"မြန်မာဓလေ့အမွေခန်း"
ညနေပိုင်း ဂေါက်ရိုက်ပြီးနောက်
(အေ၊ ဘီ၊ စီ၊ ဒီ ) ရှေ့နေကြီးလေးဦးနှင့် ကိုဖြူတို့
စားပွဲဝိုင်းတွင် ဆုံကြလေသည်။
ကိုဖြူ ။ ။ သာမန်ပြည်သူတွေသိသင့်တဲ့ ဥပဒေဗဟုသုတ
တွေပြောပြလို့ ကျေးဇူးတင်ပါတယ်ဗျာ။ ကနေ့တော့
ဗုဒ္ဓဘာသာဝင်များရဲ့ အမွေကြောင်း သိသင့်သလောက်
အများနားလည်အောင် ပြောပြပါဦး။
ရှေ့နေကြီးများ ။ ။ ဟုတ်ကဲ့၊ ကျွန်တော်တို့ရှေ့နေများဟာ
ပိုက်ဆံမရရင်စကားမပြောကြဘူးဗျ။ ပိုက်ဆံများများ
ပေးရင်တော့၊ များများပြောပါတယ်။ (ဟဲ-ဟဲ)ဒါပေမယ့်
အများပြည်သူအကျိုးရှိမယ့်ကိစ္စဖြစ်လို့ ပိုက်ဆံမရ
သော်လည်းအနစ်နာခံပြီး ပြောပြပါမယ်။
ကိုဖြူ ။ ။ ကျေးဇူးတင်ပါတယ်ဗျာ။ ရှေ့နေကြီးများအနေနဲ့
တစ်ခါတစ်လေ ရှားရှားပါးပါးကောင်းတာလုပ်တာပဲ၊
မကောင်းမရှိပါဘူး။
အေ ။ ။ သက်ရှိသတ္တဝါတွေမှာ အသက်ရှင်ရပ်တည်ရေးနဲ့
မျိုးဆက်ပြန့်ပွားရေးဆိုတဲ့ တာဝန်နှစ်ရပ်ရှိကြတယ်။
ဒါကြောင့် မိမိရဲ့အထက်မျိုးဆက်နဲ့ မိမိရဲ့အောက်မျိုးဆက်
ဆိုပြီးရှိကြတယ်။ လူတွေမှာတော့မိဘ၊ ဘိုးဘွားစတဲ့
- (ဘ၊ ဘိုး၊ဘေး၊ဘီ၊ဘင်၊ ဘောင်၊ဘက်)ဆိုတဲ့
အဆန်မျိုးဆက်ရှိသလို
- (သား၊ မြေး၊ မြစ်၊ တီ၊ တွတ်၊ ကျွတ်၊ ဆတ်)ဆိုတဲ့
အစုန်မျိုးဆက်တွေရှိကြတယ်။ မိမိကိုယ်ကို ဗဟိုထားပြီး
အဆန်(၇)ဆက်၊ အစုန်(၇)ဆက်ရယ်လို့
ရေတွက်ကြတယ်ဗျ။
ဘီ ။ ။ ဒါ့ကြောင့် လူတိုင်းဟာ တစ်ချိန်ကအမွေစားအမွေခံ
သားသမီးဖြစ်ခဲ့သလို တစ်ချိန်တစ်ခါမှာ အမွေရှင်မိဘ
ဘိုးဘွား ဖြစ်ကြရတယ်လေ။ အမွေဆိုတာ
လူတိုင်းကြုံရမယ့် အခြေအနေတစ်ရပ်ပါ။
စီ ။ ။ အမွေအကြောင်း ပြောရင် အမွေရှင်၊ အမွေစား
အမွေခံ၊ဆက်ခံပုံနည်းလမ်း၊ အမွေပုံပစ္စည်းအကြောင်း
တွေပြောကြစို့။
ဒီ ။ ။ အမွေရှင်ဆိုတာ အမွေပစ္စည်းကိုပိုင်ဆိုင်တဲ့
ပစ္စည်းပိုင်ရှင်ပေါ့ဗျာ၊လူတစ်ယောက်သေသွားတဲ့ အချိန်မှာ
သူပိုင်ပစ္စည်းကျန်ရစ်ခဲ့တယ်ဆိုရင်၊ သူဟာ အမွေရှင်
ဖြစ်လာပါတယ်။ဒီလူဟာ မိဘ၊ဘိုးဘွားလည်းဖြစ်နိုင်တယ်။
ညီအစ်ကို မောင်နှမ၊ ဦးကြီး၊ ဦးလေး၊ ဒေါ်ကြီး၊ ဒေါ်လေး
လည်းဖြစ်နိုင်တယ်။
