Wednesday, February 10, 2016

“တစ်လ ၃ သောင်းဖြင့် မည်သူမဆို မဟာဗန္ဓုလအိမ်ရာတွင် အိမ်ငှားနိုင်သည်ဆိုသော သတင်းများနှင့် ၄င်းသတင်း အပေါ် ဝေဖန်တုံ့ပြန်မှုများ”


“တစ်လ ၃ သောင်းဖြင့် မည်သူမဆို မဟာဗန္ဓုလအိမ်ရာတွင်
အိမ်ငှားနိုင်သည်ဆိုသော သတင်းများနှင့် ၄င်းသတင်း
အပေါ် ဝေဖန်တုံ့ပြန်မှုများ”


၁။ "ရန်ကုန်ရှိ အိမ်ပိုင်မရှိသူများ နှစ်ရှည်ငှားရမ်းနေထိုင်ခွင့်
လျှောက်ထားနိုင်ဟုဆို"

တိုက်ခန်းပေါင်း ၁၂၀၀ ခန့်ရှိသည့် မဟာဗန္ဓုလအိမ်ရာတွင်
လစဉ် ငှားရမ်းခ သုံးသောင်းဖြင့် နှစ်ရှည် ငှားရမ်းနေထိုင်နိုင်ရန်
မြို့နယ်ထွေအုပ်ရုံးများတွင် လျှောက်လွှာပုံစံ ကူးယူပြီး
လျှောက်ထားနိုင်ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး
ဦးဇော်ဌေး၏ လူမှုကွန်ရက် စာမျက်နှာတွင်
ရေးသားထားသည်။

လျှောက်ထားလိုသူများ အနေနှင့် အိုးပိုင်အိမ်ပိုင်မရှိသူဖြစ်ရမည်
ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းနေထိုင်သည့်အိမ်ထောင်စု
စာရင်းရှိသူ ဖြစ်ကြောင်း ပုံစံ ၆၆/၆ အိမ်ထောင်စုစာရင်း ရှိရမည်
ဖြစ်ကြောင်း၊ လျှောက်လွှာများကို တိုင်းဒေသကြီး အစိုးရအဖွဲ့မှ
ကြီးကြပ်ပြီး ကော်မတီ၊ အဖွဲ့ဖြင့် စိစစ်မည်ဖြစ်ကြောင်း ၎င်း၏
ရေးသားထားချက်အရ သိရသည်။

လျှောက်လွှာများကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၁၅ ရက်နေ့
အတွင်း ပြည်လမ်းနှင့် အလုံလမ်းထောင့်ရှိ လွှတ်တော်ဝင်း
ဂိတ်အမှတ် ၄ တွင် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း
၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

***

၂။ "ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သည့် အိမ်ထောင်စု
စာရင်းရှိသူ၊ အိုးပိုင်အိမ်ပိုင် မရှိသူ၊ မည်သူမဆို အငှားအိမ်ရာ
လျှောက်ထားနိုင်ပြီ"

၁။ ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သည့် အိမ်ထောင်စု
စာရင်းရှိသူဖြစ်ကြောင်း ပုံစံ ၆၆/၆ အိမ်ထောင်စု စာရင်း
ရှိရမည်။

၂။ အိုးပိုင်၊ အိမ်ပိုင် မရှိသူ ဖြစ်ရမည်။

၃။ အငှားစနစ် ဖြစ်ပြီး လက်လဲငှားရမ်းခြင်း၊ ရောင်းချခြင်း
မပြုရပါ။

၎။ မဟာဗန္ဓုလအိမ်ရာတွင် တိုက်ခန်း စုစုပေါင်း (၁၂၀၀)
ရှိပါသည်။ တစ်ခန်းလျှင် (၅၆၉.၅) စတုရန်းပေ အကျယ်အဝန်း
ရှိပါသည်။

၅။ လစဉ်ငှားရမ်းခ သုံးသောင်းဖြင့် နှစ်ရှည် ငှားရမ်းနေထိုင်
နိုင်မည် ဖြစ်ပါသည်။

၆။ လျှောက်လွှာ မရောင်းပါ။

၇။ မြို့နယ်ထွေအုပ်ရုံးများတွင် လျှောက်လွှာပုံစံ ကူးယူ၍
(လက်ရေးဖြင့် ရေး၍ဖြစ်စေ၊ ကွန်ပျူတာ စာစီ၍ဖြစ်စေ)
လျှောက်ထားနိုင်ပါသည်။

၈။ တိုင်းဒေကြီးအစိုးရအဖွဲ့မှ ကြီးကြပ်၍ ကော်မတီ/အဖွဲ့ဖြင့်
လျှောက်လွှာများ စိစစ်ခြင်း ပြုလုပ်၍ ငှားရမ်းပေးမည် ဖြစ်ကြောင်း
သိရှိရပါသည်။

