
“ရန်ကုန်မြို့သစ်စီမံကိန်းရှိ လယ်မြေဈေးနှုန်းများ၊
စက်မှုဇုန်မြေကွက်များ သတင်းနှင့် ကျူးများကို ဆက်လက်
ရှင်းလင်းသွားရန် စီစဉ်လျက်ရှိဟုဆို”
၁။ "ရန်ကုန်မြို့သစ် စီမံကိန်း ဖော်ဆောင်မည့် ဧရိယာ
အတွင်းရှိ လယ်မြေဈေးနှုန်းများ ပြန်လည်မြင့်တက်လာပြီး
ရောင်းမည့်သူ လုံးဝမရှိဟုသိရ"
ရန်ကုန်မြို့သစ် စီမံကိန်း ဖော်ဆောင်မည့် ဧရိယာအတွင်း
ဖြစ်သည့် ကြည့်မြင်တိုင် တစ်ဖက်ကမ်း၊ တွံတေး စသည့်
နေရာများတွင် လယ်မြေဈေးနှုန်းများ ပြန်လည်မြင့်တက်လာပြီး
ရောင်းမည့်သူ လုံးဝမရှိကြောင်း ရန်ကုန်မြို့သစ် စီမံကိန်း
ဖော်ဆောင်မည့် ဧရိယာအတွင်း နေထိုင်သူအချို့ထံမှ
စုံစမ်းသိရှိရသည်။
လယ်မြေဈေးနှုန်းများမှာ တစ်ဧကလျှင် ယခင်ကျပ်သိန်း
၂၅၀ ခန့်မှ ယခုတစ်ဧကလျှင် ကျပ်သိန်း ၃၀၀၊ ၃၅၀ စသည်ဖြင့်
မြင့်တက်လာခဲ့ခြင်း ဖြစ်သော်လည်း ရောင်းမည့်သူမရှိ
ဖြစ်နေသော်လည်း ၀ယ်ယူလိုသူ အများအပြား လာရောက်
နေကြကြောင်း သိရှိရသည်။
“စီမံကိန်း နယ်မြေထဲက မြေဈေးတွေတက်တယ်။
တစ်ဧက၂၅၀ လောက်ကနေ အခု ၃၀၀၊ ၃၅၀ လောက်
ဖြစ်သွားတယ်။ ဒါပေမဲ့ လယ်သမားတွေက မရောင်းဘူး။
အ၀ယ်တွေက ငွေထုပ်ပိုက်ပြီး လာကြတာပဲ။ သူတို့မှာ
မက်လုံးက ရှိနေကြပြီ။ တော်ရုံတန်ရုံဈေးနဲ့ မရောင်းချင်
ကြတော့ဘူး။ မဖြစ်မနေ ရောင်းချင်လည်း တစ်ဧက၊ နှစ်ဧက
လောက်ပဲ ရောင်းကြတယ်။ အရင်လို လေးငါးဆယ်ဧက
တစ်ခါတည်း မရောင်းတော့ဘူး။ ၀ယ်တဲ့သူတွေကတော့
လာနေကြတာပဲ။ ဒါပေမဲ့ ရောင်းကိုမရောင်းတော့တာ။
ဈေးကြောင့်လည်း မဟုတ်ဘူး။ ဈေးလည်း တိုးလာတာပဲ” ဟု
ရန်ကုန်မြို့သစ် စီမံကိန်း ဖော်ဆောင်မည့် ဧရိယာအတွင်းရှိ
ဒေသခံတစ်ဦးက ပြောကြားသည်။
ရန်ကုန်မြို့သစ် စီမံကိန်း ဖော်ဆောင်ပါက လယ်မြေတစ်ဧက
လျှင် မြို့မြေအဖြစ် သတ်မှတ်ပြီးသား မြေကွက်တိုက်ခန်းများ
လျော်ကြေးအဖြစ် ပြန်ရမည်ဟု ညှိနှိုင်းထားမှုများ ရှိနေသဖြင့်
ဒေသခံလယ်သမားများအနေဖြင့် မြေကွက်များထုတ်မရောင်း
တော့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
“ကုမ္ပဏီအချို့က စီမံကိန်းဖော်ဆောင်ရင် မြေယာလျော်ကြေး
အဖြစ် ဘယ်လောက် ဘယ်လောက်ပေးမယ် ပြောထားတယ်။
အဲဒီမှာ ကျွန်တော်တို့ကလည်း ဘယ်လောက်လိုချင်တယ်