အေ ။ ။ အမွေစားအမွေခံဆိုတာ သေသူအမွေရှင်ထံက
အမွေပုံပစ္စည်းကိုနည်းလမ်းနှစ်မျိုးအနက်၊ တစ်မျိုးမျိုးနဲ့
ဆက်ခံ ရရှိတဲ့သူကိုခေါ်တယ်။
- ပထမ တစ်မျိုးက သွေးသားတော်စပ်ချက်အရ
ဆက်ခံရရှိတဲ့ဆွေစဉ်မျိုးဆက်ကိုခေါ်တယ်။ ဥပမာ၊
မိဘနဲ့သားသမီး၊ ညီအစ်ကို မောင်နှမအချင်းချင်း၊
- ဒုတိယတစ်မျိုးကတော့ ဥပဒေပြဋ္ဌာန်းချက်အရ ဆက်ခံ
ရရှိတဲ့ ဆွေစဉ်မျိုးဆက် ကိုခေါ်တယ်။ ဥပမာ-
လင်နှင့်မယား၊ မွေးစားမိဘနဲ့ မွေးစားသားသမီးတွေဟာ
လက်ထပ်စာချုပ်၊မွေးစား စာချုပ်၊မိသားစုဥပဒေပြဋ္ဌာန်းချက်
အရ ဆွေမျိုးတော်စပ်လာသူတွေဖြစ်ပါတယ်။
ဘီ ။ ။ ဆက်ခံခြင်း ဆိုတာက
- လင်သေရင်မယား၊ မယားသေရင်လင်က ဆက်ခံတယ်။
- မိဘသေရင်သားသမီးက ဆက်ခံ တယ်။
- အစ်ကို၊အစ်မသေရင် ညီ၊ညီမကဆက်ခံတယ်။
ဒါဟာ မြန်မာဗုဒ္ဓဘာသာဝင်တွေရဲ့ အမွေဆက်ခံခြင်း
နည်းလမ်းပါ။
အမွေဆက်ခံခြင်း မူနှစ်ရပ်က
(၁) အမွေဟာ စုန်နိုင်ရင်မဆန်ရ။
(၂) မျိုးဆက်နီးသူက ဝေးသူကိုအမွေက ပယ်ထုတ်တယ်
ဆိုတဲ့မူပဲ။
စီ ။ ။ အမွေပုံပစ္စည်းဆိုတာ သေသူကျန်ရစ်ခဲ့တဲ့ အိမ်၊ မြေ၊
စက်ရုံစတဲ့မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်းတွေရယ်၊ ကား၊
ဆိုင်ကယ်၊ ရွှေ၊ငွေ၊ ဘဏ်စာရင်း၊ ဆိုင်နာမည်၊ ကုန်အမှတ်
တံဆိပ် စတဲ့ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေရယ်ပါတယ်။
ဒီ ။ ။ တကယ်တော့ သေသူမှာ ပစ္စည်းကျန်ခဲ့ရင်သာ အမွေပုံ
ပစ္စည်းခေါ်ရတာပါ။ သေရင် ဘာပစ္စည်းမှ မကျန်ရစ်တဲ့
ဆင်းရဲသားငမွဲတွေအတွက် အမွေပြဿနာမရှိပါဘူး။
ချမ်းသာလေလေ၊ ဆွေမျိုးများလေလေ၊ အမွေပုံပစ္စည်း
ပြဿနာပေါ် လေလေပေါ့ဗျာ။ ဒါကြောင့် အမွေမှုဆိုတာတွေ
ရုံးတွေမှာ ဖြစ်နေကြတာပေါ့။
အေ ။ ။ ဟုတ်တယ်၊ ကျွန်တော်တို့ရှေ့နေများအတွက်
စိတ်မကောင်းစရာပဲ။ ဒီအမှုတွေကို အမွှေ(မွှေ)မှုလို့
ခေါ်တယ်။ မိသားစုအတွင်းမှာ စိတ်ဝမ်းတွေကွဲကြ၊ ငယ်ကျိုး
ငယ်နာတွေဖော်ကြ၊ စိတ်နာစရာတွေပြောကြ၊ အမှုတွေဖြစ်၊
ငွေတွေကုန်၊ ရုံးအဆင့်ဆင့်ရောက်ကြပြီး ‘မွှေ’သွားတဲ့
