Monday, April 11, 2016

“ဝယ်သူမရှိဟုဆိုသော ကန်ထရိုက်တိုက်များ၊မြေဈေးကြီး မှုကြောင့် အခက်အခဲဖြစ်နေသည့် တန်ဖိုးနည်းအိမ်ရာနှင့် အတည်ပြုနိုင်တော့မည့် ကန်ထရိုက်တိုက်ခန်း ဥပဒေ”

“ဝယ်သူမရှိဟုဆိုသော ကန်ထရိုက်တိုက်များ၊မြေဈေးကြီး
မှုကြောင့် အခက်အခဲဖြစ်နေသည့် တန်ဖိုးနည်းအိမ်ရာနှင့် 
အတည်ပြုနိုင်တော့မည့် ကန်ထရိုက်တိုက်ခန်း ဥပဒေ”


၁။ "ကန်ထရိုက်တိုက်ခန်းဥပဒေ ယခုနှစ်အတွင်း
အတည်ပြုနိုင်ရေး ဆောင်ရွက်နေဟုဆို"

စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာဥပဒေ(Condo Law)
ကဲ့သို့ အထပ်မြင့် လူနေကန်ထရိုက်လုပ်ငန်းဥပဒေ
(Apartment Law)ကို ယခုနှစ်အတွင်း လွှတ်တော်က
အတည်ပြုနိုင်ရန် ရေးဆွဲနေပြီဖြစ်ကြောင်း
သတင်းရရှိ သည်။

ယခုဥပဒေသည် တိုက်ခန်းဝယ်ယူနေထိုင်သူများအတွက်
အချိန်မီလိုအပ်နေသဖြင့် ကွန်ဒိုဥပဒေကဲ့သို့ လွှတ်တော်တွင်း
ကြန့်ကြာမှုမရှိစေရန် အမြန်ဆုံးရေးဆွဲရမည်ဖြစ်ကြောင်း
ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း ရေးဆွဲရာ၌
ပါဝင်သည့်လွှတ်တော်ကိုယ်စားလှယ်ဟောင်း
ဇေကမ္ဘာ ဦးခင်ရွှေက ပြောကြား သည်။

‘‘ရန်ကုန်မှာ ကန်ထရိုက်တိုက်တွေက အရမ်းများတယ်။
ဒီနေ့အထိ ဒီတိုက်တွေရဲ့ပိုင်ဆိုင်မှုက မြေရှင်တွေရဲ့
လက်ထဲမှာပဲရှိနေတဲ့အတွက် အားလုံးပိုင်ဆိုင်ပြီး
အကျိုးခံစားခွင့်ရှိမယ့် ဒီ Apart-ment Law ကို ရေးဆွဲ
နေတာဖြစ်ပါတယ်’’ဟု ဥပဒေရေးဆွဲရာတွင် ပါဝင်သည့်
ပညာရှင်တစ်ဦးက ပြောသည်။

ယခုဥပဒေသည် ရန်ကုန်မြို့ကဲ့သို့ လူနေထူထပ်ပြီး
ကန်ထရိုက် တိုက်ခန်းနေသူများအတွက် လိုအပ်သဖြင့်
အချိန်မီပြဋ္ဌာန်းသင့်သည်ဟု ဆိုသည်။

ယခုဥပဒေတွင် မြေယာပိုင်ဆိုင်မှု၊ ပြုပြင်ထိန်းသိမ်းမှုနှင့်
ဆောက်လုပ်ရာ၌ အာမခံချက်များရှိစေရန်
ရေရှည်အသုံးပြုနေ ထိုင်သူများအတွက် သတ်မှတ်ချက်
အသစ်များ ထည့်သွင်းရေးဆွဲထားကြောင်း
ရေးဆွဲသူများထံမှ သိရသည်။

ရန်ကုန်ရှိ လူနေတိုက်ခန်းအဆောက်အအုံအများစုတွင်
- ပေ ကျဉ်းခြင်း၊
- ရပ်ကွက်များအတွင်း ဖြစ်သလို တည်ဆောက်နေခြင်း၊
- လေဝင်လေထွက်ပေါက် မပါခြင်း၊
- ပြတင်းပေါက်စနစ်များ စနစ်ကျနမှု နည်းပါးခြင်းတို့ကြောင့်
လူနေတိုက်ခန်းများ၏အရည်အသွေး မှာ လွန်စွာ
ညံ့ဖျင်းကြောင်း မြို့ပြစီမံကိန်း ပညာရှင်
ဒေါက်တာ ကျော်လတ်က ပြောသည်။

