Wednesday, February 10, 2016

“နိုင်ငံရေး အကူးအပြောင်းကာလအတွင်း အရှိန်အဟုန်ဖြင့် ဆက်လက်အကောင်အထည်ဖေါ်နေသော စီမံကိန်း သတင်းများ”


“နိုင်ငံရေး အကူးအပြောင်းကာလအတွင်း အရှိန်အဟုန်ဖြင့်
ဆက်လက်အကောင်အထည်ဖေါ်နေသော စီမံကိန်း
သတင်းများ”


၁။ "မြေ ၆၃ ဧကကျော်တွင်ဆောင်ရွက်မည့် ရန်ကုန်ဘူတာကြီး
ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း အဆိုပြုလွှာ အောင်မြင်
သည့်ကုမ္ပဏီ ဖေဖော်ဝါရီ ဒုတိယပတ်တွင် ကြေညာမည်"

မြေ ၆၃ ဧကကျော်ပေါ်တွင် ဆောင်ရွက်မည့်ရန်ကုန်ဘူတာကြီး
ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို စိတ်ဝင်စားသည့်
အဆိုပြုလွှာ အောင်မြင်သည့် ကုမ္ပဏီကို ဖေဖော်ဝါရီ
ဒုတိယပတ်တွင် ကြေညာမည်ဖြစ်ကြောင်း အဆိုပြုလွှာ
စိစစ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ
သိရသည်။

ယင်းစိတ်ဝင်စားမှု အဆိုပြုလွှာကို ပြည်တွင်း၊ ပြည်ပကုမ္ပဏီ
၇၀ ကျော် တင်သွင်းထားပြီး ပြည်ပကုမ္ပဏီ အများအပြား
ပါဝင်ကြောင်း သိရသည်။ ဒုတိယအကြိမ် ခေါ်ယူခဲ့သည့်
အဆိုပြုလွှာကို ၂၀၁၅ ခုနှစ် သြဂုတ် ၆ ရက်က ခေါ်ယူခဲ့ခြင်း
ဖြစ်ပြီး ၂၀၁၆ ခုနှစ် ဇန်န၀ါရီလအထိ လက်ခံခဲ့ကြောင်း
သိရသည်။

ပထမအကြိမ် တင်ဒါပိတ်သည့်၂၀၁၅ ခုနှစ် ဇန်န၀ါရီအလတွင်း
ကုမ္ပဏီအဖွဲ့အစည်းသုံးခုက တင်ဒါအဆိုပြုလွှာများ တင်သွင်း
ခဲ့သော်လည်း အောင်မြင်မှု မရှိသဖြင့် လုပ်ငန်းစဉ်တစ်ခုလုံးကို
၂၀၁၅ ခုနှစ် သြဂုတ်လအတွင်း ဒုတိယအကြိမ် ပြန်လည်
ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

ဒုတိယအကြိမ် တင်ဒါခေါ်ယူခဲ့မှုတွင်လည်း တင်ဒါအောင်မြင်သူ
မရှိသည့် ပထမတစ်ကြိမ်ကဲ့သို့ပင် ရန်ကုန်မြို့တော် ဖွံ့ဖြိုး
တိုးတက်ရေး လုပ်ငန်းစဉ်၏ အရေးပါသော အစိတ်အပိုင်း
ဖြစ်လာစေရန် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး
ရထားလုပ်ငန်းနှင့် ဆက်စပ်သော စီးပွားရေးလုပ်ငန်းများ၊
အထပ်မြင့် အဆောက်အအုံများ၊ ဘက်စုံဖွံ့ဖြိုးရေးနှင့်
ပို့ဆောင်ရေးစနစ်များ ပါဝင်သည့် စီမံကိန်းတစ်ရပ်ကို
နိုင်ငံတကာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဟု
ပါရှိခဲ့သည်။