အမှုလို့လည်း ခေါ်ကြတယ်။ ရှေ့နေများအတွက်တော့
အဆီတစ်ထပ်၊ အသားတစ်ထပ် အတုံးကြီးပေါ့။
ရှေးကရှေ့နေကြီးများဟာ ဒီလိုအမှု တွေနဲ့ သူတို့သားသမီး
တွေကို အင်္ဂလန်ပို့ပြီး ဝတ်လုံတော်ရရှေ့နေဖြစ်အောင်
ကျောင်းထားနိုင်ခဲ့ သတဲ့ဗျာ။
ကိုဖြူ ။ ။ အမွေဘယ်အခါမှာ ရသလဲဆရာ။
ဘီ ။ ။ အမွေရှင်သေတဲ့အချိန်မှာ အမွေကျန်ရစ်ပြီး
အမွေခံရှိရင် အမွေရတယ်။ အမွေခံမကျန်ရစ်ရင် နိုင်ငံတော်
ဘဏ္ဍာအဖြစ် သိမ်းယူတယ်။
ကိုဖြူ ။ ။ ဘယ်သူက အမွေစား အမွေခံဆိုတာ ရှင်းအောင်
ပြောပြပါဦး။
စီ ။ ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေမှာ၊ လူတစ်ယောက်
သေရင် ဘယ်သူဟာ အမွေစားအမွေခံ ဖြစ်တယ်ဆိုတာ
ပုံသေ သတ်မှတ်ထားပြီးဖြစ်တယ်။ အမွေဆက်ခံရေး
အခြေခံမူ(၂)ရပ်နဲ့ အမွေစဉ်ဇယားဆိုတာရှိတယ်။
ဒီပုံသေနည်း (ပေးထားချက်) အတိုင်းပါရှိတဲ့သူကို
မလွဲမသွေ ပေးရတယ်။
- ဒီလူရတဲ့အခွင့်အရေးဟာလည်း အပြီးအပိုင်ရတဲ့
အခွင့်အရေးဖြစ်တယ်။
- ဒီအမွေ ရပိုင်ခွင့်ကို ရပ်ဆိုင်းလို့လည်းမရဘူး၊ ရုပ်သိမ်းလို့
လည်းမရဘူး၊ ပြင်ဆင်ပြောင်းလဲပယ်ဖျက်လို့လည်းမရဘူး။
- အမွေရှင်က မကြည်ဖြူလည်း အဲဒီလူပဲ အမွေရတယ်။
- အမွေရှင် မကြည်ဖြူတဲ့သူကို မပေးဘဲ သူကြည်ဖြူရတဲ့
သူကိုပေးပါလို့ ရေးသားခဲ့ရင်လည်း မရဘူး။
- ဆိုလိုတာက သေတမ်းစာ ရေးခွင့် မရှိဘူး၊ ရေးခဲ့ရင်လည်း
တရားမဝင်ဘူး။ ပျက်ပြယ်တယ်။
ဒီ ။ ။ သေတမ်းစာဆိုတာ မိမိသေသွားရင်၊ မိမိပစ္စည်း၊
လုပ်ငန်းကို ဘယ်သူဆက်ခံရရှိစေချင်တယ်။ ဒီလို ဆက်ခံ
ရရှိစေဖို့အတွက် ဘယ်သူ့ကို သေတမ်းစာ အတည်ပြုသူ
(အမွေထိန်း)ခန့်ထားပါတယ်လို့ ဥပဒေနဲ့အညီ
ဆန္ဒထုတ်ဖော် မှာကြားချက်ကို ခေါ်တာပါ။
အေ ။ ။ သေတမ်းစာကို မြန်မာ၊ဗုဒ္ဓဘာသာဝင်တွေကလွဲရင်၊
အခြား ဟိန္ဒူ၊ ခရစ်ယာန်၊ မဟာမေဒင်ဘာသာဝင်တွေက
ရေးသားခွင့်ရှိတယ်။ ဗုဒ္ဓဘာသာဝင်တွေက ရေးသားမှာကြား
ခဲ့ရင် တရားမဝင်ဘူး။ ဒါ့ကြောင့် ဟိုတစ်ခါက ရုပ်ရှင်
မင်းသားကြီးတစ်ယောက် သေခါနီးမှာ ခရစ်ယာန်ဘာသာ
ကူးပြောင်းကိုးကွယ်ပြီး၊ မိမိဆန္ဒအတိုင်း သေတမ်းစာ
