Monday, April 11, 2016

“အစိုးရသစ်လက်ထက် ဖေါ်ဆောင်မည်ဆိုသည့် စီမံကိန်းတစ်ချို့နှင့် အခွန်နှုန်းထားများကို လျှော့ချမည် ဆိုသည်မှာ မဟုတ်မှန်ဟုဆို”

“အစိုးရသစ်လက်ထက် ဖေါ်ဆောင်မည်ဆိုသည့်
စီမံကိန်းတစ်ချို့နှင့် အခွန်နှုန်းထားများကို လျှော့ချမည်
ဆိုသည်မှာ မဟုတ်မှန်ဟုဆို”


၁။ "နိုင်ငံတစ်ဝန်းတွင် တန်ဖိုးနည်းနှင့် အငှားအိမ်ရာများ
တည်ဆောက်သွားမည်"

အစိုးရသစ်လက်ထက်တွင် အများပြည်သူများ
လက်လှမ်းမီနိုင်သည့် အိမ်ရာယူနစ်များတည်ဆောက်ရန်
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးဝင်းခိုင်က ညွှန်ကြားလာသည့်အတွက်
နိုင်ငံတစ်ဝန်းတွင် တန်ဖိုးနည်းနှင့် အငှားအိမ်ရာ
အများအပြား ဆောက်လုပ်သွားမည်ဖြစ်သည်ဟု
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောသည်။

"၀န်ကြီးကလည်း ပြည်သူတွေ လက်လှမ်းမီနိုင်တဲ့
အိမ်ရာယူနစ်တွေ ဆောင်ရွက်ပါလို့ လမ်းညွှန်ချက်
ပေးထားတယ်။ အငှားအိမ်ရာကော၊ အပိုင်အိမ်ရာဖြစ်တဲ့
အိမ်ရာတွေကော နှစ်မျိုးစလုံးကိုလုပ်ဆောင်သွားမယ်။
အစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုကိုပဲ အခြေခံပြီး လုပ်ရမှာပါ"
ဟု ၎င်းက ပြောသည်။

ကုန်လွန်ခဲ့သည့် ငါးနှစ်တာကာလအတွင်း
ဆောက်လုပ်ခဲ့သည့် အိမ်ရာစီမံကိန်းများ၊ တန်ဖိုးနည်း၊
တန်ဖိုးမျှတနှင့် အငှားအိမ်ရာ စီမံကိန်းများကို
အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တွေ့ကြုံ
ခဲ့ရသည့် အခက်အခဲများ၊ကောင်းကျိုး၊ဆိုးကျိုးများကို
တင်ပြရန် ဆောက်လုပ်ရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးကညွှန်ကြားထားသည်ဟု
သိရသည်။

ဆောက်လုပ်ရေး ၀န်ကြီးဌာန၏ တွက်ချက်ခန့်မှန်းထားမှု
များအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌နှစ်စဉ်တိုက်ခန်း
လိုအပ်ချက် တစ်သိန်းခန့်အထိရှိနေပြီး တန်ဖိုးကြီးအိမ်ရာ
များထက်တန်ဖိုးနည်းနှင့် အငှားအိမ်ရာများ ကို
အများအပြား ဆောက်လုပ်နိုင်မှသာ နိုင်ငံဝန်ထမ်းများ၊
လခနည်းဝန်ထမ်းများနှင့် အခြေခံ ပြည်သူလူထု၏
အိမ်ရာလိုအပ်ချက်များကို အမှန်တကယ်ဖြည့်ဆည်း
ဆောင်ရွက်နိုင်မည်ဖြစ်သည်ဟု
ဦးမင်းထိန်က ပြောသည်။

"အစိုးရသစ်ကလည်း ပြည်သူတွေ လိုအပ်နေတဲ့
အိမ်ရာတွေကို အကောင်းဆုံးဖြစ်အောင်တော့ ဖြည့်ဆည်း
ဆောင်ရွက်သွားမှာပဲလေ၊ မူလရည်ရွယ်ချက်ဖြစ်တဲ့
အိမ်ခန်းပေါင်း တစ်သန်းကိုလည်း ဆက်ပြီးလုပ်သွားမယ်၊
နိုင်ငံတော်ဘတ်ဂျက်ကို မသုံးပါဘူး။
ချမှတ်ပေးထားတဲ့ လည်ပတ်ရန်ပုံငွေနဲ့ပဲ အိမ်ရာတွေကို
ဖော်ထုတ်နေတာပါ။ငါးနှစ်တာအတွင်း ဆောင်ရွက်ခဲ့ရတဲ့
ကောင်းကျိုးဆိုးကျိုးတွေကိုတင်ပြဖို့ ၀န်ကြီးက ညွှန်ကြား
ထားပါတယ်" ဟု ၎င်းက ဆက်လက်ပြောသည်။

