Thursday, February 25, 2016
“အိမ်ရာ စီမံကိန်း သတင်းများနှင့် ယခုအစိုးရ သက်တမ်း အတွင်း မြေငှားဂရန်လျှောက်ထားသည့် ရွာများကို အပြီးသတ် ခွင့်ပြုပေးမည် ဆို”
“အိမ်ရာ စီမံကိန်း သတင်းများနှင့် ယခုအစိုးရ သက်တမ်း
အတွင်း မြေငှားဂရန်လျှောက်ထားသည့် ရွာများကို
အပြီးသတ် ခွင့်ပြုပေးမည် ဆို”
၁။ "မြေငှားဂရန် လျှောက်ထားသည့်ရွာများကို ယခုအစိုးရ
သက်တမ်းအတွင်း အပြီးသတ် ခွင့်ပြုပေးမည်"
ကျေးရွာမြေအငှားဂရန်ချပေးရန်တင်ပြထားသော ရန်ကုန်တိုင်း
အတွင်းမှ ကျေးရွာများအား ယခုအစိုးရသက်တမ်း ကာလ
အတွင်း အပြီးလုပ်ဆောင်ပေးနိုင်ရန် မျှော်မှန်းထားကြောင်း
ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့်
မွေးမြူရေးဝန်ကြီး ဦးစိုးမင်းက ပြောကြားသည်။
အဆိုပါ ကျေးရွာမြေအငှားဂရန် ချထားပေးရေး လုပ်ငန်းစဉ်ကို
အထူးစီမံချက်အဖြစ် လုပ်ဆောင်နေကြောင်း၊ ရန်ကုန်တိုင်း
ဒေသကြီးအတွင်း ထပ်မံချထား ပေးမည့် ကျေးရွာများအတွက်
ဗဟိုအဖွဲ့၏စိစစ်ချက်များစောင့်ဆိုင်းနေပြီး ခွင့်ပြုချက်ရရှိပါက
အမြန်ဆုံးလုပ်ဆောင်ပေးမည်ဟု ၎င်းကဆိုသည်။
"ဒီသက်တမ်း ကာလ အတွင်းမှာတော့ ရနိုင်သလောက်ပြီး
အောင် အပြတ်ဖြတ်လုပ်ပေးသွား မယ်။ ထပ်ပြီးလုပ်ပေးဖို့
လိုတဲ့ရွာ တွေကိုတော့ နောက်အစိုးရက စီမံ ဆောင်ရွက်
ပေးသွားပါလိမ့်မယ်’’ ဟု ၀န်ကြီးဦးစိုးမင်းကပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျေရွာ နှစ်ဆယ်ကျော်အား
ထိုသို့ မြေငှားဂရန်ချထားပေးနိုင်ရန် တိုင်းဒေသကြီးအစိုးရက
စိစစ်မှုပြုလုပ်ပြီး ကျေးရွာမြေများ မြေငှားဂရန်
ထုတ်ပေးနိုင်ရေး အထူးလုပ်ငန်းအဖွဲ့ (ဗဟို)သို့ တင်ပြ
ထားခြင်းဖြစ်သည်။
အစိုးရ အနေဖြင့် ကျေးရွာ မြေများ ပိုင်ဆိုင်မှု အထောက်
အထားမရှိသူများအား မြေငှားဂရန် ထုတ်ပေးခြင်းဖြင့်
ပိုင်ဆိုင်မှု အာမခံချက်ရှိလာစေရန် မြို့နယ်တစ်မြို့နယ်လျှင်
မြေယာမှုခင်း အရှုပ်အထွေး မရှိသော ကျေးရွာ တစ်ရွာစီ
ရွေးချယ်၍ ရှေ့ပြေးစမ်းသပ်မှုလုပ်ငန်း (Pilot Project)
အဖြစ် စတင်ဆောင်ရွက်ခဲ့ပြီးနောက် ယခုအခါ
နိုင်ငံတစ်ဝန်းလုံးရှိ ကျေးရွာများသို့ ထုတ်ပေးမည့် စီမံချက်
စတင်နေခြင်း ဖြစ်သည်ဟု ဦးစိုးမင်းက ပြောကြားသည်။
ရှေ့ပြေး အစီအစဉ် အနေဖြင့် ဆောင်ရွက်ခဲ့ရာတွင်