ရေးသားမှာကြားသွားတာကို တွေ့ဖူးတယ်။
ဘီ ။ ။ ရှေးမြန်မာမင်းတွေ၊ မိဖုရားတွေ၊ သားတော်
သမီးတော်တွေ၊ ရေးသားမှာကြားခဲ့တဲ့သေတမ်းစာတွေကို
ကျောက်စာတွေ၊ ရှေးဓမ္မသတ်တွေမှာ တွေ့ဖူးတယ်။
သူတို့ခေတ်က သက်မဲ့ပစ္စည်းသာမက၊သက်ရှိလူသားအပေါ်
တောင် စီမံခန့်ခွဲမှာကြားခဲ့တာတွေ့ရတယ်။
သူတို့ တည်ထားတဲ့ဘုရားကို ရွာလုံးကျွတ်အလုပ်အကျွေး
ပြုရမယ်။ မပြုရင် ဘာဖြစ်ပါစေဆိုတဲ့ ကျိန်စာတွေ
တွေ့ရတယ်။ ဘုရားကျွန်ရွာ၊ သူတောင်းစားရွာ၊
အပယ်ရတနာဆိုတာတွေကို ယခုခေတ် လူတွေလက်မခံ
ကြတော့ပါဘူး။
စီ ။ ။ တချို့အုပ်ချုပ်သူများကလည်း သူ့ဆက်ခံမယ့်
နောက်လူတွေဟာ ဘယ်လို လူတွေဖြစ်ရမယ်။ ဘယ်နည်း
ဘယ်ပုံ အုပ်ချုပ်စီမံခန့်ခွဲရမယ်။ ဘာတွေလုပ်ခွင့်မရှိစေရဘူး။
ပစ္စည်းတွေ၊ လုပ်ငန်းတွေကို ဘယ်လိုစီမံခန့်ခွဲရမယ်ဆိုတာ
တွေ မှာတမ်းစာတွေ၊ သေတမ်းစာတွေ၊ ဖွဲ့စည်းပုံတွေ
ရေးသားထားခဲ့တာတွေ့ရတယ်။ သက်ရှိလူသားဘဝ
ပါနေရင် အတည်မဖြစ်နိုင်ပါဘူး။
ဒီ ။ ။ *** ဘယ်သူအမွေစားအမွေခံလည်းဆိုတာကို
ဥပမာတချို့ပေးပါမယ်။
(က) လင်သေရင်မယား၊ မယားသေရင်လင်ဟာအမွေခံပဲ၊
သားသမီးဟာအမွေခံမဟုတ်သေးဘူး။ သေသူရဲ့ အမွေပုံကို
ကျန်ရစ်သူက ချွင်းချက်မရှိအကုန်ရတယ်။ သူတို့လင်မယား
အချင်းချင်း၊ အသက်ရှင်စဉ်က ချစ်ချစ် မချစ်ချစ်၊
ပြေလည်လည်၊ မပြေလည်လည်ဘာမှ မဆိုင်ဘူး။
မပေးချင်လည်း ကျန်ရစ်သူက ဆက်ခံရရှိသွားတယ်။
(ခ) မိဘသေရင် သားသမီးများဟာ အမွေစားအမွေခံပဲ။
မိဘကို ပြုစုစု၊ မပြုစုစု၊ လိမ္မာ၊ မိုက်မိုက်၊ ချစ်ချစ်၊ မုန်းမုန်း၊
ခွဲခြားမှုမရှိဘူး၊ အားလုံးအညီအမျှ အမွေရကြတယ်။
(ဂ) မွေးစားမိဘသေရင်၊ မွေးစားသားသမီးဟာ
(အခြားသား၊သမီးရင်းမရှိရင်) အမွေအားလုံးရတယ်။
သေသူရဲ့သွေးသားဖြစ်တဲ့ တူ၊ တူမတွေ၊ ညီအစ်ကို
မောင်နှမတွေအမွေမရဘူး။ ***
ကိုဖြူ ။ ။ ဒီလိုဆိုရင် အမွေရှင်က သူပိုင်တဲ့ပစ္စည်းတွေကို
သူကြည်ဖြူ၊ လိုလားတဲ့ သူစိမ်းကိုဖြစ်စေ၊ သားသမီး
တစ်ယောက်ယောက်ကိုဖြစ်စေ စာချုပ်စာတမ်းနဲ့ ပေးခဲ့ရင်
မရဘူးလား။
အေ ။ ။ မရဘူးဗျ၊ ပေးကမ်းခြင်းပျက်ပြယ်တယ်။ အမွေပုံ