အများပြည်သူအိမ်ရာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်
ဟူသည့်ရည်ရွယ်ချက်ဖြင့် ၂၀၁၁ခုနှစ်မှ၂၀၃၁ခုနှစ်အတွင်း
မြန်မာနိုင်ငံ အနှံ့အပြားရှိ လူဦးရေထူထပ်များပြားနိုင်သည့်
မြို့ကြီး ၈၁ မြို့နယ်တွင်အိမ်ရာတိုက်ခန်းပေါင်း တစ်သန်း
အထိ တည်ဆောက်ရန် ပြီးခဲ့ သည့်အစိုးရလက်ထက်တွင်
လျာထားခဲ့ပြီး၊ အစိုးရသစ်လက်ထက်တွင် အဆိုပါ
မူလ လျာထားချက်အတိုင်း ဆက်လက်လုပ်ဆောင်သွားရန်
ရည်ရွယ်ထားသည်ဟု သိရသည်။

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနသည် ၂၀၁၀ ပြည့်နှစ်မှ
၂၀၁၅ ခုနှစ်ဘဏ္ဍာနှစ် အထိတန်ဖိုးနည်း၊ တန်ဖိုးမျှတ၊
တန်ဖိုးသင့်နှင့် အငှားအိမ်ရာများ အပါအ၀င်အိမ်ရာ
ယူနစ်ပေါင်း ၅၀,၀၀၀ ကျော်ကို ဖြည့်ဆည်းတည်ဆောက်
ပေးခဲ့ပြီးဖြစ်သော်လည်း လိုအပ်ချက်များစွာရှိနေဆဲ
ဖြစ်သည်ဟု အဆိုပါဌာန ဒုတိယညွှန်ကြားရေးမှူး
ဦးမင်းအောင်အေးကပြောသည်။

(ဇေယျာလင်း)

***

၂။ "ခုံးကျော်တံတားနှစ်စင်း တည်ဆောက်ရန်လျာထားငွေ
အား စည်ပင်သာယာနယ်နိမိတ်ပြင်ပ ဖွံ့ဖြိုးတိုးတက်ရေး
အတွက်သုံးမည်"

ယခင်အစိုးရမှ ရေးဆွဲခဲ့သည့် ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်
ရန်ကုန်တိုင်းဒေသကြီး ဒေသန္တရဥပဒေကြမ်းတွင်ပါဝင်သည့်
မြောက်ဥက္ကလာပ ခုံးကျော်တံတားနှင့်ပါရမီခုံးကျော် တံတား
တည်ဆောက်ရန် လျာထားငွေအား ရန်ကုန်မြို့တော်
စည်ပင်သာယာ နယ်နိမိတ်ပြင်ပရှိ မြို့နယ်နှင့်ကျေးရွာများ
ဖွံ့ဖြိုးတိုးတက်ရေး အတွက် အသုံးပြုရန် တိုင်းဒေသကြီး
လွှတ်တော်က အတည်ပြုဆုံးဖြတ်လိုက်သည်။

ဧပြီလ ၆ရက်နေ့က ပြုလုပ်သည့် ဒုတိယအကြိမ်
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းဝေး (၁၃)ရက်
မြောက်နေ့တွင် ယင်းစီမံကိန်းပါ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်
ရန်ကုန်တိုင်းဒေသကြီး ဒေသန္တရ ဥပဒေကြမ်းကို
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ အတည်ပြုချက်
ရယူခဲ့ခြင်း ဖြစ်သည်။

ယင်း ခုံးကျော်တံတားနှစ်စင်း ဆောက်လုပ်ရန်
လျာထားသည့် ကျပ်သန်းပေါင်း(၃၂) ဘီလီယံကို
ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နမိတ်ပြင်ပရှိ
မြို့နယ်နှင့် ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေး  
ဆောင်ရွက်ရန်အတွက် အသုံးပြုသင့်ကြောင်း
ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် စီမံကိန်း၊
စီးပွားရေးနှင့် ဘဏ္ဍာရေးကော်မတီက
မတ် ၂၂ ရက်နေ့ အကြံပြုခဲ့သည်။