ပထမအကြိမ် အဆိုပြုလွှာများအနက် ရွှေတောင်၊ ရွှေသံလွင်၊
ဧရာဟင်္သာ၊ Fortune စသည့် မြန်မာကုမ္ပဏီများ အပါအ၀င်
ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူ ၂၈ ဦးကို ဆန်ခါတင်စာရင်း
တွင် ရွေးချယ်ခဲ့ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊
မြန်မာ့မီးရထားမှ သတင်းရရှိသည်။

ပြည်ပနိုင်ငံများမှလည်း ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုများရှိခဲ့ပြီး
မလေးရှား၊ အီတလီ၊ ကိုရီးယား၊ ကာတာ၊ ပြင်သစ်၊ ထိုင်ဝမ်၊
ဂျပန်၊ တရုတ်၊ စင်ကာပူ၊ ကနေဒါနှင့် ဗီယက်နမ်နိုင်ငံများမှ
အဆိုပြုလွှာ ၃၄ စောင် ပေးပို့ခဲ့ကြောင်း သိရသည်။

သို့သော် တင်ပြခဲ့သည့် အဆိုပြုလွှာများကို စိစစ်ခဲ့ရာ တင်ဒါ
စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှုမရှိသည့်အတွက်
ရန်ကုန်ဘူတာကြီး ဧရိယာနယ်မြေ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး
အတွက် ဆောင်ရွက်ရန် သင့်တော်သည့် ကုမ္ပဏီ မရှိသဖြင့် 
ဒုတိယအကြိမ် တင်ဒါကို ခေါ်ယူခဲ့ခြင်းဖြစ်သည်။

(အောင်ရဲကို)

***

၂။ "တပ်မတော် အရာရှိကြီးအချို့၊ လက်ရှိဝန်ကြီးများ၊
ဗိုလ်ချုပ်ကြီးဟောင်းများအား ပြင်ဦးလွင် အမျိုးသားကန်တော်ကြီး
ဥယျာဉ် ၀န်းကျင်ရှိ စိုက်ပျိုးမြေ ၂၇၂ ဧကကျော်ကို စက်မှုဂရန်
ချထားပေးမည့်အပေါ် မြို့ခံများကန့်ကွက်"

တပ်မတော် အရာရှိကြီးအချို့ အပါအ၀င် လက်ရှိဝန်ကြီးများ၊
ဗိုလ်ချုပ်ကြီးဟောင်းများအား နိုင်ငံတော် သမ္မတ၏ စီမံချက်ဖြင့်
ပြင်ဦးလွင် အမျိုးသား ကန်တော်ကြီးဥယျာဉ် ၀န်းကျင်ရှိ
စိုက်ပျိုးမြေ ၂၇၂ ဒသမ ၁၅ ဧကကို စက်မှုမြေငှားဂရန် ချထား
ပေးရန် လုပ်ဆောင်နေမှုကို မြို့ခံများက ကန့်ကွက်ထားပြီး
ဝေဖန်မှုများ မြင့်တက်လျက်ရှိကြောင်း သိရသည်။

ပြင်ဦးလွင် အမျိုးသား ကန်တော်ကြီးဥယျာဉ် ရေဝေရေလဲ
ဒေသတွင် ကော်ဖီခြံများကို စက်မှုဂရန် ချထားပေးမည့်
စီမံချက်မှာ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများစွာ ဖြစ်ပေါ်လာနိုင်
ခြင်းနှင့် ယခုကဲ့သို့ လက်ရှိဝန်ကြီးများ၊ ဗိုလ်ချုပ်ကြီးများအား
ပွင့်လင်းမြင်သာမှု မရှိဘဲ လုပ်ဆောင်မှုအပေါ် ကန့်ကွက်ထားခြင်း
ဖြစ်ကြောင်း စိမ်းလန်းပြင်ဦးလွင်အဖွဲ့မှ ဒုဥက္ကဋ္ဌ ဦးကိုကြီးထံက
သိရသည်။