အဖြစ်ပဲမှတ်ယူတယ်။
ကိုဖြူ ။ ။ ဒီလိုဆိုရင် မိဘလည်းမပြုစု၊ စကားနားမထောင်၊
မလိမ္မာတဲ့အပြင် ဒုက္ခပဲပေးခဲ့တဲ့ သားမိုက်၊ သမီးမိုက် တွေ
ဟာအလိုလိုနေရင်း အမွေရကြတော့မှာလား။
လိမ္မာတဲ့သားသမီး၊ ကိုယ်ကြည်ဖြူတဲ့သားသမီးကို
ပေးလို့မရတော့ ဘူးလားဆရာ။
ဘီ ။ ။ ကိုယ်သဘောတစ်ခုတည်းနဲ့ ပေးကမ်းလို့တော့
မရဘူးပေါ့ဗျာ။ ရှေ့နေရှေ့ရပ်နဲ့တိုင်ပင်ပြီး တရားဝင်အောင်
ကြိုတင် စီမံတဲ့ နည်းလမ်းတွေရှိပါတယ်။အမွေရှင်လည်း
ကျေနပ်၊ တရားဥပဒေနဲ့လည်းညီတဲ့နည်းရှိပါတယ်။
ကိုဖြူ ။ ။ မြန်မာဗုဒ္ဓဘာသာဝင်တွေဟာ ဘာသာတရား
ကိုင်းရှိုင်းတဲ့ ပုထုဇဉ်လူသားတွေပဲဗျာ။ ကိုယ်ရှာဖွေထားတဲ့
ပစ္စည်းတွေကို လူမှုရေး၊ ဘာသာရေး ကိစ္စတွေမှာ
လှူချင်တန်းချင်တယ်။ သံသရာမှာ ဒါနပါချင်တယ်ဆိုရင်
သေတမ်း စာမရေးဘဲ ဘယ်လိုလုပ်ရမလဲပြောပြပါဦး။
စီ ။ ။ ကိုယ်သဘောနဲ့ ကိုယ်မလုပ်လိုက်ပါနဲ့။ ရှေ့နေနဲ့
တိုင်ပင်ပါ။ နည်းလမ်းရှိပါတယ်။ကိုယ်မပေးချင်တဲ့ အမွေစား
အမွေခံတွေ ပါးစပ်ဟောင်းလောင်း၊ လျှာတန်းလန်း
မျက်ရည်စက်လက်နဲ့ ရင်ထုနေရအောင် ရှေ့နေတွေ
လုပ်တတ် ပါတယ်။
ကိုဖြူ ။ ။ အမွေခံသားဆိုးတစ်ယောက်က၊ မိဘမသေခင်
ကတည်းက သူ့အမွေပုံကို ပေးပါလို့ဇွတ်တောင်းနေတယ်။
မိဘသေရင် အမွေလာမတောင်းတော့ပါဘူးပြောပြီး
တကျည်ကျည်ပြဿနာတွေလုပ်နေတယ် မပေးရင်လည်း
ပြဿနာက ပြေလည်မှာမဟုတ်ဘူး။ ပေးလိုက်ရမလား။
ဒီ ။ ။ အမွေဆိုတာ အမွေရှင်သေမှ ပေါ်လာတဲ့အရာပါ။
အမွေရှင်မသေသေး သရွေ့အမွေပုံပစ္စည်းမပေါ်သေးဘူး။
ဘယ်သူမှ ရခွင့်မရှိသေးဘူး။ သားမိုက်ကိုသနားလို့၊
စိတ်ညစ်မခံနိုင်လို့ ပေးလိုက်ရင်လည်း အမွေပေးရာ
မရောက်သေးဘူး။ သူအချောင်ရသွားတာပဲ။ကိုယ်သေတဲ့
နောက် သူလာတောင်းရင်လည်း ပေးရတတ်တယ်။
ကိုယ့် သဘောနဲ့ကိုယ် မပေးလိုက်နဲ့။ ရှေ့နေနဲ့တိုင်ပင်ပါ။
ပေးခဲ့ရင်လည်း ဒီကလေးနောင်အမွေဆုံးသွားအောင်၊
နှုတ်ပိတ်သွားအောင်၊ တောင်းခွင့်မရှိအောင် ရှေ့နေက
ခိုင်ခိုင်မာမာစာချုပ်ချုပ်ပြီး ပေးပါလိမ့်မယ်။