မြို့နယ် ၂၈၃ မြို့နယ်ရှိ ကျေးရွာ ၂၈၃ ရွာ ၌
အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး
ဇွန်လ ၅ ရက်မှ အောက်တိုဘာ ၃၁ ရက်အထိ စုစုပေါင်း
မြေငှားဂရန် ၃၂,၀၅၇ ခု ထုတ် ပေးနိုင်ခဲ့ကြောင်း
ထုတ်ပြန်ချက်များအရ သိရသည်။
နိုင်ငံတစ်ဝန်းလုံးရှိ ကျေးရွာမြေများကို မြေငှားဂရန်
ထုတ်ပေးနိုင်ရေး ဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ
ဆက်လက် ဆောင်ရွက်ပေးမည် ဖြစ်ပြီး
- ကျေးလက်နေ ပြည်သူ တစ်ဦးတစ်ယောက်ချင်း အနေဖြင့်
လည်းကောင်း၊
- အိမ်ထောင်စု ၁၀၀ (သို့မဟုတ်) ခြံကွက် ၁၀၀ တစု
တပေါင်းတည်း အနေဖြင့်လည်းကောင်း ကျေးရွာမြေငှားဂရန်
ရရှိရေး လျှောက်ထား ဆောင်ရွက်နိုင်သည်ဟု
အဆိုပါ လုပ်ငန်းအဖွဲ့က သတင်းထုတ်ပြန် ထားသည်။
(မိုးမင်း)
***
၂။ "ကျန်စစ်မင်းအိမ်ရာ စီမံကိန်းစတင်"
ကျန်စစ်မင်းအိမ်ရာစီမံကိန်း အောင်မြင်ရန် ဆက်လက်
ဆောင်ရွက် သွားမည်ဖြစ်ပြီး လယ်ယာမြေကရုဏာကြေးရရှိရန်
ကျန်နေသူများအနေဖြင့် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား
တင်ပြရမည်ဟု သိရသည်။
ဝင်ငွေနည်းပြည်သူများနှင့် နိုင်ငံဝန်ထမ်းများ၏ အိမ်ရာ
လိုအပ်ချက်ကို ဖြည့်ဆည်းရန် ရည်ရွယ်သည်ဟုဆိုသည့်
ကျန်စစ်မင်းအိမ်ရာစီမံကိန်းကို ဖေဖော်ဝါရီ ၄ ရက်က စတင်
အကောင်အထည်ဖော်ခဲ့ပြီး အများသိစေရန်
ဖေဖော်ဝါရီ ၆ ရက်တွင် ကြော်ငြာသင်ပုန်း၌ကပ်၍
အသိပေးခဲ့ပြီးဖြစ်သည်ဟုလည်းဆိုသည်။
လယ်ယာမြေကရုဏာကြေး လိုလားသူသည်
'ခိုင်လုံသော အထောက်အထားများ' ကို တင်ပြရမည်ဖြစ်ပြီး
စိစစ်မှုများကို လွန်မြောက်လျှင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး
ဦးစီးဌာန၌ ထုတ်ယူရမည်ဖြစ်သည်။
လှိုင်သာယာမြို့နယ် အမှတ် (၈) ရပ်ကွက်၊ ကျန်စစ်သား
လမ်းမကြီးဘေး၊ ဌာနဆိုင်ရာရုံးလမ်းအနောက်ဘက်ရှိ
အမှတ် (၃၇၅) အင်းဂလိုင်ကွင်း လယ်မြေ ၂၉၃ ဧက၌
မြို့ပြစီမံကိန်း ဆောင်ရွက်ခွင့် ရရှိထား သည်ဟု မြို့ပြနှင့်
အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး
ဦးမင်းအောင်အေးအား ကိုးကား၍ နိုင်ငံပိုင်သတင်းစာက
ဖေဖော်ဝါရီ ၇ ရက်နေ့၌ ဖော်ပြသည်။
နေစရာမရှိသည့် လယ်သမားကို ဦးစားပေးအနေဖြင့်
တိုက်ခန်းရောင်းပေးသွားမည်ဟုဆိုသည့်
ကျန်စစ်မင်းအိမ်ရာစီမံကိန်း ၌