“အရင်က ချထားပေးခဲ့တဲ့ ကော်ဖီစိုက်ပျိုးမြေတွေကို
စက်မှုဂရန်ဆိုပြီး ချထားပေးဖို့ လုပ်တာပါ။ ဒီမြေတွေကို
မြို့မိမြို့ဖတွေနဲ့ မြို့ခံလူထုက စိုက်ပျိုးမြေအတိုင်းပဲ
ရှိစေချင်တာပါ။ စက်မှုဂရန် ချထားပေးရင် ရရှိတဲ့သူတွေက
လုပ်ချင်တာလုပ်လို့ရတဲ့ အနေအထား ဖြစ်သွားပါမယ်။
အရင်ကော်ဖီစိုက်ခင်းတွေ ချထားပေးပြီး ကန်တော်ကြီးရဲ့
ရေဝေရေလဲ ဧရိယာကို ထိခိုက်ပျက်စီးခဲ့ရပြီ။ ကော်ဖီမြို့တော်
ဖြစ်ရမယ်ဆိုတဲ့ စီမံချက်နဲ့ လုပ်ဆောင်ခဲ့ပေမယ့် ရရှိသူအတော်
များများက ကော်ဖီစိုက်ပျိုးတာမျိုး မရှိခဲ့ဘဲ စည်းကမ်း
ဖောက်တာကို အရေးယူခြင်း မရှိခဲ့ဘူး။ အခုလည်း စက်မှုဂရန်
လျှောက်ပြီး လုပ်ချင်တာလုပ်ဖို့ အပိုင်သိမ်းမယ့် သဘောပေါ့။
ခရိုင်အုပ်ချုပ်ရေးရုံးမှာ ဖေဖော်ဝါရီ ၂ ရက် နောက်ဆုံး
ကန့်ကွက်ဖို့ ကြေညာထားပြီး အခုအပတ်အတွင်းမှာ ဘယ်လို
လုပ်ဆောင်မယ်ဆိုတာ သိရပါမယ်။ မြို့လူထုရဲ့ ကန့်ကွက်မှု
တွေကို တစ်စုံတစ်ရာ လုပ်ဆောင်မပေးခဲ့ရင် ဆန္ဒထုတ်ဖော်
သွားမှာပါ”ဟု  ဦးကိုကြီးက ပြောကြားသည်။

မြို့ခံတစ်ဦးက
“၂၇၂ ဧကကျော်မှာ တစ်ဦးချင်း ပိုင်ဆိုင်တဲ့အကွက်တွေကို
ချထားပေးဖို့ စဉ်းစားနေဆဲလို့ သိရတယ်။ လျှောက်ထားတဲ့
သူတွေထဲမှာ အတော်များများက တပ်မတော် အရာရှိကြီးတွေ၊
လက်ရှိဝန်ကြီးတွေ၊ ဗိုလ်ချုပ်ကြီးဟောင်းတွေ ပါနေတယ်” ဟု
ပြောကြားသည်။

***

၃။ "ရန်ကုန်မြို့၏ ဒုတိယမြို့လယ် ဗဟိုစီးပွားရေးဇုန်ဖြစ်သည့်
မင်းဓမ္မ စီးပွားရေးဇုန် စီမံကိန်း မကြာမီ အကောင်အထည်
ဖော်မည်ဟု သိရ"

ရန်ကုန်မြို့၏ ဒုတိယမြို့လယ် ဗဟိုစီးပွားရေးဇုန်ဖြစ်သည့် မင်းဓမ္မ
စီးပွားရေးဇုန် စီမံကိန်းကို မကြာမီ စတင် အကောင်အထည်
ဖော်တော့မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

လက်ရှိ သိပ်သည်းမှု များပြားနေသည့် ရန်ကုန်မြို့လယ် ဗဟို
စီးပွားရေးဇုန်အား မဖြစ်မနေ ခွဲထုတ်ရန် မြို့ပြပညာရှင်အချို့က
ထောက်ပြခဲ့ကြသည့်အတွက် ဒုတိယမြို့လယ် ဗဟို
စီးပွားရေးဇုန်အား မြောက်ပိုင်းခရိုင် မရမ်းကုန်းမြို့နယ်ရှိ
မင်းဓမ္မ နယ်မြေသို့ ခွဲထုတ်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့၏ ဒုတိယမြို့လယ် ဗဟိုစီးပွားရေးဇုန်အား
မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းနှင့် တော်ဝင်လမ်းထောင့်ရှိ
မြေ ၃၆ ဒသမ ၅၅၁ ဧကပေါ်တွင် ဦးစွာ အကောင်အထည်
ဖော်မည်ဖြစ်ကြောင်း၊ ယင်းအတွက် မြေငှားရမ်း
လုပ်ကိုင်ခွင့်ပြုရန် ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင်
ပြည်တွင်း ပြည်ပ လုပ်ငန်းရှင်များ၊
ပြည်တွင်းနှင့် ပြည်ပ ဖက်စပ်လုပ်ကိုင်မည့် လုပ်ငန်းများကို
တင်ဒါခေါ်ယူခဲ့သည်။

အဆိုပါ စီမံကိန်းအား ၂၀၁၄ ခုနှစ်တွင် စတင်အကောင်အထည်
ဖော်ရန် ရည်မှန်းထားခဲ့သော်လည်း တင်ဒါရွေးချယ်မှု အပိုင်းတွင်
ကြန့်ကြာခဲ့ပြီး ယင်းစီမံကိန်းအတွက် တင်ဒါအား
First Myanmar Construction ကုမ္ပဏီက
ရရှိခဲ့ကြောင်း သိရသည်။

ယင်းကုမ္ပဏီနှင့် လုပ်ငန်းဆောင်ရွက်ရန် စာချုပ် ချုပ်ဆိုခြင်းကို
ဇန်န၀ါရီလ အတွင်းက ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

“စလုပ်တော့မှာပါ။ အဲဒီ အတွက်လည်း တင်ဒါအောင်တဲ့ ကုမ္ပဏီနဲ့
စာချုပ်ချုပ်ဆို ပြီးပါပြီ” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယင်းစီမံကိန်း အကောင်အထည် ဖော်ရန်အတွက် စီမံကိန်း
ဧရိယာအတွင်း ပါဝင်သော မင်းဓမ္မပန်းကွင်းမှ ဆိုင်ခန်းများကို
၂၀၁၂ ခုနှစ် ကတည်းက သာကေတမြို့နယ် ယမုံနာလမ်းသို့
ပြောင်းရွှေ့ရန် ညွှန်ကြားခဲ့ကြောင်း၊ သို့သော် ယမုံနာလမ်းတွင်
ပန်းဆိုင်များဖွင့်လှစ်ရာ အဆင်မပြေသဖြင့် အချို့သာ
ပြောင်းရွှေ့ပြီး အများစု မပြောင်းရွှေ့ခဲ့ကြကြောင်း သိရသည်။

ယင်းနောက်ပိုင်းတွင် မင်းဓမ္မပန်းကွင်း ပြောင်းရွှေ့ရမည့်
နေရာအား ဆိုင်ခန်းပိုင်ရှင်များဘက်မှ မင်္ဂလာဒုံ ပုလဲတွင်
ဆန္ဒပြခဲ့ကြရာ စည်ပင်က လက်ခံကာ နေရာပေးခဲ့သဖြင့်
ယင်းဆိုင်ခန်းပိုင်ရှင်များ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်သောကြောင့်
စီမံကိန်း အကောင်အထည် ဖော်ရန်သာ ကျန်ရှိတော့ကြောင်း
သိရသည်။

ရန်ကုန်မြို့ ဒုတိယမြို့လယ် ဗဟိုစီးပွားရေးဇုန် စီမံကိန်းတွင်
ဟိုတယ်၊ ကွန်ဗင်းရှင်းစင်တာ၊ ပြခန်းကြီးများ၊ ရုပ်ရှင်ရုံ၊
စားသောက်ဆိုင်များ၊ အီလက်ထရွန်နစ် စင်တာများ၊
အရောင်းခန်းမကြီးများနှင့် ရုံးခန်းအဆောက်အအုံ နေရာများ
ပါဝင်မည်ဖြစ်ပြီး ယင်းစီမံကိန်းနေရာ ပတ်ဝန်းကျင်တွင်
သီးသန့် ဘတ်စ်ကားလမ်းကြောင်းများ ပြေးဆွဲရန်လည်း
စီစဉ်မှုများ ရှိသည်ဟု သိရသည်။