ကိုဖြူ ။ ။ မိဘမသေခင် သူပိုင်တဲ့ပစ္စည်းထုခွဲရောင်းချတာကို
သားသမီးများက ကန့်ကွက်လို့ရသလား ဆရာ၊
ဒါမျိုးတွေတွေ့နေရတယ်။
အေ ။ ။ မိဘမသေမချင်း သားသမီးများဟာ မိဘပိုင်ပစ္စည်း
အပေါ်မှာ ဘာပိုင်ရေးပိုင်ခွင့်မှမရှိဘူး။ သေတဲ့အချိန်မှာ
ပစ္စည်းကျန်ရစ်ခဲ့မှသာ ဒီပစ္စည်းဟာ အမွေပုံပစ္စည်းဖြစ်လာပြီး၊
ဆိုင်ရေးဆိုင်ခွင့်ရှိလာတာပါ။ ကိုယ့်အခွင့်အရေး မရှိတာ
မသိလို့ကန့်ကွက်တာပါ။ တချို့ဆိုရင် မိဘနာမကျန်းဖြစ်လို့
သူ့စုဆောင်းငွေလေးနဲ့ ဆေးကုတာကို သားသမီးက သူတို့ဖို့
မကျန်တော့မှာစိုးလို့ ကန့်ကွက်တာတွေ၊ဟန့်တားတာတွေ
တွေ့ဖူးတယ်။ ဆေးမကုဘဲ အသေခံပြီး အမွေချန်ခဲ့ရမလို
ဖြစ်နေတယ်။ တရားရဖို့ကောင်းတယ်။
ကိုဖြူ ။ ။ ဘယ်အခါမှာ အမွေစားအမွေခံတွေ
အမွေဆုံးရှုံးသလဲဆရာ။
ဘီ ။ ။
*** (က) သွေးရင်းသားရင်းတော်စပ်သော်လည်း၊
အမွေဆုံးရှုံးသူဖြစ်သွားရင်၊ သူစိမ်းလို့သတ်မှတ်တယ်။
ဥပမာ-
သားရင်းသမီးရင်းဖြစ်သော်လည်း၊ မိဘစကားနားမထောင်၊
မိဘကို ရန်သူကဲ့သို့ ဆဲရေးသတ်ပုတ်ခဲ့ရင် ခွေးနှင့်တူသော
သားသမီး (သွားနုတ္တ)အဖြစ်နဲ့ အမွေဆုံးရှုံးပါတယ်။
(ခ) လင်နဲ့မယားမှာ လက်ထပ်ခြင်းပျက်ပြယ်ရင်၊ ကွာရှင်း
စာချုပ်ချုပ်လိုက်ရင် သူစိမ်းဖြစ်သွားပါတယ်။ အမွေမရနိုင်
တော့ဘူး။ မောင်မဲဟာ မဖြူနဲ့ကွာပြီးမှ သိန်း(၁၅ဝဝ)
ထီပေါက်တယ်။ မကြာခင်မောင်မဲဝမ်းသာလုံးဆို့ပြီး
သေတယ်။ မဖြူဟာ မောင်မဲရဲ့ အမွေမရနိုင်တော့ဘူး။
(ဂ) ကိတ္တိမသားသမီးဟာ မွေးစားခြင်းပျက်ပြယ်သွားခဲ့ရင်
မွေးစားမိဘရဲ့အမွေဆုံးသွားတယ်။
(ဃ) သားရင်းသမီးရင်းဟာ မိရင်းဖရင်းထက်စောပြီး
သေသွားရင် ချွေးမ၊ သမက်တို့ဟာ ယောက္ခမအမွေ
ဆုံးရှုံးတယ်။
(င) သူစိမ်းတစ်ယောက်ဟာ အမွေရှင်တစ်ဦးကို
ကောင်းမွန်စွာပြုစုခြင်းကြောင့် အမွေမရနိုင်ဘူး။ ***
ကိုဖြူ ။ ။ ဘယ်အခါမှ အမွေမဆုံးရှုံးသလဲ။
စီ ။ ။
*** (က) သွေးသားအရ ဆွေမျိုးတော်စပ်တဲ့သူတွေက
(မိဘနဲ့သားသမီး၊ ညီအစ်ကိုမောင်နှမများ)ဟာ မခေါ်ချင်ရင်
နေလို့ရပေမယ့် မတော်ချင်လို့မရဘူး။အမွေကဖယ်ထုတ်လို့