စုစုပေါင်း အခန်း ၃၁၇၄ ခန်းပါသော ၄ ခန်းတွဲ၊ ၆ ခန်းတွဲ၊
၈ ခန်းတွဲနှင့် ၁၂ ခန်းတွဲ ငါးထပ်နှင့် သုံးထပ်တိုက်များ
ဆောက်လုပ်သွားမည်ဖြစ်သည်။ မူလတန်းလွန်ကျောင်း၊
မူလတန်းကျောင်း၊ နေ့ကလေးထိန်းကျောင်း၊
ရပ်ကွက်ဈေးနှင့် ကားရပ်နေရာများလည်းပါရှိမည်။
ကျန်စစ်မင်းအိမ်ရာကို ဆောက်လုပ်ရေးဝန်ကြီးဌာန
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံကိန်းလုပ်ငန်းများ
ဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါအောင်မြင်သည့်
ဆောက်လုပ်ရေးကုမ္ပဏီ ၇ ခုဖြင့် ဖော်ဆောင်မည်ဟု
သိရသည်။
***
၃။ "ဗိုလ်ဗထူး တန်ဖိုးမျှတ အိမ်ရာစီမံကိန်း အပိုင်း (၂) ကို
ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်တွင် ဆက်လက် တည်ဆောက်
နေပြီး တစ်ခန်းလျှင် အနည်းဆုံးကျပ် ၂၆၇ သိန်းမှ အများဆုံး
ကျပ် ၃၇၇ သိန်းဖြင့် ရောင်းချမည်"
ဗိုလ်ဗထူး တန်ဖိုးမျှတ အိမ်ရာစီမံကိန်း အပိုင်း (၂) ကို
ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ၄၈ ရပ်ကွက်တွင် ဆက်လက်
တည်ဆောက်နေပြီး တစ်ခန်းလျှင် အနည်းဆုံးကျပ်
၂၆၇ သိန်းမှ အများဆုံး ၃၄၇ ကျပ်သိန်းဖြင့် ရောင်းချမည်
ဖြစ်ကြောင်း သိရသည်။
ဗိုလ်ဗထူး တန်ဖိုးမျှတ အိမ်ရာစီမံကိန်း အပိုင်း (၂) ကို
- လက်ရှိတည်ဆောက်ထားပြီးဖြစ်သည့် စီမံကိန်း အပိုင်း(၁)၏
အနောက်ဘက်တွင် တစ်ဆက်တည်း ဆက်လက်
ဆောက်လုပ်နေပြီး
- စီမံကိန်း ကြာမြင့်ချိန်ကို သုံးနှစ်အထိ သတ်မှတ်ထားကြောင်း၊
- ယင်းစီမံကိန်းတွင် စတုရန်းပေ ၆၀၀ ကျယ်ဝန်းသော
လေးခန်းတွဲ ရှစ်ထပ်အဆောက်အအုံ ရှစ်လုံးနှင့်
စတုရန်းပေ ၉၀၀ ကျယ်ဝန်းသော လေးခန်းတွဲ ရှစ်ထပ်
အဆောက်အအုံ အလုံး ၂၀ စုစုပေါင်း ၄ ခန်းတွဲ ရှစ်ထပ်
အဆောက်အအုံ ၂၈ လုံး ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အိမ်ရာစီမံကိန်းတွင် အခန်းပေါင်း ၈၉၆ ခန်း ပါဝင်မည်
ဖြစ်ပြီး ယင်းအိမ်ရာ အကောင်အထည် ဖော်ရန်အတွက်
ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက် ရရှိခဲ့ပြီး
ဖြစ်ကြောင်း၊ စီမံကိန်းအပိုင်း (၂) ၏ အခန်းများကို
ယခင်စီမံကိန်း အပိုင်း (၁) တွင် ရောင်းချခဲ့သည့်
အခန်းဈေးနှုန်းများထက် တစ်ခန်းလျှင် ကျပ်သိန်း ၃၀ စီ
ဈေးမြင့်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီ
အဆောက်အအုံဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
"ဗိုလ်ဗထူး တန်ဖိုးမျှတအိမ်ရာ စီမံကိန်း အပိုင်း (၂) ကို
ဆက်လက် ဆောက်လုပ်နေပါတယ်။
အရင်စီမံကိန်း (၁) ထက် တစ်ခန်းကို ကျပ်သိန်း ၃၀ စီ
မြင့်သွားမယ်။
အရင်စီမံကိန်း (၁) တုန်းက တစ်ခန်းကို ၂၅၅ ကျပ်သိန်းနဲ့
ရောင်းတဲ့အခန်း ကို အခု ၂၈၅ ကျပ်သိန်းဖြစ်သွားမယ်။
အရင် ၃၂၉ ကျပ်သိန်းက အခု ကျပ် ၃၅၉ သိန်းစသည်ဖြင့်
ဖြစ်သွားမယ်။ တစ်ခန်းကို အနည်းဆုံး ကျပ်၂၆၇ သိန်းကနေ
အများဆုံး ကျပ်၃၇၇ သိန်း နဲ့ ရောင်းချမှာဖြစ်ပါတယ်။
အဲဒီဈေး နှုန်းသတ် မှတ်ချက်ကိုလည်း တိုင်းဒေသကြီးအစိုးရ
အ ဖွဲ့ရဲ့ခွင့်ပြုချက် ရရှိပြီးသားဖြစ်ပါတယ်" ဟု
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊
အဆောက်အအုံဌာနမှ တာဝန်ရှိသူ တစ်ဦးက
ပြောကြားသည်။
ဗိုလ်ဗထူး တန်ဖိုးမျှတ အိမ်ရာစီမံကိန်း အပိုင်း (၂) အား
ယခင်စီမံကိန်း အပိုင်း (၁) အား တာဝန်ယူ
တည်ဆောက်ခဲ့သည့် Myanmar V Pile ကုမ္ပဏီကပင်
ဆက်လက်တာဝန်ယူ တည်ဆောက်နေခြင်းဖြစ်ကြောင်း
သိရသည်။
ယင်းအိမ်ရာကို ယခင်စီမံကိန်း အပိုင်း (၁)
တည်ဆောက်ခဲ့စဉ်ကပင် အသင့်ပြုလုပ်ပြီးသား
နံရံကြမ်းခင်းများကို
အသုံးပြုကာပင် ဆောက်လုပ်မည် ဖြစ်သောကြောင့်
ဆောက်လုပ်ချိန်များစွာ ကြာမြင့်မည်မဟုတ်ဟု
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက
ပြောကြားသည်။
အဆိုပါ အိမ်ရာစီမံကိန်းအား ရန်ကုန်တိုင်း ဒေသကြီး
အစိုးရအဖွဲ့ အစီအစဉ်ဖြင့်ပင် မဲနှိုက်ရောင်းချပေးသွားမည်
ဖြစ်ကြောင်း သိရသည်။
ယခင် ဗိုလ်ဗထူးတန်ဖိုးမျှတ အိမ်ရာစီမံကိန်း
အပိုင်း ၁ ကိုလည်း တစ်ခန်းလျှင်
အနည်းဆုံး ကျပ်၂၃၇ သိန်းမှ
အများဆုံး ကျပ် ၃၂၉ သိန်းအထိ ဈေးနှုန်းများဖြင့်
ရောင်းချခဲ့ခြင်းဖြစ်ပြီး အိမ်ရာမပိုင်ဆိုင်သေးသည့်
အခြေခံ ပြည်သူများ မ၀ယ်ယူနိုင်ခဲ့ပေ။
ထို့ပြင် အဆိုပါ အိမ်ရာများကို ၀ယ်ယူခဲ့ပြီးမှ ငွေမသွင်းနိုင်သဖြင့်
ဝယ်ယူခွင့် ဖျက်သိမ်းခဲ့ရသည့် အခန်းများရှိနေကြောင်း
ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့မှ သိရသည်။
(ကျော်ထင်)
credit - 7day daily / မဇ္ဈိမသတင်းဌာန &
Eleven Media Group
Labels:
သတင်း/ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment