Thursday, February 25, 2016

"စတင်လိုက်သည့် ဒလတံတား၊ တင်ဒါခေါ်ယူလိုက်သည့် ဒဂုံ(အရှေ့) စက်မှုဥယျာဉ်နှင့် လက်မှတ်ထိုးလိုက်သည့် နိုင်ငံတကာအဆင့်မီ အသားထုတ်ကုန် ရောင်းဝယ်ရေးဈေး"


"စတင်လိုက်သည့် ဒလတံတား၊ တင်ဒါခေါ်ယူလိုက်သည့်
ဒဂုံ(အရှေ့) စက်မှုဥယျာဉ်နှင့် လက်မှတ်ထိုးလိုက်သည့်
နိုင်ငံတကာအဆင့်မီ အသားထုတ်ကုန် ရောင်းဝယ်ရေးဈေး"

၁။ "မြန်မာ-ကိုရီးယား ချစ်ကြည်ရေး ဒလတံတား
တည်ဆောက်ရေး စီမံကိန်း စတင်"

မြန်မာ-ကိုရီးယား ချစ်ကြည်ရေး ဒလတံတား
တည်ဆောက်ရေး စီမံကိန်း စတင်ခြင်း အခမ်းအနားအား
ဖေဖော်ဝါရီ ၁၇ ရက်တွင် ဒလမြို့ နယ်၌ ကျင်းပ
ပြုလုပ်ခဲ့သည်။

မြန်မာ-ကိုရီးယား ချစ်ကြည်ရေး ဒလ တံတား စီမံကိန်းသည်
ရန်ကုန်မြို့ နှင့် ဒလမြို့ နယ်သို့ လွယ်ကူ ချောမွေ့ စွာ
ဆက်သွယ် သွားလာနိုင်ရေး အတွက် ရန်ကုန်မြစ်ကို ဖြတ်၍
တည်ဆောက်မည့် နှစ်နိုင်ငံ ချစ်ကြည်ရေး အထိမ်းအမှတ်
စီမံကိန်း ဖြစ်ကြောင်း ၊ ရန်ကုန်မြို့ နှင့် ဒလမြို့ နယ်များမှာ
ရေလမ်းခရီးကိုသာ အသုံးပြု၍ ကုန်စည်များ ပို့ ဆောင်
ဆက်သွယ် သွားလာနေရသဖြင့် စီမံကိန်းကြီး
အကောင်အထည်ဖော် ပြီးစီးပါက ရန်ကုန်မြို့ ၊
မြို့ တွင်းလမ်းမှ အဝေးပြေး လမ်းမကြီး အမှတ် (၁) နှင့်
ချိတ်ဆက်နိုင်မည် ဖြစ်၍ ဒလမြို့ တစ်ဖက်ကမ်းရှိ
ဒေသခံများ၏ လူနေမှု အဆင့်အတန်း
မြင့်တက်လာနိုင်မည် ဖြစ်ကြောင်း သိရသည်။

ကိုရီးယား နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးမှု ပူးပေါင်း ဆောင်ရွက်ရေး
ရန်ပုံငွေ (EDCF) ချေးငွေဖြင့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး
“ဒလ” တံတား တည်ဆောက်ရေး အတွက် ပြီးခဲ့သည့်
၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်တွင် ဆောက်လုပ်ရေး
ဝန်ကြီးဌာနနှင့် ကိုရီးယား ပို့ကုန် သွင်းကုန်ဘဏ်
(Korea Exim Bank) တို့ အကြား သဘောတူညီချက်
လက်မှတ် ရေးထိုးခဲ့ကြသည်။

***

၂။ "ရန်ကုန်-ဒလတံတားစီမံကိန်းအတွက် မြေတစ်ကွက်လျှင်
ကျပ်သိန်း ၁၃၀၀ လျော်ကြေးပေးမည်"