မရဘူး၊ စိတ်ကူးထဲမှာ ကိုယ်သေကြည့်ပါလား။ ကိုယ်နဲ့
မခေါ်တဲ့ အမွေခံဆွေမျိုးတွေ အလျှိုလျှိုပေါ်လာပြီး
အမွေတွေယူသွားကြမှာ။
(ခ) သားသမီးတစ်ဦးဟာ ရူးသွပ်ခြင်း၊နားပင်းခြင်း၊ဆွံ့အခြင်း၊
ကိုယ်အင်္ဂါချွတ်ယွင်းခြင်းကြောင့် အမွေ မဆုံးရှုံးဘူး။
အမွေအပြည့်အဝ ရရှိပါတယ်။
(ဂ) မိဘသဘောမတူသူနှင့် ထွက်ပြေးတာဟာ သားသမီးတို့ရဲ့
ကျင့်ဝတ်ပျက်ပြားခြင်းမဟုတ်ဘူး။ အမွေ မဆုံးရှုံးဘူး။
မိဘသဘောတစ်ခုတည်းနဲ့၊ တစ်ဖက်သတ် သားသမီးကို
အမွေဖြတ်တာ၊ စွန့်လွှတ်တာလုပ်လို့ မရဘူး။ သတင်းစာမှာ
ကြော်ငြာပေမဲ့ အမွေမဆုံးရှုံးဘူး။ ***
ကိုဖြူ ။ ။ အပျို၊ လူပျို တစ်ယောက်သေရင် အမွေဘယ်သူ
ရသလဲ။
ဒီ ။ ။ သေသူရဲ့ညီ ၊ ညီမများက သေသူရဲ့အစ်ကို၊ အစ်မများ
ကို အမွေကဖယ်ထုတ်တယ်။
ဥပမာ-
- အေ၊ဘီ၊ စီ၊ဒီ၊ အီး ညီအစ်ကိုမောင်နှမငါးယောက်ရှိတယ်။
- အကြီးဆုံးအေသေရင် (ဘီ၊စီ၊ဒီ၊အီး)ရတယ်။
- စီသေရင်(ဒီ၊အီး)ရတယ်။
- အီးသေရင် (အေ၊ဘီ၊စီ၊ဒီ)ရတယ်။ မိဘမရဘူး။
ကိုဖြူ ။ ။ သားသမီးမရှိတဲ့လင်မယားနှစ်ယောက်
တစ်ပြိုင်နက်တည်းအဝေးပြေးလမ်းမကြီးမှာကားမှောက်လို့
သေသွားတယ်။ ဘယ်သူအမွေရမလဲ။
အေ ။ ။ တစ်ပြိုင်နက်တည်းသေရင်ဖြစ်စေ၊ တစ်ယောက်
သေပြီးကျန်တစ်ဦးဟာ များမကြာမီ(တစ်လအတွင်း) သေရင်
ဖြစ်စေ လင်ရဲ့မိဘနဲ့ မယားရဲ့မိဘ တို့အညီအမျှရကြတယ်။
မိဘများမရှိရင်၊ နှစ်ဖက်ဆွေမျိုးများထက်ဝက်စီအမွေ
ဆက်ခံကြတယ်။ ဒါဟာအထူးဥပဒေအရ မိဘကသားသမီး
အမွေဆက်ခံခွင့်ရတာပဲ။ ရှားရှားပါးပါးအခြေအနေပါ။
အမွေဟာ အောက်ကိုသာစုန်တယ်။ အထက်ကိုမဆန်ဘူး။
ဒါကြောင့် မိဘဟာသားသမီးရဲ့ အမွေကို ရခဲပါတယ်။
ဘီ ။ ။ ကျွန်တော့်မိတ်ဆွေပင်စင်စားအရာရှိတစ်ယောက်
တော့ သူသားဆီက အမွေတွေရထားတယ်။သူ့သား ငယ်ငယ်
ကတည်းက ဆိုးတေသောက်စားပြီးအိမ်ထောင်ကျ၊
ကလေးတွေရပြီး စောစောသေသွားတယ်။ ဒင်းမွေးခဲ့တဲ့
မြေး သုံးယောက် အမွေရထားတယ်။ အိုကြီးအိုမအဘိုးကြီး
ဖြစ်မှ သားထားခဲ့တဲ့ အမွေမမီ မြေးသုံးယောက်ကို ပြုစု
ပျိုးထောင် ပေးနေရတယ်။ အော်-ဒုက္ခ ဒုက္ခ
ကိုဖြူ ။ ။ အမွေအကြောင်းကို အခြားရှုထောင့်ကပြောပြပါဦး။