ယင်းအကြံပြုချက်အရ  ဧပြီ ၅ရက်နေ့ကပြုလုပ်သည့်
တိုင်းဒေသကြီးအစိုးရအစည်းအဝေးတွင် မြို့နယ်နှင့်
ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန်
ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး
ဦးမြင့်သောင်းက ပြောကြားသည်။

(မျိုးသူအောင်)

***

၃။ "ဝင်ငွေရလမ်းမဖော်ပြနိုင်သည့် အခွန်နှုန်းထားများ
လျှော့ချမည်ဆိုသည်မှာ မဟုတ်မှန်ဟုဆို"

ဝင်ငွေရလမ်းမဖော်ပြနိုင်သည့်
(မော်တော်ယာဉ်နှင့် အိမ်၊ ခြံ၊ မြေ) အခွန်နှုန်းထားများကို
လျှော့ပေးမည်ဟု သတင်းများထွက်ပေါ်နေခြင်းမှာ
ကောလာဟလသာဖြစ်ပြီး မဟုတ်မှန်ကြောင်း
ပြည်တွင်းအခွန်များ ဦးစီးဌာန(နေပြည်တော်)မှ
အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

“ဘာမှမလျှော့ပေးဘူး။ လျှော့ပေးဖို့ ဆွေးနွေးနေတာလည်း
မရှိပါဘူး”ဟု ၎င်းကပြောဆိုသည်။

ယင်းအခွန်နှုန်းထားသစ်ဖြင့် ဧပြီလ ၁ ရက်နေ့မှ စတင်၍
ကောက်ခံနေပြီဖြစ်ပြီး လာရောက်ပေးဆောင်သူ
အချို့လည်း ရှိကြောင်း ၎င်းကဆိုသည်။

အခွန်နှုန်းထားလျှော့ချပေးရန် ပြည်တွင်းအခွန်များ
ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မော်တော်ယာဉ်လုပ်ငန်းရှင်
အချို့ ဆွေးနွေးနေသည်ဟု မတ်လ နောက်ဆုံးပတ်
အတွင်းက သတင်းများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

ယင်းသတင်းများကြောင့် မော်တော်ယာဉ် ဝယ်လိုသူ
အချို့မှာ စောင့်ကြည့်နေကြကြောင်း မော်တော်ယာဉ်
လုပ်ငန်းရှင်များက ပြောကြားသည်။

၂ဝ၁၅ အခွန်အကောက်ဥပဒေအရ ဝင်ငွေရလမ်းမဖော်ပြ
နိုင်ပါက
တစ်ကျပ်မှ ကျပ် ၁,ဝဝဝ,ဝဝ,ဝဝဝ အထိကို သုံးရာခိုင်နှုန်း၊
ကျပ် ၁ဝဝ,ဝဝဝ,ဝဝ၁ မှ ကျပ် ၅ဝဝ,ဝဝဝ,ဝဝဝ အထိကို
ငါးရာခိုင်နှုန်း၊
ကျပ် ၅ဝဝ,ဝဝဝ,ဝဝ၁ မှ ကျပ် ၁,ဝဝဝ,ဝဝဝ,ဝဝဝ အထိ
ကို ၁ဝ ရာခိုင်နှုန်း၊
ကျပ် ၁ဝဝဝ,ဝဝဝ,ဝဝ၁ မှ ကျပ် ၁၅ဝဝ,ဝဝဝ,ဝဝဝ အထိ
ကို ၂ဝ ရာခိုင်နှုန်းနှင့်
ကျပ် ၁၅ဝဝ,ဝဝဝ,ဝဝ၁ နှင့် အထက်ကို ၃ဝ ရာခိုင်နှုန်း
ပေးဆောင်ရမည်ဖြစ်သော်လည်း

၂ဝ၁၆ အခွန်ဥပဒေတွင်
- တစ်ကျပ်မှ သိန်း ၃ဝဝ အထိကို ၁၅ ရာခိုင်နှုန်း၊
- သိန်း ၅ဝဝ မှ သိန်း ၁ဝဝဝ အထိကို ၂ဝ ရာခိုင်နှုန်းနှင့်
- ကျပ် ၁ဝဝ,ဝဝဝ,ဝဝ၁ နှင့် အထက်ကို ၃ဝ ရာခိုင်နှုန်း
ပေးဆောင်ရမည်ဖြစ်ကြောင်း ယင်းအခွန်ဥပဒေများအရ
သိရသည်။

credit - The Myanmar Times / မဇ္ဈိမသတင်းဌာန
& The Voice Weekly

No comments:

Post a Comment