(ကျော်ထင်)

***

၎။ "သန်လျင်အိုင်စီတီစီးတီးအတွက် မြေနေရာကို
ကျပ်သိန်း ၃၇,၀၀၀ ကျော် ပေးဝယ်ယူခဲ့ဟုဆို"

သန်လျင်မြို့အနီးတွင် တည်ဆောက်မည့် အိုင်စီတီစီးတီး
စီမံကိန်းအတွက် မြေနေရာကို ကျပ်သိန်း ၃၇,၀၀၀ ကျော်ဖြင့်
ဒေသခံများထံမှ အပြီးသတ်ဝယ် ယူခဲ့ကြောင်း မြန်မာနိုင်ငံ
ကွန်ပျူ တာ အသင်းချုပ်ဥက္ကဋ္ဌ ဦးခွန်ဦးက ပြောသည်။

‘‘ပျမ်းမျှတစ်ဧကကို ကျပ် သိန်းတစ်ရာခန့်နဲ့ ဒေသခံတွေဆီ က
ဝယ်ယူခဲ့ပါတယ်။ စီမံကိန်း ဧရိယာတစ်ခုလုံး
အတွက်ဆိုရင်တော့
ကျပ်သိန်း ၃၇,၀၀၀ ကျော်အထိ နစ်နာကြေးပေးပြီး
ဝယ်ယူခဲ့ပါတယ်’’ဟု ဦးခွန်ဦး က ပြောသည်။

အိုင်စီတီစီးတီးစီမံကိန်းကို သန်လျင်မြို့အနီး မြေဧက ၃၇၀
ပေါ်တွင် တည်ဆောက်မည်ဖြစ် ပြီး စီမံကိန်းလုပ်ကိုင်ခွင့်
အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ခွင့်ပြုချက်တင်ပြ
ထားပြီး ယခုနှစ်အတွင်း စတင်အကောင်အထည်
ဖော်နိုင်ရန် စီစဉ်လျက်ရှိသည်။

စီမံကိန်းတွင် ဇုန်လေးခုပါဝင်မည်ဖြစ်ပြီး မြန်မာနိုင်ငံကွန်ပျူတာ
အသင်းချုပ်၊ ပြည်တွင်းအများပိုင်ကုမ္ပဏီ အချို့နှင့် နိုင်ငံခြားမှ
ရင်းနှီးမြှုပ်နှံသူအချို့တို့ ပူးပေါင်းအကောင် အထည်ဖော်
ဆောင်ရွက်မည်ဖြစ်သည်။

ဇုန်လေးခုမှာ
- ပြည်တွင်းနည်း ပညာကုမ္ပဏီများအတွက် ဇုန်၊
- လူနေအိမ်ရာဇုန်၊
- နိုင်ငံခြားသားများကို နေရာငှားပေးရန်စီးပွားရေးဇုန်နှင့်
- ဈေးဝယ်စင်တာပါဝင်သည့် ကွန်ဗင်းရှင်းဇုန်တို့ဖြစ်ပြီး
နိုင်ငံခြားမှအကြံပေးအဖွဲ့များ ငှားရမ်းလုပ်ဆောင်မည်
ဖြစ်ကြောင်း သတင်းရရှိသည်။

(နိုင်လင်းအောင်)

credit - Eleven Media Group & 7day daily

(မှတ်ချက်)
မူရင်း သတင်းဆောင်းပါး အချို့အား
အနည်းငယ် ချုံထားကြောင်း ၀န်ခံပါသည်။

No comments:

Post a Comment