မြန်မာ-ကိုရီးယားချစ်ကြည်ရေး ဒလတံတားစီမံကိန်း
တည်ဆောက်ရန် မြေကွက်တစ်ကွက် (ပေ ၄၀x ၆၀) လျှင်
ကျပ်သိန်း ၁၃၀၀ နှုန်းဖြင့်တွက်ချက်၍ ကာလပေါက်ဈေး
အတိုင်း လျော်ကြေးပေးအပ်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်း
ဒေသကြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ထံမှ သိရသည်။

အဆိုပါစီမံကိန်း စတင်ခြင်းနှင့် ဒေသခံများကို လျော်ကြေး
ပေးအပ်ခြင်းကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဒလမြို့နယ်
ကမာကဆစ်ရပ်ကွက် စီမံကိန်းဧရိယာ အတွင်း၌
ပြုလုပ်ခဲ့သည်။

တံတားအူကြောင်း ရွေးချယ်မှုနှင့် ပတ်သက်၍ လက်ရှိ
အဆောက်အအုံများ ထိခိုက်မှုအနည်းဆုံး ဖြစ်သော
ရန်ကုန်ဘက်ကမ်း ဘုန်းကြီးလမ်းနှင့် ဒလဘက်ကမ်း
ဗိုလ်မင်းရောင်လမ်းတို့ကို ရွေးချယ်ထားကြောင်း
တံတားစီမံကိန်း အချက်အလက်များအရ သိရသည်။

အဆိုပါတံတားမှာ
- အရှည်ပေ ၆၀၀၀ ကျော်ရှိမည်ဖြစ်ပြီး
သံမဏိကြိုးဆိုင်း တံတားအမျိုးအစား ဖြစ်ကြောင်း၊
- စီမံကိန်းကာလကို ငါးနှစ်စီမံကိန်းအဖြစ် သတ်မှတ်ထားကာ
၂၀၂၀ ပြည့်နှစ်တွင်ပြီးစီးမည် ဖြစ်ကြောင်း၊
- ယင်းတံတားကို အစိုးရက ဒေါ်လာသန်း ၃၀ နှင့် ကိုရီးယား
အစိုးရ၏ ချေးငွေအမေရိ ကန်ဒေါ်လာ၁၃၇ ဒသမ ၈၃၃သန်း
တို့ဖြင့် တည်ဆောက်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး
ဆောက်လုပ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

***

၃။ "ဒဂုံမြို့သစ် အရှေ့ပိုင်းရှိ မြေဧက ၅၅၀ ခန့်တွင် ပုဂ္ဂလိကပိုင်
အသေးစား စက်မှုဥယျာဉ် တည်ထောင်ရန် တင်ဒါခေါ်ထားပြီး
အများပိုင်ကုမ္ပဏီကို ဦးစားပေး ရွေးချယ်မည်"

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်
အရှေ့ပိုင်းမြို့နယ်ရှိ မြေဧရိယာ ဧက ၅၅၀ ခန့်တွင် ပုဂ္ဂလိပိုင်
အသေးစား စက်မှုဥယျာဉ် (Light Industrial Park) 
တည်ထောင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က
ဖေဖော်ဝါရီ ၁၆ ရက်တွင် တင်ဒါခေါ်ယူထားသည်။

စက်မှုဥယျာဉ် တည်ထောင်နိုင်ရန်အတွက် ဒဂုံမြို့သစ်အရှေ့ပိုင်း
မလစ်ကျေးရွာအုပ်စု ထောင်တလုပ်ကျေးရွာ မစိုကွင်း
ကွင်းအမှတ် (၄၈၂) နှင့် မလစ်ကျေးရွာ ကြာနီကန်ကွင်း
ကွင်းအမှတ် (၁၁၀၇-က) နှင့် (၁၁၀၇-ခ) ရှိ မြေဧရိယာများ၏
တစ်စိတ်တစ်ဒေသတွင် ပါဝင်သည့် မြေများကို အသုံးပြုမည်ဟု
ကြေညာထားသည်။