၉။ * [ လျှောက်လွှာများကို ၂၀၁၆ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ
၁၅ ရက်နေ့အတွင်း ပြည်လမ်းနှင့် အလုံလမ်းထောင့်
လွှတ်တော်ဝန်း ဂိတ်အမှတ် ၄ တွင် လျောက်ထားရမည်
ဖြစ်ပါသည်။ ယင်းနေရာတွင် လျှောက်လွှာလက်ခံသည့် အဖွဲ့
ရှိမည် ဖြစ်ပါသည်။ ] *

Source - ရန်ကုန်တိုင်းဒေသကြီးအစိုးရ

***

၃။ "အိမ်ပိုင်မရှိသူများအတွက် အငှားအိမ်ယာစီမံကိန်း
လျောက်ထားခွင့် အမှန်တကယ် ထိရောက်ပါ့မလား စိုးရိမ်နေ"

ရန်ကုန်တိုင်းအတွင်း အိုးပိုင် အိမ်ပိုင်မရှိသူများအား အိမ်ခန်း
ငှားရမ်းနေထိုင်ခွင့်ပြုမည့် မဟာဗန္ဓုလအငှားအိမ်ယာအစီအစဉ်
နှင့် ပတ်သက်၍ အမှန်တကယ် ထိရောက်မှု မရှိမည်ကို
လျောက်ထားလိုသူများက စိုးရိမ်မှုများ၊ ဝေဖန်မှုများ
ထွက်ပေါ်လျက်ရှိသည်။

ယင်းအိမ်ယာ စီမံကိန်းမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ
အိုးပိုင်အိမ်ပိုင်မရှိသူများကို ငှားရမ်းနေထိုင် ခွင့်ပြုသွားမည်
ဖြစ်သော်လည်း ငှားရမ်းနေထိုင်မည့်သူများအနေဖြင့်ပုံစံ(၆၆/၆)
အိမ်ထောင်စု စာရင်းရှိမှသာ ငှားရမ်းနိုင်မည်ဖြစ်သည့်အတွက်
ယခုကဲ့သို့ ဝေဖန်နေကြခြင်းလည်းဖြစ်သည်။

"မှတ်ပုံတင်ရှိရင်တော်ပြီပေါ့။ ဘာလဲ အိမ်ထောင်စုစာရင်းက
ဘာဆိုင်လို့ ပြရမှာလဲ။ ငှားနေတယ်ဆိုရင်လည်း
ဧည့်စာရင်းတိုင်ရင်ရပြီပေါ့။
ရန်ကုန်လိုနေရာမျိုးက နယ်ပေါင်းစုံက လာနေကြတာ။
အိမ်ထောင်စုစာရင်းက လုပ်ရတာလည်း လွယ်တာ မဟုတ်ဘူး။
ဟိုပြန်ရ ဒီပြန်ရနဲ့။ ပြီးတော့ E-government ဆိုတာကိုလည်း
အကောင်အထည်မဖော်ဘဲနဲ့။လာဘ်စားချင်တာကများနေတော့
စာရွက်နဲ့ပဲအလုပ်လုပ်ချင်နေတဲ့ သဘောပဲ"ဟု ရန်ကုန်တိုင်း
ဒေသကြီး စမ်းချောင်း မြို့နယ်တွင် ငှားရမ်းနေထိုင်သူ
ကိုအောင်ဇော်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သည့် အိမ်ထောင်စုစာရင်း
ရှိသူ၊ အိုးပိုင်အိမ်ပိုင် မရှိသူ၊ မည်သူမဆို အငှားအိမ်ရာ
လျှောက်ထားနိုင်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သည့်
အိမ်ထောင်စုစာရင်းရှိသူဖြစ်ကြောင်း ပုံစံ ၆၆/၆ အိမ် ထောင်စု
စာရင်းရှိရမည်ဖြစ်ပြီး အငှားစနစ် ဖြစ်ပြီး လက်လဲငှားရမ်းခြင်း၊
ရောင်းချခြင်း ပြုလုပ်၍မရကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့က
ဇန်နဝါရီ ၂၉ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေငြာလိုက်ခြင်းဖြစ်သည်။

"အခန်းပေါင်း လက်ရှိ(၁၂၀၀)ဆိုတဲ့ကိစ္စကလည်း ဘာမှအဓိပ္ပါယ်
မရှိပါဘူး။ ပြီးတော့ ဦးစားပေးထားပြီးသားတွေရှိနေတယ်။
သို့မဟုတ် ဘယ်လိုလူမျိုးကိုမှ သူတို့ဦးစားပေးမယ်ဆိုပြီး
နိုင်ငံသား အချင်းချင်းထပ်မံပြီး အဆင့်အတန်းခွဲလိုက်တဲ့
သဘောမျိုး ဖြစ်နေတယ်လေ"ဟု တက်ကြွလှုပ်ရှားသူ
ဦးဝင်းချိုက ပြောသည်။