အေ ။ ။ လူတိုင်းဟာ မွေးကတည်းက အထက်ဆွေမျိုးများ
ထံက အမွေတွေရခဲ့ကြပြီး ဖြစ်တယ်။
ကောင်းကောင်း ဆိုးဆိုး၊ မလိုချင်လို့ မရတော့ဘူး ။
ဘီ ။ ။ တရားရုံးမှာတောင်းနေကြတာက မရသေးတဲ့
ရုပ်ဝတ္ထုပစ္စည်းအမွေပါ။ ရပြီးသားက ကိုယ်၊စိတ် ဂုဏ်သရေ
အမွေတွေပါ။
စီ ။ ။ ရုပ်ရည်၊ (ချိနဲ့၊ ဆွံ့အ၊ ပိုလီယိုကင်းတဲ့) ကျန်းမာရေး ၊
ဗီဇဆိုင်ရာအချက်တွေ၊ စိတ်ဓာတ်၊ စိတ်ရောဂါ ဉာဏ်ရည်
စတာတွေလည်းပါတယ်။
ဒီ ။ ။ မိဘ၊ ဘိုးဘွားများက ပြည်သူ၊ပြည်သူ့ခေါင်းဆောင်တွေ
အပေါ်ကြီးမားတဲ့အမှားတွေလုပ်ခဲ့ရင် သူတို့ရဲ့ အမည်နာမ၊
ဂုဏ်ပျက်မှုကြောင့် သားစဉ်မြေးဆက်ခေါင်းမဖော်ဝံ့တာ၊
မျက်နှာငယ်ရတာတွေရှိခဲ့ဖူးတယ်။
ကိုဖြူ ။ ။ မြန်မာဓလေ့အမွေခန်းအကြောင်း ဆရာတို့အခုလို
ပြည့်ပြည့်စုံစုံ ပြောပြလို့ ကျေးဇူးတင်ပါတယ်။
ဆရာတို့လေးယောက်ဟာ ဘဝတူရှေ့နေလုပ်ငန်းတစ်မျိုး
တည်းလုပ်နေကြပေမယ့် ပြောပြတဲ့ရှုထောင့်က မတူကြ
ဘူးနော်။ ပုံစံအမျိုးမျိုးပဲ။
(အေ၊ဘီ၊စီ၊ဒီ) ။ ။ ဟုတ်ကဲ့၊ ကျွန်တော်တို့ ရထားခဲ့တဲ့ ဘွဲ့၊
ဒီကရီတွေနဲ့ ဖြတ်သန်းလာခဲ့ကြတဲ့ဘဝအတွေ့အကြုံတွေ
မတူကြလို့ပါ။
ကျွန်တော်က မဟာဝိဇ္ဇာ(စိတ်ပညာ)နဲ့ ဥပဒေဘွဲ့ရပြီး
စိတ်ပညာဆရာကလာလို့၊ လူတွေရဲ့ စိတ်အကြောင်း
သတိထားကြည့်ခဲ့တဲ့ ရှုထောင့်က ပြောပြမိတာပါ။
ကျွန်တော်က ဓာတုဗေဒဘွဲ့နဲ့ ဥပဒေဘွဲ့ရခဲ့ပြီး တရားရေး
ဝန်ထမ်း(တရားသူကြီး)လုပ်ခဲ့လို့တရားရုံး
အတွေ့အကြုံတွေပြောပြမိတာပါ။
ကျွန်တော်က မဟာဝိဇ္ဇာ(အင်္ဂလိပ်စာ)ဘွဲ့နဲ့ ဥပဒေဘွဲ့ရခဲ့လို့
ဘာသာစကား၊စာပေ၊ ယဉ်ကျေးမှု၊ ဟာသရသရှုထောင့်က
ပြောပြမိတာပါ။
ကျွန်တော်က ဥပဒေဘွဲ့တွေချည်းသက်သက်(၇)မျိုးရထားပြီး
ရှေ့နေလုပ်ငန်းနဲ့၊ ဥပဒေသင်တန်းကျောင်းအုပ်ကြီးလုပ်ခဲ့လို့
အများနားလည်အောင် လိုရင်းတိုရှင်း ပြောပြမိတာပါ။
ကိုဖြူ ။ ။ ဟုတ်ကဲ့၊ ဓာတ်ပုံတွေကြည့်လိုက်တော့ အားလုံးက
တစ်ယောက်တည်းလိုပဲနော် ။
UTK (မဟာဝိဇ္ဇာ၊ သိပ္ပံ၊ ဥပဒေ)
credit - MDY, LAW Academy
No comments:
Post a Comment