အဆိုပါ စီမံကိန်းကို ပါဝင်ဆောင်ရွက်လိုသော ကုမ္ပဏီ၊
အဖွဲ့အစည်းများ အနေဖြင့် ကျွမ်းကျင်မှု နည်းပညာဆိုင်ရာ
အဆိုပြုလွှာနှင့် ငွေကြေးဆိုင်ရာ အဆိုပြုလွှာကို သီးခြား
စာအိတ်များဖြင့် ထည့်သွင်းပြီး တင်ဒါတင်သွင်းနိုင်သည်။

ကျွမ်းကျင်မှု နည်းပညာဆိုင်ရာ အဆိုပြုလွှာတွင် လုပ်ငန်းဒီဇိုင်း
တည်ဆောက်မှု ကြီးကြပ်ခြင်း၊ လုပ်ငန်းအကောင်အထည်ဖော်မှု
အစီအစဉ်၊ အဆင့်အလိုက် ဆောင်ရွက်မည့် အစီအစဉ်များ၊
လုပ်ငန်းလည်ပတ် လုပ်ကိုင်ခြင်း၊ လုပ်ငန်းထိန်းသိမ်းခြင်း၊
သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းခြင်းဆိုင်ရာ အချက်
အလက်များ၊ အလားတူ လုပ်ငန်းအတွေ့အကြုံနှင့်
စာချုပ်ချုပ်ဆို ခဲ့မှုများကို ဖော်ပြရန် သတ်မှတ်ထားသည်။

ငွေကြေးဆိုင်ရာ အဆိုပြုလွှာတွင် လုပ်ငန်းအတွက် စုစုပေါင်း
ရင်းနှီးမြှုပ်နှံမှုပမာဏ၊ လုပ်ငန်းအဆင့်အလိုက် ကုန်ကျမည့်
ရင်းနှီး မြှုပ်နှံမှုပမာဏ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်
ကုမ္ပဏီ၊ အဖွဲ့အစည်းတို့အကြား နှစ်ဦးနှစ်ဖက်
အကျိုးခံစားခွင့်နှင့် စပ်လျဉ်းပြီး အဆိုပြု တင်ပြချက်တို့ကို
ဖော်ပြရန်နှင့် တင်ဒါတင်သွင်းသူ၏ လွန်ခဲ့သော သုံးနှစ်အတွက်
စာရင်းစစ်ဆေးပြီး ငွေကြေးအစီရင်ခံစာ လုပ်ငန်းအတွက်
ငွေကြေးအရင်းအမြစ်တို့ ဖော်ပြပါရှိရမည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး တင်ဒါခေါ်ယူ စိစစ်ရေးအဖွဲ့က
အများပိုင် ကုမ္ပဏီကို ဦးစားပေး ရွေးချယ်မည်ဟု
ထုတ်ပြန်ထားပြီး တင်ဒါတင်သွင်း လိုသူများသည်
လာမည့် မတ်လ ၁၁ ရက် နောက်ဆုံးထားပြီး ရန်ကုန်တိုင်း
ဒေသကြီး အစိုးရအဖွဲ့ရုံးတွင် မှတ်ပုံတင်ပြီး တင်ဒါပုံးတွင်
အဆိုပြုလွှာများကို ချိတ်ပိတ်တင်သွင်း ရမည်ဖြစ်သည်။

တင်ဒါလျှောက်လွှာများကို ကျပ် ၅၀၀၀၀ ဖြင့် ၀ယ်ယူနိုင်ပြီ
ဖြစ်ပြီး တင်ဒါတင်သွင်းမှု အာမခံအဖြစ် ကျပ်သိန်းတစ်ထောင်ကို
ကြိုတင်ပေးသွင်း ရမည်ဖြစ်ကာ တင်ဒါဖွင့် ဖောက်စစ်ဆေးမည့်
နေ့ရက်ကို ဆက်သွယ် အကြောင်းကြားမည်ဟု
ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း စက်မှုဇုန် ၂၄ ဇုန်ရှိပြီး
စက်မှုဇုန်မြေကွက် ၁၀၃၀၀ ကျော် ဖော်ထုတ်ထားသည်။
အဆိုပါ မြေကွက်များတွင်
- လုပ်ငန်းဆောင်ရွက် လည်ပတ်နေသည့် မြေကွက်
၃၆၉၃ ကွက်၊
- လုပ်ငန်းထူထောင်ဆဲ- တည်ဆောက်ဆဲ မြေကွက်
၂၉၇၀ ကွက်၊
- သိုလှောင်ရုံအဖြစ် ဆောင်ရွက်နေသည့် မြေကွက်
၁၂၉၉ ကွက်၊
- စက်ရုံအလုပ်ရုံ တည်ဆောက်ခြင်း မရှိသေးသည့် မြေကွက်
၂၃၃၉ ကွက်ရှိကြောင်း ၂၀၁၅ ခုနှစ်အတွင်း ထုတ်ပြန်ချက်များ
အရ သိရသည်။

(စည်သူအောင်)

***

၎။ "နိုင်ငံတကာ အဆင့်မီ သားငါးထုတ်ကုန် ရောင်းဝယ်ရေးဈေး
စီမံကိန်းအား အမေရိကန် ဒေါ်လာ ၆၂ သန်းခန့် ရင်းနှီးမြှုပ်နှံပြီး
၃ နှစ်အတွင်း အပြီးတည်ဆောက် သွားမည်"

နိုင်ငံတကာ အဆင့်မီ သားငါးထုတ်ကုန် ရောင်းဝယ်ရေးဈေး
Whole Sale Market စီမံကိန်းအား အမေရိကန် ဒေါ်လာ
၆၂ သန်းခန့် ရင်းနှီးမြှုပ်နှံ၍  ၃ နှစ်အတွင်း သတ်မှတ် စံချိန်
စံညွှန်းများနှင့်အညီ အပြီးတည်ဆောက် သွားမည် ဖြစ်ကြောင်း
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး
ဝန်ကြီးဌာနမှ သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဒညင်းကုန်း
ကွင်းအမှတ် (၄၀၄-က)ရှိ မြေဧရိယာ (၆၄.၅၄) ဧကတွင်
သားငါးထုတ်လုပ် ရောင်းချနိုင်ရေး၊ လက်ကား ဖြန့်ဖြူးနိုင်ရေး
အတွက် စီမံကိန်းအား အပိုင်း (၃) ပိုင်း ခွဲခြားပြီး
ဦးစားပေး အနေဖြင့် Whole Sale Market (၁)လုံးနှင့်
Cold Storage (၂) လုံး တို့အား ပထမဆုံး ပြီးစီးအောင်
ဆောင်ရွက်သွားမည် ဖြစ်ပြီး ဈေးဆိုင်ခန်းပေါင်း (၅၀၀) ကျော်
ပါရှိမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာ အဆင့်မီ သားငါးထုတ်ကုန် ရောင်းဝယ်ရေးဈေး
Whole Sale Market စီမံကိန်း ပူးပေါင်း အကောင် အထည်ဖော်
ဆောင်ရွက်ရေး အတွက် မြန်မာအပြည်ပြည်ဆိုင်ရာ ပူးပေါင်း
ဆောင်ရွက်ရေး အေဂျင်စီ (MICA) နှင့်
First Golden Dragon Construction Co.,Ltd. တို့အကြား
သဘောတူစာချုပ် ချုပ်ဆိုခြင်းအား
ဖေဖော်ဝါရီလ ၁၆ ရက်တွင် နေပြည်တော်ရှိ
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး
ဝန်ကြီးဌာန၌ ပြုလုပ်ခဲ့သည်။

credit - Xinhua Myanmar / The Voice /
Eleven Media Group & မဇ္ဈိမသတင်းဌာန

No comments:

Post a Comment