ယခုရေးဆွဲနေသည့်ဥပဒေတွင် မြေရှင်၊
ကန်ထရိုက်တာနှင့် အခန်းဝယ်ယူသူများအကြား
အပြန်အလှန်အကျိုးရှိစေနိုင်သည့် ဥပဒေဖြစ်ရန် လိုအပ်ပြီး
နိုင်ငံခြားသားများထံ ရောင်းချနိုင်ခွင့် ရှိ၊ မရှိကိုလည်း
ရေးဆွဲပြဋ္ဌာန်းသင့်ကြောင်း ဆောက်လုပ်ရေး
လုပ်ငန်းရှင်အချို့က အကြံပြုသည်။

(မိုးညို)

***

၂။ "ရန်ကုန်မြို့ရှိ ဆောက်လုပ်ပြီး ကန်ထရိုက်တိုက်များ
ဈေးနှုန်းကျနေသော်လည်း အဝယ်မရှိဟုဆို "

ရန်ကုန်မြို့ရှိ အသစ်ဆောက်လုပ်ပြီးစ ကန်ထရိုက်
တိုက်ခန်းများ၏ ဈေးနှုန်းမှာ ကျဆင်းလျက်ရှိပြီး ဝယ်ယူသူ
လုံးဝမရှိဘဲ အရောင်းအဝယ်အေးလျက်ရှိကြောင်း
ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ပြောကြားသည်။

အစိုးရ အကူးအပြောင်း ကာလတွင် ပြည်သူများကြား
အိမ်ခြံမြေဈေးကွက် အပြောင်းအလဲ ဖြစ်နိုင်သည်ဟု
ယူဆကာ ဈေးကွက်ကို စောင့်ကြည့်လျက် ရှိခြင်းကြောင့်
ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်တွင်း
စီးပွားရေး လုပ်ငန်းရှင်များသည်လည်း အိမ်ခြံမြေ
ဈေးကွက်အပြောင်းအလဲ ဖြစ်နိုင်သည်ဟုဆိုကာ
စောင့်ကြည့်လျက်ရှိကြောင်း၊ လက်ရှိတွင် ကြိုပွိုင့်
ဝယ်ယူသူများ မရှိသလောက် ရှားသွားပြီ ဖြစ်ကြောင်း၊
အမှန်တကယ်နေမည့်သူများသာ ဝယ်ယူလျက်ရှိကြောင်း
ဝေယံထွန်းလင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်
ဦးထွန်းထွန်းလင်းက ပြောကြားသည်။

“ခုဆို တိုက်ခန်းဈေးတွေလည်း ကျသွားတယ်။
မြို့တွင်းမြို့နယ်တွေပဲ အရောင်းအဝယ် နည်းနည်းရှိ
ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းရှင် တချို့ဆို
ဆောက်လက်စ တိုက်တွေကို ဆက်မဆောက်တော့ဘဲ
နားလိုက်ရတာတွေလဲ ရှိတယ်” ဟု ၎င်းက ဆိုသည်။

ယခုလက်ရှိ အိမ်ခြံမြေ အရောင်းအဝယ် ဈေးကွက်သည်
ရပ်ဆိုင်းလုနီးပါး ဖြစ်နေပြီး တိုက်ခန်းများကို ကြိုပွိုင့်ဖြင့်
ဝယ်ယူဈေးကစားကြသူများမှာလည်း ဝယ်ယူမှု
မရှိသောကြောင့် ဈေးလျှော့ကာ ရောင်းချလျက်ရှိကြောင်း
အိမ်ခြံမြေ အကျိုးဆောင်အချို့ထံမှ စုံစမ်းသိရှိရသည်။

“ဆောက်လုပ်ရေးနဲ့ ပတ်သက်တဲ့ တိုက်ခန်း၊ ကွန်ဒို
အစရှိတဲ့ ဈေးကွက်မှာ ၀ဝ်ရောက်ကစားနေတဲ့ ငွေရှင်
တော်တော်များများ ဒီလောကက အနားယူသွားတယ်။
အဓိက ပြည်သူတွေ လိုအပ်နေတာ တန်ဖိုးနည်း၊
ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ ပေးနိုင်တာက
တန်ဖိုးလတ်၊ တန်ဖိုးမြင့်နဲ့ ကွန်ဒိုတွေ ဖြစ်နေတော့
လူလတ်တန်းစား အများဆုံး နေထိုင်တဲ့ မြို့နယ်တွေမှာ
ဝယ်လိုအား ကျသွားတယ်” ဟု ဆောက်လုပ်ရေး
လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

(သက်သျှိုင်းသူ)

***

၂။ "ရန်ကုန်မြေဈေးကြီးမြင့်ခြင်းကြောင့် တန်ဖိုးနည်းအိမ်ရာ
တည်ဆောက်ရန် အခက်အခဲဖြစ်"

ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ရာလိုအပ်ချက်
ဖြည့်ဆည်းနိုင်ရန် တန်ဖိုးနည်းအိမ်ရာများ ဖော်ဆောင်
နေသော်လည်း မြေဈေးကြီးမြင့်ခြင်းက အကြီးမားဆုံး
အခက်အခဲဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီဝင် ဒေါက်တာတိုးအောင်က ပြောကြားသည်။

"ကျွန်တော်တို့ဆောက်တဲ့ တန်ဖိုးမျှအိမ်ရာတွေရဲ့တန်ဖိုးက
ကျပ်သိန်း ၃ဝဝ လောက်ဖြစ်နေတော့ တကယ်ဝင်ငွေနည်းတဲ့
သူတွေအတွက် ဝယ်ဖို့အဆင်မပြေပါဘူး”ဟု
၎င်းကပြောဆိုသည်။

လက်ရှိ ရန်ကုန်မြို့တော်အတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာန
လက်အောက်မှ မြို့ရွာနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနနှင့်
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့က
တန်ဖိုးသင့်၊ တန်ဖိုးမျှတနှင့် တန်ဖိုးနည်းအိမ်ရာများကို
ဖော်ဆောင်ပေးလျက် ရှိသော်လည်း အခြေခံ လူတန်းစားများ
ဝယ်ယူနိုင်ခြင်း မရှိကြောင်း အိမ်၊ ခြံ၊ မြေ
အကျိုးဆောင်များက ပြောကြားသည်။

လတ်တလော ရန်ကုန်မြို့ပြင်တွင် လွတ်လပ်လျက်ရှိသည့်
မြေလွတ်၊ မြေရိုင်းများဟု ထင်ရသည့် မြေနေရာများ
တွင်လည်း ပိုင်ရှင်များရှိနှင့်လျက်ရှိပြီး ယင်းမြေများပေါ်တွင်
တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ရန်မှာလည်း
လက်ရှိကာလ ပေါက်ဈေးဖြင့် မြေတန်ဖိုးပေးချေရမည်
ဖြစ်ခြင်းကြောင့် ကုန်ကျစရိတ်မြင့်မားနိုင်သည့်အတွက်
အိမ်ရာတန်ဖိုးများပါ လိုက်ပါမြင့်တက်သွားနိုင်ကြောင်း
ဒေါက်တာတိုးအောင်ကဆိုသည်။

ရန်ကုန်မြို့တွင် တန်ဖိုးနည်း၊ တန်ဖိုးမျှတနှင့် တန်ဖိုးသင့်
အိမ်ရာများအဖြစ် ဗိုလ်ဗထူး၊ ဗိုလ်မင်းရောင်၊ ရွှေလင်ဗန်း
တို့၏ တိုက်ခန်းများကို အရစ်ကျစနစ်များနှင့် လက်ငင်း
ငွေချေစနစ်များဖြင့် ရောင်းချထားပြီး ထပ်မံ
ရောင်းချနိုင်ရန် ဧရာဝဏ်နှင့် ရတနာတိုက်ခန်းများ
အတွက်လည်း လျှောက်လွှာများ ခေါ်ယူလျက်ရှိကြောင်း
အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီတို့ထံမှ သိရသည်။

credit - 7day Daily & The Voice

No comments:

Post a Comment