ဆိုပြီး ပြန်ပြောထားတယ်။ အဲဒါကိုလည်း ၀န်ကြီးချုပ်ဆီကို
တင်ထားတယ်လို့ ပြောတယ်။ ဒါကြောင့် ကျွန်တော်တို့လည်း
အဲဒီလျော်ကြေးကိုစောင့်ပြီး မြေကွက်ကို ထုတ်မရောင်း
တော့တာ” ဟု ကြည့်မြင်တိုင် တစ်ဖက်ကမ်းမှ ဒေသခံ
တစ်ဦးက ဆိုသည်။
ရန်ကုန်မြို့သစ် စီမံကိန်းကို လက်ရှိရန်ကုန်မြို့၏
အနောက်ဘက်၊ ပန်းလှိုင်မြစ်နှင့် တွံတေးတူးမြောင်းအကြား၊
လှိုင်မြစ်နှင့် လှိုင်သာယာ-တွံတေး ကားလမ်းအကြား
မြေနေရာများကို လျာထားပြီး ကြည့်မြင်တိုင် တစ်ဖက်ကမ်း၊
တွံတေးမြို့နယ်ရှိ မြေနေရာများ ပါဝင်ကြောင်း သိရသည်။
ရန်ကုန်မြို့သစ် စီမံကိန်းအတွက် တင်ဒါများကို ၂၀၁၅ ခုနှစ်
ဇူလိုင် ၁၂ ရက်မှ စတင်ခေါ်ယူခဲ့ရာ တင်ဒါလျှောက်လွှာ
ဝယ်ယူခဲ့သည့် ကုမ္ပဏီ ၅၀ ကျော်အနက်
ရန်ကုန်အနောက်တောင်ဒေသ ဖွံ့ဖြိုးရေး အများနှင့်
သက်ဆိုင်သော ကုမ္ပဏီ၊ Business Capital City
Development Ltd နှင့် ရွှေသံလွင်ကုမ္ပဏီ၏ ကုမ္ပဏီခွဲ
ဖြစ်သည့် ရွှေပုပ္ပား အပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေး
ကုမ္ပဏီတို့က တင်ဒါတင်သွင်းခဲ့ကြသည်။
ရန်ကုန်မြို့သစ် စီမံကိန်း အကောင်အထည်ဖော်ခွင့်အတွက်
တင်ဒါတင်သွင်းထားသည့် ကုမ္ပဏီသုံးခုစလုံးအား ပူးပေါင်း
လုပ်ကိုင်ခွင့် ပေးလိုက်သည်ဟူသည့် သတင်းများ ထွက်ပေါ်
နေသော်လည်း ယင်းစီမံကိန်း တင်ဒါနှင့်ပတ်သက်၍ အဓိက
တာဝန်ရှိသူ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့
သစ်တောနှင့် စွမ်းအင်ဝန်ကြီးက ယင်းတင်ဒါရွေးချယ်မှုကို
အတည်မပြုရသေးကြောင်း၊ စိစစ်နေဆဲသာဖြစ်ကြောင်း
ပြန်လည်ဖြေကြားထားသည်။
သို့သော် လက်ရှိတွင် စီမံကိန်းဖော်ဆောင်မည့် အခြေအနေနှင့်
ပတ်သက်၍ မည်သို့မျှ သိရှိရခြင်း မရှိသေးဟု တင်ဒါတင်သွင်း
ထားသည့် ရန်ကုန်အနောက်တောင်ဒေသ ဖွံ့ဖြိုးရေး
အများနှင့်သက်ဆိုင်သော ကုမ္ပဏီမှ ဒါရိုက်တာ
ဦးခင်မောင်သန့်က ဆိုသည်။
(ကျော်ထင်)
***
၂။ "စက်မှုဇုန်မြေကွက်များ လုပ်ငန်းမလုပ်လျှင် အရေးယူမည်
ဆိုသော်လည်း စိစစ်ဆဲအဆင့်သာရှိသေး"
စက်မှုဇုန်အတွင်း စက် ရုံဆောက်လုပ်ခြင်းမရှိသည့် မြေ ကွက်
အလွတ်များနှင့်ပတ်သက်၍ စာရင်းကောက်ယူပြီး သတိပေးမှု
သုံးကြိမ်ခန့်ပြုလုပ်ထားခဲ့သော်လည်း ယခုအချိန်အထိ
အရေးယူဆောင်ရွက်မှုပြုလုပ်ထားခြင်းမရှိသေးဘဲ စိစစ်မှုသာ
ပြုလုပ် လျက်ရှိသည်ဟု ရန်ကုန်တိုင်း ဒေသကြီး
ဆောက်လုပ်ရေးနှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက
ပြောသည်။
စက်မှုဇုန်အတွင်း မြေကွက် များကို လုပ်ငန်းရှင်အချို့က
လုပ် ငန်းအမှန်တကယ်လုပ်ကိုင်ခြင်း မရှိဘဲ ၀ယ်ယူစုဆောင်း
ထားခြင်း ကြောင့် မြေဈေးကြီးမှုများဖြစ်ပေါ် နေသည်ဟုဆိုကာ
စက်ရုံဆောက် လုပ်ခြင်းမရှိသည့် မြေကွက်များ စာရင်းကို
ကောက်ယူထားပြီး သတ်မှတ်ကာလအတွင်း လုပ် ငန်း
လုပ်ကိုင်မှုမရှိပါက အရေးယူ မည်ဟု ရန်ကုန်တိုင်းဒေသကြီး
အစိုးရက သတိပေးမှုများပြုလုပ်ခဲ့ သည်။
‘‘စာရင်းကောက်ယူမှုတွေလုပ်ပြီးတဲ့နောက် တော်တော်များများက
လုပ်လာကြပါတယ်။ အ ရင်ကဆို မြေကွက်အလွတ်က
ထောင်ချီရှိတာလေ။ အခုက တော့ တော်တော်လျော့သွားပြီ။
ဘယ်လောက်ကျန်လဲဆိုတာ နောက်ဆုံးအခြေအနေက စာရင်း
မကောက်ယူရသေးတဲ့အတွက် မသိရသေးဘူး’’ဟု
ဦးကျော်စိုးက ပြောသည်။
တိုင်းဒေသကြီးအစိုးရက စက်မှုဇုန်မြေကွက်အလွတ်များ နှင့်
ပတ်သက်၍ သတိပေးကြေ ညာမှုများပြုလုပ်ခဲ့ခြင်းကြောင့်
လုပ်ငန်းရှင်အချို့သည် လုပ်ငန်း အဆောက်အအုံအချို့
ဆောက် လုပ်လာကြသော်လည်း အရေး ယူခံရမည်စိုး၍
ဟန်ပြဆောက် လုပ်မှုများသာရှိခဲ့သည်ဟု လှိုင်သာယာစက်မှုဇုန်
စီမံခန့်ခွဲရေးရုံး ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်ကပြော သည်။
‘‘တချို့က ဆောက်ကြတယ် ဆိုပေမယ့် အဖြစ်လောက်ဆောက်
တာတွေရှိတယ်။ ဒါပေမဲ့မြေကွက် အလွတ်ကတော့
အရင်ကထက် စာရင်နည်းတော့နည်းသွားတယ်’’ ဟု
၎င်းက ပြောသည်။
လုပ်ငန်းရှင်အချို့သည် မြေ ကွက်များဝယ်ယူစုဆောင်းကာ
ဈေးကစားမှုများရှိခဲ့ခြင်းကြောင့် အမှန်တကယ်လုပ်ငန်းလုပ်ကိုင်
လိုသည့်သူများ မြေဈေးကြီးမြင့်မှု ကြောင့် ရင်းနှီးမြှုပ်နှံမှု
အခက်အ ခဲများရှိနေသည်ဟု ဝေဖန်မှုများ ရှိခဲ့သည်။
ပြည်ပလုပ်ငန်းရှင်အချို့ သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု
ပြုလုပ်ရန် မြေဈေးကြီးမြင့်မှုနှင့် လျှပ်စစ်မီးကဲ့သို့ အခြေခံ
လိုအပ်ချက်များရှိနေခြင်းအပေါ် ထောက်ပြလေ့ရှိသည်ဟု
အ ထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
(မိုးမင်း)
***
၃။ "ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ကျူးကျော်များကို
ဆက်လက်ရှင်းလင်းသွားရန် စီစဉ်လျက်ရှိဟု ရန်ကုန်တိုင်း
ဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ပြောကြား"
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျူးကျော်များကို ဆက်လက်
ရှင်းသွားရန် အစီအစဉ်များရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး
လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်း
က ဖေဖော်ဝါရီ ၈ ရက်တွင် ပြောကြားသည်။
ဇန်န၀ါရီလကုန်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်
ဆိပ်ကမ်းမြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ် ပျဉ်မပင်တို့ရှိ
ကျူးကျော်များကို ဖယ်ရှားရှင်းလင်းခဲ့ပြီး ကျူးကျော်များကို
ထပ်မံဖယ်ရှားရန် အစီအစဉ်ရှိမရှိ မေးမြန်းမှုအပေါ် ရန်ကုန်တိုင်း
ဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး
တင်အောင်ထွန်းက ယင်းသို့ဖြေကြားခဲ့ခြင်းဖြစ်သည်။
ရန်ကုန်မြို့ရှိ ၀န်ကြီးဌာနပိုင် မြေများပေါ်တွင် စီမံကိန်းများ
ရှိလာပါက ယင်မြေများပေါ်တွင် ကျူးကျော်နေထိုင်သူများကို
ရှင်းလင်းသွားမည်ဟု ၎င်းကပြောကြားသည်။
“ကျူးကျော်ဆိုတဲ့အတွက် တရားဥပဒေနဲ့ မညီဘူး။ ဒါကြောင့်
ဝန်ကြီးဌာနအလိုက် စီမံကိန်းရှိတဲ့အချိန်မှာ ကျူးကျော်တွေကို
ရှင်းသွားမှာပဲ။ ဘယ်နေ့မှာ ဘာရှင်းမလဲဆိုတာတော့
အတိအကျ မသိဘူး။ ကျူးကျော်ဖြစ်တဲ့အတွက် ရှင်းဖို့အစီအစဉ်
ရှိပါတယ်။ ဥပဒေနဲ့ မညီတဲ့အတွက် စောတာနဲ့ နောက်ကျတာနဲ့
ဒါပဲကွာမှာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်
ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်၏ ညွှန်ကြားချက်ဖြင့်
ဇန်န၀ါရီ ၂၃ ရက်မှစတင်ကာ ရန်ကုန်မြို့ရှိ ကျူးကျော်များကို
စတင်ရှင်းလင်းခဲ့ပြီး ယနေ့တွင် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်
၉၃ အပိုင် ၇၃ ရပ်ကွက်၊ ယုဇနဥယျာဉ်မြို့တော်အနီး ပုဏ္ဏမီ
လမ်းမကြီး နံဘေးရှိ ဘုရားလေးကွင်းတွင် လယ်မြေအခွန်
ပြေစာဖြင့် နှစ် ၂၀ နီးပါး နေထိုင်နေသည့် တဲအိမ် ၁၀၀ ကျော်