အဆိုပါ မဟာဗန္ဓုလအငှားအိမ်ရာကို ဒဂုံမြို့သစ်တောင်ပိုင်းတွင်
စီစဉ်ဆောက်လုပ်နေခြင်းဖြစ်ပြီး တိုက်ခန်း စုစုပေါင်း (၁၂၀၀)
ပါရှိကာ တစ်ခန်းလျှင် (၅၆၉.၅) စတုရန်းပေ ကျယ်ဝန်းမည်
ဖြစ်သည်။ လစဉ်ငှားရမ်းခ သုံးသောင်းဖြင့် နှစ်ရှည် ငှားရမ်း
နေထိုင်ခွင့် ပြုမည်ဟုလည်း ထုတ်ပြန်ထားသည်။

ယင်းအိမ်မဟာဗန္ဓုလအငှားအိမ်ရာတွင် ငှားရမ်းနေထိုင်မည့်
သူများအနေဖြင့် ပုံစံ(၆၆/၆) အိမ်ထောင်စုစာရင်း ရှိရန်လိုအပ်ပြီး
မရှိသူများကို(လုံးဝ)ငှားရမ်းမည် မဟုတ်ကြောင်း
ရန်ကုန်တိုင်းဒေသကြီး သစ်တော နှင့် စွမ်းအင်ဝန်ကြီးဌာန
ဝန်ကြီး ဦးကျော်စိုးက မဇ္ဈိမကို ပြောသည်။

"၆၆/၆ ရှိရမယ်။ အိမ်ပိုင်ရာပိုင် မရှိဘူးဆိုရင် ကျွန်တော်တို့
စည်းကမ်းချက်တွေ (၁)ရက်က စကပ်မယ်။ ဆိုလိုချင်တာက
ကျွန် တော်တို့ အငှားအိမ်ရာ လျောက်ထားဖို့ ခွင့်ပြုဖို့က
လျောက်ထား သူတွေအနေနဲ့ လိုအပ်ချက်လေးတွေ ရေးပေး
ထားတယ်။ အဲ့အတိုင်းပဲ လျောက်ရမှာပါ။ ကျွန်တော်တို့ အစိုးရ
အဖွဲ့ထဲမှာ အဲဒီလို ဆုံးဖြတ်ချက်ချထားပါတယ်"ဟု
ဝန်ကြီး ဦးကျော်စိုးက ပြောသည်။

အိမ်ငှားရမ်းရာတွင် မြို့နယ်ထွေအုပ်ရုံးများတွင် လျှောက်လွှာပုံစံ
ကူးယူ၍ (လက်ရေးဖြင့် ရေး၍ဖြစ်စေ၊ ကွန်ပျူတာ စာစီ၍ဖြစ်စေ)
လျှောက်ထားနိုင်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးကြပ်၍
ကော်မတီ/အဖွဲ့ဖြင့် လျှောက်လွှာများ စိစစ်ခြင်း ပြုလုပ်၍
ငှားရမ်းပေးမည် ဖြစ်သည်။

လျှောက်လွှာများကို ၂၀၁၆ ဖေဖော်ဝါရီလ ၁ ရက်မှ ၁၅ ရက်
အတွင်း ပြည်လမ်း နှင့် အလုံလမ်းထောင့်ရှိ ရန်ကုန်တိုင်း
လွှတ်တော်ဝန်း ဂိတ်အမှတ် ၄တွင် လျောက်ထားရမည်
ဖြစ်သည်။

(မျိုးသူအောင်)

***

“၄င်းအိမ်ရာစီမံကိန်းနှင့်ပတ်သက်သည့် အခြားအချက်အလက်များ”

- တည်နေရာမှာ
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အမှတ်၂လမ်းမကြီးနှင့်
မဟာဗန္ဓုလ လမ်းထောင့်ပေါ်တွင်ရှိ ပြီး မြေ ၁၂ ဒသမ ၅၃၄ ဧကပေါ်
တွင် အကောင်အထည် ဖော်ထားသည့်အိမ်ရာဖြစ်သည်။
- အဆိုပါ အိမ်ရာစီမံကိန်း အကောင်အထည်ဖော်ရန် ပြည်ထောင်စု
အစိုးရအဖွဲ့က ကျပ်ဘီလျံ ၂၀ ထောက်ပံ့ခဲ့သည်။
- ယင်းအိမ်ရာ စီမံကိန်းကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏
ကြီးကြပ်မှုဖြင့် ပုဂ္ဂလိကကုမ္ပဏီ ၂၆ ခုကို ခွဲဝေတည်ဆောက်ရန်
တင်ဒါပေးခဲ့သည်။

credit - The Voice Weekly / Hmuu Zaw /
မဇ္ဈိမသတင်းဌာန & Eleven Media Group

No comments:

Post a Comment