အား စီမံကိန်းနယ်မြေအတွင်း ကျူးကျော်ဝင်ရောက် နေထိုင်
နေသည်ဟုဆိုကာ ရဲအင်အား၊ လူအင်အား ၁၀၀၀ ကျော်ဖြင့်
သက်ဆိုင်ရာမှ ဖယ်ရှားရှင်းလင်းခဲ့သည်။
အလားတူ လွန်ခဲ့သည့် ၁၅ နှစ်ခန့်ကတည်းက နေထိုင်ခဲ့သော
မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စုရှိ စံသမာဓိရပ်ကွက်၊
မြဲမြံအောင် စိုက်ပျိုးရေးမြေနေရာ၊ ရဲဇာနည် စိုက်ပျိုးရေး
မြေနေရာများရှိ နေအိမ်များအား ကျူးကျော်ဟုဆိုကာ
သက်ဆိုင်ရာမှ ဇန်န၀ါရီ ၂၆ ရက်၊ နံနက် ၇ နာရီခန့်တွင်
ဘက်ဟိုးယာဉ်အသုံးပြု၍ လူအင်အားများစွာဖြင့်
ဖယ်ရှားခဲ့ကြောင်း သိရသည်။
သို့ဖြစ်ရာ ကျူးကျော်များအား စီမံချက်ဖြင့် ရှင်းလင်းသည့်
ဇန်န၀ါရီ ၂၃ ရက်မှ ဖေဖော်ဝါရီ ၈ ရက်အထိ ဒဂုံဆိပ်ကမ်းနှင့်
မင်္ဂလာဒုံ၊ ပျဉ်းမပင်စသည့် နေရာနှစ်ခုရှိ ကျူးကျော်များကိုသာ
ရှင်းလင်းခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်
နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက
ပြောကြားသည်။
“ဇန်န၀ါရီ ၂၃ ရက်ကနေ အခုထိဆိုရင်တော့ ဒဂုံဆိပ်ကမ်းက
ကျူးကျော်တွေ ရှင်းတာရှိတယ်။ ပျဉ်းမပင်က ကျူးကျော်တွေ
ရှင်းတာရှိတယ်။ ဒါပဲရှိပါသေးတယ်” ဟု ၎င်းက
ပြောကြားသည်။
ရန်ကုန်မြို့သို့ နယ်မြို့များမှ ရွှေ့ပြောင်းအခြေချသူဦးရေ
များပြားလာပြီး ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းအပြီးတွင်
ဧရာဝတီတိုင်းဒေသကြီးမှ အများအပြား ပြောင်းရွှေ့အချေချ
နေထိုင်လာကြကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်သည် ကျူးကျော်
အများဆုံးဖြစ်ပြီး ကျူးကျော်နေထိုင်သူ တစ်သိန်းနီးပါး
ရှိကြောင်း၊ ဒုတိယ အများဆုံးမှာ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်
ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ် ၃၃ မြို့နယ်အတွင်း
ကျူးကျော်နေထိုင်သူဦးရေ သုံးသိန်းနီးပါးရှိပြီး ရန်ကုန်တိုင်း
ဒေသကြီး နယ်နိမိတ် ၄၅ မြို့နယ်လုံးဆိုပါက ကျူးကျော်
နေထိုင်သူ လေးသိန်းမှ ငါးသိန်းခန့်အထိရှိမည်ဟု
ခန့်မှန်းထားသည်။
(ကျော်ထင်)
credit - Eleven Media Group & 7day daily
Labels:
သတင်း/ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment